← Chapters

သန်မာသည့်နောက်ခံ

Vol. 11 Ch. 194

သန်မာသည့်နောက်ခံ

Vol. 11 Ch. 194

“ဟမ်၊ ဆိုင်ရှင် အခုထိ ရောက်မလာသေးဘူးလား။”

‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ’ ဆိုင်ရှေ့တွင် မနက်ကတည်းက ကာစတန်မာတစ်အုပ်ကြီး စုဝေးရောက်ရှိလို့နေပြီဖြစ်သည်။

တစ်ယောက်က အချိန်ကိုကြည့်လိုက်ပြီးနောက်၊ “၇နာရီတောင်ကျော်နေပြီ။ ဆိုင်က ဘာလို့ မဖွင့်သေးတာလဲ။ ငါ မနက် ၆နာရီကတည်းက လာစောင့်နေတာ။ နောက်များကျသွားရင် အသီးအရွက်တွေ မဝယ်လိုက်ရမှာစိုးလို့လေ။” သို့ပေမယ့် သူမတစ်နာရီလောက် စောင့်ပြီးတာတောင်မှ ဆိုင်က ဖွင့်မလာသေးပေ။

“အသီးအရွက်ဆိုင်ဆိုတော့ မနက်ခင်း စောနိုင်သလောက်‌စောစော ထဖွင့်ကြရတာမဟုတ်ဘူးလား။ တခြားကုန်စိမ်းသည်တွေဆို ဟိုးမနက်အစောကြီးကတည်းက လာကြတာ။ နွေပိုင်းဆိုရင် ၅နာရီလောက်ဆို ရောင်းနေကြပြီ။ ဒီဆိုင်ကတော့ ၇နာရီထိုးပြီးတာတောင် အခုထိ မဖွင့်သေးဘူး။”

“ဟဟ… ဘော့စ်ရှောင် ပျင်းတယ်ဆိုတာ ငါတို့သိနေတာပဲမဟုတ်ဘူးလား။”

“ဒါပေမယ့် သူပျင်းတာကလည်း အကြောင်းရှိတယ်လေ။ သူ့ပစ္စည်းတွေက အရမ်းရောင်းကောင်းတာကိုး။ တခြားဆိုင်တွေထက် သူ့ဆိုင်က အသီးအရွက်တွေက ပိုကောင်းနေတာချည်းပဲ။”

“ဒါတော့ ဟုတ်တယ်။ ဒါပေမယ့်လည်း ဒီမတူထူးခြားတဲ့ ဟင်းသီးဟင်းရွက်တွေက ဘယ်ကနေလာတာများလဲ။”

“ဒီဆိုင်က ဟင်းသီးဟင်းရွက်တွေက အရမ်းမွှေးပြီး စားလိုက်ပြီဟေ့ဆို အရသာက တစ်သက်မမေ့နိုင်စရာပဲ။”

“မစ္စရှောင်ပြောတာတော့ သူတို့ရဲ့အသီးအရွက်တွေအားလုံးက အော်ဂဲနစ်တွေတဲ့။ ပိုးသတ်ဆေးရော ဓာတုဓာတ်မြေဩဇာကိုရော မသုံးထားဘူး။ ဒါကြောင့်ပဲ တခြားဟာတွေနဲ့ ဒီလောက် ကွာခြားနေရတာပေါ့။”

“ဒါပေမယ့် ကျေးလက်ဒေသဘက်က လယ်သမားတော်တော်များများလည်း အသီးအရွက်တွေကို အော်ဂဲနစ်စစ်စစ်ရအောင် စိုက်ကြတာပဲ။ ဒါပေမယ့် အရသာကတော့ ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေနဲ့ အကွာကြီးကွာနေတုန်းပဲ။”

ရှောင်လင်းယွီ၏အသီးအရွက်များက အရသာထူးကဲတာကြောင့် လူများ သံသယတချို့ရှိကြသည်က ပုံမှန်ပင်။

“မှန်တယ်။ ပြီးတော့ ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေက စားလိုက်ရင် လူကို လန်းဆန်းတက်ကြွလာစေတယ်။ စားချင်စိတ်ကိုလည်း တိုးစေတယ်။ ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေ ဒီလိုကွဲပြားနေတာ သူ့မှာကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိလောက်တယ်။”

“ဒါပေါ့၊ ကျွန်မဆို မိုးရွာတိုင်း အဆစ်အမြစ်တွေကိုက်လာတာ သေမတတ်ပဲ။ ဒါပေမယ့် ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေလည်း စားပြီးရော အခြေအနေက အရင်လောက် မဆိုးတော့ဘူး။”

“အဲ့လိုကြောင့်ကိုး။ ကျွန်မလည်း အခုနောက်ပိုင်း ကြွက်သားနာတာတွေ မဖြစ်တော့လို့ အံ့ဩနေတာ။ ကျွန်မယောင်းမတစ်ယောက်ဆိုလည်း အရင်လို အရိုးတွေမကိုက်တော့ဘူး။ ကျွန်မတို့က ရာသီဥတုကြောင့် ပြောင်းလဲသွားတာလို့ ထင်နေခဲ့ကြတာ။”

“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မဆိုလည်း အေးလွယ်တယ်။ ဒါပေမယ့် ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေ စားကတည်းက ကျွန်မအစာအိမ်က အမြဲတမ်းပူနွေးပြီး နေလို့ကောင်းနေရော။”

ကာစတန်မာများက သူတို့၏အတွေ့အကြုံများကို ပြန်လည်ဝေငှလို့နေလေသည်။ ချူးမင်ကျောင်းသည်လည်း ထိုဆွေးနွေးချက်များကိုကြားသည်နှင့် သူမအခုတလော ခံစားနေခဲ့ရသည့် အပူလုံးကြီးကို တွေးလိုက်မိတော့သည်။ သူမသည် အကြောင်းမရှိဘဲ အမြဲဒေါသထွက်လွယ်နေခဲ့ကာ သူမခန္ဓာကိုယ်တွင် မီးဘောလုံးကြီးတစ်လုံး ရှိနေသလိုပင်။ သူမ ခင်ပွန်းနှင့်သားကိုလည်း အမြဲအော်ဟစ်နေမိတတ်သည်။ သို့ပေမယ့် မနေ့တုန်းက ဒီဆိုင်က ဝယ်သွားသည့် ကြက်သွန်မြိတ်ကို စားပြီးချိန်မှာတော့ ထိုမီးလုံးက ငြိမ်းသတ်သွားကာ သူမကို စမ်းရေအေးဖြင့် ညင်သာစွာ ပတ်ဖြန်းပေးလိုက်သလိုပင်။

ဒါတွေက ကြက်သွန်မြိတ်ရဲ့အာနိသင်ပေါ့။

ချူးမင်ကျောင်းလည်း ချက်ချင်းပင် စကားဝိုင်းထဲ ပါဝင်လာတော့သည်။ “ကျွန်မလည်း အတူတူပဲ။ အခုတလော ကျွန်မ ဘာကိုမှ သည်းမခံနိုင်ခဲ့ဘူး။ ကိုယ့်ဒေါသကိုယ် ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။ ဘာကိုပဲ မြင်မြင်ကြားကြား အားလုံးက ကျွန်မအတွက်တော့ ကန့်လန့်တွေချည်းပဲ။”

“ဟမ်.. ဒါက ငါ သွေးဆုံးကိုင်တုန်းကနဲ့တူသလိုပဲ။” အဘွားတစ်ယောက်က ပြောလာခဲ့သည်။

“အမ်?” ချူးမင်ကျောင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ “သွေးဆုံးတာလား။” သူမ ထိုအကြောင်းကို အရင်က ကြားဖူးခဲ့သော်လည်း သူမကိုယ်တိုင် ထိုအခြေအနေမျိုးကို ဖြတ်ကျော်လာရလိမ့်မည်ဟုတော့ မတွေးခဲ့ဖူးပေ။

“ဟေ့၊ ရှင်က မနေ့က ဒီမှာ ပြဿနာလာရှာသွားတဲ့တစ်ယောက်မဟုတ်လား။” ကာစတန်မာတစ်ယောက် ချူးမင်ကျောင်းကို မှတ်မိသွားလေသည်။ “ကျွန်မတို့ကို သရုပ်ဆောင်တွေဆိုပြီး စွပ်စွဲပြီး ဒီဆိုင်ကို ပိတ်ခိုင်းဖို့ ကုန်သွယ်ရေးဗျူရိုကလူတွေကို ခေါ်လာမယ်ဆိုတဲ့တစ်ယောက်လေ။”

“ဟုတ်တယ်။” တစ်ယောက်ကလည်း ဒေါသဖြင့် ဝင်ပြောလာသည်။ “ဒီနေ့ရော စောစောစီးစီး ဘာလာလုပ်ပြန်တာလဲ။ ဘာလဲ ငါတို့က ဒီဆိုင်က ငှားထားတဲ့သရုပ်ဆောင်တွေ ဟုတ်မဟုတ် လာအတည်ပြုတာလား။ ဘယ်မှာလဲ ကုန်သွယ်ရေးဗျူရိုကလူတွေ။”

“ဟုတ်သားပဲ။ ရှင်က ဘာလို့ ဒီရောက်နေတာလဲ။ ကုန်သွယ်ရေးဗျူရိုကလာရင်တော့ အသုံးမဝင်ဘူးနော်။ ဘော့စ်ရှောင်ရဲ့ဆိုင်က အသီးအရွက်တွေအားလုံးက ဈေးကို ပွင့်လင်းမြင်သာစွာရေးထားပြီးသား။ ဘယ်သူ့ကိုမှ မလှည့်စားထားဘူး။”

“ထပ်ပြောလိုက်မယ်နော်၊ ငါတို့က သရုပ်ဆောင်တွေမဟုတ်ဘူး။ ငါတို့က မစ္စရှောင်ရဲ့ ဖောက်သည်ဟောင်းတွေ။ လွန်ခဲ့တဲ့တစ်လကတည်းက သူ့ဆီကနေ ငါတို့ဝယ်နေကျ။ အခု ထွက်သွားလိုက်တော့။”

လူအုပ်ကြီး၏အမျက်ဒေါသနှင့်ရင်ဆိုင်ရချိန်တွင် ချူးမင်ကျောင်းတစ်ယောက် မသက်မသာပြုံးလိုက်မိသည်။ “ခွင့်လွှတ်ပေးကြပါ။ တကယ်ကိုပဲ မနေ့တုန်းက ကျွန်မမှားတာပါ။ ဒီနေ့လာတယ်ဆိုတာလည်း ရှင်တို့အားလုံးနဲ့ ဘော့စ်ရှောင်ကို တောင်းပန်မလို့ပါ။ ရှင်တို့ပြောတာအမှန်တွေဆိုတာ ကျွန်မ နောက်ဆုံးတော့ နားလည်သွားပါပြီ။ ဘော့စ်ရှောင်ရဲ့ကုန်ပစ္စည်းတွေ ဈေးကြီးရတာက တကယ်ကိုအကြောင်းရှိပါတယ်။ သူ့ဖောက်သည်တွေကို သူ မလိမ်လည်ထားပါဘူး။”

“အခုတော့ သိသွားပြီပေါ့။”

“ဟုတ်ပါတယ်။ ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေက အရမ်းအရသာရှိရှိပြီး အကျိုးကျေးဇူးလည်း အများကြီးပဲ။ ဒါကြောင့်ပဲ ကျွန်မလည်း သူဆိုင်ဖွင့်မှာကို အစောကြီး လာစောင့်နေတာပါ။” ချူးမင်ကျောင်းက ရှက်ရှက်နှင့်ထပ်ပြီး ဝန်ခံလာလေသည်။ “ကျွန်မလည်း အခုဆို ဒီဆိုင်ရဲ့ တရားဝင်ပရိသတ်ဖြစ်သွားပါပြီ။”

“ပရိသတ်?” တချို့က စိတ်ရှုပ်ထွေးသွားကာ တစ်ချို့ကတော့ ချက်ချင်းပင် ဝင်ပြောလာသည်။ “ဟုတ်တယ်၊ ကျွန်မလည်း ပရိသတ်ပဲ။”

အားလုံးက ထောင်ယွမ်ရွာလတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဆိုင်၏ အမာခံပရိသတ်များ ဖြစ်လာကြတော့သည်။

“ဈေးတွေက မြင့်တယ်ဆိုပေမယ့် ဒီက အသီးအရွက်တွေများများဝယ်ဖို့ တခြားနေရာမှာ လျှော့သုံးလိုက်လို့ရတယ်လေ။”

“ဟုတ်တယ်၊ ကျွန်မလည်း အဲ့လိုပဲ လုပ်တာ။”

ဤအသီးအရွက်များသည် ခန္ဓာကိုယ်အတွက် ကောင်းမွန်လှသည်။

“ဘော့စ်ရှောင် ဒီအသီးအရွက်တွေကို ဘယ်လိုများစိုက်ပျိုးလည်း ကျွန်မ တကယ်ကို သိချင်မိတယ်။ လူတိုင်းသာ ဒီလိုအသီးအရွက်မျိုးစိုက်ပျိုးနိုင်လို့ကတော့ ဈေးသက်သာလာမှာပဲ။”

“ဟဟ၊ ရှင်ကတော့ အရမ်းမျှော်လင့်လွန်းနေပြီ။ ဘော့စ်ရှောင်က သူ့အသီးအရွက်တွေ ဒီလိုကောင်းကောင်းမွန်မွန် ကြီးထွားလာအောင် နည်းပညာတချို့ကို သုံးထားမှာပေါ့။ လွယ်လွယ်သာ ကြီးထားနိုင်နေရင် ဈေးကွက်ထဲမှာ ဒီလိုပုံစံတူအသီးအရွက်တွေ ရောက်နေရောပေါ့။”

“ဒါလည်း မှန်တာပဲ။”

“ဒီလိုမျိုးအသီးအရွက်တွေကို လှလှပပ၊ အနံ့အရသာပြည့်စုံရုံသာမက အာဟာရလည်းအပြည့်နဲ့ ကြီးထွားလာအောင် စိုက်ဖို့ ဘော့စ်ရှောင်မှာ လျှို့ဝှက်ချက်တော့ရှိမယ်။ ဒီကုန်သွယ်ရေးလျှို့ဝှက်ချက်ကို ဘော့စ်ရှောင်က တခြားလူတွေဆီ မျှဝေပေးမယ်လို့ထင်လား။”

“အဟုတ်ပဲ။”

“ငါကြားတာတော့ ကုမိသားစုဟိုတယ်ရဲ့အသီးအရွက်တွေက ဘော့စ်ရှောင်ဆီကနေ ရတာတဲ့။”

“ကုမိသားစုဟိုတယ်ရဲ့စီးပွားရေးက ပြီးခဲ့တဲ့လတုန်းက တော်တော်ဆိုးရွားသွားတာလေ။ ဒီဟိုတယ်တော့ ပိတ်ရပြီလို့တောင် လူတွေပြောနေကြတာ။ ဒါပေမယ့် ဟိုတယ်က သူတို့ရဲ့သက်သက်လွတ်ဟင်းလျာတွေကို ပြသလိုက်တာနဲ့ ရက်ပိုင်းလေးအတွင်း ပိတ်ပစ်ရမယ့် အန္တရာယ်ကနေ ကျော်လွှားလာနိုင်ခဲ့တယ်လေ။ သူတို့စီးပွားရေးက မထင်မှတ်ထားလောက်အောင်ကို တဟုန်ထိုးတက်သွားတာ။”

“ဟုတ်သားပဲ။ မနေ့က ဆိုင်ဖွင့်ပွဲမှာ မစ္စရှောင်ကို ဂုဏ်ပြုပေးဖို့ ကုမိသားစုဟိုတယ်က မစ္စတာကုလည်း လာခဲ့သေးတယ်လေ။”

“သူတင်ဘယ်ကမလဲ။ ငါတို့ရဲ့အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းက သခင်လေးကျန်းနဲ့ ထန်းဖေးကားရောင်းဝယ်လေးလုပ်ငန်းက ဘော့စ်ယွမ်တောင် လာသေးတယ်။ ပြီးတော့ တော်တော်လေးရင်းနှီးနေတဲ့ အကြီးအကဲတချို့လည်းလာတယ်။ အိုး ဟုတ်သား၊ ခေါင်းဆောင်ကျန်းထောင်တောင်မှ လာသေးတယ်။”

“ဝိုး၊ ဘော့စ်ရှောင်က နောက်ခံကောင်းကောင်းတွေ ရှိတာပဲ။”

“ဟဟဟ၊ ပြီးတော့ တချို့လူတွေက သူ့ကို ကုန်သွယ်ရေးဗျူရိုဆီတိုင်ချင်လိုက်သေးတယ်။”

ကာစတန်မာများသည် နေရာတွင်ရှိနေသည့် တချို့လူများကို သတိပေးချင်သည့်သဘောဖြင့် ထိုအကြောင်းအရာကို ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘော့စ်ရှောင်၏အသီးအရွက်များသည် ဈေးကြီးလှသည်။ သူမ၏အဆင့်မြင့်အသီးအရွက်များကိုဆိုလျှင် ငွေကြေးချမ်းသူနှင့် အာဏာရှိသူများသာ တတ်နိုင်လေသည်။

ဘော့စ်ရှောင်သည် လယ်သမားမိသားစုကလာကာ အသီးအရွက်များကို ကိုယ်တိုင်စိုက်ပျိုးလေသည်။ ပြောရလျှင်တော့ သူမသည်လည်း လယ်သမားတစ်ယောက်ပင်။

လူများသည် ဘော့စ်ရှောင်၏စီးပွားရေးကို မနာလိုဖြစ်လာနိုင်ကာ လယ်သမားတစ်ယောက်ကို အလွယ်တကူ အလဲထိုးလို့ရမည်ဟု ထင်ထားကြလိမ့်မည်။

ကုကျီယဲ့နှင့်သူ့သူငယ်ချင်းများသည်လည်း ထိုသို့တွေးမိကြသည်။ ဒါကြောင့်လည်း မနေ့တုန်းက လူကိုယ်တိုင်လာခဲ့ခြင်းဖြစ်ကာ မကောင်းသည့် ရည်ရွယ်ချက်များရှိနေသည့်လူများအတွက် ဘော့စ်ရှောင်တွင် အလွန်သန်မာသည့်နောက်ခံရှိကြောင်း သတိပေးလိုခြင်းဖြစ်သည်။

ထိုအချိန်မှာပဲ ကားနှစ်စီးရောက်လာခဲ့သည်။

“ဟမ်.. အဲ့ဒါ ဘော့စ်ရှောင်လား။”

“ဟုတ်တယ်၊ မစ္စရှောင်ပဲ။”

ရှောင်လင်းယွီတစ်ယောက် သူမဆိုင်ရှေ့က လူအုပ်ကြီးအောင် အတော်လေး အံ့ဩသွားခဲ့သည်။ သူမနာရီကိုတစ်ချက်ကြည့်လိုက်ရာ ၇နာရီခွဲလေပြီ။ သို့ပေမယ့် သူမမှာလည်း အကြောင်းရှိသည်။ သူမသည် ကိုယ်ဝန်ဆောင်သည်ဖြစ်တာကြောင့် အလွန်အိပ်ချင်စိတ်များလေသည်။ မေမေရှောင်သာ သူမကို လာမနှိုးခဲ့လျှင် ရှောင်လင်းယွီတစ်ယောက် ဆက်အိမ်နေဦးမည်သာ။

ရှောင်လင်းယွီ ကားထဲမှထွက်သည်နှင့် လူအုပ်ကြီးက သူမကို ဝိုင်းလာခဲ့သည်။ “ဘော့စ်ရှောင် နောက်ကျပြန်ပြီနော်။ ငါတို့ ဒီမှာ စောင့်နေတာ တစ်နာရီကျော်လောက်ရှိပြီ။”

“ဘော့စ်ရှောင်ကတော့ တခြားကုန်စိမ်းသည်တွေနဲ့မတူဘူး။ အရမ်းကို အေးဆေးနေတာပဲ။ ဖွင့်ပွဲနေ့တုန်းက နောက်ကျမှဖွင့်တဲ့အပြင် ဒီနေ့လည်း နောက်ကျပြန်ပြီ။” တစ်ယောက်က စနောက်လာခဲ့သည်။ “မင်းကတော့ ငါသိသမျှ ကုန်စိမ်းသည်တွေထဲမှာ စိတ်အေးလက်အေးအရှိဆုံးပဲ။”

ရှောင်လင်းယွီ ရှက်သွားရသည်။ “အားလုံးကို တောင်းပန်ပါတယ်။ ရှင်တို့အခုလို အစောကြီးရောက်လာလိမ့်မယ်မှန်း မသိလို့ပါ။”

“ဘော့စ်ရှောင်၊ ပုံမှန်ဆိုင် ဘယ်အချိန်ဖွင့်မှာလဲ။” တစ်ယောက်က မေးလိုက်လေသည်။ “ပထမတော့ ငါတို့လည်း မင်း တခြားလူတွေလိုမျိုး မနက် ၅နာရီ ၆နာရီလောက် ဖွင့်မယ်ထင်လိုက်တာ။”

ရှောင်လင်းသည် သူမ၏ကျန်းမာရေးအခြေအနေကို ထည့်သွင်းစဉ်းစားလျက် ပြောလိုက်သည်။ “ကျွန်မ နောက်ဆို ၈နာရီ ဆိုင်ဖွင့်ပါမယ်။ ဒါကြောင့် အားလုံးလည်း အစောကြီးလာဖို့ မလိုတော့ပါဘူး။”

“ဟဟဟ။ ဘော့စ်ရှောင်၊ မင်းကတော့ တကယ်ကို အသက်သာဆုံးကုန်စိမ်းသည်ပဲ။” တစ်ယောက်က ရယ်လိုက်တော့သည်။

ရှောင်လင်းယွီလည်း ပြုံးသာပြုံးကာ သော့ထုတ်၍ ဆိုင်တံခါးဖွင့်လိုက်လေသည်။ “ခဏလေးစောင့်ပေးကြပါဦးနော်။ ကျွန်မ စင်တွေပေါ်ပစ္စည်းစီပြီးတာနဲ့ ဆိုင်စဖွင့်ပါမယ်။”

“ဘော့စ်ရှောင်၊ မင်း ဒီနေရာမှာပဲ တခါတည်းရောင်းလိုက်ပါတော့လား။ စင်ပေါ်စီနေစရာမလိုပါဘူး။”

ရှောင်လင်းယွီ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ သူမဆိုင်ရှေ့ရှိ လျှောက်လမ်းသည် လုံလုံလောက်လောက်ကျယ်ပေသည်။ ဒါ့အပြင် လူတွေအများကြီးကို စောင့်ခိုင်းထားရတာက အားနာစရာကောင်းလှသည်။

သို့ပေမယ့် လူအုပ်က အရမ်းများလေသည်။ တစ်ယောက်ယောက်သာ သူမပစ္စည်းတွေကို ဆွဲယူပြီး ငွေမရှင်းခဲ့ရင်ရော။ ဒါကတော့ စီးပွားရေးသမားတိုင်း၏စိုးရိမ်ပူပန်မှုပင်။

တစ်ယောက်က ရှောင်လင်းယွီ၏တုံ့ဆိုင်းနေမှုကိုမြင်ပြီး ချက်ချင်းဝင်ပြောလာသည်။ “စိတ်မပူပါနဲ့ ဘော့စ်ရှောင်ရယ်။ ငါတို့က ကိုယ်ကျင့်တရားရှိတဲ့လူတွေပါ။ မင်းပစ္စည်းတွေကို မခိုးပါဘူး။” ဤသည်မှာ စော်ကားခြင်းမဟုတ်ပေ။ ပြောရလျှင် ဘော့စ်ရှောင်၏အသီးအရွက်များမှာ ဈေးကြီးလှပေသည်။ တစ်ယောက်လောက်သာ အိတ်တစ်အိတ်အပြည့်ဖြင့်ယူသွားလိုက်လျှင် တခါတည်း အမြတ်ကြီးကြီးရမည်ပင်။

ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်ရတော့သည်။ “ဟုတ်ပါပြီ။” ထို့နောက် သူမ၏ စတုတ္ထဦးလေးကိုကြည့်ကာ၊ “စတုတ္ထဦးလေးနဲ့ဒေါ်လေးက သမီးကို အသီးအရွက်ပုံးတွေ ကူရွှေ့ပေးလို့ရမလား။ ဆိုင်ရှေ့က လျှောက်လမ်းမှာပဲချပေးပါ။ ဝယ်သူတွေ စိတ်ကြိုက်ယူပါစေ။ အမေနဲ့သမီးကတော့ ပစ္စည်းချိန်တဲ့နားကို တာဝန်ယူကြတာပေါ့။”

လျိုချွမ်းဟွာသည် လူအုပ်ကြီးကိုကြည့်ကာ စိုးရိမ်နေခဲ့သည်။ တစ်ယောက်ယောက်သာ ဒီအခွင့်အရေးကိုယူပြီး ယွီအာဆီက ခိုးသွားရင်ရော။ ပြီးတော့ ပစ္စည်းတွေမစီထားရတာကြောင့် သေချာမျက်စိဒေါက်ထောက်ကြည့်မှပဲရပေမည်။

လျိုချွမ်းဟွာနှင့် ရှောင်မင်ယန်းတို့ အသီးအရွက်ပုံများကို စတင်ရွှေ့ကြတော့သည်။ တချို့ကာစတန်မာများက မစောင့်နိုင်တော့ဘဲ ဝင်ကူကြလေသည်။

အရေအတွက်ကလည်း အင်အားတစ်ရပ်ပင်။

မကြာခင်မှာပဲ ပုံးအားလုံးကို လျှောက်လမ်းထက်တွင် စီစီညီညီ ချပြီးသွားတော့သည်။ ထို့နောက် ကာစတန်မာများက သူတို့လိုချင်သည်များကို ရွေးချယ်ယူတော့သည်။

အန်းမင်၊ စွန်းလီနှင့် ကျန့်ယန်ဟုန်တို့ အမြန်ပြေးလာချိန်မှာတော့ ထိုသို့ ကြိတ်ကြိတ်တိုးနေသည့်မြင်ကွင်းနှင့် ကြုံလိုက်ရလေသည်။

ကျန့်ယန်ကုန်က မယုံကြည်နိုင်ဖြစ်သွားကာ၊ “ဝိုး၊ ဘာလို့ အဲ့လောက်တောင် လူတွေများနေရတာလဲ။”

စွန်းလီက၊ “မြန်မြန်သွားမယ်။ မဟုတ်ရင် အသီးအရွက်တွေ ရောင်းကုန်သွားလိမ့်မယ်။”

“အာ.. အဲ့လောက်မြန်ပါ့မလား?”

“ဒါပေါ့၊ နင် ဒီလောက်လူအုပ်ကြီးကို မတွေ့ဘူးလား။ ငါ သခွားသီးလိုချင်တယ်။ အိုး.. ပြီးတော့ မနေ့တုန်းက ခရမ်းချဉ်သီးလည်း မြည်းခဲ့ကြသေးတယ်။ တကယ်အရသာရှိတာ။ ဒီနေ့တော့ နည်းနည်းလောက်ရအောင် ယူရမယ်။ အန်းမင်၊ နင် ခရမ်းချဉ်သီးကိုတာဝန်ယူ။ ယန်ဟုန် နင်ကတော့ မုန်လာဥဖြူဘက်တာဝန်ယူလိုက်။ ငါ သခွားသီးဘက်သွားမယ်။”

“ကောင်းပြီ။”

ထိုသို့ဖြင့် တာဝန်အသီးသီးခွဲဝေလိုက်ကြလေသည်။

***

All Chapters