ပြောင်းလဲမှုများ
Vol. 11 Ch. 191
အထက်တန်းကျကျပြင်ဆင်ထားသည့် ဧည့်ခန်းတစ်ခုတွင်..
အသက် လေးဆယ်ဝန်းကျင် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နှင့် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်တို့ ဆိုဖာပေါ်တွင် ထိုင်လို့နေကြသည်။ တစ်ယောက်ကတော့ တီဗီကြည့်နေကာ ကျန်တစ်ယောက်ကတော့ ဖုန်းဖြင့် ဂိမ်းကစားနေလေသည်။
“ဘန်း!” ချူးမင်ကျောင်းတစ်ယောက် အားဖြင့် တံခါးကိုဖွင့်လိုက်ကာ မုန်တိုင်းတစ်ခုသဖွယ် လျင်မြန်ကြမ်းတမ်းစွာဖြင့် မီးဖိုခန်းထဲသို့ ဝင်သွားခဲ့သည်။
အဖေနှင့်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြလေသည်။
စွန်းရွှီသုန့်က သူ့ဖခင်ကိုကြည့်လိုက်ကာ ဂရုတစိုက်ဖြင့် အသံကိုနှိမ့်ကာ မေးလိုက်လေသည်။ “အဖေ၊ ဒီတစ်ခေါက်ရော အမေ့ကို ဘယ်သူရန်စလိုက်ပြန်ပြီလဲ။”
စွန်းဟိုင်က ခေါင်းအသာယမ်းကာ မသက်မသာပြုံးလိုက်ပြီး၊ “ဒီရပ်ကွက်ထဲမှာ ဘယ်သူကများ မင်းအမေကို ရန်စရဲမှာမို့လို့လဲ။”
စွန်းရွှီသုန့်က မီးဖိုချောင်ထဲသို့ တစ်ချက်ချောင်းကြည့်လိုက်သည်။ အထဲမှနေပြီး ဆူညံသံများဆက်တိုက် ထွက်ပေါ်လာနေလေသည်။ စွန်းရွှီသုန့်လည်း လေသံလေးဖြင့်၊ “အဖေ၊ ကြည့်ရတာ အမေက သွေးဆုံးချိန်ရောက်နေပြီထင်တယ်။ သူက အမြဲဒေါသကြီးနေတော့တာပဲ၊ ပြီးတော့ အမြဲတမ်း လွယ်လွယ်နဲ့လည်း ဒေါသထွက်တတ်သေးတယ်။ သားတို့ အမေကို ဆရာဝန်နဲ့ပြကြည့်ကြမလား။ မဟုတ်ရင် သားဒီအိမ်ကနေ ထွက်ပြေးမိတော့မယ်။” စွန်းရွှီသုန့်တစ်ယောက် အိမ်တွင်းစိတ်ဖိစီးမှုနှင့် အကြမ်းဖက်ခံရမှုတို့ကြောင့် စိတ်ကစဉ့်ကလျားရောဂါပင်ရတော့မည်ဟု ထင်မိလေသည်။
ထိုအချိန်မှာပဲ ချူးမင်ကျောင်း မီးဖိုထဲမှ ပြန်ထွက်လာခဲ့သည်။ သူမက ဆိုဖာပေါ်တွင် ထိုင်နေကြသည့် သားအဖကိုမြင်သည်နှင့် ဒေါသထွက်လာမိတော့သည်။
သူမက စတင်အော်ဟစ်တော့သည်။ “ကစား၊ ကစား၊ နင်လည်း တစ်နေ့တစ်နေ့ ဘယ်လိုကစားရမယ်ဆိုတာပဲသိတယ်။ အဲ့ဂိမ်းတွေကစားရင်းနဲ့ပဲ အသက်တိုလိမ့်မယ်။” ထို့နောက် သူမအကြည့်များက ကော်ဖီစားပွဲပေါ်မှ အမှိုက်များဘက်သို့ရောက်သွားကာ၊ “စား စား စား။ စားဖို့သောက်ဖို့ပဲသိကြတယ်။ နင့်အနားမှာ ဘယ်လောက်ရှုပ်ပွနေလဲ မျက်လုံးတွေက မမြင်ဘူးလား။ ကိုယ်တိုင်ရှင်းကြလေ၊ မဟုတ်မှ ငါ ရှင်းပေးမှာကို စောင့်နေကြတာလား။ ငါ့မှာ အိမ်အလုပ်လုပ်စရာတွေ အများကြီးရှိသေးတယ်ဆိုတာ မမြင်ကြဘူးလား။ ငါ့ကို ကျွန်မကြီးလို့များထင်နေကြတာလား။” သူမက ခေါင်းငုံ့ထားသည့် စွန်းရွှီသုန့်ကို ကြည့်လိုက်ကာ၊ “စွန်းရွှီသုန့် နင့်အသက်လည်း ၂၀ကျော်နေပြီ။ တည်တည်ငြိမ်ငြိမ် အလုပ်အကိုင်လေးတစ်ခုတောင် မရှာနိုင်ဘူးလား။ တစ်နေ့တစ်နေ့ ဖုန်းတစ်လုံးနဲ့ပဲ အလုပ်ရှုပ်နေတော့တာပဲ။ အဲ့ဖုန်းထဲကနေ အလုပ်ရှာတွေ့မှာမို့လို့လား။”
စွန်းရွှီသုန့်က ချက်ချင်းပင် သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။ “အမေကလည်း သား အခေါက်ခေါက်အခါခါ ပြောပြီးပြီလေ။ သားမှာ အလုပ်ရှိတယ်။ သားက အွန်လိုင်းဂိမ်းဒီဇိုင်နာပါဆို။ ဖုန်းထဲကနေ ဂိမ်းတွေဆော့နေတယ်ဆိုတာလဲ ဉာဏ်ကွန့်မြူးနိုင်ဖို့ ရှာဖွေနေတာလေ။ သားမှာ အလုပ်ရှိပြီးသား ဟုတ်ပြီလား။”
“အဲ့ဒါကို နင်က အလုပ်လို့ထင်နေတယ်ပေါ့။” ချူးမင်ကျောင်း ဒေါသတကြီးပြောလိုက်လေသည်။ “ဒါဆို နင်အိမ်ကို တစ်ပြားတစ်ချပ်တောင်ထောက်ဖူးတယ်လို့ ငါမမြင်ရတာလဲ။ ဘာလို့ ငါတို့ကို ငွေကိစ္စထုတ်မေးရတဲ့အထိ လုပ်နေတာလဲ။ နင်အလုပ်လုပ်နေတယ်ဆိုမှတော့ ဘယ်မှာလဲ ပိုက်ဆံ။”
စွန်းရွှီသုန့် ပြန်အော်လိုက်သည်။ “အမေကလည်း သားပြောပြီးသားလေ။ သားသူငယ်ချင်းတွေနဲ့ ဂိမ်းစတူဒီယိုတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့။ ငွေတွေအားလုံး အဲ့ထဲမှာ။ အမေက အမြဲတမ်း သားဆို အပြစ်မရှိအပြစ်ရှာဖို့ပဲ။ ဒါဆိုလည်း အမေ နောက်ဆို ဒေါသမထွက်တော့ရအောင် သားပဲ ထွက်သွားလိုက်တော့မယ်။”
ထို့နောက် စွန်းရွှီသုန့် ချက်ချင်းပင် မတ်တပ်ထရပ်ကာ ဖုန်းတစ်လုံးကိုင်ပြီး ထွက်သွားဖို့ ပြင်လိုက်လေသည်။
“ရပ်လိုက်စမ်း။” ချူးမင်ကျောင်း သူမသားကို ချက်ချင်းတားလိုက်သည်။ “နင် ဒီအိမ်ကထွက်သွားတာနဲ့ နောက်ဘယ်တော့မှ ပြန်မလာခဲ့နဲ့။”
“ရတယ်လေ။” စွန်းရွှီသုန့်သည်လည်း ဒေါသထွက်နေလေသည်။ သူ အတော်လေး စိတ်ကုန်နေပြီဖြစ်တာကြောင့် အိမ်ကထွက်သွားဖို့ အမှန်ကိုစဉ်းစားနေခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှာပဲ စွန်းဟိုင်က နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ မေးလိုက်လေသည်။ “တစ်ခုခုတူးနေသလိုပဲ။ အချစ်ရေ မင်းဘာချက်ထားသေးလဲ။”
ချူးမင်ကျောင်း ချက်ချင်းပင် သတိရသွားတော့သည်။ “အမလေး ကျွန်မ မီးဖိုပေါ်မှာ ဂေါ်ဖီတွေတည်ခဲ့တာ။” သူမက မြန်မြန်ပဲ မီးဖိုခန်းထဲသို့ ပြန်ပြေးဝင်သွားတော့သည်။
စွန်းဟိုင်နှင့် စွန်းရွှီသုန့်တို့လည်း ချက်ချင်းပင် သက်ပြင်းပြိုင်တူ ချလိုက်ကြတော့သည်။
စွန်းရွှီသုန့်လည်း သက်သာရာရသွားတော့သည်။ သူက နဖူးထက်မှ ချွေးအေးများကို သုတ်သာ စိတ်ရင်းဖြင့် အကြံပြုလာခဲ့သည်။ “အဖေ၊ သားအဖေ့ကို တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုရဦးမယ်။ အမေသာ ဒီလိုပဲ ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သားရူးသွားတော့မယ်။ တကယ်ကို အိမ်ကနေ ထွက်ပြေးမိတော့မယ်။ အဖေ၊ အဖေ့သားကိုတော့ အိမ်ခြေယာမဲ့မဖြစ်စေချင်ဘူးမဟုတ်လား။” သူက နောက်ထပ်ဆက်မမေးခင် ခဏလောက် ရပ်လိုက်သည်။ “အဖေ၊ အမေက ဘာလို့များ အဖေ့ကိုကျတော့ ဒေါသထွက်ခဲတာလဲ။ သားကိုဆိုရင်တော့ သားအရင်းမဟုတ်သလိုပဲ။ တကယ်ပဲ သားကို မွေးစားထားတာများလား။”
“အဓိပ္ပါယ်မရှိတာတွေ။” စွန်းဟိုင်က ပြောပြောဆိုဆိုဖြင့် စွန်းရွှီသုန့်၏ခေါင်းကို ခေါက်လိုက်တော့သည်။ ထို့နောက် သူက သက်ပြင်းသာသာချကာ၊ “မင်းအမေက သွေးဆုံးချိန်ရောက်နေလို့ဖြစ်ပါလိမ့်မယ်။ မင်းကပဲ သူ့ကို နားလည်ပေးသင့်တယ်လေ။ ခဏလောက်ဆို မင်းသိတဲ့ မင်းကိုချစ်ပေးတဲ့အမေအဖြစ် ပြန်ရောက်လာလိမ့်မယ်။” စွန်းဟိုင်သည်လည်း သူ့ဇနီး၏ဒေါသနှင့်ပတ်သတ်လို့ ဘာမှမလုပ်နိုင်ပေ။ ဒါက အမျိုးသမီးတစ်ယောက် သွေးဆုံးချိန်ရောက်လာရင်ဖြစ်တဲ့ အခြေအနေမျိုးဖြစ်ရင်ဖြစ်မှာပေါ့။
စွန်းရွှီသုန့်ကတော့ သင်္ကာမကင်းသလိုပြောလာခဲ့သည်။ “ဒါနဲ့အဖေ၊ အမေက အရင်တုန်းကအတိုင်းပြန်ဖြစ်လိမ့်မယ်လို့ အဖေကိုယ်တိုင်ရော ထင်မိရဲ့လား။”
“ငါလည်း မသိဘူးလေ။”
“ဟမ်.. ဘာအနံ့ပါလိမ့် မွှေးလိုက်တာ။” ရုတ်တရက် စွန်းရွှီသုန့်က နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ကာ၊ “အဖေ၊ အမေ ဘာတွေချက်နေတာလဲ။ ဘာလို့ အနံ့နဲ့တင် ဒီလောက်အရသာရှိမယ်လို့ထင်နေရတာလဲ။” ထို့နောက် စွန်းရွှီသုန့် မျက်မှောင်ကြုတ်လိုက်ကာ၊ “အမေ အပြင်စာမှာလိုက်တာများလား။ သားတို့အိမ်မီးဖိုချောင်ကနေ ဒီလောက်အရသာရှိတဲ့အနံ့မျိုးမရတာ ဘယ်လောက်တောင် ကြာပြီလဲ။”
ချက်ပြုတ်ခြင်းသည် လူတစ်ယောက်နှလုံးသားကို ရောင်ပြန်ဟပ်သည်ဟု ပြောကြလေသည်။ သူ့အမေဒေါသကြီးလာကတည်းက သူမ၏ဟင်းချက်စကေးသည်လည်း သည်းခံနိုင်ရန် ခက်ခဲလာခဲ့သည်။ ဟင်းများက ငန်ရင်ငန် မငန်ရင် အရသာမရှိ။ မကျက်ရင်မကျက် မဟုတ်ရင်တော့ အကျက်လွန်သွားသည်ချည်းသာ။
ဤသည်မှာ ယခုလများအတွင်း သားအဖနှစ်ယောက်အတွက် မီးဖိုချောင်ထဲမှ မွှေးပျံ့သည့်ရနံ့ထွက်လာသည်ကို ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။
စွန်းဟိုင်က ခေါင်းညိတ်လိုက်သည်။ “ကြည့်ရတာ မီးဖိုခန်းထဲကလာတာဖြစ်မယ်။”
စွန်းရွှီသုန့်ကလည်း။ “အနံ့နဲ့တင်တော်တော်မွှေးနေပြီ။ အရသာကလည်း သေချာပေါက် ကောင်းမှာပဲ။”
သားအဖနှစ်ယောက် ဧည့်ခန်းထဲတွင် ဆွေးနွေးခန်းဖွင့်နေကြချိန် မီးဖိုခန်းထဲရှိ ချူးမင်ကျောင်းသည်လည်း နားမလည်နိုင်သလို ဖြစ်နေလေသည်။ ပထမတော့ သူမသည် ဒေါသအလျောက် ဈေးကြီးလွန်းသည့် ကြက်သွန်မြိတ်များကို ဝယ်ခဲ့မိသည့်အတွက် တောင်တရနေခဲ့သည်။ သို့သော်လည်း ပြန်လည်းမပို့နိုင်တော့တာကြောင့် ထိုကြက်သွန်မြိတ်များကို ချက်ပြုတ်ရတော့သည်။
ဒီအသီးအရွက်တွေက ပေးရသည့်ဈေးနှင့် မထိုက်တန်လျှင် ဆိုင်ပိတ်ရအောင် ကုန်သွယ်ရေးဗျူရိုမှ လူများကို ခေါ်မည်ဟုပင် သူမစိတ်ထဲတွင် ပြင်ဆင်ထားပြီးဖြစ်သည်။
သူမက မီးကျွမ်းသွားသည့် ဂေါ်ဖီများကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ကာ ကြက်သွန်မြိတ်ကို ယူပြီး ရေဆေးကာ ကြက်သွန်မြိတ်နှင့် ကြက်ဥများကို အကြော်အိုးများကို စားပွဲပေါ်တင်လိုက်သည်။
အကြော်အိုးကို မီးဖိုပေါ်တင်ကာ ကြက်ဥများဖောက်ထည့်ပြီးနောက် ကြက်သွန်မြိတ်များ ထည့်လိုက်လေသည်။ ကြက်သွန်မြိတ်က အကြော်အိုးပူပူနှင့် ထိတွေ့သွားသည်နှင့် ချက်ချင်းဆိုသလို သူမ၏အနံ့ခံအာရုံသို့ မွှေးပျံ့လွန်းသည့်အနံ့တစ်ခုက ထိခတ်လာခဲ့သည်။ ထိုအနံ့က သူမ၏နောက်ကျိနေသည့်စိတ်ကိုပါ ရှင်းလင်းသွားစေခဲ့ကာ နွေဦး၏လတ်ဆတ်သန့်ရှင်းမှုကို ခံစားလိုက်ရသည်။
ချူးမင်ကျောင်း၏စိတ်အခြေအနေက မှောင်မိုက်နေရာမှ ချက်ချင်းဆိုသလို ထွန်းလင်းသွားကာ ခပ်တိုးတိုးပြောလိုက်လေသည်။ “ဒီကြက်သွန်မြိတ်တွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ဟင်းပွဲတစ်ခုလုံး မကျက်သေးတာတောင် အနံ့က တော်တော်မွှေးနေပြီ။ ဒီလောက်ဈေးကြီးပေးရတာ မထူးဆန်းတော့ပါဘူး။”
ထို့နောက် သူမ တခြားဝယ်သူများကို သရုပ်ဆောင်များဟု စွပ်စွဲချိန်တွင် ထိုသူများ တုံ့ပြန်ခဲ့ပုံအား ပြန်အမှတ်ရလာခဲ့တော့သည်။ ထိုလူများက သူမကို ထိုဆိုင်မှ အသီးအရွက်များကို မမြည်းစမ်းဖူးပါဘဲနှင့် ထိုသို့ မေးခွန်းမထုတ်သင့်ကြောင်း ပြောခဲ့လေသည်။ အခုထိုအကြောင်း ပြန်တွေးမိရာ အသီးအရွက်များ ဈေးကြီးနေရခြင်းမှာ တကယ်ကို အကြောင်းအရင်းရှိမှန်း သိလာတော့သည်။ မကြာခင်မှာပဲ ကြက်ဥကြော်က ကျက်သွားလေသည်။
စွန်းဟိုင်နှင့် သူ့သားသည်လည်း မွှေးရနံ့၏ဆွဲဆောင်မှုကို ဆက်ပြီးသည်းမခံနိုင်တော့ဘဲ မီးဖိုချောင်ထဲသို့ အပြေးဝင်လာကြတော့သည်။
“အမေ ဘာချက်နေတာလဲ။”
“အချစ်၊ ဘာတွေကများ ဒီလောက်မွှေးနေတာလဲ။”
သားအဖနှစ်ယောက်လုံးက တပြိုင်တည်းနည်းပါး မေးလာကြခြင်းပင်။
ချူးမင်ကျောင်းလည်း ပြုံးလိုက်ကာ၊ “ကျွန်မ ကြက်သွန်မြိတ် ကြက်ဥမွှေကြော်လုပ်နေတာလေ။ ရှင်တို့ ထမင်းစားခန်းထဲမှာ သွားစောင့်နေကြဦး။ ကျွန်မ တခြားဟင်းနည်းနည်းထပ်ချက်ပြီးရင် စားလို့ရပြီ။”
စွန်းရွှီသုန့်တစ်ယောက် သူ့မိခင်၏အပြုံးကိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူက သူ့အဖေ၏လက်မောင်းကို အသာပုတ်ကာ၊ “အဖေ၊ သားဘာမြင်လိုက်တာလဲ။ အမေ့ကြည့်ရတာ ပြုံးနေသလိုပဲ။ အမေမပြုံးတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။”
စွန်းဟိုင်သည်လည်း မှင်သက်နေခဲ့သည်။ “မင်းအမြင်မမှားဘူး။ မင်းအမေ တကယ်ကြီးပြုံးနေတာ။” သူ့ဇနီး အခုလိုမပြုံးခဲ့သည်က အတော်လေးကြာမြင့်ခဲ့ပြီဖြစ်သည်။
“ရှင်တို့နှစ်ယောက် ဘာလို့အရူးတွေလို ရပ်နေကြသေးတာလဲ။” ချူးမင်ကျောင်းက ပြောလိုက်သည်။ “မြန်မြန် ပန်းကန်တွေ တူတွေထုတ်သွားကြလေသည်။ ဟင်းတွေက အဆင်သင့်ဖြစ်တော့မှာ။”
အဖေနှင့်သားလည်း အအော်ခံလိုက်ရတော့မှ ချက်ချင်း လှုပ်ရှားကုန်ကြတော့သည်။ သူ့ထက်ငါ အမြန်ပြေးကာ ပန်းကန်လုံးများ၊ တူများနှင့် ဇွန်းများကို ထုတ်ယူကြလေသည်။
သားအဖနှစ်ယောက် မီးဖိုချောင်ထဲမှ ထွက်လာပြီးသည်အထိ မယုံကြည်နိုင်ဖြစ်နေကြသေးလေသည်။ စွန်းရွှီသုန့်က၊ “အဖေ၊ အမေ ဘာဖြစ်သွားတာလဲ။ သားကို ဆုံးမဖို့ နည်းလမ်းအသစ်ပြောင်းသုံးနေတာလား။ အဖေ သားကြောက်လာပြီ။ အမေက တကယ်ကြီး သားကို အိမ်ကမောင်းထုတ်ဖို့ ကြံနေတာလား။”
စွန်းဟိုင်က အရမ်းကိုသစ္စာရှိလှသည့်လေသံဖြင့် ပြောလာခဲ့လေသည်။ “သား ဘာမှမပူနဲ့။ သားအမေ သားကို တကယ်မောင်းထုတ်ချင်ရင် အဖေလည်း သားနဲ့အတူလိုက်ခဲ့ပေးမယ်။”
စွန်းရွှီသုန့် မျက်စံလှိမ့်လိုက်ကာ၊ “အဖေ၊ သားတို့နှစ်ယောက်လုံး အိမ်ကထွက်ပြေးကြရင် မကောင်းဘူးလား။ အမေ့ကို ခဏလောက် အိုးပူပူထဲနေခိုင်းထားလိုက်ရအောင်။”
စွန်းဟိုင်က သူ့သားခေါင်းကို ရိုက်ချလိုက်တော့သည်။ “မင်းအမေက အခုနောက်ပိုင်း ခံစားချက်မကောင်းဖြစ်နေတာလေ။ ငါတို့နှစ်ယောက်လုံးထွက်သွားရင် သူ့ကို ရူးအောင်လုပ်လိုက်သလိုဖြစ်သွားမှာပေါ့။ သား၊ အဖေတို့ မင်းအမေနားမှာနေပေးပြီး မင်းအမေကို နားလည်ပေးသင့်တယ်။ သူက အခုချိန်မှာ သူ့ရင်ထဲကမီးတောက်တွေကို လွှတ်ထုတ်လို့ရမယ်တစ်နေရာ လိုအပ်နေတာ။ မဟုတ်ရင် အဲ့ဒီအပူတွေက မင်းအမေကို နေမကောင်းဖြစ်စေလိမ့်မယ်။”
စွန်းရွှီသုန့် အံ့ဩသွားရသည်။ “အဖေ၊ အဲ့လောက်တောင် ပြင်းထန်တာလား။”
“ဒါပေါ့၊ အဲ့လောက်ကို ပြင်းထန်တယ်။” စွန်းဟိုင်သည်လည်း အလွန်အလေးအနက်ထားကာ ပြောလိုက်သည်။ “အဖေ အမျိုးသမီးတွေ သွေးဆုံးချိန်အကြောင်းကို စာအုပ်တွေအများကြီးဖတ်ဖူးတယ်။ သား အဖေတို့ ဒီအခြေအနေကို စစ်သားတစ်ယောက်လို ကြံ့ကြံ့ခိုင်ပြီး ကျော်ဖြတ်ရမယ်။ ဒီလိုဆို အခြေအနေတွေက ပိုကောင်းလာလိမ့်မယ်။”
စွန်းရွှီသုန့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ၊ အမေ ပုံမှန်အခြေအနေပြန်မဖြစ်ခင်အထိ သားကပဲ အမေ့ရဲ့ သဲအိတ်ဖြစ်ပေးလိုက်ပါ့မယ်။” ဘာပဲဖြစ်ဖြစ် သူက သူမမွေးထားသည့်သားပဲမဟုတ်လား။
“နှစ်ယောက်သား ဘာတွေ တိုးတိုး,တိုးတိုး ပြောနေကြတာလဲ။” ချူးမင်ကျောင်းက ထမင်းခူး၍ ထွက်လာခဲ့သည်။ ထို့နောက် သူမက စွန်းရွှီသုန့်အား၊ “မီးဖိုထဲသွားပြီး တခြားဟင်းခွက်တွေယူလာခဲ့ဦး။”
“ဟုတ်ကဲ့။” စွန်းရွှီသုန့် ချက်ချင်းပင် မီးဖိုခန်းထဲသို့ ပြေးဝင်သွားကာ လက်တစ်ဖက်စီတွင် ပန်းပွဲများသယ်၍ ထွက်လာလေသည်။ သူက ပြန်လာရင်း ကြက်သွန်မြိတ်ကြက်ဥမွှေကြော်ပန်းကန်ကို နမ်းကြည့်လိုက်ကာ၊ “အမေ၊ ဒီဟင်းက အရမ်းမိုက်တာပဲ။ အမေ့ရဲ့ ဟင်းချက်စကေးတွေ ထပ်ပြီးတက်လာပြန်ပြီထင်တယ်။”
ချူးမင်ကျောင်းတစ်ယောက် စိတ်အခြေအနေ ကောင်းလို့နေတာကြောင့် သူမက ပြုံးလိုက်ကာ၊ “ဒါ အမေ့ ဟင်းချက်စကေးနဲ့ ဘာမှမဆိုင်ဘူး။ ပါဝင်ပစ္စည်းက အရမ်းကောင်းနေတာ။”
သူမ ထပ်ပြုံးလိုက်ပြန်သည်ကိုမြင်လိုက်ရတာကြောင့် သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြန်ကာ သူတို့ အမြင်မမှားကြောင်း အတည်ပြုလိုက်ကြသည်။
ချူးမင်ကျောင်းက ထိုအခြေအနေကိုမြင်ပြီး မသင်္ကာသလို ပြောလာခဲ့သည်။ “ရှင်တို့နှစ်ယောက် အဲ့ဒါ ဘာလုပ်နေကြတာလဲ။ မြန်မြန် လာထိုင်ပြီး စားကြတော့လေ။”
“ဟုတ်ပြီ၊ ဟုတ်ပြီ။” အဖေနှင့်သားနှစ်ယောက်သား ချက်ချင်း ခေါင်းညိတ်ကာ စားရန် ထိုင်လိုက်ကြသည်။
အံ့ဩစရာမကောင်းလောက်အောင် သူတို့ပထမဆုံး စနှိုက်သည့်ဟင်းခွက်ကတော့ ကြက်သွန်မြိတ်ကြက်ဥမွှေကြော်သာဖြစ်လေသည်။
“ဝိုး၊ ဒီကြက်သွန်မြိတ်က အရမ်းအရသာရှိတာပဲ။”
“အမေ၊ ဒီကြက်သွန်မြိတ်တွေက ဘာများမတူအောင် လုပ်ထားတာလဲ။ ဘာလို့ ဒီလောက် အရသာရှိနေတာလဲ။”
“ဘာမှမလုပ်ထားဘူး။ အဲ့ဒီပါဝင်ပစ္စည်းကြောင့်ပဲလေ။ ဒီကြက်သွန်မြိတ်ဘယ်လောက်ပေးရလဲသိလား။”
“အမေကလည်း သားတို့မှ ဈေးထဲသိပ်မသွားတာ ဘယ်လိုလုပ်သိမှာလဲ။”
“တစ်ကတ်တီကို ၁၀ယွမ်။” ချူးမင်ကျောင်းပြောလိုက်သည်။ “ဈေးထဲမှာရောင်းတဲ့ကြက်သွန်မြိတ်ဆို တစ်ကတ်တီကို ၃ယွမ်ပဲပေးရတယ်။”
“ဘာ? ဈေးကြီးလိုက်တာ။” သားအဖနှစ်ယောက်သား မယုံနိုင်ဖြစ်သွားကြသည်။
“ဒါပေမယ့် ဈေးကြီးတာကလည်း သူ့အကြောင်းနဲ့သူတော့ ရှိတာပဲလေ။” ချူးမင်ကျောင်းမှာ အခုဆို ထိုအသီးအရွက်များ၏ပရိသတ်ပင်ဖြစ်သွားလေပြီ။ သူမက ကမ္ဘာသစ်တစ်ခုကို တွေ့ရှိသွားသလိုမျိုး စိတ်လှုပ်ရှားနေခဲ့သည်။ “အဲ့ဆိုင်ရဲ့စီးပွားရေး ဘယ်လောက်တောင် ကောင်းတယ်ဆိုတာ ရှင်တို့မသိကြလို့။ ဈေးနှုန်းက ဒီလောက်ရယ်စရာကောင်းအောင် မြင့်နေတာတောင် လူတွေတေက အလုအယက်ဝယ်နေကြတုန်းပဲ။ ကျွန်မတောင် သူတို့ကို သံသယဝင်ခဲ့သေးတယ်။ ဒီလူတွေက ဆိုင်ရှင်ငှားထားတဲ့ သရုပ်ဆောင်တွေဖြစ်မယ်ဆိုပြီးလေ။ ဒါကြောင့် ကျွန်မ ဆိုင်ရှင်ကိုတောင် စိန်ခေါ်ခဲ့သေးတယ်။ ဒီရယ်စရာကောင်းတဲ့ဈေးနှုန်းကြောင့် ကုန်သွယ်ရေးဗျူရိုကလူတွေကိုခေါ်ပြီး သူ့ဆိုင်ကို ပိတ်ခိုင်းပစ်မယ်လို့လေ။”
စွန်းဟိုင်တို့သားအဖ ကြောင်အသွားရသည်။ ဘာလို့ သူ့ဇနီး/သူ့အမေ ဒီလိုမျိုးလုပ်ရတာလဲ။ အဲ့ဆိုင်က ပစ္စည်းတွေ ဈေးကြီးတော့ရော ဘာဖြစ်လဲ။ သူမနဲ့ဘာများဆိုင်လို့လဲ။ ဒီအတိုင်း ဖြတ်လျှောက်သွားရင် ပြီးမနေဘူးလား။ ဘာလို့များ ပြဿနာမရှိပြဿနာဝင်ရှာနေရတာလဲ။
ချူးမင်ကျောင်းက ဆက်ပြောလာသည်။ “ဒါပေမယ့် အခုတော့ ကျွန်မလုပ်လိုက်တာကမှ ဘယ်လောက်ရယ်စရာကောင်းနေလဲ သိသွားပြီ။ ဆိုင်ရှင်က ဈေးနှုန်းတွေအားလုံးကို အတိအလင်း ချရေးပေးထားတာ၊ ဒါကို ဘာကြောင့်များ ကျွန်မက စိတ်ဆိုးဒေါသထွက်နေရတာလဲ။ ပြန်တွေးကြည့်တော့မှ ဘာလို့ ဒေါသထွက်ခဲ့မှန်း ကိုယ့်ဘာသာတောင် မပြောနိုင်ဘူး။”
သားအဖနှစ်ယောက်သည်တော့ ဆွံ့အနေကြသည်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြန်ကာ ဒီတစ်ခေါက် သူတို့အကြည့်များထဲတွင်တော့ သံသယတို့ရှိနေခဲ့သည်။
သူ့ဇနီး/သူ့အမေ ဘယ်တုန်းကများ ပြောင်းလဲသွားတာလဲ။ မဟုတ်မှ အရင်လို နူးညံ့သိမ်မွေ့တဲ့အကျင့်စရိုက် ပြန်ရောက်လာတာလား။
“မဖြစ်ဘူး။ ကျွန်မ မနက်ဖြန်ကျရင် သွားတောင်းပန်မှရမယ်။” ချူးမင်ကျောင်းက ပြတ်ပြတ်သားသားပင် ဆုံးဖြတ်လိုက်လေသည်။
စွန်းရွှီသုန့်တစ်ယောက် ချက်ချင်းဆိုသလို မယုံကြည်နိုင်စွာဖြင့် ဝင်မေးလိုက်တော့သည်။ “အမေ၊ အမေဘယ်သူလဲ။ တကယ်ရော သားအမေဟုတ်ရဲ့လား။”
ချူးမင်ကျောင်း သူမသား၏ခေါင်းကို တူဖြင့်လှမ်းခေါက်လိုက်တော့သည်။ “ဘာတွေပေါက်ကရောပြောနေတာလဲ။ ငါက နင့်အမေမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ။”
***