တကယ့်အကျပ်အတည်း
Vol. 79 Ch. 1179
နို၀င်ဘာလ ၁၇ရက် တင်္နလာနေ့သည် အမျိုးသားအဆင့် ကျင့်ကြံခြင်းကျောင်းများ၏ ခန္ဓာကိုယ်နည်းစနစ် နှီးနှော ဖလှယ်ပြိုင်ပွဲ၏ တတိယမြောက်နေ့ ဖြစ်သည်။
အာရုဏ်တက်ချိန်တွင် ပထမဆုံး ကျရောက်လာသည့် နေရောင်ခြည်သည် ၀မ်လင်း၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့ပြီး ချောမောသည့် အသွင်အပြင်ကို အပြည့်အ၀ ထင်ဟပ်စေခဲ့သည်။
၀မ်လင်းက သူ၏အသွင်အပြင်ကို ပျမ်းမျှအဆင့်တွင် ထိန်းညှိရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားခဲ့သော်လည်း စိတ်နေစိတ်ထားကမူ ပြောင်းလဲသွားမည် မဟုတ်ပေ။
ထိုခဏတွင် ၀မ်လင်းသည် အဓိကတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူက ၀မ်ကျန်း၊ ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့ ပါ၀င်သော သုံးယောက်အဖွဲ့၏ လှုပ်ရှားမှုများကို အာရုံခံကြည့်နေခြင်း ဖြစ်သည်။
၎င်းတို့၏ တိုက်ခိုက်ရေးအင်အားသည် ၀မ်လင်းအမြင်တွင် အားမနည်းပေ။
အကြောင်းအရင်းမှာ ပုံမှန်တိုက်ခိုက်ရေးအင်အားဖြင့် အရိပ်တာအို၏ စွမ်းအားကိုပါ အသက်သွင်းပေးထားသောကြောင့်ဖြစ်၏။
သို့သော် ၀မ်လင်းတွင် မကောင်းသောခံစားချက်တစ်ခု ရှိနေခဲ့သည်။
သူက သူ့ကိုယ်စား ၀မ်ကျန်းကို ရှေ့ထွက်ခိုင်းရသည့် အကြောင်းရင်းမှာ နောက်ကွယ်မှကြိုးကိုင်သူ၏ အရှိန်အ၀ါကို အာရုံမခံစားနိုင်သောကြောင့် ဖြစ်၏။
ယခင်က ထိုကဲ့သို့ တစ်ခါမှမဖြစ်ပျက်ဖူးခဲ့ပေ။
သို့ရာတွင် ၀မ်လင်းသည် ထိုလူကို လုံး၀ ကြောက်ရွံ့ခြင်းမရှိပေ။
သူ့တွင် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး မထိန်းချုပ်နိုင်သေးသည့် အင်အားတစ်ခု ရှိနေသေးသည် မဟုတ်ပါလော။
သူ့အမြင်တွင် နောက်ကွယ်မှကြိုးကိုင်သူသည် ထူးဆန်းသောနောက်ခံအကြောင်းရင်း ရှိနေပုံရပြီး တခြား စကြာ၀ဠာတစ်ခုခုကနေ ရောက်လာခြင်း ဖြစ်နိုင်၏။
နံနက်စောစောတွင် ၀မ်လင်းသည် ၀မ်ကျန်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ချောက်ကမ်းပါးတွင် ရပ်နေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ၀မ်လင်းကို ဂရုစိုက်သောအဖွဲ့နှင့် ၀မ်လင်း၏ ပရိသတ်အဖွဲ့ကြားတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။
"၀မ်လင်း ဘာတွေစဥ်းစားနေလဲမသိဘူး.. သူ့ကိုကြည့်ရတာ တည်ငြိမ်မှု ရှိမနေပုံပဲ"
ညီနောင်ကောင်း တစ်ယောက်အနေဖြင့် ကော်ဟောက်သည် ၀မ်လင်း၏ အပြုအမူအတွက် အမှန်တကယ်ပင် စိုးရိမ်နေခဲ့သည်။
ရှင်းလင်းစွာ ပြောရလျှင် ၀မ်လင်းကို ဤသို့သောပုံစံဖြင့် မြင်ဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
"ဒီကောင်က စာမေးပွဲကာလမှာတောင် အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိခဲ့တဲ့ကောင်ပဲ.. အရင်က သူ့ကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှမမြင်ဖူးဘူး"
ချန်းချောင်က စာမေးပွဲကာလတွင် တည်ငြိမ်အေးဆေးနေသော ၀မ်လင်း၏ အပြုအမူများကို ပြန်ပြောင်းအမှတ်ရကာ ပြောလိုက်သည်။
သူပြောသည့်စကားကလည်း မမှားပေ။
၀မ်လင်းသည် အတန်းတင် စာမေးပွဲတွင် ဖြစ်စေ၊ လပတ်စာမေးပွဲတွင်ဖြစ်စေ ပျမ်းမျှအမှတ်ရသည့် အခါမျိုးမှာပင် တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် သူတို့တစ်ခန်းလုံးတွင် အတည်ငြိမ်ဆုံးလူမှာ ၀မ်လင်းသာ ဖြစ်၏။
"ပြိုင်ပွဲကရှစ်ရက်တောင် ဆိုတော့ အစိုးရိမ်လွန်နေတာလား မသိဘူး"
ကော်ဟောက်က သူ၏မေးစေ့ကိုပွတ်သပ်ပြီး သုံးသပ်လိုက်သည်။
"ဒါလည်းဖြစ်နိုင်တယ်"
ချန်းချောင်က ခေါင်းငြိမ့်လိုက်သည်။
"ပြောလို့မရဘူး.. ကမ္ဘာကြီးကို ကယ်တင်ဖို့ စိုးရိမ်နေတာ
ကြောင့်လည်း ဖြစ်နိုင်တာပဲလေ.. ဒီနေ့ခေတ်မှာ သူရဲကောင်း ဖြစ်ဖို့က လွယ်ကူတာမှ မဟုတ်တာ"
၀မ်လင်း"........."
ခံစားချက်မဲ့ မျက်နှာအမူအရာသာ ရှိသည့် သူ၏မျက်နှာတွင် စိုးရိမ်ပူပန်သည့် အမူအရာက ဤမျှ ထင်ရှားစွာဖြစ်ပေါ်နေလိမ့်မည်ဟု ၀မ်လင်း ထင်မထားခဲ့ပေ။
တကယ်တမ်းတွင် သူ၏ မျက်နှာပြင်ပေါ်ရှိ ကြွက်သားများသည် မျက်နှာပေါ်၌ အသားကျကာ တည်ငြိမ်နေသောကြောင့် ရံဖန်ရံခါ အနည်းငယ် ပြောင်းလဲသွားသည့် အမူအရာများပင် အပြင်လူများ၏ မျက်လုံးထဲ၌ သိသိသာသာပင် ကွဲပြားနေခဲ့သည်။
"ငါတို့ရဲ့ လာဘ်ကောင်လေး အစိုးရိမ်လွန်နေတော့ ငါတို့တွေ
ဘာလုပ်ပေးသင့်လဲ"
၀မ်လင်း၏ပရိသတ်အဖွဲ့က ၀မ်လင်းကို နွေးထွေးမှု ပေးချင်ခဲ့ကြသည်။
၀မ်လင်းထံသို့ ပထမဆုံးရောက်လာသူမှာ ထုံးစံအတိုင်းပင် ချန်းချောင်နှင့် ကော်ဟောက်တို့ ဖြစ်သည်။
သူတို့နှစ်ယောက်က ၀မ်လင်းကို အသီးသီး ပုခုံးဖက်လိုက်ကြသည်။
ကော်ဟောက်"၀မ်လင်း..မင်းဒီနေ့အလုပ်မလုပ်ဘဲ တဲထဲမှာပဲ အေးအေးဆေးဆေး အနားယူသင့်တယ်လို့ ထင်တယ်.. မင်းကိုကြည့်ရတာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေပုံရတယ်.. ပြိုင်ပွဲကနောက်ထပ် ရက်အနည်းငယ် ကျန်သေးတယ်လေ.. မင်းက ငါတို့ရဲ့ လာဘ်ကောင်လေးဆိုတော့ မင်းလုံး၀ ပြိုလဲသွားလို့မရဘူး.. နားလည်လား.."
ချန်းချောင်ကလည်း ကော်ဟောက်၏ အဆိုကို ခေါင်းညိမ့် ထောက်ခံလိုက်သည်။
"ဒီလိုလုပ်ပါလား ၀မ်လင်း..မင်းက အစီအရင် ရေးဆွဲရေး အဖွဲ့မှာဆိုတော့ ဒီနေ့နဲ့မနက်ဖြန် မင်းကိုယ်စား ငါက အစီအရင်တွေ ရေးဆွဲပေးမယ်.. တခြားဘာကိုမှ စိတ်မပူဘဲ တဲထဲမှာပဲ အေးအေးဆေးဆေး လှဲပြီးအနားယူနေလိုက်.. ဒါနဲ့ မင်းအနှိပ်ခံချင်သေးလား..ငါ့အဖေက ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းကို အသားပြုတဲ့ ကိုယ်ခံပညာသိုင်းကျောင်းကို ဖွင့်ထားတော့ အနှိပ်ပညာအရမ်းကောင်းတယ်.. ငါ့အဖေဆီကနေ အနှိပ်နည်းစနစ်တွေကိုသင်ယူထားတယ်..နှိပ်နယ်ခြင်းက မင်းရဲ့စိတ်နဲ့ကြွက်သားတွေကို တစ်ချိန်တည်းမှာ ပြေလျော့စေနိုင်တယ်"
၀မ်လင်းက ချန်းချောင်နှင့် ကော်ဟောက်တို့၏ ရုတ်တရက် စိတ်အားထက်သန်စွာ နွေးထွေးပေးမှုကြောင့် အံ့အားသင့်သွားခဲ့သည်။
သူက ရှားမင် ဖန်တီးခဲ့သည့် ၀မ်လင်းပရိသတ်အဖွဲ့၏ အင်အားကို လျှော့တွက်မိပြီဟု ခံစားလိုက်ရသည်။
ယခင်က ရှားမင်သည် ၀မ်လင်းကို အချစ်ပြိုင်ဘက်အဖြစ် ရှုမြင်ခဲ့သော်လည်း ၀မ်လင်း၏စရိုက်ကြောင့် ဆွဲဆောင်ခံရပြီးနောက်တွင် ချက်ခြင်းပင် ပရိသတ်အဖွဲ့၏ဥက္ကဌ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဥက္ကဌအနေဖြင့် ရှားမင်သည် ၀မ်လင်းကို
ကိုယ်တိုင် ဂရုစိုက်ရန်အတွက် ထုံးစံအတိုင်း ရောက်ရှိလာခဲ့၏။
"၀မ်လင်း မင်းနေမကောင်းဘူးလား.. စွန်းရုံက မင်းအတွက် ဆေးလုံးပြုလုပ်တဲ့စက်နဲ့ မဟာစက်၀န်းဆေးလုံးကို သန့်စင်နေတယ်.. အဲဒီဆေးက ကျောက်ကပ်ကို အားပေးပြီး အသက်ရှုလမ်းကြောင်းကို ထိန်းညှိပေးနိုင်တယ်လို့ ဆိုကြတယ်..ဒါ့အပြင် ခန္ဓာကိုယ်ကို အားကောင်းစေတဲ့အပြင် ခုခံအားတွေကိုလည်း တိုးမြှင့်စေနိုင်တယ်.. အဲ့ဒါက ကိုရိုနာလို ဗိုင်းရပ်စ်တွေကိုတောင် ထိထိရောက်ရောက် သတ်ပစ်နိုင်တယ်"
အမှတ်၆၀ အထက်တန်းကျောင်းမှ မိန်းကလေးများသည်လည်း အလုပ်မနားရပေ။
လီယိုယွဲ့သည် အဟာရပြည့်၀သည့် မနက်စာကို ပြင်ဆင်နေခဲ့သည်။
ဤအစားအစာအားလုံးသည် ဒေသတွင်း ပါ၀င်ပစ္စည်းများနှင့်ပြုလုပ်ထားသော အစားအစာများ ဖြစ်ကြသည်။
အများစုမှာ စိတ်၀ိညာဥ်အသီးအနှံများနှင့် စိတ်၀ိညာဥ်အပင်များမှ ဖြစ်၏။
လီယိုယွဲ့က သူမ၏ အဆင့်မီ ချက်ပြုတ်နည်းစနစ်များကို အသုံးပြု၍ လက်ရာမြောက်စွာ ချက်ပြုတ် ပြင်ဆင်ပေးခဲ့သည်။
ဟုတ်ပါသည်။ အသားစားဖို့ အကြံပြုကြသည့် ယောကျာ်းလေးများလည်း ရှိသည်။
သူတို့လူစုသည် တောရိုင်းအသားများကို မစားခဲ့ကြပေ။
ထို့အပြင် နဂါးကိုးကောင်တောင်၏ ပတ်၀န်းကျင်ရှိ ၀ိညာဥ်သားရဲများကို အကာအကွယ်ပေးနေကြ၏။
ဆိုရလျှင် သူတို့သည် အစားတစ်လုတ်အတွက်ဖြင့် သတ္တ၀ါများကို မသတ်ဖြတ်ချင်ကြပေ။
မည်သို့ပင်ဖြစ်စေ နဂါးကိုးကောင်တောင်၏ ပတ်၀န်းကျင် သည် အဟာရဖြည့်တင်းရန်အတွက် အသုံးပြုနိုင်သည့် အရာ အများအပြား ရှိသည်။
ယောကျာ်းလေးများ၏ အသားစားသုံးရန် အကြံပြုချက်ကို ဖြည့်ဆည်းပေးရန် အတွက် လီယိုယွဲ့သည် ကျောင်းသားအချို့ကို စိတ်၀ိညာဥ်အပင်များ ခူးဆွတ်ရန် စေလွှတ်ခဲ့သည်။
သူမက စိတ်၀ိညာဥ်ပဲကို အသုံးပြု၍ အသားအတု အဖြစ်ပြုလုပ်ခြင်းဖြင့် အသားဟင်းကဲ့သို့ သတ်မှတ်နိုင်မည် မဟုတ်လော။
ဟုတ်ပါသည်။၀မ်လင်းကို ဂရုစိုက်ရန်အတွက် လီယိုယွဲ့သည် စိတ်၀ိညာဥ်ပဲများကို အသုံးပြု၍ ခေါက်ဆွဲခြောက်ကြွပ်များကို အထူးပြုလုပ်ပေးခဲ့သည်။
ခေါက်ဆွဲခြောက်ကြော်ကို ကြေအောင်ချေပြီး ဟင်းခတ်အမွှေးကြိုင်နှင့် ရောစပ်လိုက်လျှင် အရသာကောင်းမွန်သော ခေါက်ဆွဲခြောက် မွှေးမွှေးလေးကို ရရှိမည်ဖြစ်၏။
ဤဟင်းခတ် အမွှေးကြိုင်များသည် ပတ်၀န်းကျင်မှ ပစ္စည်းများကို လီယိုယွဲ့က အမှုန့်အဖြစ် ပြုလုပ်ကာ ဟင်းခတ်အမွှေးကြိုင်အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။
လီယိုယွဲ့က ချက်ပြုတ်ရာတွင် ဤမျှ ကျွမ်းကျင်လိမ့်မည်ဟု ၀မ်လင်း မထင်ထားခဲ့ပေ။
တောထဲမှာပင် သူ့အကြိုက်ဖြစ်သည့် ခေါက်ဆွဲခြောက်ကြော်ကို ပြုလုပ်ပေးနိုင်ခဲ့၏။
၀မ်လင်းသည် ချက်ခြင်းပင် သူ၏စိုးရိမ်ပူပန်မှုများ အမှန်တကယ် လျော့ပါးသွားသလို ခံစားလိုက်ရသည်။
သိပ်မကြာခင်မှာပင် စွန်းရုံသည် သူ့ကို လာရောက်ရှာဖွေခဲ့၏။
"၀မ်လင်း နင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မတည်ငြိမ်ဘူးလို့ ပြောနေကြတယ်.. နေမကောင်းဘူးလား"
စွန်းရုံက အလိုအလျောက်ပင် ရှေ့ကို တက်လှမ်းလိုက်ပြီး ၀မ်လင်း ဖျားမဖျား အတည်ပြုရန်အတွက် သူမ၏ လက်ကို ၀မ်လင်း၏ နဖူးတွင် ထိကပ်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က တုပ်ကွေး ကူးစက်မှုရောဂါဖြစ်ပွားခဲ့၍ တောထဲတွင်သာ အမှန်တကယ် ဖျားနာခဲ့လျှင် ဒုက္ခရောက်မည်မှာ သေချာ၏။
ကံကောင်းစွာဖြင့် သူမသည် မဟာစက်၀န်းဆေးလုံးကို သန့်စင်နိုင်တော့မည် ဖြစ်သည်။
သူမ၏ မိသားစုက အထူးပြုလုပ်ထားသည့် ဆေးလုံးပြုလုပ်သည့်စက်ကို အသုံးပြုသ၍ မဟာစက်၀န်းဆေးလုံးကို သန့်စင်ရန်မှာ ခက်ခဲမည်မဟုတ်ပေ။
"စွန်းရုံ နင်အကြောင်းအရင်းကို မသိသေးဘူးလား"
လျူချင်းရီက ၀င်ပြောလိုက်သည်။
၀မ်လင်းက လုံး၀ အဆင်ပြေနေကြောင်း သူမ ကောင်းစွာသိသည်။
၀မ်လင်းက ကျင့်ကြံခြင်းလောကတွင် ဒဏ္ဍာရီပုဂ္ဂိုလ် ဖြစ်သည့် လင်းကျန်းရန် ဖြစ်ရာ မည်ကဲ့သို့ ပြသနာရှိနိုင်ပါအံ့နည်း။
သို့သော်လည်း လျူချင်းရီသည် လွန်ခဲ့သည့်ညက စွန်းရုံ၏ ကျေးဇူးတရားကို ပြန်ဆပ်ရန်အတွက် ဤအချိန်တွင် ရှေ့ထွက်၍ ကူညီရန် ဆုံးဖြတ်ခဲ့သည်။
"ငါ့အထင်တော့ နင်တို့ ယောကျာ်းလေးတွေရဲ့ တဲထဲမှာ အရမ်းကိုရှုပ်ပွနေလို့ ဖျားနာတာတွေ ဖြစ်လာတယ်လို့ ထင်တာပဲ..၀မ်လင်းက တစ်ယောက်ယောက်ဆီက ကူးစက်သွားတာလား မသိဘူး.. ညတုန်းက နန်ယန်ရှို့ အရမ်းကို ဆိုးဆိုး၀ါး၀ါးကြီးချောင်းဆိုနေသလိုပဲ.. သူ့ဆီကပဲ ကူးစက်သွားတာထင်တယ်.. ၀မ်လင်း နင်တို့ထဲမှာ ရောဂါပိုးတွေ အရမ်းများတာပဲ.. နင်နေထိုင်ဖို့ အဆင်ပြေပါ့မလား"
လျူချင်းရီ၏ စကားကြောင့် ၀မ်လင်းသည် ပါးစပ်ရွဲ့မလိုပင် ဖြစ်သွားသည်။
စင်စစ် နန်ယန်ရှို့သည် ယမန်နေ့ညက အလွန်ဆိုးရွားစွာ ချောင်းမဆိုးခဲ့ပေ။
သူက မိန်းကလေးတဲထဲသို့ ယောကျာ်းလေးများ ချောင်းမကြည့်စေရန်အတွက် ကင်းစောင့်နေခြင်းသာ ဖြစ်သည်။
လျူချင်းရီက သူ၏အခက်အခဲကို ကယ်တင်ရန် ရှေ့ထွက်လာသည်ဟု အစောက ထင်ထားခဲ့သော်လည်း အဆုံးသတ်တွင် သူမက သူ့ကို လုံး၀ရောင်းစားလိုက်မှန်း သိလိုက်ရ၍ ၀မ်လင်းအံ့အားသင့်သွားခဲ့သည်။
စွန်းရုံက လျူချင်းရီ၏ စကားကိုကြားလျှင် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိလိုက်ပြီး ၀မ်လင်းကို ကြည့်ကာ နီရဲနေသော မျက်နှာဖြင့် မေးလိုက်သည်။
"ဒါဆို၀မ်လင်း..နင်ဒီည ငါတို့ဘက်ကို လာချင်လား"
ထိုစကားကိုကြားလျှင် ၀မ်လင်း၏ အတွေးများသည် လုံး၀ကို ဗလာကျင်းသွားခဲ့သည်။
လူတိုင်းက သူ့ကို စိတ်ရင်းအမှန်ဖြင့် စိုးရိမ်ပူပန်နေကြသည်ကို ၀မ်လင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
သို့သော်လည်း ၀မ်လင်းသည် သူ၏ စိုးရိမ်ပူပန်မှုများက သက်သာမသွားသည့် အပြင် ပို၍ပင် တိုးပွားလာသလို ခံစားလိုက်ရ၏။
"အတူအိပ်ကြမယ် ဟုတ်လား.."
လျူချင်းရီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူမက စွန်းရုံကို အနည်းငယ် တွန်းပို့ခဲ့ရုံသာ ဖြစ်၏။
စွန်းရုံက ဤမျှအထိ ရဲရဲ၀ံ့၀ံ့ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လျူချင်းရီ၏ စကားကြောင့် စွန်းရုံ၏ မျက်နှာက လုံး၀နီရဲသွားခဲ့ပြီး မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်သည်။
"ပေါက်ကရတွေ..ငါက ငါတို့နဲ့ တဲချင်းလဲချင်လားလို့ ပြောချင်တာပါဟယ်"
အပိုင်း(၁၁၇၉) ပြီး၏