မင်းကအမှန်တကယ်ထူးခြားတယ်
Vol. 79 Ch. 1171
ချွေးတပ်စခန်းထဲတွင် ပိတ်မိနေသော ၀မ်ကျန်းသည် ရိုက်နှက်ခံရသည့် ခံစားချက်ကို အသုံးချ၍ သူ၏ ကိုယ်ပိုင်အသိစိတ်ကို မဆုံးရှုံးအောင် စီမံနိုင်ခဲ့သည်။
ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အကြောင်း ပြချက်ကို ကြားလိုက်ရလျှင် ၀မ်လင်းသည် အသက်ရှုရပင် ကျပ်သွားခဲ့သည်။
ဆိုရလျှင် ၀မ်ကျန်းသည် အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်မှုများကို ခံခဲ့ရသည့် လူတစ်ဦးဖြစ်၍သာ ယနေ့အထိ အသိစိတ် မပျောက်ဆုံးခဲ့ခြင်းပင်။
ထိုခဏအတွင်း ၀မ်လင်းသည် ၀မ်ကျန်း၏ အတွေ့အကြုံများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။
ကမ္ဘာပေါ်တွင် ပါရမီရှင်အများအပြား ရှိသော်လည်း ၀မ်ကျန်းသည် မွေးဖွားလာလာချင်း ပါရမီရှင် တစ်ဦး မဟုတ်ခဲ့ပေ။
သို့သော်လည်း မွေးစကတည်းက ရက်ရက်စက်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက်တွင် ၀မ်ကျန်း၏ အသက်ရှင်သန်ချင်သည့် ပြင်းထန်သောဆန္ဒသည် နက်ရှိုင်းစွာ သို၀ှက်ထားသည့်အလားအလာကို လှုံ့ဆော်ပေးခဲ့ပြီး ရိုက်နှက်ခံရတိုင်းတွင် နည်းနည်းချင်းဆီ ဥာဏ်အလင်းရလာခဲ့သည်။
၀မ်ကျန်းသည် ဤသို့ဖြင့်ပင် ပိုမို အားကောင်းလာခဲ့ခြင်း ဖြစ်၏။
လူတစ်ယောက်၏ စိတ်နေစိတ်ထားသည် ငယ်စဥ်ကတည်းက ကြီးပြင်းလာသည့် မိသားစုနှင့် ပတ်၀န်းကျင်၏ လွှမ်းမိုးမှုနှင့် အများအပြား သက်ဆိုင်သည်။
ထို့ကြောင့် ၀မ်ကျန်း၏ ရိုက်နှက်ခံရခြင်းကို နှစ်သက်သောစိတ်သဘောထားသည် ဤဘ၀တွင် ပြောင်းလဲရန်မှာ မဖြစ်နိုင်တော့ပေ။
တစ်နည်းအားဖြင့် ၀မ်ကျန်းသည် လျူမိသားစု၏ စိတ်ဆိုး စိတ်ကောက်လွယ်သော သခင်မလေး လျူချင်းရီနှင့် အတော်လေးလိုက်ဖက်သည်ဟု ၀မ်လင်း ထင်မြင်ခဲ့သည်။
လျူချင်းရီ၏ ပင်ကိုစရိုက်က စိတ်တိုလွယ်ကာ ရိုက်နှက်တတ်သူ ဖြစ်သော်လည်း ၀မ်ကျန်းသည် အသားဒိုင်း ဖြစ်သည် မဟုတ်ပါလော။
ဆိုရလျှင် ၀မ်ကျန်းသည် ငယ်စဥ်ကတည်းကပင် အမျိုးမျိုးသော ရိုက်နှက်နှိပ်စက်ခြင်းကို အသားကျနေ၍ သာမန်လူများထက် ပို၍ခံနိုင်ရည်ရှိ၏။
သူတို့နှစ်ဦးသာ အတူတူ ပေါင်းဖက်ဖြစ်သွားခဲ့လျှင် ၎င်းသည် ယင်နှင့်ယန်၏ သဟဇာတ မျှတမှုတစ်ခုပင်။
သို့သော်လည်း ခံစားချက်များသည် အတင်းအကြပ် လုပ်ယူ၍မရပေ။
၀မ်လင်းက အောင်သွယ်တစ်ဦး မဟုတ်သဖြင့် တခြားသူများ၏ ခံစားချက်ကို ၀င်ရောက်စွက်ဖက်မည် မဟုတ်ချေ။
ဆက်ဆံရေးဆိုသည်မှာ သဘာ၀အတိုင်း ဖြစ်ပေါ်လာသည်သာ ပို၍ကောင်းသည် မဟုတ်ပါလား။
နောက်ထပ်တခဏတွင် ၀မ်လင်းသည် သူ၏ လက်ကိုမြှောက်လိုက်ပြီး မှော်စွမ်းအားများ အသုံးပြုကာ အရိပ်တာအိုအပေါ် သူ၏ လက်ရှိနားလည်မှုနှင့်အတူ အရိပ်ရုပ်သွင်ကမ္ဘာကို ပြန်လည် တည်ဆောက်ပေးလိုက်သည်။
သူက ဤကိစ္စကို အမြန်ဆုံးဖြေရှင်းရမည်ဖြစ်၍ ဤအရိပ်ရုပ်သွင်ကမ္ဘာတွင် အချိန်အကြာကြီး မနေနိုင်ပေ။
သူ အချိန်ကြာကြာပိုနေလေ ကောင်းထျန်းမင်၏ စိတ်ကို ပို၍ ထိခိုက်လာလေ ဖြစ်လာပေလိမ့်မည်။
သုံးစက္ကန့်အကြာတွင် ၀မ်လင်းသည် သူ၏ မှော်စွမ်းအားကိုအသုံးပြု၍ ရုပ်သေးများတွင် ချိတ်ဆွဲထားသည့် ကောင်းကင်ကြိုးများ အားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက်တွင်မူ အရိပ်ရုပ်သွင်ကမ္ဘာထဲရှိ လူတိုင်း၏ ခန္ဓာ ကိုယ်သည် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။
အရာအားလုံးသည် အလွန်လျင်မြန်စွာပင် ဖြစ်ပျက်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၀မ်ကျန်းသည် လက်တွေ့ကမ္ဘာသို့ပြန်လည် ရောက်ရှိလာခဲ့သည်။
အရိပ်ရုပ်သွင်ကမ္ဘာမှ ကယ်တင်ခံရသော ကျောင်းသားများအားလုံးသည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေကြသည်။
ယင်းမှာ ကမ္ဘာနှစ်ခုကြား ပြောင်းလဲမှုကြောင့် ဖိအားအလွန် ကွာခြားသွားပြီး အပြန်လမ်းတွင် အောက်စီဂျင် မလုံလောက်၍ ဖြစ်၏။
ဤသည်က ကျောင်းသားများ သတိလစ်သွားရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။
၎င်းတို့ထဲတွင် ၀မ်ကျန်း တစ်ယောက်ထဲသာ နိုးကြားနေခဲ့သည်။
ထိုအချိန်တွင် ၀မ်လင်းသည် ကောင်းထျန်းမင်၏ နဖူးပေါ်သို့ လက်တစ်ဖက်ကို တင်ထားလိုက်သည်။
ကောင်းထျန်းမင်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ နာကျင်စွာ အော်ဟစ်နေသော်လည်း သူ၏ နာကျင်စွာ အော်ဟစ်နေသံကို ကြားနိုင်မည့်သူ မရှိပေ။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ၀မ်လင်းသည် ကောင်းထျန်းမင်၏ ခန္ဓာကိုယ်ထဲမှ ဆိုးယုတ်သောစွမ်းအားကို ဆွဲထုတ်လိုက်သည်။
ထိုစွမ်းအားသည် ၀မ်လင်း၏လက်ချောင်းထိပ်တွင် ၀ဲပျံနေခဲ့ပြီး အဆုံးသတ်၌ လက်၀ါးအလယ်တွင် ကြက်ဥအရွယ်အစားရှိ အနက်ရောင်အလုံး တစ်လုံးအဖြစ် တဖြည်းဖြည်း စုစည်းသွားခဲ့သည်။
ထို့နောက်တွင် ၀မ်လင်းသည် သူ၏လက်တစ်ဖက်ကို ဝှေ့ရမ်း လိုက်ရာ ကောင်းကင်ကနေ ရွှေရောင်ကြိုးများ ကျဆင်းလာခဲ့ပြီး အနက်ရောင်အလုံးကို ခိုင်မြဲစွာ ချည်နှောင်ကာ တစ်နေရာသို့ ဆွဲခေါ်သွားခဲ့သည်။
ဆိုးယုတ်သော စွမ်းအားကို စည်းတံဆိပ်ခတ်ခြင်းက ပြီးမြောက်သွားခဲ့ချေပြီ။
"ကောင်းကင်တာအို စည်းတံဆိပ်ပါလား"
၀မ်ကျန်းက ထိုရွှေရောင်ကြိုးများကို မှတ်မိလိုက်သည်။
ထိုရွှေရောင်ကြိုးများသည် အဓိက ကောင်းကင်တာအိုခြောက်ခု၏ စွမ်းအားကနေ ဆင်းသက်လာခြင်း ဖြစ်၏။
၀မ်လင်းက အလွန်သန်မာပြီး နှိုင်းဆမရသည့် အတိုင်းအတာတွင် ရှိနေမှန်း သိထားသော်လည်း ကောင်းကင်တာအိုစည်းတံဆိပ် ထွက်ပေါ်လာသည်ကို မြင်လျှင် ၀မ်ကျန်းသည် အံ့အားသင့်သွားခဲ့သည်။
ယနေ့ခေတ်တွင် ကျင့်ကြံသူများသည် ကောင်းကင်တာအိုစည်းတံဆိပ်ကို ပိုင်ဆိုင်ကြသည်မှာ မဆန်းတော့ပေ။
အထူးသဖြင့် နတ်ဘုရားနယ်မြေတွင် ကောင်းကင်တာအိုစည်းတံဆိပ်ကို အသုံးပြုနိုင်သောလူများသည် နွားသားရေပေါ်မှ အမွေး အရေအတွက်လောက် များပြား၏။
သို့သော် ကောင်းကင်တာအို စည်းတံဆိပ်ကို မည်ကဲ့သို့ အသုံးပြုရမည်ကို သိခြင်းနှင့် နားလည်ခြင်း ဆိုသည်မှာ မတူညီသည့် အရာနှစ်ခု ဖြစ်သည်။
နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူများတွင် မည်သူမှ ကောင်းကင်တာအို စည်းတံဆိပ်ကို နားလည်သည်ဟု ပြောရဲမည် မဟုတ်ပေ။
ကောင်းကင်တာအိုတွင် မရေမတွက်နိုင်သော နက်နဲသည့်လျှို့၀ှက်ချက်များ ရှိသည်။
စကြာ၀ဠာတစ်ခုတွင် ကောင်းကင်တာအို သုံးထောင်ရှိပြီး စကြာ၀ဠာဆယ်ခုတွင် ကောင်းကင်တာအို သုံးသောင်း အရေအတွက် ရှိ၏။
လူတစ်ယောက်သည် ကောင်းကင်တာအို၏ နက်နဲသော လျှို့ဝှက်ချက်ကို တစ်သက်လုံး လိုက်လံရှာဖွေလျှင်ပင် တွေ့ရှိဖို့မလွယ်ပေ။
တကယ်တမ်းတွင် ကောင်းကင်တာအို စည်းတံဆိပ်သည် သင်္ကေတတစ်ခု ဖြစ်သည်။
၎င်းမှာ ကောင်းကင်တာအို၏ စွမ်းအားကို လုံး၀ စိုးမိုးထိန်း ချုပ်နိုင်သည့် သင်္ကေတတစ်ခု ဆိုလည်းမမှားပေ။
"လင်းကျန်းရန် မင်းကဘယ်သူလဲ"
၀မ်ကျန်းက ၀မ်လင်း၏ အထောက်အထားအမှန်ကို သိချင်လာခဲ့သည်။
၀မ်လင်း"........."
သို့သော် အမှန်တရားမှာ ၀မ်လင်းကိုယ်တိုင်ပင် သူဘယ်သူမှန်းမသိပေ။
ထို့ကြောင့် သူ ဤမျှအားကောင်းနေမှန်း မည်သူက သိနိုင်ပါမည်နည်း။
ထိုထက် အံ့သြစရာအကောင်းဆုံးအချက်မှာ သူက ပြန်လည် မွေးဖွားလာသည့်သူ မဟုတ်ခြင်း ဖြစ်သည်။
သူ့တွင် ပြန်လည်မွေးဖွားခြင်း ကဲ့သို့ ဆက်တင်မျိုး တစ်ခုမှ ရှိမနေပေ။
၀မ်လင်းက ဘာမှပြန်မပြောသည်ကို မြင်လျှင် ၀မ်ကျန်းသည် ၀မ်လင်းကို စော်ကားမိသွားပြီဟု စိုးရိမ်သွားပြီး မေးခွန်းများ မေးနေသည်ကို ရပ်တန့်လိုက်သည်။
သို့သော် ကောင်းထျန်းမင်နှင့် ပက်သက်၍မူ သူ့တွင် သံသယအချို့ ရှိနေပါသေးသည်။
"လင်းကျန်းရန်.. ဘာလို့ ဒီဆိုးယုတ်တဲ့စွမ်းအားကို တိုက်ရိုက် မဖယ်ရှားလိုက်ဘဲ စည်းတံဆိပ်ခတ်လိုက်တာလဲ"
ထိုမေးခွန်းကိုကြားလျှင် ၀မ်လင်းသည် ၀မ်ကျန်းကို စိတ်ချင်းဆက်သွယ်၍ ရှင်းပြလိုက်သည်။
ကောင်းထျန်းမင်၏ အရိပ်တာအိုပြဿနာသည် အခြားသောသူများထက် ပို၍ ထူးခြားသည်။
သူက အရိပ်တာအိုနှင့် အလွန်နီးကပ်စွာ ပေါင်းစည်းထားသောကြောင့် သူ၏ အရိပ်ရုပ်သွင်ကို တိုက်ရိုက် ဖျက်ဆီးလိုက်လျှင် သူကိုယ်တိုင်ပင် သေဆုံးသွားပေလိမ့်မည်။
ထို့ကြောင့် စည်းတံဆိပ်ခတ်လိုက်ခြင်းကသာ အလုံခြုံဆုံးနည်းလမ်း ဖြစ်၏။
ထို့အပြင် ကောင်းထျန်းမင် ကိုယ်တိုင်လည်း စည်းတံဆိပ်ခတ်ခြင်း၏ သက်ရောက်မှုကို ခံရမည်မဟုတ်ပေ။
စင်စစ် ဤသည်မှာ စွမ်းရည်ကို သိမ်းဆည်းခံလိုက်ရခြင်းမျိုးသာ ဖြစ်သည်။
ထို့ကြောင့် ကောင်းထျန်းမင်သည် အရိပ်တာအို၏ စွမ်းအားကို ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
ထို့အပြင် လူတိုင်းကို ကယ်တင်ပြီးနောက် ၀မ်လင်း ပထမဆုံး လုပ်ခဲ့သည့်အရာမှာ မှတ်ဥာဏ်တာအိုကို အသုံးပြုပြီး အရိပ်တာအိုနှင့် ပတ်သက်ခဲ့သော လူတိုင်း၏ မှတ်ဥာဏ်များကို လုံး၀ အစားထိုးပစ်လိုက်ခြင်း ဖြစ်၏။
အခြေခံအားဖြင့် ပြောရလျှင် ကောင်းထျန်းမင်သည် သားကောင် တစ်ဦးသာ ဖြစ်သည်။
သူ့ကို မူလကတည်းကပင် ယုတ်မာသူ တစ်ယောက်ဟု မသတ်မှတ်နိုင်ပေ။
တစ်စုံတစ်ယောက်သည် သူ၏ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်မှုနှင့် ရည်မှန်းချက်ကြီးမှုများကို ရည်ရွယ်ချက်ရှိရှိ အသုံးချခဲ့ခြင်းသာ ဖြစ်သည်။
ယခုအရေးကြီးသည်မှာ နောက်ကွယ်မှကြိုးကိုင်သူကို ရှာဖွေဖော်ထုတ်ရန်ပင် ဖြစ်၏။
၀မ်လင်းသည် အစောပိုင်းကတည်းကပင် မည်ကဲ့သို့သော ကိစ္စရပ်များ ဖြစ်လာနိုင်သလဲ ဆိုသည်ကို စောင့်ကြည့်ရန် စီစဥ်ထားခဲ့သည်။
သူ၏ အတိတ်မှ အတွေ့အကြုံအရ ဤအမျိုးသားအဆင့်ပြိုင်ပွဲတွင် နှောင့်ယှက်သူ တစ်ယောက်ယောက်က သေချာပေါက် ပေါ်ပေါက်လာလိမ့်မည် ဖြစ်၏။
သို့သော် တရားခံသည် ၀မ်နွမ်၏ အရိပ်တာအိုစွမ်းအားကို အမှန်တကယ် အသုံးချလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ယင်းက ၀မ်လင်းကို ချက်ခြင်းပင် အန္တရာယ်ကြီးမားသည့် ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။
အရိပ်တာအို၏ စွမ်းအားက မတည်ငြိမ်သေး၍ အလွဲသုံးစား လုပ်ခဲ့လျှင် ဆိုးရွားသည့် အကျပ်အတည်းကို ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်ပေသည်။
မမွေးသေးသည့် သူ့ညီမလေးကို အသုံးချပြီး မကောင်းသောလုပ်ရပ်များ ကျူးလွန်နေသည်ကို ၀မ်လင်းသည် ဘယ်လိုနည်းနှင့်မှ ခွင့်လွှတ်မည်မဟုတ်ပေ။
"၀မ်ကျန်း မင်းရဲ့ အကူအညီကို ငါလိုအပ်တယ်"
ထိုအချိန်တွင် ၀မ်ကျန်းက ၀မ်လင်းကို မျက်လုံးချင်းဆိုင်ကြည့်၍ ပြောလိုက်သည်။
"လင်းကျန်းရန် ပြောပါ"
၀မ်ကျန်းက ရိုသေလေးစားစွာပင် ပြောလိုက်သည်။
၀မ်လင်းက ၀မ်ကျန်းအတွက် ပေးအပ်သည့်အလုပ်မှာ အလွန်ပင် ရိုးရှင်း၏။
သူက ၀မ်ကျန်းကို လူသားရေဒါ တစ်လုံးကဲ့သို့ ပြုမူပြီး ဤ ပြိုင်ပွဲတွင် အရိပ်တာအို၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် တခြားသော ပြိုင်ပွဲ၀င်များ ရှိမရှိ စစ်ဆေးစေခဲ့ခြင်း ဖြစ်သည်။
၀မ်လင်းသည် အရိပ်တာအိိုကို အတော်လေး နားလည်နေခဲ့ပြီဖြစ်သည်။
သို့သော် သူကိုယ်တိုင် အသုံးပြုလျှင် စွမ်းအားများ ထိန်း ချုပ်၍ မရမည်ကို စိုးရိမ်နေမိ၏။
ထို့ကြောင့် အကောင်းဆုံးသော နည်းလမ်းမှာ ၀မ်ကျန်းကို သူ့ကိုယ်စား စစ်ဆေးပေးရန် ခိုင်းစေခြင်းပင်။
"ကျွန်တော် တာ၀န်ကျေပွန်အောင် ဆောင်ရွက်လိုက်ပါ့မယ် လင်းကျန်းရန်"
၀မ်ကျန်းက မဆိုင်းမတွပင် သဘောတူလိုက်သည်။
၀မ်ကျန်းအနေဖြင့် အရိပ်တာအို၏ စွမ်းအားကို ရရှိရန် အေးခဲထားသော ဖက်ထုပ်များကို စားသုံးဖို့ မလိုအပ်ပေ။
၀မ်လင်းက ၀မ်ကျန်း၏နဖူးကို ညင်သာစွာ ထိလိုက်ရုံဖြင့်အရိပ်တာအို၏ စွမ်းအားကို ၀မ်ကျန်းတစ်ယောက် ပိုင်ဆိုင်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ၀မ်ကျန်း၏ ခြေထောက်အောက်ကနေ အရိပ်က တဖြည်းဖြည်း ထွက်ပေါ်လာပြီး အဆုံးသတ်၌ လူသား အရိပ်ရုပ်သွင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ပုံမှန်အရိပ်ရုပ်သွင်သည် လူသားပုံစံ ဖြစ်သည်။
၎င်းက ကြွက်သားများ ကြံ့ခိုင်သန်စွမ်းပြီး အဖြူရောင်ဘောင်းဘီတို တစ်ထည်ကိုသာ ၀တ်ဆင်ထားသည့် ဗလကြီးကြီး ယောကျ်ားတစ်ယောက် ဖြစ်သည်။
ထို့ပြင် သူ့ကို ခေါင်းကနေ ခြေထောက်အထိ ကြိုးများက အထပ်ထပ် ရစ်ပတ်နေခဲ့သည်။
ဤသည်က ၀မ်ကျန်း၏ထူးခြားသော အရိပ်ရုပ်သွင်ပင်ဖြစ်၏။
ထိုအရိပ်ရုပ်သွင်၏နာမည်မှာ ချည်နှောင်ခံထားရသည့်သူ ဖြစ်သည်။
ဤအရိပ်ရုပ်သွင်ကို ရှင်းလင်းစွာ မြင်ပြီးနောက်တွင် ၀မ်လင်းသည် စိတ်ထဲကနေ နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်သည်။
"မင်းက တကယ်ကိုထူးခြားတာပဲ"
အပိုင်း(၁၁၇၁) ပြီး၏