← Chapters

ကောင်းကင်စူးစိုက်ကြည့်ခြင်း မဟာတာအို

Vol. 79 Ch. 1174

ကောင်းကင်စူးစိုက်ကြည့်ခြင်း မဟာတာအို

Vol. 79 Ch. 1174

စွန်းရုံက ထိုသို့ပြောသောအချိန်တွင် ၀မ်လင်းသည်လည်း ညဥ့်ကောင်းကင်ယံကို မော့ကြည့်နေခဲ့သည်။

သူမ၏အသံက အလွန်ပင် တိုးညှင်းသော်လည်း သူက ရှင်းရှင်းလင်းလင်းပင် ကြားနိုင်ခဲ့သည်။

သို့သော် သူ၏သစ်တုံးဆန်သော အမူအရာက အနည်းငယ်မျှပင် ထင်ထင်ရှားရှား ပြောင်းလဲမှုမရှိပေ။

နားရွက်သာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

၀မ်လင်းသည် ည၏ငြိမ်းချမ်းသော အခိုက်အတန့်ကို ခံစားနေခဲ့သည်။

ဟုတ်ပါသည်။သူက ကြယ်များကို ကြည့်ရှုရုံ သက်သက်ဖြင့် ကောင်းကင်ကို မော့ကြည့်နေခြင်း မဟုတ်ပေ။

ကမ္ဘာပေါ်သို့ ဧရာမ ဥက္ကာခဲကြီးများ ကျရောက်လာခြင်းကို အကာအကွယ်ပေးရန် ဖြစ်သည်။

မည်သူမှ မသိသည်မှာ ညဥ့်သန်းခေါင်ယံတွင် ၀မ်လင်းသည် ကမ္ဘာဂြိုလ်၏ လှုပ်ရှားမှုများကို မကြာခဏ စောင့်ကြည့်လေ့ရှိသော အချက် ဖြစ်သည်။

ကမ္ဘာဂြိုလ်နှင့်တိုက်မိမည့် ဥက္ကာခဲကို တွေ့သည်နှင့် ၀မ်လင်းသည် ယခုကဲ့သို့ပင် ကောင်းကင်စူးစိုက်ကြည့်ခြင်း မဟာတာအိုကို အသုံးပြု၍ သူ၏ ဘုရင်မျက်လုံး စွမ်းအားဖြင့် လမ်းကြောင်း လွှဲပစ်လေ့ရှိ၏။

ထိုအခါတွင် နက္ခဗေဒပညာရှင် များစွာက ကမ္ဘာဂြိုလ်နှင့်တိုက်မိတော့မည့် ဥက္ကာခဲသည် အခြားသော ဆွဲငင်အား တစ်ခုခုကြောင့် မူလလမ်းကြောင်းမှ သွေဖယ်သွားသည်ကို တွေ့ရှိခဲ့ကြသည်။

တကယ်တမ်းတွင် ဤသည်မှာ ၀မ်လင်း၏ လက်ချက်လည်း ဖြစ်နိုင်ဖွယ် ရှိ၏။

၀မ်လင်းသည် သူကြီးပြင်းလာသည့် တစ်လျှောက်လုံးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့သည်။

၀မ်လင်းက ကောင်းထျန်းမင်၏ ရုပ်သေးကို အသုံးပြု၍ ဖန်တီးထားသော ၀မ်ကျန်းအတုသည်လည်း ၀မ်လင်း အနီးတွင်ထိုင်ကာ ကောင်းကင်ယံကို မော့ကြည့်နေခဲ့သည်။

လျူချင်းရီနှင့် အခြားသူများသည် ၀မ်ကျန်းအတုနှင့် ဆက်ဆံသောအချိန်တွင် အတုအယောင်မှန်း မမြင်နိုင်ခဲ့ကြပေ။

အကြောင်းရင်းမှာ သူ အသုံးပြုထားသော မှော်စွမ်းအားက အဆင့်မြင့်လွန်းသောကြောင့် ဖြစ်သည်။

ဟုတ်ပါသည်။ဤရုပ်သေးသည် လုံး၀ အပြစ်အနာအဆာ မရှိပေ။

အနည်းငယ် သစ်သားတုံးကဲ့သို့ ဖြစ်နေသည်သာ ပြောစရာရှိ၏။

ရုပ်သေးတွင် ၀ိညာဥ်ရေး အသိဥာဏ်မရှိသောကြောင့် အသွင်အပြင်ကိုသာ ပြောင်းလဲနိုင်ပြီး ဥာဏ်ရည်ကို မတိုးမြှင့်နိုင်ခဲ့ပေ။

အကယ်၍ မဟာကိုယ်ခွဲ မန္တန်ဖြင့် ၀မ်ကျန်း၏ ကိုယ်ပွားကို ထည့်သွင်းနိုင်လျှင် ပို၍ကောင်းမွန်သွားမည် ဖြစ်သည်။

အကြောင်းရင်းမှာ ကိုယ်ပွား၏ စရိုက်သည် ၎င်း၏သခင်နှင့်ဆင်တူမည် ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ယင်းသို့ လုပ်ဆောင်ချက်သည် ၀မ်ကျန်း၏ တိုက်ခိုက်ရေးစွမ်းအားကို အလွန်ပင် လျော့နည်းသွားစေလိမ့်မည် ဖြစ်၏။

အကယ်၍သာ သူရင်ဆိုင်ရမည့် ရန်သူက အလွန်တရာအစွမ်းထက်နေလျှင် တိုက်ခိုက်ရေးစွမ်းအား အနည်းငယ်မျှ ဆုံးရှုံးသွားခြင်းသည် တိုက်ပွဲ အဆုံးအဖြတ်တွင် သူ့ကို ပြဿနာ တက်စေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ယခုလို သစ်သားတုံးပုံစံ ဖြစ်နေခြင်းကပင် တစ်ခုတည်းသောနည်းလမ်း ဖြစ်၏။

၀မ်လင်း မမျှော်လင့်ထားသည့် အချက်မှာ ၀မ်ကျန်းနှင့်အမြဲလိုလို ရန်ဖြစ်နေသော လျူချင်းရီသည် ရုတ်တရက် ၀မ်ကျန်း၏ အခြေအနေကို စိုးရိမ်လာခြင်းပင်။

၀မ်လင်းသည် ဤကိစ္စကို အနည်းငယ် အံ့အားသင့်နေမိသည်။

၎င်းတို့၏ဆက်ဆံရေးက ရန်လိုသောဆက်ဆံရေး ဖြစ်သင့်သော်လည်း နှစ်ဦးသားကြားတွင် ရှုပ်ထွေးသော ဆက်ဆံရေးကို တည်ဆောက်ခဲ့ပုံရ၏။

၀မ်လင်းသည် ကောင်းကင်စူးစိုက်ကြည့်ခြင်း မဟာတာအိုကို အသုံးပြု၍ ကမ္ဘာဆီသို့ ဦးတည်လာသော ဧရာမဥက္ကာခဲ အချို့ကို လမ်းကြောင်းလွှဲလိုက်သည်။

ထို့နောက်တွင် သူက ထရပ်လိုက်ပြီး တင်ပါးမှ ဖုန်မှုန့်များကို ခါထုတ်လိုက်၏။

ယင်းအချိန်တွင် လျူချင်းရီသည် သူတို့နောက်တွင် စိုးရိမ်တကြီး အမူအရာဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။

အစောပိုင်းတွင် သူမ၏ စိတ်သည် လွန်ဆွဲနေသေးသော်လည်း စွန်းရုံ၏ အားပေးမှုကို ရရှိပြီးနောက်တွင် ပြောင်းလဲသွားခဲ့သည်။

၀မ်လင်း ထရပ်သည်ကို မြင်လျှင် သူမသည် ၀မ်ကျန်း၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

သူမက ၀မ်ကျန်း၏သစ်သားတုံးကဲ့သို့ အမူအရာ အသွင်အပြင်ကို ကြည့်ရင်း ရုတ်တရက် အနည်းငယ်စိတ်မကောင်း ဖြစ်သွားမိသည်။

၀မ်ကျန်းကဲ့သို့ လူတစ်ယောက်သည် မည်သည့်အကြောင်း ကြောင့် ယခုကဲ့သို့ သစ်သားတုံးလို လူတစ်ယောက် ဖြစ်သွားရပါသနည်း။

"၀မ်ကျန်း"

လျူချင်းရီက ၀မ်ကျန်း၏ နာမည်ကို ခေါ်လိုက်သော်လည်း ၀မ်ကျန်းအတုသည် လုံး၀ တုန့်ပြန်ခြင်းမရှိခဲ့ပေ။

၀မ်လင်းက ယောကျာ်းလေးများ၏ သီးသန့်တဲရှေ့တွင် ရပ်နေရင်း အဝေးကနေ လျူချင်းရီတို့နှစ်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ထိုအခိုက်တွင် စွန်းရုံကလည်း မိန်းကလေးများ၏ သီးသန့်တဲအပြင်ဘက်ကနေ အဖြစ်အပျက်အား ခိုးကြည့်နေသည်ကို ၀မ်လင်း သတိပြုမိလိုက်သည်။

၀မ်လင်းသည် စွန်းရုံ၏ မျက်နှာကနီရဲနေပြီး မနာလိုသည့် လက္ခဏာ အချို့ကိုပါ မြင်တွေ့ခဲ့ရသည်။

တောက်ပသောကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ယံအောက်ရှိ တောင်ထိပ်တွင် ည၏ လေညှင်းလေးများ ညင်သာစွာ တိုက်ခိုက်လာသောအခါ၌ လျူချင်းရီသည် စက္ကန့်အနည်းငယ်ကြာ တွေဝေနေပြီးနောက်တွင် ၀မ်ကျန်း၏ ပုခုံးပေါ်သို့ ခေါင်းကို အသာလေး မှီတင်လိုက်သည်။

အခြားတစ်ဖက်တွင်လည်း ထွင်ထျန်းဟာ၊ ငွေရောင်လေး တို့နှင့်အတူ မစ်ရှင်ကို လုပ်ဆောင်နေသော ၀မ်ကျန်းသည် ရုတ်တရက် သူ၏ပုခုံးက အကြောင်းမဲ့ လေးလံလာသလို ခံစားခဲ့ရ၏။

ယင်းမှာ ပုခုံးပေါ်တွင် မမြင်နိုင်သော အလေးချိန်တစ်ခုက ဖိအားပေးနေသကဲ့သို့ပင်။

"မင်းစိတ်လှုပ်ရှားနေတာလား"

ငွေရောင်လေးက ၀မ်ကျန်း၏ အမူအရာ ပြောင်းလဲနေသည်ကို သတိပြုမိခဲ့သည်။

"နည်းနည်းပါးပါးလောက်ပါပဲ"

၀မ်ကျန်းက ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည်။

ယုတ္တိကျကျပြောရလျှင် ဤကဲ့သို့ လေးလံမှုမျိုးကို ခံစားရသည်မှာ အဓိပ္ပါယ်မရှိချေ။

ယင်းမှာ လင်းကျန်းရန်၏ အမိန့်အရ ပထမဦးဆုံးသော မစ်ရှင်တစ်ခုကို လုပ်ဆောင်ရခြင်းမှ ဖြစ်ပေါ်လာသော ဖိအားများကြောင့် ဖြစ်နိုင်ပါသလော။

"ငါလည်း ဆရာလေးလင်းဆီက ပထမဆုံးမစ်ရှင်ကို လက်ခံရရှိတဲ့ အချိန်တုန်းက ဒီလိုပါပဲ.. ဘာမှမပူနဲ့ စိတ်အေးအေးသာထားပါ.. အချိန်တန်လို့ ငါတို့မနိုင်ရင် ဆရာလေးလင်း ကိုယ်တိုင် ရောက်လာပါလိမ့်မယ်"

ငွေရောင်လေးက ပြောလိုက်သည်။

"ငါတို့မနိုင်ရင် လင်းကျန်းရန်က ရောက်လာမှာလား"

၀မ်ကျန်းက အနည်းငယ် မှင်တက်သွားခဲ့သည်။

ငွေရောင်လေး၏စကားကြောင့် ၀မ်လင်းက ဤမစ်ရှင်ဖြင့် သူ့ကိုစမ်းသပ်နေသည်ဟု ထင်မြင်လာခဲ့ပြီး မစ်ရှင်ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု သံန္နိဋ္ဌာန် ချလိုက်သည်။

ငွေရောင်လေး၏ စကားကိုကြားပြီးနောက်တွင် သူသည် အားကောင်းသော လူတစ်ဦး၏ အထောက်အပံ့ကို ရရှိခဲ့သည့် ပျော်ရွှင်မှုမျိုးကို ချက်ခြင်း ခံစားလိုက်ရသည်။

ဆိုရလျှင် ၀မ်ကျန်းသည် နတ်ဘုရားနယ်မြေကို ကိုယ်စားပြုသော ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤမစ်ရှင်ကို အလေးအနက် ထားခဲ့သည်။

နတ်ဘုရားနယ်မြေမှ သူကဲ့သို့ ကျင့်ကြံသူတစ်ဦးသည် ကမ္ဘာဂြိုလ်၏ ကိစ္စကိုပင် မဖြေရှင်းနိုင်လျှင် နတ်ဘုရားနယ်မြေအတွက် အမှန်တကယ် အရှက်ရစရာ ဖြစ်ပေလိမ့်မည် မဟုတ်လော။

အင်အားကောင်းသော နောက်ခံလူ တစ်ဦးရှိခြင်းသည် ကောင်းမွန်သော်လည်း ၎င်းတို့အပေါ်တွင် ထာ၀ရအားကိုး၍ မရပေ။

သူ့အနေဖြင့် အေးဆေးတည်ငြိမ်သောစိတ်ဖြင့် သိုသိုသိပ်သိပ်နေကာ ရှေ့သို့ ဆက်လက်ချီတက်ရန် လိုအပ်နေဆဲ ဖြစ်သည် မဟုတ်ပါလော။

"၀မ်ကျန်း မင်းဘာတွေ စိတ်လှုပ်ရှားနေတာလဲ.. နတ်ဘုရားနယ်မြေမှာ အားကောင်းတဲ့ ပြိုင်ဘက်တွေ အများကြီးကို မင်းတွေ့ကြုံခဲ့ဖူးတာပဲ မဟုတ်လား"

လူသုံးယောက်သည် တောထဲတွင် လျင်မြန်စွာ သွားလာနေခဲ့သည်။

သူတို့က လေထဲတွင် သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းသို့ ခုန်ကူးကာ ပတ်၀န်းကျင်၏ မြေမျက်နှာသွင်ပြင် အနေအထားကို လိမ္မာပါးနပ်စွာ အသုံးပြု၍ ၎င်းတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ်ထားခဲ့သည်။

အရိပ်တာအို၏ စွမ်းအားရှိနေသ၍ သူတို့သည် သူတို့၏ပုံရိပ်နှင့် အငွေ့အသက်များကိုပင် ဖုံးကွယ်ထားနိုင်ပေသည်။

"အရိပ်တာအိုရဲ့ စွမ်းအားက အတော်လေး ဆန်းကြယ်တာပဲ"

၀မ်ကျန်းသည် အရိပ်တာအို၏ စွမ်းအားက မည်မျှအစွမ်းထက်ကြောင်း ပိုမို သိရှိလာခဲ့သည်။

ကြီးမြတ်သော မဟာတာအို လမ်းစဥ်တစ်ခုအနေဖြင့် ၎င်းအရိပ်တာအိုတွင် ချို့ယွင်းချက်များရှိသည်မှာ ထင်ရှားသော်လည်း ၀မ်နွမ်လေးက မမွေးဖွားလာသေးသောကြောင့် လောလောဆယ်တွင် စနစ်တကျ ထိန်းချုပ်ရန်မှာ ခက်ခဲသည်။

အရိပ်တာအို၏ အားသာချက်သည် ပြော၍ပင် ကုန်မည် မဟုတ်ပေ။

၎င်းက လူတစ်ဦး၏ အရိပ်ကို အဆင့်မြှင့်ပေးနိုင်ပြီး တိုက်ခိုက်ရေးစွမ်းအား အသွင်ပြောင်းလဲကာ တိုက်ပွဲအတွင်း ရန်သူကို သတိမထားမိစေဘဲ ထိခိုက်ပျက်စီးစေနိုင်သော အစွမ်းရှိသည်။

"ငါတို့ရဲ့ ရန်သူက အတော်လေး အစွမ်းထက်တယ်လို့ ငါခံစားမိတယ်"

ထွင်ထျန်းဟာက ရှေ့သို့ ခရီးဆက်နေရင်း ပြောလိုက်သည်။

သူသိထားသလောက် ဆရာလေးလင်းသည် မစ်ရှင်တစ်ခု မစမီအတွင်း ယခုကဲ့သို့ အင်အားဖြည့်ပေးခြင်းမျိုး တစ်ခါမှ မပြုလုပ်ခဲ့ဖူးပေ။

ယင်းကပင် ဤတစ်ကြိမ် ရန်သူက မည်မျှ ဒုက္ခပေးနိုင်စွမ်းရှိသည်ကို သက်သေပြနေသည်။

"ငါသိပါတယ်"

၀မ်ကျန်းက လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

နောက်ကွယ်မှ ကြိုးကိုင်နေသော အဓိကတရားခံသည် သေဆုံးသွားသော လူများစွာကိုပင် ပြန်လည် အသက်သွင်းခဲ့သူဖြစ်သည်။

၎င်းတို့ထဲမှ အချို့မှာ အမှောင်နက်ဝေါ့ခ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်ကောင်များ ဖြစ်သည်။

ထို့အပြင် လူသေကို ပြန်လည်အသက်သွင်းနိုင်သည့် စွမ်းရည်သည် တစ်ဖက်လူ၏ တစ်ခုတည်းသောစွမ်းရည် မဖြစ်နိုင်ပေ။

"တစ်ဖက်လူမှာလည်း ဘယ်လို မဟာတာအိုမျိုး ရှိနေမလဲ မသိဘူး"

၀မ်ကျန်းက ရုတ်တရက် စဥ်းစားဖွယ်ကောင်းသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

"ငါတို့ ကိုယ်တွေ့ မကြုံမချင်း သိနိုင်မှာမဟုတ်ဘူး"

၀မ်ကျန်း၏စကားကြောင့် ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ကလည်း စိုးရိမ်နေခဲ့ကြသည်။

ရန်သူ၏ အခြေအနေကို အတိအကျ မသိသောကြောင့် အဆုံးသတ်တွင် မည်သို့ဖြစ်လာမည်ကို မသိကြပေ။

ထိုအချိန်တွင် ၀မ်ကျန်းသည် သူတွေးမိခဲ့သောအရာကို ပြောလိုက်သည်။

"ငါ့မှာ သီအိုရီတစ်ခုရှိတယ်"

ထွင်ထျန်းဟာ "ပြောစမ်းပါဦး"

"လူသေကို ပြန်လည် အသက်သွင်းတာက သဘာ၀နိယာမကို ဆန့်ကျင်နေတယ်.. ဒီလိုတားမြစ်ထားတဲ့ မှော်စွမ်းရည်ကို အသုံးပြုတဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အဖိုးအခကတော့ သေချာပေါက် ရှိလိမ့်မယ်.. သူက လူသေတွေကို ရှင်သန်ထမြောက်အောင် လုပ်ဆောင်ခဲ့ပြီး အဖိုးအခကို မပေးဆပ်ရဘူးဆိုတာက အဓိပ္ပါယ်မရှိဘူးလေ"

"မင်းစကားက ဖြစ်နိုင်တယ်"

"ဒါပေမဲ့ တစ်နည်းအားဖြင့် ပြောရရင် တစ်ဖက်လူက ဒီလိုကန့်သတ်တားမြစ်ထားတဲ့ မှော်စွမ်းအားကို အသုံးပြုတာတောင် အဆင်ပြေနေခဲ့ရင် တခြားဖြစ်နိုင်ချေ တစ်ခုရှိသေးတယ်"

၀မ်ကျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒီလူက ငါတို့နဲ့ စကြာ၀ဠာတစ်ခုထဲက ဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. ငါ့အထင်တော့ အပြိုင်စကြာ၀ဠာကတောင် ဖြစ်ချင်ဖြစ်နေလိမ့်မယ်"

သို့သော်လည်း ၀မ်ကျန်းသည် ဤသုံးသပ်ချက်တွင် ပြဿနာတစ်ခု ရှိနေသည်ဟု ခံစားရသည်။

အကြောင်းရင်းမှာ နောက်ကွယ်မှ ကြိုးကိုင်သော အဓိကတရားခံသည် အပြိုင်စကြာ၀ဠာမှ ဖြစ်ခဲ့လျှင် စကြာ၀ဠာ ၏အုပ်ထိန်းသူ ဖြစ်သော ကူရွှင်းကျစ်က အဘယ့်ကြောင့် သတိမထားမိရပါသနည်း။

အပိုင်း(၁၁၇၄) ပြီး၏

All Chapters