ဆိုင်သို့ သွားရောက်ခြင်း
Vol. 11 Ch. 185
ရှောင်မင်ယန်းတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် အိမ်သို့ပြန်လာခဲ့သည်။ သူက အပြာရောင်စာအုပ်တစ်အုပ်ကိုကိုင်ထားကာ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလာခဲ့လေသည်။ “ချွမ်းဟွာ ဒါဘာလဲကြည့်။”
လျိုချွမ်းဟွာသည်လည်း စိတ်ဝင်စားသွားကာ မေးလိုက်သည်။ “ဒါဘာလဲ။”
“ယာဉ်မောင်းလိုင်စင်လေ။”
“တကယ်??” လျိုချွမ်းဟွာ အဝတ်လျှော်နေသည်ကို ချက်ချင်းရပ်လိုက်ကာ သူမလက်များကိုသုတ်ပြီး ယာဉ်မောင်းလိုင်စင်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူမက စာအုပ်ကိုဖွင့်ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားလေသည်။ “မင်ယန်း၊ ရှင် တရားဝင် ကားမောင်းလို့ရသွားပြီပေါ့?”
“ဒါပေါ့။” ရှောင်မင်ယန်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့ရင်ဘက်ကိုပုတ်ကာ ပြောလိုက်သည်။ ယာဉ်မောင်းသင်တန်းသား ၈ယောက်တွင် ရှောင်မင်ယန်းသည် အသက်အကြီးဖြစ်သည်။ သူက ကျန်သည့် ၇ယောက်လို ဉာဏ်မထက်သော်လည်း ကြိုးစားလေ့ကျင့်ခဲ့လေသည်။ သူ စာမေးပွဲကို နှစ်ကြိမ်ဖြေခဲ့ရသော်လည်း အနည်းဆုံးတော့ အောင်သွားခဲ့သေးသည်။ တချို့သင်တန်းသားများဆိုလျှင် အခုထိ စာမေးပွဲမအောင်ကြသေးပေ။
လျိုချွမ်းဟွာပြုံးလိုက်ကာ၊ “ဒါဆို နောက်ဆို ရှင် ဒုတိယအစ်မတို့ကို ကူညီလို့ရပြီပေါ့။”
ရှောင်လင်းယွီသည်လည်း ထိုသတင်းကိုကြားပြီး အလွန်ဝမ်းသာနေလေသည်။ ထိုညမှာပဲ သူမက ရှောင်မင်ယန်း၏အိမ်သို့ မိဘများနှင့်အတူ သွားလည်ခဲ့သည်။ သူတို့အားလုံး ရှောင်မင်ယန်းက သူ့ယာဉ်မောင်းလိုင်စင်အသစ်စက်စက်ကို ထုတ်ပြချိန်တွင် အလွန်ဝမ်းသာဂုဏ်ယူပေးခဲ့ကြသည်။
ထို့နောက် ရှောင်လင်းယွီက မေးလိုက်လေသည်။ “စတုတ္ထဦးလေးမှာ လိုင်စင်ရှိသွားပြီဆိုတော့ ထရက်ကားအသေးလေးတစ်စီးလောက် ဝယ်သင့်တယ်။ ဒီလိုဆို ပိုပြီး အဆင်ပြေသွားမှာ။ ပြောရရင် သမီးရဲ့ကားကကျတော့ ပစ္စည်းတွေသယ်ပို့ဖို့အတွက် မသင့်တော်ဘူးလေ။”
ရှောင်မင်ယန်း ထိုအဆိုကိုတွေးကြည့်လိုက်သည်။ “အဲ့အကြောင်းတွေးကြည့်ဖူးတယ်။ ဦးလေးလည်း ထရက်ကားအသေးလေးတစ်စီးလောက်ဝယ်ချင်ပါတယ်။ နောက်ဆို ဦးလေး မင်းရဲ့ ယာဉ်မောင်းလုပ်ပေးမယ်။ ယွီအာ လိုအပ်နေသ၍ မင်းရဲ့ကုန်ပစ္စည်းတွေကို ဦးလေး အသယ်အပို့လုပ်ပေးသွားမယ်။”
“ကျေးဇူးတင်ပါတယ်၊ စတုတ္ထဦးလေး။” ရှောင်လင်းယွီ ပြုံးလိုက်သည်။ “ဒါနဲ့.. ဦးလေး ထရက်ကားကို အသစ်ဝယ်မလား တစ်ပတ်ရစ်ဝယ်မယ်လို့တွေးလား။” ထို့နောက် သူမက ထပ်ပြောလိုက်ပြန်သည်။ “စတုတ္ထဦးလေး၊ ထရက်ကားအသစ်ဝယ်ရင်လည်း အရစ်ကျငွေချေလို့ရတာပဲ။”
“အရစ်ကျငွေချေနိုင်တယ်ဆိုမှတော့ အသစ်ဝယ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ ထရက်ကားတစ်ပတ်ရစ်ရောင်းတဲ့လူကိုလည်း ဦးလေးမသိဘူးလေ၊ ဒီတော့ သူစိမ်းတစ်ယောက်ဆီက ဝယ်ရရင် စိတ်မသန့်သလို ခံစားရလိမ့်မယ်။”
“ဘယ်အချိန်လောက်ဝယ်မလဲ စတုတ္ထဦးလေး။ သမီး ခေါ်သွားပေးမယ်လေ။”
အနာဂါတ်တွင် စတုတ္ထဦးလေး၏လုပ်ငန်းက ကြီးပွားလာမည်ဟု ရှောင်လင်းယွီယုံကြည်သည်။ သူမ၏ကုန်ပစ္စည်းတွေကို ပို့ရုံနှင့်တောင် အရမ်းအလုပ်များနေပြီပင်။ အနာဂါတ်တွင် သူမဦးလေးကို လုပ်ငန်းချဲ့ထွင်စေပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့ သို့မဟုတ် ကုမ္ပဏီတစ်ခုလောက် ထောင်အောင် တိုက်တွန်းမည်ဟု သူမ တွေးထားလိုက်သည်။
ရှောင်မင်ယန်းလည်း တွေးကြည့်ပြီးနောက်၊ “သန်ဘက်ခါလောက်ဆိုရင်ရော? ယွီအာရဲ့စိုက်ခင်းတွေက သိပ်မကြာခင် ရင့်မှည့်တော့မှာမဟုတ်လား။ ဒီတော့ မြန်မြန်လေး ဝယ်ထားရမယ်။”
“ကောင်းတာပေါ့။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
….
ရှောင်လင်းယဲ့သည် ဆယ်ရက်နေလျှင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရတော့မည်ဖြစ်သည်။
တချို့လူတွေကတော့ စာမေးပွဲနီးလာသည်နှင့် ဗြောင်းဆန်နေကြလေသည်။ အရင်က ကစားရင်းအချိန်ဖြုန်းခဲ့တာတွေအတွက် အခုချိန်တွင် အတိုးချကာ လေ့လာနေရတော့သည်။ မိဘများသည်လည်း သူတို့ကလေးတွေ မျှော်မှန်းထားသည့် တက္ကသိုလ်များသို့ ဝင်ခွင့်ရနိုင်ရန်အတွက် ဘုရားကျောင်းများသို့သွားကာ ပူဇော်ဆုတောင်းနေကြသည်။
တချိန်တည်းမှာပဲ ရှောင်လင်းယွီ၏အပင်များသည် စိမ်းစိုတောက်ပြောင်နေကာ ရိတ်သိမ်းချိန် နီးလို့လာပြီဖြစ်သည်။ သို့သော်လည်း ရောင်းရန်ဖောက်သည်ရှာဖို့အတွက်က ဖေဖေရှောင်နှင့် မေမေရှောင်တို့အတွက် ခေါင်းကိုက်စရာ ပြဿနာတစ်ရပ်ဖြစ်လို့နေသည်။ ထိုအခါ ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “အမေ၊ အဖေ၊ သမီး ခရိုင်မြို့ပေါ်မှာ ဆိုင်တစ်ဆိုင်ငှားထားတယ်။ အဲ့ဆိုင်က သမီးတို့ရဲ့သီးနှံတွေကို သီးသန့်ရောင်းဖို့ရည်ရွယ်ထားတာ။”
မေမေရှောင်နှင့် ဖေဖေရှောင်တို့ အံ့ဩသွားကြကာ ဖေဖေရှောင်က မေးလိုက်လေသည်။ “ယွီအာ၊ ခရိုင်မြို့ပေါ်က ဆိုင်ခန်းငှားခတွေက အရမ်းဈေးကြီးတယ်လေ။ အသီးအရွက်တွေရောင်းဖို့လောက်နဲ့ ဆိုင်တစ်ဆိုင်ငှားတယ်ဆိုတာ နည်းနည်းဖြုန်းတီးရာမကျဘူးလား။ ပြီးတော့ အသီးအရွက်နည်းနည်းပါးပါးရောင်းရုံနဲ့ ဘယ်လိုလုပ် ငွေအများကြီးဝင်မှာလဲ။”
ရှောင်လင်းယွီ ပြုံးကာ ပြန်ပြောလိုက်သည်။ “အဖေ၊ တခြားလူတွေ သမီးတို့အသီးအရွက်တွေကို မယုံကြည်တာထားပါဘူး။ အဖေကရော မယုံဘူးလား။ ဒါကြောင့်ပဲ သမီးတို့ရဲ့ဈေးနှုန်းက တခြားလူတွေနဲ့ကွာခြားနေတာလေ။ သူတို့ကို ဈေးမြင့်မြင့်နဲ့ရောင်းမှာ။”
“ဒါပေမယ့် လူတွေက ဝယ်ရော ဝယ်ကြပါ့မလား။” ဖေဖေရှောင်ကတော့ စိုးရိမ်နေတုန်းပင်။
“အဖေ၊ သမီးမှာ အစီအစဉ်ရှိပြီးသားပါ။ သမီးတို့ စတော့အမျိုးအစားနှစ်ခုတင်ထားမယ်။ အများပြည်သူသုံးစတော့ခ်ရယ် အဆင့်မြင့်ထုတ်ကုန်စတော့ခ်ရယ်။
အများပြည်သူသုံးစတော့ခ်ကတော့ သမီးတို့ လယ်ထဲမှာစိုက်တဲ့ သီးနှံတွေပါမယ်။ ဒါက ပုံမှန်ထက် နည်းနည်းလေးပဲ ပိုဈေးမြင့်မယ်။ ဒါပေမယ့် လူအများလက်ခံနိုင်တဲ့ပမာဏအတွင်းပဲ။ ဥပမာ ခရမ်းချဉ်သီးကိုပဲပြောတာပေါ့။ ဈေးကွက်ထဲမှာဆို တစ်ကတ်တီကို ၂ယွမ်ဆိုပေမယ့် သမီးတို့ကတော့ တစ်ကတ်တီကို ၃ယွမ်နဲ့ရောင်းမယ်။
ကြိုက်တာရွေးဝယ်ပေါ့။
အဆင့်မြင့်ထုတ်ကုန်စတော့ခ်မှာကျတော့ စိုက်ပျိုးရေးနေရာလွတ်ထဲမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေပါမယ်။ ဒါကတော့ ချမ်းသာတဲ့ကာစတန်မာတွေကို အဓိကပစ်မှတ်ထားမယ်။ ရှေ့တစ်မျိုးလိုပဲပြောရမယ်ဆိုရင် ဒီခရမ်းချဉ်သီးကိုတော့ တစ်လုံးချင်းရောင်းမယ်။ တစ်လုံးကို ၂ယွမ်နဲ့ပေါ့။ အရသာကကောင်းမွန်နေသ၍ သမီးတို့ရဲ့အဓိကပစ်မှတ်ကာစတန်မာတွေက မျက်တောင်တစ်ချက်မခတ်ပဲ ဝယ်ယူကြလိမ့်မယ်။”
ဖေဖေရှောင်နှင့်မေမေရှောင်တို့ အတိအကျနားမလည်နိုင်ကြသေးသော်လည်း နောက်ဆုံးတွင်တော့ အကျဉ်းချုပ်ကာ အတွေးပေါက်သွားတော့သည်။ တချို့ကို ဈေးချိုချိုနဲ့ရောင်းပြီး တချို့ကိုတော့ ဈေးကြီးကြီးနဲ့ရောင်းမှာပေါ့။
မေမေရှောင်က စိုးရိမ်မိနေတုန်းပင်။ “ဒါပေမယ့် ယွီအာ၊ အမေတို့ အားလုံးရောင်းနိုင်ပါ့မလား။ ဒီအသီးအနှံဆိုတာ အဝတ်အစားလို အကြာကြီးသိမ်းထားလို့ရတာမဟုတ်ဘူး။ အသီးအနှံတွေက ရိပ်သိမ်းပြီး ရက်ပိုင်းအတွင်း အကုန်ရောင်းမှဖြစ်မှာ။ မဟုတ်ရင် မလတ်ဆတ်တော့ဘဲနေမယ်။”
သူတို့မှာ မြေခြောက်မူတောင် ရိတ်သိမ်းဖို့ရှိတာလေ အများကြီးမှ အများကြီးပဲ။
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “အမေ၊ သမီးတို့က သီးနှံတစ်မျိုးထဲစိုက်ထားတာမဟုတ်ဘူးလေ။ မြေခြောက်မူမှာ ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၂၀လောက်စိုက်ထားတာ။ ပြန်ပြီးခွဲကြည့်လိုက်ရင် ရောင်းစရာအဲ့လောက်အများကြီးတောင် ရှိမှာမဟုတ်ဘူး။”
မေမေရှောင် ခေါင်းညိတ်သွားတော့သည်။ “ဟုတ်သားပဲ။”
“အမေ၊ အဖေ၊ သမီး နောက်သုံးရက်နေရင် ဆိုင်စဖွင့်ဖို့ စိတ်ကူးထားတယ်။ မနက်ဖြန် အမေတို့ကို ဆိုင်ကိုခေါ်သွားပြီး ပြင်ဆင်ဖို့လိုတာရှိမရှိ ကြည့်ကြတာပေါ့။ ဒါဆို သမီးတို့ စပြီးရိတ်သိမ်းလို့ရပြီ။”
ထိုရက်ကို ရှောင်လင်းယွီ ရွေးရသည့်အကြောင်းအရင်တစ်ခုရှိလေသည်။ စာမေးပွဲရာသီ နီးကပ်လာပြီမှန်းသိတာကြောင့် ကျောင်းသားများအတွက် စိတ်ဖိအားအလွန်များနေမည်ဖြစ်သည်။ မစားနိုင် မသောက်နိုင် မအိမ်နိုင်လောက်အောင်ကို ဖိအားဖြစ်နေကြမည်ပင်။ သူမ၏အသီးအရွက်များသည် စမ်းရေ၏ကောင်းချီးကို ရရှိထားခြင်းဖြစ်တာကြောင့် ထိုသို့သော လက္ခဏာများကို သက်သာစေနိုင်သည်။
“ကောင်းပြီလေ။” ဖေဖေရှောင်နှင့် မေမေရှောင်တို့ သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။ “အမေတို့ သမီးရဲ့ စတုတ္ထဦးလေးနဲ့ဒေါ်လေးကိုလည်း အတူခေါ်သွားကြရအောင်။ သမီးရဲ့စတုတ္ထဦးလေးလည်း ထရက်ကားတစ်စီးလောက်ဝယ်ချင်နေတာမဟုတ်လား။”
အဓိကကတော့ သူတို့သမီး၏ဆိုင်သစ်ကို သွားကြည့်ခြင်းသာဖြစ်သည်။
နောက်တစ်နေ့မှာတော့ ရှောင်လင်းယွီသည် သူမမိဘများနှင့် ဦးလေး၊ ဒေါ်လေးတို့အပြင် ရှောင်နီချိုးကိုပါခေါ်ကာ ခရိုင်မြို့ပေါ်သို့ တက်ခဲ့သည်။ ယနေ့သည် စနေနေ့ဖြစ်တာကြောင့် အပျော်ခရီးတစ်ခုဟုလည်း ယူဆ၍ရပေသည်။
“ယွီအာ၊ ဒီနေရာလား။” လျိုချွမ်းဟွာသည် အဆင့်မြင့်ဆိုင်တန်းတစ်ခုကို လက်ညှိုးထိုးပြရင်း အံ့ဩနေလေသည်။ သူမ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ သူမ၏အံ့ဩစိတ်က ပိုလို့တောင် ကြီးထွားလာခဲ့ရသည်။
“ဒီဆိုင်က အရမ်းအဆင့်မြင့်တာပဲ၊ ပြီးတော့ မြို့လယ်မှာရှိတာ။ ငှားခကလည်း အရမ်းဈေးကြီးလောက်တယ်။ တော်တော်ကုန်မှာပေါ့။” မေမေရှောင်လည်း စိုးရိမ်သွားသည်။
ရှောင်လင်းယွီ ပြုံးလိုက်သည်။ “အွန်း ပိုက်ဆံနည်းနည်းတော့ ကုန်သွားတယ်။ ပြီးတော့ သမီး လူတချို့ကိုလည်း အကြွေးတင်သွားတယ်။”
“ပိုက်ဆံအကြွေးတင်တာလား။” မေမေရှောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ “ယွီအာ၊ ဘယ်လောက်လိုတာလဲ။ အဖေနဲ့အမေ ဒီနှစ်တွေအတွင်း စုဆောင်းထားတာနည်းနည်းရှိတယ်။” ဤသည်မှာ ကျေးလက်နေပြည်သူများ၏ ခံယူချက်ပင်။ အခြားလူများအပေါ် အကြွေးတင်နေခြင်းက သူတို့အတွက် စိတ်မသက်မသာဖြစ်စေသည်။
ရှောင်လင်းယွီ ခေါင်းအသာယမ်းလိုက်သည်။ “အမေ၊ မလိုပါဘူး။ သမီးကို ယုံလိုက်ပါ။ ဒီငွေကို မြန်မြန်ပြန်ဆပ်နိုင်ပါတယ်။”
“ယွီအာ ဘယ်လောက်တောင် အကြွေးတင်သွားတာလဲ။ ပြီးတော့ ဘယ်သူ့ကို အကြွေးတင်တာလဲ။” ဖေဖေရှောင်က မေးလိုက်သည်။
“အဓိကကတော့ ဆိုင်ကို ပြုပြင်မွမ်းမံပေးတဲ့ကုမ္ပဏီကိုပါ။ ဒါပေမယ့် ဒီကုမ္ပဏီကို သမီးသူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတာလေ။ ဒီကုမ္ပဏီရဲ့ပိုင်ရှင်က သမီးသူငယ်ချင်းရဲ့ သူငယ်ချင်းကောင်းပဲ။” ရှောင်လင်းယွီ ဘာကိုမှ ဖုံးကွယ်မနေတော့ပေ။ “အမေ၊ အဖေ၊ စိတ်မပူကြပါနဲ့။ စီးပွားရေးလောကထဲမှာ လူတော်တော်များများက အကြွေးရှိကြတာချည်းပဲ။ သမီးမှာ ငွေရှိတဲ့အချိန်ကျတော့ သူ့ကို ပြန်ဆပ်မှာပါ။”
ဖေဖေရှောင် ခေါင်းညိတ်ကာ အလေးအနက်ပြောလိုက်သည်။ “စီးပွားရေးဘယ်လိုဘယ်ပုံလုပ်လဲဆိုတာတော့ အဖေမသိဘူး။ ဒါပေမယ့် အဖေ သမီးကို တစ်ခုတော့ပြောမယ်။ ရိုးသားမှုတော့ရှိရမယ်။ အဖေကတော့ စီးပွားရေးလုပ်ရင် ဒီအချက်ကအရေးကြီးတယ်လို့ ထင်တယ်။”
“အဖေ၊ ကျေးဇူးတင်ပါတယ်။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
ရှောင်မင်ယန်းကလည်း၊ “ဒုတိယအစ်ကိုကလည်း ယွီအာက အမြဲတမ်း သူ့ကတိသူ တည်တဲ့သူပါ။ အရမ်းစိုးရိမ်မနေနဲ့။”
“ငါက သူ့ကို သတိပြန်ပေးရုံပါ။”
“အဖေ၊ အမေ၊ စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး၊ အထဲဝင်ပြီး တစ်ချက်လောက်ကြည့်ကြရအောင်လား။”
သူတို့ ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် နေရာသည် အတော်လေးကျယ်ကြောင်း မေမေရှောင်နှင့် ဖေဖေရှောင်တို့ သတိထားလိုက်မိကြသည်။ ဘယ်လောက်တောင်ဆို စတုရန်းမီတာ၆၀မကကျယ်ကာ သာမာန်ဆိုင်ကြီးတစ်ဆိုင်နှင့်ပင် ယှဉ်၍ရသည်။ ဒါအပြင် ဤနေရာသည် ဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်ဖြစ်နေသေးသည်။
ဆိုင်ကို သေချာလေး ပြုပြင်မွမ်းမံထားပြီးဖြစ်သည်။ လိမ္မော်ရောင်နှင့် အဖြူရောင်ဆေးခြယ်ထားသောနံရံပေါ်တွင် ချစ်စရာကောင်းသည့် အရည်ရွှမ်းသော အသီးအနှံပုံများကို ရေးဆွဲထားသည်။ ပုံများ၏အောက်တွင်တော့ ထိုအသီးအနှံများအကြောင်း အပိုအချက်အလက်များနှင့် ရောင်းသည့်ဈေးနှုန်းများပါ ထည့်ထားလေသည်။ ငွေရှင်းကောင်တာတောင်မှ သေချာလေး ဒီဇိုင်းဆွဲထားသည်။
“ဝါး… အစ်မဝမ်းကွဲရဲ့နေရာက အရမ်းလှတာပဲ။” ရှောင်နီချိုးက ချီးကျူးလာခဲ့သည်။ “သေချာသာမသိရင် ဟိုတယ်လို့တောင် ထင်မိမှာ။”
“မင်းပါးစပ်လေးကတော့ အမြဲချိုနေတော့တာပဲ။” ရှောင်လင်းယွီပြုံးကာ ရှောင်ရှောင်းဟွေ့၏ခေါင်းကို ပုတ်လိုက်လေသည်။
“တကယ် မဆိုးဘူး။” မေမေရှောင်နှင့် ဖေဖေရှောင်ကတော့ ဘာပြောရမှန်းမသိသော်လည်း အတော်လေး ကျေနပ်နေကြသည်။
“ဟုတ်တယ်၊ အရမ်းကောင်းတယ်။” ရှောင်မင်ယန်းကလည်း ပြောလိုက်သည်။ “ဦးလေးတွေ့ဖူးသမျှထဲမှာ အလှဆုံးဆိုင်ပဲ။”
ဘယ်လိုစကားလုံးတွေနဲ့ဖော်ပြရမှန်း မစဉ်းစားနိုင်တာကြောင့် လှသည်ဟုသာ ပြောနိုင်တော့သည်။
သူတို့သည် ယခင်က အဆင့်မြင့်ဆိုင်တစ်ဆိုင်ကို မတွေ့မြင်ဖူးကြတာကြောင့်သာမဟုတ်ရင် အခုလောက် အံ့ဩနေမိကြမည်မဟုတ်ပေ။
“ယွီအာ၊ ဒီလောက်ကြီးတဲ့ဆိုင်ကြီးကို သမီးဘာသာ စီမံနိုင်ရဲ့လား” မေမေရှောင်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ “စီးပွားရေးက ဘယ်လိုအခြေအနေဖြစ်မယ်ဆိုတာ အမေတို့သိတာမဟုတ်ဘူး။ ဒီလိုဆိုရင်ရော အမေ သမီးကို လာကူပေးမယ်လေ။”
“ဒေါ်လေးလည်း ကူပေးနိုင်တယ်။” လျိုချွမ်းဟွာလည်း စာရင်းပေးလိုက်ကာ ရှောင်မင်ယန်းလည်း ပါဝင်လာသည်။
ရှောင်လင်းယွီ တွေးလိုက်ကာ၊ “ကောင်းပြီလေ၊ ဒါဆိုလည်း အမေနဲ့ စတုတ္ထဒေါ်လေးတို့ကိုပဲ သမီးကို ကူညီပေးဖို့ ဒုက္ခပေးရတော့မယ်။ အဖေကတော့ အဲ့ကျရင် အိမ်က ကိစ္စအားလုံး ကိုင်တွယ်ပေးပါ။ စတုတ္ထဦးလေးကတော့ ဆိုင်ဖွင့်တဲ့အချိန်ကျရင် လုပ်စရာတွေရှိတယ်။”
လတ်ဆတ်သည့်အသီးအရွက်များကို မနက်စောစော ပို့ဆောင်ရမည်ဖြစ်သည်။ ဒီတော့ ပို့ဆောင်မည့်လူက မနက်ခင်းအစောကြီးထရမည့်သဘောပင်။ ဒါကြောင့် သူတို့ အလုပ်မစသေးခင် နောက်လာမည့် ခရီးရှည်ကြီးအတွက် ကောင်းကောင်းအနားယူကာ ပြင်ဆင်ထားဖို့ လိုအပ်ပေသည်။
“….” ရှောင်မင်ယန်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်ရသည်။ “ဟုတ်ပါပြီ။”
ဖေဖေရှောင်က ချက်ချင်းပင် သူ့လက်ကိုယမ်းလိုက်ကာ၊ “ယွီအာ စိတ်မပူနဲ့။ အဖေလည်း ပြန်ကောင်းနေပြီ။ အိမ်ကကိစ္စတွေကို အဖေနဲ့လွှဲထားလိုက်။ သမီးနဲ့ သမီးအမေက ခရိုင်မြို့မှာပဲ နေသင့်တယ်။ ဒါပေမယ့်…” ဖေဖေရှောင်က ဘေးကို တစ်ချက်ကြည့်လိုက်ကာ, “ယွီအာ၊ ဒီဆိုင်အကြီးကြီးကို သမီးထိန်းနိုင်ရဲ့လား။ ကိုယ့်ကိုယ်ကို ပင်ပန်းအောင်မလုပ်နဲ့။ သမီး အရမ်းအပင်ပန်းခံလို့မရဘူးနော် ယွီအာ။”
မေမေရှောင်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။ “ကျွန်မရှိတယ်လေ။ ပြီးတော့ ချွမ်းဟွာလည်းရှိသေးတာပဲ။ အဆင်ပြေပါတယ်။”
“အဖေ၊ အရင်ဆုံးလုပ်ကြည့်ကြတာပေါ့။ တကယ်လို့ သမီးတို့ မနိုင်ရင် လူငှားလို့ရတာပဲ။”
“ဒါဆိုလည်း ကောင်းပါပြီ။ ဒါနဲ့ အသီးအရွက်တွေကို ဘယ်လိုသယ်မှာလဲ။” ဖေဖေရှောင်က မေးလိုက်သည်။ “ယွီအာ၊ သမီး နေ့တိုင်း အသွားအပြန်မောင်းနေလို့မရဘူးလေ။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “အဖေ၊ စတုတ္ထဦးလေးကို မေ့နေတာလား။”
ဖေဖေရှောင်လည်း သူ့နဖူးသူရိုက်ကာ ရယ်လိုက်တော့သည်။ “သမီးသာ သတိမပေးရင် တကယ်ကြီးမေ့သွားတော့မလို့။ စတုတ္ထညီက အခုဆို ကားမောင်းလို့ရနေပြီပဲ။”
“….” ရှောင်မင်ယန်း ဝင်မပြောခင် အတော်လေး ဆွံ့အသွားခဲ့ရသည်။ “ဒုတိယအစ်ကို ကျွန်တော်တစ်ယောက်လုံး ဒီမှာမတ်တပ်ကြီးရှိနေတာတောင် ဘယ်လိုလုပ် မေ့နိုင်ရတာလဲ။ ကြည့်ရတာ အစ်ကိုက ကျွန်တော့်ကို လုံးဝဂရုမစိုက်ဘူးပဲ။”
ရှောင်ကျန်းယန်က စိတ်ဓာတ်ကျဟန်ဖြင့် ပြောလိုက်သည်။ “ကြည့်ရတာ ငါအသက်ကြီးသွားပြီထင်တယ်။” တကယ်လည်း ယနေ့ ရှောင်မင်ယန်းအတွက် ထရက်ကားကူဝယ်ပေးရန် ခရိုင်မြို့သို့လာခြင်းဖြစ်ကြောင်းကို သူမေ့သွားခဲ့သည်။
“ဟဟဟ…”
အားလုံးရယ်မောနေတာကြောင့် ရှောင်လင်းယွီက ချောင်းအသာဟန့်လိုက်ကာ, “ဒါကို သမီးအရင်ကတည်းက ကြိုစီစဉ်ထားပြီးသား။ စတုတ္ထဦးလေးကို သီးနှံတွေပို့တဲ့နေရာမှာ သမီးကိုကူပေးဖို့ လိုင်စင်ရအောင်ယူခိုင်းထားတာလေ။”
ဆိုင်ဖွင့်ဖို့ရန် အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်ကာ ပစ္စည်းများရောက်မည့်အချိန်ကို စောင့်ဖို့သာကျန်တော့သည်။ ဖေဖေရှောင်နှင့်ကျန်လူများက ဘာမှလိုအပ်တာမရှိဟုတွေးမိတာကြောင့် အားလုံးပတ်ကြည့်ပြီးနောက် ပြန်ထွက်ခဲ့ကြသည်။
နေ့လည်ပိုင်းတွင်တော့ ရှောင်လင်းယွီသည် သူမမိဘများနှင့် စတုတ္ထဦးလေးတို့မိသားစုကို ကုမိသားစုဟိုတယ်တွင် နေ့လည်စာစားဖို့ ခေါ်သွားခဲ့သည်။
မေမေရှောင်က တွန့်ဆုတ်နေလေသည်။ “ယွီအာ၊ အမေကြားဖူးတာတော့ ဟိုတယ်မှာစားရင် အရမ်းဈေးကြီးတယ်တဲ့။ အမေတို့ စားသောက်ဆိုင်သေးတာလေးပဲ သွားကြရအောင်လား။ မဟုတ်ရင်လည်း ပါဝင်ပစ္စည်းတွေဝယ်ပြီး အိမ်ပြန်ချက်စားကြမယ်လေ။”
“အမေ၊ အမေ နေ့တိုင်းချက်ပြုတ်နေရတာလေ။ အပြင်ထွက်စားတာက ရှားတယ်၊ ဒီတော့ ဒီလိုထွက်စားတုန်း ပိုပြီးကောင်းတာလေး စားရမှာပေါ့။ ကုမိသားစုဟိုတယ်က သမီးတို့ရဲ့ ဖောက်သည်ကြီး။ အမေ အရင်တစ်ခေါက် သမီးတို့အိမ်ကိုလာဖူးတဲ့ ကုကျီယဲ့ကို မှတ်မိသေးလား။”
“မှတ်မိတာပေါ့။” မေမေရှောင် ခေါင်းညိတ်လိုက်သည်။ “ငါ အဲ့လောက် အသက်မကြီးသေးပါဘူး။ ကိုယ့်ဧည့်ခံခဲ့တဲ့ဧည့်သည်ကိုတော့ မှတ်မိတာပေါ့။ ကုကျီယဲ့က ဟိုတယ်တစ်ခုဦးစီးနေတယ်။ သူက အမေတို့ရဲ့ဝိုင်ကိုတောင်မှယူသွားသေးတယ်လေ။ သူ့ဟိုတယ်မှာ အိမ်လုပ်ဝိုင်ရောင်းချင်တယ်ဆိုပြီးပြောတာကော။” မေမေရှောင်က မှတ်ဉာဏ်ကောင်းလှသည်။
“ဟုတ်တယ်လေ၊ ကုကျီယဲ့က ဒီဟိုတယ်ရဲ့ အထွေထွေမန်နေဂျာပဲ။ ပြီးတော့ အမေ့ရဲ့ဝိုင်က အခုဆို ဟိုတယ်ရဲ့အိမ်ချက်ဝိုင်ဖြစ်နေပြီ။ သမီးတို့ဝင်ကြည့်ကြတာမကောင်းဘူးလား။”
သူမအချဉ်ဖောက်ထားသည်ဝိုင်က ဟိုတယ်၏အထူးသောက်စရာတစ်မျိုးဖြစ်နေကြာင်း သိလိုက်ရသည်နှင့် မေမေရှောင် စိတ်လှုပ်ရှားသွားတော့သည်။
ဖေဖေရှောင်က မေမေရှောင်ကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်လေသည်။ “ဒါဆိုလည်း ကောင်းပြီလေ။ ယွီအာ၊ ဝင်ကြရအောင်။ ဒီတော့တော့ စားသောက်ပွဲကြီးလုပ်ကြမယ်။”
ရှောင်မင်ယန်းတို့မိသားစုသုံးယောက်ကလည်း ငြင်းဆန်မှုမရှိခဲ့ပေ။ အထူးသဖြင့် ရှောင်ရှောင်းဟွေ့ပင်။ သူတကယ်ကို ထိုဟိုတယ်ကြီးထဲ ဝင်ကြည့်ချင်နေလေသည်။
***