← Chapters

တစ်ယောက်ယောက်ကို သဘောကျတာ ဘယ်လိုခံစားချက်မျိုးလဲ

Vol. 79 Ch. 1173

တစ်ယောက်ယောက်ကို သဘောကျတာ ဘယ်လိုခံစားချက်မျိုးလဲ

Vol. 79 Ch. 1173

ပျောက်ဆုံးနေသော၀မ်လင်းသည် ၀မ်ကျန်းအတုနှင့် အတူအမှတ်၆၀ အထက်တန်းကျောင်း၏ စခန်းသို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်လျှင် ချန်းချောင်သည် စိတ်သက်သာရာရသွားခဲ့သည်။

"၀မ်လင်း.. နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့.. ကောင်းထျန်းမင်နဲ့ တိုက်ခိုက်ဖို့အတွက် မင်းတစ်ယောက်တည်း မြူခိုးတောင်ထိပ်ကို တက်သွားတယ်လို့ နန်ယန်ရှို့ဆီကနေ ငါကြားလိုက်ရတယ်.. မင်းဘယ်လိုတောင် ဒီလောက်ထိ သတ္တိကောင်းနေရတာလဲ.. မင်းမှာ၀ှက်ဖဲတစ်ခုခုများ ရှိနေတာလား"

၀မ်လင်း "..........."

စင်စစ် ၀မ်လင်းသည် ၀ှက်ဖဲကဲ့သို့ လက်တွေ့မကျသောအရာကို အသုံးပြုရန် စိတ်မ၀င်စားပေ။

အကြောင်းရင်းမှာ သူကိုယ်တိုင်က ၀ှက်ဖဲတစ်ခု ဖြစ်နေသောကြောင့်ပင်။

၀မ်လင်းသည် ယခု ဖြစ်ပျက်သည့်ကိစ္စများနှင့် ပတ်သက်၍ ရှင်းပြရန်ခက်ခဲမည်ကို စိုးရိမ်နေသော်လည်း ကျိုးရီသည် ထိုကိစ္စအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်။

သူက အနီးအနားတွင် နေရာချထားသည့် အထူးတပ်ဖွဲ့၀င် တစ်ဦးအား မြူခိုးတောင်ထိပ်သို့ သွားရာလမ်းရှိ အမှတ်၆၀ အထက်တန်းကျောင်း၏ စခန်းကို ဖြတ်သန်းသွားရန် စီစဥ်ခဲ့သည်။

ကျိုးရီ မှန်းဆထားသည့်အတိုင်းပင် အထူးတပ်ဖွဲ့၀င်က ထိုနေရာကနေ ဖြတ်သွားသည်နှင့် အမှတ်၆၀အထက်တန်း ကျောင်းမှ ကျောင်းသားများသည် အထူးတပ်ဖွဲ့ဝင်ကို တားဆီးခဲ့ကြသည်။

"ဆရာ..မြူခိုးတောင်ထိပ်မှာ ဘာတွေဖြစ်နေတာလဲ"

နန်ယန်ရှို့က မေးခွန်းထုတ်လိုက်သည်။

၀မ်လင်းက ၀မ်ကျန်းကို ပြန်ခေါ်လာရန် လွယ်ကူမည် မဟုတ်ဟု သူခံစားခဲ့ရ၏။

၀မ်လင်းကမည်သူနည်း။

၎င်းမှာ အမှတ်၆၀အထက်တန်းကျောင်း၏လာဘ်ကောင်လေးဖြစ်ပြီး အဖွဲ့ထဲတွင် အားအနည်းဆုံးသူ ဖြစ်သည်။

ကောင်းထျန်းမင်ကဲ့သို့ ရူးသွပ်နေသောသူဆီကနေ ၀မ်ကျန်းကို ပြန်လည်ခေါ်ယူနိုင်လျှင် ၀မ်လင်းသည် ကောင်းထျန်းမင် နှင့် တစ်နည်းနည်း သဘောတူညီမှု ရရှိခဲ့ခြင်းသာ ဖြစ်ရပေမည်။

တစ်ချိန်တည်းမှာပင် နန်ယန်ရှို့သည် အနည်းငယ် အံ့အားသင့်နေခဲ့သည်။

အထူးတပ်ဖွဲ့၀င်၏ စိတ်လောနေသော အမူအရာကြောင့် မြူခိုးတောင်ထိပ်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ကို သူမှန်းဆမိခဲ့သည်။

"ကျောင်းသားကောင်းထျန်းမင်က ကြီးမားတဲ့ ပေါက်ကွဲမှုကို ဖြစ်စေခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီနေရာမှာရှိတဲ့ ကျောင်းသားတွေအားလုံး ပြိုင်ပွဲကနေ ဖယ်ရှားခံခဲ့ရတယ်"

"အားလုံး ဖယ်ရှားခံလိုက်ရတာလား.. ဒါဆို၀မ်လင်းရော"

"မင်းက ခံစားချက်မဲ့ ငါးမသာမျက်လုံးနဲ့ ကျောင်းသားလေးကို ပြောတာလား.. သူက ချီပေါက်ကွဲမှုကြောင့် လွင့်စင်သွားပေမဲ့လည်း ပေါက်ကွဲမှုမှာ ပါမသွားခဲ့ဘူး"

ထိုသို့ ပြောပြီးနောက်တွင် အထူးတပ်ဖွဲ့၀င်သည် ဓားပျံပေါ်သို့တက်ကာ ချက်ခြင်းပင် ထွက်ခွာသွားခဲ့သည်။

နန်ယန်ရှို့နှင့် ပတ်၀န်းကျင်မှလူများသည် အထူးတပ်ဖွဲ့ ၀င်၏ စကားကို ကြားရသောအခါတွင် ချက်ခြင်းဆိုသလို နားလည်သွားခဲ့သည်။

အကြောင်းရင်းမှာ မြူခိုးတောင်ထိပ်၏ မြေမျက်နှာသွင်ပြင် အနေအထားသည် အလွန်ထူးခြားပြီး လေစီးကြောင်းများဖြင့် ၀န်းရံထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လူတစ်ဦးသည် မြူခိုးတောင်ထိပ်မှ ပြုတ်ကျလာခဲ့လျှင် လေထီး၀တ်ထား သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

"၀မ်လင်းက ​ချီပေါက်ကွဲမှုကြောင့် လွင့်စင်သွားပြီးတဲ့နောက်မှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ၀မ်ကျန်းကို သူနဲ့အတူ ပြန်ခေါ်နိုင်ခဲ့တာ ဒါကြောင့်လား"

ဖြစ်ရပ်တစ်ခုလုံးကို သိရှိပြီးနောက်တွင် နန်ယန်ရှို့သည် ၀မ်လင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

လူတိုင်းက ၀မ်လင်းကို အမှတ်၆၀ အထက်တန်းကျောင်း ၏ ကံကောင်းစေသည့် လာဘ်ကောင်လေးဟု ပြောဆိုကြသည်ကို သူကြားဖူးသည်။

ယခု မျက်၀ါးထင်ထင် မြင်လိုက်ရသောအခါမှပင် နန်ယန်ရှို့သည် ယုံကြည်သွားခဲ့သည်။

"ကောလဟာလ ထွက်နေသလို ၀မ်လင်းက ကံကြမ္မာအင်ပါယာ တကယ်ကြီး ဖြစ်နေမလား.. ဒီလိုအခြေအနေမှာ အသက်ရှင်နေနိုင်တာ ၀မ်လင်း ဆိုတော့လည်း မထူးဆန်းတော့ပါဘူး"

နန်ယန်ရှို့က လက်မထောင်ပြကာ ၀မ်လင်း၏ အံ့ဖွယ်ဘနန်းလုပ်ဆောင်ချက်ကို ချီးကျူးလိုက်သည်။

အခြားတစ်ဖက်တွင်လည်း စွန်းရုံသည် ၀မ်လင်းကို တစ်ချိန်လုံး စိုးရိမ်နေခဲ့ပြီး ၀မ်ကျန်းနှင့်အတူ ဘေးကင်းစွာ ပြန်လာသောအခါမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။

သူမက အစောပိုင်းတွင် ၀မ်လင်းကို မတွေ့ရသောကြောင့် အထူးတလည် စိတ်ပူလာခဲ့ပြီး သူမ၏ ကိုယ်ရံတော်များကို အဝေးကနေ ခေါ်ယူကာ တောင်ပေါ်တွင် ရှာဖွေခိုင်းရန် ပြင်ဆင်ထားခဲ့သည်။

ဤသည်မှာ စွန်းရုံကသာ ရရှိသည့် အထူးအခွင့်အရေး ဖြစ်၏။

အကြောင်းရင်းမှာ စွန်းရုံသည် ယခင်က အရိပ်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသောကြောင့်ပင်။

ထို့ကြောင့် ဥက္ကဌချီသည် စွန်းရုံကို ကာကွယ်ရန်အတွက်

ဟွာကောရေတံခွန်လုပ်ငန်းစုမှ သက်တော်စောင့်အဖွဲကို ပြိုင်ပွဲအတွင်း စေလွှတ်ရန် ခွင့်ပြုခဲ့သည်။

ဆိုရလျှင် စွန်းရုံ၏ သက်တော်စောင့်များသည် အဝေးတစ်နေရာကနေ အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။

၎င်းတို့ကို ပြိုင်ပွဲအတွင်း ၀င်ရောက်စွက်ဖက်ရန် ခွင့်မပြုထားသော်လည်း လိုအပ်ပါက စွန်းရုံကို ကာကွယ်ခွင့်ပေးထားခဲ့သည်။

သို့သော်လည်း စွန်းရုံသည် သူမ၏ ဘေးကင်းခြင်းအတွက် အလွန်အမင်း စိုးရိမ်ခြင်းမရှိပေ။

၀မ်လင်း အဆင်ပြေနေသ၍ မည်သည့်အရာကိုမဆို သူမ ခံနိုင်ရည်ရှိပေသည်။

စွန်းရုံက ကိုယ်ရံတော်များကို အသင့်အနေအထားဖြင့် ပြင်ခိုင်းထားခြင်းသည် သူမ ကိုယ်ကျိုးအတွက် စဥ်းစားခဲ့ခြင်း မဟုတ်ပေ။

ဤနေရာတွင် အမှတ်၆၀ အထက်တန်းကျောင်းမှ အတန်းဖော်များစွာရှိ၏။

အဖွဲ့ခေါင်းဆောင်အနေဖြင့် သူမသည် သူမ၏ အဖွဲ့၀င်များကို ကာကွယ်ရန် တာ၀န်ရှိသည် မဟုတ်ပါလော။

"နင်အဆင်ပြေတာ အရမ်းကောင်းတာပဲ"

လူတိုင်းက အဆင်ပြေနေကြောင်း မြင်လျှင် စွန်းရုံက ပြုံးလိုက်သည်။

သူမက အမြဲလိုလို ခံစားချက်မဲ့သော မျက်နှာထားရှိသည့် ၀မ်လင်းကို သူမ၏ မျက်လုံးထောင့်ကနေ ခိုးကြည့်လိုက်သည်။

ထိုအခါ သူမ၏စိတ်နှလုံးသည် အနည်းငယ် ငြိမ်းချမ်းသွားသလို ခံစားခဲ့ရ၏။

ဤသို့ဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲ၏ ဒုတိယညသည် အဆင်ပြေစွာ ပြီးဆုံးသွားခဲ့သည်။

နဂါးကိုးကောင်တောင်၏ အခြားသော တောင်ထွတ်အားလုံးရှိ အဖွဲ့အားလုံးသည် အမှတ်၆၀ အထက်တန်းကျောင်းမှ လာဘ်ကောင်လေးက အမှတ်၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းမှ ဦးဆောင်သော အခြေစိုက်စခန်းကို တစ်ယောက်တည်း ဖျက်ဆီးခဲ့ကြောင်း သိရှိခဲ့ကြသည်။

လူတိုင်းက အံ့အားသင့်သွားပြီး အမှတ်၆၀အထက်တန်း ကျောင်း၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အမျိုးမျိုးသော အကာအကွယ် အစီအမံများကို စတင် လုပ်ဆောင်ခဲ့ကြသည်။

ယခင်က မီးတောင်ကို ၀ိုင်းရံ၍ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သောအဖွဲ့များပင် ၎င်းတို့၏ အစီအစဥ်များကို ဖျက်သိမ်းခဲ့ကြသည်။

အဓိကအားဖြင့်လူတိုင်းသည် အမှတ်၆၀ အထက်တန်းကျောင်း၌ တစ်စုံတစ်ရာ မကောင်းသောအငွေ့အသက် ရှိနေသည်ဟု ခံစားခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် အမှတ်၆၀ အထက်တန်းကျောင်း နှင့် ထိတွေ့ဆက်ဆံမိသူတိုင်းသည် အဆုံးသတ်တွင် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားသောကြောင့်ပင်။

သန်းခေါင်ယံအချိန်တွင် အမျိုးသမီးများ နေထိုင်သော တဲထဲ၌ စွန်းရုံသည် လျူချင်းရီ တစ်ယောက် စိတ်မသက်မသာဖြစ်နေသည်ကို ခံစားမိလိုက်သည်။

ထိုကဲ့သို့သော ကိစ္စများတွင် မိန်းကလေးများသည် တစ် ယောက်၏အတွေးကို တစ်ယောက် နားလည်ခဲ့ကြသည်။

"ငါကင်းစောင့်ရမဲ့အလှည့်ရောက်ပြီ"

ပုခုံးပေါ်တွင် စောင်တစ်ထည်တင်ထားသော စွန်းရုံသည် လျုချင်းရီ၏ ဘေးတွင် ၀င်ထိုင်လိုက်ပြီး သူမ ပြင်ဆင်ထားသော အသီးအနှံ လက်ဖက်ရည်ကို လှမ်းပေးလိုက်သည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက်တွင် လျူချင်းရီသည် ရနံ့သင်း ပျံ့သော လက်ဖက်ရည်ခွက်ကို လက်လှမ်း၍ ယူလိုက်၏။

လက်ဖက်ရည်မှ ချိုမြိန်သောရနံ့ကိုရှုရှိုက်ပြီးနောက်တွင် လျူချင်းရီသည် အတော်လေး စိတ်သက်သာရာရသွားသလို ခံစားခဲ့ရသည်။

သကြားသည် ဒိုပါမင်းဓာတ်ကို လှုံ့ဆော်ပေးနိုင်ပြီး ထိုဓာတ်သည် စိုးရိမ်ပူပန်မှုများကိုဖယ်ရှားရန်အတွက်ကူညီပေးနိုင်၏။

မိန်းကလေးနှစ်ယောက်သည် ဒူးကိုလက်ဖြင့် ဖက်ထားကာ ဘေးချင်းယှဥ်ထိုင်၍ လက်ဖက်ရည်ခွက်ကို ကိုင်ထားကြသည်။

လျူချင်းရီက လက်ဖက်ရည်ကို စိတ်လေးသော အမူအရာဖြင့် သောက်နေခဲ့သည်။

ထိုခဏတွင်စွန်းရုံသည် လျူချင်းရီကို ဒဲ့တိုးပင် မေးခွန်း ထုတ်လိုက်သည်။

"နင် ကျောင်းသား၀မ်ကျန်းအတွက် စိတ်ပူနေတာလား'

"ဘယ်သူပြောလဲ..မ..မဟုတ်တာတွေ မပြောစမ်းပါနဲ့"

လျူချင်းရီ၏ ထစ်ငေါ့နေသော စကားကြောင့် စွန်းရုံက သူမ မှန်းဆချက် မှန်ကန်မှန်း ခန့်မှန်းနိင်ခဲ့သည်။

လျူချင်းရီက ချက်ခြင်းဆိုသလို မျက်နှာတစ်ခုလုံး ရဲတွတ်သွားပြီး နားရွက်များပင် နီရဲသွားခဲ့သည်။

စွန်းရုံ"တကယ်စိတ်ပူနေတယ်ဆိုရင် သွားကြည့်လို့ရနေတာပဲဟာ"

"ငါ..ငါ ၀မ်ကျန်းက တစ်ခုခု..ခု မှားနေသလို ခံစားနေရတယ်"

လျူချင်းရီက ခေါင်းကို ငုံ့လိုက်ပြီး စိတ်မချမ်းသာသောအမူအရာဖြင့်​ ပြောလိုက်သည်။

"သူပြန်လာပြီးကတည်းက ဘာစကားမှလည်း မပြောဘူး ငါနဲ့လည်း အငြင်းအခုန်တွေ မလုပ်တော့ဘူး"

စွန်းရုံက ခေါင်းငြိမ့်လိုက်သည်။

"နည်းနည်းတော့ ထူးဆန်းနေတာအမှန်ပဲ"

အတန်းဖော်၀မ်ကျန်း၏ အပြုအမူက အနည်းငယ် သစ်သားတုံး ဆန်နေသောကြောင့် သူမ ပင်လျှင် အံ့အားသင့်နေခဲ့သည်။

"ကောင်းထျန်းမင်က သူ့ကို ကြောက်လန့်သွားစေတာကြောင့်များလား"

"မြူခိုးတောင်ထိပ်ရဲ့ပေါက်ကွဲမှုကအ တော်လေး ပြင်းထန်တယ်လို့ ကြားမိတယ်.. အကာအကွယ် ရွှေရောင်အဆောင်လက်ဖွဲ့ မရှိတဲ့လူတိုင်း အပြင်းအထန် ဒဏ်ရာရသွားနိုင်ချေ ရှိတယ်"

လျူချင်းရီက သူမ၏စကားကို တုန့်ပြန်ခြင်းမရှိခဲ့ပေ။

အဖြစ်အပျက်တစ်ခုလုံးက ထိုမျှ ရိုးရှင်းမည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားခဲ့သည်။

စင်စစ် ၀မ်ကျန်းသည် အသားဒိုင်း ကဲ့သို့ဖြစ်ပြီး အလွန်ကြံ့ခိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။

၀မ်ကျန်းနှင့်အတူ ဝေ့ကျစ်၏တိုက်ခန်းတွင်နေထိုင်ပြီးနောက်တွင် ၀မ်ကျန်း၏အကျင့်စရိုက်များကို သူမသည် ကောင်းစွာသိရှိထားခဲ့သည်။

၀မ်ကျန်းနှင့် အချိန်အတော်ကြာ ရင်းနှီးခဲ့ပြီးနောက်တွင် သူမသည် ၀မ်ကျန်းကို ယခင်ကလောက် မမုန်းတီးတော့ပေ။

သူမကဲ့သို့ပင် မင်္ဂလာမဆောင်ချင်၍ ထွက်ပြေးလာသော ထိုလူသည် တစ်ခါတစ်ရံတွင် အားကိုးလောက်သည်ဟု သူမခံစားခဲ့ရသည်။

အနည်းဆုံးတော့ ၀မ်ကျန်းသည် ယောကျာ်းတစ်ယောက် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းတာ၀န်များကို လုပ်ဆောင်နိုင်ပြီး ယောကျာ်းပီသသည်ဟု သူမ ခံစားခဲ့ရ၏။

ဤအရာက အမျိုးသမီးငယ်လေး တစ်ယောက် နားလည်နိုင်သော အရာမဟုတ်ဟု လျူချင်းရီ ထင်မြင်ခဲ့သည်။

အကြောင်းရင်းမှာ သူမ နှင့် စွန်းရုံကြားတွင် အသက်ကွာဟချက် ရှိသောကြောင့်ပင်။

ထိုအတွက်ကြောင့် သူမသည် စိုးရိမ်ပူပန်မှုများကို အခြား သူများနှင့် မျှဝေရန် ၀န်လေးနေခဲ့သည်။

ယခုစွန်းရုံက အဓိကအချက်ကို ထောက်ပြလိုက်သော အ. ခါတွင် လျူချင်းရီသည် သူမ၏၀န်လေးမှုကို ဖြည်းဖြည်းချင်း လျော့ချနိုင်ခဲ့သည်။

စင်စစ် သူမသည် အသက်အရွယ်ကို အလွန်အရေးကြီးသည်ဟု ထင်ခဲ့ခြင်းသာ ဖြစ်သည်။

"တစ်ယောက်ယောက်ကို သဘောကျတဲ့ ခံစားချက်က ဘယ်လိုမျိူးလဲ"

လျူချင်းရီက လေသံတိုးတိုးဖြင့် စွန်းရုံကို မေးလိုက်သည်။

စွန်းရုံက မှောင်မိုက်နေသောကောင်းကင်ကို မော့ကြည့်

လိုက်ပြီး လျူချင်းရီကို ပြောလိုက်သည်။

"တစ်ယောက်ယောက်ကို တကယ်သဘောကျရင် သူ့အတွက် အမြဲတမ်း စိုးရိမ်ပူပန်ပြီး စိတ်သောကရောက်နေလိမ့်မယ် ကောင်းကင်ကို မော့ကြည့်နေချိန်မှာတောင် ကြယ်တွေကပြုတ်ကျပြီး သူ့ကိုထိသွားမှာ စိုးရိမ်နေမိလိမ့်မယ်"

အပိုင်း(၁၁၇၃) ပြီး၏

All Chapters