← Chapters

ထောင်ယွမ်ရွာဘရန်း

Vol. 11 Ch. 199

ထောင်ယွမ်ရွာဘရန်း

Vol. 11 Ch. 199

“ဟုတ်သားပဲ ရွာသူကြီး။ မြန်မြန်သာပြောပါ။ ဘာသတင်းကောင်းလဲ။”

အစည်းအဝေးရှိလေထုအခြေအနေက သက်ဝင်တက်ကြီနေကာ အခြေအနေကောင်းလို့နေသည်။

ရွာသူကြီးလည်း ကွေ့ပတ်မနေတော့ဘဲ တိုက်ရိုက်ပင်ပြောလိုက်တော့သည်။ “ပြီးခဲ့တဲ့နှစ်ရက်အတွင်း ခရိုင်မြို့ပေါ်ကလူတွေ ကျန်းယန်ရဲ့အိမ်က ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ဆိုပြီး ရွာကိုလာနေတာ အားလုံးလဲသိပြီးကြရောပေါ့၊ ဟုတ်တယ်မလား။”

“ဒီကိစ္စကရူးလောက်စရာကြီးလေ။ ဘယ်သူက မသိဘဲနေမှာလဲ။” တစ်ယောက်က ချက်ချင်းပင် ပြုံးလျက်ဝင်ပြောလာခဲ့သည်။ “ရွာသူကြီး၊ ခင်ဗျား ကျန်းယန်ရဲ့မိသားစုကို လူသိများအောင် ကူညီပေးနေတာလား။ ဒီကိစ္စက ကျွန်တော်တို့ကို အတော်လေးရိုက်ခတ်မှုကြီးတယ်။ ကျန်းယန်ရဲ့မိသားစုမှာ အသီးအရွက်ရောင်းလို့မလောက်တာတောင် ဘယ်သူကမှ ကျွန်တော်တို့အသီးအရွက်တွေကို မလိုချင်ကြဘူး။”

“ဟုတ်တယ် ရွာသူကြီး။ အဲ့လောက် ဘက်မလိုက်နဲ့လေ။”

“ဟဟ၊ လောလောဆယ် ငါတို့လုပ်နိုင်တာက ကျန်းယန်ငွေရှာနေတာကို ထိုင်ကြည့်နေရုံပဲရှိတယ်။”

“လင်းယွီ၊ မင်းကတော့ တကယ်ကို လုပ်လည်းလုပ်နိုင်ပါပေတယ်။ ငါတို့တွေမှာ ငါတို့အသီးအရွက်တွေကို နည်းနည်းလေးမှတောင် မရောင်းထုတ်နိုင်ပေမယ့် မင်းကတော့ တစ်မူပြီးတစ်မူစာ ရောင်းနေတော့တာပဲ။ မင်းအိမ်မှာ ငွေထိုင်ရေနေရုံပဲမဟုတ်လား။”

“ဟုတ်သားပဲ လင်းယွီ။ နည်းလမ်းလေးဘာလေးရှိရင်လည်း မျှစမ်းပါဦး။ ငါတို့လည်း အတူသင်ယူလို့ရတာပေါ့။”

“ကျန်းယန် မင်းကတော့ သမီးကောင်းလေးရထားတာပဲ။”

လူတိုင်းက စနောက်နေကြလေသည်။ သေချာပေါက် တချို့တွေကတော့ မနာလိုဖြစ်နေကြကာ သူတို့စကားထဲကပဲ ငြူစူနေဟန်ကို ကြားနိုင်လေသည်။

ရွာသူကြီးက လက်ကိုမြှောက်ကာ အားလုံးကိုတိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ထို့နောက် ရွာသူကြီးက ပြုံးလိုက်ကာ၊ “ဒီတစ်ခေါက် သတင်းကောင်းက ကျန်းယန်တို့မိသားစုအတွက်တင်မဟုတ်ဘူး လူတိုင်း အတူတူငွေရှာလို့ရမယ့်သတင်းပဲ။”

“ဟမ်?” လူတိုင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ သို့သော်လည်း ရွာသူကြီးက အသေးစိတ်မပြောခဲ့တာကြောင့် ရွာသားများမှာ အလွန်ကိုမှ အလျင်လိုလာကြတော့သည်။

“ရွာသူကြီး မြန်မြန်ဆက်ပြောလေ။”

“ရွာသူကြီးပြောတာ ဘာအဓိပ္ပါယ်လဲ။ မြန်မြန်လုပ်စမ်းပါ။ နေတောင်ထွက်ကုန်တော့မယ်။”

ရွာသူကြီးက ချောင်းနှစ်ချက်လောက်ဟန့်ပြီးနောက် ဆက်ပြောလာခဲ့သည်။ “မင်းတို့တွေ ဒီလူအိုကြီးကို အရမ်းအလျင်မလိုခိုင်းကြနဲ့လေ။ ကျန်းယန်ရဲ့မိသားစုက ခရိုင်မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်တွေရောင်းနေတာ လူတိုင်းသိပြီးလောက်ပေမယ့် သူတို့ဆိုင်ရဲ့နာမည်က ဘာလဲဆိုတာတော့ မင်းတို့ မသိကြသေးဘူးမဟုတ်လား။”

“ဆိုင်နာမည်?” လူတိုင်း နားမလည်ဖြစ်သွားကြသည်။

လမ်းပြင်ပြီးပြီဆိုပေမယ့် လူတိုင်းကတော့ ခရိုင်မြို့ပေါ်သို့ အမြဲတက်နေကြမည်မဟုတ်ပေ။

တစ်ခုကတော့ သူတို့မှာ ငွေမရှိ၍ဖြစ်သည်။ မြို့ပေါ်တက်ခြင်းမှာ တစ်နည်းပြောရလျှင် ငွေဖြုန်းဖို့သွားခြင်းဖြစ်သည်။ ဥပမာ၊ သူတို့အတွက် ခရီးစရိတ်နှင့်အစားအသောက်စရိတ်က ပုံသေထွက်မည်ပင်။ တကယ်လို့များ သူတို့လိုချင်တာလေးများတွေ့လို့ဝယ်လိုက်လျှင် ငွေထပ်ကုန်ပေဦးမည်။ သူတို့အတွက် သေချာပေါက်လိုအပ်နေတာမှမဟုတ်ရင် ခရိုင်မြို့ပေါ်သို့ မသွားကြတော့ပေ။

ဒုတိယအချက်ကတော့ သူတို့ ကြောက်လို့ဖြစ်သည်။ ခရိုင်မြို့သည် အထပ်မြင့်အဆောက်အဦးကြီးများစွာဖြင့် ကြောက်စရာကောင်းလှသည်။ ၎င်းက ကားရှေ့မီးတည့်တည်သို့ရောက်သွားရသည့် သမင်တစ်ကောင်လို ခံစားမိစေသည်။ ဒါကြောင့် သူတို့သည် ရွာမှာသာနေကြကာ လိုအပ်တာတစ်ခုခုရှိလျှင်တော့ ရှင်းအန်းမြို့သို့သာ သွားကြလေသည်။

ဒါကြောင့် ရှောင်လင်းယွီ၏ဆိုင်နာမည်ကို ဘယ်သူမှ မသိကြပေ။

ရွာသူကြီးက အလွန်အလေးအနက်ထားသည့်လေသံဖြင့် ပြောပြလာခဲ့လေသည်။ “သူတို့ဆိုင်နာမည်က ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ’တဲ့။ ဒါ ဘာကိုဆိုလိုလဲသိကြလား။”

“‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ’?” တစ်ယောက်က သံယောင်ပြန်ပြောလိုက်သည်။ “ဒါဆိုင်နာမည်တစ်ခုပဲလေ။ ဘာကိုဆိုလိုရမှာလဲ။ ထောင်ယွမ်ရွာဆိုတာပါတာနဲ့ပဲ ကျွန်တော်တို့နဲ့ပါ တစ်ခုခုသက်ဆိုင်သွားလို့လား။”

“မင်းပြောတာမှန်တယ်။” ရွာသူကြီးကပြောလိုက်သည်။ “ရှောင်ကျန်းယန်ရဲ့ဆိုင်က ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ’လို့ခေါ်တယ်။ ဒါက ထောင်ယွမ်ရွာအတွက် အမှတ်တံဆိပ်တစ်ခု ဖန်တီးပေးထားတာပဲ။ ဒီဘရန်းသာ ပေါက်သွားရင် ငါတို့အားလုံးအတွက်လည်း အကျိုးအမြတ်ရှိတယ်။”

သို့ပေမယ့် ကျေးလက်နေရွာသားတွေအတွက် ဘရန်းတွေဘာတွေကို နားမလည်နိုင်ပေ။

“ရွာသူကြီး ဒဲ့သာပြောလိုက်စမ်းပါ။ ဘာဘရန်းလဲ ငါတို့နားမလည်ဘူး။” တစ်ယောက်က ခပ်ကျယ်ကျယ်အော်လိုက်သည်။

“ကောင်းပြီလေ။” ရွာသူကြီး ခေါင်းညိတ်ကာ ဆက်ပြောလေသည်။ “ဒါက ဒီလိုရှိတယ်။ ကျန်းယန်တို့မိသားစုရဲ့ အသီးအရွက်ဆိုင်က ခရိုင်မြို့ပေါ်မှာ အတော်လေးကျော်ကြားနေပြီ။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း သူတို့ဆိုင်နာမည်ကြောင့် ရွာကိုအသီးအရွက်လာဝယ်တဲ့ ခရိုင်မြို့ကလူတွေလည်းရှိကြတယ်လေ။ ဒါပေမဘ့် ကျန်းယန်ရဲ့မိသားစုမှာက ဟင်းသီးဟင်းရွက် လုံလုံလောက်လောက်မရှိဘူး။ သူတို့မှာက မြေ၆မူပဲရှိတယ်။ ဒါက ခရိုင်မြို့တစ်မြို့လုံးစာရဲ့ဝယ်လိုအားကို မကာမိဘူး။ ဒါကြောင့် ကျန်းယန်ရဲ့ရည်ရွယ်ချက်က ငါတို့ရွာမှာ အသီးအရွက်လာဝယ်တဲ့ ကာစတန်မာတွေကို တခြားရွာသားတွေဆီ ညွှန်ပေးဖို့ပဲ။”

အများစုက ထိုတော့မှ နားလည်သွားကြတော့သည်။ အသီးအရွက်အဓိကစိုက်ပျိုးသည့်လယ်သမားများမှာ စိတ်လှုပ်ရှားလွန်း၍ မတ်တပ်ပင် ထရပ်လာကြလေသည်။ “ရွာသူကြီး၊ ကျန်းယန်၊ တကယ်ပြောနေတာလား။ နောက်ဆို ငါတို့အသီးအရွက်တွေကိုလာဝယ်မယ့်လူတွေရှိလာတော့မှာပေါ့။”

ထိုမေးခွန်းကိုတော့ ရှောင်လင်းယွီတစ်ယောက်သာ ဖြေနိုင်လေသည်။

သူမက ခေါင်းညိတ်လိုက်ကာ၊ “အမှန်ပါပဲ။ နောက်ဆိုရင် တခြားလယ်သမားမိသားတွေဆီကို တိုက်ရိုက်လာဝယ်မယ့် ကာစတန်မာတွေ ရှိလာပါလိမ့်မယ်။ ကျွန်မကလည်း တခြားရွာသားတွေဆီမှာဝယ်ဖို့ ကာစတန်မာတွေကို အကြံပြုပေးမှာပါ။ ဒါပေမယ့် ကျွန်မှာ အခြေအနေတွေတော့ရှိတယ်။”

ထိုအချက်အရောက် သူမ၏အမူအရာက အလွန်လေးနက်သွားကာ အစည်းဝေးခန်းထဲရှိ လူအုပ်ကြီးတစ်ခုလုံးကို အကြည့်စူးစူးများဖြင့် ဖြန့်ကျက်ကြည့်လိုက်သည်။

ထို့နောက် သူမက ဆက်ပြီး၊ “ဒီဟင်းသီးဟင်းရွက်တွေက ရှောင်ကွမ်းရဲ့နွားချေးနဲ့ စိုက်ပျိုးထားတာဖြစ်ရမယ်။ ပြီးတော့ ပိုးသတ်ဆေးလုံးဝမသုံးထားရဘူး။ အဲ့လိုမှမဟုတ်ရင်တော့ ကျွန်မရဲ့ကာစတန်မာတွေကို အဲ့ဒီအသီးအရွက်တွေကိုဝယ်ခွင့်ပေးမှာမဟုတ်ဘူး။”

ဘုန်း!

ရှောင်လင်းယွီ၏တောင်းဆိုချက်နှစ်ခုက အစည်းအဝေးခန်းတစ်ခုလုံးကို ချက်ချင်းပေါက်ကွဲထွက်သွားစေလေသည်။

“လင်းယွီ၊ ငါတို့ကဘာလို့ ပိုးသတ်ဆေးသုံးလို့မရရတာလဲ။” တစ်ယောက်က ချက်ချင်းပင် နားမလည်နိုင်မှုရော ဒေါသပါရောပြွမ်းလျက် မေးလာလေသည်။ ဒါပေါ့ အဓိကအကြောင်းအရင်းကတော့ သူမမိသားစုရှိဟင်းသီးဟင်းရွက်များကို ပိုးသတ်ဆေးသုံးပြီး စိုက်ပျိုးထားခြင်းကြောင့်ဖြစ်လေသည်။ ရှောင်လင်းယွီရဲ့တောင်းဆိုချက်က သူမမိသားစုရဲ့အသီးအရွက်တွေကိုတော့ ရောင်းလို့မရနိုင်ဘူးလို့ ပြောလိုက်တာပဲမဟုတ်လား။

ရှောင်လင်းယွီက လူတစ်ဦးတစ်ယောက်၏အမျက်ဒေါသကို လျစ်လျူရှုလျက် ဆက်ပြောလာလေသည်။ “ကျွန်မ ခရိုင်မြို့ပေါ်မှာ ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်။ ကျွန်မဆိုင်ရဲ့အဓိကရည်မှန်းချက်ကတော့ ညစ်ညမ်းမှုကင်းစင်တဲ့ အော်ဂဲနစ်အသီးအရွက်တွေ ရောင်းချဖို့ပဲ။ ခရိုင်မြို့ကလူတွေ ဒီကိုလာတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက ကျွန်မမိသားစုရဲ့ဟင်းသီးဟင်းရွက်တွေကြောင့် ကျွန်မမိသားစုရဲ့ဘရန်းကြောင့်ပဲ။ ရှင်းရှင်းပြောရရင် ဒီလူတွေက ကျွန်မတို့မိသားစုရဲ့ကာစတန်မာတွေပဲ။ ဒါကြောင့် ကျွန်မကလည်း သူတို့ကို ရွာရဲ့အကောင်းဆုံးဆိုတာကိုပဲ မိတ်ဆက်ပေးမယ်။ ကျွန်မမိသားစုရဲ့ဂုဏ်သတင်းကို ပျက်စီးစေနိုင်မယ့် အဆင့်မမီတဲ့ဟင်းသီးဟင်းရွက်တွေကို အကြံပြုပေးမှာမဟုတ်ဘူး။ အခုရော နားလည်သွားပြီလား။”

“ဒီတော့ အကြောင်းအရင်းက မင်းမိသားစုက ပိုးသတ်ဆေးမသုံးလို့ ငါတို့တွေကိုပါ ပိုးသတ်ဆေးသုံးခွင့်မပြုတာပေါ့။ တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ။” တစ်ယောက်က နှာခေါင်းရှုံလိုက်လေသည်။ “ဒီမှာရှိနေတဲ့လူဘယ်လောက်များများကများ ပိုးသတ်ဆေးမသုံးဘဲစိုက်ထားတဲ့လူရှိလဲဆိုတာ အရင်မေးကြည့်လိုက်ပါဦးလား။”

ရှောင်လင်းယွီက၊ “ဟုတ်တယ်။ ဒါက ကျွန်မအတွက်ကျွန်မလုပ်နေတာ။ ဒါပေမယ့်…” သူမက သူမ၏အကြည့်စူးစူးများဖြင့် ပြောလာသည့်လူကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် ရှိနေသည့်လူတိုင်းကိုလည်း တစ်ချက်ကြည့်လိုက်ကာ၊ ခပ်တင်းတင်းပြောလိုက်လေသည်။ “ကျွန်မလုပ်နေတာက ထောင်ယွမ်ရွာက လူတိုင်းအတွက်ဆိုလည်း ဟုတ်တယ်။”

“ဘာကိုပြောချင်တာလဲ။ ငါတော့ နားမလည်ဘူး။” တစ်ယောက်က မျက်မှောင်ကြုတ်ကာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ လူတော်တော်များများကလည်း ရှောင်လင်းယွီက နည်းနည်းတော့ မောက်မာသည်ဟု ခံစားလိုက်မိကြလေသည်။ သူမက သူမကိုယ်ကျိုးအတွက်လုပ်နေတာတောင် တစ်ရွာလုံးရဲ့အကျိုးအတွက်ပဲ လုပ်ပေးနေသလိုလို ပြောနေလိုက်သေးတယ်။ ကြည့်ရုံနဲ့တင် မောက်မာပြီး ယုံချင်စရာမကောင်းတဲ့လူမှန်း သိသာနေတာကြီးကို။

“ကျွန်မဆိုင်ရဲ့နာမည်ကို ဘာလို့ ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ’လို့ ပေးရလဲသိလား။” ရှောင်လင်းယွီ မေးလိုက်လေသည်။ “ဒီရှေ့ဆုံးစာလုံးနှစ်လုံးက ဘာကိုကိုယ်စားပြုလဲ။”

တစ်ယောက် တွေးတွေးဆဆဖြင့်၊ “ထောင်ယွမ်ရွာ၊ ထောင်ယွမ်ရွာ၊ ငါတို့က ထောင်ယွမ်ရွာပဲ။”

“ဟုတ်တယ်။” ရှောင်လင်းယွီက ဆက်ရှင်းပြလာသည်။ “ကျွန်မ ဒီနာမည်ကိုသုံးတယ်ဆိုတာ ကျွန်မမိသားစုရဲ့အသီးအရွက်တွေက ထောင်ယွမ်ရွာကနေလာတယ်ဆိုတာ ကာစတန်မာတွေ သိသွားစေဖို့ပဲ။ ဒီအသီးအရွက်တွေကို လူတွေမြင်လိုက်တာနဲ့ ထောင်ယွမ်ရွာကို တခါတည်းတွေးမိသွားကြလိမ့်မယ်။”

တချို့ရွာသားများကတော့ အဓိကအချက်ကို ချက်ချင်းဖမ်းဆုပ်မိသွားလေသည်။ သူတို့၏မျက်လုံးများက တောက်ပလာကာ စိတ်လှုပ်ရှားစွာဖြင့် မေးလာကြသည်။ “လင်းယွီ, မင်းက ထောင်ယွမ်ရွာကို ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ရွာတစ်ရွာအဖြစ် တည်ထောင်ချင်တာလား။ ငါတို့တွေ အသီးအရွက်တွေစိုက်ပြီး ရောင်းနိုင်အောင်လို့လား။”

“ဟုတ်ပါတယ်။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ထောင်ယွမ်ရွာရဲ့အမှတ်တံဆိပ်သာ ပေါ်လာရင် ကျွန်မတို့ဆီကို အသီးအရွက်လာဝယ်မယ့်လူတွေကက ပိုများလာလိမ့်မယ်။ ပြီးတော့ အားလုံးဘက်ကသာ ကျွန်မရဲ့တောင်းဆိုချက်နှစ်ချက်နဲ့အညီ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးနေသ၍ ဒီအသီးအရွက်တွေရဲ့ဈေးနှုန်းက တခြားဟင်းသီးဟင်းရွက်အထူးပြုစိုက်ပျိုးတဲ့ စိုက်ခင်းတွေထက် သေချာပေါက် မနိမ့်စေရဘူး။”

ဒီသတင်းကတော့ နောက်ထပ်ဗုံးတစ်လုံးပင်။

ရှောင်လင်းယွီသာ အမှန်အတိုင်းပြောနေခြင်းဆိုလျှင် သူတို့အားလုံး အသီးအရွက်တွေစိုက်ပျိုးပြီး ရောင်းချနိုင်တော့မှာပေါ့။ ဒီလိုဆို သူတို့လည်း ချမ်းသာလာလိမ့်မယ်။

“ဒါပေမယ့် အသီးအရွက်တွေဈေးကောင်းရဖို့ဆိုရင် ကျွန်မတို့အနေနဲ့ ထောင်ယွမ်ရွာဘရန်းကိုအရင်ဆုံး အခြေခိုင်အောင် တည်ထောင်သင့်တယ်။” ရှောင်လင်းယွီက လေးလေးနက်နက်ပြောလာခဲ့သည်။ “ပြီးတော့ ကျွန်မတို့က အခုမှ ဘရန်းတစ်ခုစပြီးတည်ဆောက်တာ။ ခဏတာရရှိမယ့် အကျိုးအမြတ်တစ်ခုတည်းကို အာရုံမထားဘဲ ရေရှည်ကိုကြည့်ဖို့လိုတယ်။

အကျိုးအမြတ်နည်းနည်းလေးအတွက်နဲ့ အနာဂါတ်ကြီးတစ်ခုလုံးကို မဖျက်ဆီးပစ်ချင်ဘူး။ ဒီလိုအနာဂါတ်ကိုပိုင်ဆိုင်ဖို့အတွက် အစစ်မှန်ဆုံးနဲ့ အသေချာဆုံးနည်းလမ်းကတော့ ဘာပဲရောင်းရောင်း အရည်အသွေးကောင်းဖို့ပဲ။

ခရိုင်မြို့ပေါ်က ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ’ဆိုင်မှာ ကျွန်မမိသားစုရဲ့ ဟင်းသီးဟင်းရွက်တွေကိုရောင်းတယ်။ ကျွန်မအရင်တုန်းက ပိုးသတ်ဆေးသုံးတာ ဘယ်သူမများမြင်ဖူးလို့လဲ။ ကျွန်မမိသားစုက ပိုးသတ်ဆေးကိုအားမကိုးတော့ ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ’ဆိုင်မှာ တင်ထားသမျှအသီးအရွက်တိုင်းက ပိုးသတ်ဆေးကင်းစင်တဲ့ အော်ဂဲနစ်တွေချည်းပါပြလို့ ရဲရဲကြီးအာမခံနိုင်တယ်လေ။

အခုတလော ကျွန်မမိသားစုဆီက အသီးအရွက်တွေဝယ်ဖို့ ထောင်ယွမ်ရွာကို လူတွေလာနေကြတယ်။ ကျွန်မ အခုကစပြီး တခြားရွာသားတွေဆီကဝယ်ဖို့ အကြံပြုပေးနိုင်တယ်။ ဒါကြောင့် အားလုံးသာ ကိုယ့်ရဲ့ဟင်းသီးဟင်းရွက်တွေကို ရောင်းချင်ရင် ကျွန်မရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှဖြစ်မယ်။ ဒီလိုဆို ရှင်တို့ရဲ့အသီးအရွက်တွေကို ဈေးမြင့်မြင့်နဲ့ရောင်းနိုင်စေရမယ်လို့ အာမခံနိုင်တယ်။ ကောင်းပြီ၊ မေးချင်တာများရှိကြသေးလား။”

ရှောင်းလင်းယွီ စကားဆုံးသွားသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ရှောင်လင်းယွီက အလွန်ကိုမှဆွဲဆောင်နိုင်လွန်းသည့် ကတိတစ်ခုပေးလာခဲ့သည်။ သူတို့အသီးအရွက်တွေကို ဈေးမြင့်မြင့်ဖြင့် ရောင်းနိုင်မည်ဆိုပေမယ့် သူမလိုအပ်ချက်က သူမနွားရဲ့နွားချေးကိုသုံးပြီး ပိုးသတ်ဆေးမပါဘဲ စိုက်ပျိုးရန်ဖြစ်လေသည်။ ပထမလိုအပ်ချက်က မခက်ခဲသော်လည်း ဒုတိယတစ်ခုကတော့….

ရှောင်ချန်းပမ်းက တွေးတွေးဆဆဖြင့် မေးလာခဲ့လေသည်။ “လင်းယွီ၊ ဦးလေးတို့ ပိုးသတ်ဆေးမသုံးရင် အပင်တွေကြီးထားတာ နှောင့်နှေးစေမယ့် ပိုးတွေ၊ ရောဂါတွေ ကျလာရင်ရော?”

ရှောင်လင်းယွီက၊ “ပိုးကောင်တွေကျရင် ကျွန်မတို့ ကိုယ့်လက်နဲ့ကိုယ်ဖမ်းလို့ရနိုင်တာပဲ။ ကျွန်မမိသားစုရဲ့ အသီးအရွက်ခင်း ၆မူကို စိုက်တုန်းကလည်း ပိုးကျတာပဲ။ ကျွန်မ အဲ့ဒီပိုးကောင်တွေကိုဖမ်းဖို့ လူအယောက် ၂၀ငှားခဲ့တယ်လေ။ အခုထွက်လာတဲ့အသီးအရွက်တွေက အားလုံးပြည့်စုံကောင်းမွန်နေတာပဲမဟုတ်လား။” စမ်းရေရဲ့အကူအညီလေးလဲပါတာပေါ့။

“ဟုတ်တယ်၊ ဟုတ်တယ်။” တစ်ယောက်က ချက်ချင်းထရပ်ကာ ပြောလာသည်။ “အဲ့တုန်းက လင်းယွီက ငါ့ကိုငှားခဲ့သေးတယ်။”

“ငါလည်း ပိုးကောင်တွေ ဖမ်းခဲ့သေးတယ်။”

“ငါရောပဲ။ အဲ့တုန်းက ငါရယ်တောင်ရယ်နေသေးတာ။ ပိုးကောင်တွေကို ပိုးသတ်ဆေးတစ်ချက်ဖြန်းရုံနဲ့ ရှင်းနိုင်တာကို လင်းယွီက ဘာလို့များ အချိန်ကုန်ငွေကုန်ဖြစ်အောင် လက်နဲ့ဖမ်းကို လူခေါ်လဲဆိုပြီး။ အခုတော့ ဘာကြောင့်မှန်းနားလည်သွားပြီ။”

ရှောင်လင်းယွီက လက်အသာဝှေ့လိုက်ကာ၊ “ကိုယ်တိုင် ပိုးကောင်တွေကို လက်နဲ့ဖမ်းတာက အချိန်ရော လုပ်အားရော ပေးရတယ်ဆိုပေမယ့် ကိုယ့်ရဲ့အားထုတ်မှုက ကိုယ့်အတွက်အကျိုးဖြစ်စေတယ်လေ။ ဒါကြောင့်ပဲ ကျွန်မရဲ့အသီးအရွက်တွေကို ဈေးမြင့်မြင့်နဲ့ရောင်းနိုင်နေတာ။”

“အဲ့လိုကိုး။” လူတိုင်း ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။

“ဒါပေမယ့် အပင်တွေရောဂါကျရင်ရော။ ဒီလိုဆို ငါတို့ ပိုးသတ်ဆေးသုံးရမှာပေါ့။” တစ်ယောက် မေးလိုက်သည်။

“အဲ့လိုဖြစ်ရင် ဆွဲနှုတ်ပြီး အသစ်ပြန်စိုက်လိုက်ပါ။ မဟုတ်ရင်လည်း ပိုးသတ်ဆေးသုံးပြီး ဈေးနိမ့်နိမ့်နဲ့ပြရောင်းပေါ့။ အဲ့ကျရင်တော့ ကာစတန်မာတွေကို ပိုးသတ်ဆေးသုံးပြီး စိုက်ပျိုးထားတဲ့ အသီးအရွက်တွေပါလို့ ရှင်းပြလိုက်လေ။ သူတို့ နားလည်ပေးမှာ သေချာပါတယ်။”

“ဒါက…” ဤသည်မှာ ရွာသားများအတွက် ခက်ခဲလှသည့် နောက်ထပ်ရွေးချယ်မှုတစ်ခုပင်။ သူတို့သာ အသီးအရွက်တွေကို ဈေးမြင့်မြင့်ဖြင့်ရောင်းလို့ရနေလျှင် ဘယ်သူကများ ဈေးနိမ့်နိမ့်နဲ့ရောင်းချင်ပါဦးတော့မလဲ။

“ဒီတော့ အားလုံးကို တခါတည်းရှင်းရှင်းပဲပြောထားပါ့မယ်။ တစ်ယောက်ယောက်သာ ပိုးသတ်ဆေးသုံးထားတဲ့အသီးအရွက်တွေကို ဈေးမြင့်မြင့်နဲ့ရောင်းလိုက်မယ်ဆိုရင် အဲ့ဒါက ထောင်ယွမ်ရွာဘရန်းနဲ့ လူတိုင်းရဲ့အကျိုးအမြတ်တွေကို ပျက်စီးစေပါလိမ့်မယ်။ ကျွန်မကတော့ ထောင်ယွမ်ရွာဘရန်းကို ဘယ်သူ့ကိုမှဖျက်ဆီးခွင့်မပေးနိုင်ဘူး။ ပန်းသီးပုပ်တစ်လုံးကြောင့်နဲ့ ရိတ်သိမ်းသမျှ ပျက်စီးသွားလို့မဖြစ်ဘူးလေ။” ရှောင်လင်းယွီ၏ တည်တင်းကာ လေးနက်သည့်အမူအရာက ပြန်ပေါ်လာပြန်သည်။

အနာဂါတ်တွင် သူမ၏အသီးအနှံများကို တစ်နိုင်ငံလုံးအနှံ့ရောင်းချသွားမည်ဖြစ်တာကြောင့် ရွာတစ်ရွာလုံး၏နောက်ခံရှိဖို့လိုအပ်ပေသည်။ စီးပွားရေးလုပ်ရာတွင် အရေးအကြီးဆုံးမှာ ရိုးသားမှုနှင့် ဖြောင့်မတ်မှုရှိဖို့ပင်။ သူမတည်ဆောက်ထားသည့် ရိုးသားဖြောင့်မတ်မှုနှင့် ဘရန်းကို တခြားလူတွေ ဝင်ရောက်ဖျက်ဆီးမည့်အဖြစ်မျိုးအား သူမခွင့်ပြုမထားနိုင်ပေ။

ဒါကြောင့်ပဲ အခုကတည်းက ခိုင်မာကောင်းမွန်သည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်အောင် တည်ဆောက်နေခြင်းဖြစ်သည်။

***

All Chapters