ရှားမင်၏အင်တာဗျူး
Vol. 79 Ch. 1180
၀မ်လင်းသည် လူတိုင်း၏ စိုးရိမ်ပူပန်မှုကို ခံစားမိသောအခါတွင် အဆင်မပြေ ဖြစ်နေခဲ့သည်။
ရှားမင် တည်ထောင်ခဲ့သော ပရိသတ်အဖွဲ့၏ အင်အားသည် သူမျှော်လင့်ထားသည်ထင်ပင် ကျော်လွန်နေခဲ့၏။
သူက လူတိုင်း၏အမြင်တွင် အလွန်တရာ အားနည်းပြီး အမြဲတစေ အကာအကွယ်ပေးရန် လိုအပ်သော ချစ်စရာလာဘ်ကောင်လေး တစ်ကောင် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
၀မ်လင်း၏ ပရိသတ်အဖွဲ့ခေါင်းဆောင် အနေဖြင့် ရှားမင်သည် ၀မ်လင်း အဘယ်ကြောင့် ဤမျှတိုတောင်းသော အချိန်အတွင်း လူတိုင်း၏ အကာအကွယ်ပေးလိုစိတ်အား လှုံ့ဆော်နိုင်ခဲ့သည်ကို လိုက်လံမေးမြန်းခဲ့သည်။
"၀မ်လင်းကို အကာအကွယ်ပေးဖို့ ဘာလို့ လိုအပ်တယ်လို့ထင်လဲ"
ရှားမင်သည် အခြေစိုက်စခန်းတွင် ကျပန်းအင်တာဗျူး တစ်ခုပြုလုပ်ခဲ့သည်။
ဤအင်တာဗျူးမှ အချက်အလက်များသည် သူ့အား ပရိသတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေမည် မဟုတ်ပါလား။
ပထမဆုံးမေးမြန်းခံရသူမှာ နန်ယန်ရှို့ ဖြစ်သည်။
သူက အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်၏။
"လာဘ်ကောင်လေးတွေကို ပန်းအိုးတွေလိုမျိုး အကာအကွယ်ပေးဖို့မလုပ်ဘဲ တိုက်ခိုက်ရေးကို ဦးဆောင်စေလို့ ဖြစ်ပါ့မလား"
နန်ယန်ရှို့သည် ၀မ်လင်းက ၀မ်ကျန်းကို ပြန်ခေါ်လာပြီးနောက်ပိုင်းမှသာ ပရိသတ်အဖွဲ့သို့ ၀င်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူသိထားသလောက် ၀မ်လင်းသည် အမှတ်၆၀ အထက်တန်းကျောင်းတွင် အားအနည်းဆုံး ဖြစ်သလို ကျောင်း၏ လာဘ်ကောင်လေး အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
သို့ရာတွင် ၀မ်ကျန်း ပျောက်ဆုံးသွားပြီးနောက်၌ ထိုအားနည်းသော လာဘ်ကောင်လေးသည် ၀မ်ကျန်းကို ရှာဖွေရန် ထွက်ခွာသွားခဲ့ပြီး ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့သည်။
ဤလုပ်ရပ်သည် တောင်ပင်လယ် ကောင်းကင် အထက်တန်း ကျောင်း၏ ခေါင်းဆောင်ဖြစ်သည့် နန်ယန်ရှို့ကို ရှက်ရွံ့စေခဲ့၏။
ထို့ကြောင့် အသေအချာ စဥ်းစားပြီးနောက်တွင် နန်ယန်ရှို့သည့် ရှားမင်၏လက်ကို အားပါးတရ ဆုပ်ကိုင်၍ မှတ်ချက်တစ်ခုကို ပေးလိုက်၏။
"လာဘ်ကောင်လေး တစ်ယောက်အနေနဲ့ ၀မ်လင်းက တကယ်ကို ရဲရင့်တဲ့သူတစ်ယောက်ပဲ"
ရှားမင်က နန်ယန်ရှို့ ပြောဆိုသည့် ဤအချက်အလက်ကို အမှန်ပင် သဘောကျခဲ့သည်။
သူနှင့်၀မ်လင်းတို့သည် ယခင်က ပဋိပက္ခဖြစ်ခဲ့ပြီး သူသည် လူ အများရှေ့တွင် စွန်းရုံအတွက် ၀မ်လင်းကို စိန်ခေါ်ခဲ့သည်။
အဆုံးသတ်တွင် အများက အားနည်းသည်ဟု သတ်မှတ်ထားသော ၀မ်လင်းသည် နောက်မဆုတ်ရုံသာမက စိန်ခေါ်မှုကိုပင် လက်ခံခဲ့၏။
သူက အမှန်တကယ်ပင် အလွန်ရဲရင့်သူ ဖြစ်သည်။
နန်ယန်ရှို့အပြင် အခြားသူများကလည်း ၀မ်လင်းကို အဘယ်ကြောင့် အကာအကွယ်ပေးရန် လိုအပ်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ အထင်အမြင်များကို ပေးခဲ့ကြသည်။
ရှားမင် "၀မ်လင်းရဲ့အရင်းနှီးဆုံး အတန်းဖော်တွေအနေနဲ့ မင်းတို့တွေ ဘာလို့ပရိသတ်အဖွဲ့ထဲကို ၀င်ခဲ့တာလဲ"
ချန်းချောင်"၀မ်လင်းရဲ့ပရိသတ်အဖွဲ့ထဲကို အဓိက၀င်ခဲ့ရတဲ့အကြောင်းအရင်းက အိမ်စာပေးမကူးတော့မှာ စိုးရိမ်လို့ပဲ"
ရှားမင် "အဲ့သလောက်ထိ တဲ့တိုးမဆန်လို့ မရဘူးလား"
ချန်းချောင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
"ဒါနဲ့ပြောရဦးမယ်.. ၀မ်လင်းရဲ့အိမ်စာကို ကူးချတဲ့အချိန်တိုင်းမှာ သူ့အဖြေက အမြဲတမ်း တစ်၀က်လွဲနေတာကို ငါသတိထားမိတယ်.. မေးခွန်းဆယ်ခုမှာ လေးခုလောက် လွဲနေပေမဲ့လည်း အောင်မှတ်ကိုတော့ သူက ရအောင်ယူနိုင်တယ်.. သူ ဘယ်လိုလုပ်နိုင်ခဲ့တာလည်း ဆိုတာ ငါတကယ် စဥ်းစားလို့မရဘူး"
ကော်ဟောက်က ချန်းချောင်၏ ဤအဖြေကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့သည်။
၀မ်လင်းသည် စာမေးပွဲနှင့် အိမ်စာ နှစ်ခုလုံးတွင် အံ့သြဖွယ်ကောင်းသောသူ ဖြစ်သည်။
ဥပမာအားဖြင့် ကော်ဟောက်သည် ၀မ်လင်းက စာမေးပွဲဖြေဆိုတိုင်းတွင် အဘယ်ကြောင့် ပျမ်းမျှရမှတ်တွင် အမြဲလိုလို ရှိနေသည်ကို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
ဤသည်မှာ သာမန်လူတစ်ယောက် မလုပ်ဆောင်နိုင်သောအရာ ဖြစ်၏။
"ဒါဆို မင်းပရိသတ်အဖွဲ့ထဲကို ၀င်ခဲ့တဲ့ အကြောင်းအရင်းက အိမ်စာကူးချဖို့ပဲပေါ့"
ထို့နောက်တွင် ရှားမင်သည် မိန်းကလေးများကိုလည်း ၀မ်လင်းအပေါ် ထင်မြင်ချက်အား မေးမြန်းခဲ့သည်။
"ကျောင်းသူစွန်းရုံ.. ၀မ်လင်းက ဘာကြောင့် အခြားသူတွေကို အကာအကွယ်ပေးလိုစိတ် အပြင်းအထန် လှုံ့ဆော်နိုင်တယ်လို့ ထင်လဲ"
မိန်းကလေးထဲတွင် ရှားမင် ပထမဆုံး မေးမြန်းခဲ့သူမှာ
စွန်းရုံ ဖြစ်၏။
ရှားမင်က စွန်းရုံနှင့်ပတ်သက်၍ ၀မ်လင်းနှင့်ယခင်က ယှဥ်ပြိုင်ခဲ့ဖူးသည်။
ထို့ကြောင့် ရှားမင်သည် စွန်းရုံ၏ အတွေးအမြင်များကို လေးနက်စွာ ဂရုစိုက်ခဲ့၏။
ရှားမင်၏ အင်တာဗျူးနှင့် ရင်ဆိုင်ရသောအခါတွင် စွန်းရုံ၏ အမူအရာက အထူးပင် တည်ငြိမ်နေခဲ့သည်။
"ငါ့အထင်တော့ ၀မ်လင်းက အရမ်းချစ်စရာ ကောင်းတာကြောင့်လို့ ထင်တာပဲ"
"........"
ရှားမင်က အချက်ပေါင်း တစ်သောင်း အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်က ယောကျာ်းလေးများနှင့် ပတ်သက်၍ ဖော်ပြဖို့သင့်တော်သည့် စကားလုံး ဖြစ်ပါသလော။
ရှားမင်သည် ရုတ်တရက် အနည်းငယ် သောက်မြင်ကပ်သလိုပင် ခံစားလိုက်ရသည်။
ဤသည်မှာ သိပ္ပံကျင့်ကြံခြင်းခေတ်မျှသာ မဟုတ်ဘဲ သောက်မြင်ကပ်လျှင် ဖောင်းထုသောခေတ်လည်း ဖြစ်၏။
ဖောင်းထု၀ိဇ္ဇာများသည် ၎င်းတို့သောက်မြင်ကပ်လျှင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် လှောင်ပြောင်သော မှတ်ချက်များကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုပေလိမ့်မည်။
"သူကရော ချစ်စရာ မကောင်းဘူးလား"ဟု ရှားမင်သည် စွန်းရုံအား မေးမြန်းလိုခဲ့သည်။
သို့သော်လည်း ရှားမင်သည် ၀မ်လင်းနှင့် ယှဥ်ပြိုင်လျှင် အနိုင်ရနိုင်ခြေမရှိ ဟူသော ခံစားချက်မျိုးကို ခံစားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ယောကျာ်းလေး တစ်ယောက်၏ ရှုထောင့်က ကြည့်လျှင်ပင် ၀မ်လင်းသည် အနည်းငယ် စိတ်၀င်စားစရာကောင်းကြောင်း ၀န်ခံရမည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် ရှားမင်သည် ၀မ်လင်းကို လေးစားမှုအပြည့် ရှိနေခဲ့သည်။
"ကျောင်းသား၀မ်လင်းက ချစ်စရာကောင်းတယ်.. သူကချစ်စရာကောင်းလို့ပဲ လူတိုင်းက အကာအကွယ်ပေးချင်ကြတာဖြစ်မယ်"
ပရိတ်သတ်အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ရှားမင်သည် ၀မ်လင်းနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းစွာ တူးဆွချင်ခဲ့သည်။
သူက ၀မ်လင်း၏ ချစ်စရာကောင်းပုံနှင့် ယှဥ်လျှင် စရိုက်လက္ခဏာကို ပို၍လေးစားမိသည်။
စွန်းရုံ"ချစ်စရာကောင်းတာက မလုံလောက်သေးဘူးလား.. ဒီနေ့ခေတ်မှာ ချစ်စရာကောင်းတဲ့ ယောကျ်ားလေးတွေ အရမ်းနည်းနေပြီ.. ၀မ်လင်းရဲ့ ခံစားချက်မဲ့နေတဲ့ မျက်လုံးလေးတွေကိုကြည့်စမ်း.. လုံး၀န်းပြီး ချစ်စရာကောင်းနေတာပဲ.. နင်တို့ရဲ့မျက်ခွံတွေကိုလည်း ပြန်ကြည့်စမ်းပါဦး.. နင်တို့ကိုတွေ့တိုင်း မသိရင် အိပ်စက်နေတုန်းပဲလို့တောင် ခံစားရတယ်"
ရှားမင်" ? ? ? "
ထိုအချိန်တွင် နံဘေးရှိ လီယိုယွဲ့ကလည်း ၀င်ရောက် ပြောဆိုခဲ့သည်။
"နင်တို့တွေ ၀မ်လင်းက ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို အရမ်းကြိုက်နှစ်သက်တာ သတိထားမိကြလား.. ငါတို့မိသားစုရဲ့ နှစ်ပေါင်းများစွာ စားသောက်ကုန် အတွေ့အကြုံအရပြောရရင် မုန့်တစ်မျိုးတည်းကို စားချင်စိတ်ပြင်းထန်တဲ့ သူတွေက တခြားလူတွေထက် တစ်သီးတသန့် ပိုနေတတ်ပြီး များသောအားဖြင့် သစ္စာလည်း ရှိတတ်ကြတယ်.. ဒါ့အပြင် ခေါက်ဆွဲခြောက်ကြွပ်ကြော်မုန့်ကို ကြိုက်နှစ်သက်တဲ့သူတွေက မုန့်ထုပ်ထဲက ကတ်ပြားတွေကိုလည်း စုဆောင်းတတ်ကြတယ်.. ကတ်ပြားတွေကို စုဆောင်းတာက ပိုက်ဆံစုတတ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ.. ဒါ့အပြင် ခေါက်ဆွဲခြောက်ကြွပ်ကြော်ရဲ့ ကတ်ပြားတွေကို စုဆောင်းတာက ကံစမ်းမဲ ပေါက်ဖို့လည်း အလားအလာအများဆုံး ဖြစ်တယ်.. ကံစမ်းမဲပေါက်ဖို့ အတွက် စောင့်ဆိုင်းရတာကလည်း စိတ်ရှည်ခြင်းကို ကိုယ်စားပြုတယ်.. အကယ်၍များ ပေါက်ခဲ့ရင် ကံကောင်းခြင်းကိုလည်း ကိုယ်စားပြုတယ်"
အဆုံးသတ်တွင် လီယိုယွဲ့နှင့် စွန်းရုံတို့သည် လက်၀ါးချင်း ရိုက်လိုက်ပြီး တပြိုင်တည်းနီးပါး ပြောဆိုလိုက်ကြသည်။
"ဒီနေ့ခေတ်မှာ ချစ်စရာကောင်းပြီး သစ္စာရှိတဲ့သူ၊ ဇွဲလုံ့လရှိပြီး ကံကောင်းတဲ့ ရည်းစားမျိုးကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ"
"......."
ရှားမင်သည် အင်တာဗျူးနေသော အချိန်မှာပင် တန်ချိန်တစ်သောင်းဖြင့် အထိုးနှက်ခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရသည်။
"လခွမ်း..ငါဒီအင်တာဗျူးကို ဆက်မလုပ်နိုင်တော့ဘူး"
တစ်ဖက်တွင်လည်း ၀မ်ကျန်းတို့ သုံးယောက်သည်ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူထဲသို့ အောင်မြင်စွာ ၀င်ရောက်သွားကြပြီ ဖြစ်သည်။
၀မ်ကျန်း၏ အရိပ်ရုပ်သွင်ဖြစ်သည့် ချည်နှောင်ခံချင်သူသည် တံခါးခုနစ်ခုကို တင်းကြပ်စွာ ချည်နှောင်ထားခဲ့သည်။
၎င်းကို တံခါးခုနစ်ခုကို အပြည့်အ၀ ထိန်းချုပ်ထားခဲ့သည်။
ဤသို့ဖြင့် တံခါးခုနစ်ခုသည် ၎င်း၏ တတိယမြောက် ညီနောင်ဖြစ်သည့် တံခါးကိုးခုကို ကျိန်စာမန္တန်၏ စွမ်းအားဖြင့် ကောင်းချီးပေး၍ မရတော့ပေ။
"ငါ့ညီနောင်တွေကို ဘယ်တော့မှ သစ္စာမဖောက်ဘူး.. မင်းတို့တွေ ငါ့ကို ဘယ်လိုပဲ နှိပ်စက်ပါစေ.. ငါတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး"
၀မ်ကျန်း၏ အရိပ်ရုပ်သွင်သည် တံခါးခုနစ်ခုကို ကျိန်စာအားဆက်လက် လက်ဆင့်ကမ်း၍ မရစေရန်အတွက် မိမိကိုယ်ကို သတ်သေ၍ မရအောင် ချုပ်နှောင်ထားခဲ့သည်။
တံခါးခုနစ်ခုသည် သေခြင်းတရားကို မကြောက်ရွံ့သူ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ၏သေခြင်းသည် တတိယမြောက်ညီနောင်ကို ပိုမို၍ အားကောင်းစေမည်အား သိသောကြောင့်ပင်။
"မင်းမပြောချင်ရင်လည်း ကိစ္စမရှိပါဘူး.. ငါတို့ရဲ့ ရည်မှန်းချက်က မင်းကို ပစ်မှတ်ထားဖို့ မဟုတ်ဘူး"
၀မ်ကျန်းက ပြုံး၍ ပြောလိုက်သည်။
သူက နတ်ဘုရားနယ်မြေတွင် ကျိန်စာမန္တန်မှ တဆင့် ၀ိညာဥ်စွမ်းအားများ ပေါင်းစပ်သည့် နည်းလမ်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်ဖူးခဲ့သည်။
တံခါးခုနစ်ခု အသုံးပြုသော ကျိန်စာမန္တန်သည် သူ့အတွက် ကလေး ကစားစရာလောက်သာ ရှိသည်။
ထိုထက် ပို၍ပြောရလျှင် ထိုညီအစ်ကိုသုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့အတွက် သွေးပူရုံလောက်သာ ရှိ၏။
ထို့ကြောင့် ၀မ်ကျန်းသည် တကယ့် အစစ်အမှန်တိုက်ပွဲကို မျှော်လင့်နေခဲ့သည်။
နတ်ဘုရားနယ်မြေတွင် မွေးဖွားလာသော တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့် တိုက်ပွဲတစ်ခုသည် အသက်အန္တရာယ်ရှိမနေလျှင် အဓိပ္ပါယ် မည်သို့ ရှိပါအံ့နည်း။
အပိုင်း(၁၁၈၀) ပြီး၏