← Chapters

ငိုနေသော ကလေးငယ်

Vol. 1-4 Ch. 31

ငိုနေသော ကလေးငယ်

Vol. 1-4 Ch. 31

ရှန်နုန်ကျားသည် လူသားများ ကျူးကျော်ခြင်း မရှိသဖြင့် မသေချာမှုများစွာ ရှိနေသလို ခန့်မှန်းမရနိုင်သော နေရာတစ်ခု ဖြစ်လေသည်။

အစောပိုင်းက ထိတ်လန့်မှုက အားလုံး၏ ရင်ထဲ၌ စိတ်ဒဏ်ရာအဖြစ် ကျန်ရှိသွားသည်။ သူတို့ ဤနေရာ၌ ကြာကြာ မနေရဲတော့ချေ။ ရိုက်ကူးရေး အဖွဲ့သည် မြန်မြန် အထုတ်ပြင်၍ မြို့တော်သို့ ပြန်ကြရန် ပြင်ဆင်ကြသည်။

“ရဲ့လင်းချန် သူတို့ကို နာမည်ပေးရအောင်”

ခရီးစဉ်အတွင်း၌ ရှောင်ဖေးဖေး၏ အကြည့်များက ဝံပုလွေပေါက်လေး နှစ်ကောင်ထံတွင်သာ ကပ်ညိနေပြီး ဆက်ပြောလာသည်။

“သူတို့နှစ်ကောင်မှာ တစ်ကောင်က အစိမ်းရောင်၊ နောက်တစ်ကောင်က မီးခိုးရောင်နော်၊ အဲ့တော့ ငါတို့ သူတို့ကို ရှောင်ချင်နဲ့ ရှောင်ဟွေလို့ ပေးကြရင်ရော၊ နားဝင်ချိုပြီး မှတ်မိလွယ်တယ်လေ”

“ကောင်းတာပေါ့”

ရဲ့လင်းချန် ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ရဲ့လင်းချန် နင် သတိထားဖို့ လိုတယ်နော်၊ ဝံပုလွေနဲ့ ခွေးက မတူဘူးလေ”

အစ်မလင်းက သူ့ကို သတိပေးလာ၏။

“နင် လူကြီးမင်း တုန်ကွေနဲ့ ဝံပုလွေဆိုတဲ့ ပုံပြင်ကို မှတ်မိသေးလား”

“ဟုတ်တယ်၊ ဝံပုလွေတွေကို အိမ်မွေးတိရစ္ဆာန်လို မွေးတာက အန္တရာယ် များတယ်၊ သူတို့က မယဉ်ပါးနိုင်လုနီးပါးပဲ”

ရှောင်ဖေးဖေးလည်း စိုးရိမ်စ ပြုလာသည်။

“ဒါမှမဟုတ် … သူတို့ကို တောထဲ ပြန်ပို့ကြမလား”

ရဲ့လင်းချန် ရယ်လိုက်သည်။

“စိတ်ချပါ ကျွန်တော် ပြန်ရောက်ရင် တိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စာတွေ ဖတ်လိုက်ပါ့မယ်၊ အဆင်ပြေ သွားမှာပါ”

ပါရမီရှင်စနစ်နှင့်ဆိုလျင် ခြင်္သေ့များကိုပါ ယဉ်ပါးအောင် လုပ်နိုင်သည်ဟု ရဲ့လင်းချန် ယုံကြည်နေ၏။ ထိုအခိုက်တွင် ဒါရိုက်တာလီ ရောက်လာ၏။

“ညီလေးရဲ့ ငါ မင်းနဲ့ ဆွေးနွေးစရာလေး ရှိလို့”

“ပြောပါ ဒါရိုက်တာလီ”

“ငါတို့ ခုနက မင်း ဝံပုလွေနဲ့ ချနေတာကို ဗွီဒီယို ရိုက်ထားတယ်၊ ငါ အဲ့ဒါကို အင်တာနက်ပေါ် တင်ဖို့ စိတ်ကူး ထားလို့”

သူ တစ်ခဏမျှ တွေဝေနေပြီးနောက် ဆက်ပြောလိုက်သည်။

“ငါတို့ ညီလေးရဲ့ရဲ့ ဘာအချက်အလက်မှ မပေါက်ကြားစေရဘူးလို့ အာမခံ ပါတယ်”

“ကျွန်တော် ဗွီဒီယိုကို အရင် ကြည့်လို့ရမလား”

“ရတာပေါ့”

ဗွီဒီယိုထဲ၌ ရဲ့လင်းချန်သည် ဗီလိန်ဇာတ်ကောင်ပုံစံအတိုင်း အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံး တပ်ထားဆဲပင်။ ကောင်းမွန်သော ဗွီဒီယိုရိုက်ကူးရေး ကိရိယာများကြောင့် ရိုက်ကူးချက်က ရှင်းလင်း ပြတ်သား လှသည်။ ရဲ့လင်းချန်နှင့် ဝံပုလွေတို့၏ တိုက်ခိုက်မှုကြားမှ အသေးစိတ် တစ်ခုချင်းစီကို ရိုက်ကူးထားနိုင်၏။

ကြည့်နေရုံနှင့်တူ ကြည့်ရှုသူများကို စိတ်လှုပ်ရှား စိုးရိမ်စေလောက်သည်။

“ညီလေးရဲ့ မင်း ဘယ်လိုထင်လဲ”

ဒါရိုက်တာလီက ရဲ့လင်းချန်ကို စိုးရိမ်တကြီး ကြည့်နေသည်။ ဗွီဒီယိုကိုသာ တင်လိုက်ပါက အင်တာနက် အသုံးပြုသူ အားလုံး ရူးသွားလောက်လေသည်။

၎င်းသည် လက်နက်မဲ့ လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်တို့၏ တိုက်ပွဲ ဖြစ်သည်။ အင်တာနက်ပေါ်၌ ဤတစ်ခုတည်းသာ ရှိနိုင်ပေသည်။ ဤဗွီဒီယိုမှနေ၍ အမျိုးသမီး သူရဲကောင်း၏ ဒဏ္ဍာရီ ဇာတ်လမ်းတွဲလည်း ကျော်ကြား လာလောက်သည်။

“ရပါတယ်”

ရဲ့လင်းချန်သည် ဗွီဒီယိုတစ်ခုလုံးကို ကြည့်ပြီးနောက် ဇာတ်လမ်းတွဲထဲမှ ဗီလိန်ဇာတ်ကောင်အတိုင်း ရိုက်ကူး ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ့အား တစ်ယောက်ယောက် သတိထားမိသွားမည်ကို စိုးရိမ်စရာ မလို တော့ချေ။

ရဲ့လင်းချန်၏ ခွင့်ပြုချက် ရလိုက်သောအခါ ဒါရိုက်တာလီက တောက်ပစွာ ပြုံးလိုက်သည်။

“ညီလေးရဲ့ မင်း အနုပညာလောကထဲ ဝင်ဖို့ တကယ် စိတ်မဝင်စားဘူးလား”

ဤသည်မှနေ၍ ရဲ့လင်းချန်သာ သူ့အကြောင်းကို ကြေငြာလိုက်လျင် မရေတွက်နိုင်သော အားပေးသူများ ရလာနိုင်၏။ ထိုသို့ဆိုလျင် သူသည် သိုင်းသမား သရုပ်ဆောင်ကြယ်ပွင့်အဖြစ် နေရာရလာပြီး အနုပညာကြေးလည်း မြင့်မားလာနိုင်သည်။

ရဲ့လင်းချန် ခေါင်းခါပြလိုက်သည်။ မြို့တော်သို့ ပြန်ရောက်သောအခါ သူတို့ တစ်ည နားပြီးနောက် နောက်တစ်နေ့တွင် ရိုက်ကူးရေးကို ဆက်လုပ်ကြသည်။ သုံးရက်ကြာပြီးနောက် ရဲ့လင်းချန် ပါဝင်သည့် ဇာတ်ဝင်ခန်းအားလုံးကို ရိုက်ကူးပြီးသွားလေသည်။

စာသင်နှစ်အသစ် စတင်ရန် နှစ်ရက်မျှသာ လိုတော့သည်။ ရဲ့လင်းချန်သည် ကျောင်းအပ်ရန်အတွက် ကျောင်းသို့ သွားရန် ပြင်ရလေသည်။

“ညီလေးရဲ့ သရုပ်ဆောင်စာရင်းမှာ မင်း ဘာနာမည်ပေးထားဖို့ စိတ်ကူးလဲ”

ဒါရိုက်တာလီ မေးလာ၏။

“ဝိုင်လို့ပဲ သုံးလိုက်ပါ”

ရဲ့လင်းချန် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ ဒါရိုက်တာလီ ခေါင်းညိတ်၍ ထိုနာမည်ကိုသာ မှတ်သား ထားလိုက်ပြီး ဆက်မေးလေသည်။

“မင်းသရုပ်ဆောင်ခအတွက်က … တစ်ပိုင်းကို ယွမ်ငါးသောင်း ပေးမယ်လို့ ငါ စိတ်ကူးထားတယ်၊ ညီလေးရဲ့‌ရော ဘယ်လို သဘောရလဲ”

တစ်ပိုင်းကို ယွမ်ငါးသောင်းသည် စီအဆင့် သရုပ်ဆောင်တစ်ယောက်၏ အနုပညာကြေး ဖြစ်ပေသည်။ ရဲ့လင်းချန် ၏ လက်ရှိနေရာအရ ထိုကြေးကို အံ့ဩစရာ ကောင်းလှသည်ဟု ဆိုရပေမည်။ ဤသည်အား ရဲ့လင်းချန် သဘောတူ လိုက်သည်ကို မြင်မှသာ ဒါရိုက်တာလီ ပြုံးလိုက်မိသည်။

“ဒီဇာတ်လမ်းတွဲမှာ စုစုပေါင်း အပိုင်း သုံးဆယ့်ငါးပိုင်း ပါတယ်၊ အဲ့ထဲမှာ ညီလေးရဲ့က နှစ်ဆယ့်ရှစ်ပိုင်း ပါထားတယ်၊ အဲ့တော့ စုစုပေါင်း ယွမ်လေးသိန်းပေါ့၊ ငါ မင်းကို နောက်မှ ငွေလွှဲပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ”

ရှောင်ဖေးဖေးနှင့် ဒါရိုက်တာလီတို့၏ လိုက်ပို့ပေးမည်ဟူသော စကားအား ယဉ်ကျေးစွာ ငြင်းပယ်ပြီးနောက် ရဲ့လင်းချန်သည် ပီကင်းတက္ကသိုလ်သို့ ရောက်သည့် ဘက်စ်ကားကို စီးလိုက်သည်။

ဟယ်တန်း စတူဒီယိုသည် မြို့တော်၏ မြို့စွန်မြို့ဖျား၌ တည်ရှိသည်။ မြို့ထဲသို့ ရောက်ရန် နှစ်နာရီ ကြာမြင့် ပေသည်။

ရဲ့လင်းချန်သည် အစိမ်းဖျော့ဖျော့ ဂါဝန်ဝတ်ထားပြီး ပခုံးသို့ ဝဲကျနေသော ဆံနွယ်များရှိသည် မိန်းကလေးဘေး၌ နေရာရလေသည်။ ဘေးတိုက် ကြည့်လျင်တောင်မှ သူမ၏ မျက်နှာအချိုးအစားက သိမ်မွေ့၍ ချစ်စဖွယ် ကောင်းလေသည်။ ကားထဲမှ ဆီချေးစော်နံနေသော အနံ့အား မိန်းမပျိုလေး၏ ဆွဲဆောင်မှုရှိသော အနံ့လေးက ဖုံးလွှမ်းသွားသည်။

သူမသည် ရင်ခွင်တွင်း၌ လွယ်အိတ်တစ်လုံးကို ပိုက်ထားသည်။ ထိုလွယ်အိတ်၌ ပီကင်းတက္ကသိုလ်၏ အမှတ် တံဆိပ် ပါနေသည်။

*သူက စီနီယာများလား*

“ခင်ဗျားလည်း ပီကင်းတက္ကသိုလက်က ကျောင်းသားလာ၊ ကျွန်တော်က ရဲ့လင်းချန်ပါ၊ ဒီနှစ်မှ စတက်မယ့် လူသစ်ပါ”

သို့သော် တစ်ဖက်လူက လှည့်ပင်မကြည့်ဘဲ မသိမသာ အင်းခနဲ ပြောလေသည်။ သူမအသံက အေးစက်လှသည်။ မြို့ကြီးပြကြီးမှ မိန်းမလှလေး၏ ဘဝင်ကိုင်ခြင်းကို ရဲ့လင်းချန် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရလေပြီ။ ရဲ့လင်းချန် စိတ်ထဲမထားချေ။ ခုံ၌ ထိုင်၍ ပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်းများကိုသာ ကြည့်နေလိုက်သည်။

မကြာခင်မှာပင် တိတ်ဆိတ်နေသော ကားပေါ်၌ ကလေးငိုသံက နှောင့်ယှက်လာ၏။ ငိုသံသည် ရဲ့လင်းချန်၏ အနောက်မှ ထွက်လာခြင်း ဖြစ်သည်။ သူ့အနောက်၌ အဘွားအိုတစ်ယောက်က လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် နှင့်အတူ ဘေးချင်းကပ် ထိုင်နေပြီး ရင်ခွင်ထဲ၌ နို့စို့အရွယ် ကလေးကို ပိုက်ထားသည်။

ငိုသံက နာရီဝက်မက ထွက်ပေါ်နေ၏။ ကားပေါ်မှ ခရီးသည်များ အနှောင့်အယှက် ဖြစ်စ ပြုလာသော်လည်း ဘာမှ မတတ်နိုင်ချေ။

ရဲ့လင်းချန် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်မိပြီးနောက် မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ ကလေးကို ပိုက်ထားသော အဘွားအိုသည် ကလေးငယ် ငိုနေသော်ငြားလည်း သူမ အမူအရာက ဂရုမစိုက်မှန်း သိသာနေ၏။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားက သံသယ ဖြစ်ဖွယ်ကောင်းလောက်အောင် ဘေးဘီအား ဆက်တိုက် ကြည့်နေသည်။

“ဟေ့ မပြီးသေးဘူးလား၊ ခင်ဗျားတို့ ကလေးကို အငိုတိတ်အောင် မလုပ်ဘူးလား”

ရဲ့လင်းချန်က စိတ်ပျက်သော မျက်လုံးမျိုးဖြင့် နောက်လှည့်ကာ အေးတိအေးစက် ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ဒီကလေးက ဗိုက်ဆာနေလို့ပါ၊ သူ့အမေကလည်း မပါလာဘူးလေ”

အဘွားအိုက ပြန်ပြောလာသည်။

“ကျုပ်ကို အရေးမပါတဲ့ စကားမျိုး လာပြောနဲ့၊ ဒီကလေးကိုသာ ချက်ချင်း အငိုတိတ်အောင်လုပ်”

ရဲ့လင်းချန် အညှာအတာမဲ့စွာ အမိန့်ပေးလိုက်သည်။

“မင်းက ဘာလို့ ဒီလို ဖြစ်နေတာလဲ၊ ကလေးတစ်ယောက် ငိုတာက ပုံမှန်ပဲ မဟုတ်ဘူးလား၊ ကလေးဘဝတုန်းက မငိုတဲ့လူ ရှိလို့လား”

လူလတ်ပိုင်းအရွယ် အမျိုးသားက ခြိမ်းခြောက်သော အကြည့်များဖြင့် ကြည့်လာသည်။

“ကျုပ် ကလေးဘဝက ငိုတဲ့အချိန်တုန်းက ခင်ဗျားကို အနှောင့်အယှက် ပေးခဲ့လို့လား”

ရဲ့လင်းချန်က မထုံတတ်တေး မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။ ဤစကားများ ရန်ဖြစ်ခြင်းကြောင့် ခရီးသည် များအားလုံး ရဲ့လင်းချန်အပေါ် အမြင်ပြောင်းလာ၏။ သူတို့အားလုံး သူ့ကို မကျေနပ်သလို ကြည့်လာကြသည်။

သူ့ဘေးမှ မိန်းကလေးက ရွံသလို နှာမှုတ်ပြီး ကိုယ်ကိုရွှေ့၍ ရဲ့လင်းချန်နှင့် ဝေးအောင် ခွာထိုင်နေ၏။

“ဒီကလေးက ခင်ဗျားတို့ကလေး‌ရော ဟုတ်ရဲ့လား၊ ဘယ်လိုလုပ် နို့ဘူးလေး ဘာလေး မယူလာပဲ အပြင်ထွက် လာရတာလဲ”

ရဲ့လင်းချန် စိတ်မရှည်စွာ ဆက်တိုက် စောဒက တက်လိုက်သည်။ အဘွားအိုနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ မသိမသာ မျက်နှာပျက်သွားပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

“ငါ တောင်းပန်ပါတယ်၊ ငါတို့ အခုချက်ချင်း ကားပေါ်က ဆင်းပါ့မယ်’

ငိုနေသော ကလေးငယ်ကို ချီထားသည့် အဘွားအိုက ထရန် ပြင်လေသည်။ သို့သော် ရဲ့လင်းချန်က ထရပ်ကာ သူတို့လမ်းကို ပိတ်လိုက်သည်။

“ကျုပ်ကို ဒုက္ခပေးပြီးတာနဲ့ ခင်ဗျားတို့က ဒီလိုပဲ သွားတော့မလို့လား”

“ဒါဆို မင်းက ဘာလုပ်ချင်တာလဲ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ရဲ့လင်းချန်ကို သတ်ချင်ဟန်ဖြင့် ကြည့်လာ၏။

“ကျုပ်ကို လျော်ကြေးပေး၊ စိတ်ဒုက္ခပေးခဲ့အတွက် လျော်ကြေး”

ချက်ချင်းဆိုသလိုပင် ခရီးသည်များအားလုံး ရဲ့လင်းချန်အား အထင်သေးသလို ကြည့်လာကြသည်။

“ညီလေး မင်း ဘာလို့ အကျိုးမရှိတာတွေ လုပ်နေတာလဲ၊ မင်း ဘာလို့ ကလေးနဲ့ ယှဉ်ရန်ဖြစ်နေတာတုန်း”

“မင်းကြည့်ရတာ တက္ကသိုလ်ကျောင်းသား ဖြစ်မယ့်ပုံပဲ၊ လက်ရှိ ကျောင်းသားလူငယ်တွေက ဒီလောက်တောင် ဆိုးသွမ်း ကုန်ပြီလား”

သပ်သပ်ရပ်ရပ် ဝတ်ထားသည့် လူငယ်တစ်ယောက်က ထလာသည်။ သူသည် အနက်ရောင် မျက်မှန်ကိုင်းကို တပ်ထားပြီး လူကြီးလူကောင်းသဖွယ် ဝတ်စားထားသည်။

“မိတ်ဆွေ ကျုပ်တို့အားလုံး အခက်အခဲကိုယ်စီ ရှိတာပဲ၊ သူတို့က ကလေးတစ်ယောက်နဲ့ အဘွားတစ်ယောက်လေ၊ သူတို့ကို ဒီလိုလုပ်နေမှတော့ မင်းရဲ့ လူသားဆန်မှုက ဘယ်ရောက်သွားလဲ”

“မင်းအပူ မပါဘူး၊ ပါးစပ်ပိတ်ထား”

ရဲ့လင်းချန်က သူ့ကို ကြည့်ပင် မကြည့်ချေ။

“ဘယ်သူမဆို ဝင်ပါလို့ကတော့ ပါတဲ့လူကို ကျုပ် ဒီအတိုင်း မထားဘူး”

“တော်သင့်ပြီ”

သူ့ဘေးမှ မိန်းကလေးက ချက်ချင်း ထရပ်၍ ရဲ့လင်းချန်ကို စူးစိုက်ကြည့်လေသည်။

“နင် ဒီလိုလုပ်နေတာ ငါ အာရုံစိုက်တာ ခံချင်လို့ပဲ၊ ငါ့ကို နင် ယောက်ျား ပီသကြောင်း ပြချင်နေတာလေ”

သူမက နှုတ်ခမ်းကို တွန့်ကွေး၍ အေးတိအေးစက် ပြုံးလိုက်သည်။

“အခု ငါ နင့်ကို ပြောလိုက်မယ်၊ နင့်အပြုအမူတွေက စက်ဆုပ်ဖို့ကောင်းတယ်၊ အားနည်းသူကို အနိုင်ကျင့်တာ၊ နင့်ကို ယောကျ်ားလို့တောင် သတ်မှတ်လို့ မရဘူး၊ ရွံဖို့ကောင်းလိုက်တာ”

All Chapters