အရိပ်အဖွဲ့၏ ဘိုးဘေး
Vol. 79 Ch. 1182
[ဒဏ္ဍာရီလာ တတိယမြောက် မော်ကွန်း၀င်အဆင့်လူသတ်သမား.. အရိပ်အဖွဲ့ကိုတည်ထောင်သူ ကျန်းယင်ယွဲ့]
[လူသတ်သမားလောကတွင် ခေါ်ဝေါ်သောအမည်- အရိပ်ဘိုးဘေး]
တိုက်ခိုက်ရေးစွမ်းအားအရ ကျန်းယင်ယွဲ့သည် သူမ အထွတ်အထိပ် ရောက်စဥ်ကာလတွင် လေလွင့်ကိုလူချောနှင့်တာအိုဆရာတောက်တိတို့နဲ့ တန်းတူအဆင့်ရှိသည်ဟု ဆိုနိုင်၏။
သို့သော် ၎င်းတို့သည် ဆရာတူများတော့ မဟုတ်ကြပေ။
ကျင့်ကြံခြင်းလောကကနေ ရုတ်တရက် ပျောက်ကွယ်သွားသော ကျန်းယင်ယွဲ့က အမှန်တကယ် ပျောက်ကွယ်သွားခြင်းမဟုတ်ပဲ သေဆုံးသွားခြင်း ဖြစ်သည်ဟု ထွင်ထျန်းဟာ မမျှော်လင့်ခဲ့ပေ။
ယခုတစ်ကြိမ်တွင် ပြန်လည်ရှင်သန်ထမြောက်လာသူ အဖြစ် ဤနေရာတွင် မပေါ်ပေါက်ခဲ့လျှင် ကျန်းယင်ယွဲ့ ပျောက်ဆုံးနေသောဖြစ်ရပ်သည် လူသတ်သမားလောကတွင် ယခုအချိန်ထိ မဖြေရှင်းနိုင်သော လျှို့၀ှက်ဆန်း ကြယ်မှုတစ်ခု ဖြစ်နေနိုင်ဖွယ် ရှိ၏။
သို့ရာတွင် ထွင်ထျန်းဟာသည် ကျန်းယင်ယွဲ့ မည်ကဲ့သို့ သေဆုံးခဲ့သည်ကို အလွန်အမင်းသိချင်နေခဲ့သည်။
၀မ်ကျန်းနှင့် ငွေရောင်လေးတို့က ကျန်းယင်ယွဲ့၏ အထောက်အထားကို ထွင်ထျန်းဟာလောက် စိတ်မ၀င်စားကြပေ။
"မင်းက ဘယ်လိုလုပ်ပြီး သေဆုံးသွားခဲ့လဲဆိုတာ ပြောပြလို့ရမလား"
"ငါက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို စိန်ခေါ်ပြီး ရှုံးနိမ့်သွားခဲ့ရတယ်"
မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို ရှုံးနိမ့်သည်က ဘာမှ မထူးခြားသကဲ့သို့ ကျန်းယင်ယွဲ့သည် ပေါ့ပေါ့ပါးပါပင် ပြောဆိုခဲ့သည်။
"ဒါဆို မင်းက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်ဖူးတာပေါ့"
ထွင်ထျန်းဟာက အံ့အားသင့်စွာ ပြောလိုက်သည်။
"မြင်ဖူးရုံတင် ဘယ်ကမလဲ သူနဲ့တောင် တိုက်ခိုက်ခဲ့တယ်.. သူ့ရဲ့လက်ချက်ကြောင့်ပဲ ငါက အပြင်းအထန်ဒဏ်ရာရပြီး သေဆုံးသွားခဲ့ရတယ်.. ဒါပေမဲ့လည်း အခုထက်ထိ သူနဲ့ ငါ့ရဲ့တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပါပဲ"
ကျန်းယင်ယွဲ့က ပြောလိုက်သည်။
"အခုငါက ပြန်လည်ရှင်သန်လာဖို့ အခွင့်အရေးရလာပြီ ဆိုတော့ သူနဲ့သာ ထပ်တွေ့ခဲ့ရင် လူသတ်သမားဘိုးဘေး ဆိုတဲ့ သူ့ရဲ့ဘွဲ့ကို ငါ့ရဲ့လက်နဲ့ပဲ ကိုယ်တိုင် သိမ်းပိုက်သွားမှာ ဖြစ်တယ်"
"မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်ဖူးရုံတင်မကဘူး.. တိုက်တောင် တိုက်ခိုက်ခဲ့ဖူးတယ် ဟုတ်လား"
ထွင်ထျန်းဟာက ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်၏ အစစ်အမှန် အထောက်အထားကို သိထားသော လူနည်းစုထဲမှတစ်ဦး ဖြစ်သောကြောင့်ပင်။
မေမေ၀မ်ကဲ့သို့ အိမ်ရှင်မစစ်စစ် တစ်ယောက်က ကျန်းယင်ယွဲ့ကဲ့သို့ ရူးသွပ်သူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်ကို စဥ်းစားရင်း ထွင်ထျန်းဟာသည် တစ်ခုခု လွဲမှားနေသလို ခံစားမိခဲ့သည်။
မေမေ၀မ်က အမှန်တကယ်ပင် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် ဖြစ်သော်လည်း သူမ၏ အထောက်အထားသည် အမျိုးမျိုးသော တိုက်ဆိုင်မှုများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အမှန်တရားမှာ ဤနှစ်များအတွင်း မေမေ၀မ် ကိုယ်တိုင်ပင် သူမ၏ တစ်ချိန်က ကလောင်အမည် ဖြစ်သည့် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် ဟူသော ကလောင်အမည်ကိုပင် မေ့လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ ပျောက်ဆုံးသွားသော ၀တ္ထုစာမူကြမ်းက လူနှစ်ယောက်ကို မော်ကွန်း၀င်အဆင့် လူသတ်သမားအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့ကြောင်းကိုပင် သူမ မသိခဲ့ပေ။
ကျန်းယင်ယွဲ့သည် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို ရှုံးနိမ့်ခဲ့ခြင်းအတွက် နောင်တ အနည်းငယ်မျှပင် မခံစားခဲ့ရပေ။
တစ်ခါတစ်ရံတွင် မိမိ၏အဆင့်အတန်းက သူတပါးအပေါ် မမီရုံဖြင့် ညီးညူနေစရာ အကြောင်းမရှိပေ။
မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် ဟူသော ကလောင်အမည်ကို အသုံးပြုနေသောအချိန်တွင် မေမေ၀မ်သည် အမှန်တကယ်ပင် ဥာဏ်ကောင်းပြီး သိမ်မွေ့သော အမျိုးသမီး စာရေးဆရာမ တစ်ဦး ဖြစ်ခဲ့သည်။
၀မ်လင်းကို မွေးဖွားပြီးနောက်တွင် မေမေ၀မ်သည် ဇနီးကောင်းနှင့် မိခင်ကောင်း အဖြစ် ပြောင်းလဲသွားခဲ့၏။
ထို့ကြောင့် ထွင်ထျန်းဟာသည် ကျန်းယင်ယွဲ့၏ စကားများကို ကြားသောအခါတွင် သူ၏စိတ်ထဲမှ မေမေ၀မ်၏ပုံရိပ်က ဝေ၀ါးလာသလို ခံစားမိခဲ့သည်။
"မေမေ၀မ်က အမှန်တကယ်ပဲ ကျင့်ကြံသူတစ်ယောက်လား..ငါထင်ထားသလို တိုက်ဆိုင်တာတွေ မဟုတ်ဘူးလား"
တခဏအတွင်းမှာပင် ထွင်ထျန်းဟာသည် စိတ်များ နောက်ကျိသွားသလို ခံစားလာရသည်။
သူက ၀မ်မိသားစု အိမ်ငယ်လေးတွင် ရက်ပေါင်းများစွာ နေထိုင််ခဲ့သူ ဖြစ်သည်။
မေမေ၀မ်နှင့် ပတ်သက်၍ ပုံမှန်မဟုတ်သော အရာများကို လုံး၀ သတိမထားမိခဲ့ပေ။
ဆိုရလျှင် မေမေ၀မ်သည် တကယ်ကိုပင် စည်းကမ်းသေ၀ပ်ပြီး စည်းစနစ်ကျသော အိမ်ရှင်မတစ်ယောက်သာ ဖြစ်၏။
သို့သော်လည်း ကျန်းယင်ယွဲ့၏ အပြောအရ သူမနှင့် ကျန်းယင်ယွဲ့တို့ ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခဏာများ အမှန်တကယ် ရှိနေခဲ့သည်။
ထိုခဏတွင် ကျန်းယင်ယွဲ့သည် ထွင်ထျန်းဟာကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။
သူမ ပြန်လည်ရှင်သန်ထမြောက်လာပြီးသည့် နောက်တွင် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ မကြာသေးမီ နှစ်များအတွင်း အရိပ်အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုကို သိရှိရန် ဖြစ်၏။
အဆုံးသတ်တွင် သူမသည် အရိပ်အဖွဲ့က အမှတ်၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ရန် ကြိုးစားရင်း အဖွဲ့အစည်း တစ်ခုလုံး ပျက်စီးသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
သူမ တစ်သက်လုံး ပင်ပင်ပန်းပန်း တည်ထောင်ထားခဲ့သည့် အရိပ်အဖွဲ့သည် တစ်လအတွင်းမှာပင် ချက်ခြင်းဆိုသလို ပြိုကွဲသွားခဲ့၍ ကျန်းယင်ယွဲ့၏ နှလုံးသားသည် ကျိုးပဲ့သွားခဲ့သည်။
စုံစမ်းစစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက်တွင် အရိပ်အဖွဲ့ ပြိုကွဲရသည့် အဓိကအကြောင်းရင်းမှာ အရိပ်အဖွဲ့မှ လူများအနေဖြင့် တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပါသောကြောင့်ဖြစ်ကြောင်း ကျန်းယင်ယွဲ့ သိရှိခဲ့ရသည်။
ထို့ကြောင့် ကျန်းယင်ယွဲ့သည် အထူးပရောဂျက် တစ်ခုကို စတင်ခဲ့ပြီး အရိပ်အဖွဲ့ ပြန်လည်ရှင်သန်ရန် နည်းလမ်း ၃၆၀ဟု အမည်ပေးထားခဲ့သည်။
ထိုပရောဂျက်တွင် သူမသည် အရိပ်အဖွဲ့၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှု အတွက် ကြီးကျယ်ခမ်းနားသော လမ်းကြောင်းကို စေ့စပ်သေချာစွာ ချမှတ်ခဲ့ပြီး လက်စားချေရန်အတွက် လိုအပ်သော လူသူများကိုပါ စုဆောင်းခဲ့သည်။
"ငါလက်စားချေရမဲ့ စာရင်းမှာ အမွေးစိမ်း ခွေးတစ်ကောင်ပါနေတာ ငါမှတ်မိတယ်"
ထိုအချိန်တွင် ကျန်းယင်ယွဲ့၏ စူးရှသောအကြည့်သည် ထွင်ထျန်းဟာ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့သည်။
အရိပ်အဖွဲ့၏ တည်ထောင်သူသည် တကယ်ကို သာမန် မဟုတ်ဟုသာ ဆိုနိုင်၏။
ထွင်ထျန်းဟာက လူသား အသွင်ပြောင်းရန် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ခဲ့သော်လည်း သူမသည် ထွင်ထျန်းဟာ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ကြည့်ရုံမှဖြင့် အမွေးစိမ်းရှိသည့် ရောကျော်ခွေး ဖြစ်ကြောင်း သိရှိနိုင်ခဲ့သည်။
ဤကမ္ဘာကြီးတွင် ရောကျော်ခွေးများစွာ ရှိသော်လည်း အစိမ်းရောင်အမွေး ရှိသည့်ခွေး မည်မျှရှိနိုင်ပါမည်နည်း။
ထို့ကြောင့် ကျန်းယင်ယွဲ့၏ ထွင်ထျန်းဟာ၏ အစစ်အမှန်အထောက်အထားကို ချက်ခြင်းဆိုသလို ခန့်မှန်းမိခဲ့သည်။
ထိုသို့သိရှိရန်အတွက် သူမသည် မည်သည့် အမြင်စွမ်းအား သို့မဟုတ် မှော်ရတနာကိုပင် အသုံးမပြုခဲ့ဘဲ သူမ၏ အတွေ့အကြုံကိုသာ အားကိုးခဲ့ခြင်း ဖြစ်သည်။
စင်စစ် သူမ၏ အင်အားသည် လေလွင့်ကိုလူချောနှင့် တာအိုဆရာတောက်တိ တို့ထက် နိမ့်ကျခြင်းမရှိခဲ့ပေ။
"မင်းက ငါ့ဆီမှာ မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် အကြောင်းကို ဒီလောက်အထိ စပ်စုနေမှတော့ မင်းက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်ဖူးလို့လား"
"ကောင်းကောင်းကြီး မြင်ဖူးတာပေါ့"
ထိုစကားကိုကြားလျှင် ကျန်းယင်ယွဲ့သည် ထွင်ထျန်းဟာကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
"မင်းက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်ဖူးတာတောင် အခုထိ အသက်ရှင်နေသေးတယ်လား.. မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်က ငါနဲ့ တိုက်ခိုက်မဲ့အချိန်မှာ သေခြင်းရှင်ခြင်း စာချုပ်ကို ချုပ်ဆိုခဲ့တယ်.. အဲဒီတုန်းက သူ့ရဲ့ခန္ဓာကိုယ်ကို မြင်တွေ့တဲ့သူတိုင်း သေချာပေါက် သေရလိမ့်မယ်လို့ ငါ့ကို သူမက ပြောခဲ့ဖူးတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းယင်ယွဲသည် ထွင်ထျန်းဟာကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
"မင်းက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်ပြီးတာတောင် အသက်ရှင်နေသေးတယ် ဆိုတော့ တကယ်ကိုထူးခြားတာပဲ"
ထွင်ထျန်းဟာ " ? ? ? "
၀မ်မိသားစုအိမ်ငယ်လေးတွင် နေထိုင်နေ၍ ထွင်ထျန်းဟာသည် မေမေ၀မ်ကို နေ့စဥ်လိုလို တွေ့နေခဲ့ရသည်။
မေမေ၀မ်က သူ့ကို သူမ၏ မျက်နှာအစစ်အား မြင်တွေ့ခဲ့၍ သတ်ပစ်မည်ဟု တစ်ခါမှ မပြောခဲ့ဖူးပေ။
ဤအချိန်တွင် ထွင်ထျန်းဟာသည် နားလည်မှု လွဲမှားခြင်းတစ်ခုခု ရှိနေနိုင်သည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
ဤကဲ့သို့ နားလည်မှုလွဲမှားခြင်းမျိုးသည် တခဏအတွင်း စကားလုံးများနှင့် ရှင်းပြဖို့ မဖြစ်နိုင်သည်မှာ ထင်ရှားနေ၏။
ကျန်းယင်ယွဲ့သည် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် သူမ ပြန်လည်ရှင်သန်လာပြီးနောက်တွင် အကြီး မားဆုံး မျှော်လင့်ချက်မှာ ယခင်က ကျရှုံးမှုကို ပြန်လည်အဖက်ဆယ်ရန်အတွက် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်နှင့် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် ဖြစ်သည်။
သို့သော် ယခုအခါတွင် ကျန်းယင်ယွဲ့သည် သူမ၏ဆန္ဒကို အပြည့်အဝ အကောင်အထည်ဖော်၍ မရနိုင်တော့ဟု ထင်မြင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်သည် သူမ၏ခန္ဓာကိုယ် အစစ်အမှန်ကို မြင်ဖူးသည့် မည်သူ့ကိုမဆို သတ်ပစ်မည်ဟု ပြောဆိုခဲ့သောကြောင့်ပင်။
ဤအစိမ်းရောင်ခွေးက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်ပြီးနောက်မှာပင် အသက်ရှင်နေခဲ့သည်မှာ မည်သည့်အရာကို ဆိုလိုနေပါသနည်း။
ဤအစိမ်းရောင် ရောကျော်ခွေးက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို သတ်ပစ်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းယင်ယွဲ့သည် ထွင်ထျန်းဟာကို စူးစိုက်၍ ကြည့်လိုက်သည်။
သူမ၏အမူအရာသည် အနည်းငယ် မှောင်မိုက်သွားခဲ့၏။
"မင်း မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို သတ်ခဲ့တာမဟုတ်လား"
ထွင်ထျန်းဟာ"? ? ?"
ကျန်းယင်ယွဲ့ "မင်းက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို သတ်ပစ်ခဲ့တယ် ဆိုမှတော့ မင်းရဲ့ခွန်အားက မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ရဲ့ ခွန်အားထက် မြင့်မားတယ်လို့ ဖော်ပြနေတာပဲ.. ဒါကြောင့် မင်းကို သတ်နိုင်သ၍ ငါက လူသတ်သမားလောကရဲ့ နံပါတ်တစ် ဘိုးဘေးဆိုတာ ကမ္ဘာကြီးကို သက်သေပြနိုင်လိမ့်မယ်"
"ဒီကိစ္စမှာ နားလည်မှုလွဲမှားတာ တစ်ခုခုရှိနေနိုင်တယ်လို့ ငါထင်တယ်"
ထွင်ထျန်းဟာက အလျင်အမြန် တားဆီးဖို့ကြိုးစားလိုက်သည်။
ယင်းမှာ သူက ကြောက်ရွံ့၍ မဟုတ်ပေ။
ကိစ္စများက အပြည့်အ၀ မရှင်းလင်းသေးဟု ခံစားရသောကြောင့် ဖြစ်သည်။
သို့သော် ကျန်းယင်ယွဲ့သည် သူ့ကိုအခွင့်အရေး မည်သို့ပေးနိုင်ပါအံ့နည်း။
နောက်ထပ် တစ်ခဏမှာပင် ကျန်းယင်ယွဲ့၏ ခန္ဓာကိုယ်ကနေ အရိပ်များစွာ ကွဲထွက်သွားပြီး ထွင်ထျန်းဟာကို ၀ိုင်းရံထားခဲ့သည်။
"ကိုယ်ခွဲတွေများလှချည်လား.."
ထွင်ထျန်းဟာက ချက်ခြင်းပင် သတိအပြည့် ကပ်ထားလိုက်သည်။
"ဒီမိန်းမက နောက်ပြောင်နေတာ မဟုတ်ဘူး.. တကယ်ကြီး လုပ်နေတာဟ.."
အပိုင်း(၁၁၈၂) ပြီး၏