← Chapters

ဆိုင်ဖွင့်လှစ် - မေးခွန်းထုတ်ခံရခြင်း

Vol. 11 Ch. 190

ဆိုင်ဖွင့်လှစ် - မေးခွန်းထုတ်ခံရခြင်း

Vol. 11 Ch. 190

ချူးမင်ယောင်းကတော့ ဟန်ဆောင်ရန်ငှားထားခံရသည့် သရုပ်ဆောင်များထံမှ လှည့်စားခြင်းခံနေရသည်ဟု ယုံကြည်နေတာကြောင့် ဒေါသထွက်နေလေသည်။ “ရှင်သာ သရုပ်ဆောင်မဟုတ်ရင် ဘာလို့ ဒီလောက်ဈေးကြီးတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်မှာလဲ။ တော်တော် ပိုက်ဆံပေါနေလို့လား။”

ဆိုင်တွင်ရှိနေသည့် ကာစတန်မာအများစုသည် သတင်းကြားသွားသည့် ဖောက်သည်ဟောင်းများ သို့မဟုတ် ဖောက်သည်ဟောင်းများမှ အကြံပြုချက်ကြောင့် ရောက်လာသည့် ဖောက်သည်သစ်များ သို့မဟုတ် ဖိုရမ်ရှိပို့စ်မှတဆင့် စူးစမ်းချင်စိတ်ကြောင့် ရောက်လာသည့် ဝယ်သူများဖြစ်ကြလေသည်။ ခရမ်းချဉ်သီးစိတ်များကို မြည်းစမ်းကြည့်ပြီးနောက် ဤဆိုင်ရှိ ဟင်းသီးဟင်းရွက်များသည် တကယ်ကို ပေးရသည့်ဈေးနှင့်ထိုက်တန်ကြောင်း ယုံကြည်သွားတော့သည်။

သေချာတာကတော့ ချူးမင်ကျောင်းသည် အခြေအနေတွေကို နားလည်နိုင်စွမ်းမရှိပေ။ သူမက ဆိုင်ထဲတွင် လူတွေအရမ်းများနေသည်ကိုမြင်သည်နှင့် မသင်္ကာစိတ်များပြည့်နေတော့သည်။

သူတို့ကို ငှားထားသည့်သရုပ်ဆောင်များဟု ကဲ့ရဲ့နေသံအား ဖောက်သည်ဟောင်းတချို့က ကြားသွားခဲ့လေသည်။

“ဘယ်လိုပြောလိုက်တာလဲ။” ချူးမင်ကျောင်းနှင့်စကားပြောနေသည့် အမျိုးသမီးသည်လည်း စိတ်ဆိုးသွားခဲ့သည်။ “ဘယ်သူ့ကို သရုပ်ဆောင်လို့ခေါ်လိုက်တာလဲ။ ရူးနေတာလား။ ဒီဆိုင်ပိုင်ရှင်က ဒီလောက်များတဲ့သရုပ်ဆောင်တွေ ငှားနိုင်မယ်များထင်နေတာလား။ ဟင်းသီးဟင်းရွက်ရောင်းရရေးအတွက်နဲ့တဲ့လေ။”

“အဟုတ်ပဲ။ ဆိုင်ရှင်က နေ့တိုင်း သရုပ်ဆောင်တွေ ငှားနိုင်မယ်လို့ထင်နေတာလား။ ဒါမှမဟုတ် ဆိုင်ရှင်က ငွေဖြုန်းချင်လို့ ဆိုင်ဖွင့်ထားတယ်လို့ တွေးနေတာလား။”

လူများကို ပထမဆုံးတစ်ရက်လောက်တော့ သရုပ်ဆောင်မည့်လူတွေငှားပြီး အရူးလုပ်နိုင်သော်လည်း အစဉ်အမြဲ ဤလှည့်ကွက်တစ်မျိုးတည်းကိုသာ သုံးသွားနိုင်မည်မဟုတ်ပေ။ ရှောင်လင်းယွီ၏ဆိုင်သည် ဤနေရာတွင် ရည်ရှည်ဖွင့်လှစ်သွားမည့်ဆိုင် ဖြစ်လေသည်။

“အဒေါ်ကြီး ရှင်ဝယ်တာမဝယ်တာက ရှင့်ရွေးချယ်မှုဆိုပေမယ့် ကျန်နေတဲ့ကျွန်မတို့တွေကိုပါ အခုလို မေးခွန်းထုတ်မနေသင့်ဘူးလေ။” အမျိုးသမီးငယ်တစ်ယောက်က ပြောလိုက်သည်။ “မစ္စရှောင်ရဲ့ဟင်းသီးဟင်းရွက်တွေက ဈေးကြီးတယ်ဆိုပေမယ့် ပေးရတဲ့ဈေးနဲ့တန်တယ်။ အဒေါ်ကြီး သူ့ဆီက အသီးအရွက်တွေကို တခါမှမစားဖူးဘူးမဟုတ်လား။ ဒီတော့ ရှင့်သံသယတစ်ခုထဲနဲ့ ဒီလိုမျိုး ပြောဆိုပိုင်ခွင့်မရှိဘူး။”

“ဟုတ်တယ်။ ကျွန်မကို မေးရင်လည်း ဘော့စ်ရှောင်ရဲ့ဟင်းသီးဟင်းရွက်တွေရဲ့ဈေးနှုန်းက ဆီလျော်တဲ့လိုပဲပြောမှာ။ ဘာလို့ ရှင်က ကျွန်မတို့ကို သရုပ်ဆောင်တွေလို့ လာခေါ်နေရတာလဲ။”

ချူးမင်ကျောင်းသည် လူအုပ်ကြီးထံမှ ဤသို့ပြင်းပြင်းထန်ထန် ပြန်ဝေဖန်ခံရမည်ဟု မထင်ထားခဲ့ပေ။ သူမက နေရာတွင်ပင် ကျောက်ချရပ်နေမိကာ နားရွက်များက နီရဲလာလေသည်။ “ကောင်းပြီလေ။ ဒီအသီးအရွက်တွေနဲ့ဈေးနှုန်းက သင့်တယ်တယ်လို့ ရှင်တို့ပြောနေမှတော့ ဒါဆိုလည်း ဒီနေ့ ကျွန်မ နည်းနည်းလောက် ဝယ်သွားမယ်။ ဘာလို့များ ဒီလောက်ဈေးကြီးနေရလဲ ကြည့်ရသေးတာပေါ့။ ပေးရတဲ့ဈေးနဲ့သာမတန်ဘဲ ဆိုင်ရှင်က ဝယ်သူတွေကို လိမ်လည်နေတာကိုသာ သိရလို့ကတော့ နောက်တစ်နေ့ ဒီဆိုင်ကို ကုန်သွယ်ရေးဗျူရိုဆီ တင်ပစ်မယ်။”

ရှောင်လင်းယွီ မျက်လုံးများကျဉ်းမြောင်းလိုက်သော်လည်း ကောင်းမွန်သည့်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “မဒမ်၊ ကျွန်မဆိုင်က ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး ဘာအရှုပ်အရှင်းမှမရှိပါဘူး။ ဗျူရိုကလာစစ်ချင်ရင်လည်း အချိန်မရွေးလာနိုင်ပါတယ်။”

ချူးမင်ကျောင်းလည်း စင်ပေါ်ရှိ ကြက်သွန်မြိတ်လက်တစ်ဆုပ်စာကို ဆွဲယူလိုက်ကာ တန်းပင်မစီပဲ ပစ္စည်းချိန်သည့်နေရာသို့ ဒေါသတကြီး တိုးဝင်သွားလေသည်။ သူမက ပစ္စည်းချိန်ပေးသည့်ကောင်တာပေါ်သို့ ကြက်သွန်မြိတ်များကို ပစ်တင်လိုက်ကာ၊ “ဒါတွေ ချိန်ပေး။”

ရှောင်လင်းယွီက၊ “မဒမ်၊ ကျေးဇူးပြုပြီး တန်းစီပေးပါ။ ဒါ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။” တစ်ဖက်အမျိုးသမီးက အကျိုးအကြောင်းမသင့်စွာ ပြုမူနေတာကြောင့် ရှောင်လင်းယွီအနေနှင့် ထိုအမျိုးသမီးကို အခွင့်ထူးပေးစရာအကြောင်းမရှိပေ။

“ဟုတ်တယ်။ တန်းစီ။ ငါတို့လည်း အစဉ်လိုက်တန်းစီနေတာ ဘယ်သူမှ ကြားဖြတ်မဝင်ဘူး။”

“တန်းစီ။”

ချူးမင်ကျောင်းကတော့ မျက်နှာများနီရဲလာသည်အထိ ဒေါသထွက်နေတော့သည်။ သူမက ရှောင်လင်းယွီကို ဒေါသတကြီး လက်ညှိုးထိုးကာ အော်လိုက်တော့သည်။ “နင်.. ကောင်းပြီလေ၊ တန်းစီမယ်။”

ချူးမင်ကျောင်းစိတ်ထဲတွင်တော့၊ ‘စောင့်နေစမ်းပါ။ မနက်ဖြန် ငါ ကုန်သွယ်ရေးဗျူရိုကိုခေါ်လာပြီး နင့်ဆိုင်ကို ပိတ်ခိုင်းပစ်မယ်။’ ဈေးနှုန်းက ပုံမှန်ဈေးကွက်ထဲကအတိုင်းပဲဖြစ်သင့်တာကို နင်တို့က အဆမတန်မြှင့်ထားတယ်ပေါ့။

ရှောင်လင်းယွီကတော့ ချူးမင်ကျောင်းကို အာရုံမထားခဲ့ပေ။ ဆိုင်ကို သူမမဖျက်ဆီးသ၍ လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပြုထားလိုက်တော့သည်။

နောက်ဆုံးမှာတော့ ချူးမင်ကျောင်းအလှည့်ရောက်လို့လာသည်။ သို့သော်လည်း ကြက်သွန်မြိတ်၁၂ပင်လောက်အတွက်နှင့် ၉ယွမ်အတောင်းခံလိုက်ရလေသည်။

ချူးမင်ကျောင်းတစ်ယောက် ချက်ချင်းဆိုသလို မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်တော့သည်။ “၉ယွမ်?? နင်ငါ့ကိုဓားပြတိုက်နေတာလား။ အဲ့လောက်ဈေးကြီးရလား။ တစ်ကတ်တီတောင် မပြည့်တဲ့ဟာကိုလေ။ ဈေးထဲမှာ တစ်ကတ်တီမှ ၃ယွမ်နဲ့ရောင်းတာကို နင်က တစ်ကတ်တီတောင် မပြည့်တဲ့ဟာကို ငါ့ဆီက ၉ယွမ်တောင်းနေတယ်ပေါ့။ ရယ်ရတယ်။”

ထိုအခါ တစ်ယောက်က သူမကို သတိပေးလာခဲ့သည်။ “ရှင်က အဆင့်မြင့်ထုတ်ကုန်အတန်းက ကြက်သွန်မြိတ်ကိုယူလာတာလေ။ အဲ့ဒါက တစ်ကတ်တီကို ၁၀ယွမ်။ ပုံမှန်ကြက်သွန်မြိတ်ဆို တစ်ကတ်တီကို ၆ယွမ်လေ။”

“ဘာ??” ချူးမင်ကျောင်း သူမ ကြက်သွန်မြိတ်ဆွဲယူခဲ့သည့်စင်သို့ ချက်ချင်းလှည့်ကြည့်လိုက်ရာ ထိုစင်တွင် ‘အဆင့်မြင့်ကြက်သွန်မြိတ် တစ်ကတ်တီ ၁၀ ယွမ်’ ဆိုပြီး ရှင်းရှင်းလင်းလင်း ရေးထားလေသည်။

ထို့နောက် သူမ နောက်တစ်စင်သို့ကြည့်လိုက်ရာ တကယ်ကို ထိုစင်မှ ကြက်သွန်မြိတ်တွေကိုတော့ တစ်ကတ်တီ ၆ယွမ်ဟု ရေးထားလေသည်။ သူမ မျက်မှောင်ကြုတ်ကာ နောက်သို့ဆုတ်လိုက်ပြီး ကြက်သွန်မြိတ်များကို စိုက်ကြည့်နေလေသည်။

မေမေရှောင် စိတ်လှုပ်ရှားလာခဲ့သည်။ သူမက ချူးမင်ကျောင်းအား ယဉ်ယဉ်ကျေးကျေးပင် မေးလိုက်သည်။ “မဒမ်၊ ရှင် ကြက်သွန်မြိတ်ယူဦးမှာလား။ မယူဖြစ်တော့ရင် ရှင့်နောက်ကာ ဝယ်သူတွေအတွက် နေရာလေးတစ်ချက်လောက် ဖယ်ပေးပါဦး။”

“ကောင်းပြီလေ၊ ငါ ယူမယ်။” ချူးမင်ကျောင်း ပြောလိုက်သည်။ “ဒီလောက် ဈေးကြီးနေရအောင် ဘယ်လောက်တွေတောင် အဆင့်မြင့်နေလဲ ကြည့်ရသေးတာပေါ့။”

ချူးမင်ကျောင်း ငွေရှင်းကာထွက်သွားပြီးနောက်မှာတော့ ဆိုင်ထဲတွင်လည်း ကာစတန်မာသိပ်မကျန်တော့ပေ။

မနက် ၁၁နာရီလောက်တွင်တော့ ကာစတန်မာအများစုက ပြန်သွားကြပြီဖြစ်သည်။

လျိုချွမ်းဟွာနှင့် ရှောင်မင်ယန်းတို့သည် ဗလာဖြစ်နေသည့်စင်များကို မယုံကြည်နိုင်စွာ ကြည့်နေမိကြသည်။ သူတို့ ၂နာရီထဲနှင့် ဟင်းသီးဟင်းရွက် ကတ်တီ ၁၀၀၀လောက် ရောင်းထွက်ခဲ့ခြင်းပင်။

“ယောက်ျား၊ ကျွန်မ အိပ်မက်များမက်နေတာလားလို့ ရှင့်ကိုတစ်ချက်လောက် ဆွဲဆိတ်ကြည့်ချင်တယ်။” လျိုချွမ်းဟွာက ရှောင်မင်ယန်းအား‌ ပြောလိုက်သည်။ သူမတကယ်ကို ရှောင်မင်ယန်းအား ဆွဲဆိတ်ကြည့်လိုက်ခြင်းပင်။

ရှောင်မင်ယန်းလည်း နာကျင်မှုကြောင့် တွန့်သွားကာ၊ “မင်းလုပ်ချင်ကိုယ့်ကိုယ်ကိုလုပ်ပါလား။ ဘာလို့ငါ့ကိုလာဆိတ်တာလဲ။”

“ကျွန်မ နာမှာကြောက်လို့ပေါ့။” လျိုချွမ်းဟွာက ချက်ကျလက်ကျပင် ပြန်ပြောလိုက်လေသည်။

ရှောင်မင်ယန်း၊ “….”

လျိုချွမ်းဟွာ၊ “ဒါဆို ကျွန်မတို့ အိပ်မက်မက်နေတာမဟုတ်ဘူးပေါ့။ ဒီဈေးကြီးတဲ့အသီးအရွက်တွေ အားလုံးနီးပါး ရောင်းထွက်သွားတာပေါ့။” ဆိုင်ထဲတွင် ဟင်းသီးဟင်းရွက် ကတ်တီ ၁၀၀ တောင် မကျန်တော့ပေ။

“ဟုတ်တယ်၊ တကယ်ကို မယုံနိုင်စရာပဲ။” ရှောင်မင်ယန်းလည်း အံ့အားသင့်နေခဲ့သည်။ ဤမျှဈေးကြီးသည့် အသီးအရွက်များကို ဝယ်မည့်သူတစ်ယောက်မှ မရှိလောက်ဟု သူတွေးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဆိုင်တံခါးဖွင့်လိုက်သည်နှင့် လူတွေက တိုးဝှေ့ဝင်လာကာ အလကားပေးနေသလိုမျိုး အကြိတ်အနယ်ဝယ်ယူကြတော့သည်။

“လင်းယွီ, ဒီဝယ်သူအများစုက အရင်ဝယ်နေကျ ဖောက်သည်ဟောင်းတွေဆို?” ရှောင်မင်ယန်း မေးလိုက်သည်။

“ဟုတ်တယ်။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အရင်လတုန်းက သမီး သုံးဘီးနဲ့လိုက်ရောင်းတုန်းက ဆိုင်ဖွင့်မယ်ဆိုတဲ့အကြောင်း ပြောထားခဲ့တယ်လေ။ ဒါပေမယ့် လိပ်စာအတိအကျကိုတော့ မပြောခဲ့ဘူး။” ထို့နောက် သူမက စကားကိုရပ်ကာ ပြုံးလာခဲ့သည်။ “တကယ်တော့ သမီးလည်း စီးပွားရေး ဒီလောက်ကောင်းမယ်လို့ မထင်ခဲ့ဘူး။ ချန်ယီဖန်းနဲ့ ဦးလေးချန်းခေါ်ခဲ့ပေးတဲ့ကာစတန်မာတွေကို တကယ်ကျေးဇူးတင်ရမယ်။”

ချန်ယီဖန်းသည် သူမဆိုင်အကြောင်း ဖိုရမ်တွင် အချက်အလက်များတင်ပေးခဲ့တာကြောင့် လူများစွာက အာရုံစိုက်လာခဲ့ခြင်းဖြစ်ပေသည်။

ဦးလေးချန်း၏လူမှုအသိုင်းအဝန်းသည်က လူချမ်းသာအကြီးအကဲများနှင့် ပြည့်နေလေသည်။ သူတို့အဓိက အရေးထားသည်က ငွေမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်မှုကိုဖြစ်သည်။ ဒါကြောင့်ပဲ ရှောင်လင်းယွီ၏သီးနှံများသည် ထိုလူချမ်းသာကြီးများ၏အသိုင်းအဝိုင်းတွင် နာမည်ကြီးနေရာခြင်းဖြစ်သည်။

ရှောင်လင်းယွီတွင် အရင်ကဆို ပစ္စည်းက အကန့်အသတ်နှင့်သာရှိတာကြောင့် လူတော်တော်များများသည် စားချင်သည်နှင့် ဦးလေးချန်း၏ဆိုင်သို့သာ သွားခဲ့ရသည်။ သို့သော်လည်း ဦးလေးချန်းသည်လည်း ရှောင်လင်းယွီထံမှ အကန့်အသတ်နှင့်သာရလေသည်။ သူ လူတိုင်းကို မကျွေးမွေးနိုင်ပေ။ ဒါကြောင့် ရှောင်လင်းယွီ ဆိုင်ဖွင့်ကြောင်း သိလိုက်သည်နှင့် အသီးအရွက်များဝယ်ရန် အားလုံးရောက်လာခဲ့ခြင်းဖြစ်သည်။

တချို့ဝယ်သူများဆိုလျှင်လည်း ဖောက်သည်ဟောင်းများ၏မိတ်ဆက်ပေးမှုမှတဆင့် ရောက်လာကြခြင်းဖြစ်သည်။

ဟင်းသီးဟင်းရွက်ချည်းပဲ ကတ်တီ ၁၀၀၀ဆိုသည်က အရမ်းများလွန်းသည်ဟု ထင်ရသော်လည်း တကယ်တမ်း အမျိုးအစား ၂၀ ကျော်လောက် ပြန်ခွဲသွားချိန်မှာတော့ တစ်မျိုးကို ၄၀မှ၅၀ကတ်တီလောက်သာ ရှိသေည်။

ကာစတန်မာများသည် ပျမ်းမျှ ၁၀ကတ်တီလောက်ဝယ်ကြတာကြောင့် ပစ္စည်းက ထိုမျှမြန်မြန် ရောင်းကုန်သွားခြင်းဖြစ်လေသည်။

လျိုချွမ်းဟွာက၊ “ယွီအာ၊ မနက်ကလာတဲ့ အဘိုး အဘွားတွေအားလုံးကို သမီးသိတာလား။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အားလုံးတော့မဟုတ်ဘူး။ တချို့တဝက်ကိုပါပဲ။”

“ဒါကြောင့် ပညာရေးက အရေးကြီးတယ်လို့ပြောတာပေါ့။ ပညာသာတတ်ရင် လူတွေအများကြီးနဲ့ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆွေဖွဲ့နိုင်တယ်။” လျိုချွမ်းဟွာ သက်ပြင်းချလိုက်သည်။ “ငါ့ကောင်စုတ်လေးကတော့ စာကျက်ဖို့ဆို ဖင်တောင်မမြဲဘူး။ သူ့အနာဂါတ်ကိုတွေးရင်း ရင်လေးပါတယ်။”

ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “စတုတ္ထဒေါ်လေး၊ ရှောင်းဟွေ့က ငယ်ပါသေးတယ်။ ဘာလို့ အဲ့ဒါတွေ စိုးရိမ်နေရတာလဲ။ ပြီးတော့ သခင်ကြီးကုန်းဆို ရှောင်းဟွေ့ကို အရမ်းသဘောကျတယ်လေ။ သူ့ကို အရမ်းဉာဏ်ကောင်းတာပဲဆိုပြီးတောင် ပြောနေတာ။”

လျိုချွမ်းဟွာ၏အပြုံးက ချက်ချင်းပင်ပေါ်ထွက်လာသော်လည်း နှိမ့်ချ၍ပြောနေတုန်းပင်။ “သခင်ကြီးက ဒီအတိုင်း သာမာန်ကာလျှံကာ ချီးကျူးပေးနေတာပါ။” သို့သော်လည်း သူမအသံထဲမှာ ဂုဏ်ယူနေသံကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။

ရွာထဲမှ ကလေးများအားလုံးကြားတွင် သခင်ကြီးကုန်းသည် ရှောင်ရှောင်းဟွေ့တစ်ယောက်ကိုသာ သဘောကျလေသည်။ ရှောင်ရှောင်းဟွေ့ဘက်ကကြည့်လျှင် သူသည်လည်း သခင်ကြီးကုန်းက အတော်လေး သဘောကျဟန်တူကာ သခင်ကြီးအိမ်သို့ မကြာခဏသွားလည်တတ်လေသည်။

ထိုအချိန်တွင် မေမေရှောင်က ပြုံးလျက် ဝင်ပြောလာခဲ့သည်။ “ရှောင်းဟွေ့က ကိုယ်ခံပညာပိုင်းမှာ တော်တော်လေး အရည်အချင်းရှိတယ်လို့ ကြားတယ်။ သခင်ကြီးကုန်းရဲ့အိမ်ကို သွားပြီး ရှောင်ဝမ်ဆီကနေ ကိုယ်ခံပညာတွေ သင်နေတယ်တဲ့။”

“ဒီကလေးကတော့ အမြဲတစ်ခုခုတော့ လုပ်လိုက်ရမှ။” ရှောင်မင်ယန်းက ပြုံးနေလျက်ပင် ဆူပူသလိုပြောလိုက်လေသည်။ “ဘာကိစ္စ ကိုယ်ခံပညာသင်ရတာလဲ။ ရန်ဖြစ်ဖို့လား။ အခုတောင် သူ့အသက်အရွယ်ထဲမှာ သူ့ပြိုင်ဘက်မရှိတော့ဘူး။ သူသာ ကိုယ်ခံပညာသင်လိုက်ရင် ပိုပိုပြီးပဲ မောက်မာလာလိမ့်မယ်။”

မေမေရှောင်က၊ “ဒါက ဆိုးတယ်လို့တော့ မထင်ပါဘူး။ အနည်းဆုံးတော့ နောက်ပိုင်း သူတစ်ယောက်ယောက်ဆီကနေ အနိုင်ကျင့်မခံရတော့ဘူးပေါ့။”

လျိုချွမ်းဟွာကတော့ ခေါင်းသာယမ်းလေသည်။ “ကျွန်မကတော့ ရှောင်းဟွေ့ကို ယွီအာနဲ့ ယဲ့အာတို့ဆီက သင်ယူပြီး စာပဲကောင်းကောင်းလေ့လာဖို့ မျှော်လင့်နေမိတုန်းပဲ။”

ရှောင်လင်းယွီ ရယ်လိုက်မိသည်။ “ဒေါ်လေးရယ် ရှောင်းဟွေ့က ငယ်ပါသေးတယ်။ ပြီးတော့ သူက တခြားနယ်ပယ်တွေမှာလည်း အောင်မြင်နိုင်တာပဲကို။”

“ဟဟ၊ အဲ့လိုဆိုရင်တော့ မဆိုးဘူးပဲ။” ရှောင်မင်ယန်းကပြောလိုက်သည်။

“ဒီဆိုင်ပဲ။ ဒီဆိုင်က ဝယ်ခဲ့တာ။” ဆိုင်အပြင်ဘက်မှ အသံတစ်သံဝင်လာခဲ့သည်။ “ဒီဆိုင်က သခွားသီးနဲ့ မုန်လာဥဖြူတွေက အရမ်းအရသာရှိတယ်။”

ရှောင်လင်းယွီတို့လည်း အပြင်သို့ ကြည့်လိုက်ရာ လူငယ်မိန်းကလေးယောက်ျားလေးအဖွဲ့တစ်ဖွဲ့ ဝင်လာသည်ကိုတွေ့လိုက်ရလေသည်။

“စွန်းလီ၊ တကယ်ရော ဒီဆိုင်ဟုတ်ရဲ့လား။” မိန်းကလေးတစ်ယောက်က ရှောင်လင်းယွီနှင့် သူမမိသားစုကို ကြည့်လိုက်လေသည်။

“ဟုတ်တယ်။ ငါမနက်လာတုန်းက ဒီမှာ လူတွေမှအများကြီးပဲ။ ဟမ်.. အခုတော့ သိပ်မရှိတော့ဘူးပဲ။”

အန်းမင်လည်း ဆိုင်ထဲတစ်ချက်ကြည့်လိုက်ကာ၊ “အရမ်းနောက်ကျသွားလို့ဖြစ်မယ်။ စင်ပေါ်မှာ အသီးအရွက်တွေတောင် သိပ်မကျန်တော့ဘူး။ ဒါကြောင့် လူနည်းသွားတာမဟုတ်ဘူးလား။”

ကျန့်ယန်ဟုန်က မျက်မှောင်ကြုတ်သွားလေသည်။ “အသီးအရွက်တွေ ရောင်းကုန်သွားပြီဆိုမှတော့ ငါတို့က ဘာသွားဝယ်တော့မှာလဲ။”

ရှောင်လင်းယွီက သူတို့အနားသို့လျှောက်လာကာ မေးလိုက်သည်။ “ဘာများရှာနေတာလဲပြောပေးလို့ရမလား။”

ကျန့်ယန်ဟုန်က၊ “ဒီမှာ သခွားသီးစိမ်းနဲ့ မုန်လာဥဖြူရှိသေးလား။”

ရှောင်လင်းယွီ နောက်သို့တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းအသာယမ်းလိုက်သည်။ “စိတ်မကောင်းပါဘူး။ အားလုံးရောင်းကုန်သွားပါပြီ။ တခြားကျန်တဲ့အသီးအရွက်ထဲက ကြိုက်တာများရှိလား။ ဒါမှမဟုတ်ရင် မနက်ဖြန်မှပြန်လာလိုက်မလား။”

“အာ… တကယ်ရောင်းကုန်သွားပြီပဲ။” စွန်းလီအနည်းငယ် စိတ်ပျက်သွားရသည်။ “အဲ့လိုဖြစ်မယ်လို့ ထင်တော့ထင်သားပဲ။ မနက်တုန်းက လာတုန်းကလည်း ဒီမှာ လူတွေက အသီးအရွက်တွေကို အပြိုင်လုဝယ်နေကြတာ။ အခု အရမ်းနောက်ကျသွားပြီဆိုတော့ ကုန်သွားတာ ဖြစ်သင့်ပါတယ်။”

အန်းမင်က မေးလိုက်သည်။ “မစ္စ၊ မင်းတို့ဆီမှာ အစိမ်းစားလို့ရတဲ့အသီးအရွက်တွေရှိသေးလား။”

ရှောင်လင်းယွီ ခေါင်းယမ်းလိုက်ကာ၊ “အစိမ်းစားလို့ရတာအားလုံး ရောင်းကုန်သွားပါပြီ။ လိုချင်ရင် မနက်ဖြန်မှ ပြန်လာလို့ရပါတော့မယ်။”

အစိမ်းစားလို့ရသည့် အသီးအရွက်များမှာ ခရမ်းချဉ်သီး၊ သခွားသီး၊ မုန်လာဥဖြူ၊ မုန်လာဥနီနှင့် ဂေါ်ဖီတို့သာဖြစ်သည်။ သို့သော်လည်း ထိုအသီးတွေအားလုံး ရောင်းကုန်သွားပြီဖြစ်သည်။

ကျန့်ယန်ဟုန်က ဆိုင်ထဲသို့ လှည့်ပတ်ကြည့်ပြီးနောက် သိချင်စွာဖြင့် မေးလိုက်သည်။ “ဘော့စ်၊ ခင်ဗျားရဲ့အသီးအရွက်တွေက အရမ်းဈေးကြီးတာပဲ။”

သူမဘေးမှသူငယ်ချင်းအနည်းငယ်ကလည်း ပြောလာခဲ့သည်။ “ဟုတ်တယ်။ ဒီက အသီးအရွက်တွေက တကယ်ကိုဈေးကြီးလွန်းတယ်။ ကြည့်ပါဦး၊ ဂေါ်ဖီထုပ်တစ်လုံးကို ၁၀ယွမ်မကဘူး။”

ရှောင်လင်းယွီက ပြုံးလျက် ရှင်းပြလာခဲ့သည်။ “ကျွန်မရဲ့ဟင်းသီးဟင်းရွက်တွေက ဈေးကြီးတယ်ဆိုပေမယ့် ဈေးကြီးရတဲ့အကြောင်းအရင်းရှိပါတယ်။ မင်းတို့လည်း သခွားသီးနဲ့ မုန်လာဥဖြူစားကြည့်ပြီးပြီမဟုတ်လား။ ဒီဈေးနှုန်းနဲ့ မတန်ဘူးလို့ ထင်ကြလား။”

“ရှင့်ဆီက သခွားသီးနဲ့ မုန်လာဥဖြူက တကယ်ကို အရသာရှိပါတယ်။” စွန်းလီက မငြင်းခဲ့ပေ။ ပြောရလျှင် တစ်ကတ်တီ ၄ယွမ်ထက်တောင် ပိုတန်သေးသည်။

သူတို့က ဒီမနက် နန်ရှန်းတောင်ပေါ်သို့တက်ကြကာ ခဏနားရင်း ထိုင်စကားဖြစ်ခဲ့ကြခြင်းဖြစ်သည်။

စွန်းလီက သူမအိတ်ထဲက သခွားသီးနှင့် မုန်လာဥဖြူများကိုထုတ်ကာ ချိုးလိုက်လေသည်။ သူတို့အုပ်စုတွင် အတွဲသုံးတွဲပါဝင်ကာ စုစုပေါင်း လူခြောက်ယောက်ဖြစ်သည်။

“စွန်းလီ၊ ဘာလို့ မုန်လာဥဖြူနှစ်လုံးဝယ်လာတာလဲ။ အရသာရှိလို့လား။” စွန်းလီက မုန်လာဥဖြူများကိုထုတ်လိုက်သည်ကိုမြင်တာကြောင့် ကျန့်ယန်ဟုန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

စွန်းလီက ခေါင်းအသာယမ်းလိုက်ကာ၊ “ငါလည်း မသိဘူး။ တခြားလူတွေက ဝယ်ပြီး ဒီအတိုင်းစားနေတာကို ငါနဲ့အန်းမင်တွေ့တာနဲ့ နောက်ဆုံးကျန်တဲ့ နှစ်လုံး ဝယ်လာလိုက်တာ။”

အန်းမင်က မုန်လာဥဖြူကို ချိုးကာ ပါးစပ်ထဲသို့ထည့်လိုက်လေသည်။ ကျန်လူများကတော့ ချက်ချင်းပင် သူ့ကို စိုက်ကြည့်လာကြကာ မေးလိုက်လေသည်။ “အန်းမင် ဘယ်လိုလဲ၊ အရသာရှိလား။”

အန်းမင်က ခေါင်းအမြန်ယမ်းလိုက်ကာ၊ “မကောင်းဘူး၊ လုံးဝမကောင်းဘူး။ ငါ မင်းတို့အစား စားပေးမယ်။” သူက သူ့မုန်လာဥဖြူကို တခြားလူများလုသွားမည်ကို စိုးရိမ်နေသလိုမျိုးဖြင့် လက်မောင်းထဲတွင် တင်းတင်းဖက်ထားလေသည်။

ကျန်သူငယ်ချင်းများက မသင်္ကာသည့်အကြည့်များဖြင့် အန်းမင်ကို စိုက်ကြည့်လာကြတော့သည်။ “တကယ် မကောင်းတာလား။”

မုန်လာဥဖြူကသာ တကယ်အရသာမရှိရင် အန်းမင် ဒီလိုပုံစံဖြစ်နေပါ့မလား။

သေချာတာပေါ့၊ ဒီလိုပုံစံဘယ်ဖြစ်နေပါ့မလဲ။

ဒါကြောင့် ကောင်လေးနှစ်ယောက်က အန်းမင်လက်ထဲမှ မုန်လဥဖြူကို ဆွဲလုကာ ကိုက်စားလိုက်တော့သည်။ ခဏကြာပြီးနောက်မှာတော့ သူတို့တွေ အံ့ဩလွန်း၍ အော်ဟစ်ကုန်ကြတော့သည်။ “သေစမ်း၊ ဒါကြီးက နတ်သုဒ္ဓါကြီးပဲ။ အန်းမင် မင်း ငါတို့ကို လိမ်တယ်ပေါ့။ သူငယ်ချင်းတို့ ဒီကောင့်ကိုဖမ်းကြ။”

***

All Chapters