ကျိုးမန်ရိုခူရို
Vol. 79 Ch. 1176
၀မ်ကျန်း၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် အယူအဆတစ်ခု ပုံပေါ်လာခဲ့သည်။
စူပါစကြာ၀ဠာအဆင့် သွေးယစ်ပူဇော်ခြင်းမှော်အစီအရင်ဆိုသည်မှာ သူတစ်ခါမှ မတွေးဖူးခဲ့သောအရာ ဖြစ်၏။
ယင်းက အနည်းငယ်မယုံနိုင်စရာကောင်းသော်လည်း မဖြစ်နိုင်ဟု တထစ်ချပြော၍မရပေ။
ထွင်ထျန်းဟာ၏ အမွေးများက ထောင်ထသွားခဲ့သည်။
"တစ်ဖက်လူရဲ့အစီအရင်က တကယ်ပဲ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ အစီအရင်မျိုး ဖြစ်နိုင်တယ်"
၀မ်ကျန်း၏မျက်နှာက လေးနက်နေခဲ့သည်။
"ဒီဖြစ်နိုင်ချေကို ငါတို့တွေ ပယ်ချလိုက်လို့မဖြစ်ဘူး..နေအဖွဲ့အစည်းမှာရှိတဲ့ ဂြိုလ်ကြီးရှစ်လုံးနဲ့နေကိုယ်တိုင်က တိကျတဲ့လမ်းကြောင်းအတိုင်း အစဥ်အမြဲ ရွေ့လျားနေတယ်.. ဒီအချက်ကလည်း ခမ်းနားကြီးကျယ်တဲ့အစီအရင်ကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကို ပြီးပြည့်စုံစေမှာဖြစ်တယ်.. ကမ္ဘာပေါ်မှာရှိတဲ့ ကောင်းကင်သွေးပြန် ကြောရဲ့ဘားခလုတ်ကို နေအဖွဲ့အစည်းအတွင်းက ဂြိုလ်တွေ လမ်းကြောင်းအတိုင်း အညီအမျှမဖြစ်ခင်မှာ ဖွင့်လိုက်သ၍ အစီအစဥ်က ပြီးမြောက်သွားမှာပဲ"
ဟုတ်ပါသည်။ဤအရာအားလုံးမှာ ၀မ်ကျန်း၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။
သူ့တွင် မည်သည့် သက်သေမှမရှိပေ။
သူတို့သုံးယောက်က အရှိန်အ၀ါများကို ဖုံးကွယ်ပြီး အလယ်ဗဟိုရှိ အဓိကတောင်ထွတ် ဆီသို့ ရောက်ရှိသွားကြသည်။
ဤနေရာတွင် ကင်းလှည့်နေမှုများသည် အလွန်ပင် တင်းကြပ်၏။
အထူးတပ်ဖွဲ့၀င် ၃ယောက်စီ ပါ၀င်သည့် အဖွဲ့ငယ်၆၀ ကျော်က အဓိကတောင်ထွတ်၏ ပတ်ပတ်လည်တွင် ကင်းလှည့်နေကြသည်။
ဤမျှ တင်းကြပ်သည့် ခုခံရေးအစီအစဥ်ကြောင့် အပြင်လူများ အနေဖြင့် တောင်ထိပ်ကို ခြေချမိသည်နှင့် ဤနေရာတွင်တပ်စွဲထားသည့် အထူးတပ်ဖွဲ့ဝင်များ၏ မျက်လုံးကနေ လွတ်မြောက်နိုင်မည် မဟုတ်ဟု ယူဆရပေမည်။
ထိုအထူးတပ်ဖွဲ့များသည် ဤနေရာတွင် တစ်နှစ်ပတ်လုံးနေထိုင်ကြသူများဖြစ်၍ မြေပြင်အနေအထားကိုလည်း အထူး ရင်းနှီးကြသည်။
သူတို့တစ်ယောက်ချင်းစီသည် ဓားပျံစီးနင်းရင်း အဝေးကပစ်မှတ်ကို သိမ်းငှက်ကဲ့သို့ အမြင်စူးရှစွာ ဖမ်းယူနိုင်ကြသည်။
ထို့အပြင် သူတို့တွင် တိကျမှုမြင့်မားသည့် ရှာဖွေရေး မှော်ကိရိယာများလည်း ပါလာခဲ့သည်။
ထို့ကြောင့် အနီးအနားရှိ သေးငယ်သည့် လှုပ်ရှားမှုလေး တစ်ခုပင် သူတို့၏အာရုံမှ လွတ်မြောက်သွားလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤရေပက်မ၀င်သည့် ကာကွယ်ရေး ဗျူဟာသည် ၀မ်ကျန်း၏ အမြင်တွင် အမှန်တကယ် အားနည်းချက်တစ်ခု ရှိနေခဲ့သည်။
"အရင်ကတည်းက အတွင်းထဲကို ခိုး၀င်သွားနေရင် ဘယ်လိုလုပ်မလဲ"
၀မ်ကျန်းက မေးခွန်းထုတ်လိုက်သည်။
"သူတို့ အထဲမှာ ရှိနေပြီလို့ မင်းက သံသယရှိနေတာလား"
"အမှန်ပဲ.."
၀မ်ကျန်းက ခေါင်းညိမ့်လိုက်သည်။
"ဒီနောက်ကွယ်မှာ ရှိနေတဲ့လူက ဒီလောက် ခမ်းနားကြီးကျယ်တဲ့ အစီအရင်ကို တည်ဆောက်ဖို့ စီစဥ်နေတယ်ဆိုတော့ အတော်လေး စိတ်ရှည်တဲ့သူပဲ ဖြစ်ရမယ်.. တစ်ခါကဆိုရင် လူတစ်ယောက်က သူမကျေနပ်တဲ့လူကို ချောင်းမြောင်းတိုက်ခိုက်ဖို့ အတွက် အဲဒီလူရဲ့အိမ်မှာရှိတဲ့ ကုတင်အောက်မှာ တစ်ပတ်လုံး ပုန်းအောင်နေခဲ့တယ်လို့ ကြားဖူးတယ်.. နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူလိုမျိုး အဆင့်လွန် အစွမ်းထက်တဲ့ သူမျိုးတွေက သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ဖို့အတွက် အချိန်ပေးပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းကြလေ့ရှိတယ်"
အဆင့်လွန် အစွမ်းထက်သည့် လူတစ်ဦး၏ စိတ်ရှည်မှုကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။
ဥပမာအားဖြင့် အကန့်အသတ် ထုတ်ဝေသည့် ခေါက်ဆွဲခြောက်ကြွပ်များကို ၀ယ်ယူသည့်အခါတွင် ဆရာလေးလင်းသည် စိတ်ရှည်ရှည်နှင့် တန်းစီစောင့်ဆိုင်းလေ့ ရှိ၏။
ဆိုင်တံခါးအပြင်ဘက်အထိ ရှည်လျားသည့်တန်းစီမှု ဖြစ်နေလင့်ကစား ဆရာလေးလင်းသည် စိတ်ရှည်ရှည်ဖြင့်တန်းစီစောင့်ဆိုင်းဖို့ ဆန္ဒရှိနေဆဲပင်။
ဤကဲ့သို့ အဆင့်လွန် ကျင့်ကြံသူတစ်ဦး၏ စိတ်ရှည်မှုမျိုးကို ငွေရောင်လေးနှင့် ထွင်ထျန်းဟာသည် လုံး၀ မမြင်ဖူးခဲ့ပေ။
ဆိုရလျှင် တစ်ခါတလေတွင် တစ်စုံတစ်ရာကို အောင်မြင်ရန်အတွက် စိတ်ရှည်သည်းခံဖို့ လိုအပ်ပေသည်။
ဤအတွေးနှင့်အတူ သူတို့သုံးယောက်သားသည် သက်ပြင်းချမိလိုက်ကြသည်။
ထိုအချိန်တွင် အဓိကတောင်ထွတ်၏ အနီး၌ ကင်းလှည့်နေသော အဖွဲ့တစ်ဖွဲ့သည် ထွင်ထျန်းဟာတို့အဖွဲ့ကို ရှာတွေ့ကာအလျင်အမြန် ရောက်ရှိလာကြသည်။
"မင်းတို့က ဘယ်သူတွေလဲ"
ထွင်ထျန်းဟာတို့ သုံးယောက်က အထူးတပ်ဖွဲ့၀င် ယူနီဖောင်းများကို ၀တ်ဆင်ထားသော်လည်း သူတို့၏ မျက်နှာကို ကင်းလှည့်အဖွဲ့၀င်များက မရင်းနှီးသည့်အတွက် သံသယဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်။
"ငါတို့သုံးယောက်က အထူးစစ်ဆင်ရေးအဖွဲ့ကပါ"
ထွင်ထျန်းဟာက ကင်းလှည့်အဖွဲ့ကို ဖြေကြားလိုက်ပြီး အရှေ့ကို တက်ကာ သူ၏ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ တံဆိပ်ကို ပစ်ပေးလိုက်သည်။
ဤသည်မှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက သူ့ကို ပြုလုပ်ပေးထားသည့် အိုင်ဒီတံဆိပ်ပြား ဖြစ်၏။
အမျိုးသားအဆင့် ပြိုင်ပွဲမစခင်တွင် ဟွာရှို့မဟာမိတ်အဖွဲ့သည် အိုင်ဒီတံဆိပ်ပြား အစစ်အမှန်ကို စစ်ဆေးသည့်နည်းလမ်းအား လုံခြုံရေးအဖွဲ့၀င်များကို ရှင်းပြပေးခဲ့သည်။
ထို့ကြောင့် ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်က တံဆိပ်ပြားကို ထိကိုင်လိုက်သည်နှင့် ချက်ခြင်းပင် အစစ်အမှန် ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့အပြင် တံဆိပ်ပြား၏အလယ်တွင် "ငွေ"ဟု ရေးထားသည်ကို မြင်လိုက်ရ၍ ချက်ခြင်းပင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"အားနာလိုက်တာ လတ်စသတ်တော့ သူတော်စင်ငွေရောင်လေး ဖြစ်နေတာကိုး"
အဖွဲ့ခေါင်းဆောင်က ရိုသေလေးစားသည့် အမူအရာဖြင့် ပြောလိုက်သည်။
ငွေရောင်လေး၏ ဖိနပ်မစီးထားသော ခြေဗလာကို မြင်လိုက်လျှင် ငွေရောင်လေး၏ အထောက်အထားကို သူက ပို၍ ယုံကြည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ သူတော်စင်ငွေရောင်လေးသည် ခြေဗလာနှင့် သွားလာရသည်ကို နှစ်သက်မှန်း သိရှိထားသောကြောင့် ဖြစ်၏။
"တာ၀န်အရ စစ်ဆေးတာပဲ ငါနားလည်ပါတယ်"
ငွေရောင်လေးက သူ့လက်ကိုဝှေ့ရမ်း၍ ပြောလိုက်သည်။
"ငါတို့က ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့အမိန့်နဲ့ အဓိကတောင်ထွတ်ရဲ့အတွင်းပိုင်းကို ကင်းလှည့်ပြီး လျှို့၀ှက်အန္တရာယ်တွေရှိမရှိ စစ်ဆေးဖို့ လာခဲ့တာပဲ.. မင်းတို့သာ ကိုယ့်တာ၀န်ကိုဆက်ပြီး ထမ်းဆောင်ပါ.. ငါတို့နောက်ကို လိုက်စရာမလိုဘူး"
"နားလည်ပါပြီ ဂရုစိုက်ပါ သူတော်စင်ငွေရောင်လေး"
ထို့နောက်တွင် အဖွဲ့ခေါင်းဆောင်သည် ငွေရောင်လေးကို တံဆိပ်ပြားအား လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်ပြီး သွားခွင့်ပေးလိုက်သည်။
ကင်းလှည့်အဖွဲ့နှင့် အနည်းငယ်ဝေးသော နေရာသို့ရောက်လျှင် ထွင်ထျန်းဟာ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"မင်းက ဘယ်တုန်းကစပြီး သူတော်စင်ငွေရောင်လေး ဖြစ်သွားတာလဲ"
ငွေရောင်လေးက ပြန်ဖြေလိုက်သည်။
"ဒီအထောက်အထားရှိရင် ပိုပြီး အလုပ်ဖြစ်တယ်လေ.. ကင်းလှည့်အဖွဲ့က ဒီလိုမျိုး စစ်ဆေးလာနိုင်တယ်ဆိုတာ ကြိုသိလို့ ဗုံးပစ်စီနီယာအင်မော်တယ်က ကြိုတင် စီစဥ်ထားခဲ့တာပဲ"
အဓိကတောင်ထွတ်၏ အတွင်းပိုင်းသည် နဂါးကိုးကောင်တောင်၏ အနောက်ပိုင်းဒေသ ဖြစ်ပြီး ကောင်းကင်သွေးပြန်ကြောများ၏ ဘားခလုတ်ရှိသည့်နေရာ ဖြစ်သည်။
ပုံမှန်အားဖြင့် ကောင်းကင်သွေးပြန်ကြောလို နေရာကို
စောင့်ကြည့်ရန်အတွက် ကြီးကျယ်သည့် စခန်းတစ်ခုကို ဤနေရာတွင် ဗျူဟာကျစွာ တည်ဆောက်ထားရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း အတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်သွားချိန်တွင် ၀မ်ကျန်းသည် အတွင်းထဲ၌ ခေတ်မီဆောက်အအုံများ ရှိမနေသည်ကို သဘောပေါက်လိုက်သည်။
"ဂေဟစနစ်ကို ကာကွယ်ဖို့အတွက် နဂါးကိုးကောင်တောင်မှခေတ်မီအဆောက်အအုံတွေ မရှိဘူးလို့ကြားဖူးတယ်.. ဒီနေရာမှာနေထိုင်တဲ့ အထူးတပ်ဖွဲ့၀င်တွေ အားလုံးက တဲတွေနဲ့ပဲနေထိုင်ကြတယ်.. အကြီးအကဲချုပ်ဖြစ်တဲ့ ဟွမ်ဖုန်းလည်း အပါအ၀င်ပေါ့"
ငွေရောင်လေးက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ ရရှိထားသည့် အချက်အလက်များကို အခြေခံကာ ရှင်းပြလိုက်သည်။
"ဟွမ်ဖုန်းလို အဆင့်အတန်းကလည်း တကယ်ကြီး တဲထဲမှာ နေတာလား"
၀မ်ကျန်းက မေးခွန်းထုတ်လိုက်သည်။
"ဟွမ်ဖုန်းရဲ့နေရာကတော့ နည်းနည်းပိုကောင်းတာပေါ့.. သူက ကောင်းကင်သွေးပြန်ကြောရဲ့ ဘားခလုတ်ကို အချိန်ပြည့် ကာကွယ်ဖို့အတွက် အဲဒီအနားမှာရှိတဲ့ သဘာဝ ကျောက်လှိုဏ်ဂူတစ်ခုထဲမှာ နေထိုင်ခဲ့တယ်.. ဟွာရှို့မဟာမိတ်အဖွဲ့က သူ့ကို ဆင့်ခေါ်ရင်တောင် သူက အဲဒီကနေ မထွက်ခွာသွားခဲ့ဘူး.. အစည်းအဝေးကို မဖြစ်မနေ တက်ရောက်ရမယ် ဆိုရင်တောင် ကိုယ်ပွားဖန်တီးပြီး စေလွှတ်ခဲ့တယ်.. ကုန်ကုန်ပြောရရင် ဟွမ်ဖုန်းက ဒီနေရာကနေ ဘယ်တော့မှ မထွက်ခွာခဲ့ဘူး.. ဟွမ်ဖုန်းအနေနဲ့ ဒီလိုနေထိုင်လာတာ နှစ်ပေါင်း၁၀၀၀ကျော်လောက် ရှိခဲ့ပြီ ဒီတစ်ခေါက် မစ်ရှင်အတွက် ဟွာရှို့မဟာမိတ်အဖွဲ့က သူ့ကို အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့ရင် သူ့အနေနဲ့ ဂူထဲမှာပဲ ဆက်လက် ရှိနေနိုင်တယ်"
ထွင်ထျန်းဟာက ပြောလိုက်သည်။
"ဟွမ်ဖုန်းက ကောင်းကင်သွေးပြန်ကြောကို ကာကွယ်ဖို့အတွက် နှစ်၁၀၀၀ကြာအောင် ကျောက်လှိုဏ်ဂူထဲမှာ နေထိုင်ခဲ့တာပေါ့"
ထိုအချိန်တွင် ၀မ်ကျန်းသည် ချက်ခြင်းပင် ကြောက်စရာကောင်းသည့် ဖြစ်နိုင်ဖွယ်တစ်ခုကို တွေးမိလိုက်သည်။
"ဒီဂူက ဘယ်နေရာမှာလဲ"
ထွင်ထျန်းဟာက သူတို့ကို အဖိုးအိုဟွမ်ဖုန်း နေထိုင်သည့် ကျောက်လှိုဏ်ဂူသို့ ခေါ်သွားရန် ပြင်ဆင်နေချိန်တွင်ရုတ်တရက် အားကောင်းသည့် ဖိအားတစ်ခုသည် သူတို့သုံးယောက်ပေါ်သို့ ကျရောက်လာခဲ့သည်။
"ရန်သူရောက်လာပြီ သတိထားကြ.."
၀မ်ကျန်းက ချက်ခြင်းပင် သတိပေးလိုက်၏။
ကျောက်လှိုဏ်ဂူရှေ့တွင် အနက်ရောင် ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးကို ကြိုးဖြင့် စည်းထားသည့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာခဲ့သည်။
ထိုလူ၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ လှိုင်လှိုင် ထုတ်လွှတ်နေခဲ့သည်။
"ဒီလူက.."
"သူက ကျိုးမန်ရိုခူရိုပဲ"
ထွင်ထျန်းဟာက ထိုလူကို အနည်းငယ်ရင်းနှီးနေပြီး ဟွာရှို့မဟာမိတ်အဖွဲ့က ပြန်လည်ရှင်သန်ထမြောက်လာသည့် အန္တရာယ်ရှိသော လူစာရင်းတွင် မြင်ဖူးသလို ခံစားလိုက်ရသည်။
"သူက သဘာဝလွန်သတ်ဖြတ်ခြင်းနည်းလမ်း ခုနစ်မျိုးကို အသုံးပြုတဲ့ နေကျွန်းက ကျင့်ကြံသူတစ်ယောက်ပဲ"
ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။
ကျိုးမန်ရိုခူရိုသည် တစ်ချိန်တုန်းက အမှောင်နက်ဝေ့ါခ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ရာဇ၀တ်ကောင် ဖြစ်သည်။
၎င်းက နိုင်ငံတကာ အမဲလိုက်စစ်ဆင်ရေးအတွင်း မီရှို့နိုင်ငံမှ စေလွှတ်လိုက်သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
အရေးကြီးဆုံးသောအချက်မှာ ဤကျိုးမန်ရိုခူရိုသည် မိစ္ဆာအင်ပါယာကွာဖီနှင့် ဆက်နွှယ်မှုတစ်ခုခု ရှိနေပုံရခြင်းပင်။
အပိုင်း(၁၁၇၆) ပြီး၏