← Chapters

မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကလူလိမ်လား

Vol. 79 Ch. 1184

မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကလူလိမ်လား

Vol. 79 Ch. 1184

ထွင်ထျန်းဟာ၏အရိပ်ရုပ်သွင်သည် ဧရာမသံမဏိ ဖားတစ်ကောင်၏ ပုံသဏ္ဍာန် ဖြစ်သည်။

၎င်း၏ တစ်ကိုယ်လုံးကို ကြေးနီနှင့်သံမဏိများဖြင့် ပြုလုပ်ထားပြီး အရွယ်အစားကိုမူ ထွင်ထျန်းဟာသည် လိုသလို ထိန်းချုပ်နိုင်၏။

လှိုဏ်ဂူအတွင်း တိုက်ခိုက်နေရသောကြောင့် ထွင်ထျန်းဟာသည် အရိပ်ရုပ်သွင်၏ အရွယ်အစားကို တတ်နိုင်သမျှ သေးငယ်အောင် ပြုလုပ်ထားခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်၏။

ဤသည်မှာ မဖျက်ဆီးနိုင်သော ခံတပ်တစ်ခုဖြစ်ပြီး ပြင်းထန်သည့် အ​မြောက်စွမ်းအားလည်း ရှိ၏။

ဖား၏ နောက်ကျောဘက်တွင် မတူကွဲပြားသော အမြောက် ဒါဇင်ပေါင်းများစွာ ရှိသည်။

ဤအမြောက်များသည် စွမ်းအင်သိုလှောင်ရသည့်သဘောသဘာ၀ ရှိပြီး ပစ်ခတ်ရန်အတွက် ၀ိညာဥ်စွမ်းရည်အချို့ လိုအပ်၏။

အစောပိုင်းက ထွင်ထျန်းဟာသည် သူ၏ အရိပ်ရုပ်သွင်ကို မဆင့် ခေါ်ခဲ့ပေ။

အဓိကအကြောင်းရင်းမှာ ၀ိညာဥ်စွမ်းရည်ကို အမြောက်အတွင်း သိုလှောင်နေ၍ ဖြစ်၏။

သူက ဤတစ်လျောက်လုံးတွင် သူ၏ အရိပ်ရုပ်သွင်၌ ၀ိညာဥ်စွမ်းအင်များ သိုလှောင်ထားခဲ့ရာ ယခုအခါတွင် အသုံး၀င်လာခဲ့ပြီ ဖြစ်၏။

ဖားခံတပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ခန္ဓာကိုယ်သည် အနီးပတ်၀န်းကျင်ရှိ အရိပ်အားလုံးကို ပြန်ကျဲ့သွားစေနိုင်သည့် တောက်ပသော အလင်းရောင်ကို ချက်ခြင်းဆိုသလို ထုတ်လွှတ်လိုက်၏။

ကျန်းယင်ယွဲ့၏ အရိပ်ရုပ်သွင် စွမ်းအင်သည် အရိပ်များကို ထိတွေ့ခြင်းဖြင့် ဗုံးထောင်နိုင်သော အမျိုးအစား ဖြစ်သည်။

ဤစွမ်းရည်သည် အတော်လေး ဒုက္ခပေးနိုင်သော်လည်း ဖားခံတပ်၏ အလင်းရောင် အကျိုးသက်ရောက်မှုများဖြင့် ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။

ထိုအလင်းရောင်သည် ထွင်ထျန်းဟာ၏ အရိပ်ကို အမြဲတစေခြေထောက်ဘေးတွင် ရှိနေစေမည်ဖြစ်ပြီး အလျားလိုက်အစင်းကြောင်းများ မဖြစ်ပေါ်စေရန်အတွက် တိကျစွာထိန်းချုပ်နိုင်စေမည် ဖြစ်၏။

"ငါ့ဖားခံတပ်ရဲ့ ၀ိညာဥ်စွမ်းအင်သုံး အမြောက်က ပိုမြန်မလား .. မင်းရဲ့အရိပ်ဗုံးကပဲ ငါ့ကို အရင်ထိနိုင်သလား ဆိုတာ စမ်းကြည့်ကြတာပေါ့"

ယခုအချိန်တွင် ထွင်ထျန်းဟာသည် ကျန်းယင်ယွဲ့နှင့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားခဲ့သည်။

ထိုအကွာအဝေးအရ သူ၏ အရိပ်ရုပ်သွင်သည် ခုခံရေးနှင့်တိုက်ခိုက်ရေး နှစ်ခုစလုံးတွင် အားသာချက်များ ရှိနေခဲ့ ၏။

လက်ရှိအချိန်တွင် ကျန်းယင်ယွဲ့က အရိပ်ဗုံး ထောင်ခဲ့လျှင်ပင် ထွင်ထျန်းဟာသည် ၀မ်ကျန်းနှင့် ငွေရောင်လေးကို သူ၏ဖားခံတပ်ထဲသို့ ချက်ခြင်းပင် မြိုချနိုင်ပေသည်။

အရိပ်ဗုံးက အားကောင်းသော်လည်း ဖားခံတပ်သည် ကျန်းယင်ယွဲ့နှင့် အနည်းငယ် လှမ်းနေသဖြင့် ကာကွယ်နိုင်သည့်အတိုင်းအတာတွင် ရှိနေဆဲ ဖြစ်သည်။

အကယ်၍ ထိခိုက်ဒဏ်ရာရခဲ့လျှင်ပင် ငွေရောင်လေး၏ သူတော်စင်သားရဲသွေးစက် အနည်းငယ်ဖြင့် ချက်ခြင်းဆိုသလို ကုသနိုင်မည် မဟုတ်ပါလော။

"နင်က ငါ့ကို အမြောက်နဲ့ ပစ်ချင်တာလား.. ဒါဆို နင့်အတွက် အဆင်မပြေလောက်ဘူး ထင်တယ်"

ကျန်းယင်ယွဲ့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

သူမ ရှေ့မှ အမွေးစိမ်းခွေးသည် သူမ ထင်ထားသည်ထက်ပင် ပို၍ ကိုင်တွယ်ရခက်နေခဲ့၏။

ကျန်းယင်ယွဲ့ကို ပို၍ အံ့အားသင့်စေသည်မှာ ထွင်ထျန်းဟာကလည်း အရိပ်တာအို၏ စွမ်းအားကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။

ဤအခြေအနေသည် ကျန်းယင်ယွဲ့ အတွက် ပို၍ပင် စိတ်၀င်စားစရာ ကောင်းလာခဲ့၏။

"ငါက အမြောက်ကျည်ကို အမျိုးအစားသုံးဆယ် အထိ အသုံးပြုနိုင်တယ် ဒီလို ကျဥ်းမြောင်းတဲ့နေရာအတွက် အထူးပြုလုပ်ထားတဲ့ အမြောက်ကျည်တွေလည်း ငါ့မှာရှိတယ်"

ထွင်ထျန်းဟာက ကျန်းယင်ယွဲ့ကို အသေးစိတ်ရှင်းပြလိုစိတ်မရှိပေ။

သူ့အမြင်တွင် တိုက်ပွဲ၏ အနိုင်အရှုံးက ဆုံးဖြတ်ပြီးပြီဖြစ်သည်။

သူ၏ ဖျက်ဆီးခြင်းကျည်သည် အလိုအလျောက် ခြေရာခံနိုင်သည့်စွမ်းရည် ရှိသည်။

၎င်းက ဖျက်ဆီးမည့်အရာ၀တ္ထုနှင့် ထိတွေ့မိသောအခါကြီးမားသော ပေါက်ကွဲမှုကို မဖြစ်စေပေ။

ထိုအစား ချက်ခြင်းဆိုသလို ပျော်၀င်စေနိုင်သည့် အက်စစ်ကို ထုတ်လွှတ်ပေးမည် ဖြစ်သည်။

သို့သော် ရိုးသားစွာ၀န်ခံရလျှင် ထွင်ထျန်းဟာသည် ကျန်းယင်ယွဲ့ကို ချက်ခြင်း သတ်ဖြတ်လိုစိတ်မရှိခဲ့ပေ။

အကြောင်းရင်းမှာ မေမေ၀မ်၏ လျှို့၀ှက်ချက်သည် လုံးဝ ဖြေရှင်းပြီးပြီဟု ထွင်ထျန်းဟာ မထင်၍ ဖြစ်သည်။

ဤနေရာတွင်သာ ကျန်းယင်ယွဲ့ကို သတ်ပစ်လိုက်လျှင် ဤကိစ္စသည် အနာဂတ်တွင် သက်သေ အထောက်အထားမရှိဘဲ မဖြေရှင်းနိုင်ခဲ့သည့် လျှို့၀ှက်ဆန်းကြယ်ကိစ္စ တစ်ခု ဖြစ်သွားနိုင်ဖွယ် ရှိ၏။

ယခုအချိန်တွင် ဖြစ်နိုင်ချေ အများဆုံးခန့်မှန်းချက်မှာ တစ်စုံတစ်ယောက်သည် မေမေ၀မ်၏ မှော်လက်များပိုင်ရှင်နတ်ဘုရားမယ်တော် ဟူသည့် အထောက်အထားကို အသုံးပြု၍ လူအများကို ဟန်ဆောင် လှည့်ဖျားနေခြင်းဖြစ်သည်။

ကျန်းယင်ယွဲ့သည်လည်း ထိုလူ၏ လှည့်စားခြင်းကို ခံခဲ့ရသူများထဲမှ တစ်ဦး ဖြစ်ပုံရ၏။

"မင်းကို ကြည့်ရတာ ငါ့ကိုသတ်ဖို့ ဆုံးဖြတ်ချက် မချရသေးတဲ့ပုံပဲ.. သေရေးရှင်ရေး တိုက်ပွဲတစ်ခုမှာ ဆုံးဖြတ်ချက် မပြတ်သားတာက အားနည်းချက်ကြီး တစ်ခုပဲ"

ကျန်းယင်ယွဲ့က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

နောက်ထပ် တခဏတွင် ကျန်းယင်ယွဲ့သည် သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွေ့လျားလိုက်သည်။

ထွင်ထျန်းဟာက ဤမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

အကြောင်းရင်းမှာ ဤလှုပ်ရှားမှုမျိုးက အရာအားလုံးကို ရင်းနှီးလိုက်သည့် အဆုံးစွန်သော လှုပ်ရှားမှုမျိုး ဖြစ်နေသောကြောင့်ပင်။

လူသတ်သမားစာရင်းတွင် ဒဏ္ဍာရီလာ မော်ကွန်း၀င်အဆင့် တတိယမြောက် လူသတ်သမားဖြစ်သည့် ကျန်းယင်ယွဲ့၏ အခွင့်အရေးကို သိမ်းပိုက်နိုင်စွမ်းသည် အရိပ်အဖွဲ့မှ ညီအစ်မနှစ်ယောက်ထက် များစွာ သာလွန်၏။

သူမက ရက်စက်ပြတ်သားပြီး မည်သည့်အခါမှ တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။

"မိုးကြိုးကိုးချက်တိုက်ကွက်"

သူမက လက်ထဲမှ ဓားမြှောင်ကို ပစ်လွှတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း လေထဲတွင် လက်ဟန်စည်းတံဆိပ် တစ်ခုကို လျင်မြန်စွာ​ ပြုလုပ်လိုက်သည်။

တခဏအတွင်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး ဓားမြှောင်ဆီမှ လျှပ်စီးစွမ်းအားသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်၏။

"ဒီလောက်က သေးငယ်တဲ့ လှည့်ကွက်လေးပါပဲ"

ထွင်ထျန်းဟာက ဖားခံတပ်ကို ကာကွယ်ရေး အနေအထားသို့ ရောက်ရှိစေရန် ထိန်းချုပ်ထားလိုက်သည်။

သူမှန်းဆထားသည့် အတိုင်းပင် ဤဓားမြှောင်သည် သူ၏ အကာအကွယ် နံရံကို မထိုးဖောက်နိုင်ခဲ့ပေ။

ဆိုရလျှင် မိုးကြိုးကိုးချက် တိုက်ကွက်သည် အလွန် အဆင့်မြင့်သော သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခု မဟုတ်ပေ။

ထိုထက် အရေးကြီးသည်မှာ ကျန်းယင်ယွဲ့ အသုံးပြုခဲ့သော ဓား​မြှောင်၏ အရည်အသွေးသည် အလွန် ညံ့ဖျင်းကြောင်း ထွင်ထျန်းဟာ တွေ့ရှိခဲ့ခြင်းပင်။

ထိုဓားမြှောင်က ဖားခံတပ်၏ နံရံများကို မထိုးဖောက်နိုင်ခဲ့သည့်အပြင် တစစီ ကျိုးပျက်သွားခဲ့သည်။

တိတိကျကျဆိုရလျှင် ထိုဓားမြှောင်သည် ဖားခံတပ်၏ ကာကွယ်ရေး အမှေးပါး အပြင်ဆုံးအလွှာကိုပင် မထိုးဖောက်နိုင်ခဲ့ပေ။

"မင်းအခုအချိန်ထိ သတိမထားမိသေးဘူးလား.. ငါအခုအသုံးပြုလိုက်တာက သာမန်ဓားမြှောင်တစ်ခုပဲ.. ချွန်ထက်အောင်တောင် မပြုလုပ်ရသေးဘူး.. ဒါပေမဲ့ ဘယ်လို သာမန်ဓားမြှောင်ပဲ ဖြစ်နေပါစေ အတွေ့အကြုံနဲ့ ပေါင်းစပ်လိုက်ရင် အကျိုးသက်ရောက်မှု ကြီးကြီးမားမားကို ရရှိစေနိုင်တယ်

ကျန်းယင်ယွဲ့က ရယ်မောလိုက်ပြီး ထွင်ထျန်းဟာ၏ အမြှောက်အန္တရာယ်ကို လုံး၀ မကြောက်ရွံ့ဟန်ဖြင့် ထွင်ထျန်းဟာဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းလာခဲ့သည်။

"မင်း.."

ထိုအချိန်မှာသာ ထွင်ထျန်းဟာသည် ပြဿနာ၏ အဓိကအချက်ကို အဆုံးသတ်၌ သဘောပေါက်သွားခဲ့သည်။

ကျန်းယင်ယွဲ့၏ မိုးကြိုးကိုးချက် တိုက်ကွက်သည် အစကတည်းကပင် သူ့ကို သတ်ဖြန်ရန် မဟုတ်ခဲ့ပေ။

တိကျစွာဆိုရလျှင် ကျန်းယင်ယွဲ့၏ ဤလှုပ်ရှားမှုကို သူ့ကိုသတ်ဖြတ်ရန်အတွက် အသုံးပြုရန် စီစဥ်ခဲ့ခြင်းမဟုတ်ပေ။

သူမက သူ့ခြေထောက်အောက်ရှိ အရိပ်ကို ပို၍ ရှည်ထွက်လာစေရန်အတွက် မိုးကြိုးကိုးချက်တိုက်ကွက်မှ ဖြစ်ပေါ်လာသည့် မြင့်မားသော လျှပ်စီးအလင်းရောင်ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

ဤအချိန်က စက္ကန့်သုံးဆယ်ထက်ပင် နည်းပါးသော်လည်း ထိုမျှလောက်သော အချိန်သည် ကျန်းယင်ယွဲ့ တတ်နိုင်သည့် အခြေအနေ အတွင်းသို့ ရောက်ရှိသွားခဲ့၏။

ထို့ကြောင့် အစကတည်းကပင် သူ့ပြိုင်ဘက်၏ ရည်မှန်း ချက်သည် မိုးကြိုးကိုးချက်တိုက်ကွက်ကို အသုံးပြု၍ သူ့ကိုသတ်ဖြတ်ရန် မဟုတ်ဘဲ သူ့အရိပ်ကို ထိတွေ့ကာ ဗုံးထောင်ရန်ဖြစ်သည်။

"နောက်ဆုံးတော့ သိသွားပြီလား.."

ကျန်းယင်ယွဲ့က ကောက်ကျစ်သော အပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။

"ငါက သေပြီးသားလူတစ်ယောက်ပဲ.. မတော်တဆ သေဆုံးခဲ့ရင်တောင် ငါ့အတွက် ဘာမှနစ်နာစရာမရှိဘူး အမွေးစိမ်းခွေး.. မင်းအရှုံးပေးလို့ရပြီ"

ကျန်းယင်ယွဲ့သည် သူမ၏ အရိပ်ဗုံးပေါက်ကွဲအားကို အလွန်ပင် ယုံကြည်မှုရှိသည်။

အရိပ်ဗုံးကိုသာ အနီးကပ်ဖောက်ခွဲလိုက်လျှင် ဖားခံတပ်၏ ကာကွယ်ရေးအင်အား မည်မျှပင် ကောင်းမွန်ပါစေ၊ အသုံး၀င်တော့မည် မဟုတ်ပေ။

"ဒါက ချိန်ကိုက်ဗုံးပဲ.. နင် တစ်မိနစ်အတွင်း ပြာဖြစ်သွားလိမ့်မယ် မင်းမှာ နောက်ဆုံး ပြောစရာစကား ရှိသေးလား"

ကျန်းယင်ယွဲ့က မေးခွန်းထုတ်လိုက်သည်။

"ငါ့မှာ နောက်ဆုံးအနေနဲ့ မေးစရာ မေးခွန်းတစ်ခုရှိတယ်"

ထိုအခိုက်အတန့်တွင် ထွင်ထျန်းဟာသည် ထင်မှတ်မထားလောက်အောင် တည်ငြိမ်နေခဲ့သည်။

"ငါသိချင်တာက မင်းနဲ့ တိုက်ခိုက်ဖို့အတွက် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်က အကျိုးခံစားခွင့်တွေ တောင်းဆိုခဲ့သေးလား"

"အကျိုးခံစားခွင့်ကို ပြောတာလား.."

ကျန်းယင်ယွဲ့က ပြုံးလိုက်သည်။

"မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်က ငါတို့လူသတ်သမားတွေရဲ့ ဘိုးဘေးပဲလေ.. သူက ငါတို့အားလုံးရဲ့အကြီးအကဲလည်း ဖြစ်တယ်.. သူ့ကို တိုက်ပွဲမစခင် အာမခံအချို့ ပေးသွင်းရတာက ပုံမှန်ပဲ မဟုတ်လား"

"ဒါဆို မင်းသူ့ကို ပိုက်ဆံပေးခဲ့တာပေါ့"

ထွင်ထျန်းဟာ၏နှုတ်ခမ်းက ရွဲ့မလိုပင် ဖြစ်သွားခဲ့သည်။

"သူနဲ့ငါ သဘောတူထားတဲ့ သေခြင်းရှင်ခြင်းစာချုပ်မှာ ငါသူနဲ့တိုက်ခိုက်တဲ့အချိန်အတွင်း ငါနားလည်ခဲ့တဲ့ စွမ်းရည်အားလုံးကို အသုံးပြုနိုင်တယ်လို့ ရေးထားတယ်.. တိုက်ပွဲမှာ ရှုံးနိမ့်ပြီး သေဆုံးရတာ ၀မ်းနည်းစရာ ကောင်းပေမဲ့လည် ငါနောင်တမရခဲ့ဘူး"

"အဲဒီကိစ္စကို ခဏထားပါ.. ငါသိချင်တာက အာမခံကြေးဘယ်လောက် ပေးသွင်းခဲ့ရလဲ"

"မများပါဘူး.. သူနဲ့တိုက်ခိုက်ဖို့အတွက် တိုက်ပွဲတစ်ပွဲကို ယွမ်သန်းတစ်ရာပဲ ကျသင့်ခဲ့တယ်.. ငါက မန်ဘာကတ်ပါ ရခဲ့တော့ တစ်ခါတိုက်ရင် ယွမ်သန်းငါးဆယ်ပဲ ကုန်ကျတယ်"

ထို့နောက်တွင် ကျန်းယင်ယွဲ့သည် သူမ၏ လက်ချောင်းလေးများဖြင့် ရေတွက်နေခဲ့သည်။

"ငါမှတ်မိသလောက် ပြောရရင် အဲဒီအချိန်က မန်ဘာကြေးအဖြစ် အာမခံအနေနဲ့ ယွမ်တစ်ဘီလီယံ သွင်းခဲ့ပုံပဲ"

"မင်းတကယ်ကြီး မန်ဘာကြေးအတွက် တစ်ဘီလီယံတောင် ပေးသွင်းခဲ့တာလား"

ထွင်ထျန်းဟာ၊ ၀မ်ကျန်းနှင့် ငွေရောင်လေးတို့ အားလုံးသည် အံ့အားသင့်သွားကြသည်။

ယခုအခါတွင် သူတို့သည် ကျန်းယင်ယွဲ့နှင့် တွေ့ဆုံခဲ့သည့် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်က ၁၀၀ ရာခိုင်နှုန်းအလိမ်ပင် ဖြစ်ကြောင်း သေချာသွားခဲ့ပြီ ဖြစ်၏။

အပိုင်း(၁၁၈၄) ပြီး၏

All Chapters