← Chapters

တပြေးညီကန့်ကွက်မှု

Vol. 11 Ch. 193

တပြေးညီကန့်ကွက်မှု

Vol. 11 Ch. 193

“ဒီနေ့ ချိုးယင်းတို့မိသားစုခူးသွားတဲ့ အသီးအရွက်တွေအားလုံး ရောင်းကုန်မယ်လို့ထင်လား။”

“ကတ်တီ၈၀၀ကျော်တော်လေ။ ခရိုင်မြို့ပေါ်တက်ရောင်းတယ်ဆိုရင်တော့ လူဘယ်လောက်များများက ဝယ်မှာမို့လို့လဲ။”

“ဒါပေမယ့် ငါကြားတာတော့ ရှောင်လင်းယွီက ခရိုင်မြို့ပေါ်မှာ အသီးအရွက်ရောင်းဖို့ဆိုပြီး ဆိုင်တစ်ဆိုင်တောင် အထူးတလည်ငှားထားတယ်တဲ့။”

“ဆိုင်ခန်းငှားတာလား? ဒီအတိုင်း ဆိုင်လေးခင်းအမိုးလေးတပ်ပြီးရောင်းတာမဟုတ်ဘဲနဲ့လေ။”

“ဟုတ်တယ် ဆိုင်ခန်း။”

“ဆိုင်ခန်းငှားတယ်ဆိုတော့ ဈေးတော့နည်းမှာမဟုတ်ဘူး။ နေရာကောင်းကောင်းက ဆိုင်ခန်းတွေဆို တစ်လကို ယွမ်ထောင်နဲ့ချီပြီးပေးရတာ၊ အသီးအရွက်ရောင်းတယ်ဆိုတာက အမြတ်နည်းတယ်လေ။ သူငှားခရောလုံလောက်အောင် ရှာနိုင်ပါ့မလား။”

“တခြားငွေရှာမယ့်နည်းလမ်းတစ်ခုခု ရှာထားလို့ဖြစ်မှာပေါ့။ မဟုတ်ရင် ရှောင်လင်းယွီက ဘာလို့ဆိုင်ခန်းကြီးတစ်ခန်းပါ ငှားထားပါ့မလဲ။”

“ဟေ့၊ အဲ့ဒါ ရှောင်လင်းယွီရဲ့ကားမဟုတ်လား။ သူတို့ ဒီလောက်မြန်မြန် ပြန်လာကြပြီလား။ အကုန်ရောင်းကုန်သွားလို့လား။”

“ဟုတ်တယ်၊ ရှောင်လင်းယွီရဲ့ကားပဲ။ ကားနောက်မှာ ရှောင်မင်ယန်းရဲ့ ထရက်ကားလည်းပါတယ်လေ။ သူတို့မိသားစုနှစ်စုလုံး ကားတစ်စီးစီရှိကြတာ။ ဘယ်လောက်တောင် ကောင်းလိုက်လဲ။”

“ကားတစ်စီးကို ယွမ်၁သိန်းကျော်တယ်။ ရှောင်မင်ယန်းရဲ့ထရက်ကားတောင်မှ ယွမ် ၇သောင်း ၈သောင်းလောက်ရှိတယ်။ ကြည့်ရတာ ရှောင်ကျန်းယန်နဲ့ ရှောင်မင်ယန်းတို့ ဒီလို ဇိမ်ခံပစ္စည်းတွေကို ဝယ်နိုင်လောက်အောင် ဒီနှစ်တွေအတွင်း ငွေတော်တော် ရှာထားနိုင်ကြတယ်ထင်တယ်။” ရွာသားများသည် အရစ်ကျငွေပေးချေလို့ရသည့်စနစ်ရှိကြောင်းကို မသိကြပေ။

“ရှောင်လင်းယွီက မြေတွေငှားပြီး စိုက်ခင်းတဲတွေလည်းဆောက်တယ်။ ကားတစ်စီးဝယ်ပြီး ဆိုင်ခန်းတစ်ခန်းလည်းငှားတယ်။ ငွေတွေတော်တော် သုံးထားလောက်ပြီ။ ဒီနှစ်တွေအတွင်း ရှောင်လင်းယွီနဲ့ ရှောင်ကျန်းယန်တို့ ငွေတွေ ဘယ်လောက်တောင်မှ ရှာထားကြတာပါလိမ့်။ သူတို့ကြည့်ရတာ ငွေပင်ကြီးရှိနေသလိုပဲ။”

“ဒီကောင်မလေးက တက္ကသိုလ်က ဘွဲ့ရခဲ့တာလေ။ ဒီတော့ ငွေဘယ်လိုရှာရမလဲသိတာပေါ့။ ငါကြားတာတော့ မြို့ပေါ်မှာ အလုပ်လုပ်ရင် ရှောင်လင်းယွီလိုလူမျိုးဆို တစ်လကို ယွမ်၁သောင်းအထက်ရကြတယ်တဲ့။ ရှောင်လင်းယွီက အပြင်မှာ နှစ်တွေအများကြီး လုပ်ခဲ့တာလေ၊ ဒီတော့ ငွေတော်တော်စုမိလောက်တယ်။”

“အဲ့တော့ကော? ငွေရှိရုံနဲ့ သူ့အတွက် ခင်ပွန်းတစ်ယောက် ဝယ်လို့ရရောလား။ ရှောင်လင်းယွီက မြို့ပေါ်မှာ အလုပ်လုပ်ပြီး သူ့ကိုယ်သူ ဖျက်ဆီးခဲ့တာ။ အနာဂါတ်မှာ သူလက်ထပ်ဝင်လို့ရမယ့် မိသားစုကောင်းတစ်ခု ရှာလို့ရမှာမဟုတ်ဘူး။”

“သူ့မိဘတွေနဲ့ နေလို့ရတာပဲ။”

“ဒါကတော့ အပြောကလွယ်တာကိုး။ မိန်းကလေးတစ်ယောက်က လက်ထပ်ဖို့လိုကိုလိုတယ်။ ရှောင်လင်းယဲ့ လက်မထပ်သေးခင်ကတော့ အဆင်ပြေတာပေါ့။ ရှောင်လင်းယဲ့ လက်ထပ်သွားပြီး မိဘတွေလည်း အိုမင်းသွားရင် ရှောင်လင်းယဲ့ရဲ့ဇနီးနဲ့ကလေးတွေက ရှောင်လင်းယွီ သူတို့နဲ့အတူနေတာကို ဘာမှမပြောဘဲနေပါ့မလား။ ရှောင်လင်းယွီလို သူတို့တွေနားမှာ မှီတယ်နေတဲ့အပျိုကြီးကို စိတ်ထဲမထားဘူးလို့ထင်နေလား။”

“အဲ့ဒါတော့မှန်တယ်။ ဟင်း… ဟိုကောင်စုတ်လေး ချန်းယန်က မိန်းကလေးတစ်ယောက်ရဲ့အနာဂါတ်ကို လုံးဝဖျက်ဆီးပစ်တာပဲ။”

“ချန်းတဟွာတို့လင်မယားက ထောင်ကျနေတယ်။ ချန်းမိသားစုထဲကလူတွေကလည်း ချန်းယန်ကို ဘယ်သူမှ မခေါ်ထားချင်ကြတော့ သူ့ကို ကယ်ဆယ်ရေးစခန်းကိုပဲ ပို့လိုက်ရတယ်။”

“တော်တော်သနားဖို့ကောင်းတယ်။”

“တကယ်ကြီး အဲ့လိုတွေးတယ်ပေါ့။ အခုဖြစ်သွားတာတွေအကုန် သူလုပ်ထားတဲ့မကောင်းတဲ့ကံတွေချည်းပဲလေ။”

“အဲ့ဒါတော့မမှန်ဘူး။ ရှောင်လင်းယွီက သူ့ကို လက်စားချေခဲ့တယ်လေ။ ရှောင်လင်းယွီက တကယ်ကို တတ်လည်းတတ်နိုင်လွန်းတယ်။ ချန်းတဟွာတို့လင်မယားက အင်အားကြီးတဲ့လူတွေဆိုပေမယ့် သူကတော့ သူတို့ကို ထောင်ထဲထည့်လိုက်နိုင်တုန်းလေ။ နည်းနည်းလေးတောင် ညှာတာမပေးဘူး။” သူမက ရှောင်လင်းယွီကို ရက်စက်ကာ သွေးအေးသည်ဟု ပြောနေခြင်းပင်။

ထို့နောက်မှာတော့ ဘယ်သူမှ ဘာမှမပြောရဲကြတော့ပေ။ ရှောင်ကျန်းယန်၏မိသားစုကို သူတို့လွန်ဆန်၍မဖြစ်မှန်း ရွာသားများ နားလည်ကြလေသည်။

မကြာသေးခင်တုန်းကပဲ ရှောင်ကျွင်း အဆိပ်မြွေအကိုက်ခံခဲ့ရလေသည်။ ရှောင်လင်းယွီသာ သူ့ကို ခရိုင်မြို့ဆေးရုံသို့ လိုက်မပို့ပေးခဲ့ပါက ဒီလူငယ်လေး ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူများ မှန်းဆရဲပါ့မလဲ။ ရွာသားများအနေနှင့် တစ်ချိန်ချိန်တွင် သူတို့ ရှောင်မိသားစု၏အကူအညီကို မလိုအပ်လာနိုင်ပါဘူးဟု အာမ,မခံနိုင်ကြပေ။

ရှောင်ကျန်းယန်၏မိသားစုသည် သူတော်စင်များမဟုတ်ပေ။ လူတွေ သူတို့ကို အကြောင်းမရှိအကြောင်းရှာကာ စော်ကားနေခွင့်ပြုမည်မဟုတ်ပေ။

ထို့အပြင် ရှောင်လင်းယွီသည် လယ်အများကြီးကို စာချုပ်ချုပ်ထားသူဖြစ်သည်။ သူမက အချိန်တိုင်း လူတွေငှားဖို့လိုအပ်ပေသည်။ သူတို့သာ ရှောင်မိသားစုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိထားပါက ဦးစားပေးစဉ်းစားခံရမည့်စာရင်းထဲ ပါပေလိမ့်မည်။ ဒါ့အပြင် ရှောင်လင်းယွီက ကောင်းကောင်းလည်း ပေးပေသည်။

ထို့ကြောင့် ရွာသားတစ်ယောက်က ရှောင်လင်းယွီကို စော်ကားပြောဆိုနေသည်အား ဘယ်သူမှ မထောက်ခံခဲ့ကြပေ။ ထိုအချိန်မှာပဲ ရှောင်လင်းယွီ၏ကားက ဖြတ်သွားလေသည်။

လူတိုင်းက ချက်ချင်းပင် ရှောင်လင်းယွီနှင့်တခြားလူများကို ချက်ချင်းပင် သဘောတူလေသည်။ “ချိုးယင်း၊ လင်းယွီ၊ အစောကြီးပြန်လာကြတာပဲ။ အသီးအရွက်တွေကော ရောင်းကုန်သွားပြီလား။”

မေမေရှောင်က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။”

လျိုချွမ်းဟွာက စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလာလေသည်။ “ငါတို့ နေ့လည်လောက်ကတည်းက ရောင်းကုန်သွားတာ။ အိမ်ပြန်မလာခင် လင်းယွီ ခရိုင်မြို့ပေါ်မှာငှားထားတဲ့အိမ်မှာ နားနေခဲ့ကြတာလေ။”

“နေ့လည်ကတည်းက ရောင်းကုန်တာလား။” ရွာသားများ အံ့အားသင့်သွားကြသည်။ “အဲ့လောက်အစောကြီး! ကတ်တီ ၈၀၀လုံး အဲ့လိုပဲရောင်းထွက်သွားတယ်ပေါ့။” ခရိုင်မြို့ပေါ်မှာ အသီးအရွက်တွေ အဲ့လောက် ရောင်းကောင်းနေတာလား။

“ဟုတ်တယ်။ နင်တို့ထင်တောင်မထင်လောက်ပေမယ့် ငါတို့မှာ ရောင်းဖို့တောင် မလောက်ဘူး။” လျိုချွမ်းဟွာက ရယ်မောလျက် ဖြေလိုက်လေသည်။

“၈၀၀ကတ်တီကိုတောင် ရောင်းမလောက်ဘူးပေါ့။” ရွာသားများ ပိုလို့တောင်မှ အံ့ဩသွားကြလေသည်။

လျိုချွမ်းဟွာက ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သော်လည်း ထိုထက် ပိုမပြောတော့ပေ။ ယွီအာတစ်ယောက် အသီးအရွက်များကို ဈေးမြင့်မြင့်ဖြင့်ရောင်းကာ တစ်နေ့တည်းနှင့် ယွမ်ထောင်ချီရလိုက်တာကမှ တကယ်ကို အထင်ကြီးစရာအကောင်းဆုံးဖြစ်လေသည်။

ရောင်းရငွေအကြောင်းကိုတော့ သူတို့ ထုတ်မပြသင့်ပေ။

အခုလို ငွေအများကြီးရှာနိုင်ခြင်းက ရှောင်လင်းယွီ၏စွမ်းဆောင်ရည်ကြောင့်ပင်။ လျိုချွမ်းဟွာကလည်း ထိုအကြောင်းသိသူများလာပါက တချို့ရွာသားများသည် မနာလိုဝန်တိုမှုများဖြစ်လာမည်ကို သိနေလေသည်။ ထိုသို့ဖြင့် သူတို့လယ်များကို ဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ကြလျှင် အဆိုးချည်းသာဖြစ်သည်။

တချို့ရွာသားများကတော့ လျိုချွမ်းဟွာ၏စကားကိုကြားသည်နှင့် သူတို့ပိုင်သည့်အသီးအရွက်များကို ခရိုင်မြို့ပေါ်သို့ သွားရောင်းရန် တွေးလိုက်ကြသည်။ အခုဆို လမ်းကလည်း ပြင်လို့ပြီးသွားပြီဖြစ်တာကြောင့် မြို့နှင့်ရွာကူးသန်းသွားလာဖို့ လွယ်ကူအဆင်ပြေနေပေပြီ။

ချန်ချိုးယင်းနှင့် လျိုချွမ်းဟွာက အပြန်လမ်းတွင် ရွာသားတချို့နှင့် စကားပြောဆိုခဲ့ကြသည်။

ရှောင်လင်းယွီသည်တော့ အိမ်ပြန်ရောက်သည်နှင့် အတော်လေးပင်ပန်းသွားခဲ့ပြီဖြစ်တာကြောင့် အိပ်ရာပေါ်တက်ကာ အနားယူသွားလေပြီ။

ရှောင်မိသားစုအိမ်တွင်ပင်…

မေမေရှောင်နှင့် လျိုချွမ်းဟွာတို့ ညစာအတွက်ပြင်ဆင်ရင်း စကားပြောနေခဲ့ကြသည်။ လျိုချွမ်းဟွာက စကာ၊ “အသီးအရွက်တွေ ဒီလောက်ရောင်းကောင်းမယ်လို့ ကျွန်မ ထင်တောင်မထင်ထားဘူး၊ ဒုတိယအစ်မရဲ့။ မနက်ဖြန် များများပိုခူးသွားရအောင်။ ဒီနေ့ဆို ရောင်းဖို့ လောက်တောင် မလောက်ခဲ့ဘူးလေ။”

မေမေရှောင်က ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် ရိတ်သိမ်းဖို့ဘယ်လောက်ကျန်လဲဆိုတာက ရှိသေးတယ်။ ငါတို့က နေ့စဉ်ခူးမှဖြစ်မယ့်အလုပ်ပေမယ့် စိုက်ထားတာက ၆မူစာပဲရှိတယ်လေ။”

“ဟုတ်သားပဲ။” လျိုချွမ်းဟွာ ခေါင်းညိတ်လိုက်သည်။ “အရင်က၊ ယွီအာ မြေ၆မူတောင် အသီးအရွက်တွေ စိုက်ပစ်မယ်ဆိုတုန်းက ရွာသားတွေက သူ့ကို ငွေဖြုန်းတီးနေတာပဲဆိုပြီး လှောင်ပြောင်ခဲ့ကြတယ်လေ။ သူတို့က ဒီလိုလုပ်တာ အရှုံးပဲပေါ်မှာဆိုပြီးပြောကြတယ်။ သူ့ပညာရေးအသိဉာဏ်ကိုတောင်မှ မထီမဲ့မြင့်ပြုခဲ့ကြပေမယ့် အခုတော့…” လျိုချွမ်းဟွာ ရယ်မောလိုက်သည်။ “ယွီအာကတော့ တကယ် အံ့ဩဖို့ကောင်းတာပဲ။ ပုံမှန်ဆို အခင်းထဲမှာပဲ ပုပ်သွားလောက်မယ့် အသီးအရွက်ပမာဏကို သူကတော့ အကုန်ရောင်းနိုင်တယ်။ တခြားလူတွေသာ အမှန်အတိုင်းသိသွားလို့ကတော့ မနာလိုလွန်းလိုရူးကုန်ကြတော့မယ်။”

မေမေရှောင်ကတော့ သူမယောင်းမလောက် မပျော်ရွှင်နေပေ။ အခုကသာ စိုက်ပျိုးရေးနေရာလွတ်အကြောင်း မသိထားခင်ကဖြစ်လျှင် သူမလည်း အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေမည်ဖြစ်သည်။ သို့ပါသော်လည်း အခုတော့ ထိုအသီးအရွက်များ ရောင်းကောင်းနေခြင်းမှာ မှော်စမ်းရေကြောင့်ဖြစ်ကြောင်း သိနေပေပြီ။ ဒါကြောင့် စိုက်ပျိုးရေးနေရာလွတ်အကြောင်း တခြားလူတွေသိသွားကာ သူမသမီးကို ဖမ်းသွားကြမည်အား စိုးရိမ်နေမိတော့သည်။

အသီးအရွက်တွေ ရောင်းအားကောင်းလေ သူမ၏စိုးရိမ်စိတ်က ပိုကြီးလာလေပင်။ ဒီအသီးအရွက်တွေအကြောင်း လူတွေပိုသိလာလေ မကောင်းတဲ့အာရုံစိုက်မှုတွေကိုပါ ဆွဲဆောင်မိလေဖြစ်မည်ဖြစ်သည်။ ဒါပေမယ့် သူမတွင် ဂရုစိုက်နေရုံကလွဲလို့ တခြားတတ်နိုင်တာ ဘာမှမရှိပေ။

…..

ရှောင်လင်းယွီသည် ခရိုင်မြို့က ပြန်မလာခင်ကတည်းက ယနေ့ရောင်းအားကို တွက်ချက်ပြီးဖြစ်သည်။ ယနေ့တစ်ရက်တည်းနှင့်ပင် သူမတို့ ၆၇၇၆ယွမ် ၇ရှိခဲ့လေသည်။ သူမ စိတ်မလှုပ်ရှားဘူးဆိုလျှင် လိမ်ညာရာကျပေမယ့် အရမ်းတော့ ဝမ်းသာမနေနိုင်ပေ။

အကြောင်းကတော့ သူမအလွန်ပင်ပန်းနေခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒါကြောင့်ပဲ ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားလေတော့သည်။

….

“ဘာ? အသီးအရွက် ကတ်တီ ၈၀၀ လုံး ရောင်းကုန်သွားတာလား။” ဖေဖေရှောင် မယုံကြည်နိုင်ဖြစ်နေလေသည်။

“ဟဟ၊ ဒုတိယအစ်ကိုရေ၊ ကတ်တီ ၈၀၀ပဲမဟုတ်ဘူး ကတ်တီ ၁၀၀၀ တောင်။” ရှောင်မင်ယန်းတစ်ယောက် စိတ်အခြေအနေကောင်းမွန်နေခဲ့သည်။ “ဈေးက မနိမ့်ပေမယ့် လူတွေက အရူးအမူးကို တိုးကြိတ်ဝယ်ကြတာ။”

သူ့ညီကိုယ်တိုင်က ပြောနေခြင်းသာမဟုတ်ပါက ဖေဖေရှောင်သည် ဤသည်မှာ စနောက်နေခြင်းဟု ထင်မိလိမ့်မည်။ ဟင်းသီးဟင်းရွက်များကို ဈေးအမြင့်ကြီးဖြင့် ရောင်းခဲ့ခြင်း။ ဒါက ဘယ်လိုပဲကြည့်ကြည့် ဟာသတစ်ခုလိုပင်။

“အိုး ဟုတ်သားပဲ။ ယွီအာ၊ မနက်ဖြန် ဦးလေးတို့ ဘယ်လောက် ခူးကြမလဲ။”

“ကတ်တီ ၁၀၀၀ လောက် စမ်းကြည့်ကြတာပေါ့။” ရှောင်လင်းယွီ ပြောလိုက်သည်။ “နေ့တိုင်း အဲ့လောက်ရအောင် ခူးကြည့်ကြမယ်လေ။ မရနိုင်တော့ရင်လည်း ရှိသလောက်ပဲ ရောင်းကြတာပေါ့။” ဘာပဲဖြစ်ဖြစ် အပင်တွေရဲ့ကြီးထွားမှုကို သူမ ထိန်းချုပ်နိုင်တာမှမဟုတ်ဘဲ။

မေမေရှောင်က ခဏမျှတွေးလိုက်ကာ၊ “ကတ်တီ ၁၀၀၀တော့ရမှဖြစ်မယ်။ ဒါပေမယ့် အကြိမ်နည်းနည်းလောက် ထပ်ရိတ်သိမ်းပြီးတာနဲ့ ပမာဏက လျော့ကျသွားမှာပဲ။ ယွီအာ၊ အမေတို့ ဒီ၆မူလုံး ရိတ်သိမ်းပြီးသွားရင် ဘာသွားရောင်းကြမလဲ။”

ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။ “သမီးတို့ အားလုံးခူးပြီးသွားတဲ့အပင်တွေနေရာမှာ အသစ်ထပ်စိုက်ကြမယ်လေ။”

မေမေရှောင် ခေါင်းညိတ်လိုက်သည်။ “အချိန်ခဏတော့ ပမာဏနည်းသွားမယ်ဆိုပေမယ့် အဆင်တော့ပြေပါတယ်။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အင်း ကြည့်ရတာ မြေ ၆မူက အရမ်းနည်းသွားတယ်ထင်တယ်။”

မေမေရှောင်နှင့် ကျန်သုံးယောက်က ချက်ချင်း တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြလေသည်။ ထို့နောက် ဖေဖေရှောင်က စမေးလာခဲ့သည်။ “ယွီအာ၊ နောက်ထပ် မြေထပ်ငှားဖို့စီစဉ်နေတာလား။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ၆မူက တော်တော်သေးတယ်။ ခရိုင်မြို့တစ်ခုအတွက်တောင်မှ မလုံလောက်ဘူး။ သမီးတို့သာ စီးပွားရေးကို တိုးချဲ့မယ်ဆိုရင် ထုတ်လုပ်အားက ပိုကြီးမှရမယ်။ အနည်းဆုံး ၁၀-၂၀ မူလောက်အထိ ရှိမှဖြစ်မယ်။”

“ယွီအာ၊ သမီး စီးပွားရေးကို ထပ်ချဲ့ချင်တာလား။ ခရိုင်မြို့အပြင်တခြားနေရာတွေမှာပါ ရောင်းချင်တာလား။” လေးယောက်လုံး အံ့ဩသွားကြသည်။

ရှောင်လင်းယွီက အလေးအနက် ပြန်ဖြေလာလေသည်။ “ဟုတ်တယ်။ သမီးတို့ရဲ့အသီးအရွက်တွေကို တစ်နိုင်ငံလုံးအနှံ့ ရောင်းချသွားချင်တယ်။”

“အာ…” ဒီရည်မှန်းချက်က အရမ်းကြီးတာပဲ။ လူကြီးလေးယောက်ကတော့ မဖြစ်နိုင်ဟု တွေးလိုက်ကြသည်။ တစ်နိုင်ငံလုံးအတိုင်းအတာကို တင်ပို့ဖို့ဆို လယ်မြေ ဘယ်လောက်တောင် လိုမှာလဲ။ ပြီးတော့ ဒီအသီးအရွက်တွေက တခြားမြို့တွေမှာဆို ရောင်းကောင်းပါ့မလား။

ဒါက သေချာပေါက် ပြော၍မရသည့်အနေအထားပင်။

“မြေငှားတာထက် ပိုပြီးကြီးကြီမားမား တွေးသင့်တယ်။ သမီးကတော့ တောင်နည်းနည်းလောက် ငှားကြည့်သင့်တယ်လို့ထင်တယ်။” ရှောင်လင်းယွီက ခဏမျှတွေးပြီးနောက် ပြောလာခဲ့သည်။

လယ်သမားအများစုတွက် လုံးဝတခြားရွေးချယ်စရာမရှိသည့် အခြေအနေမှလွဲ၍ သူတို့၏မြေဩဇာကောင်းသည့် လယ်မြေများကို ငှားရမ်းပေးလေ့မရှိကြပေ။ အကြောင်းကတော့ လယ်သမားများ၏အသက်သွေကြောမှာ သူတို့၏လယ်မြေများပင်ဖြစ်၍ပင်။ ထိုမြေများကို ငှားလိုက်လျှင် သူတို့ဘာနဲ့ လုပ်ကိုင်စားသောက်တော့မလဲ။ ဒါ့အပြင် သူတို့လယ်စိုက်ကြတယ်ဆိုတာ ရောင်းဖို့မဟုတ်ဘဲ သူတို့ကိုယ်တိုင်စားသောက်ဖို့အတွက်ဖြစ်ကြလေသည်။

“တောင်တွေငှားမယ်?” လူကြီးလေးယောက် ကြောင်အသွားကြတော့သည်။ ရှောင်လင်းယွီက အစကောင်းလေးရရှိသွားခြင်းကြောင့် အတွေးများနေခြင်းဟု ထင်မိကြလေသည်။ ပထမဆုံးနေက အဆင်ပြေလွန်းနေတာကြောင့် သူမ၏ယုံကြည်ချက်က အတိုင်းအတာကို ကျော်လွန်သွားခြင်းပင်။

မေမေရှောင်က ချက်ချင်းပင် သူမကို ဖျောင်းဖျဖို့ ကြိုးစားလေသည်။ “ယွီအာ၊ အမေတို့ ဒီကိစ္စကို သေချာအချိန်ယူပြီးမှ စဉ်းစားကြည့်ရအောင်။”

တခြားလူများကလည်း ခေါင်းညိတ်လာကြသည်။ “ဟုတ်တယ်။ ဂရုတစိုက်စဉ်းစားမှဖြစ်မယ်။ တောင်ငှားတယ်ဆိုတာ ရိုးရိုး လယ်မြေငှားသလိုမျိုး မရိုးရှင်းဘူး။”

“ယွီအာ၊ အဖေတို့ ဒီကိစ္စကို သေချာလေး စဉ်းစားကြရမယ်။” ဖေဖေရှောင်က အလွန်လေးနက်နေဟန်ဖြင့် ပြောလာခဲ့သည်။ အကြီးဆုံးပြဿနာကတော့ ငွေရေးကြေးရေးပါဝင်နေခြင်းပင်။ တောင်တစ်ခုလုံးငှားခြင်းက ဈေးမနည်းပေ။ ထို့နောက် သူတို့အနေနှင့် ထိုမြေရိုင်းများကို စိုက်ပျိုးလို့ရအောင် ပြုပြင်ဖို့ လူတွေရှာရဦးမယ်။ ဒါတွေအားလုံးအတွက် ငွေက တောက်လျှောက် ထည့်နေရမည်ပင်။

ရှောင်လင်းယွီက စတော်ဘယ်ရီသီးတွေကို ယွမ်၁သန်းလောက်ဖြင့် ရောင်းနိုင်သည်ဟု ပြောခဲ့သော်လည်း ဤသည်မှာ မှန်းဆချက်တစ်ခုသာ ဖြစ်လေသည်။ အရင်တုန်းကလည်း တခြားလူတွေ စတော်ဘယ်ရီပင်များ စိုက်ခဲ့ဖူးကြသည်။ အသီးများသည် သေးငယ်ကာ ချဉ်ကြတာကြောင့် ဝယ်သူမရှိကြပေ။ ရှောင်လင်းယွီအနေနှင့် အသီးလှလှချိုချိုများကို ရိတ်သိမ်းနိုင်ခဲ့မည်ဆိုလျှင်တောင် တစ်ခါတည်းနှင့် ကတ်တီထောင်ချီရောင်းရပါလိမ့်မယ်လို့ သူမ ဘယ်လိုလုပ်များ မျှော်လင့်ရဲတာလဲ။ ဆိုင်ပေါ်မှာ အချိန်အကြာကြီးထားပြီး တင်ရောင်းမှာလား။ ဒါပေမယ့် စတော်ဘယ်ရီသီးဆိုတာက အချိန်အကြာကြီးထား၍မရပေ။

ဒါကြောင့် ဖေဖေရှောင်သည် စတော်ဘယ်ရီသီးရောင်းအားအပေါ် မှီခိုခြင်းက တကယ်ကို လက်တွေ့မဆန်ဟု တွေးမိလေသည်။ အခုပဲ သူ့သမီး မြို့တော်ကို ပြန်သွားဖို့တောင် မျှော်လင့်မိတော့သည်။

ရှောင်လင်းယွီ ခေါင်းအသာညိတ်လာခဲ့သည်။ “မစိုးရိမ်ပါနဲ့… ဒီကိစ္စ သမီး သေချာတွေးကြည့်လိုက်ပါမယ်။” သို့ပေမယ့် သူမကတော့ စတော်ဘယ်ရီပထမတစ်သုတ်ရောင်းပြီးသည်နှင့် တောင်အချို့ငှားရမ်းရန် စိတ်ပိုင်းဖြတ်ထားပြီးပေပြီ။

***

All Chapters