နင်ဘယ်လိုလှည့်စားခဲ့တာလဲ
Vol. 79 Ch. 1185
ယခုအချိန်တွင် အရာအားလုံးက ရှင်းလင်းသွားပြီ ဖြစ်သည်။
မေမေ၀မ်၏ စရိုက်လက္ခဏာအရ လိမ်လည်လှည့်ဖြားခြင်းကို လုံး၀ မလုပ်ဆောင်မည်မှာ သေချာ၏။
ထို့ကြောင့် တစ်စုံတစ်ယောက်က မှော်လက်များပိုင်ရှင်နတ်ဘုရားမယ်တော်အဖြစ် ဟန်ဆောင်ခဲ့သည်မှာ သေချာသွားပြီဖြစ်သည်။
သို့သော် ဤလူက မည်သို့သော ပုံသဏ္ဍာန်ရှိသည်ကို ကျန်းယင်ယွဲ့ တစ်ယောက်သာ သိ၏။
ထွင်ထျန်းဟာသည် ၀မ်လင်း၏ အဓိကမစ်ရှင်အရနောက်ကွယ်မှ ကြိုးကိုင်သူကို ခြေမှုန်းရန် လက်ခံခဲ့ပြီးနောက်တွင် မရည်ရွယ်ဘဲ နောက်ထပ် မစ်ရှင်တစ်ခုကို ရယူမိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထိုမစ်ရှင်မှာ မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်၏ အထောက်အထားကို အလွဲသုံးစားပြု၍ လိမ်လည်လှည့်ဖျားသူကို ရှာဖွေရန် ဖြစ်သည်။
ဤကိစ္စသည် မေမေ၀မ်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်နေသည်။
လိမ်လည်လှည့်ဖြားသူ၏ ယခုအချိန်ထိ ပြုမူပုံကို ကြည့်လျှင် လိမ်လည်လှည့်ဖျားသူသည် မေမေ၀မ်၏ အကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားပုံရ၏။
တစ်ဖက်လူက လိမ်လည်လှည့်ဖြားသော လုပ်ရပ်များကနေ အနားယူသောအခါ သူ ကျူးလွန်ခဲ့သည့် အပြစ်များကို မေ မေ၀မ် အပေါ်သို့ ပုံချရန် ဆုံးဖြတ်ခဲ့လျှင် မေမေ၀မ် ကဲ့သို့အားနည်းသောသူသည် အခက်အခဲ တွေ့ရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ထွင်ထျန်းဟာသည် ကျန်းယင်ယွဲ့ မသေသင့်သေးဟု ခံစားခဲ့ရသည်။
အနည်းဆုံးတော့ မေမေ၀မ်အဖြစ် ဟန်ဆောင်နေသူကို ရှာမတွေ့ခင်အချိန်အထိ ကျန်းယင်ယွဲ့ထံမှ သူမ၏ ပုံသဏ္ဍာန်ကို သိရှိခဲ့လျှင် သူတို့အတွက် အကောင်းဆုံး သဲလွန်စ ဖြစ်လာနိုင်ပေသည်။
"မင်းရဲ့အကြည့်တွေအရ ပြန်တိုက်ခိုက်ချင်ပုံပဲ.. ဒါပေမဲ့ မင်းမှာ အခွင့်အရေး မရှိတော့ဘူး"
ကျန်းယင်ယွဲ့က ထွင်ထျန်းဟာကို စိုက်ကြည့်၍ ပြောလိုက်သည်။
သူမ၏ အရိပ်ဗုံးသည် နောက်ဆုံးစက္ကန့် ထဲသို့ ရောက်ရှိနေပြီဖြစ်၏။
ဆိုရလျှင် နောက်ထပ် ဆယ်စက္ကန့် ကုန်လျှင် ချက်ချင်း ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။
သူမက မိုးကြိုးကိုးချက် တိုက်ကွက်ကို အသုံးပြု၍ လျှပ်စီး၏ အလင်းရောင်ကို အသုံးပြုကာ အရိပ်အနေအထားကို လျင်မြန်စွာ ချိန်ညှိ၍ ဗုံးထောင်ခဲ့သည်။
စင်စစ် ဤကဲ့သို့ အနုပညာမြောက်သော လှည့်စားမှုသည် အမြင့်ဆုံးနယ်ပယ် အဆင့်တွင်ရှိသော ကျင့်ကြံသူများသာ အသုံးပြုနိုင်သည်။
ဆိုရလျှင် ဤကဲ့သို့ တိုက်ခိုက်မှုမျိုးသည် တိုက်ပွဲအတွေ့အကြုံ ကြွယ်၀သူများသာလျှင် ရရှိနိုင်သည့် အလေ့အထ တစ်ခု ဖြစ်သည်။
သို့သော် ထွင်ထျန်းဟာသည် အရိပ်ဗုံးကို ဂရုစိုက်ဟန် မပြဘဲ အေးစက်စက် ရယ်မောလိုက်သည်။
"မင်းရဲ့ တိုက်ပွဲ၀င်စွမ်းရည်က အမှန်တကယ် မြင့်မားပါတယ်.. တိုက်ပွဲ့အတွေ့အကြုံ ရာထောင်မရှိဘဲ ဒီလိုမျိုး တိုက်ခိုက်နိုင်ဖို့ အမှန်တကယ် ခက်ခဲတယ်.. ဒါပေမဲ့ ဒီဘုရင် မင်းကို ပြောချင်တာက တိုက်ပွဲဗျူဟာ ဆိုတာ အရေးကြီးတယ် ဆိုပေမဲ့ ရန်သူရဲ့ နောက်တစ်လှမ်းကို ခန့်မှန်းနိုင်ဖို့က ပိုအရေးကြီးတယ်"
"စကားမများနဲ့ နင့်မှာ သုံးစက္ကန့်ပဲ ကျန်တော့တယ်"
ကျန်းယင်ယွဲ့က သက်ပြင်းချ၍ ပြောလိုက်သည်။
သူမရှေ့မှ အမွေးစိမ်းခွေးသည် သေခါနီးတွင် မှတ်ချက်ပေးရန် စိတ်ပါ၀င်စားနေလိမ့်မည်ဟု မထင်ခဲ့ပေ။
ယင်းက ၀တ္ထုတွေထဲကလို မှတ်ချက်ပေးသူသည် တိုက်ပွဲတွင် မသေဆုံးနိုင်သော သဘောတရားကို သက်သေပြရန် ဖြစ်နိုင်ပါသလော။
ထို့နောက်တွင် ကျန်းယင်ယွဲ့သည် သူမ၏ စိတ်ထဲကနေ ဆက်လက် ရေတွက်လိုက်သည်။
သူမက အရိပ်ဗုံး၏ လက်ချက်ဖြင့် အမွေးစိမ်းခွေး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်ကို မြင်ချင်ခဲ့၏။
အရိပ်ဗုံးသည် အရိပ်တစ်ခုမျှသာ ဖြစ်၍ ပတ်၀န်းကျင်ကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ပေ။
သို့သော်လည်း အရိပ်ဗုံးဒဏ်ကို ခံလိုက်ရသည်နှင့် မူလ ခန္ဓာကိုယ်သည် ချက်ခြင်းဆိုသလို အပိုင်းပိုင်း စုတ်ပြတ်ထွက်သွားလိမ့်မည် ဖြစ်သည်။
ဤသည်က သူမ အရိပ်ဗုံး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ပင် ဖြစ်၏။
၎င်းက လူတစ်ဦးကို အသံမထွက်ဘဲ အသက်နှုတ်ယူနိုင်စွမ်း ရှိသည်။
"သုံး..နှစ်..တစ်.."
ရေတွက်မှုက အဆုံးသတ်သွားပြီဖြစ်၍ ကျန်းယင်ယွဲ့က လှည့်ကြည့်လိုက်သည်။
စစ်မှန်သော ကျင့်ကြံသူတစ်ယောက်သည် ပေါက်ကွဲမှုကို ထိုင်စောင့်၍ ကြည့်နေမည် မဟုတ်ပေ။
သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမ သဘောပေါက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ရင်းနှီးသော ပေါက်ကွဲသံသည် မထွက်ပေါ်လာသောကြောင့်ပင်။
လူသား အသွင်အပြင်ရှိ အမွေးစိမ်းခွေးနှင့် ၎င်း၏အဖော်များ သည်လည်း အသက်ရှင်လျက်ရှိနေဆဲဖြစ်ပြီး သူမ ထင်ထားသလို အပိုင်းပိုင်း ပြတ်ထွက်မသွားခဲ့ကြပေ။
"ဒါမဖြစ်နိုင်ဘူး"
ကျန်းယင်ယွဲ့က လှည့်ကြီးလိုက်ပြီးနောက်တွင် သူမ လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
လူပုံသဏ္ဍာန်ဖြင့် ရှိနေသော ထွင်ထျန်းဟာသည် ရုတ်တရက် ခွေးပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး အစိမ်းရောင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှား၍ သူမကို ကျောဘက်ကနေ တိုက်ခိုက်လိုက်သည်။
ကျန်းယင်ယွဲ့က မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို သေသေ ချာချာ မသိသော်လည်း နောက်ထပ် တခဏမှာပင် သူမ၏ အမြင်အာရုံသည် ချက်ချင်းပင် အမှောင်ကျသွားခဲ့၏။
တိတိကျကျဆိုရလျှင် သူမသည် ရုတ်တရက် ဘာကိုမှ မမြင်နိုင်တော့ပေ။
ဤသည်မှာ ကောင်းကင်၀ါးမျို ဖားပြုပ်မျိုးနွယ်စု၏ အရာအားလုံးကို မြိုချနိုင်သောနည်းစနစ် ဖြစ်သည်။
ထိုနည်းစနစ်သည် အရာအားလုံးကို ပါးစပ်ထဲရှိ နေရာလွတ်ထဲသို့ မျိုချနိုင်၏။
အရိပ်ဗုံးများသည် အရိပ်ရှိသည့် နေရာများတွင် ထောင်နိုင်ပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော်လည်း လုံး၀မှောင်မိုက်ပြီး အလုံပိတ်နေရာမျိုးတွင် အရိပ်များသည် ဖြစ်ပေါ်လာမည် မဟုတ်ပေ။
ကျန်းယင်ယွဲ့သည် ထွင်ထျန်းဟာ၏ မျိုချခြင်းကို ခံလိုက်ရပြီးနောက်တွင် အမှောင်ထဲ၌ ရုန်းကန်နေခဲ့ရသည်။
သူမ ရောက်ရှိနေသည့်နေရာက သူမ ထင်ထားသည်ထက်ပင် ပို၍ ကြီးမားကျယ်ပြန့်ပြီး သူမ အော်ဟစ်လိုက်သောအခါတွင်လည်း မည်သည့် အသံပဲ့တင်သံမှ မကြားခဲ့ရပေ။
"အသုံးမကျတဲ့ ဂျူနီယာလေး.. မင်းဒီဘုရင်ရဲ့ နေရာလွတ်ထဲကို ၀င်လာပြီးမှတော့ ထွက်ပြေးချင်နေတုန်းပဲလား"
ထွင်ထျန်းဟာက ကျန်းယင်ယွဲ့ကို လှောင်ပြောင်လိုက်သည်။
၀မ်လင်းသည် သူ၏ မျိုချခြင်းနည်းစနစ်ကို ပြန်လည်ပြုပြင်ပေးခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် သူ၏ မျိုချသော စွမ်းရည်သည် အလွန်ပင် ပြီးပြည့်စုံလာခဲ့ပြီး အထဲတွင် ပိတ်မိနေသည့် ကျန်းယင်ယွဲ့သည်လည်း အကျဥ်းချခံလိုက်ရသကဲ့သို့ လုံးဝ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
ထွင်ထျန်းဟာ ယခုအခါတွင် အာရုံစိုက်ရမည့် တစ်ခုတည်းသောအရာမှာ အတွင်းဘက် နေရာလွတ်ထဲသို့ အလင်းရောင်များ မ၀င်ရောက်စေရန်နှင့် ကျန်းယင်ယွဲ့ကို မည်သည့် အရိပ်ဗုံးကိုမှ အသုံးပြုခွင့်မရစေရန် အခွင့်အရေး မပေးမိဖို့ ဖြစ်သည်။
ကျန်းယင်ယွဲ့၏ မာနကြီးသောစရိုက်အရ ဗုံးပေါက်ကွဲချိန်တွင် ပေါက်ကွဲမှုကို လုံး၀ ကြည့်ရှုမည် မဟုတ်မှန်း ထွင်ထျန်းဟာက ကြိုတင် ခန့်မှန်းမိခဲ့သည်။
ကျင့်ကြံသူ အများအပြားသည် ပြိုင်ဘက် အဆုံးသတ်ခါနီးတွင် ပြိုင်ဘက်ကို မကြည့်ဘဲ အနောက်သို့ လှည့်သွားသည့် အလေ့အထ ရှိသည်။
ထို့ကြောင့် ထွင်ထျန်းဟာသည် ဤအခွင့်အရေးကို ချက်ခြင်းဆုပ်ကိုင်လိုက်ပြီး ကျန်းယင်ယွဲ့ကို တန်ပြန် တိုက်ခိုက်နိုင်မည့် အခွင့်အရေးအဖြစ် ပြောင်းလဲကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်၏။
"မင်းက ရိုးရိုးခွေးတစ်ကောင် မဟုတ်ဘူးပဲ"
ကျန်းယင်ယွဲ့က နေရာလွတ်ထဲတွင် ရုန်းကန်ရင်း မလွတ်မြောက်နိုင်ကြောင်း သဘောပေါက်လိုက်သောအခါတွင် ရုန်းကန်မှုကို စွန့်လွှတ်လိုက်ပြီး နောက်ထပ် အခွင့်အရေး ရှာဖွေရန် အတွက် သူမ၏ အင်အားကို ချွေတာထားရန် ဆုံးဖြတ်လိုက်သည်။
"ဒီဘုရင်က ဖားပြုတ်နတ်ဆိုး မျိုးနွယ်စုရဲ့ နတ်ဆိုးဘုရင်ပဲ.. လက်ရှိအချိန်မှာတော့ အစွမ်းထက်တဲ့ လူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရရှိထားပြီးအရင်ကထက် ပိုပြီး သန်မာလာခဲ့ပြီ"
"နတ်ဆိုးဘုရင်လား"
ကျန်းယင်ယွဲ့က အံ့အားသင့်သွားခဲ့သည်။
သူမအနေဖြင့် ရိုးသားစွာပြောရလျှင် ထွင်ထျန်းဟာ၏ ခန္ဓာကိုယ်ပေါ်ရှိ ၀ိညာဥ်ချီသည် အလွန်ပင် သန့်ရှင်းလွန်းနေ၏။
သူမက အမွေးစိမ်းခွေး၏ ကိုယ်ပေါ်တွင် နတ်ဆိုးဘုရင်၏ နတ်ဆိုးချီကို လုံး၀ မခံစားခဲ့ရပေ။
ယခုအချိန်တွင် သူမသည် လူလုပ် အနက်ရောင်တွင်းနက်ကြီးထဲသို့ မျိုချ ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဤနေရာက အလင်းရောင် တစ်စက်မျှပင် မရှိသောကြောင့် အလွန်ပင် မှောင်မိုက်နေပြီး သူမ၏ အရိပ်ဗုံးများကိုလည်း အသုံးပြုခွင့် မရရှိခဲ့ပေ။
"ငါနင့်ကို မေးစရာမေးခွန်းတစ်ခုရှိတယ်.. နင်ဘယ်လိုလုပ်ပြီး ငါ့ရဲ့ အရိပ်ဗုံးကို ရှောင်တိမ်းနိုင်ခဲ့တာလဲ"
ကျန်းယင်ယွဲ့က သိချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ မေးခွန်းထုတ်လိုက်သည်။
"ဂျူနီယာလေး..မင်းရဲ့အကြံက လုံး၀ကို ကောင်းမွန်ပါတယ်..ဒါပေမဲ့ မင်းက အရိပ်ဗုံးရဲ့ အသက်သေစေနိုင်တဲ့ ချို့ယွင်းချက်ကို မတွေ့ရှိသေးပုံပဲ"
ထွင်ထျန်းဟာက စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်သည်။
"အသက်သေစေနိုင်တဲ့ ချို့ယွင်းချက်.. ဟုတ်လား.."
"မင်းက ထိတွေ့လိုက်တဲ့အရိပ်ကိုပဲ ဗုံးအဖြစ် ပြောင်းလဲနိုင်တယ်.. ဒါပေမဲ့ ဒီလို အမျိုးအစားဗုံးတွေမှာ ကန့်သတ်ချက်တွေရှိတယ်.. အရိပ်က ပြောင်းလဲသွားတာနဲ့အမျှ အရိပ်ဗုံးရဲ့ အကျိုးသက်ရောက်မှုကလည်း ပျောက်ဆုံးသွားလိမ့်မယ်"
ထွင်ထျန်းဟာက ရှင်းပြလိုက်သည်။
"မင်းရဲ့အရိပ်နဲ့ ထိတွေ့မိတာက ငါ့ရဲ့လူပုံစံအရိပ် ဖြစ်တယ် ဒါပေမဲ့ ငါက ခွေးအသွင် ပြောင်းလဲလိုက်တော့ အရိပ်က ချက်ခြင်း ကွဲပြားသွားခဲ့တယ်.. ရလဒ်အနေနဲ့ အရိပ်ဗုံးရဲ့ အကျိုးသက်ရောက်မှုက ပျောက်ဆုံးသွားခဲ့တယ်.. ဒါကြောင့် မင်းထင်ထားသလို ပေါက်ကွဲမှုက ဖြစ်မလာခဲ့တာပဲ"
ထွင်ထျန်းဟာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းယင်ယွဲ့သည် သူမ၏ ချို့ယွင်းချက်ကို သိရှိသွားခဲ့သည်။
"ငါတစ်ခုမေးချင်တယ်.. နင်ဘယ်လိုလုပ်ပြီး ဒီချို့ယွင်းချက်ကို သိနိုင်ခဲ့တာလဲ"
ကျန်းယင်ယွဲ့က မယုံကြည်နိုင်သော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။
"တစ်ခါတစ်ရံမှာ တိုက်ပွဲ၀င်ဗျူဟာတွေက အရေးပါတာ မှန်ပါတယ်.. ဒါပေမဲ့ ဘယ်လိုတိုက်ပွဲ၀င်ဗျူဟာကမှ လောင်းကစားသမားတွေ အပေါ်မှာ အသုံးမ၀င်ဘူး.. ဒီဘုရင်က အရိပ်ကိုပြောင်းလဲလိုက်ရင် မင်းရဲ့ဗုံးက ငါ့အပေါ်မှာ အလုပ်မဖြစ်ဘူးလို့ လောင်းကြေးထပ်လိုက်တာပဲ.. ဒီလိုနဲ့ပဲ ငါက ဒီတိုက်ပွဲရဲ့အောင်နိုင်သူ ဖြစ်လာခဲ့တယ်"
ထွင်ထျန်းဟာက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
အပိုင်း(၁၁၈၅) ပြီး၏