စီးပွားရေးအတွက်ပြင်ဆင်ခြင်း
Vol. 11 Ch. 187
ကောင်းကင်က သိပ်ပြီးမထိန်လင်းသေးသော်လည်း လူများစွာကတော့ ထောင်ယွမ်ရွာ၏တောင်ပေါ်မှ စိုက်ခင်းတဲများပတ်လည်တွင် အလုပ်များနေကြပြီဖြစ်သည်။
“ပြောကာမှ ငါတို့အားလုံး ဟင်းသီးဟင်းရွက် စိုက်ကြတာခြင်းအတူတူကို ဘာလို့ လင်းယွီရဲ့ ဟင်းသီးဟင်းရွက်တွေက ပိုပြီး ကောင်းကောင်း ကြီးထွားနေကြတာလဲ။ ကြည့်စမ်းပါဦး။ တန်ဖိုးကြီးပစ္စည်းတွေလို တောက်ပြောင်နေတာပဲ။”
“အဟုတ်ပဲ။ ဂေါ်ဖီရွက်တွေကိုကြည့်ပါဦး။ ငါတို့မျက်နှာထက်တောင် ကြီးသေးတယ်။”
“မုန်လာဥတွေဆိုလည်း ဖြူဖွေးပြီး နုနေတာပဲ။ အစိမ်းအတိုင်း ကိုက်စားလိုက်ရင်တောင် အရမ်းကြွပ်ရွပြီး ချိုမြနေတာပဲ။”
“အာ… နင်က စားဖူးလို့လား။”
“စားဖူးတာပေါ့။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက ချိုးယင်းက လယ်ထဲကမုန်လာဥတွေကို ခူးပြီး လှီးဖြတ်နေတာနဲ့ ငါလည်း စိတ်ဝင်စားလို့ ချိုးယင်းဆီက သွားတောင်းစားကြည့်တာ။ အရမ်းအရသာရှိတာပဲ။ လုံးဝကြွရွပြီး အချိုရည်ရွှမ်းနေရော။ သာမာန်သစ်သီးတွေထက်တောင်မှ ပိုပြီးအရသာရှိသေးတယ်။”
“ဒီခရမ်းသီးကြီးဆိုလည်းကြည့်ပါဦး၊ ကျောက်မျက်ရတနာတုံးကြီးလို တောက်ပနေတာပဲ။”
ဟင်းသီးဟင်းရွက်များရိတ်သိမ်းနေသည့် လူတစ်စု စကားစမြည်ပြောဆိုနေကြလေသည်။
“ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေ ၆မူစာကြီးတောင် သူတို့တွေ ဘယ်မှာများ သွားရောင်းကြမလဲပဲ။”
“ငါကြားတာတော့ လင်းယွီက ခရိုင်မြို့ထဲမှာ အသီးအရွက်ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်တဲ့။ ပြီးတော့ ဟိုတယ်ကြီးတစ်ခုနဲ့လည်း လက်တွဲနေကြီး အော်ဒါကြီးကြီးရထားပြီးသားဆိုပဲ။”
“တကယ်ကြီးလား?”
“ဒါပေါ့၊ ပြီးခဲ့တဲ့နှစ်ရက်ကပဲ ချွမ်းဟွာကိုယ်တိုင်ပြောတာ။”
လျိုချွမ်းဟွာသည် ပါးစပ်ဖွာခြင်းမဟုတ်ဘဲ ရှောင်လင်းယွီကို လူတော်တော်များများက အထင်သေးနေခြင်းကြောင့် ဟိုတယ်နှင့်စီးပွားရေးဆက်နွယ်မှုရှိသည့်အကြောင်းနှင့် အသီးအရွက်ဆိုင်တစ်ဆိုင်ဖွင့်ထားကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။
“အိုး.. ဒါကြောင့် လင်းယွီကိုကြည့်ရတာ ရောင်းအားနဲ့ပတ်သတ်ပြီး ဘာမှမပူမပန်ဖြစ်နေတာကိုး။”
ထိုအချက်အရောက် တစ်စုံတစ်ယောက်က တစ်ခုခုကိုတွေးမိသွားဟန်ဖြင့် မေးလာခဲ့သည်။ “ဒါနဲ့ နင်တို့တွေ ရှောင်လင်းယွီရဲ့ဗိုက်က နည်းနည်းဖောင်းလာတာကို သတိထားမိကြလား။”
တစ်ယောက်ကလည်း ထိုစကားခေါင်းစဉ်ထဲ ဝင်ပါလာသည်။ “သူ ဝိတ်တက်လာလို့ဖြစ်မှာပေါ့။ ရှောင်လင်းယွီက အခု အိမ်မှာပဲအနေများတယ်လေ။ သူ့မျက်နှာတောင်မှ လုံးဝိုင်းနေပြီ။”
“ငါတော့ သူ ဝိတ်တက်လာတာကြောင့်လို့ မထင်ဘူး။ တတိယအစ်မပြောပုံအရဆို သူ့ဗိုက်တစ်ခုပဲ ပိုပိုပြီး ဖောင်းလာတာတဲ့။”
ထို့နောက် အလုပ်လုပ်နေသည့်အမျိုးသမီးများ တိတ်ဆိတ်ကုန်ကြတော့သည်။ ချန်းမိသားစုနှင့်စကားများခဲ့သည့်ညကကိစ္စများအကြောင်း သူတို့မှတ်ဉာဏ်ထဲ ပြန်လည်ပေါ်ထွက်လာလေသည်။ ဒါကြောင့် ရှောင်လင်းယွီ ကိုယ်ဝန်ရှီနေသည်ဟု သံသယဝင်လာခဲ့ကြသည်။ သို့ပေမယ့် ချန်ချိုးယင်း၏ စည်းကမ်းကြီးပုံအရဆိုလျှင် ရှောင်လင်းယွီကို ထိုကလေးအား မွေးခွင့်ပြုလိမ့်မည်မဟုတ်ပေ။ မဟုတ်ပါက ကလေးသည် အဖေမပေါ်သည့်လူယုတ်မာလေးအဖြစ် မွေးလာမည်ပင်။ ရှောင်လင်းယွီမှာ ဒီအဖေမပေါ်တဲ့ကလေးရှိနေရင် တစ်ယောက်ယောက်နဲ့ ဘယ်လိုလက်ထပ်တော့မလဲ။ ချန်ချိုးယင်းကရော ရှောင်လင်းယွီ ဒီကလေးကိုမွေးမှာကို ခွင့်ပြုထားပေးလောက်ပေါ့မလား။
ဒါပေါ့၊ ချန်ချိုးယင်းက သူမသမီး ကိုယ်ဝန်ရှိနေတာကို သတိမထားမိတာလည်းဖြစ်နိုင်ပေသည်။ ဒါဆို အပြင်လူတွေတောင် ရှောင်လင်းယွီရဲ့ဗိုက်က ပိုပိုပြီး ဖောင်းလာတာကို သတိထားမိရင် ချန်ချိုးယင်းတို့ လင်မယားက ဘယ်လိုလုပ်ပြီးများ သတိမထားမိနိုင်ရတာလဲ။
အပြင်လူများအနေနှင့် အမှန်တရားကို မပြောနိုင်ကြပေ။
“ကဲပါ.. အလုပ်ပြန်လုပ်ကြစို့။ လင်းယွီက ၅နာရီမခွဲခင် အကုန်ရိတ်သိမ်းပြီးရမယ်လို့ ပြောထားတယ်လေ။ သူများအတင်းပြောတာက ကောင်းတဲ့အရာမဟုတ်ဘူး။ ချိုးယင်းသာကြားသွားရင် စိတ်ဆိုးသွားလိမ့်မယ်။”
တခြားအမျိုးသမီးများသည်လည်း ထိုစကားကိုကြားပြီး အသီးအရွက်များခူးရန် ခါးကိုပြန်ကုန်းလိုက်ကြတော့သည်။
ရှောင်လင်းယွီနှင့် သူမမိသားစုကတော့ နောက်ထပ်စိုက်ခင်းတဲတစ်ခုတွင် ရှီနေကြလေသည်။ ယနေ့သည် သူတို့အတွက် ပထမဆုံးစရိတ်သိမ်းသည့်နေဖြစ်တာကြောင့် ပုံမှန်ထက် အနည်းငယ်ပိုပြီး စိတ်လှုပ်ရှားနေကြလေသည်။ ဒါ့အပြင် တစ်ဖက်ကအမျိုးသမီးများ ပြောနေသည်ကိုလည်း ကြားနိုင်ကြသည်။
ထိုအမျိုးသမီးများသည် ချန်ချိုးယင်းကို တော်တော်လေးနားလည်ကြသည်။ မေမေရှောင်သည် တခြားလူတွေ သူမကို စော်ကားပြောဆိုလျှင် စိတ်ထဲမထားသော်လည်း သူမသမီးအကြောင်း မကောင်းပြောသည်ကိုတော့ ဘယ်လိုမှလက်မခံပေ။ သူမသာ စိတ်ဆိုးသွားပြီး သူတို့ကို ဆက်မငှားတော့ဘူးဆိုလျှင် သူတို့၏အပိုဝင်ငွေကို ဆုံးရှုံးရပေလိမ့်မည်။ အခုချိန်သည် လယ်သမားများ အနားယူရချိန်ဖြစ်ကာ စပါးများရင့်မှည့်လာသည်ကို စောင့်နေရသောအချိန်ဖြစ်လေသည်။ ဒါကြောင့် ဤအလုပ်သည် တကယ်ကို အချိန်ကိုက်အကောင်းဆုံးအလုပ်ပင်။ သူတို့တစ်နေ့အလုပ်လုပ်လျှင် ယွမ်၂၀ရပေသည်။ အကယ်၍များ ၁၀ယွမ်ပဲပေးလျှင်တောင်မှ တခြားသော ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် လယ်သမားအများစုပေးသည်ထက် သာလွန်နေသေးလေသည်။
အမျိုးသမီးများသည် မြန်မြန်ဆန်ဆန်ဖြင့် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းခဲ့ကြသည်။
ရှောင်လင်းယွီသည်တော့ လယ်ကွက်တိုင်းကို လိုက်လံစစ်ဆေးနေခဲ့သည်။ သူမက မေမေရှောင်၏အကြံဉာဏ်ကို လိုက်နာကာ အမျိုးသမီးများကို ဘယ်အသီးအရွက်ကိုတော့ ခူးနိုင်ပြီး ဘယ်ဟာကိုတော့ မခူးနိုင်ကြောင်း လိုက်ပြောပြနေခဲ့သည်။
“ယွီအာ၊ ဒီမှာ အမေရှိနေတာပဲ။ သမီး ပြန်နားလိုက်ဦး။ အားလုံးပြီးတော့မှ ပြန်လာခဲ့တော့။” မေမေရှောင်သည် ရှောင်လင်းယွီ၏ အနည်းငယ်သိသာလာသည့် ဗိုက်အခြေအနေကိုကြည့်ကာ စိုးရိမ်ပူပန်နေဟန်ဖြင့် ပြောလာခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ဝမ်းဗိုက်သည် လေးလဆိုလျှင် စပြီး ကြီးလာပြီဖြစ်ကာ ခြောက်လရောက်လျှင်တော့ ပူဖောင်းတစ်လုံးလို အကြီးကြီးဖြစ်လာပေသည်။
ရှောင်လင်းယွီသည် ကိုယ်ဝန် လေးလရှိပြီဖြစ်သည်။ ရာသီဥတုက ပူနွေးသည့်ဘက်သို့ ကူးပြောင်းလာပြီဖြစ်တာကြောင့် သူမလည်း အဝတ်အထူကြီးတွေ မဝတ်နိုင်တော့ပေ။ ဒါကြောင့် သူမ၏ဗိုက်ကို ဖုံးကွယ်ဖို့လည်းမဖြစ်နိုင်တာကြောင့် လူတွေကလည်း စတင်ပြီး အတင်းအဖျင်းပြောဆိုနေကြပြီဖြစ်သည်။
မေမေရှောင်သည် သက်ပြင်းအသာချကာ တွေးလိုက်မိသည်။ ‘ငါ ဒီကလေးကို ထားခွင့်ပေးမယ်လို့ ယွီအာကို ကတိပေးထားပြီးသားဆိုမှတော့ ယွီအာကိုရော ကလေးကိုပါ ဒုက္ခရောက်ခွင့်မပြုနိုင်ဘူး။’
ရှောင်လင်းယွီသည်လည်း မေမေရှောင်၏ စိုးရိမ်နေသည့် အမူအရာကိုမြင်တာကြောင့် ပြုံးလိုက်လေသည်။ “အမေ၊ သမီး မပင်ပန်းပါဘူး။ သမီးက အဲ့လောက်ထိလည်း မပျော့ဘူး။” သူမက အပြင်ဘက်ရှိ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ကာ၊ “အလင်းရောင်တောင် တော်တော်ထွက်နေပြီ။ ဒီအသီးအရွက်တွေကို အလေးချိန်ချိန်ပြီး စတုတ္ထဦးလေးကို ခရိုင်မြို့ဆီ ပို့ခိုင်းရဦးမယ်လေ။”
ထိုအချိန်မှာပဲ ရှောင်မင်ယန်းက အပြေးရောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ဒုတိယအစ်မ၊ ယွီအာ၊ ဒီနေ့ ကျွန်တော်တို့ အသီးအရွက်တွေ ဘယ်လောက်များများ ပို့မှာလဲ။ ကျွန်တော့်ရဲ့ ထရက်ကားအသေးလေးနဲ့ နိုင်ပါ့မလား။”
လွန်ခဲ့သည့်ရက်အနည်းငယ်က ရှောင်မင်ယန်းသည် ထန်းဖေးကားအရောင်းအဝယ်လုပ်ငန်းကနေပြီး ကားအသစ်တစ်စီးဝယ်ထားခဲ့သည်။ ဆိုင်ပိုင်ရှင် ယွမ်ရွှမ်ဟောက်သည် ယွီအာ၏ သူငယ်ချင်းကောင်းဖြစ်တာကြောင့် ဒစ်စကောင့်များများပေးခဲ့လေသည်။ သူက သုံးနှစ်တာ အရစ်ချငွေချေမည့် အစီအစဉ်ကို ရွေးချယ်ခဲ့သည်။ ပြီးခဲ့သည့်ရက်များအတွင်း ရှောင်မင်ယန်းသည် ထရက်ကားအသစ်လေးနဲ့ ကျွမ်းဝင်အောင် လေ့ကျင်နေခဲ့သည်။
နောက်ဆုံးတော့ သူလမ်းမကြီးပေါ်တက်နိုင်ပြီဖြစ်တာကြောင့် ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေပါ့မလဲ။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “သမီးတို့မှာ အသီးအရွက် ကတ်တီ၈၀၀ စာလောက်ရှိတာဆိုတော့ အဆင်ပြေလောက်ပါတယ်။” ထိုထရက်ကားသာ ကတ်တီ ၈၀၀ လောက်ကို မသယ်နိုင်ရင် ငွေပြန်အမ်းခိုင်းဖို့သာ ရှိတော့သည်။ သူမစတုတ္ထဦးလေးဝယ်ထားသည့် ထရက်ကားသည် ကတ်တီ ၄၀၀၀၊ ၂တန်သယ်နိုင်သည့်ကားကို ဝယ်ထားခြင်းပင်။
ခဏကြာပြီးနောက် လျိုချွမ်းဟွာသည်လည်း ရောက်လာခဲ့သည်။ “ယွီအာ၊ ဒေါ်လေးတို့ အသီးအရွက်တွေအားလုံး ခူးပြီးသွားပြီ။ အလေးချိန် ချိန်လိုက်ကြတော့မလား။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်ကဲ့။”
ရှောင်လင်းယွီသည် ခရိုင်မြို့ပေါ်သို့ ကတ်တီ ၈၀၀ ယူသွားဖို့ စီစဉ်ထားခဲ့သည်။ ကုမိသားစုဟိုတယ်အတွက် ပေးရမည့် အသီးအရွက်များကိုတော့ ရှောင်လင်းယွီသည် စိုက်ပျိုးရေးနေရာလွတ်ထဲတွင် စိုက်ပျိုးထားသည့် အသီးအရွက်များကိုပါ ပေးမည်ဖြစ်သည်။ ထိုအသီးအရွက်များသည် အပြင်မှာစိုက်ပျိုးသည်နှင့် အရသာကွာခြားလေသည်။
ယခုသယ်မည့် အသီးအရွက် ကတ်တီ ၈၀၀ လုံးသည် သူမ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးအရောင်းဆိုင်အတွက်ဖြစ်သည်။ ဒါ့အပြင် အထက်တန်းလွှာဖောက်သည်များအတွက် စိုက်ပျိုးရေးနေရာလွတ်ထဲကနေပြီး နောက်ထပ် ကတ်တီ ၂၀၀ကိုပါ ဆိုင်တွင် တင်ပေးထားမည်ဖြစ်သည်။ ယနေ့သည် ပထမဆုံးနေ့ဖြစ်တာကြောင့် အားလုံးရောင်းထွက်နိုင်ပါ့မလားဆိုတာကို ရှောင်လင်းယွီ သိချင်နေမိသည်။ တော်သေးသည်က အသီးအရွက်များသည် ၁၅ရက်အထိ အထားခံနေခြင်းပင်။ ၁၅ရက်အတွင်း ထိုအသီးအရွက်များသည် စခူးစအချိန်လိုပဲ လတ်ဆတ်နေမည်ဖြစ်တာကြောင့် ရှောင်လင်းယွီ မစိုးရိမ်နေခဲ့ပေ။
အသီးအရွက်များကို ပလက်စတစ်ခြင်းများဖြင့် ထည့်လိုက်သည်။ သေချာပေါက် အလေးချိန် ချိန်သည့်အခါတွင်တော့ ပလက်စတစ်ခြင်းများ၏အလေးချိန်ကို ပြန်နှုတ်သွားမည်ပင်။
အသီးအရွက်များအားလုံးကို ချိန်တွယ်ပြီးနောက်မှာတော့ မနက် ၆နာရီပင် ထိုးခါနီးသွားပြီဖြစ်သည်။
မနက်စောစောဖြစ်တာကြောင့် လမ်းပေါ်တွင် ကားများများစားစားမရှိပေ။ သူတို့သာ မြန်မြန်မောင်းလျှင် မနက် ၇နာရီလောက်ဆို ခရိုင်မြို့သို့ ရောက်နိုင်ပေသည်။ ရှောင်လင်းယွီသည် အရာအားလုံး ပြင်ဆင်ပြီးနောက် မနက် ၈နာရီလောက်တွင် ဆိုင်စဖွင့်နိုင်လောက်မည်ဟု ခန့်မှန်းထားခဲ့သည်။
ရှောင်လင်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ‘အရမ်းများ နောက်ကျသွားမလား။ လူအများစုက မနက် ၆နာရီ ၇နာရီလောက်ဆို မနက်ခင်းဈေးဝယ်လို့ ပြီးကုန်ကြပြီလေ။ ကဲပါလေ ထားလိုက်ပါတော့၊ ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့။’
ရှောင်လင်းယွီနှင့် ရှောင်မင်ယန်းတို့ ခရိုင်မြို့သို့ရောက်ချိန်တွင် ၆နာရီ ၅၀မိနစ်ရှိပြီဖြစ်သည်။ ထိုအချိန်တွင် မြို့ပေါ်၌ လူများရှုပ်နေပြီဖြစ်ကာ ဆူညံကာ လူရှုပ်လှသည့် ဈေးလမ်းမကိုဖြတ်ရသည်မလွယ်တာကြောင့် သူတို့နောက်ကျသွားကြသည်။
ကားထဲမှ ထွက်ပြီးနောက် စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေးနှင့် မေမေရှောင်တို့က ချက်ချင်းပင် အသီးအရွက်များကို အောက်ဆွဲချကြသည်။
ရှောင်လင်းယွီကတော့ မေမေရှောင်ထံမှ လေးလံသည့်ပစ္စည်းများမသယ်ရန် တားမြစ်ဆုံးမခြင်းခံထားရလေသည်။
သို့သော်လည်း ရှောင်လင်းယွီ ဒီအတိုင်း ဘာမှမလုပ်ဘဲတော့မနေခဲ့ပေ။ သူမက မြန်မြန်ဆန်ဆန်ပင် အသီးအရွက်များကို သူ့အမျိုးအစားအလိုက် နေရာအစီအစဉ်ချလေသည်။
ကံကောင်းစွာဖြင့် အသီးအရွက် ကတ်တီ ၈၀၀မှာ အရမ်းကြီး မများနေပေ။ အားလုံး တက်ညီလက်ညီ လုပ်ကိုင်နေတာကြောင့် အရှိန်က မြန်လှသည်။ အသီးအရွက်များ ချပြီးသည်နှင့် မေမေရှောင်တို့သုံးယောက်ကလည်း ရှောင်လင်းယွီကို လာကူပေးကြသည်။
ရှောင်လင်းယွီက သူမ၏ စတုတ္ထဦးလေးနှင့်ဒေါ်လေးကို မေးလိုက်လေသည်။ “စတုတ္ထဦးလေးနဲ့ဒေါ်လေး။ သမီးကို စာရင်းလုပ်ပေးထားလို့ရမလား။ သမီးနဲ့အမေက ဂိုထောင်ထဲက အဆင့်မြင့်ထုတ်ကုန်တွေ သွားယူလိုက်ဦးမယ်။”
လျိုချွမ်းဟွာက၊ “လင်းယွီ၊ အဲ့ဒါတွေက အရမ်းလေးနေမလား။ ဦးလေးနဲ့ ဒေါ်လေးတို့ ကူပေးမယ်လေ။”
ရှောင်လင်းယွီ ခေါင်းယမ်းလိုက်သည်။ “အရမ်းအများကြီးမဟုတ်ပါဘူး။ ကတ်တီ ၂၀၀လောက်ပဲ။ ဦးလေးက ဒေါ်လေးကို ကူညီပေးလိုက်ပါဦးနော်။ အမေနဲ့ သမီး ခနလေးပဲယူပြီးပြန်လာရုံပဲ။” စိုက်ပျိုးရေးနေရာလွတ်ထဲက အသီးအရွက်များကို ထုတ်မည်ဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး သူတို့ကို မြင်တွေ့ခွင့်ပေးနိုင်ပါ့မလဲ။ ရှောင်လင်းယွီနှင့် မေမေရှောင်တို့သည် အငှားအိမ်သို့ တကယ်မပြန်ခဲ့ပေ။ သူတို့က လမ်းပေါ် ပတ်မောင်းနေပြီးနောက် အသီးအရွက်များက မှော်ဆန်ဆန် ပေါ်လာကြလေသည်။ ဤသည်မှာ မေမေရှောင်အတွက် ပထမဆုံးတွေ့မြင်းခြင်းမဟုတ်တာတောင်မှ ရှောင်လင်းယွီတစ်ယောက် ဘာမှမရှိနေသည့် လေထုထဲမှ ပစ္စည်းများထွက်လာအောင် လုပ်တိုင်း အံ့ဩထိတ်လန့်နေမိတုန်းပင်။
“ယွီအာ၊ အမေကတော့ သမီးဒီလိုမျိုးဆက်လုပ်သင့်တယ်လို့ မထင်မိတုန်းပဲ။” မေမေရှောင်က သဘောမတူဟန်ပြောလာခဲ့သည်။ “တစ်ယောက်ယောက်သာမြင်သွားရင် သမီးကို မကောင်းဆိုးဝါးလို့ ထင်ကြလိမ့်မယ်။”
“အမေရယ် အဆင်ပြေပါတယ်။ သမီး သတိထားသ၍ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။” ရှောင်လင်းယွီက နှစ်သိမ့်ပေးလိုက်သည်။ “ပြီးတော့ အမြဲတမ်း အမေလည်း သမီးနဲ့အတူရှိနေတာပဲ။”
“ဒါပေါ့မယ်…” မေမေရှောင် စိုးရိမ်နေတုန်းပင်။ “တကယ်လို့ အမေ မရှိတော့ရင်ရော။”
“အမေရယ်…” ရှောင်လင်းယွီ ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။
စိုက်ပျိုးရေးနေရာလွတ်သည် သူမအပိုင်ဖြစ်သည်က အမှန်တရားဖြစ်လေသည်။ ရှောင်ထုန်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ကြီးပျင်းလာစေချင်သော်လည်း သူ့နောက်ခံနှင့်ဆိုလျှင် သေချာပေါက် မမျှမတဆက်ဆံခံရပေလိမ့်မည်။
ရှောင်ထုန်ကို တခြားလူများ၏ ထူးဆန်းသည့်အကြည့်များအောက်တွင် မကြီးပျင်းစေချင်ပေ။ ဒါကြောင့် သူမကပဲ သူမကိုရော ရှောင်ထုန်ကိုပါ ဘယ်သူမှ မစော်ကားရဲသည့် အထင်မသေးရဲသည့် သန်မာသည့်မိခင်တစ်ယောက် ဖြစ်လာမှရပေမည်။
ဒါ့အပြင် ရှောင်ထုန်တွင် တကယ်တမ်းပြောရလျှင် အဖေရှိပေသည်။ တကယ်တော့ သူ့အဖေသည် တရုတ်ပြည်တွင် အချမ်းသာဆုံးပင်ဖြစ်နေသေးသည်။ သူမ၏အတိတ်ဘဝတွင် ရှောင်ထုန် သေဆုံးသွားသည်အထိ သူ့အဖေ ဘယ်သူမှန်း ရှောင်လင်းယွီ မသိရှိခဲ့ပေ။ သို့သော်လည်း အခုဘဝတွင်တော့ သူမ သူ့ကို မှတ်မိသွားပေပြီ။
ဒါတင်မကသေး တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည် ထိုလူနှင့် မိတ်ဆွေဖြစ်ကာ သူ့အဖိုးကလည်း ထောင်ယွမ်ရွာတွင် အခြေချဖို့ ရွေးချယ်ခဲ့လေသည်။
ရှောင်ထုန် မမွေးလာခင် သခင်ကြီးကုန်း နေကောင်းကျန်းမာလာပြီး ထောင်ယွမ်ရွာက ထွက်သွားရင်တော့ အကောင်းဆုံးပေါ့။ ဘာပဲဖြစ်ဖြစ် သခင်ကြီးကုန်းသာ ရှောင်ထုန်မွေးပြီးသည်အထိ ရွာတွင် ဆက်နေ,နေမည်ဆိုလျှင် တချိန်မဟုတ်တချိန် အမှန်တရားကို သိရှိသွားပေလိမ့်မည်။ ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်နှင့် သူ့အဖိုး၏ရည်ရွယ်ချက်ကို မသိရပါဘဲနှင့် ရှောင်ထုန်၏ကံကြမ္မာကို လောင်းကြေးမထပ်ရဲပေ။ ဒါကြောင့် သူမအနေနှင့် ရှောင်ထုန်ကို ကာကွယ်ဖို့ရန် တစ်ခုတည်းသောနည်းလမ်းသည်က သူမကိုယ်တိုင် သန်မာလာဖို့ရန်သာဖြစ်လေသည်။
နောက်ပိုင်း အမှန်တရားပေါ်ထွက်သွားချိန်တွင် သူမလည်း အင်အားမဲ့နေတော့မည်မဟုတ်ပေ။ ထိုသို့ဖြစ်အောင် လုပ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းက စိုက်ပျိုးရေးနေရာလွတ်သာရှိပေသည်။ သို့သော်လည်း အကြောင်းအရာအားလုံးကိုတော့ သူမ မေမေရှောင်ကို မပြောပြနိုင်သေးပေ။
မေမေရှောင်က ရှောင်လင်းယွီ၏ စိုးရိမ်ပူပန်နေသည့် အမူအရာကိုကြည့်ကာ သက်ပြင်းခဖွဖွချလိုက်မိသည်။ “ထားလိုက်ပါတော့။ မတားတော့ပါဘူး။ ဒါပေမယ့် သေချာဂရုတစိုက်နဲ့လုပ်ပါမယ်လို့တော့ ကတိပေးရမယ်။ အမေကတော့ ကြွယ်ဝချမ်းသာမှုကို မလိုချင်ဘူး။ အမေတို့မိသားစု အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတာကိုပဲ လိုချင်တယ်။”
“ဟုတ်ကဲ့ပါ အမေ။” ရှောင်လင်းယွီ ဝမ်းသာသွားသည်။ သူမကို ဤကဲ့သို့ သူမအပေါ် အလွန်သည်းခံကာ ချစ်မြတ်နိုးပေးသည့် မိဘနှစ်ပါးကိုပေးသနားခဲ့သည့်အတွက် ဘုရားသင်ကို အလွန်ကိုမှ ကျေးဇူးတင်မိပေသည်။
ရှောင်လင်းယွီတို့သားအမိလည်း မကြာခင်မှာပဲ ဆိုင်သို့ ပြန်ရောက်လာခဲ့သည်။
“ဒုတိယအစ်မ ပြန်လာပြီလား။ မြန်လိုက်ကြတာ။” လျိုချွမ်းဟွာက သူတို့မြန်မြန်ပြန်ရောက်လာသည့်အတွက် အံ့ဩသွားလေသည်။ ရှောင်မင်ယန်းက ချက်ချင်းပင် ထရက်ကားပေါ်မှ အသီးအရွက်များကို ကူချပေးခဲ့ကာ ရှောင်လင်းယွီကလည်း သူမအဒေါ်ကို ရှင်းပြလိုက်သည်။ “လမ်းပေါ်မှာ လူအရမ်းမကြပ်တော့ဘူးလေ။”
ရှောင်လင်းယွီ ဆိုင်ထဲကိုဝေ့ကြည့်လိုက်ရာ သူမ၏ စတုတ္ထဦးလေးနှင့်ဒေါ်လေးက တော်တော်လေးလုပ်နိုင်ကြောင်း သိလိုက်ရလေသည်။ ပစ္စည်းအားလုံးကို သူ့အစီအစဉ်နှင့် သေချာနေရာချထားပြီးဖြစ်သည်။
ရှောင်လင်းယွီ အချိန်ကိုတစ်ချက်ကြည့်လိုက်ကာ မနက် ၇နာရီခွဲပေပြီ။
သူမ ပထဆုံးဆိုင်စဖွင့်သည့်နေ့လေးပင်။ သူမက အတိတ်နမိတ်ကောင်းစေသည့်အချိန်မျိုးကို လိုချင်သည် ၈နာရီ ၁၂မိနစ်ဆိုလျှင် အပြည့်စုံဆုံးပင်။
ရှောင်လင်းယွီသည် တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်သော်လည်း ဘာကိုမှ မတွေးတာထက် အခုလို ယဉ်ကျေးမှုဓလေ့အစဉ်အလာကို လိုက်နာခြင်းက ပိုကောင်းသည်ဟု တွေးလိုက်မိသည်။
ထို့နောက် လေးဦးသား ပြင်ဆင်စရာရှိတာအချို့ကို ပြင်ဆင်ပြီးနောက် အချိန်ကိုထပ်ကြည့်လိုက်ပြန်ကာ မိနစ် ၃၀လောက်လိုနေတုန်းပင်။
ရှောင်လင်းယွီက၊ “အမေ၊ စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး။ နောက် နာရီဝက်လိုသေးတယ်။ အရင်ဆုံး တစ်ခုခုသွားစားလိုက်ကြရအောင်။”
သူတို့အုပ်စုသည် မနက်ခြင်း ၃-၄နာရီလောက်ကတည်းက အိပ်ရာထခဲ့ရကာ တောက်လျှောက် အလုပ်များနေတာကြောင့် ဘာမှမစားခဲ့ရသေးတာကြောင့် ဗိုက်ဆာနေကြပြီဖြစ်သည်။
မေမေရှောင်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “ဟုတ်တယ်၊ စောသေးတာပဲ။ ချွမ်းဟွာ၊ မင်ယန်း၊ မနက်စာသွားစားကြရအောင်။”
သူတို့က ရှောင်လင်းယွီထက်တောင်မှ ပို၍ အယူသီးကြသေးသည်။ ဆိုင်တစ်ဆိုင်အနေနှင့် မင်္ဂလာရှိသည့်အချိန်နာရီတွင် စဖွင့်ပါက စီးပွားရေးက ပို၍ကောင်းပေလိမ့်မည်။
လေးယောက်သား အပြင်ထွက်ကြတော့မည့်အချိန်မှာပဲ ဆိုင်ရှေ့က ဖြတ်သွားသည့် အမျိုးသမီးတစ်ယောက်က ဆိုင်ကိုသေချာကြည့်လာကာ အနည်းငယ်အံ့ဩနေဟန်ဖြင့် ပြောလာခဲ့သည်။ “အာ… ဒီနေရာမှာ ဘယ်တုန်းက အသီးအရွက်ဆိုင်ဖွင့်လိုက်တာပါလိမ့်။”
ထိုသို့ပြောပြီးနောက် သူမက ဆိုင်ထဲသို့တန်းဝင်ကာ ကြည့်လိုက်ရာ အသီးအရွက်များအားလုံးက လတ်ဆတ်စိမ်းစိုနေသည်ကို မြင်လိုက်ရလေသည်။
သူမ နည်းနည်းလောက်ဝယ်မည်ဟု တွေးလိုက်ချိန်မှာပဲ ဈေးနှုန်းကိုမြင်ပြီး အလွန်အံ့ဩသွားတော့သည်။ “ဘာလို့ ဒီအသီးအရွက်တွေက အဲ့လောက်တောင် ဈေးကြီးနေရတာလဲ။” သူမက အဆင့်မြင့်အသီးအရွက်များတင်ထားသည့် စင်ကိုကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။
ရှောင်လင်းယွီက ချက်ချင်းလျှောက်လာကာ ရှင်းပြခဲ့သည်။ “ဝယ်သူရှင့်၊ ကျွန်မတို့ဆိုင်က အသီးအရွက်တွေအားလုံးက သဘာဝအတိုင်းညစ်ညမ်းကင်းစင်တဲ့ အသီးအရွက်တွေပါ။ ဒါကြောင့် အပြင်ဈေးမှာရောင်းတဲ့အသီးအရွက်တွေထက် နည်းနည်းလေး ပိုဈေးကြီးပါတယ်။”
သူမက အဆင့်မြင့်ထုတ်ကုန်အတန်းကို လက်ဖြင့်ညွှန်ပြလိုက်ကာ၊ “ဒီနေရာက အသီးအရွက်တွေဆိုရင် အားလုံးက ထိပ်တန်းအမျိုးအစားတွေချည်းပဲ။ ပေးရတဲ့တန်ကြေးနဲ့ သေချာပေါက်ထိုက်တန်ပါတယ်၊ ကျွန်မကို ယုံလိုက်ပါ။”
သက်လတ်ပိုင်းအမျိုးသမီးကတော့ လုံးဝမယုံကြည်ဘဲ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ဟမ့်၊ ဒါ နင်တို့လိုလူလိမ်တွေ သုံးနေကျ စကားလုံးတွေပဲလေ။ ဘာတွေ အကြောင်းပြချက်ပေးနေတာလဲ။” ထို့နောက် သူမက ဆက်ပြီး၊ “မင်းသာ ဒီ ‘အဆင့်မြင့်’ဆိုတဲ့ဟာတွေကို တခြားအသီးအရွက်တွေနဲ့ တစ်ဈေးတည်းထားရောင်းရင် ငါ အားလုံးဝယ်မယ်။” သူမက အသီးအရွက်များကို ဝယ်တောင်မဝယ်ချင်ပေ… သို့သော်လည်း စင်ပေါ်ရှိအသီးအရွက်များ စိမ်းစိုလတ်ဆတ်နေသည်ကိုမြင်တာကြောင့် ဤကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
***