← Chapters

ချည်နှောင်ခံချင်သူ

Vol. 79 Ch. 1172

ချည်နှောင်ခံချင်သူ

Vol. 79 Ch. 1172

အရိပ်ရုပ်သွင်တစ်ခုစီတွင် သူ့နာမည်နှင့်သူ ရှိသည်။

အရိပ်ရုပ်သွင်သည် ပုံမှန်အားဖြင့် လူသားပုံစံသာ ဖြစ်ပေါ်လာ၏။

အဘယ့်ကြောင့်ဆိုသော် နှလုံးသား၏ဆန္ဒကို ကိုယ်စားပြုသောကြောင့်ပင်။

အရိပ်ရုပ်သွင်၏ စွမ်းရည်ကလည်း နှလုံးသားက တောင့်တသည့်အရာပေါ် မူတည်ကာ တဖြည်းဖြည်း ပြောင်းလဲလာတတ်သည်။

"ချည်နှောင်ခံထားရသည့်လူ.."

၀မ်လင်းသည် သူ၏ ဘုရင်မျက်လုံးဖြင့် ချည်နှောင်ခံထားရသည့်လူ၏ ခွန်အားကို စစ်ဆေးကြည့်လိုက်သည်။

အရိပ်ရုပ်သွင်များကို စွမ်းအားအဆင့် ၁၀ဆင့် သတ်မှတ်မည်ဆိုလျှင် ချည်နှောင်ခံထားရသည့်လူသည် အဆင့်​၆တွင် ရှိသည်။

သူ၏အားသာချက်မှာ ခံနိုင်ရည်စွမ်းအား အတော်လေး ကောင်းမွန်ခြင်း ဖြစ်၏။

ယခုအခါတွင် အဆင့် ၆မှာသာ ရှိသေးသော်လည်း ၀မ်ကျန်းသည် သူ၏စွမ်းအားကို ကောင်းမွန်စွာ အသုံးချခဲ့လျှင် အနာဂတ်တွင် ပို၍ အဆင့်မြင့်လာနိုင်ပေသည်။

"ဒါ ငါ့ရဲ့အရိပ်ရုပ်သွင်လား ဘာလို့ ဒီလိုသောက်တလွဲ ဖြစ်နေရတာလဲ"

၀မ်ကျန်းက ကြိုးဖြင့် ရစ်ပတ်ခံထားရသည့် ထွားကြိုင်းသော ယောကျ်ားလေးကို ကြည့်ပြီး အနည်းငယ် မူမမှန်သလို ခံစားခဲ့ရသည်။

သူက အလွန်ဖြောင့်မတ်သည့် လူတစ်ယောက် ဖြစ်သော်လည်း သူ၏ အရိပ်ရုပ်သွင်ကမူ ယခုလို ဖြစ်နေခဲ့သည်။

ထိုထက်အရေးကြီးသည်မှာ ၀မ်ကျန်းသည် သူ့ကိုယ်သူ ပုံမှန်လိင်စိတ် တိမ်းညွတ်မှုသာရှိသည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော်လည်း သူ၏ အရိပ်ရုပ်သွင်ကမူ ဥက္ကာမင်းမောင် ကဲ့သို့ ကြွက်သားအပြိုင်းပြိုင်းနဲ့ ဖြစ်နေသည် မဟုတ်ပါလော။

"နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက နဂါးကိုးကောင်တောင်ရဲ့ တစ်နေရာရာမှာ ရှိနေတာ သေချာတယ်.. ငါကိုယ် တိုင် လှုပ်ရှားရင် အရမ်းသိသာသွားလိမ့်မယ်.. ဒါကြောင့် ငါ့ကိုယ်စား မင်းကို ရှာဖွေဖို့ တာ၀န်ပေးခဲ့တာပဲ"

၀မ်လင်းက ၀မ်ကျန်းကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

သူက ၀မ်ကျန်း၏ အရိပ်ရုပ်သွင်ကို လှုံ့ဆော်ပေးလိုက်သောကြောင့် ၀မ်ကျန်းသည် အရိပ်တာအို၏ စွမ်းအားကို ရရှိသွားခဲ့ပြီး လျှို့၀ှက်စွာဖြင့် နောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေနိုင်မည် ဖြစ်သည်။

ထို့နောက်တွင် ၀မ်လင်းသည် ကောင်းထျန်းမင်၏ ရုပ်သေးကို ယူလာခဲ့ပြီး အသွင်ပြောင်း မဟာတာအိုကို အသုံးပြုလိုက်သည်။

ထိုတာအိုသည် အစစ်အမှန်နှင့် လုံး၀ခွဲမရအောင် တူညီသွားစေသည့် တာအိုအမျိုးအစား ဖြစ်၏။

၀မ်လင်းက ကောင်းထျန်းမင်၏ ရုပ်သေးကို ၀မ်ကျန်း၏ ပုံစံအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အနည်းငယ် သစ်တုံးဆန်နေပုံရသော်လည်း အစစ်အမှန်ဟု ထင်ရလောက်သည် အထိ လုံလောက်မှု ရှိနေခဲ့၏။

"ဒီကိစ္စကို မင်းဆီပဲ လွှဲထားလိုက်မယ်"

ထို့နောက်တွင် ၀မ်လင်းသည် ၀မ်ကျန်းအဖြစ် ပြောင်းလဲထားသော ရုပ်သေးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

၀မ်ကျန်းက ၀မ်လင်း၏ ထွက်ခွာသွားသော နောက်ကျောကိုကြည့်ကာ လေးနက်စွာ ကတိပေးလိုက်သည်။

"စိတ်ချပါ လင်းကျန်းရန်.. ကျွန်တော်အစွမ်းကုန် ဆောင်ရွက်ပါ့မယ်"

ဤစစ်ဆေးရေး အောင်မြင်ရန်အတွက် ၀မ်လင်းသည် ၀မ်ကျန်းကို ကူညီရန် လူနှစ်ယောက်ကို စီစဥ်ပေးခဲ့သည်။

၀မ်ကျန်းက ထွက်ခွာသွားသည့် ၀မ်လင်းကို ငေးကြည့်နေစဥ်မှာပင် ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့သည် သူ့နံဘေးကနေ ခုန်ထွက်လာခဲ့သည်။

ထို့နောက်တွင် သူတို့သည် ၀မ်ကျန်းကို အထူးတပ်ဖွဲ့၀င် ၀တ်စုံအား အလျင်အမြန် ပြောင်း၀တ်ခိုင်းလိုက်သည်။

"မင်းတို့က လင်းကျန်ရန်ရဲ့.."

ထွင်ထျန်းဟာက လူသားအသွင်ကို ပြောင်းလဲထားခဲ့ပြီ ဖြစ်သော်လည်း သူ၏ထူးခြားသော ဆံပင်အရောင်ကြောင့် ၀မ်ကျန်းသည် ထွင်ထျန်းဟာ ဖြစ်မှန်း အလျင်အမြန် မှတ်မိခဲ့သည်။

"ငါတို့က ဆရာလေးလင်းရဲ့အမိန့်အရ နောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေရာမှာ မင်းကိုအကူအညီပေးဖို့ ရောက်လာခဲ့တာပဲ"

ငွေရောင်လေးက အလျင်အမြန် ပြန်ဖြေလိုက်သည်။

ယခုအရေးကြီးဆုံးမှာ နောက်ကွယ်မှကြိုးကိုင်သူကို ဖော်ထုတ်ရန် ဖြစ်၏။

ထွင်ထျန်းဟာတို့ နှစ်ယောက်သည် ၀မ်ကျန်း၏ ရှေ့တွင်ရပ် နေရင်း ၀မ်ကျန်း၏ အနောက်မှ အရိပ်ရုပ်သွင်ကို မြင်လိုက်ရသည်။

"လခွမ်း.. ဒါက မင်းရဲ့အရိပ်ရုပ်သွင်လား မင်းနဲ့လုံး၀မတူဘူးနော်.. ဒါနဲ့ ချည်နှောင်ခံချင်တာက မင်းရဲ့နှလုံးသားထဲက ဆန္ဒအစစ်အမှန်လား"

ထိုစကားများကိုကြားလျှင် ၀မ်ကျန်းသည် ချက်ချင်းပင် ရှက်ရွံ့သွားခဲ့သည်။

"ဒါက နားလည်မှုလွဲတာပါ"

ငွေရောင်လေး"ရှင်းပြဖို့မလိုပါဘူး ငါတို့တွေ နားလည်ပါတယ်"

ထိုသို့ ပြောပြီးနောက်တွင် ငွေရောင်လေးသည်လည်း သူ၏ အရိပ်ရုပ်သွင်ကို ထုတ်ဖော်လိုက်သည်။

အစောပိုင်းတွင် ၀မ်လင်းသည် အဝေးကနေတဆင့် သူ၏ အရိပ်ရုပ်သွင်ကို လှုံ့ဆော်ပေးခဲ့သည်။

ထွင်ထျန်းဟာ၏ အရိပ်ရုပ်သွင်ကလည်း ပုံမှန်လူသားပုံစံသာဖြစ်သည်။

ထိုအရိပ်ရုပ်သွင်က ခံစားချက်မဲ့သော မျက်လုံး၊ ခါးထိရှည်လျားသော ဆံပင်ရှိပြီး သားရေချပ်၀တ်ကို ၀တ်ဆင်ထားသည့် သူရဲကောင်းတစ်ယောက် ဖြစ်သည်။

သို့သော်လည်း ထိုသူရဲကောင်း၏ လက်နက်မှာ ဓားနှင့်လေး၊မြား တို့လို လက်နက်များ မဟုတ်ပေ။

သူ၏ လက်နက်မှာ လည်ပတ်သာ ဖြစ်သည်။

"လည်ပတ်က လက်နက်လား"

၀မ်ကျန်း၏နှုတ်ခမ်းများက ရွဲ့မလိုပင် ဖြစ်သွားခဲ့သည်။

သူ၏အရိပ်ရုပ်သွင်နှင့် ထွင်ထျန်းဟာ၏ အရိပ်ရုပ်သွင်က ထူးမခြားနားဟု သူခံစားခဲ့ရ၏။

အရေးကြီးသည်မှာဤသည်က လည်ပတ်တစ်ခု ဖြစ်သည်။

ယင်းက ထွင်ထျန်းဟာသည် လည်ပတ်ဖြင့် ဆွဲခေါ်ခံချင်နေမှန်း ညွှန်ပြနေခဲ့၏။

"လည်ပတ်တပ်ပြီး ဆရာလေးလင်းနဲ့ အတူ လမ်းလျှောက်ထွက်ချင်တာက ငါ့ရဲ့ဆန္ဒပဲ"

ထွင်ထျန်းဟာက သူ့နှလုံးသားထဲတွင် အမြဲလိုလို ရှိခဲ့သည့်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

သို့သော် ငွေရောင်လေးသည် ကံဆိုးစွာဖြင့် ကမ္ဘာပေါ်တွင် ကျန်ရှိနေသည့် တစ်ကောင်တည်းသော သူတော်စင်သားရဲ ဖြစ်နေခဲ့သည်။

ထို့ကြောင့် ၀မ်လင်းက သိုသိုသိပ်သိပ် ဖြစ်စေရန်အတွက် ငွေရောင်လေးကို ထွက်မကျောင်းခဲ့ပေ။

သူက သူတောင်စင်သားရဲများနှင့် ပတ်သက်သည့် ကောလဟာလများကြောင့် ငွေရောင်လေး အသတ်ခံရမည်ကို မလိုလားပေ။

သူတောင်စင်ခွေးလိုမျိုး စွတ်ပြုတ် ဖြစ်သွားခဲ့လျှင် ၀မ်းနည်းစရာ ကောင်းမည်မဟုတ်ပါလော။

ဆိုရလျှင် အရိပ်ရုပ်သွင်၏ စွမ်းအားသည် နှလုံးသားဆန္ဒ၏ သင်္ကေတတစ်ခု ဖြစ်၍ လည်ပင်းတွင် လည်ပတ်ပါသောသူရဲကောင်း တစ်ယောက်သည် အရမ်းကြီး ထူးဆန်းသည်ဟု မသတ်မှတ်နိုင်ပေ။

၀မ်ကျန်းက ထိုလည်ပတ်က တကယ့်တိုက်ပွဲတွင် မည်ကဲ့သို့အသုံး၀င်လာမလဲ ဆိုသည်ကို သိချင်နေခဲ့သည်။

"သွားကြစို့"

ထွင်ထျန်းဟာက ပြောလိုက်သည်။

"မင်းရဲ့အရိပ်ရုပ်သွင်ကိုကော မပြဘူးလား"

"အဲဒီမေးခွန်းကို မင်းတို့ရဲ့စိတ်ကူးထဲမှာပဲ သိမ်းထားလိုက်တော့.. ကောင်းထျန်းမင်က အခုထိ သတိမေ့နေဆဲပဲ ငါတို့တွေဘာဆက်လုပ်သင့်လဲ"

"စိတ်မပူနဲ့ ငါတို့တွေ အတားအဆီးကို ကျော်သွားတာနဲ့ သူ့ဘာသာသူ အဆင်ပြေသွားလိမ့်မယ် ကွပ်ကဲရေးဌာနရဲ့ ဖန်သားပြင်က ဒီနေရာကို ပြန်ပြောင်းသွားလိမ့်မယ်.. လက်ရှိအချိန်မှာ ဓမ္မရာဂျာနဲ့ ဖက်တီးလောတို့က သရုပ်ဆောင်နေခဲ့ကြတယ်.. သူတို့တိုက်ပွဲရဲ့ ရလဒ်အရ ဆရာလေးလင်းနဲ့ ကောင်းထျန်းမင်တို့က ထိပ်တိုက်ဆုံမိပြီးတဲ့နောက်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး မြူခိုးတောင်ထိပ်မှာ ရှိတဲ့လူတိုင်းကို သတိလစ်သွားစေလိမ့်မယ်"

ထွင်ထျန်းဟာက ရှင်းပြလိုက်သည်။

ဤတိုက်ပွဲ၏ဇာတ်ညွှန်းသည် အတည်ပြုပြီးသား ဖြစ်ပြီး အရာအားလုံးသည် အစောပိုင်းကတည်းကပင် အသေအချာ စီစဥ်ထားခဲ့ခြင်းဖြစ်သည်။

၀မ်ကျန်းက ထွင်ထျန်းဟာ၊ ငွေရောင်လေး တို့နှင့်အတူ ထွက်သွားပြီးနောက်တွင် မြူခိုးတောင်ထိပ်ပေါ်ရှိ လူတိုင်း၏ အကာအကွယ် ရွှေရောင် အဆောင်လက်ဖွဲ့များသည် လှုံ့ဆော်ခံလိုက်ရသည်။

အကာအကွယ် ရွှေရောင်အလင်းတန်းများ ကောင်းကင်ပေါ်သို့ထိုးတက်သွားပြီးနောက်တွင် အနီးအနားတွင် ကင်းလှည့်နေသည့် ဆရာများသည် ထိုနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြ၏။

ဤသို့ဖြင့်ပင် အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းမှ ကျောင်းသားများအပြင် တခြားကျောင်းများမှ ကျောင်းသားအချို့လည်း ဖယ်ရှားခံလိုက်ရသည်။

ကွပ်ကဲရေးဌာနတွင် ကျောင်းအုပ်ကြီးလီချင်းရှီသည် စိတ်အနှောင့်အယှက်ဖြစ်နေသည့် မျက်နှာထားဖြင့် ရှိနေခဲ့သည်။

ဤသည်က ဒုတိယမြောက်နေ့သာ ရှိသေးသော်လည်း သူတို့၏ အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင်သည် ပြိုင်ပွဲတွင် မရှိတော့ပေ။

"၀မ်လင်း ဘယ်မှာလဲ ၀မ်လင်းကို ဘာလို့ မတွေ့ရတာလဲ"

မျက်နှာပြင်က အစစ်အမှန်မြင်ကွင်းကို ပြန်လည် ပြောင်းသွားသောအခိုက်တွင် ကျောင်းအုပ်ကြီးလီချင်းရှီသည် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်သည်။

သူက မျက်လုံးကို အလုပ်ပေးလိုက်သော်လည်း ၀မ်လင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

"အဖိုးကြီးလီ စိတ်အေးအေးထားစမ်းပါ"

လီချင်းရှီ၏ နံဘေးရှိ ကျောင်းအုပ်ကြီးချန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ရှင်းနေတာပဲလေ.. ၀မ်လင်းမရှိဘူး ဆိုမှတော့ သူက ပေါက်ကွဲမှုကြောင့် လွင့်စင်သွားပေမဲ့ အသက်အန္တရာယ်မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ"

"ဒါကမြူခိုးတောင်ထိပ်ရဲ့ အပေါ်ဆုံးနေရာလေ.. အဲဒီ နေရာကနေချောက်ထဲကို လွင့်စင်သွားမှတော့ ဘာလို့ အသက်အန္တရာယ် မရှိနိုင်ရမှာလဲ"

ကျောင်းအုပ်ကြီးလီက ဒေါသတကြီး ပြောလိုက်သည်။

သူက ၀မ်လင်းကိုလည်း ပြိုင်ပွဲမှ ဖယ်ရှားခံရရန် မျှော်လင့်နေခဲ့သည်။

သို့မဟုတ်လျှင် သူတို့၏ အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက် တန်းကျောင်းသည် လုံး၀မျက်နှာပျက်သွားပေလိမ့်မည်။

သူတို့ကကျောင်းအများအပြားနှင့်မဟာမိတ်ဖွဲ့ထားသော်လည်း လူတစ်ယောက်တည်းက သူတို့ကို တိုက်ရိုက်ချေမှုန်းသွားသည် မဟုတ်ပါလော။

ယင်းမှာစိတ်ကူးဖြင့်ပင် လက်ခံနိုင်သောအရာတစ်ခုမ ဟုတ်ပေ။

'မြူခိုးတောင်ထိပ်ရဲ့မြေပြင်အနေအထားက ဘယ်လိုအခြေအနေလဲ ဆိုတာ မင်းမေ့သွားပြီလား"

ကျောင်းအုပ်ကြီးချန်းက သီအိုရီအရ ပြောဆိုလိုက်သည်။

"ငါ့ရဲ့ခန့်မှန်းချက်အရတော့ ကျောင်းသား၀မ်လင်းက လွင့်စင်သွားပြီးနောက်မှာ မြူခိုးတောင်ထိပ်ရဲ့ ထူးခြားတဲ့ မြေမျက်နှာပြင်သွင်ပြင် အနေအထားရဲ့ သက်ရောက်မှုကို ခံရမှာပဲ သူပြုတ်ကျလာချိန်မှာ အနီးပတ်၀န်းကျင်မှာရှိတဲ့ မြေစီးကြောင်းက သူ့ကိုပင့်တင်ပေးပြီး သူ့ရဲ့ဆင်းသက်မှု နှေးကွေးစေမှာ ဖြစ်တဲ့အတွက် အဆုံးသတ်မှာချောချောမွေ့မွေ့ ဆင်းသက်နိုင်မှာသေချာတယ်"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျောင်းအုပ်ကြီးလီချင်းရှီက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

ဤသည်က အမှတ်၆၀ အထက်တန်းကျောင်းမှ လာဘ်ကောင်ဝမ်လင်း၏ စွမ်းအားလော။

ကျောင်းအုပ်ကြီးလီသည် သူ၏ထိုင်ခုံတွင် ပစ်လဲကျသွားပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မလည်လာတော့ပေ။

သိပ်မကြာခင်မှာပင် ကွပ်ကဲရေးဌာန၏ မျက်နှာပြင်သည် ကျောင်းအုပ်ကြီးချန်း၏ စကားကို အတည်ပြုပေးလိုက်သည်။

ထိုမျက်နှာပြင်မှ ပြသထားသော မြင်ကွင်းတွင် ၀မ်လင်းသည် အစောပိုင်းက ပျောက်ဆုံးသွားသည့် ၀မ်ကျန်းနှင့်အတူ အမှတ်၆၀ အထက်တန်းကျောင်း၏ အခြေစိုက်စခန်းသို့ ပြန်လာသည်ကို အားလုံးက မြင်လိုက်ရသည်။

၀မ်လင်း၏ မျက်နှာက အတော်လေး ညစ်ပတ်နေသည်ကို သူတို့မြင်ခဲ့ရသည်။

ဤသည်ကို ကြည့်လျှင် ကြီးမားသည့်တိုဘက်ပွဲတစ်ခုကို

ဆင်နွှဲလာခဲ့ရမှန်းထင်ရှားနေ၏။

သူကစမိပြီဆိုမှတော့ အဆုံးထိလုပ်ရမည် မဟုတ်လော။

ဟုတ်ပါသည်။ ၀မ်လင်းသည် အမှန်တကယ်ပင် ညစ်ပတ်ပေရေသည်ကို မကြိုက်နှစ်သက်ပေ။

သူက သူ့ကိုယ်သူ ညစ်ပတ်ပေသွားအောင် ညစ်ပတ်ခြင်းတာအိုကို အသုံးပြုခဲ့သည်။

စင်စစ် ဤမဟာတာအိုသည် ဤကဲ့သို့ ရည်ရွယ်ချက် အတွက် မဟုတ်ဘဲ အရသာရှိသည့် အစားအစာများကို ဖန်တီးရန်အတွက်ဖြစ်၏။

ဥပမာအားဖြင့် ဥရောပတွင် စျေးကြီးပေးကာ စားသောက်ရသည့် မှိုတတ်နေသည့် ဒိန်ခဲကဲ့သို့ အစားအစာမျိုး ဖြစ်သည်။

အပိုင်း(၁၁၇၂) ပြီး၏

All Chapters