မျက်နှာလိုမျက်နှာရလုပ်ခြင်း
Vol. 11 Ch. 186
“လင်းယွီ၊ ဦးလေး၊ ဒေါ်လေး၊ တကယ်ကို မင်းတို့ပါလား။” သူ့ကိုယ်ပိုင်သီးသန့်ခန်းသို့ ဦးတည်နေသည့် ကုကျီယဲ့သည် ရှောင်လင်းယွီတို့ ဟိုတယ်ထဲဝင်လာသည်ကိုမြင်တာကြောင့် ချက်ချင်းသွားနှုတ်ဆက်လိုက်သည်။
မေမေရှောင်က ပြုံးလိုက်ကာ၊ “ကျီယဲ့။”
“ဦးလေး၊ ဒေါ်လေးတို့ ဒီမှာ နေ့လည်စာစားဖို့ လာကြတာမဟုတ်လား။ လာလေ ကျွန်တော့် သီးသန့်ခန်းထဲကို သွားရအောင်။”
“ကျွန်မတို့ ရှင့်ကို မနှောက်ယှက်တော့ပါဘူး။ ဟိုတယ်စားသောက်ဆိုင်ထဲမှာပဲ စားပါ့မယ်။” ရှောင်လင်းယွီက ပြောလိုက်သည်။
ကုကျီယဲ့က မကျေမနပ်ပုံစံဖြင့်၊ “လင်းယွီ၊ ငါက ဦးလေးနဲ့ဒေါ်လေးကို ငါ့သီးသန့်ခန်းထဲကို ဖိတ်တာ။ မင်း ငါတို့နဲ့မလိုက်ချင်ရင် ကိုယ့်ဘာသာ စားသောက်ဆိုင်မှာ သွားစားလေ။”
ရှောင်လင်းယွီ၊ “…”
မေမေရှောင် ရယ်မိသွားတော့သည်။ “ဟုတ်ပါပြီ၊ ဒါဆိုလည်း ကျီယဲ့ကို ကျေးဇူးတင်တယ်နော်။”
ခဏကြာပြီးနောက် ကုကျီယဲ့က ဦးဆောင်က ရှောင်လင်းယွီတို့ကို သီးသန့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။
ကုကျီယဲ့က ပြုံးလျက်ပြောလိုက်လေသည်။ “ဦးလေး၊ ဒေါ်လေး။ စားချင်တာသာမှာနော်။ ဘာမှစိတ်မပူနဲ့။ ဒီတစ်ခေါက် ကျွန်တော် ဧည့်ခံမယ်။”
“ဘယ်.. ဘယ်လိုလုပ်ဖြစ်မှာလဲ” မေမေရှောင်က လန့်သွားသည်။
“ဒေါ်လေးကလည်း စိတ်မပူပါနဲ့။ ကျွန်တော်တို့ ထောင်ယွမ်ရွာကိုလာတိုင်း ဒေါ်လေးပဲ ကျွန်တော်တို့ကို ဧည့်ခံကျွေးမွေးနေခဲ့တာမဟုတ်လား။”
“မင်းက ယွီအာရဲ့ သူငယ်ချင်းလေ၊ ဒီတော့ ငါတို့ မင်းကို သေချာပေါက် ဧည့်ခံရမှာပေါ့။” မေမေရှောင်က ပြုံးလိုက်သည်။
ထိုအခိုက်မှာပဲ ကုကျီယဲ့က မီနူးစာအုပ်ကိုယူကာ၊ “ဦးလေး၊ ဒေါ်လေး။ ကြိုက်တာသာမှာနော်။ ကိုယ့်အိမ်လိုသာ သဘောထား။”
“ဒါဆိုလည်း မင်းရဲ့စေတာနာအတွက် ကျေးဇူးတင်ပါတယ်။” မေမေရှောင်က မီနူးစာအုပ်ကိုယူကာ စတုတ္ထဦးလေးနှင့်ဒေါ်လေးတို့အားပေးလိုက်သည်။ “ချွမ်းဟွာ၊ မင်ယန်း၊ မင်းတို့စားချင်တာကြည့်လိုက်ကြနော်။”
ကုကျီယဲ့ကလည်း ဝင်ပြောလာသည်။ “ဟုတ်တယ်။ မျက်လုံးထဲ ဝင်လာသမျှ ကြိုက်တာမှာလို့ရတယ်။”
ရှောင်ရှောင်းဟွေ့က မီနူးစာအုပ်ကိုယူကာ မရေမရာဖြင့် မေးလာခဲ့သည်။
“ဒုတိယဒေါ်လေး၊ သားတကယ် မှာချင်တာမှာလို့ရလား။”
“ရတာပေါ့။” ကုကျီယဲ့က ဝင်ဖြေလိုက်သည်။
“ယေး..” ရှောင်ရှောင်းဟွေ့ ပျော်ရွှင်သွားကာ မီနူးစာအုပ်ကို ဖွင့်လိုက်တော့သည်။ သူက ဟင်းပွဲဓာတ်ပုံအမျိုးမျိုးကိုမြင်ကာ သရေပင်ကျတော့မတတ်ပင်။ ထို့နောက် သူက လက်သေးသေးလေးဖြင့် ပုံတစ်ပုံကို လက်ညှိုးထိုးပြလိုက်ကာ၊ “သား ငါးကင်စားချင်တယ်။ ငါးကင်က ကောင်းတယ်။ ပြီးတော့…”
“တော်လောက်ပြီလေ၊ မင်းကို မှာချင်တိုင်းမှာလို့ရမယ်လို့ ဘယ်သူခွင့်ပေးထားလို့လဲ။” ရှောင်မင်ယန်းက သူ့သားခေါင်းနောက်ကို တစ်ချက်ရိုက်လိုက်သည်။ “မင်းဒုတိယဦးလေးနဲ့ဒေါ်လေး အရင်မှာပါစေ။”
“ဟုတ်..” ရှောင်ရှောင်းဟွေ့လည်း မီနူးစာအုပ်ကို မလွှတ်ချင်လွှတ်ချင်နှင့် မေမေရှောင်ဘက်သို့ တွန်းပို့လိုက်ရသည်။ “ဒုတိယဒေါ်လေး ဒီမှာပါ။”
မေမေရှောင်က ရယ်လိုက်သည်။ သူမက မီနူးကိုကြည့်ပြီးနောက် စဉ်းစားဆုံးဖြတ်ကာ ဟင်းပွဲအနည်းငယ်ကို မှာလိုက်လေသည်။
ကုကျီယဲ့က သူတို့မှာသည့်ဟင်းများကိုကြည့်ကာ မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောခဲ့ပေ။
သူက ဟင်းပွဲများကို သွားမှာလိုက်ပြီးနောက် ပြန်လာခဲ့သည်။ ထို့နောက် ထိုင်ခုံတွင်ဝင်ထိုင်ပြီး မေးလာလေသည်။ “လင်းယွီ၊ မင်းရဲ့ဆိုင်က အဆင်သင့်ဖြစ်နေပြီလို့ကြားတယ်။ ဘယ်တော့ဖွင့်မှာလဲ။”
“မေလ ၂၀ရက်နေ့လောက်ဖွင့်ဖြစ်မယ်။”
“အာ.. ဟုတ်ပြီလေ။ အဲ့ကျရင် ငါသေချာပေါက် မင်းကိုလာအားပေးမယ်။”
“ကျေးဇူးပါပဲ။” ရှောင်လင်းယွီ စိတ်ရင်းဖြင့် သူ့ကို ကျေးဇူးတင်လိုက်သည်။
ရှောင်လင်းယွီဖွင့်မည့် ဟင်းသီးဟင်းရွက်ဆိုသည် သူ့ဟိုတယ်စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်မှုရှိနိုင်သည်အား သိလေသည်။ သို့သော်လည်း ထိုသက်ရောက်မှုက သိပ်မကြီးပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ရှောင်လင်းယွီကို သူတစ်ယောက်တည်းနဲ့ပဲ စီးပွားရေးလုပ်ဖို့ အမိန့်ပေးနိုင်ခွင့်မှမရှိဘဲ။
ကုကျီယဲ့ ခဏမျှတွေးတောနေပြီးနောက် ပြောလာခဲ့သည်။ “လင်းယွီ၊ ငါတို့ တစ်ခုလောက် ဆွေးနွေးလို့ရမလား။”
“….”
“ရတာပေါ့၊ ဘာများလဲ ဥက္ကဌကု။”
“အဲ့ဒါ ဟိုတယ်အတွက် နေ့စဉ်အသီးအရွက်ပို့တဲ့ကိစ္စအကြောင်းပါ။ မင်း နှစ်ဆလောက်လုပ်ပေးလို့ရမလား။” ကုကျီယဲ့မေးလိုက်သည်။ အခုတွင် သူတို့အတွက် နေ့စဉ် ကတ်တီ၃၀၀ပေးထားကာ အသီးအရွက်တစ်မျိုးကို ၁၀ကတ်တီလောက်ရှိပေသည်။ ထိုပမာဏသည် ဟိုတယ်၏ရောင်းအားကို အမှီမလိုက်နိုင်ခဲ့ပေ။
“နှစ်ဆ?” ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။ “နေ့တိုင်း ၆၀၀ ကတ်တီ လိုချင်တယ်လို့ပြောတာလား။”
“ဟုတ်တယ်။ တစ်နေ့ကို ကတ်တီ ၃၀၀က ဘယ်လိုမှ မလုံလောက်ဘူး။ အရင်က မင်းလည်း တစ်လပြည့်ရင် ပို့မယ့်ပမာဏကို တိုးပေးမယ်လို့ ကတိပေးထားတယ်လေ။”
ရှောင်လင်းယွီ ခဏမျှတွေးလိုက်ပြီးနောက် အလေးအနက်ပြောလာခဲ့သည်။ “ဥက္ကဌကု ရှင်လည်းသိတဲ့အတိုင်းပဲ။ အခု ကျွန်မဆိုင်က ဖွင့်တော့မှာ။ အဲ့ကျရင် လူတော်တော်များများက ရှင့်ရဲ့ပါဝင်ပစ္စည်းတွေက ကျွန်မဆီကနေရတယ်ဆို သိသွားလိမ့်မယ်။ သေချာပေါက် ကျွန်မရဲ့ဆိုင်က ရှင့်ဟိုတယ်ရဲ့စီးပွားရေးအပေါ် သက်ရောက်မှုရှိလာမှာပဲ။ ဒါကြောင့် ၆၀၀ ကတ်တီဆိုတာက…” အရမ်းမများလွန်းသွားဘူးလား။
ကုကျီယဲ့ ပြုံးလိုက်မိသည်။ “လင်းယွီ၊ မင်းငါ့အတွက် စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေါ့၊ မင်းရဲ့ဆိုင်က သေချာပေါက် ငါ့ဟိုတယ်ရဲ့စီးပွားရေးအပေါ် သက်ရောက်မှုရှိမှာပဲ။ ဒါပေမယ့် ဒီဟိုတယ်က နိုင်ငံခြားသားဧည့်သည်တွေအများကြီးကိုလည်း ဝန်ဆောင်မှုပေးနေရတာလေ။
ငါတို့ ပူးပေါင်းလိုက်ကတည်းက ငါတို့ဟိုတယ်ရဲ့နိုင်ငံခြားသားဧည့်သည်က ပိုပြီးများလာခဲ့တယ်။ မင်းရဲ့အသီးအရွက်တွေကလည်း ချီးကျူးမှုတွေအများကြီးရခဲ့တယ်။ အဲ့ဒီကနေပြီး တစ်ဆင့်စကားတစ်ဆင့်နားနဲ့ တခြားနိုင်ငံခြားသားဧည့်သည်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့တယ်။
ပြီးခဲ့တဲ့လတုန်းက ဟိုတယ်ရဲ့စားသောက်ဆိုင်က အမြဲတမ်း ပြည့်နေခဲ့တာ။ ငါတို့လုပ်ငန်းရဲ့ ဧည့်သည် ၈၀ရာခိုင်နှုန်းလောက်က နိုင်ငံခြားသားတွေချည်းပဲ။ ပြီးတော့ ငါတို့မှာ ကြိုပြီးဘိုကင်တင်ထားတဲ့ စာရင်းကလည်း အပြည့်ပဲ။”
ရှောင်လင်းယွီသည် ဟိုတယ်တစ်ခု၏စီးပွားရေးလုပ်ငန်းအကြောင်းကို တကယ်ပင်မသိပေ။ သူမက ခေါင်းညိတ်လိုက်ကာ၊ “ဒီလိုဆိုမှတော့ ကောင်းပြီလေ။ ကျွန်မ ကုမိသားစုဟိုတယ်အတွက် နေ့တိုင်း ပါဝင်ပစ္စည်း ကတ်တီ၆၀၀တင်ပို့ပေးပါ့မယ်။”
စားပွဲဝိုင်းတွင်ထိုင်နေသည့် တခြားလူများ ထိတ်လန့်အံ့ဩသွားကြတော့သည်။ အသီးအရွက်တွေအများကြီးက ဒီလိုပဲ ရောင်းထွက်သွားတယ်ပေါ့?
လယ်သမားများသည် အရောင်းပိုင်းအတွက် အမြဲတမ်းပြဿနာတက်နေခဲ့ရသည်။
သို့သော်လည်း အခုတော့ ကုမိသားစုဟိုတယ်တစ်ခုကတင် ထိုမျှများပြားသည့်ပမာဏကို ဝယ်ယူနေလေတာကြောင့် သူတို့ရိတ်သိမ်းသမျှရောင်းနိုင်ရေးက ပြဿနာမဟုတ်တော့ပေ။
ကုမိသားစုဟိုတယ်၏စီးပွားရေးမှာ ဆက်တိုက်တိုးတက်နေလေသည်။ နေ့စဉ်နေ့တိုင်း ဧည့်သည်များဖြင့်ပြည့်နေကာ ဒါတွေအားလုံး ရှောင်လင်းယွီ၏ကျေးဇူးကြောင့်ပင်။ ရှောင်လင်းယွီသည် အစစ်အမှန်ကို ကုကျီယဲ့၏ကံကောင်းသောကြယ်လေးပင်။
ကုကျီယဲ့သည်လည်း ရှောင်လင်းယွီကို သူ စော်ကား၍မဖြစ်မှန်း သိလေသည်။ ရှောင်လင်းယွီ သူမကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်တာကို သူ မတားဆီးနိုင်ပေ။ ဒါကြောင့် သူမကို စိတ်ရင်းစိတ်မှန်အပြည့်ဖြင့် ဂုဏ်ပြုရပေမည်။ ဤသည်က စီးပွားရေးလောက၏လျှို့ဝှက်ချက်ပင်။ အစိုးရကလွဲ၍ ဘယ်သူကမှ စီးပွားရေးဈေးကွက်ကို လွှမ်းမိုးနိုင်မည်မဟုတ်ပေ။
တခြားလူတစ်ယောက်၏စီးပွားရေးကို ပိတ်ပင်ခြင်းက မရိုးသားသည့်လူတစ်ယောက်၏လုပ်ရပ်သာ ဖြစ်လေသည်။ ကုကျီယဲ့က မေးလာခဲ့သည်။ “လင်းယွီ၊ မင်းဆိုင်အတွက် အားလုံးပြင်ဆင်ပြီးပြီလား။ အကူအညီလိုတာရှိသေးလား။ မင်းဆိုင်က သေးသေးလေးလဲမဟုတ်ဘူး။ စဖွင့်လိုက်ပြီဆိုတာနဲ့ အလုပ်ရှုပ်တော့မှာ။ မင်း အခု လူရော ငှားထားလား။”
ရှောင်လင်းယွီက ခေါင်းခါပြလိုက်သည်။ “အခုတော့ မငှားရသေးဘူး။ စီးပွားရေးအခြေအနေက ဘယ်လိုဖြစ်မယ်မှန်း ကျွန်မ မသိသေးဘူးလေ။ စောင့်ကြည့်လိုက်ဦးမယ်။”
“ဟုတ်ပြီ၊ ဟုတ်ပြီ။” ကုကျီယဲ့ ခေါင်းညိတ်လိုက်သည်။ “ငါ ကူညီပေးနိုင်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်နော်။”
ခဏကြာ စကားပြောဆိုကြပြီးနောက် ဟင်းပွဲများတစ်ပွဲပြီးတစ်ပွဲ ရောက်လာလေသည်။
ပထမဆုံးတည်ခင်းလာသည်က ငါးကင်ပင်။
“ဝါး… အရမ်းလှတာပဲ။” ငါးကင်ကိုမြင်ပြီး ရှောင်ရှောင်းဟွေ့တစ်ယောက် ပါးစပ်က မနားတမ်းချီးကျူးနေတော့သည်။ “ပန်းပွင့်လေးနဲ့တူလိုက်တာ။”
ငါးကင်ပန်းကန်ကို ခရမ်းရောင်ပန်းပွင့်များဖြင့် အလှဆင်ထားသည်။ ပန်းကန်ပတ်လည်တွင် နီနီရဲရဲငရုတ်သီးများ၊ ကြက်သွန်ကွင်းများနှင့် နံနံပင်များကိုလည်း ထားထားသေးကာ ပန်းကန်အောက်ခြေမှ အပြာရောင်မီးတောက်များပင် ရှိနေသေးသည်။
ရှောင်ရှောင်းဟွေ့သည် လက်တစ်ဖက်က တူကိုကိုင်ကာ ကျန်လက်တစ်ဖက်ကို မေးကိုပွတ်ပြီး သိချင်စိတ်အပြည့်ဖြင့် ကလေးဆန်ဆန် မေးလိုက်လေသည်။ “ဘာလို့ မီးကရှိနေတာလဲ။ ဒီငါးက မချက်ရသေးဘူးလား။”
“အမ်…” ထိုရိုးရှင်းလှသည့် မေးခွန်းလေးတစ်ခုက လူကြီးများကို ကြောင်အသွားစေသည်။ ဘယ်သူကမှ ထိုပြဿနာကို အရင်က တစ်ခါမှ စဉ်းစားဖူးခြင်းရှိပုံမရပေ။ မီးတောက်များသည် ဟင်းပွဲကိုပိုပြီး စွဲမက်ဖွယ်ကောင်းအောင် အလှဆင်ထားခြင်းသာဖြစ်လေသည်။
“အဲ့ဒီမီးက ငါးကို ပိုပြီးအရသာရှိအောင် လုပ်ပေးတာလေ။” ရှောင်လင်းယွီ ရှင်းပြလိုက်သည်။
“အော်.. အဲ့လိုကိုး…” ရှောင်ရှောင်းဟွေ့ ခေါင်းတညိတ်ညိတ်ဖြစ်သွားတော့သည်။
ထို့နောက် နောက်ထပ်ဟင်းပွဲများ ထပ်ရောက်လာခဲ့သည်။ sea cucumber, ပင်လယ်ခရုနှင့် ငါးမန်းဆူးတောင်ဟင်းရည်တို့ကို မြင်ပြီး ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားလေသည်။ ထိုဟင်းပွဲများမှာ ဈေးကြီးလွန်းလှသည်။ သူမမိဘတွေကတော့ ထိုဟင်းပွဲမျိုးကို သေချာပေါက် မှာမည်မဟုတ်မှန်း အာမခံနိုင်သည်။ ဒါကြောင့် ထိုဟင်းပွဲများကို မှာခဲ့သည့်လူက ကုကျီယဲ့သာ ဖြစ်ပေလိမ့်မည်။
သူမ သက်ပြင်းအသာချကာ စိတ်ထဲက တွေးလိုက်မိသည်။ ‘စီးပွားရေးလောကရဲ့လမ်းစဉ်တွေကတော့… အိုး ကဲပါလေ။ မိသားစုအတွက် ဧည့်ခံပေးတာပဲကို။ ငါ့မိသားစုလည်း ဒါမျိုးအရင်က တစ်ခါမှစားဖူးဦးမှာမဟုတ်ဘူး။’
“ဒါက ဘာတွေလဲ။” မေမေရှောင်သည် ပင်လယ်ခရုဟင်းပွဲကို ပြကာမေးလိုက်သည်။ “ငါ ဒီဟင်းပွဲကိုမမှာခဲ့ဖူးလားလို့ပါ။ ပြီးတော့ ဒီဟင်းပွဲတွေရော၊ ဒါတွေလည်း မမှာထားဘူး။” ထောင်ယွမ်ရွာသည် ပင်လယ်နှင့်မနီးတာကြောင့် ထိုဈေးကြီးသည့်ပင်လယ်စာများကို မသိကြပေ။
ကုကျီယဲ့က ပြုံးကာ ရှင်းပြလာသည်။ “ဒေါ်လေး ဒါက ပင်လယ်ခရုကို ပေါင်းထားတာ၊ ဒါကတော့ sea cucumberကို ကြက်ဥနဲ့ပေါင်းထားတာ၊ ဒါက ငါးမန်းဆူးတောင်ဟင်းချို၊ ပြီးတော့ ဒါက ကြက်သွန်ဖြူကမာဟင်းပွဲ။ ဒါတွေအားလုံးက ပင်လယ်စာဟင်းပွဲတွေချည်းပဲ။ ဒါကတော့ ငှက်သိုက်စွပ်ပြုပ်။ ဒါက အလှအပအတွက်ကောင်းတယ်။ ဒေါ်လေးတို့ များများစားရမယ်နော်။”
မေမေရှောင်နှင့် လျိုချွမ်းဟွာတို့ မျက်လုံးအရောင်များ တောက်သွားကြတော့သည်။ သို့သော်လည်း မေမေရှောင်က ယဉ်ကျေးသမှုနှင့် ပြောနေတုန်းပင်။ “ကြားရုံနဲ့တင် တော်တော်လေးဈေးကြီးမယ့်ပုံပဲ။ ကျီယဲ့၊ ငါတို့အတွက် အဲ့လောက်အများကြီး မဖြုန်းသင့်ဘူးလေ။”
“ဒေါ်လေးတို့ ကျွန်တော့်ဟိုတယ်ကို လာတာ ရှားတယ်လေ။ သေချာပေါက် ကောင်းကောင်း ဧည့်ခံမှဖြစ်မှာပေါ့။ ပြီးတော့ လင်းယွီက ကျွန်တော့်သူငယ်ချင်းလေ။ ဒါက ကျွန်တော် လုပ်နိုင်တာလေးပါ။”
လူတိုင်း၊ “….” ဒါက ယွီအာကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သဘောလား။
ရှောင်လင်းယွီတစ်ယောက် ထိုစကားကိုကြားပြီး နှုတ်ခမ်းများတွန့်သွားရသည်။ ထို့နောက် သူမမိသားစု၏ ထူးဆန်းသောအမူအရာကိုပါ သတိထားမိသွားသည်။ ဒါကြောင့် သူမလည်း အသက်ပြင်းပြင်းတစ်ချက်ရှူကာ၊ “အဖေ၊ အမေ၊ စတုတ္ထဦးလေးနဲ့ဒေါ်လေး။ ဒါက ဥက္ကဌကုရဲ့စေတနာပါ။ သူ့ကို စိတ်ပျက်သွားအောင် မလုပ်သင့်ဘူးလေ။ ဒါပြီးရင် သမီးတို့ ကားလည်းသွားကြည့်ဖို့ ရှိသေးတယ်။”
“လင်းယွီ၊ နောက်ထပ်ကားတစ်စီးဝယ်မလို့လား။” ကုကျီယဲ့က နားမလည်နိုင်ဟန်ဖြင့် ရှောင်လင်းယွီကိုကြည့်လိုက်သည်။ သူမှတ်မိသလောက်ဆို ရှောင်လင်းယွီမှာ ကားတစ်စီးဝယ်ထားပြီးသားမဟုတ်လား။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ကျွန်မစတုတ္ထဦးလေးက ထရက်ကားအသေးတစ်စီးလောက် ဝယ်ချင်နေလို့လေ။”
“အိုး ဟုတ်လား။ ဒါဆို ပြီးကျရင် ရွှမ်ဟောက်ရဲ့ဆိုင်ကို ငါပါ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်လေ။” ကုကျီယဲ့က ပြောလိုက်လေသည်။
လူတိုင်း၊ “…” ဘယ်လိုဖြစ်တာလဲ။ ကုကျီယဲ့က တကယ်ကြီး ယွီအာကို စိတ်ဝင်စားနေတာလား။
မေမေရှောင်နှင့် လျိုချွမ်းဟွာတို့ ကုကျီယဲ့ကို ထူးဆန်းသည့်အမူအရာများဖြင့် ကြည့်လာကြတော့သည်။ ကုကျီယဲ့သည် ခန့်ညားကာ အရပ်ရှည်ရှည်နှင့် အောင်မြင်သည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုရှိလေသည်။ ဒီလိုလူငယ်မျိုးက ဘာလို့ ယွီအာကို ကြိုက်သွားရတာလဲ။
ပြောရရင် ယွီအာက…
ရှောင်လင်းယွီတစ်ယောက် သူမအမေနှင့်ဒေါ်လေး၏မျက်နှာကိုမြင်ပြီး သူတို့နားလည်မှုလွဲနေကြပြီဖြစ်ကြောင်း သိလိုက်သည်။ ‘ကုကျီယဲ့က ငါနဲ့စီးပွားရေးဆက်လုပ်ချင်လို့ အဲ့လိုလုပ်နေတာလေ။ ငါ့ကို သဘောကျနေလို့မှမဟုတ်တာ။’
သို့သော်လည်း ထိုလူရှေ့တွင်တော့ ထုတ်ပြော၍မဖြစ်ပေ။ သူမအနေနှင့် ကုကျီယဲ့နှင့် ရေရှည်ဆက်ပြီး လက်တွဲလုပ်ကိုင်ဖို့တွေရှိသေးလေသည်။ “ကျေးဇူးတင်ပါတယ်၊ ဥက္ကဌကု။ ဒါပေမယ့် ဥက္ကဌယွမ်က ဆိုင်မှာရှိလို့လား။”
ကုကျီယဲ့ ခေါင်းညိတ်လိုက်သည်။ “ရှိတာပေါ့၊ သူက ပုံမှန်အားဖြင့် အရောင်းဆိုင်မှာထိုင်တယ်လေ။”
“အမ်?” ရှောင်လင်းယွီ အနည်းငယ် အံ့ဩမိသွားလေသည်။ “သူက ဘာလို့ အဲ့မှာရှိတာလဲ။ သူ့ကို ကူညီပေးမယ့် စိတ်ချရတဲ့ဝန်ထမ်းတွေ မရှိလို့လား။”
ကုကျီယဲ့ ရယ်လိုက်တော့သည်။ “သူက အရမ်းအအားလွန်နေတာလေ။ ဆိုင်မသွားလို့ ဘာများလုပ်နိုင်မှာလဲ။”
မေမေရှောင်က ဝင်မေးလာခဲ့သည်။ “ယွီအာ၊ ဥက္ကဌယွမ်ဆိုတာက ဘယ်သူလဲ?”
“ဒေါ်လေး၊ ယွမ်ရွှမ်ဟောက်လေ။” ကုကျီယဲ့က ရှင်းပြလိုက်သည်။ “သူက ထန်းဖေးကားအရောင်းအဝယ်လုပ်ငန်းရဲ့ ဘော့စ်။ ထမင်းစားပြီးရင် ကျွန်တော်တို့ သူ့ကို သွားတွေ့ကြမှာ။”
မေမေရှောင်တို့အားလုံး အံ့အားသင့်သွားကြသည်။ ကုကျီယဲ့နှင့် သူ့သူငယ်ချင်းများ ထောင်ယွမ်ရွာသို့ လာတုန်းက သူတို့ကို ချမ်းသာသည့်မိသားစုများကဖြစ်မည်ဟု လူတော်တော်များများ ခန့်မှန်းမိခဲ့ကြသည်။ တကယ်ကို မှန်နေတာပဲ။ တစ်ယောက်က ဟိုတယ်ကြီးတစ်ခုရဲ့ အထွေထွေမန်နေဂျာ, တစ်ယောက်ကတော့ ကားကုမ္ပဏီတစ်ခုရဲ့သူဌေးဖြစ်နေတယ်လေ။
တူရာတူရာစုတယ်ဆိုတာ ဒါမျိုးပေါ့။ ကြည့်ရတာ ကျန်တဲ့နှစ်ယောက်၏ နောက်ခံတွေကလည်း ထူးခြားမယ့်ပုံပဲ။ ယွီအာတစ်ယောက် ခရိုင်မြို့ထဲတွင် ထိုသို့အင်အားကြီးသည့်သူငယ်ချင်းများ ဖွဲ့နိုင်ထားသည်ကို သူတို့အံ့ဩမိသွားကြသည်။
သို့သော်လည်း လျိုချွမ်းဟွာနှင့် ရှောင်မင်ယန်းတို့ကတော့ မအံ့ဩသွားကြပေ။ ရှောင်လင်းယွီသည် အသိပညာပြည့်စုံကာ၊ ယဉ်ကျေးပြီး ထက်မြက်ကာလှပသည့် မိန်းကလေးဖြစ်သည်။ ဒါကြောင့် ဆန့်ကျင်ဘက်လိင်များစွာကို ဆွဲဆောင်နိုင်သည်က သဘာဝပင်။
ထိုသို့ဖြင့် နေ့လည်စာကို စတင်စားသောက်ကြလေသည်။
“အရမ်းအရသာရှိတာပဲ။” ရှောင်ရှောင်းဟွေ့၏ပါးစပ်မှာ အဆီများဖြင့်ဝေ့နေလေသည်။ “ဒီလောက်အရသာရှိတဲ့ အစားအသောက်မျိုး သားတစ်ခါမှမစားဖူးဘူး။”
ရှောင်လင်းယွီလည်း သူ့လက်ထဲက ကြက်သွန်ဖြူကမာဟင်းကိုကြည့်ပြီး နှုတ်ခမ်းစွန်းများ ထပ်ပြီးတွန့်သွားပြန်သည်။ “ငါမှတ်မိတာတော့ ကောင်စုတ်လေးတစ်ယောက်က သူ့ဒုတိယဒေါ်လေးချက်တဲ့ဟင်းက အကောင်းဆုံးပါဆိုပြီး ပြောဖူးသလားလို့ပါ။ ဒီနေ့ကျမှာ ဘယ်လိုလုပ် ဒီလောက် ကွာခြားသွားရတာပါလိမ့်။”
ရှောင်ရှောင်းဟွေ့လည်း ဒီတော့မှ ချက်ချင်းဆိုသလို သူ့အစ်မဝမ်းကွဲက သူ့အကြောင်းပြောနေမှန်း သိသွားတော့သည်။ “ဒုတိယဒေါ်လေးချက်တဲ့ဟင်းက အကောင်းဆုံးပေါ့။ ဒါပေမယ့်..” သူက စားပွဲပေါ်မှ ဟင်းပွဲများကို ကြည့်လိုက်ကာ၊ “ဒီလိုဟင်းမျိုးက နေ့တိုင်းစားနိုင်တာမျိုးမဟုတ်တော့ ဒါတွေကို အဆာပြေစာအဖြစ်သတ်မှတ်လိုက်မယ်။ ဒီအစာပြေဆာတွေက သားစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ ဒုတိယဒေါ်လေးကတော့ ကမ္ဘာပေါ်မှာ အရသာအရှိဆုံးဟင်းတွေကို ချက်နိုင်တဲ့သူ။”
“….” ရှောင်လင်းယွီ ဆွံ့အသွားရတော့သည်။
ရှောင်ရှောင်းဟွေ့သည် ယခင်က ဟိုတယ်တွင် တစ်ခါမှ မစားဖူးတာကြောင့် အရာရာတိုင်းက သူ့အတွက် အသစ်အဆန်းတွေချည်းဖြစ်နေလေသည်။ လျိုချွမ်းဟွာက ချက်ချင်းပင် ဆူငေါက်လိုက်တော့သည်။ “ဟုတ်ပါပြီ၊ ကိုယ့်ကိုယ်ကိုလည်းကြည့်ဦး။ တစ်စားပွဲလုံးမင်းတစ်ယောက်တည်း ပတ်စားနေတာ။ ဂရုစိုက်ဦး။ အဝတ်အစားတွေ ဆီမစွန်းစေနဲ့။”
“ဟုတ်ကဲ့။” ရှောင်ရှောင်းဟွေ့ အစားမပျက်ဘဲ ပြန်ဖြေလိုက်သည်။
နာရီဝက်လောက်နေချိန်မှာတော့ စားသောက်၍ပြီးစီးသွားလေသည်။
ရှောင်ရှောင်းဟွေ့နှင့် လူကြီးများသည် ဟင်းပွဲများ၏အရသာကို အတော်လေး နှစ်ခြိုက်ခဲ့ကြသည်။ အားလုံးက လတ်ဆတ်ကာ အရသာရှိလှပေသည်။ သူတို့ပုံမှန်စားနေကျ အရသာနှင့် မတူကွဲပြားသည့် အရသာကို မြည်းစမ်းလိုက်ရသည်ပင်။
ဒါပေါ့၊ လူကြီးတွေကတော့ ထိုအစားအသောက်များသည် အလွန်ဈေးကြီးက သူတို့လို သာမာန်လူတွေ တတ်နိုင်သည့်အရာမဟုတ်ကြောင်း သိနေလေသည်။
ရှောင်ရှောင်းဟွေ့ကတော့ ဖြူစင်လှသည်။ သူက ဟိုတယ်မှထွက်လာသည်နှင့် ရှောင်လင်းယွီကို မော့ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ “ဝမ်းကွဲအစ်မ၊ သားတို့ နောက်ရော ဒီမှာ လာစားလို့ရလား။”
လျိုချွမ်းဟွာ၏မျက်နှာက မဲမှောင်သွားကာ ချက်ချင်းပင် ဆုံးမတော့သည်။ “မင်း အခုလေးတင်ပဲ စားပြီးတာလေ။ ဒါကို နောက်တစ်ခေါက်အတွက်ပါ တွေးနေပြီလား။”
ရှောင်ရှောင်းဟွေ့က ခေါင်းမာမာနှင့် ပြန်ခံပြောလေသည်။ “ဘာလို့ မတွေးနိုင်ရမှာလဲ။ ပြောရရင် သားဗိုက်တောင် ပြည့်လိုက်တာမဟုတ်ဘူး။”
“ဒီကောင်စုတ်လေးကတော့…” လျိုချွမ်းဟွာလည်း သူမသား၏နားရွက်ကို လိမ်ဆွဲဖို့ ပြင်လိုက်တော့သည်။ ရှောင်ရှောင်းဟွေ့ကလည်း အမြန်ပင် ရှောင်လင်းယွီနောက်သို့ ပြေးဝင်ပုန်းလိုက်လေသည်။ သူက ထပ်ပြီးစားချင်တယ်လို့ပြောရုံပဲလေ၊ ဘာလို့ သူ့အမေက စိတ်ဆိုးနေရတာလဲ။
ရှောင်လင်းယွီက သူမဒေါ်လေးကို တားလိုက်ကာ၊ “စတုတ္ထဒေါ်လေး စိတ်မဆိုးပါနဲ့။ ရှောင်းဟွေ့ အဲ့လောက်ကြိုက်နေမှတော့ နောက်တစ်ခေါက်ကျရင် သမီး ခေါ်သွားလိုက်ပါ့မယ်။”
“ယွီအာ သမီး အလိုလိုက်နေရင် သူ ပျက်စီးသွားလိမ့်မယ်။ ဒီဟင်းပွဲတွေကြည့်ရတာ အရမ်းဈေးကြီးတဲ့ပုံတွေ။ ကျီယဲ့က ဒီနေ့ ဒေါ်လေးတို့ကို စေတနာနဲ့ ဧည့်ခံလိုက်တာဆိုပေမယ့် အမြဲတမ်း သူ့အပေါ် အခွင့်ကောင်းယူနေလို့မဖြစ်ဘူးလေ။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “စတုတ္ထဒေါ်လေးကလည်း သမီးတို့တွေ တတ်နိုင်နေမှတော့ ဘာလို့ သူ့အပေါ် အခွင့်ကောင်းယူနေတော့မှာလဲ။”
“ဟမ်..?” လျိုချွမ်းဟွာ အံ့အားသင့်သွားလေသည်။
***