ဆိုင်စဖွင့်တဲ့အတွက် ဂုဏ်ပြုပါတယ်
Vol. 11 Ch. 188
မေမေရှောင်နှင့်လူကြီးများကတော့ သက်လတ်ပိုင်းအမျိုးသမီး၏စကားများကြောင့် ပူပန်လာတော့သည်။ ဘယ်လိုလုပ်ကြမလဲ။ ရောင်းဈေးနဲ့ပတ်သတ်ပြီး ဝယ်သူကစပြီး မကျေမနပ်တွေပြောနေပြီ။
သက်လတ်ပိုင်းအမျိုးသမီးကတော့ သူမကမ်းလှမ်းသည့်ဈေးက အလွန်ကိုမှ သင့်တင့်သည်ဟု တွေးနေလေသည်။ ဘာပဲဖြစ်ဖြစ် ဈေးထဲမှာဆို သူမ ဈေးနိမ့်နိမ့်နဲ့ အသီးအရွက်တွေကို ဝယ်လို့ရနိုင်နေတာပဲမဟုတ်လား။ အခုလို ကမ်းလှမ်းပေးနေတာက ဒီအသီးအရွက်တွေက တော်တော်လေး လတ်ဆတ်နေတာကိုမြင်နေရလို့သာဖြစ်သည်။ သူမမိသားစုသည် ချမ်းသာသော်လည်း ချမ်းသာသည်ဆိုတိုင်း ငွေကို ပေါ့ပေါ့ဆဆသုံးစွဲနေမည်ဟု မဆိုလိုပေ။
ရှောင်လင်းယွီက ခေါင်းအသာယမ်းလိုက်လေသည်။ “စိတ်မကောင်းပါဘူး၊ မဒမ်။ ကျွန်မတို့ရဲ့ဈေးနှုန်းက ပုံသေပါပဲ။” တစ်နည်းပြောရရင်တော့ မင်းသာ ဈေးနိမ့်တာလိုချင်ရင် တခြားဆိုင်တွေကိုသာ သွားဝယ်လိုက်,ဆိုတာပေါ့။
သက်လတ်ပိုင်းအမျိုးသမီး၏မျက်နှာက ဖြူဖျော့သွားတော့သည်။ သူမက ရှောင်လင်းယွီကို ရိုင်းစိုင်းသည်ဟုပင်တွေးလိုက်ကာ သူမအသံက ပိုလို့တောင်မှ နားဝင်ဆိုးလာတော့သည်။ “နင်တို့က ဝယ်သူတွေကိုတော့ ဈေးဆစ်ခွင့်မပြုထားဘူးပေါ့။ ကိုယ်ရေးထားတဲ့ဈေးနှုန်းကိုလည်း ပြန်ကြည့်လိုက်ဦး။ ဒီလိုဈေးနဲ့ အိပ်မက်ထဲမှာပဲရောင်းရလိမ့်မယ်။ ခရမ်းသီးတစ်လုံးကို ၂ယွမ်? ဈေးထဲမှာဆို တစ်ကတ်တီမှ ၇၀ဆင့်ပဲရှိတယ်။ ဂေါ်ဖီဆိုလည်း ဈေးထဲမှာ တစ်ကတ်တီကို ၅၀ဆင့်ပဲရှိတာကို နင်တို့က တစ်လုံးကို ၁၅ယွမ်တောင် တောင်းတယ်ပေါ့။ ဒါ ဓားပြတိုက်နေတာပဲမဟုတ်လား။”
ရှောင်လင်းယွီသာ သူမ ဒီအမျိုးသမီးကို မသိထားကြောင်း မသေချာပါက တမင် ပြဿနာလာရှာသည့်လူဟုပင် သံသယဝင်မိပေလိမ့်မည်။
ရှောင်လင်းယွီက ကောင်းမွန်သည့်အသံနေအသံထား အပြုအမူဖြင့် ပြန်ပြောနေတုန်းပင်။ “မဒမ်၊ ကျွန်မတို့ဈေးမြင့်ထားရတာက အကြောင်းအရင်းရှိပါတယ်။ ဒီဈေးနှုန်းက ဒီအသီးအရွက်တွေနဲ့ ထိုက်တန်တယ်ဆိုတာ အာမခံပါတယ်။ မဒမ်သာတစ်ခုခုဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်မတို့ဆိုင်က အမြဲနွေးထွေးစွာကြိုဆိုနေမှာပါ။ ဒါပေမယ့် ကျွန်မတို့ဆိုင်က အခု တရားဝင်မဖွင့်ရသေးပါဘူး။ မနက်စာသွားစားပြီး ပြန်လာမှ စဖွင့်မှာပါ။”
‘ဒါကြောင့် ရှင်ဝယ်ချင်ရင် မြန်မြန်ဝယ်။ မဝယ်ချင်လည်း ထွက်သွားလိုက်တော့။’ ရှောင်လင်းယွီသည် ထိုစကားတွေကို ထုတ်မပြောခဲ့သော်လည်း သူမဆိုလိုချင်တာကတော့ ထိုအတိုင်းပင်။
သက်လတ်ပိုင်းအမျိုးသမီး၏အမူအရာက ပိုလို့ပင် ကြည့်ရဆိုးသွားကာ ခရမ်းသီးကိုပစ်ချပြီး၊ “ကောင်းပြီလေ၊ မဝယ်တော့ဘူး။ နင်တို့အသီးအရွက်တွေက အဲ့လောက်တောင် အဖိုးတန်တယ်များ ထင်နေလား။” ထိုသို့ပြောပြီးသည်နှင့် ထွက်သွားလေတော့သည်။
လျိုချွမ်းဟွာက စိုးရိမ်နေခဲ့သည်။ “လင်းယွီ၊ ဒေါ်လေးတို့ဈေးက အရမ်းမြင့်နေလား။” သူတို့ ဆိုင်တောင်မဖွင့်ရသေးဘူး သူတို့ရဲ့ပထမဆုံးဝယ်သူကို ဈေးနှုန်းနဲ့ခြောက်လိုက်မိပြီလေ။
ရှောင်လင်းယွီ ပြုံးလိုက်သည်။ “စတုတ္ထဒေါ်လေး မစိုးရိမ်ပါနဲ့။ ကိုယ့်ထွက်ကုန်တွေကိုယ်ယုံကြည်ရမယ်လေ။ အခုတော့ သွားစားကြရအောင်ပါ။ အားလုံးလည်း ဗိုက်ဆာနေရောပေါ့။”
ရှောင်လင်းယွီလည်း ဆိုင်တံခါးကို သော့ခတ်ကာ သူမအမေ၊ ဦးလေးနှင့်အဒေါ်တို့ကို အနီးအနားက မနက်စာဆိုင်သို့ ခေါ်သွားလိုက်သည်။ သူတို့တွင် မနက်စာထိုင်စားရန် အချိန်အများကြီးမရှိတာကြောင့် ပေါက်စီ၊ ဂျုံချောင်းကြော်၊ ပဲနို့တို့လိုမျိုး အမြန်စားလို့ရသည်များကိုသာ ဝယ်ယူခဲ့သည်။
လေးယောက်လုံး မနက်စာစားသောက်ကြပြီးနောက် ဆိုင်သို့ ပြန်လာခဲ့လေသည်။ သို့သော်လည်း ဆိုင်ရှေ့တွင် လူအုပ်ကြီးတစ်စုရှိနေတာကြောင့် သူတို့အံ့ဩသွားခဲ့ကြရသည်။
မေမေရှောင်က မေးလိုက်သည်။ “ယွီအာ၊ ဘာလို့ အမေတို့ဆိုင်ရှေ့မှာ လူတွေအများကြီးရှိနေတာလဲ။”
လျိုချွမ်းဟွာကလည်း သိချင်နေမိသည်။ “ဒီလူတွေက အသီးအရွက်ဝယ်ဖို့လာကြတာလား။”
ရှောင်မင်ယန်းကလည်း ခန့်မှန်းလိုက်လေသည်။ “ဟုတ်လောက်မယ်ထင်တယ်။”
“မိန်းကလေးက ဒီမှာဟေ့။” လူအုပ်ထဲမှတစ်ယောက်က ရှောင်လင်းယွီကိုမြင်သည်နှင့် အော်လိုက်လေသည်။
“ဒီလူတွေက လင်းယွီကို သိကြတာလား။ ဒါဆို သူတို့တွေ တကယ်ပဲ အသီးအရွက်ဝယ်ဖို့လာကြတာပေါ့။” မေမေရှောင်နှင့်ကျန်နှစ်ယောက်တွေးလိုက်ကြသည်။
ရှောင်လင်းယွီက သူမကိုခေါ်လိုက်သည့်အမျိုးသမီးကို မှတ်မိသွားကာ ပြုံးလျက်ပြောလိုက်လေသည်။ “မစ္စယန်၊ ရှင်ပါလား။”
ယန်ယန်းက ခေါင်းညိတ်ကာ ထောင်ယွမ်ရွာ လတ်ဆတ်သည့်အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များဟု ရေးထားသည့် ဆိုင်းဘုတ်ကို ကြည့်ကာ မေးလိုက်လေသည်။ “မိန်းကလေးရှောင်၊ ဒါ မင်းဆိုင်မဟုတ်လား။”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ “ဟုတ်ပါတယ်၊ မစ္စယန်၊ ဒါနဲ့ ကျွန်မမိသားစု ဒီမှာဆိုင်ဖွင့်မယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ။” သူမ ယန်ယန်းကို ထိုအကြောင်းပြောဖူးသည်ဟု မထင်မိပေ။
ယန်ယန်းက ပြုံးလိုက်ကာ၊ “ငါ တခြားတစ်ယောက်ဆီက ကြားခဲ့တာ။”
“တခြားတစ်ယောက်ဆီက ကြားတယ်?” ရှောင်လင်းယွီ ပိုလို့တောင်မှ နားမလည်နိုင်ဖြစ်သွားတော့သည်။
“ယီဖန်းဆီက ကြားတာလေ။”
“ယီဖန်း? ချန်ယီဖန်း?”
“ဟုတ်တယ်၊ ချန်ယီဖန်းက ငါ့အကြီးဆုံးအစ်မရဲ့သားလေ။” ယန်ယန်းက ရှင်းပြလာသည်။ “မစ္စရှောင်၊ ဘယ်လိုလုပ်များ ငါ့ကိုဒီလိုဆက်ဆံရတာလဲ။ မင်းမှာ ငါ့ဖုန်းနံပါတ်ရှိတယ်မဟုတ်လား။ ဘာလို့ ဒီမှာ စီးပွားရေးစလုပ်တော့မယ်ဆိုတာကို ဖုန်းလေးတောင် မဆက်ရတာလဲ။
မင်းဈေးလာမရောင်းကတည်းက ငါ့ကလေးက မင်းရဲ့အသီးအရွက်တွေကို ဘယ်လောက်တောင် လွမ်းနေလဲသိရဲ့လား။ သူက နေ့တိုင်း ခရမ်းချဉ်သီးစားချင်တယ်ဆိုပြီး ငိုယိုနေတာ။ တစ်နေ့၊ ငါ့အစ်မရဲ့အိမ်မှာ ထမင်းသွားစားကြတော့မှ ယီဖန်းက မင်းဆီကနေ အသီးအရွက်တွေရလာနေတယ်ဆိုတာ ငါတို့သိလိုက်ရတယ်လေ။ အဲ့နေ့ကစပြီး ငါ့သားက နေ့တိုင်း သူ့အဒေါ်အိမ်မှာပဲ ထမင်းသွားစားနေတော့တာပဲ။”
ရှောင်လင်းယွီ, “….” ကမ္ဘာကြီးက အရမ်းများကျဉ်းနေလို့လား။
“မိန်းကလေး၊ ငါလည်း မင်းဆီက အသီးအရွက်ဝယ်ဖူးတယ်လေ။ ဒါပေမယ့် မင်းကို နောက်ပိုင်းရှာလို့ကိုမတွေ့တော့ဘူး။ ငါ့ရဲ့ကိုယ်ဝန်ဆောင်ချွေးမက မင်းရဲ့အသီးအရွက်တွေကလွဲရင် ဘာမှကိုမစားနိုင်ဘူး။ ငါတို့တစ်မိသားစုလုံးလည်း အရမ်းသောကရောက်နေရတာလ။” သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ချက်ချင်းဝင်ပြောလာခဲ့သည်။ “ကံကောင်းလို့၊ ငါ့အငယ်ဆုံးသားက မင်းရဲ့ဆိုင်အကြောင်း ဖိုရမ်ပေါ်ကနေတွေ့သွားလို့ ငါ့ကို အမြန်သတိပေးလာတယ်လေ။ ဒါနဲ့ ငါလည်း တစ်ချက်လာကြည့်လိုက်တာ။ တကယ်ကို မင်းဖြစ်နေတာပဲ။”
“အိုး၊ ရှင်လည်း ဖိုရမ်ပေါ်က စာကိုတွေ့လိုက်တာလား။ ကျွန်မရောပဲ။” နောက်တစ်ယောက်ကလည်း ပြောလာခဲ့သည်။ “ဒါကြောင့်ပဲ အဲ့စာကို အတည်ပြုဖို့ရောက်လာတာ။ အခုတော့ မိန်းကလေးကိုမြင်ပြီး တကယ်အမှန်ဆိုတာ သိသွားပြီ။”
“အတူတူပဲ၊ အတူတူပဲ။”
အများစုမှာ ဖောက်သည်ဟောင်းများဖြစ်ကြလေသည်။ သို့သော်လည်း ရှောင်လင်းယွီသည် သူမ၏ဆိုင်သစ်လေးအကြောင်း ဖိုရမ်ပေါ်တွင် တစ်ယောက်ယောက် ပို့စ်တင်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘယ်တုန်းကဖြစ်သွားတာလဲ? ဘယ်သူတင်လိုက်တာလဲ? သူမရဲ့ဆိုင်သစ်အကြောင်းသိတဲ့သူက သိပ်မများပါဘူး။
ရှောင်လင်းယွီ ကျေးဇူးတင်စွာဖြင့် အားလုံးကို ပြန်ပြောလိုက်သည်။ “အခုလိုမျိုး အားပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဘယ်ဖိုရမ်အကြောင်းပြောနေတာလဲဆိုတာ သိလို့ရမလား။”
ယန်ယန်းက ပြန်ဖြေလာသည်။ “အိုး.. အဲ့ဒါ ယီဖန်းရဲ့အလုပ်လေ။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူ့ဆီကနေ မင်းဆိုင်ဖွင့်မယ်ဆိုတာ ငါကြားခဲ့တာ။ သူကလည်း မင်းဆိုင်ကို အင်တာနက်ပေါ်မှာ ကြော်ငြာပေးမယ်လို့ ပြောခဲ့တယ်။” ထို့နောက် ယန်ယန်းက ဘေးကိုကြည့်ကာ တစ်ချက်ရယ်လိုက်ပြီး၊ “ဒီလောက်အထိ လူဝိုင်းအုံနေလိမ့်မယ်လို့ သူ မထင်ထားလောက်ဘူးဆိုတာတော့ ငါလောင်းရဲတယ်။”
ရှောင်လင်းယွီ တကယ်ကို အံ့ဩသွားခဲ့သည်။ “ဒါဆို နောက်မှ သခင်လေးချန်ကို ကျေးဇူးတင်ရတော့မှာပဲ။”
ယန်ယန်းက လက်အသာယမ်းလိုက်ကာ၊ “ယီဖန်းက စကားအများကြီးမပြောတတ်ပေမယ့် စိတ်နှလုံးနွေးထွေးတဲ့ကလေးပါ။ မိန်းကလေး၊ မင်း သူ့ကို အရမ်းယဉ်ကျေးနေဖို့မလိုဘူး။” ထို့နောက် သူမက ဆိုင်ကိုကြည့်ကာ စိတ်ဝင်တစားမေးလိုက်သည်။ “မိန်းကလေး၊ မင်းအခုထိ ဆိုင်မဖွင့်သေးဘူးလား။”
ရှောင်လင်းယွီက ရှင်းပြလိုက်သည်။ “ဒီနေ့က ကျွန်မတို့ ဆိုင်စဖွင့်မယ့် ပထမဆုံးနေ့ဆိုတော့ ၈နာရီ ၁၂မိနစ်မှ တရားဝင်ဖွင့်မှာလေ။ ခဏလောက် စောင့်ပေးကြပါဦးနော်။”
လူများက သူတို့နာရီများနှင့် ဖုန်းများကို ကြည့်လိုက်ကြသည်။ အခုက ၈နာရီထိုးလေပြီ။ နမိတ်ကောင်းသည့် အချိန်အခါဆိုသည်က အရေးကြီးကြောင်း သူတို့လည်း သိကြလေသည်။
“ကောင်းပြီလေ၊ ၁၀မိနစ်လောက်ကတော့ ငါတို့စောင့်နိုင်ပါတယ်။”
ရှောင်လင်းယွီလည်း ခေါင်းညိတ်ကာ သော့ကိုထုတ်ပြီး တံခါးဖွင့်လိုက်သည်။ ကာစတန်မာများမှာ အလွန်ကိုယဉ်ကျေးလှကာ အတင်းမဝင်လာကြပေ။ ရှောင်မင်ယန်းက အထဲသို့ဝင်ကာ ဗျောက်များကို ထုတ်လိုက်ပြီး တိုင်ရှည်တစ်လုံးတွင် ချည်လိုက်သည်။ အချိန်ကျလာလျှင် ထိုဗျောက်များကို သူမီးညှိလိုက်မည်ဖြစ်သည်။
ထိုအချိန်မှာပဲ အနက်ရောင်ကားတစ်စီးက ဆိုင်တစ်ခါးရှေ့တွင် ထိုးလာလေသည်။ ကားတံခါးဖွင့်လိုက်သည်နှင့် အရပ်ရှည်ရှည်ခန့်ညားသည့် အမျိုးသားတစ်ယောက်က ထွက်လာခဲ့သည်။
တစ်ယောက်က အသစ်ရောက်ရှိလာသည့်ဧည့်သည်ကို ချက်ချင်းမှတ်မိသွားကာ၊ “ဒါ ဥက္ကဌကုမဟုတ်လား၊ ကုမိသားစုဟိုတယ်ရဲ့ အထွေထွေမန်နေဂျာလေ။”
ရှောင်လင်းယွီ၏ဖောက်သည်အများစုသည် ချမ်းသာသည့်လူများဖြစ်ကြတာကြောင့် ကုမိသားစုဟိုတယ်သို့ ရောက်ဖူးခြင်းက အထူးအဆန်းမဟုတ်သလို ဟိုတယ်၏အထွေထွေမန်နေဂျာကိုပါ သိကြလေသည်။
“ဟုတ်တယ်၊ သူက ပန်းခြင်းလည်းသယ်လာတာပဲ။”
“သူက မိန်းကလေးကိုသိတာလား။”
ကုကျီယဲ့သည် ပန်းခြင်းတစ်ခြင်းသယ်လာကာ တံခါးဝတွင်ချလိုက်သည်။ ပန်းခြင်းပေါ်တွင်တော့ အနီရောင်စာတစ်စောင်ပါကာ၊ “ဘော့စ်ရှောင်ရဲ့ခမ်းနားသောဆိုင်ဖွင့်ပွဲအတွက် ကုမိသားစုဟိုတယ်က ဂုဏ်ပြုပါတယ်။” ဟု ရေးထားလေသည်။
ကုကျီယဲ့က ဟိုတယ်ကိုယ်စားပြုအနေနှင့် ကိုယ်တိုင်ရောက်ရှိလာခဲ့ခြင်းပင်။ သူက ရှောင်လင်းယွီအနားသို့ သွားလိုက်ကာ၊ “လင်းယွီ၊ ဂုဏ်ပြုပါတယ်။”
ရှောင်လင်းယွီ ပြုံးလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”
ထိုအချိန်မှာပဲ နောက်ထပ်ကားနှစ်ရောက်လာပြန်ကာ ကျန်းဟိုင်ယန်၊ ယွမ်ရွှမ်ဟောက်နှင့် ချန်ယီဖန်းတို့ ထွက်လာကြသည်။ ကျန်းဟိုင်ယန်က သူ့ကားသူမောင်းကာ ချန်ယီဖန်းနှင့် ယွမ်ရွှမ်ဟောက်တို့ကတော့ တစ်စီးပင်။
သူတို့သည်လည်း ပန်းခြင်းများကိုင်လာကြကာ တံခါးဝတွင် ထားလိုက်ပြီး ကုန်င်းကို ပြုံးပြလိုက်သည်။ “ဂုဏ်ပြုပါတယ်၊ လင်းယွီ။ ငါတို့နောက်ကျသွားတာများလား။”
“မကျပါဘူး။” ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ထိုအချိန်မှာပဲ ယန်ယန်းက ချန်ယီဖန်းကိုကြည့်ကာ မေးလိုက်လေသည်။ “ယီဖန်း၊ မင်းနဲ့ မစ္စရှောင်က တကယ်ကို သူငယ်ချင်းတွေပေါ့။”
ချန်ယီဖန်းလည်း ယန်ယန်းကိုတွေ့သွားကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။ “ဒေါ်လေး၊ ဘာလို့ ဒီရောက်နေတာလဲ။”
ယန်ယန်းက ပြုံးလိုက်ကာ၊ “ပြီးခဲ့တဲ့နှစ်ရက်တုန်းက မင်းရဲ့သူငယ်ချင်းက အသီးအနှံနှင့်အသီးအရွက်ဆိုင်ဖွင့်မယ်ဆိုပြီး မင်းပြောတာ ငါ ကြားတယ်လေ။ သူ့ရဲ့အသီးအရွက်တွေက ဘယ်လောက်ထူးခြားတယ်ဆိုပြီး မင်းပြောနေတာရယ် ပြီးတော့ မင်းတို့အိမ်က အသီးအရွက်တွေက ငါအရင် မိန်းကလေးဆီက ဝယ်နေကျနဲ့တူနေတာရယ်ကြောင့် ငါလည်း ဒီမိန်းကလေးဖြစ်နေတာလားဆိုပြီး သံသယဝင်မိလို့ လာကြည့်လိုက်တာ။ တကယ်ကို မင်းရဲ့သူငယ်ချင်းဆိုတာက မစ္စရှောင်ဖြစ်နေတာပဲ။”
“ဟုတ်တယ်၊ ကျွန်တော်တို့က သူငယ်ချင်းတွေ။”
ကျန်းဟိုင်ယန်က ပတ်ဝန်းကျင်ကိုကြည့်လျက် မေးလာခဲ့သည်။ “လင်းယွီ၊ ငါတို့ နောက်မကျသွားပါဘူးနော်?”
ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီ။ “နောက်မကျပါဘူး။ ဆိုင်က ၈နာရီ ၁၂မိနစ်ကျမှ တရားဝင်ဖွင့်မှာ။”
ကျန်းဟိုင်ယန်လည်း သူ့လက်ကောက်ဝတ်က နာရီကိုကြည့်လိုက်ပြီး၊ “ဟုတ်သား၊ အခုထိ ငါးမိနစ်လိုသေးတာပဲ။”
ထိုအချိန်တွင် နောက်ထပ်ကားတစ်စီးရောက်လာပြန်သည်။
ကားရပ်သွားသည်နှင့် ကျန်းထောင်က ကားပေါ်က ဆင်းလာကာ ကားနောက်ခန်းမှ ပန်းခြင်းကို ယူလိုက်သည်။ ထို့နောက် သူက ရှောင်လင်းယွီဆီသို့ လျှောက်လာကာ၊ “ဂုဏ်ပြုပါတယ် လင်းယွီ။”
“ကျေးဇူးတင်ပါတယ်။” ရှောင်လင်းယွီ ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။
သူမ၏ဆိုင်သေးသေးလေးစဖွင့်တာကို ဒီလောက် လူတွေအများကြီးနှင့် သက်ဝင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“နေပါဦး… ဒါ ခေါင်းဆောင်ကျန်းမဟုတ်လား။” တစ်ယောက်က ကျန်းထောင်ကိုမှတ်မိသွားကာ အံ့ဩသွားလေသည်။ သို့ပေမယ့် ထိုသို့အံ့ဩမိခြင်းက သူတို့အတွက် ရှောင်လင်းယွီအကြောင်း ပိုပြီး သိစေချင်လာရုံသာဖြစ်သည်။
မိန်းကလေးတစ်ယောက် ဟင်းသီးဟင်းရွက်ဆိုင်လေးတစ်ဆိုင်ဖွင့်တာက ကုမိသားစုဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ၊ ကျန်းအိမ်ခြံမြေလုပ်ငန်းရဲ့ အကြီးဆုံးသခင်လေး၊ ထန်ဖေးကားရောင်းဝယ်ရေးလုပ်ငန်းရဲ့ဘော့စ်၊ ခရိုင်တရားသူကြီးရဲ့သားအပြင် ခရိုင်စခန်းမှူးကိုပါ ဆွဲဆောင်နိုင်တယ်ပေါ့။
‘ဒီလူတွေအားလုံးက ငယ်ရွယ်ပြီး အောင်မြင်မှုအသီးသီးရှိကြတဲ့ လူငယ်တွေချည်းပဲ။ ဒီသူဌေးမလေးကို သူတို့တွေ စိတ်ဝင်စားနေကြတာလား။ သူ(မ)က တော်တော် ဆွဲဆောင်မှုရှိတာပဲ။’
လူငယ်များက မေမေရှောင်ကိုလည်း မေ့မထားကြပေ။
“ဒေါ်လေး ဂုဏ်ပြုပါတယ်။”
“ဒေါ်လေးတို့အားလုံးကို ဂုဏ်ပြုပါတယ်။”
မေမေရှောင်သည် သူတို့ကိုမြင်သည်နှင့် ပြုံးလိုက်ကာ၊ “အားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်။”
ထို့နောက် မေမေရှောင်၏စူးရှသည့် အကြည့်များသည် တစ်ဖက်ကနေပြီး ပန်းခြင်းတစ်ခုနှင့်လာနေသည့် အဘွားစုန့်နှင့်အဘိုးစုန့်တို့ကို မြင်သွားခဲ့ကာ ချက်ချင်းပင် အပြေးသွားလိုက်သည်။ “အဘွားစုန့်၊ အဘိုးစုန့်။” ထို့နောက် သူမက သူတို့လက်ထဲမှ လေးလံလှသည့် ပန်းခြင်းကြီးကို ကူသယ်ပေးလိုက်လေသည်။
အဘွားစုန်သည်လည်း မေမေရှောင်ကိုမြင်သည်နှင့် ချက်ချင်းပင် ပြုံးလိုက်သည်။ “ရှောင်မား မတွေ့တာကြာပြီနော်။”
“အဖွား၊ အဖိုး။ ဘယ်လိုလုပ် ဒီကိုရောက်လာကြတာလဲ။” ရှောင်ကျန်းယန်လည်း အဘွားစုန့်နှင့်အဘိုးစုန့်ကိုမြင်သည်နှင့် ချက်ချင်းသွားကာ နှုတ်ဆက်လိုက်သည်။
အဘွားစုန့်က သူမမြေးကိုလျစ်လျူရှုကာ ရှောင်လင်းယွီကိုသာ မကျေမနပ်လှမ်းကြည့်လိုက်လေသည်။ “ကောင်မလေး၊ မင်း ဆိုင်အသစ်ဖွင့်မယ့်အကြောင်း ဘာလို့ ငါတို့ကို အကြောင်းမကြားရတာလဲ။ ဟိုင်ယန်သာ မပြောခဲ့ရင် ငါတို့သိလိုက်မှာတောင်မဟုတ်ဘူး။”
ရှောင်လင်းယွီ ရင်ထဲထိသွားရသည်။ “ဒါက ဆိုင်သေးသေးလေးတစ်ဆိုင်ဖွင့်တာလေ။ ဒါကြောင့် အဘွားနဲ့အဘိုးစုန့်တို့ကို ဒုက္ခမပေးချင်လို့ပါ။”
အဘွားစုန့်က ကျွတ်သပ်လိုက်ကာ, “ကောင်မလေး၊ မင်းက ငါတို့ကို သူစိမ်းတွေလို သဘောထားနေတာပဲ။”
“မဟုတ်ရပါဘူး။ အဘွားကို တကယ်အဘွားအရင်းတစ်ယောက်လို့ သဘောထားတာပါ။ ဘယ်လိုလုပ် သူစိမ်းဖြစ်ရမှာလဲ။” ရှောင်လင်းယွီ ခေါင်းကို ခပ်သွက်သွက်ခါလိုက်သည်။
“ဒီလိုဆို ဘာလို့ ဆိုင်ဖွင့်ပွဲအကြောင်း မပြောခဲ့တာလဲ။”
“အဘွားစုန့်၊ သမီးတောင်းပန်ပါတယ်။”
“ဦးလေးချန်း၊ ဒေါ်လေးချန်း၊ ဦးလေးလီ၊ ဦးလေးယွမ်၊ ဦးလေးချန်။ ဘယ်လိုလုပ် အားလုံးရောက်လာတာလဲ။” တစ်ဖက်ကလာနေသည့် အကြီးအကဲများကိုပါမြင်တာကြောင့် ရှောင်လင်းယွီ အံ့အားသင့်သွားတော့သည်။
“အဖိုး” ချန်ယီဖန်းနှင့် ယွမ်ရွှမ်ဟောက်တို့သည်လည်း သူတို့အဖိုးတွေရောက်လာတာကြောင့် အံ့ဩသွားလေသည်။ “ဘာလို့ ဒီရောက်နေကြတာလဲ။”
ဦးလေးယွမ်နှင့် ဦးလေးချန်က သူတို့မြေးတွေကိုကြည့်ကာ ခပ်တည်တည်နှင့်ပိတ်ဟောက်လိုက်တော့သည်။ “ဘာလို့ရမှာလဲ။ မင်းတို့တောင်လာသေးတာကို ငါတို့က ဘာလို့ မလာနိုင်ရမှာလဲ။”
ချန်ယီဖန်းနှင့် ယွမ်ရွှမ်ဟောက်တို့ ချက်ချင်းပင် သူတို့အနားသို့ အပြေးသွားလိုက်ကြတော့သည်။ “သားတို့ပြောတာ အဲ့ဒီသဘောမဟုတ်ဘူးလေ။”
သူတို့အလွန်ကိုမှ အံ့ဩနေမိကြသည်။ သူတို့အဖိုးတွေအကြောင်း သူတို့ကောင်းကောင်းသိပေသည်။ အကြီးအကဲများအတွက် နိုင်ငံရေးလူမှုရေး ဖိတ်ကြားချက်များစွာ ရှိကြပေမယ့် သူတို့က အားလုံးကို ငြင်းနေကျပင်။ သို့ပေမယ့် ရှောင်လင်းယွီ၏ ဆိုင်သေးသေးလေးဖွင့်ပွဲကိုတော့ လာတက်ရောက်သည်တဲ့လား။
သို့သော်လည်း သူတို့ကို ပိုပြီး နားမလည်နိုင်ဖြစ်စေသည်ကတော့ သူတို့အဖိုးတွေနဲ့ အခြားအကြီးအကဲတွေက ဘယ်အချိန်ကစလို့ ရှောင်လင်းယွီနဲ့ ဒီလောက်ရင်းနှီးသွားကြတာလဲ။
အမှန်တော့ ရှောင်လင်းယွီသည် ထိုအကြီးအကဲများနှင့် အရမ်းမရင်းနှီးပေ။ သူမတို့ ၂ကြိမ် ၃ကြိမ်လောက်သာဆုံဖူးခြင်းဖြစ်ကာ ထိုအကြီးအကဲများ ဦးလေးချန်း၏ဆိုင်တွင် ရှိနေကြချိန်မျိုးတွင်ဖြစ်သည်။
ဦးလေးချန်းနှင့်ဒေါ်လေးချန်းတို့ကလည်း ပန်းခြင်းတစ်ခြင်းနှင့်ရောက်လာကာ၊ “ကောင်မလေး၊ ဂုဏ်ပြုပါတယ်။ ငါတို့လာတာ နောက်ကျသွားလား။”
ရှောင်လင်းယွီ ခေါင်းအမြန်ယမ်းလိုက်သည်။ “မကျပါဘူး၊ မကျပါဘူး။”
ရှောင်မင်ယန်းနှင့်လျိုချွမ်းဟွာတို့ ကြောင်အလို့နေကြလေသည်။ ‘ယွီအာ ခရိုင်မြို့ပေါ်မှာပေါ် ဘယ်တုန်းကများ ဒီလောက်မိတ်ဆွေတွေအများကြီး ဖွဲ့လိုက်တာလဲ။ ပြီးတော့ အကုန်လုံးက အသက်ကြီးကြီးတွေချည်းပဲ။ ဒီလူတွေအားလုံးက သူ့ကို လာဂုဏ်ပြုကြတာတဲ့။’
ဦးလေးချန်နှင့် ဦးလေးယွမ်ကတော့ ဆိုင်ကိုအပြင်ဘက်ကနေကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။
ရုတ်တရက် ဦးလေးယွမ်က မေးလာခဲ့သည်။ “ကောင်မလေး မင်းဆိုင်က အရမ်းသေးလွန်းမနေဘူးလား။”
လူတိုင်းက ဆိုင်ထဲသို့လှမ်းကြည့်လိုက်ကာ ဆိုင်သည် စတုရန်းမီတာ ၆၀လောက်ရှိကြောင်း တွေ့လိုက်ရလေသည်။ မြို့လယ်ခေါင်တွင် ဒီလိုနေရာမျိုးက အတော်ကြီးနေပြီဟု သတ်မှတ်၍ရသည်။ ဒါကြောင့် ဆိုင်ကို သေးတယ်လို့ပြောတဲ့ အကြီးအကဲက ဘယ်သူများလဲ။ သူက အရမ်း ချမ်းသာပြီး အာဏာရှိတဲ့သူလား။ ပြီးတော့ ဟင်းသီးဟင်းရွက်ဆိုင်ပါဆို ဘယ်လောက်တောင် ကြီးစေချင်သေးတာလဲ။
ဒါပေါ့၊ တချို့တလေကသာ ထိုသို့တွေးခြင်းဖြစ်သည်။
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “ဒီအကျယ်လောက်က အနေတော်ပါပဲ။” ဘာပဲဖြစ်ဖြစ် သူမအဓိကရည်ရွယ်ထားသည့်ဈေးကွက်က သေးသေးလေးပဲကို။
“အဆင်သင့်ဖြစ်ပြီနော်။” ရုတ်တရက် ရှောင်မင်ယန်းက အော်လိုက်သည်။ ထို့နောက် သူက ဗျောက်အတွဲများကို အမြန်ပြေးကာ မီးညှိလိုက်လေသည်။
ဗျောက်များက တဖုန်းဖုန်း တဗျောင်းဗျောင်းပေါက်နေကြကာ ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ မှတ်တမ်းစာမျက်နှာသည်လည်း တရားဝင် စတင်ဖွင့်လှစ်လိုက်ပေပြီ။
***