← Chapters

စတုတ္ထဦးလေးနဲ့ဒေါ်လေး သိသွားပြီ

Vol. 11 Ch. 195

စတုတ္ထဦးလေးနဲ့ဒေါ်လေး သိသွားပြီ

Vol. 11 Ch. 195

အလုပ်ရှုပ်လှသော မနက်ခင်းအချိန်အခါကို ကုန်ဆုံးပြီးနောက်မှာတော့ ရှောင်လင်းယွီတို့ ငှားထားသည့်အိမ်သို့ ပြန်ခဲ့ကြလေသည်။ ပြန်သည့်လမ်းတွင် အသားလည်း ဝင်ဝယ်ခဲ့သေးသည်။ ဘာပဲဖြစ်ဖြစ် အချိန်ကလည်း စောနေသေးတာကြောင့် ချက်ပြုတ်စားရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။ ခရိုင်မြို့ပေါ်မှ အစားအသောက်များသည် ဈေးကြီးသော်လည်း အရသာက မရှိကြပေ။

ရှောင်လင်းယွီ၏အခြေအနေက ထူးခြားတာကြောင့် အများကြီး မစားသင့်ပေ။ ဒါကြောင့် မေမေရှောင်က သူမအတွက် အချိန်မရွေး ကြက်စွပ်ပြုတ်ချပေးနိုင်ရန်အတွက် ကြက်အနည်းငယ်ဝယ်ကာ မွေးထားဖို့ စိတ်ကူးလေသည်။

သို့သော်လည်း ခြံဝန်းက ကျယ်တာကြောင့် ကြက်မွေးဖို့ မသင့်တော်ပေ။ ကြက်မွေးလိုက်မည်ဆိုလျှင် အနံ့အသက်ဆိုးများထွက်လာမည်ဖြစ်တာကြောင့် ခြံဝန်းကျယ်ကြီးကို ညစ်ပတ်သွားစေလိမ့်မည်။ ရှောင်လင်းယွီကတော့ ဘက်တီးရီးယားများ ပေါက်ဖွားခွင့်မပြုနိုင်ပေ။ အကယ်၍များ တစ်ခုခုကူးစက်သွားပါက ပြဿနာကြီးပေလိမ့်မည်။ မေမေရှောင်လည်း ထိုသို့တွေးမိကာ ထိုအတွေးကို စွန့်ပစ်လိုက်တော့သည်။ သူမက အိမ်ပြန်ရောက်မှပဲ ရွာထဲက ကြက်ကိုသတ်ကာ စွပ်ပြုတ်လုပ်ဖို့ စီစဉ်လိုက်တော့သည်။ ထိုသို့ဖြင့် ရှောင်လင်းယွီလည်း အချိန်မရွေး ကြက်စွပ်ပြုတ် သောက်နိုင်ပေမည်။ ဒီအကြံကတော့ မဆိုးဘူးပဲ။

မနက်ပိုင်း အလုပ်ရှုပ်ခဲ့တာကြောင့် လေးယောက်လုံး ပင်ပန်းသွားကြပြီဖြစ်သည်။ အထူးသဖြင့် ရှောင်လင်းယွီပင်။ သူမတစ်ချိန်လုံး အိပ်ငိုက်နေခဲ့သည်။ သူတို့ဆိုင်မှာရှိကတည်းက သူမငေါင်နေသည်ကို သူတို့သတိပြုမိခဲ့ကြသည်။ သို့သော်လည်း အံ့ဩဖို့ကောင်းသည်က တစ်ခုမှ အမှားမလုပ်မိဘဲ တွက်ချက်သည်က ပုံမှန်ထက် နှေးသွားရုံသာရှိလေသည်။ ကာစတန်မာများကလည်း ထိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကို တွေ့ရှိသွားကြသည်။ အိပ်ငိုက်နေရင်းဖြင့်ပင် သင်္ချာကိန်းဂဏန်းတွေကို မှန်မှန်ကန်ကန်တွက်နိုင်သည့်လူအား သူတို့မတွေ့ဖူးကြပေ။

ရှောင်လင်းယွီက စားချင်စိတ်မရှိဘဲ အိပ်သာအိပ်နေချင်လေသည်။ မေမေရှောင်က ထိုအကြောင်းကြားသည်နှင့် သူမကို နားခိုင်းဖို့ကြိုးစားရတော့သည်။ ပြောရလျှင် တစ်မနက်လုံး ရှောင်လင်းယွီ ဘာမှမစားခဲ့ပေ။

ထမင်းစားချိန်တွင် ရှောင်လင်းယွီတစ်ယောက် မျက်လုံးမှိတ်တစ်ဝက်ဖွင့်တစ်ဝက်ဖြင့် ဆက်စားနေခဲ့တာကြောင့် တခြားလူများကို ဆွံ့အကာ ရယ်ချင်သွားစေခဲ့သည်။

လျိုချွမ်းဟွာလည်း ထိုကဲ့သို့အခြေအနေမျိုးကို အရင်က ဖြတ်ကျော်ခဲ့ဖူးပေသည်။ ဒါကြောင့် သူမက ရှောင်လင်းယွီနှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို သတိထားမိသွားကာ ခန့်မှန်းချက်တစ်ခုက ခေါင်းထဲဝင်လာလေသည်။ သို့ပေမယ့် ချက်ချင်းကြီးမေးဖို့ မသင့်တော်တာကြောင့် သူ့ဒုတိယယောင်းမနှင့် သီးသန့်ရှိမှပဲမေးရန် စိတ်ကူးလိုက်တော့သည်။

တခဏကြာပြီးနောက် ရှောင်လင်းယွီ တူကိုချကာ ပြောလာခဲ့သည်။ “အမေ၊ သမီးဗိုက်ပြည့်ပြီ။ အမေတို့ပဲ ဆက်စားလိုက်ကြတော့နော်။ သမီး သွားအိပ်တော့မယ်။” ပြောရင်းဆိုရင် သမ်းနေပြန်လေသည်။

မေမေရှောင်လည်း ခေါင်းညိတ်လိုက်ပြီ။ “သွားအိပ်လေ။”

ရှောင်လင်းယွီ ထွက်သွားပြီးသည်နှင့် လျိုချွမ်းဟွာတစ်ယောက် ဆက်ထိန်းမထားနိုင်တော့ပေ။

“ဒုတိယအစ်မ၊ လင်းယွီ ဘာဖြစ်နေတာလဲ။”

“ကိုယ်ဝန်ရှိနေတာ။” မေမေရှောင်က တိုက်ရိုက်ပင် ပြောလိုက်သည်။

“အမ်?” ရှောင်မင်ယန်းရော လျိုချွမ်းဟွာပါ အံ့အားသင့်သွားကြတော့သည်။

“လေးလတောင် ကျော်သွားပြီ။”

“လေးလ။ ဒါဆို…” ရှောင်မင်းယန်၏စိတ်ထဲတွင် ကိစ္စတွေကို ဆက်စပ်မိသွားလေသည်။ ဒါက ချန်းမိသားစုက ကလေး ရှောင်လင်းယွီကို ဆေးခပ်ခဲ့တုန်းက အချိန်ပဲ။ ထို့နောက် ရှောင်မင်ယန်း ဒေါသဖြင့် ပြောလာတော့သည်။ “ဒုတိယအစ်မ၊ ဒီကလေးကို ဘာလို့ ဆက်ထားနေတာလဲ။ ယွီအာသာ ဒီကလေးကို မွေးလိုက်ရင် သူနောက်ကျတော့ ဘယ်လိုလက်ထပ်တော့မလဲ။ အစ်မရော ဒုတိယအစ်ကိုရော ဘာတွေတွေးနေကြတာလဲ။”

ရှောင်လင်းယွီ၏ဗိုက်ထဲတွင် ရှိနေသည့် ကလေးမှာ… ပွင့်ပွင့်လင်းလင်းပြောရလျှင် အဖေမပေါ်သည့်ကလေးဖြစ်လေသည်။ ဒီလို အဖေမပေါ်တဲ့ကလေးတစ်ယောက်ကိုဆွဲပြီး ဘယ်လိုလုပ် လက်ထပ်နိုင်ပါတော့မလဲ။

သူ့ဒုတိယအစ်မ၏အမူအရာအရ ကိုယ်ဝန်အကြောင်းသိသည်မှာ အတော်ကြာပြီဖြစ်လောက်သည်။ ဒါသာ အမှန်ဆိုလျှင် ကလေးကို ဖျက်ချဖို့ လင်းယွီကို ပြောသင့်တယ်မဟုတ်ဘူးလား။ စောစောဖျက်ချမှသာလျှင် မိခင်၏ခန္ဓာကိုယ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမှာပင်။

အခုဆို ရှောင်လင်းယွီ၏ကိုယ်ဝန်က လေးလကျော်ပြီဖြစ်တာကြောင့် ဗိုက်က သိသာလာပြီဖြစ်ဖြစ်သည်။ ရှောင်မင်ယန်းတို့ဇနီးမောင်နှံလည်း သတိထားမိခဲ့ကြပေမယ့် သူတို့ဒုတိယအစ်ကိုနှင့်အစ်မက ဘာမှမပြောလာတာကြောင့် သူတို့လည်း ထုတ်မပြောခဲ့ကြခြင်းဖြစ်သည်။

သို့ပေမယ့် အခုတော့ ဒုတိယအစ်မက ထုတ်ပြောလာတာကြောင့် အကြောင်းအရင်းတစ်ခုခုတော့ ရှိလောက်မည်မှန်း ရှောင်မင်ယန်းသိလိုက်လေသည်။ သို့ပေမယ့် လင်းယွီကို ဒီကလေးဆက်ထားခွင့်ပြုထားရသည့်အကြောင်းအရင်းကို သူနားမလည်နိုင်သေးပေ။

မေမေရှောင်က၊ “ယွီအာက ဒီကလေးကို ဆက်ရှိစေချင်တယ်။ သူက ငါနဲ့ မင်းတို့ဒုတိယအစ်ကိုကို ငိုယိုပြီး တောင်းပန်ခဲ့တာ။ ငါတို့သာ သဘောမတူရင် သူအိမ်ကနေထွက်သွားမယ်တဲ့။”

“အိမ်က ထွက်ပြေးမယ်?” ထိုစကားကိုကြားပြီး ရှောင်မင်ယန်းနှင့် လျိုချွမ်းဟွာတို့ အသက်ပင်ရှိုက်မိသွားကာ မယုံနိုင်ဖြစ်သွားကြသည်။ “ယွီအာ ရူးသွားတာလား။ ဘာလို့ ကလေးကို ဆက်ရှိစေချင်တာလဲ။ သူ နောက်ကျ ဘယ်လိုလက်ထပ်တော့မလဲ။”

ရှောင်မင်ယန်းက၊ “ဒုတိယအစ်မ၊ ယွီအာက ငယ်သေးတော့ စိတ်မြန်လက်မြန်ရှိတယ်။ ဒီတော့ အစ်မနဲ့အစ်ကိုတို့ကပဲ သူ့ကို လမ်းမှန်ရောက်အောင် လမ်းညွှန်ပေးရမယ်လေ။”

မေမေရှောင်က အလွန်တည်ငြိမ်နေခဲ့သည်။ “ယွီအာ အိပ်မက်တစ်ခုမက်ခဲ့တယ်။ ကလေးတစ်ယောက်က သူ့ကိုဘာကြောင့်မလိုချင်ရတာလဲဆိုပြီး ခဏခဏလာမေးနေတယ်တဲ့။ ယွီအာသာ သူကို မခေါ်ချင်ရင် တစ်သက်လုံး သူ(မ)ကို လိုက်ခြောက်နေမှာတဲ့။”

“အမ်?” ရှောင်မင်ယန်းတို့ ထပ်ပြီး ကြောင်အသွားရပြန်သည်။ ကျေးလက်နေပြည်သူများသည် အတော်လေး အယူသီးနေကြတုန်းပင်။ ဥပမာအားဖြင့် အကြီးအကဲများက မိခင်၏အိပ်မက်မှတဆင့် ကလေး၏ကျားမကို ခွဲနိုင်သည်ဟုပြောကြသည်။ မဟုတ်ရင်လဲ ကိုယ်ဝန်မရနိုင်တာ ကြာပြီဖြစ်သော တစ်ယောက်ယောက်ကသာ ဘုရားလောင်းအကြောင်း အိပ်မက်ထဲ မြင်မက်မိလျှင် မကြာခင်မှာပဲ ကိုယ်ဝန်ရှိလာနိုင်တာမျိုးပင်။ ဒါတွေအားလုံး အယူသီးမှုများဖြစ်ကြသည်။

ရှောင်မင်ယန်းတို့ဇနီးမောင်နှံသည် ရွာသားစစ်စစ်များဖြစ်ကြတာကြောင့် အယူသီးကြလေသည်။ မေမေရှောင်၏စကားကိုကြားသည်နှင့် အံ့ဩထိတ်လန့်သွားကြတော့သည်။

“ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒုတိယအစ်မရဲ့။” ရှောင်မင်ယန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

မေမေရှောင်ကတော့ အေးအေးလူလူပင် ခေါင်းယမ်းလိုက်သည်။ “ဒါပေမယ့် အမှန်တရားပဲလေ။ ဒီကလေးက ယွီအာနဲ့ ကံစပ်နေတယ်။ ငါတို့သာ ဒီကလေးကို အတင်းဖျက်ချလိုက်မယ်ဆိုရင် အပြစ်ကြွေးတွေဖြစ်လာလိမ့်မယ်။”

ရှောင်မင်ယန်းနှင့်လျိုချွမ်းဟွာတို့ နှုတ်ဆိတ်သွားကြလေသည်။ ထို့နောက် ရှောင်မင်ယန်းက စိုးရိမ်တကြီးဖြင့် မေးလာပြန်သည်။ “ဒါဆို ယွီအာရဲ့အနာဂါတ်ကျတော့ရော။”

“ယွီအာကိုသာ တကယ်ချစ်ရဲ့ အဲ့လူက ဒီကလေးကိုလည်း စိတ်ထဲထားမှာမဟုတ်ဘူး။ သူသာ ဒီကလေးရှိနေတဲ့အပေါ် စိတ်ရှိရင်တော့ သူ ယွီအာကို ဘယ်တော့မှ ချစ်နိုင်မှာမဟုတ်ဘူး။ ယွီအာကို သူ မချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပေးလိုက်ရမယ့်အစား ငါ့အနားမှာပဲ အမြဲခေါ်ထားချင်တယ်။” မေမေရှောင်က ဆက်မပြောခင် ခဏရပ်သွားခဲ့သည်။ “မင်ယန်း၊ ချွမ်းဟွာ၊ မင်းတို့ရဲ့ဒုတိယအစ်ကိုနဲ့ ငါကတော့ ယွီအာရဲ့ဗိုက်ထဲက ကလေးကို မဖျက်ချဖို့ ဆုံးဖြတ်ထားပြီ။ ဒီကိစ္စကြောင့် ယွီအာလက်မထပ်နိုင်ရင်လည်း ငါတို့ယွီအာအနားမှာ တစ်သက်လုံးရှိနေပေးလိုက်မယ်။ ငါတို့အိုမင်းလာရင်လည်း သူ့မှာ သူ့မောင်လေးရှိသေးတယ်လေ။”

ရှောင်မင်ယန်း သက်ပြင်းချမိတော့သည်။ “ဒီလိုဆိုမှတော့ ချွမ်းဟွာနဲ့ကျွန်တော်လည်း ယွီအာနဲ့ ကလေးကို ကူညီကာကွယ်ပေးပါ့မယ်။ ရှောင်ရှောင်းဟွေ့ကြီးလာရင်လည်း သူ့အကြီးဆုံးဝမ်းကွဲအစ်မကို ဂရုစိုက်ပေးမှာပါ။”

မေမေရှောင် ရင်ထဲထိသွားရသည်။ “မင်ယန်း၊ ချွမ်းဟွာ။ မင်းတို့ကို ကျေးဇူးအရမ်းတင်တာပဲ။”

“ဒုတိယအစ်မကလည်း ကျွန်တော်တို့က မိသားစုတွေလေ။ ဘာလို့ အရမ်းယဉ်ကျေးနေတာလဲ။” ရှောင်မင်ယန်းက အလေးအနက်ဆက်ပြောလာသည်။ “ယွီအာက ကျွန်တော့်ရဲ့တူမပါ။ ချွမ်းဟွာနဲ့ကျွန်တော့်မှာ ရှောင်းဟွေ့တစ်ယောက်ပဲ သားဆိုပြီးရှိတာ။ ဒါကြောင့် ယွီအာက ကျွန်တော်တို့အတွက် သမီးတစ်ယောက်လိုပါပဲ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ သူ့ကိုကာကွယ်ပေးတာ သဘာဝပဲလေ။”

လျိုချွမ်းဟွာလည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ဒုတိယအစ်မ။ ကျွန်မတို့က မိသားစုတွေပဲ။ ယွီအာကိုလည်း ကျွန်မတို့ရဲ့သမီးအရင်းတစ်ယောက်လို့ ဂရုစိုက်ပါတယ်။ ဒီတော့ သူ့ကလေးက ကျွန်မတို့မြေးပဲပေါ့။ သူတို့ကို သေချာပေါက် စောင့်ရှောက်ပေးမှာပါ။”

မေမေရှောင် မျက်ရည်များကြားမှ ခေါင်းညိတ်လာခဲ့သည်။

လျိုချွမ်းဟွာက တစ်ခုခုကိုတွေးမိသွားကာ ချက်ချင်းပင် အမူအရာက လေးနက်သွားတော့သည်။ “ယွီအာက ကိုယ်ဝန်ရှိနေပြီဆိုတော့ ပင်ပန်းတာတွေ မလုပ်သင့်တော့ဘူး။ ကျွန်မတို့ တတ်နိုင်သလောက် သူဝန်ပေါ့အောင် များများ ပိုလုပ်ပေးရမယ်။”

“ပြီးတော့ ယွီအာ ကားလည်း ခဏခဏမောင်းမနေသင့်တော့ဘူး။” လျိုချွမ်းဟွာ ထပ်ပြောလိုက်သည်။ “မင်ယန်းက အခုဆို ကားမောင်းနည်းသိနေပြီလေ။ ဒီတော့ ယွီအာသွားချင်တဲ့နေရာရှိရင် သူမောင်းပို့ပေးလို့ရတာပဲ။”

ရှောင်မင်ယန်းကလည်း လက်ခံလေသည်။ “ဟုတ်တယ်။ ယွီအာ ကျွန်တော့်ကို အားကိုးလို့ရနေတာပဲ။ သူကိုယ်တိုင်ကောင်းမောင်းနေပြီး ယွီအာရော ဗိုက်ထဲက ကလေးပါ မတော်တဆ တစ်ခုခုဖြစ်သွားတာမျိုး မဖြစ်စေချင်ဘူး။”

“ဟုတ်တယ်။ နောက်ကျရင် ငါတို့တွေ ယွီအာကို ကားမောင်းတာ နည်းနိုင်သမျှနည်းအောင် ထိန်းကြတာပေါ့။”

ရှောင်လင်းယွီသည် နေ့လည်ပိုင်းတစ်ရေးအိပ်ပြီးနောက် လန်းဆန်းသွားလေသည်။ သူမက အိပ်ရာမှထကာ အကြောဆန့်လိုက်ပြီးနောက် အခန်းက အနည်းငယ်မှောင်နေသည်ကို သတိထားမိလိုက်သည်။

ဒါကြောင့် သူမလည်း အခန်းအပြင်သို့ ချက်ချင်းထွက်လာလိုက်ကာ အချိန်က ညပင်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ သူမ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ အိမ်မှာပင်ဖြစ်ကြောင်းသိလိုက်ရလေသည်။ မေမေရှောင်၊ လျိုချွမ်းဟွာနှင့် ရှောင်မင်ယန်းသည်တော့ ထောင်ယွမ်ရွာသို့ ပြန်သွားကြပြီဖြစ်သည်။

ရှောင်လင်းယွီ အိပ်ချင်မူးတူးဖြစ်နေချိန်တွင် မေမေရှောင်က သူတို့အိမ်အရင်ပြန်ကြည့်မည့်အကြောင်း ပြောနေသံကို ဗလုံးဗထွေးကြားခဲ့ကြောင်း ပြန်မှတ်မိသွားခဲ့သည်။ သူတို့က သူမ အိပ်နေတာကို မနှောက်ယှက်ချင်ကြပေ။ မနက်ဖြန်ကျမှသာ ရိတ်သိမ်းပြီးသည့်အသီးအရွက်များနှင့်အတူ ပြန်လာကြမည်ဖြစ်သည်။ မေမေရှောင်က ရေခဲသေတ္တာထဲတွင် အစားအစာတချို့ ချန်ပေးသွားခဲ့တာကြောင့် ရှောင်လင်းယွီ ဗိုက်ဆာလျှင် မီးဖိုပေါ်တွင် ပြန်နွှေးကာ စားနိုင်ပေသည်။

ရှောင်လင်းယွီ နည်းနည်းတော့ ဆွံ့အမိသွားသည်။ ‘ငါ ပစ်ထားခံလိုက်ရတာလား။ အခုမှတော့ ရွာပြန်ဖို့ကလည်း နောက်ကျနေပြီ။ ဒီမှာပဲနေလိုက်တာ ကောင်းပါတယ်။’

ထို့နောက် သူမဗိုက်ထဲက နည်းနည်းဆာလာတာကြောင့် ရေခဲသေတ္တာထဲမှာ အသီးအရွက်အချို့နှင့် ဟင်းများကို ပြန်အပူပေးလိုက်သည်။

ညစာစားပြီးနောက်မှာတော့ ရှောင်လင်းယွီ ထပ်ပြီး လေးပင်လာပြန်တာကြောင့် သမ်းလိုက်ကာ အိပ်ရာထဲသို့ ပြန်သွားခဲ့ပြီး ခဏလေးအတွင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြန်တော့သည်။

ရှောင်လင်းယွီ သူမဘာသာ တွေးနေမိသည်။ “ငါကိုယ်ဝန်ရှိတာနဲ့ ဘာလို့များ ဒီလောက်တောင် အိပ်ချင်နေရတာလဲ။ အရင်ဘဝတုန်းကတော့ ဒီလိုမျိုးမဖြစ်ခဲ့ဖူးဘူးလားလို့ပါ…”

….

သခင်ကြီးကုန်းတစ်ယောက် ရှောင်ကျန်းယန်၏အိမ်သို့ရောက်လာချိန်တွင် ပြုံးရွှင်နေသည့်မျက်နှာများကို မြင်လိုက်ရတာကြောင့်၊ “ရှောင်မား၊ ဒီနေ့ရော အသီးအရွက်တွေ ရောင်းကုန်သွားပြန်ပြီလား။”

မေမေရှောင်က ခေါင်းညိတ်လာလေသည်။ “ဟုတ်တယ်။” ထို့နောက် သူမက မေးလိုက်သည်။ “အကြီးအကဲကုန်း၊ ဒီည ဘာစားချင်လဲ။ ကျွန်မ ချက်ပေးမယ်လေ။”

“ဒါဆိုလည်း အားနာမနေတော့ဘူးနော်။ ငါ့ကို ဝက်သားနှပ်လေးချက်ပေးပါလား။”

ထိုစကားကိုကြားသည်နှင့် ရှောင်ဝမ်က ချက်ချင်း ဝင်ပြောလာခဲ့သည်။ “သခင်ကြီး။ သခင်ကြီး အသားတွေအများကြီး စားလို့မရပါဘူး။ အထူးသဖြင့် အဆီများတဲ့အသားတွေ။”

သခင်ကြီးကုန်း ချက်ချင်းဆိုသလို မပျော်မရွှင်ဖြစ်သွားကာ၊ “ဘာလို့ အသားစားလို့မရရမှာလဲ။ အခုဆို ငါအရင်ထက် အများကြီးနေလို့ကောင်းနေပြီ။ ငါ့ဘာသာထိန်းစားနိုင်ပါတယ်။”

ရှောင်ဝမ်ကတော့ သခင်ကြီးကုန်း၏ကျန်းမာရေးနှင့်ပတ်သတ်လာချိန်တွင် အလွန်ကိုမှလေးနက်လို့နေသည်။ သူက အလျှော့မပေးသေးဘဲ၊ “သခင်ကြီး ဒေါက်တာဟွမ်ရဲ့စကားကို နားထောင်မှရမယ်လေ။ မနေ့တုန်းက ဒေါက်တာဟွမ်လာတုန်းက သခင်ကြီးရဲ့ ခန္ဓာကိုယ်အခြေအနေက တိုးတက်လာတယ်ဆိုရင်တောင် အသားတွေတော့ အများကြီး မစားသင့်သေးဘူးလို့ ပြောသွားတယ်လေ။”

သခင်ကြီးကုန်း၊ “….”

ငါဒီကောင်ကို ဖြတ်ရိုက်ပစ်ချင်ပြီ!

***

All Chapters