← Chapters

ဆိုင်ဖွင့်ပွဲကသက်ဝင်လှုပ်ရှားလှတယ်

Vol. 11 Ch. 189

ဆိုင်ဖွင့်ပွဲကသက်ဝင်လှုပ်ရှားလှတယ်

Vol. 11 Ch. 189

ဗျောက်တွဲများကိုဖောက်လိုက်သည်နှင့် တချို့က အော်ဟစ်ကာ ပြေးလွှားကြပြီး တချို့ကတော့ နားများကိုသာ အုပ်ထားကြလေသည်။ ထို့နောက် လူတိုင်းက လက်ခုပ်တီးကာ ရှောင်လင်းယွီအား ဂုဏ်ပြုပေးကြသည်။

“မစ္စရှောင်၊ ဆိုင်ဖွင့်ပွဲအတွက် ဂုဏ်ပြုပါတယ်။”

“ဂုဏ်ပြုပါတယ် ဘော့စ်ရှောင်။”

ရှောင်လင်းယွီလည်း ပြုံးကာ တစ်ဦးတစ်ယောက်ချင်းကို ပြန်လည်း ဖြေကြားလေသည်။ “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ အထဲကို ဝင်ကြပါ။”

ကာစတန်မာများက တစ်ယောက်ပြီးတစ်ယောက် ဆိုင်ထဲသို့ ဝင်လာကြတော့သည်။

သူတို့ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဆိုင်သည် နောက်ဆုံးပေါ်ပစ္စည်းများကိုသာ ရောင်းချသည့်ဆိုင်တစ်ဆိုင်လိုမျိုး အထက်တန်းကျသည့် ခံစားချက်မျိုးကို ပေးစွမ်းနေကြောင်း သတိပြုမိလိုက်ကြလေသည်။

နံရံပေါ်ရှိ လိမ္မော်နီရောင် အစင်းကြောင်းများ၊ မျက်နှာကျက်မှ မီးဆိုင်းတွဲများ၊ စင်များနှင့် ကောင်တာများမှာ အလွန်လိုက်ဖက်ညီကာ သဟဇာတရှိလှသည်။ ၆၀ စတုရန်းမီတာဆိုသည်မှာ အတော်လေးကြီးသော်လည်း ဤဆိုင်သည်တော့ ကိုယ့်အိမ်ရှိနေရာလွတ်တစ်ခုလိုမျိုး ရင်းနှီးကျွမ်းဝင်မှုကို ခံစားရစေနိုင်သည်။ ပစ္စည်းများအားလုံးကိုလည်း အစီအစဉ်တကျ အမျိုးအစားအလိုက် စီစဉ်ထားသေးသည်။

ကာစတန်မာများမှာ သူတို့ဆိုင်ထဲသို့ဝင်သည်နှင့် အသီးအရွက်များကို တန်းတွေ့လိုက်ရတာကြောင့် မျက်လုံးများ အရောင်တောက်လာတော့သည်။ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားသွားကြကာ သူတို့လိုချင်သည့် အသီးအရွက်များရအောင် ရယူရန် အပြေးသွားကြတော့သည်။

“ဟေး၊ ဒီအသီးအရွက်တွေက ဘာလို့ အများကြီးဈေးသက်သာနေရတာလဲ။” တစ်ယောက်က သူ့စိတ်ထဲက မရေရာမှုကို ထုတ်မေးလာခဲ့သည်။ “ဒါပေမယ့် ကြည့်ရတာတော့ အရင်တုန်းက အသီးအရွက်တွေနဲ့ အတူတူလောက်ပါပဲ။”

“မစ္စရှောင်၊ ဈေးလျှော့လိုက်တာလား။” တစ်ယောက်က မေးလိုက်သည်။

ကုကျီယဲ့နှင့်အခြားလူများသည်လည်း စင်ပေါ်မှ ဈေးနှုန်းများကိုကြည့်ကာ မျက်မှောင်ကြုတ်သွားကြသည်။ ထိုဈေးနှုန်းက အတော်လေးနိမ့်နေလေသည်။

ထိုအချိန်မှာပဲ ရှောင်လင်းယွီက လော်စပီကာတစ်ခုကို ထုတ်လာကာ ရှင်းပြလာခဲ့သည်။ “လေးစားရပါသော ဧည့်သည်တော်တို့ ကျွန်မရှင်းပြပါ့မယ်။ ဒီဆိုင်မှာ အသီးအရွက်တွေကို နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ တစ်ခုကတော့ သာမာန်အသီးအရွက်တွေဖြစ်ပြီး နောက်တစ်မျိုးကတော့ အဆင့်မြင့်အသီးအရွက်တွေပါ။ သူတို့နှစ်မျိုးရဲ့ဈေးကလည်း ကွာပါတယ်။ အဆင့်မြင့်အသီးအရွက်တွေက ပုံမှန်အသီးအရွက်တွေထက် အရသာပိုရှိတာကြောင့် သူတို့က ပိုပြီး ဈေးကြီးပါတယ်။ ဒါပေမယ့် ပုံမှန်အသီးအရွက်တွေကလည်း အရမ်းအရသာရှိကြပါတယ်။ ဖောက်သည်တို့ အရင်က ဝယ်သွားဖူးတဲ့အသီးအရွက်တွေက အဆင့်မြင့်အသီးအရွက်တွေပါ။”

“ဒါပေမယ့် ကျွန်မတို့ဆိုင်က အဆင့်မြင့်အသီးအရွက်တွေအတွက် နေ့စဉ်ဝင်တဲ့ပစ္စည်းပမာဏအကန့်အသတ်ရှိတာကြောင့် တစ်နေ့ကို ၂၀၀ကနေ ၃၀၀ ကတ်တီအထိပဲ ရပါမယ်။”

ထိုတော့မှ ကာစတန်မာများလည်း နားလည်သွားကာ ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။

“ဒီခွဲခြားထားတဲ့အဆင့်နှစ်ခုကြားက ကွာဟချက်ကို သိနိုင်အောင် ကိုယ်တိုင် မြည်းကြည့်လို့ရပါတယ်။” ရှောင်လင်းယွီက ကြေညာလိုက်သည်။ “ပြီးတော့ ဒီနေ့က ကျွန်မတို့ရဲ့ဆိုင်ဖွင့်ပွဲနေ့ဖြစ်တာကြောင့် ပစ္စည်းအားလုံးအတွက် ၂၀ရာခိုင်နှုန်းလျှော့ပေးသွားပါမယ်။ မနက်ဖြန်ကျရင်တော့ ပုံမှန်ဈေးနှုန်းအတိုင်းပဲ ပြန်ဖြစ်မှာပါ။”

ထို့နောက် လျိုချွမ်းဟွာသည် ခရမ်းချဉ်သီးစိတ်များထည့်ထားသည့် ပန်းကန်တစ်ချပ်ကို သယ်လာကာ ကာစတန်မာများကို ဧည့်ခံလေသည်။

ကာစတန်မာများကလည်း သိချင်နေတာကြောင့် အရသာကို မြည်းစမ်းကြည့်လိုက်ကြသည်။

ကုကျီယဲ့နှင့်ကျန်လူများကတော့ ရှောင်လင်းယွီ စိုက်ပျိုးသည့် အသီးအရွက်များကို မကြာခဏစားဖူးနေပါသော်လည်း အခုအသစ်ထပ်ခွဲထားသည့် အဆင့်ခွဲခြားမှုအကြောင်းကိုတော့ သိချင်နေကြလေသည်။ ကုကျီယဲ့နှင့် တခြားဧည့်သည်များ မြည်းစမ်းကြည့်ပြီးနောက်မှာတော့ သူတို့အမြင်ကို ထုတ်ဖော်ပြောပြလာကြသည်။ “အရသာက တကယ်ကိုကွာခြားမှုရှိတာပဲ။” ကျန်းဟိုင်ယန်က သူ့လက်ထဲက ခရမ်းချဉ်သီးစိတ်ကိုကြည့်ကာ ပြောလိုက်သည်။ “သာမာန်အဆင့်ခရမ်းသီးရဲ့အရသာက ပိုပြီးချိုတယ်။ ဒါပေမယ့် အပြင်ဈေးမှာရောင်းတဲ့ခရမ်းချဉ်သီးတွေထက် အရသာပိုကောင်းနေတုန်းပဲ။ ဒါက အပြင်က အသီးတွေထက် ပိုသန့်စင်ပြီး သဘာဝအငွေ့အသက်အပြည့်ရှိတယ်။”

အမှန်ပင်။ ရှောင်လင်းယွီ၏သီးနှံများနှင့် အပြင်ဈေးတွင် ဝယ်ယူနိုင်သည့်သီးနှံများ၏ အကြီးမားဆုံးကွာခြားချက်မှာ သဘာဝအတိုင်းသန့်စင်မှုဖြစ်သည်။ ရှောင်လင်းယွီ၏သီးနှံများသည် ထိုကဲ့သို့ သဘာဝဆန်သည့်အငွေ့အသက်အပြည့်ရှိကာ စားသုံးသည့်လူများကို လန်းဆန်းသွားစေလေသည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ ဒီအသီးတွေမှာ သဘာဝတရားရဲ့ထူးခြားတဲ့အငွေ့အသက်ရှိနေတယ်ဆိုပေမယ့် ပုံမှန်အသီးတွေထက်တော့ ပိုချိုနေတုန်းပဲ။” ဖောက်သည်ဟောင်းများသည် ရှောင်လင်းယွီ၏အသီးအရွက်များကို တစ်ကြိမ်နှစ်ကြိမ်လောက်သာ ဝယ်ယူဖူးသော်လည်း အရသာကို ရှင်းရှင်းလင်းလင်း အမှတ်ရနေတုန်းပင်။ အစမ်းမြည်းကြည့်ပြီးနောက် အားလုံးက အစစ်အမှန်ချီးကျူးလာခဲ့သည်။ တကယ်ကို လွမ်းဆွတ်စရာခံစားချက်မျိုးပင်။ တစ်ချက်လောက်မြည်းကြည့်ရုံဖြင့် ကွာခြားချက်ကို ပြောနိုင်လေသည်။

“ဒီအရသာကလည်း တော်တော်ကောင်းတာပဲ။” တစ်ယောက်ကဆိုလျှင် ငွေတောင်ချေနေပြီဖြစ်သည်။ သူတို့သည် အလယ်အလတ်မိသားစုများကဖြစ်သည်။ သူတို့၏သားသမီးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ကြောင့်သာ မဟုတ်လျှင် အသီးအရွက်များအတွက်နှင့် ဤမျှသုံးစွဲမည်မဟုတ်ပေ။ အခုတော့ ရှောင်လင်းယွီသည် အရသာအနည်းငယ်လေးသာ ပြောင်းလဲသွားသည့် ပို၍ဈေးသက်သာသော အမျိုးအစားတစ်ခုကို ဆိုင်တွင် တင်ထားပေးလေသည်။ ဒီတော့ သေချာပေါက် သူတို့လည်း ပိုပြီးဈေးသက်သာတဲ့တစ်မျိုးကိုပဲ ဝယ်တော့မှာပေါ့။

အဆင့်မြင့်အသီးအရွက်များသည်လည်း လူကြိုက်များကြလေသည်။ ပြောရလျှင် ရှောင်လင်းယွီတွင် ဦးလေးလီနှင့် ဦးလေးချန်တို့လိုမျိုး ထင်ရှားသည့်မိသားစုနောက်ခံရှိသည့် ဖောက်သည်များလည်း ရှိသည်မဟုတ်ပါလား။

မတိုင်ခင်တုန်းက ရှောင်လင်းယွီသည် သူတို့ကို သီးနှံများ အကန့်အသတ်ဖြင့်သာ ပေးပို့ခဲ့လေသည်။ ထိုချမ်းသာသည့်မိသားစုများတွင် ငွေကြေးအပြည့်အစုံရှိပါသော်လည်း ရှောင်လင်းယွီ၏အသီးအရွက်များကို စိတ်ကြိုက် မဝယ်ယူနိုင်ခဲ့ပေ။ အခုတော့ ရှောင်လင်းယွီက အဆင့်မြင့်အသီးအရွက်များဆိုပြီး တစ်မျိုးတစ်စားချပြလိုက်တာကြောင့် သူတို့အနေနှင့် လုယက်ဝယ်ယူကြမိသည်က သဘာဝပင်။

မနက် ၈နာရီဝန်းကျင်တွင် လမ်းပေါ်၌ လမ်းသွားလမ်းလာများ ပိုများလာပြီဖြစ်သည်။ ရှောင်လင်းယွီ၏ဆိုင်သည် မြို့လယ်ခေါင်တွင် တည်ရှိခြင်းဖြစ်သည်။ ဆိုင်အသစ်တစ်ဆိုင်ဖွင့်ခြင်းက လူများစွာကို ဆွဲဆောင်မိသည်က ပုံမှန်ပင်။ လူတော်တော်များများက သွားရင်းလာရင်း ဆိုင်အသစ်ရှေ့တွင် ရပ်လိုက်ကြကာ သူတို့၏စူးစမ်းလိုစိတ်က အထဲသို့ တစ်ချက်လောက်ဝင်ကြည့်ရန် လှုံ့ဆော်နေလေသည်။

ဆိုင်ထဲတွင် ဘယ်လောက်တောင် စီးပွားရေးကောင်းနေသလဲဆိုသည်ကို ကိုယ်တိုင်မြင်တွေ့ပြီးနောက်မှာတော့ ထိုလူများအားလုံး အံ့ဩသွားကြတော့သည်။ လူအုပ်ကြီးက တိုးကြိတ်နေကာ လမ်းလျှောက်ဖို့ပင် နေရာလွတ်မရှိတော့ပေ။ ထို့နောက်မှာတော့ ထိုကာစတန်မာများသည် စင်ပေါ်ရှိ အသီးအရွက်များအတွက် အကြိတ်အနယ်အပြိုင်အဆိုင်ဝယ်ယူနေခြင်းဖြစ်သည်ကို တွေ့လိုက်ရပြန်သည်။

“ဟမ်? ဒါအသီးအရွက်ရောင်းတဲ့ဆိုင်လေးပဲလား။ ဟင်းသီးဟင်းရွက်တွေရောင်းဖို့အတွက်နဲ့ ဒီလိုဆိုင်မျိုးဖွင့်တာ ရှိသေးတယ်ပေါ့။ ဈေးထဲသွားရောင်းရမှာမဟုတ်ဘူးလား။”

“အသီးအရွက်လေးရောင်းဖို့အတွက်နဲ့ ဒီလိုဆိုင်ကြီးမျိုးဖွင့်တာ တော်တော်ဖြုန်းတီးတာပဲ။ ပိုင်ရှင်က ရူးများရူးနေတာလား။ ရတဲ့အမြတ်က ဆိုင်ငှားခကိုတော့ ကာမိမယ်မထင်ဘူး။”

“ဒါပေမယ့် စီးပွားရေးအခြေအနေကြည့်ရတာတော့… ဒီလိုသာကောင်းကောင်းရောင်းနေရရင် ဆိုင်ရှင်လည်း ငွေတော်တော်ဝင်မှာပါ။”

“အဲ့လိုဆိုရင်တောင် ဟင်းသီးဟင်းရွက်တွေရောင်းပြီး ငွေက ဘယ်လောက်များ ဝင်နိုင်မှာမို့လို့လဲ။ ပြီးတော့ ဒါက သူတို့ဆိုင်စဖွင့်တဲ့ ပထမဆုံးရက်လေ၊ အဲ့တော့ လျှော့ဈေးရှိတယ်။ ဆိုင်တွေတော်တော်များများက ဖွင့်ပွဲနေ့ဆို ရောင်းကောင်းနေကျပဲလေ။ ပြီးတော့ရော… နောက်ကျ လုပ်ငန်းက အရှုံးပေါ်ကုန်ကြတာပဲမဟုတ်လား။”

ထိုလူများက ဆိုင်ထဲသို့ဝင်လာပြီး ဈေးနှုန်းကိုမြင်လိုက်ရချိန် ထပ်ပြီး အံ့ဩသွားကြပြန်သည်။

“အမလေး ဒီအသီးအရွက်တွေက အရမ်းဈေးမကြီးလွန်းနေဘူးလား။ ဂေါ်ဖီ တစ်ကတ်တီကို ၂ယွမ်တဲ့ ဈေးထဲမှာဆို ၇၀စင့်နဲ့ ဝယ်လို့ရတယ်။ ပြီးတော့ ခရမ်းသီး တစ်ကတ်တီကို ၃ယွမ်! ဈေးထဲမှာဆို တစ်ကတ်တီမှ ၈၀စင့်ပဲရှိတယ်။”

“ပြီးတော့ ဟင်းနုနွယ်နဲ့ ကြက်သွန်ဖြူမြိတ်တွေရှိသေးတယ်။ ဘုရားရေ အားလုံး ဈေးကြီးလိုက်ကြတာ။ ဒါပေမယ့် လူတွေအများကြီးက ဒါကို အလုအယက်ဝယ်နေကြတုန်းပဲ။ တမင် ရောင်းအားကောင်းသလို ဟန်ပြဖို့ လူငှားထားတာလား။”

တခြားလူများသည်လည်း သံသယဝင်လာကြသည်။ သို့သော်လည်း ဆိုင်ပိုင်ရှင်က နေ့တိုင်း ဒီသရုပ်ဆောင်ပေးမယ့် လူတွေကို ငှားနိုင်မှာမလို့လား။

ရှောင်လင်းယွီသည် ငွေရှင်းကောင်တာတွင် ထိုင်နေလေသည်။ သူမ၏ညာဘက်တွင် မေမေရှောင်နှင့် ရှောင်မင်ယန်းတို့က ဝယ်ယူသည့်အသီးအရွက်များကို အလေးချိန် ချိန်ပေးနေခဲ့သည်။

လျိုချွမ်းဟွာကတော့ ဆိုင်ထဲရှိ ကာစတန်မာများကြားတွင် ပတ်သွားနေလေသည်။ ကာစတန်မာအသစ်များ ဆိုင်အဝင်ဝတွင်ရပ်နေသည်ကို မြင်သည်နှင့် သူမက ခရမ်းချဉ်သီးပန်းကန်ကို ချက်ချင်းသယ်သွားလိုက်လေသည်။ ထို့နောက် ကာစတန်မာအသစ်များအား၊ “ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များဆိုင်က ကြိုဆိုပါတယ်။ ကျွန်မတို့ရဲ့သီးနှံတွေက သဘာဝအတိုင်း အော်ဂဲနစ်စိုက်ပျိုးထားတာဖြစ်လို့ ညစ်ညမ်းမှုကင်းစင်ပါတယ်။ အရသာလေး မြည်းကြည့်ပါဦး။”

ကာစတန်မာအသစ်များသည် ခရမ်းချဉ်သီးစိတ်များကိုမြင်ပြီး သိချင်စိတ်များသွားတော့သည်။ သူတို့က တစ်ယောက်တစ်စိတ် ကောက်ယူကာ မြည်းကြည့်လိုက်ပြီးသည်နှင့် ချက်ချင်းဆိုသလို မျက်လုံးများပြူးကျယ်သွားကာ မယုံနိုင်ဟန်ဖြင့် ပြောလာကြသည်။ “ဒီ… ဒီခရမ်းချဉ်သီးက အရမ်းအရသာရှိတာပဲ။ အနံ့လေးကလည်းမွှေးလို့၊ အရမ်းလည်း ချိုတယ်။”

တချို့ကာစတန်မာများသည် တစ်စိတ်တည်းနှင့် မတင်းတိမ်နိုင်ကြဘဲ တစ်စိတ်ပြီးတစ်စိတ် ထပ်ယူစားကြပြန်ကာ မကြာခင်မှာပဲ သူတို့တွေ တစ်ပန်းကန်လုံးကို အပြောင်ရှင်းလိုက်မိကြမှန်း သတိပြုမိသွားတော့သည်။ သူတို့လည်း ရှက်ရွံ့သွားကာ မျက်နှာများ နီရဲလာကြလေသည်။

လူတစ်ယောက်က မျက်လုံးထောင့်ကနေပြီး စင်ထက်မှ ပြန့်ကျဲနေသည့်ခရမ်းချဉ်သီးများကိုကြည့်လိုက်လေသည်။ ထို့နောက် သူက ချက်ချင်းဆိုသလို ခရမ်းချဉ်သီးစင်သို့ ပြေးသွားသွားတော့သည်။ ဈေးနှုန်းမြင့်မမြင့်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။

သို့သော်လည်း သူလက်လှမ်းတော့မည့်အချိန်မှာပဲ ပြည့်တင်းတင်းလက်တစ်ဖက်က သူ့ကိုပြန်ဆွဲထားခဲ့သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်ယောက်က အံကြိတ်လျက် ပြောလိုက်လေသည်။ “စိတ်မကောင်းပါဘူး၊ လူငယ်လေး။ ဒီခရမ်းချဉ်သီးတွေ ငါယူမှရမယ်။ မင်း မနက်ဖန်မှပဲ ပြန်လာလိုက်တော့။” ထို့နောက် သူမက ခရမ်းချဉ်သီးများကိုကြည့်ကာ ပြောလိုက်လေသည်။ “ငါ့အကြီးဆုံးမြေးလေးက ဘော့စ်ရှောင်ရဲ့ခရမ်းချဉ်သီးဆို အရမ်းကြိုက်တာလေ။ ဘော့စ်ရှောင် ဈေးပြန်ရောင်းဖို့ကို ငါ့မှာ တစ်လလောက်တောင် စောင့်လိုက်ရတာ။”

ခရမ်းချဉ်သီးယူဖို့လုပ်ခဲ့သည့် အန်းမင်ဆိုသောလူငယ်လေးက၊ “ဒေါ်လေး၊ ဒီကဈေးနှုန်းတွေက အရမ်းမြင့်တယ်လို့ မထင်ဘူးလား။”

အဒေါ်ကြီးက သူ့ကို တစ်ချက်ကြည့်လာကာ၊ “ဈေးကြီးတယ်? မင်းဘာသိလို့လဲ။ ဟိုးက အဆင့်မြင့်ထုတ်ကုန်စင်ကို မမြင်ဘူးလား။ အဲ့ဒါတွေကမှ တကယ်ဈေးကြီးတာ။ ဒါပေမယ့် ပေးရတဲ့ဈေးဘယ်လောက်မြင့်မြင့် အကြောင်းအရင်းရှိတယ်။ ဒါကြောင့်ပဲ လူတွေက အလုအယက်ဝယ်နေကြတာပေါ့။”

အန်းမင်က မေးလိုက်သည်။ “ဒေါ်လေး အဲ့ဒီဈေးကြီးရတဲ့ နောက်ကွယ်က အကြောင်းအရင်းဆိုတာ ဘာများလဲ။”

အသီးအရွက်များသည် လတ်ဆတ်ကာ အရည်ရွှမ်းလှသည်။ ဒါကြောင့် ပုံမှန်ဈေးကွက်ထဲတွင် ရောင်းနေသည့်ဈေးထက် အနည်းငယ်ပိုမြင့်နေသည်က နားလည်ပေး၍ရလေသည်။ သို့ပေမယ့် ဤဆိုင်ရှိဈေးနှုန်းများမှာ အပြင်ထက် ၂ဆမက မြင့်နေလေသည်။

အဒေါ်ကြီးက၊ “ကောင်လေး၊ မင်း ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေကို အရင်က မစားကြည့်ဖူးဘူးမဟုတ်လား။ မင်းသာ စားကြည့်ဖူးရင် ဒီလိုမေးခွန်းမျိုး မေးမှာတောင်မဟုတ်ဘူး။ ဒီမှာရောင်းတဲ့ အသီးအရွက်တွေက အရမ်းအရမ်းကိုမှ အရသာရှိတယ်။ အနံ့က မွှေးပြီး ချိုမြနေတာပဲ။ ဒေါ်လေးလို ဟင်းချက်မကောင်းတဲ့လူမျိုးက ချက်တာတောင်မှ ဒေါ်လေးရဲ့မိသားစုဆို ဟင်းကို လုစားနေကြတာချည်းပဲ။ တော်ပြီ တော်ပြီ မင်းနဲ့မပြောတော့ဘူး။ မဟုတ်ရင် ငါဝယ်ချင်တာတွေ မဝယ်လိုက်ရဘဲ ရောင်းကုန်သွားတော့မယ်။”

အန်းမင်၊ “…”

ဤသည်မှာ ဈေးကြီးလှသည့်ဟင်းသီးဟင်းရွက်များ ရဖို့အရေး လူတွေအပြိုင်အဆိုင်ဝယ်နေကြသည်အား တွေ့မြင်ရသည်က သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်လေသည်။

“အန်းမင်!” မိန်းကလေးတစ်ယောက်က သခွားသီးနှစ်လုံးကိုင်လျက် လျှောက်လာလေသည်။ “အန်းမင်၊ ငါ သခွားသီးနှစ်လုံးရအောင် ယူလိုက်နိုင်တယ်။ တောင်ပေါ်တက်ပြီး သခွားသီးအတူတူစားကြရအောင်။” ထိုမိန်းကလေးသည် စွန်းလီဟုခေါ်ကာ သခွားသီးအစိမ်းကို အလွန်ကြိုက်လေသည်။ သခွားသီးအစိမ်းများသည် ချိုကာ ကြွပ်ရွလေသည်။ စွန်းလီက နောင်တရဟန်ဖြင့် ပြောလာခဲ့သည်။ “ငါတို့ အစောက မြည်းကြည့်ခဲ့တဲ့ ခရမ်းချဉ်သီးတွေ ကုန်သွားတာတော့ နှမြောစရာပဲ။ မဟုတ်ရင် ခရမ်းချဉ်သီးနည်းနည်းပါ ဝယ်သွားလို့ရတာကို။ နေဦး။ ဟိုနားကတစ်ယောက်က မုန်လာဥဖြူတွေ အစိမ်းစားနေတာမဟုတ်လား။”

အန်းမင်လည်း လှမ်းကြည့်လိုက်ရာ လူတစ်ယောက်က မုန်လာဥဖြူများအတွက် ငွေပေးချေပြီးသည်နှင့် အစိမ်းအတိုင်းကိုက်စားနေသည်ကို မြင်လိုက်ရလေသည်။ “ဟုတ်တယ်၊ အဲ့လိုဖြစ်မယ်ထင်တယ်။”

စွန်းလီ အံ့ဩသွားတော့သည်။ “မုန်လာဥဖြူကို အစိမ်းအတိုင်းစားလို့ရတာလား။”

အန်းမင်လည်း စင်ပေါ်တွင် မုန်လာဥဖြူနှစ်လုံးကျန်နေသေးသည်ကိုမြင်သွားကာ မေးလိုက်လေသည်။ “ဒါဆိုလည်း ငါတို့ဝယ်ပြီး စမ်းစားကြည့်ရင်ကောင်းမလား။”

စွန်းလီက ဘေးကိုတစ်ချက်လှည့်ကြည့်လိုက်ကာ၊ “ဒီဆိုင်မှာ ခရမ်းချဉ်သီးကလွဲပြီး တခြားမြည်းလို့ရတာ မထားပေးထားဘူးလားပဲ။” ထို့နောက် သူမက၊ “ကဲပါ ငါတို့ မုန်လာဥဖြူတစ်လုံးလောက် စမ်းဝယ်ကြတာပေါ့။ အရသာမရှိတော့လဲ လွှင့်ပစ်လိုက်ရုံပဲလေ။”

သူ့ချစ်သူကောင်မလေးက ပြောလာပြီဖြစ်တာကြောင့် အန်းမင်လည်း စင်ပေါ်တွင်ကျန်နေသည့် မုန်လာဥဖြူနှစ်လုံးကို အမြန်သွားယူကာ ငွေချေဖို့ တန်းစီလိုက်လေသည်။

“အလျင်မလိုကြပါနဲ့။ တန်းစီပေးကြပါ။” လူတစ်ယောက်က လူတန်းကို ဖြတ်ဝင်ဖို့လုပ်နေသည်အား မေမေရှောင်မြင်လိုက်တာကြောင့် ပြောလိုက်ခြင်းပင်။

အစကတော့ ရှောင်မင်ယန်းနှင့် လျိုချွမ်းဟွာတို့သည် ဈေးကြီးလှသည့် ဤဟင်းသီးဟင်းရွက်များ ရောင်းမထွက်မည်ကို စိုးရိမ်နေခဲ့ကြသော်လည်း အခုတော့ ဘာကိုမှ စိတ်ပူနေစရာမလိုတော့ပေ။ ဆိုင်တွင် ကာစတန်မာများဖြင့် ပြည့်လို့နေကာ အရူးအမူးကို တိုးကြိတ်၍ ဝယ်ယူနေကြလေသည်။ ဟင်းသီးဟင်းရွက် ကတ်တီ၁၀၀၀သည် ဈေးဘယ်လောက်ဖြစ်သည်ကိုပင် မေ့ရလောက်အောင် အကုန်လုံးရောင်းထွက်နေလေသည်။

လျိုချွမ်းဟွာတစ်ယောက် သက်ပြင်းချလိုက်မိသည်။ ဒီခရိုင်မြို့ပေါ်မှာ လူချမ်းသာတွေ တော်တော်များတာပဲ။

လူတော်တော်များများက ခြင်းထဲသို့ ဟင်းသီးဟင်းရွက်များထည့်ပြီးသည်နှင့် ငွေပေးချေရန် တန်းစီနေခဲ့ကြသည်။

ကုကျီယဲ့နှင့် သူငယ်ချင်းများကတော့ လှည့်ပတ်ကြည့်ရှုပြီးနောက် ပြန်ထွက်သွားလေသည်။ သူတို့ တခြားဈေးဝယ်တွေကြားထဲ ဝင်မနှောက်ယှက်ချင်ပေ။ ကျန်းဟိုင်ယန်ကတော့ လူကြိတ်ကြိတ်တိုးနေသည့်ဆိုင်ကိုကြည့်ပြီး အံ့ဩနေခဲ့သည်။ “လင်းယွီ ဘယ်တုန်းကများ ကြော်ငြာထည့်လိုက်တာလဲ။ ဒီသတင်းပျံ့သွားအောင် သူဘယ်လိုလုပ်လိုက်တာလဲ။”

“ဘာကြော်ငြာမှမထည့်ဘူး။” ချန်ယီဖန်းက ပြောလိုက်လေသည်။ “ငါ ဒေသတွင်းဖိုရမ်မှာ သူ့ဆိုင်အကြောင်း ပို့စ်တစ်ခု ကူတင်ပေးလိုက်တာ။ ဒါပေမယ့် ဒီလောက်လူတွေအများကြီး မြင်သွားကြလိမ့်မယ်လို့တော့ မထင်ထားဘူး။ ငါ့ဒေါ်လေးငယ်ကတော့ လင်းယွီ အရင်မြို့ထဲမှာလှည့်ရောင်းကတည်းက ဖောက်သည်အခိုင်အမာရထားပြီးသားလို့ ပြောတာပဲ။”

ကျန်းဟိုင်ယန် ခေါင်းညိတ်လိုက်သည်။ “စီးပွားရေးဒီလောက်ကောင်းနေတာ မထူးဆန်းတော့ပါဘူး။”

“လာပါ၊ ငါတို့လည်း ကိုယ့်အလုပ်ကိုယ်ပြန်ကြရအောင်။” ကုကျီယဲ့က ပြောလိုက်ပြီးနောက် လေးယောက်သား ပြန်ခဲ့ကြသည်။

အဘွားစုန့်နှင့်အဘိုးစုန့်တို့ကတော့ သူတို့၏မိတ်ဆွေဟောင်းကြီးများဖြစ်သော ဦးလေးလီနှင့် ဦးလေးစုန့်တို့ကိုပါ လူအုပ်ထဲတွင် မြင်လိုက်ရတာကြောင့် အံ့အားသင့်နေလေသည်။

“လောင်လီ၊ မင်းလည်း အသီးအရွက်လာဝယ်တာလား။” အဘိုးစုန့်က ဦးလေးလီတစ်ယောက် အသီးအရွက်များအပြည့်ဖြင့် ပလက်စတစ်အိတ်တစ်အိတ်ကို ကိုင်ထားသည်အားတွေ့ပြီး အံ့ဩသွားခဲ့သည်။

ဦးလေးလီက၊ “အဲ့ဒါဘာဖြစ်လို့လဲ။ ငါက အသီးအရွက်တွေ မဝယ်ရတော့ဘူးလား။” ထို့နောက် ဦးလေးလီက မကျေမနပ်ဖြင့်ပြောလိုက်သည်။ “ကောင်မလေးက သူ့မှာ ပစ္စည်းအကန့်အသတ်နဲ့ရှိတယ်ဆိုပြီး အမြဲပြောနေတာလေ၊ အဲ့ဒါကြောင့် ငါတို့လိုချင်သလောက် သူက မပေးနိုင်ခဲ့ဘူး။ ဒါဆို ဒီအသီးအရွက်တွေက ဘယ်ကပေါ်လာတာလဲ။”

အဘွားစုန့်က ရယ်လိုက်လေသည်။ “လောင်လီ၊ လင်းယွီကို အပြစ်မတင်ပါနဲ့။ ဒီကောင်မလေးမှာ အစတုန်းက တကယ်ကို ပစ္စည်းအများကြီးမရှိဘူး။ ကုမိသားစုဟိုတယ်ကို ပေးတာအပြင် သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ခွဲပေးရသေးတယ်လေ။ တစ်လနေလို့ သူ့လယ်ကွက်က ရိတ်သိမ်းလို့ရတဲ့အချိန်ကျရင် ပိုပေးမယ်ဆိုပြီး ပြောထားပြီးသား။ ပြီးတော့ ဒါက သူစီးပွားရေးစလုပ်တဲ့ ပထမဆုံးရက်လေ။ ဒီတော့ ရောင်းဖို့အတွက် ကြိုချန်ထားရတာပေါ့။”

ဦးလေးချန်ကလည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒါက သူစီးပွားရေးလုပ်တဲ့ပထမဆုံးရက်ဖြစ်တာတောင် ကာစတန်မာတွေအများကြီး လာနေပြီ။ သူ့အသီးအရွက်တွေရဲ့အရသာနဲ့သာဆို နောက်တစ်ခေါက် ပြန်လာမယ့်ကာစတန်မာတွေ နည်းမှာမဟုတ်ဘူး။”

အသီးအရွက်များသည် အနည်းငယ်ဈေးပိုများသော်လည်း အရသာက ကောင်းလှသည်။ ဒါ့အပြင် ထိုအသီးအရွက်များသည် အိပ်စက်ခြင်းနှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သေးသည်။ လူကြီးသူများဆိုလည်း ယခင်ခံစားနေရသည့် ဟိုနားနာ၊ ဒီနားနာသည့် ဝေဒနာများကို မခံစားရတော့ပေ။ အသီးအရွက်တွေက ထိုမျှ ထူးခြားလှသည့်သက်ရောက်မှုမျိုးရှိတာဟုတ်ပါ့မလားဟု သံသယဝင်မိကြလျှင်တောင်မှ ရရှိလာသည့် အကျိုးရလဒ်ကို သူတို့မငြင်းဆိုနိုင်ပေ။

အဘွားစုန့်ကတော့ သူတို့က ဆိုင်ကို အရမ်းသေးသည်ဟု ပြောလာခဲ့တာကြောင့် ဆွံ့အနေမိလေသည်။ “ဒီနေရာက မကျဉ်းပါဘူး။ ရှင်းယင်ခရိုင်ဈေးကွက်အရဆို ဒါတော်တော်ကြီးနေပြီ။ ဈေးကြီးတဲ့အသီးအရွက်တွေကို ဝယ်စားနိုင်တဲ့လူက အရမ်းများတာမဟုတ်ဘူး။ ဆိုင်နေရာက ဒီထက်ကြီးနေရင် မလိုအပ်ဘဲ အပိုဖြစ်သွားလိမ့်မယ်။”

“ဒါပေမယ့် မင်းငါတို့နားက လူအုပ်ကြီးကို မမြင်ဘူးလား။ ငါတို့မှာ မတ်တပ်ရပ်ဖို့နေရာလွတ်တောင် မနည်းရှာနေရတယ်။” ဦးလေးယွမ်ကတော့ ဆိုင်နေရာကို ကျဉ်းသည်ဟု တွေးနေတုန်းပင်။

“ဘာလို့ဆို ကျွန်မတို့က လူကျချိန်ကိုမှ ရောက်နေတာကိုး။” အဘွားစုန့်က ပြုံးလိုက်သည်။ “ကောင်မလေးမှာ သူ့အစီအစဉ်နဲ့သူရှိပါတယ်။” ရှောင်လင်းယွီသည် ဤအကြီးအကဲများအတွက်တော့ သူဌေးမကြီးတစ်ယောက် မဟုတ်သေးပေ။

အဘွားစုန့်က ငွေရှင်းကောင်တာဆီသို့ လျှောက်သွားကာ ပြုံးလျက် ပြောလိုက်လေသည်။ “ကောင်မလေး၊ မင်း အလုပ်ဆက်လုပ်နေနော်။ အဘွားနဲ့အဘိုးစုန့်တို့ အရင်သွားလိုက်တော့မယ်။”

ရှောင်လင်းယွီလည်း ပြုံးလိုက်သည်။ “ဟုတ်ကဲ့ပါ အဘွားစုန့်။ ဒီတစ်ခေါက် အဘွားတို့ကို ဧည့်ခံဖို့အချိန်မရှိလိုက်တာ တောင်းပန်ပါတယ်နော်။ နောက်တစ်ခေါက်ကျရင် သေချာဧည့်ခံပါ့မယ်။”

ခဏကြာပြီးနောက် အဘွားစုန့်နှင့်အခြားလူကြီးများ ထွက်သွားတော့သည်။

“မုန်လာဥဖြူက ၁၀ယွမ်၊ ခရမ်းသီးက ၈ယွမ်၊ ဟင်းနုနွယ်ရွက်က ၁၂ယွမ်၊ အားလုံးပေါင်း ယွမ်၃၀။ ဈေးလျှော့လိုက်တော့ ၂၄ယွမ် ကျပါတယ်။”

“ဒါကတော့ ၈၀.၆ယွမ်ပါ။ လျှော့ဈေးပါရင် ၆၄.၄၈ယွမ်။ ၆၄ယွမ်ပဲပေးပါ။”

ရှောင်လင်းယွီသည် အသီးအရွက်များကိုတစ်ချက်ကြည့်ပြီးသည်နှင့် ချက်ချင်းတွက်ချက်လေသည်။ သူမ၏တွက်ချက်နှုန်းမှာ ဂဏန်းပေါင်းစက်ထက်တောင်မှ မြန်သေးလေသည်။

ပထမတော့ ကာစတန်မာများမှာ သူမကို မယုံကြပေ။ သူတို့ကိုယ်တိုင် ဖုန်းထဲမှ ဂဏန်းပေါင်းသည့်အက်ပလီကေးရှင်းကိုဖွင့်ကာ တစ်ယောက်ပြီးတစ်ယောက် တွက်ကြည့်ကြလေသည်။ သူတို့စစ်ကြည့်ပြီးနောက် ရှောင်လင်းယွီက အကြိမ်တိုင်း မှန်ကန်နေသည်ကို သတိထားမိသွားကြတော့သည်။

“ဘော့စ်ရှောင်ရဲ့ သင်္ချာကျွမ်းကျင်မှုက တော်တော်အံ့ဩဖို့ကောင်းတာပဲ။” လူတစ်ယောက် ချီးကျူးလာခဲ့သည်။ “ဒီလောက်မြန်မြန်တွက်နိုင်တဲ့လူမျိုး တစ်ခါမှမတွေ့ဖူးဘူး။”

“ဘော့စ်ရှောင်။ ဘယ်လိုများတွက်လိုက်တာလဲ။ တစ်ချက်လောက်ကြည့်ရုံနဲ့ နောက်ဆုံးဈေးကို တန်းထွက်လာတာပဲ။ အလွယ်နည်းလမ်းရှိတာလား။ ငါတို့ကို သင်ပေးပါလား။ ငါတို့ပြန်ရောက်ရင် ကလေးတွေကို သင်ပေးလို့ရတာပေါ့။”

“ဟုတ်တယ် ဟုတ်တယ်၊ ဘော့စ်ရှောင်။ မင်းမှာ အလွယ်နည်းရှိတာလား။”

ရှောင်လင်းယွီ ခေါင်းယမ်းကာ ပြုံးပြလိုက်သည်။ “ဘာအလွယ်နည်းလမ်းမှမရှိပါဘူး။ ကျွန်မက သင်္ချာတော်လို့ပါ။” သူမ တကယ်ကို ဖြတ်လမ်းနည်းများမသိပေ။ သူမက ဂဏန်းများကို တစ်ချက်ကြည့်ပြီးသည်နှင့် စိတ်ထဲတွင် နောက်ဆုံးရလဒ်က တန်းပေါ်လာခြင်းသာဖြစ်သည်။

ရှောင်လင်းယွီက ကျသင့်ငွေများကို မြန်မြန်ဆန်ဆန် တွက်ချက်ပေးနေခဲ့သည်။ အလေးချိန်ချိန်ပေးသည့်လူက နှစ်ယောက်ရှိနေသော်လည်း ချိန်စက်များနှင့် အသားမကျသေးတာကြောင့် နှေးနေလေသည်။ တော်သေးသည်က ကာစတန်မာများသည် အလွန်ကိုမှ စိတ်ရှည်ကြလေသည်။

ချူးမင်ကျောင်း ဈေးမှပြန်လာပြီး ‘ထောင်ယွမ်ရွာ လတ်ဆတ်သည့်အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ’ဆိုင်ရှေ့သို့ ရောက်လာချိန် သံသယဝင်လာတော့သည်။ စီးပွားရေး ဒီလောက်ကောင်းနေသည်ဟု သူမ မယုံပေ။ ‘ဒီလူတွေကို ဆိုင်ရှင်က သရုပ်ဆောင်ပေးဖို့ ငှားထားတာပဲဖြစ်မယ်။ ငါအစောကရောက်တုန်းကတင် ဒီနားမှာ တစ်ယောက်မှ မရှိဘဲနဲ့။’ ထင်သင့်အတိုင်းပင်။ ချူးမင်ကျောင်းဆိုသူသည် ဆိုင်မဖွင့်ခင်ကရောက်လာသည့် ပထမဆုံးဝယ်သူပင် ဖြစ်ပေသည်။

သူမက မသင်္ကာစိတ်နှင့် ဆိုင်ထဲသို့ ဝင်ခဲ့လေသည်။ သူမက ဆိုင်ထဲသို့ လှည့်ပတ်ကြည့်လိုက်ရာ အသီးအရွက်တစ်ဝက်ကျော်လောက် ကုန်သွားပြီကို တွေ့လိုက်ရလေသည်။ တချို့စင်များဆိုလျှင် တစ်ခုမှတောင် မကျန်တော့ဘဲ လွတ်နေပြီဖြစ်သည်။

ငွေရှင်းသည့်နေရာတွင်တော့ လူတန်းရှည်ကြီးနှစ်တန်းရှိနေကာ လူတိုင်း၏လက်ထဲတွင် ဟင်းသီးဟင်းရွက်များအပြည့်ဖြင့် အိတ်တစ်အိတ်ရှိနေကြပြီး ငွေချေဖို့ စောင့်ဆိုင်းနေလေသည်။

ဒါက ချူးမင်ကြောင်းကို ပိုလို့ပင် သံသယဝင်လာစေတော့သည်။

သူမက သူမနှင့်သက်တူရွယ်တူလောက်ရှိမည့် အမျိုးသမီးတစ်ယောက်ကိုတွေ့ကာ လျှောက်သွားလိုက်ပြီး၊ “ရှင် ဒီအသီးအရွက်တွေအားလုံး စားဖို့ဝယ်တာလား။”

“ဒါပေါ့၊ မဟုတ်ရင် အလှထိုင်ကြည့်ဖို့ ဝယ်ရမှာလား။”

“ဒါပေမယ့် ဒါတွေက အရမ်းဈေးကြီးတယ်လေ။ ပြီးတော့ ဒီလောက်အများကြီး ရှင်စားလို့ ကုန်လို့လား။” ချူးမင်ကျောင်းထပ်မေးလိုက်သည်။

“ကြည့်ရတာ ရှင် အရင်က မစ္စရှောင်ရဲ့အသီးအရွက်တွေကို မစားဖူးဘူးထင်တယ်။” အမျိုးသမီးက ပြုံးလျက် ပြောလာခဲ့သည်။ “ရှင်သာစားဖူးရင် ဒီလိုမေးခွန်းမျိုးမေးနေမှာတောင်မဟုတ်ဘူး။”

“မဖြစ်နိုင်ဘူး။ ရှင်က သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ရမယ်။” ချူးမင်ကျောင်းသည် ထိုအမျိုးသမီးအား ‘ဖော်ထုတ်’ လိုက်လေသည်။ “သာမာန်လူတစ်ယောက်က ဒီလောက်ဈေးကြီးတဲ့ဟင်းသီးဟင်းရွက်တွေကို ဝယ်မှာမဟုတ်ဘူး။”

***

All Chapters