ထောင်ယွမ်ရွာဆီသို့
Vol. 11 Ch. 196
အလွန်ကောင်းမွန်နေသည့် ရောင်းအားကြောင့် ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များဆိုင်’ အကြောင်း လူသိပိုများလာလေသည်။ အရေးအကြီးဆုံးအချက်ကတော့ ထိုဆိုင်တွင်ရောင်းချသည့် ဟင်းသီးဟင်းရွက်များမှာ မှော်ဆန်သည်ဟု လူများသိလာကြခြင်းပင်။
ဟင်းသီးဟင်းရွက်ရောင်းချမှုပမာဏက ကြီးမားတာကြောင့် လူတော်တော်များများသည်လည်း ထောင်ယွမ်ရွာမှ စိမ်းဆို လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို သတိထားမိလာကြတော့သည်။ အစားချေးများသူများနှင့် ခံတွင်းပျက်နေသည့်လူနာများကိုပါ အစားစားချင်စိတ်ဖြစ်လာစေသည်။ ဒါ့အပြင် လူများကို ကောင်းမွန်စွာ အိပ်စက်မှုကိုရရှိစေပြီး နေထိုင်လို့ပိုကောင်းလာစေသည်။
စာမေးပွဲဖြေတော့မည့် ကျောင်းသားများ၏မိဘများက ထိုအကြောင်းကိုသိသွားသည်နှင့် အခြားကျောင်းသားမိဘများထံသို့ပါ ပြန်လည်မျှဝေလေတော့သည်။ ထိုသို့ဖြင့် ဆိုင်တွင် ပေါက်ကွဲလုမတတ် လူအုပ်ကြီးက တိုးကြိတ်နေတော့သည်။
“တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ ၅ရက် ၆ရက်လောက်ပဲလိုတော့တယ်။ ငါတို့ကို အားပေးဖို့လာတဲ့လူတွေကလည်း ပိုများလာတယ်။ အသီးအရွက် ဝယ်လို့မရသွားတဲ့ လူတွေဆို ရူးတော့မလိုပုံစံနဲ့ ဆူညံကုန်ကြရော။ တခါတလေ တိုးတိုးကြိတ်ကြိတ်နဲ့ အနီးကပ်တွန်းတိုက်လုတာတွေတောင်ရှိလာတယ်။ ဒီလိုမျိုးဆက်ဖြစ်နေခွင့်တော့ ပြုထားလို့မဖြစ်ဘူး။” မေမေရှောင်က မျက်မှောင်ကြုတ်လျက်ပြောနေလေသည်။ တခြားကုန်စိမ်းသည်များဆိုလျှင် သူတို့တွင်ရှိနေသည့် ကုန်များ ရောင်းမလောက်မည်ကို စိုးရိမ်နေစရာမလိုသော်လည်း သူမတို့ကတော့ တစ်နေ့တစ်နေ့ ထိုကိစ္စကိုသာ ပူပန်နေရလေသည်။
“တစ်ရက်ကို ကတ်တီ ၁၀၀၀က မလောက်တော့ဘူး။ ကျောင်းသားမိဘတွေဆို ရူးတော့မလိုပဲ။” လျိုချွမ်းဟွာကလည်းပြောလိုက်သည်။
သူတို့ ဆိုင်ဖွင့်သည်က ဆယ်ရက်ကျော်လောက်ရှိပြီဖြစ်တာကြောင့် အခုဆို လူကြိတ်ကြိတ်တိုးနေသည့်မြင်ကွင်းကို နေသားကျသွားပြီဖြစ်သည်။ သူတို့ဆိုင်အတွက် နေ့တိုင်း လူတိုးနေသည်က ပုံမှန်တစ်ခုပင်။
“ယွီအာ၊ ဒေါ်လေးတို့ ဘာလုပ်ကြမလဲ။” လျိုချွမ်းဟွာက ပူပန်မှုအပြည့်ဖြင့် မေးလိုက်သည်။ “သူတို့ တကယ်ကြီးရန်ဖြစ်ကုန်တာမဟုတ်ရင်တောင်မှ ဒေါ်လေးတို့ဆိုင်ရဲ့ဂုဏ်သတင်းအတွက်တော့ မကောင်းဘူး။”
ရှောင်လင်းယွီ မျက်မှောင်ကြုတ်ကာ ခဏမျှတွေးတောနေမိသည်။ “သမီးတို့ မနက်ဖြန်ကစပြီး အကန့်အသတ်နဲ့ဝယ်ယူခိုင်းကြတာပေါ့။” သူမ ၂၁ရက်နေ့တွင် ဆိုင်ဖွင့်ဖို့ရွေးချယ်ခဲ့သည်မှာ စာမေးပွဲနီးနေပြီဖြစ်သောကြောင့် ဖြစ်လေသည်။
“ဝယ်ယူမှုကိုကန့်သတ်မှာလား။” သုံးယောက်လုံး အံ့ဩသွားကြလေသည်။ ထို့နောက် သူတို့က ခေါင်းတညိတ်ညိတ်ဖြစ်သွားကြကာ၊ “အင်း၊ ဒီနည်းကပဲ အခုကိစ္စကို ဖြေရှင်းဖို့ အသင့်တော်ဆုံးပဲ။”
“ဒါပေမယ့် ယွီအာ၊ ဘယ်လိုမျိုးလုပ်မယ်လို့ စီစဉ်ထားလဲ။” ရှောင်မင်ယန်းက မေးလိုက်သည်။ “သမီး အရမ်းကြီး ကန့်သတ်လိုက်ရင် ဦးလေးတို့ဆီမှာ အကျန်တွေ များကုန်လိမ့်မယ်။ နည်းနည်းပဲကန့်သတ်မယ်ဆိုပြန်ရင်လည်း ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။”
ရှောင်လင်းယွီ ပြုံးလိုက်သည်။ “သမီးတို့ အများကြီးကန့်သတ်လိုက်ရင်တောင် အကျန်တွေရှိမှာမဟုတ်ပါဘူး။” ထိုအချက်ကိုပြောပြီးနောက် သူမ၏အမူအရာက အလွန်လေးနက်သွားခဲ့သည်။ “သမီးလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖူးတာပဲ။ စာမေးပွဲဖြေရတော့မယ့် ကျောင်းသားတွေက ပူပန်စိတ်ပြင်းထန်ပြီး စိတ်ဖိအားလည်းအရမ်းများကြတယ်။ ကောင်းကောင်းမအိပ်နိုင်သလို ကောင်းကောင်းလည်း မစားနိုင်ကြဘူး။ ဒါကပဲ စာမေးပွဲမှာ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိလာတယ်။ ဒါကြောင့် သမီးတို့လုပ်နိုင်တာက ဒီခက်ခဲတဲ့အချိန်ကာလကို သူတို့ ဖြတ်ကျော်နိုင်အောင် ကူညီပေးဖို့ပဲ။
ဒါပေမယ့် သမီးတို့က တစ်နေ့ရောင်းနိုင်မယ့်ကုန်ပစ္စည်းပမာဏက အကန့်အသတ်ရှိတယ်။ မိဘတိုင်းကလည်း သူတို့ကလေးတွေအတွက် အကောင်းဆိုတာကို လိုချင်ကြတာပဲ။ တော်သေးတာက သမီးတို့ရဲ့အသီးအရွက်တွေက ပမာဏနည်းနည်းလေးပဲစားမယ်ဆိုရင်တော့ အံ့ဩစရာကောင်းတဲ့သက်ရောက်မှုက ပျောက်မသွားတာပဲ။”
မေမေရှောင် ခေါင်းညိတ်လိုက်သည်။ “ဒါဆို အမေတို့ တစ်နေ့ကို ကာစတန်မာတစ်ယောက်အတွက် ဘယ်လောက်ပမာဏ သတ်မှတ်ကြမလဲ။”
“လေးကတ်တီ။” ရှောင်လင်းယွီ ခဏတွေးပြီးနောက် ပြောလာခဲ့သည်။ “ဘယ်အသီးအရွက်ပဲဖြစ်ဖြစ် ၄ကတ်တီပဲဝယ်လို့ရမယ်။ သမီးတို့ လုံးဝအပိုထပ်မရောင်းပေးဘူး။”
“ဟုတ်ပြီ။ ဒါဆို မနက်ဖြန်ကစပြီး စမ်းကြည့်ကြတာပေါ့။” မေမေရှောင်တို့သုံးယောက်လည်း ချက်ချင်းပင် သဘောတူလိုက်ကြတော့သည်။
သူတို့ဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်ရသေးခင်မှာပဲ တစ်စုံတစ်ယောက်ကတော့ ဟင်းသီးဟင်းရွက်များဝယ်ရန်အတွက် ထောင်ယွမ်ရွာသို့ တိုက်ရိုက်ပင် ကားမောင်းကာ ရောက်လာခဲ့လေသည်။
“ငါ ဝယ်နိုင်သလောက် အသီးအရွက်တွေအများကြီး ကြိုဖြည့်ထားရမယ်။ မဟုတ်ရင် ငါဆိုင်အထိသွားနေရင် အရမ်းနောက်ကျသွားလိမ့်မယ်။” ဖက်ရှင်ကျကျဝတ်ဆင်ထားသည့်မိခင်တစ်ယောက်က ပြောနေခြင်းပင်။ “ယွဲ့အာရဲ့စာမေးပွဲကနီးနေပြီ။ သူ့စိတ်ဝိညာဉ်ကိုအားဖြည့်ပေးမယ့် အစားအသောက်တွေ နေ့တိုင်းချက်ပြုတ်ပေးရမယ်။ ဒီလိုဆို သူစာမေးပွဲကျရင် အကောင်းဆုံးလုပ်နိုင်မှာပဲ။”
မြောင်ဖန်းဖန်းတစ်ယောက် ထောင်ယွမ်ရွာသို့သွားသည့်လမ်းမှာ ကြမ်းတမ်းလိမ့်မည်ဟု တွေးထားသော်လည်း ချောမွေ့နေသည့်လမ်းကြောင့် အံ့အားသင့်သွားလေသည်။ ‘ထောင်ယွမ်ရွာက တော်တော်ချမ်းသာတာပဲ။’ သူမ တွေးလိုက်သည်။ ‘မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့လမ်းမျိုးရှိမှာလဲ။’
မြောင်ဖန်းဖန်းသည် ယာဉ်မောင်းမကျွမ်းကျင်တာကြောင့် ရှင်းယင်ခဏမျှ နေ့လည်လောက်ကတည်းက ထွက်လာခဲ့သော်လည်း ထောင်ယွမ်ရွာသို့ ၂နာရီမှ ရောက်လာလေသည်။ သူမ ရွာဝင်ပေါက်သို့ရောက်ချိန်တွင် နွားကျောင်းနေသည့် ယောက်ျားတစ်ယောက်ကိုတားကာ မေးလိုက်သည်။ “နိဟောင်၊ ဘော့စ်ရှောင်ရဲ့အိမ်ကိုဘယ်လိုသွားရလဲ ပြောပြပေးလို့ရမလား။”
ရှောင်ရှောင်းဟွေ့သည် စာကျက်နေရတာကြောင့် နွားကျောင်းရသည့်အလုပ်က ရှောင်ကျန်းယန်၏ပခုံးပေါ်သို့ ကျလာတော့သည်။ သူက တာ့ကွမ်းနှင့်ရှောင်ကွမ်းတို့ကို အိမ်သို့ ပြန်ခေါ်လာချိန် ကားတစ်စီးက သူ့အနားတွင် ရပ်လာခဲ့သည်။ ထို့နောက် အမျိုးသမီးတစ်ယောက် ဆင်းလာကာ ဘော့စ်ရှောင်၏အိမ်ကို မေးလာလေသည်။ ရှောင်ကျန်းယန်သည် ထိုအမျိုးသမီး၏ဝတ်ပုံစားပုံကို သတိထားမိခဲ့ကာ သေချာပေါက် တခြားရွာကဖြစ်လောက်မည်မှန်း သေချာနေလေသည်။ ထို့နောက် သူက ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။ “ဘယ်ဘော့စ်ရှောင်ကိုပြောတာလဲ။ ဒီရွာကလူတိုင်းက ရှောင်မျိုးရိုးတွေချည်းပါပဲ။”
“အသီးအနှံနဲ့ဟင်းသီးဟင်းရွက်ဆိုင်ပိုင်ရှင် ဘော့စ်ရှောင်ပါ။ အသက် ၂၀ကျော်လောက်ရှိတဲ့မိန်းကလေးလေ။” မြောင်ဖန်းဖန်းက ပြောလိုက်သည်။
ထောင်ယွမ်ရွာတွင် ခရိုင်မြို့ပေါ်၌ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ထားသည့် မိသားစုတစ်စုတည်းသာရှိကာ သူ့ယွီအာဖြစ်လေသည်။
ရှောင်ကျန်းယန်လည်း ခေါင်းညိတ်ကာ ပြန်မေးလိုက်သည်။ “ကျွန်တော်က ဘော့စ်ရှောင်ရဲ့ အဖေပါ။ ဘာများလိုအပ်လို့လဲ။”
မြောင်ဖန်းဖန်း၏မျက်လုံးများ အရောင်လဲ့သွားတော့သည်။ သူမကံက ဒီလောက်ကောင်းမယ်ဟု မထင်ထားမိပေ။ ဘော့စ်ရှောင်၏မိသားစုကို တန်းပင်တွေ့သွားလေသည်။ “နိဟောင်၊ ကျွန်မက ခရိုင်မြို့ပေါ်ကပါ။ မြောင်ဖန်းဖန်းလို့ခေါ်ပါတယ်။”
“ဟုတ်ကဲ့ မစ္စမြောင်။ မင်္ဂလာပါ။” ရှောင်ကျန်းယန် ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်လိုက်သည်။
မြောင်ဖန်းဖန်းက၊ “ကိစ္စက ဒီလိုပါ။ မစ္စတာရှောင်။ တကယ်တော့ ကျွန်မ ဒီကို ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ လာတာပါ။”
“အသီးအရွက်တွေဝယ်ဖို့လား?” ရှောင်ကျန်းယန် စိတ်ရှုပ်ထွေးသွားတော့သည်။ “ခင်ဗျားက ခရိုင်မြို့ပေါ်ကဆို? ဘာလို့ မြို့ပေါ်မှာ အသီးအရွက်မဝယ်ဘဲ ဒီအထိလာပြီး ဝယ်တာလဲ။”
မြောင်ဖန်းဖန်း ရှက်ရွံ့စွာပြုံးလိုက်ကာ၊ “တကယ်တော့ ခရိုင်မြို့ပေါ်မှာဆို ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေက အရမ်းမြန်မြန်ကုန်သွားတတ်တယ်လေ။ ကျွန်မမှာ လှမ်းဆွဲဖို့အချိန်တောင် မရဘူး။ ဒါကြောင့် ရွာကိုပဲတိုက်ရိုက်လာလိုက်တယ်။ ဒီလိုဆို ပိုပြီးများများလေးလည်း ဝယ်သွားနိုင်မယ်လေ။”
ရှောင်ကျန်းယန် ခေါင်းညိတ်လိုက်လေသည်။ “အော် အဲ့လိုကိုး။ မစ္စရှောင်၊ ကျွန်တော်နောက်ကို ကားနဲ့လိုက်ခဲ့ပါလား။ မဟုတ်ရင်လည်း ကျွန်တော် နွားပြန်သွင်းနေတုန်း ခဏလောက်စောင့်နေပေးလေ။ ပြီးမှ စိုက်ခင်းဆီ ခေါ်သွားပေးပါမယ်။”
မြောင်ဖန်းဖန်းလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ကာ၊ “ကျွန်မ ဒီမှာပဲ စောင့်နေလိုက်ပါတော့မယ်။”
“ကောင်းပါပြီ၊ ကျွန်တော် ခဏနေ ပြန်လာခဲ့ပါမယ်။” ရှောင်ကျန်းယန်လည်း နွားနှစ်ကောင်ကို မောင်းကာ ထွက်သွားသည်။ နွားနှစ်ယောက်သည်လည်း အလွန်နာခံမှုရှိကာ ရှောင်ကျန်းယန်၏အမိန့်ကို နားလည်နေသလိုပင်။
ရှောင်ကျန်းယန်ထွက်သွားပြီးနောက် ရွာသားတစ်ယောက်က ဖြတ်သွားရာ ကားတစ်စီးနှင့် အနီရောင်ဝတ်စုံဖြင့်အမျိုးသမီးတစ်ယောက်ရှိနေသည်ကို သတိထားမိသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။ “ဒီမှာ ဘာကိစ္စများရှိလို့လဲ။”
မြောင်ဖန်းဖန်းက ပြန်ဖြေလေသည်။ “ကျွန်မ ဒီမှာ ဟင်းသီးဟင်းရွက်လာဝယ်တာပါ။”
ရှောင်ချန်းချိုက် ပိုလို့ပင် စူးစမ်းချင်သွားတော့သည်။ “အသီးအရွက်ဝယ်ဖို့လာတယ်? ခင်ဗျားက ဘယ်ကမို့လို့လဲ။”
ရွာထဲကလူတိုင်း တစ်ယောက်နှင့်တစ်ယောက် သိနေလောက်သည်ဟု မြောင်ဖန်းဖန်း တွေးမိတာကြောင့် ပြန်ဖြေလိုက်လေသည်။ “ခရိုင်မြို့ပေါ်မှာဆို ဘော့စ်ရှောင်ရဲ့ဟင်းသီးဟင်းရွက်တွေက အရမ်းရောင်းကောင်းတယ်လေ။ ကျွန်မ ရအောင်မဝယ်နိုင်လို့ အဓိကပင်ရင်းကိုလာပြီး တိုက်ရိုက်ဝယ်တာ။”
ရှောင်ချန်းချိုက် ထိတ်လန့်သွားလေသည်။ “မင်းပြောတာ ရှောင်လင်းယွီက ခရိုင်မြို့ပေါ်မှာ သူ့အသီးအရွက်တွေအားလုံး ရောင်းကုန်သွားတယ်လို့လား။” ရှောင်လင်းယွီ၏မိသားစုသည် နေ့စဉ် ကတ်တီ ၁၀၀၀ ရိတ်သိမ်းတာတောင် မလောက်သေးဘူးပေါ့။ လူတွေက ဝယ်ချင်လွန်းလို့ ရွာကိုတောင် တိုက်ရိုက်လာကြတယ်ပေါ့။
မြောင်ဖန်းဖန်းက ရှင်းပြလာခဲ့သည်။ “ဟုတ်တယ်။ ဘော့စ်ရှောင် ဆိုင်ဖွင့်တိုင်း အမြဲတမ်း လူအုပ်ကြီးက အပြည့်ပဲ။ တကယ်တော့ တခါတလေ အတင်းလုဝယ်တာတွေတောင် ရှိတတ်သေးတယ်။”
ထိုအကြောင်းကို ရှောင်ချန်းချိုက် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သူ ရှောင်လင်းယွီကို လေးစားမိသွားတော့သည်။ ကောင်မလေးသည် ငယ်ငယ်လေးရှိသေးကာ အဆင့်တွေလည်းကောင်းပြီး ဉာဏ်ထက်လှသည်။ ဒါကြောင့်ပဲ နာမည်ကြီးတက္ကသိုလ်တစ်ခု၏ကျောင်းသူ ဖြစ်လာခြင်းပင်။
သူမပြန်ရောက်လာတော့ ရွာသားများမှာ အနည်းငယ်နှမြောဖို့ကောင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း သူမကတော့ ဟင်းသီးဟင်းရွက်ရောင်းတာတောင် ဒီလိုအောင်မြင်မှုရအောင် လုပ်ဆောင်နိုင်တာကြောင့် ရှောင်ချန်းချိုက် အံ့အားသင့်မိတော့သည်။ ထိပ်တန်းကျောင်းသူဆိုတဲ့အတိုင်း တူတာတော့ မတူဘူးပဲ။ တခြားသူတွေ မယှဉ်နိုင်တာမျိုးတွေ လုပ်နိုင်တယ်။
ရှောင်ချန်းချိုက်က ကူညီရန်ပြင်လိုက်သည်။ “ဒါဆို မင်းကို သူ့အိမ်လိုက်ပို့ပေးရမလား။”
မြောင်ဖန်းဖန်းက ခေါင်းယမ်းလိုက်ကာ၊ “ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစောကပဲ ဘော့စ်ရှောင်ရဲ့အဖေနဲ့တွေ့ပြီးပါပြီ။ သူက ဒီမှာ ခဏစောင့်ခိုင်းထားတာ။ သူ နွားသွင်းပြီးရင် ပြန်လာပါလိမ့်မယ်။”
“ဟုတ်ပြီလေ။” ရှောင်ချန်းချိုက်လည်း ခေါင်းညိတ်ကာ ထွက်သွားတော့သည်။
မကြာလိုက်ပါဘဲ ရှောင်ကျန်းယန် ပြန်ရောက်လာလေသည်။ သူ့လက်ထဲတွင်တော့ အသီးအရွက်ထည့်သည့်ခြင်းရှိနေလေသည်။ သူက မြောင်ဖန်းဖန်းနားသို့လျှောက်လာကာ ပြောလိုက်သည်။ “မစ္စမြောင်၊ ကားကို ဒီမှာထားခဲ့လိုက်လေ။ လယ်ကွင်းတွေဘက်က ကားဝင်ဖို့ လမ်းအရမ်းကျဉ်းတယ်။”
“ကောင်းပါပြီ။” မြောင်ဖန်းဖန်း ခေါင်းညိတ်လိုက်သည်။
“ကားကို သေချာလော့ခ်ချခဲ့ဦးနော်။” ရှောင်ကျန်းယန် ထပ်ပြီး သတိပေးလိုက်ပြန်သည်။ ရွာတွင် ရှောင်မင်ယန်းနှင့်ရှောင်လင်းယွီသာ ကားဘယ်လိုမောင်းရမလဲဆိုတာ သိသော်လည်း နောက်မှအားနာရခြင်းထက် အခုကတည်းက လုံခြုံအောင် တခါတည်း သတိပေးလိုက်တာက ပိုကောင်းလေသည်။
မြောင်ဖန်းဖန်းလည်း ကားကိုလော့ခ်ချပြီးနောက် ရှောင်မင်ယန်းနောက်မှလိုက်ကာ စိုက်ခင်းများဆီသို့ ထွက်ခဲ့လေသည်။ သို့သော်လည်း လမ်းတစ်လျှောက်တွင် ရွာသားများထံမှ စူးစမ်းသည့်အကြည့်များစွာကို လက်ခံလိုက်ရသည်။ လူများက ဝတ်ကောင်းစားလှဝတ်ထားသည့် အမျိုးသမီးတစ်ယောက်က ရှောင်ကျန်းယန်နှင့်အတူ လျှောက်လာတာကြောင့် သင်္ကာမကင်းဖြစ်နေကြခြင်းပင်။ ပြောရလျှင် အခုလောလောဆယ် ချန်ချိုးယင်းက ရှိမနေပေ။ ရှောင်ကျန်းယန် သူ့ဇနီးအပေါ် ဖောက်ပြန်နေတာများလား?
ထိုထူးဆန်းသည့်အကြည့်များကို ခံစားမိသည့် ရှောင်ကျန်းယန်က ဖြေရှင်းရန်အတွက် ဘေးကဖြတ်သွားသည့် ရွာသားတစ်ယောက်ကို အသုံးချလိုက်လေသည်။ “ဒါ ခရိုင်မြို့ပေါ်ကလာတဲ့ ယွီအာရဲ့ဖောက်သည်လေ။ ဟင်းသီးဟင်းရွက်တွေ လာဝယ်တာ။”
“ဖောက်သည်လား။” ရွာသားက ခေါင်းညိတ်လိုက်သည်။ “ခရိုင်မြို့ပေါ်ကနေတောင် ဟင်းသီးဟင်းရွက်ဝယ်ဖို့ ဒီအထိလာတယ်ပေါ့။ အံ့ဩစရာပဲ။” သို့ပေမယ့် အမှန်တရားဖြစ်လေသည်။
မြောင်ဖန်းဖန်း လယ်ကွင်းဆီသို့ရောက်ချိန်တွင် အံ့အားသင့်သွားလေသည်။ လယ်ကွင်းအစား ဖန်လုံအိမ်စိုက်ခင်းနဲ့ပိုတူပေသည်။ အရသာက တခြားဟာတွေနဲ့ကွာခြားနေတာ မထူးဆန်းတော့ပါဘူး။
ရှောင်ကျန်းယန်က မြို့ပေါ်က အမျိုးသမီးတစ်ယောက်ကို ခေါ်လာကြောင်း ရွာသားတချို့ကြားသွားသည်နှင့် စပ်စုဖို့ ရောက်လာကြလေသည်။
သူတို့ ဟင်းသီးဟင်းရွက်များစိုက်သည့်တဲသို့ရောက်ချိန် ရှောင်ကျန်းယန်က မေးလာခဲ့သည်။ “မစ္စမြောင်၊ ဒီအသီးအရွက်တွေတော့ရှိတယ်။ မင်း ဘယ်ဟာကို အချိန်ဘယ်လောက်လိုချင်လဲ။”
မြောင်ဖန်းဖန်းက၊ “ကျွန်မ လိုချင်တာက ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီး…”
သူမက ရှောင်ကျန်းယန်ကို လိုချင်သည့် အမျိုးအစားနှင့် အရေအတွက်ကို ပြောလိုက်လေသည်။
“ကြက်သွန်မြိတ် ၁၀ကတ်တီ၊ ခရမ်းချဉ်သီး ၂၀ကတ်တီ၊….” ရှောင်ကျန်းယန်လည်း တစ်ခုပြီးတစ်ခု တွက်ကြည့်လိုက်သည်။ “ကတ်တီ ၃၀၀တောင် ကျော်သွားပြီပဲ။”
“အဲ့လောက်အများကြီလား?” ရှောင်ကျန်းယန်လည်း၊ “မစ္စရှောင်၊ ဒီလောက်အများကြီးကို ကိုယ်တိုင်အတွက်ဝယ်တာလား ဒါမှမဟုတ် ပြန်ရောင်းဖို့ဝယ်တာများလား။”
မြောင်ဖန်းဖန်း စိတ်ရှုပ်ထွေးသွားကာ၊ “ကျွန်မအတွက် ကျွန်မ ဝယ်တာပါ။ ဘာများဖြစ်လို့လဲ။”
ရှောင်ကျန်းယန်က သူမကို ရှင်းပြလိုက်သည်။ “ကျွန်တော်တို့မိသားစုက ခရိုင်မြို့ပေါ်ကို နေ့စဉ် ကတ်တီ၁၀၀၀ သယ်သွားပါတယ်။ ဒါပေမယ့် မင်းက တစ်ခါတည်းနဲ့ ကတ်တီ ၃၀၀ကျော်ဝယ်လိုက်တယ်လေ။ ဒီလိုဆို မနက်ဖန်ကျရင် ကျွန်တော်တို့ ကတ်တီ ၁၀၀၀ ပြည့်အောင် ခူးလို့မရတော့မှာစိုးလို့ပါ။ မစ္စမြောင်သာ ကိုယ်တိုင်အတွက်ဝယ်တာဆိုရင်တော့ ကျွန်တော် ရောင်းပေးနိုင်ပေမယ့် ပြန်ရောင်းပြီးစီးပွားရေးလုပ်ဖို့ဆိုရင်ောတ့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့က တခြားကုန်စိမ်းသည်တွေကို တဆင့်မရောင်းပါဘူး။”
သူတို့မှာတောင် ရောင်းဖို့မလောက်ရတဲ့ကြားထဲ ဘာလို့ တခြားလူတွေကို တဆင့်ရောင်းပေးရမှာလဲ။
မြောင်ဖန်းဖန်းလည်း ချက်ချင်းပင် နားလည်သွားကာ ရယ်ရမလို ငိုရမလိုဖြစ်သွားလေသည်။ “မစ္စတာရှောင်၊ ကျွန်မ ဒါတွေကို တကယ်ပဲ ကျွန်မမိသားစုအတွက် ဝယ်တာပါ။ ကျွန်မမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့မယ့် သားတစ်ယောက်ရှိတယ်လေ။ သူ့အတွက် နေ့တိုင်းချက်ပြုတ်ပေးဖို့လိုတယ်။ ဒါကြောင့် အသီးအရွက်တွေကို ကြိုဖြည့်ထားချင်တာပါ။”
ရှောင်ကျန်းယန် အနည်းငယ်နားမလည်ဖြစ်သွားမိသည်။ “ဒါဆိုလည်း မင်း လင်းယွီရဲ့ဆိုင်မှာ သွားဝယ်နိုင်တာပဲမဟုတ်ဘူးလား။ ဘာလို့ ကြိုပြီးသိမ်းထားမှာလဲ။” အသီးအရွက်များကို အကြာကြီးသိမ်းထားလျှင် လတ်ဆတ်တော့မည်မဟုတ်ပေ။
မြောင်ဖန်းဖန်းက ရယ်လိုက်ကာ၊ “မစ္စတာရှောင်၊ ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေက ဘယ်လောက်တောင် ရဖို့ခက်ခဲလဲဆိုတာ ရှင် မသိဘူးထင်တယ်။ စင်ပေါ်တင်လိုက်သမျှ အလကားပေးနေသလိုကို ချက်ချင်းပျောက်သွားတာ။ တော်တော်များများဆို လုတောင်လုနေကြသေးတယ်။ ကျွန်မလည်း အကြိမ်နည်းနည်းလောက် တိုးဝယ်ကြည့်သေးပေမယ့် အမြဲတမ်း နည်းနည်းလေးပဲရခဲ့တယ်။ ဒါကြောင့်ပဲ ထောင်ယွမ်ရွာမှာ တိုက်ရိုက်လာဝဘ်ဖို့ တွေးလိုက်မိတာပဲ။”
တခြားရွာသားများမှာ ရှောင်လင်းယွီက တကယ်ကို ဟင်းဟင်းဟင်းရွက်အရောင်းဆိုင်ဖွင့်ထားကာ သူမ၏စီးပွားရေးက အထူးကောင်းမွန်နေကြောင်းကြားရပြီး အံ့ဩထိတ်လန့်သွားကြလေသည်။ ယုံတောင် မယုံနိုင်ပေ။
သို့ပေမယ့် ထိုအမျိုးသမီးဆက်ပြောလိုက်သည့်စကားက သူတို့ကို ပိုလို့တောင် မယုံနိုင်လောက်အောင် အံ့ဩသွားစေတော့သည်။
“ပြီးတော့ ရှင်တို့ရဲ့ဟင်းသီးဟင်းရွက်တွေက ပုံမှန်ဈေးထဲကဟာထက် ဆယ်ဆလောက် ပိုဈေးကြီးတဲ့အချက်လည်းရှိသေးတယ်။”
“အာ?” ရွာသားများက ထိတ်လန့်ကာ မျက်လုံးပြူးကုန်တော့သည်။ တစ်ယောက်က တွက်ချက်ကြည့်လိုက်လေသည်။ “ငါတို့ ဂေါ်ဖီတစ်ကတ်တီကို ၃စင့်နဲ့ရောင်းတယ်။ ဆယ်ဆပိုဈေးကြီးတယ်ဆိုတော့ တစ်ကတ်တီကို ၃ယွမ်လား။ ဒါဆို လင်းယွီ အခု အရမ်းချမ်းသာနေပြီပေါ့။”
မြောင်ဖန်းဖန်းပြုံးလိုက်လေသည်။ တကယ်တော့ ထိုဆိုင်တွင် ၃ယွမ်ဆိုသည်က ဈေးအသက်သာဆုံးပစ္စည်းဖြစ်သည်။ မြောင်ဖန်းဖန်းက ဉာဏ်ကောင်းပေသည်။ ရွာသားများ၏တုံ့ပြန်ပုံအရ သူတို့တွေ ဘော့စ်ရှောင်၏ဆိုင်က အသီးအရွက်များ၏ဈေးနှုန်းကို မသိထားကြောင်း သူမ သိလိုက်သည်။ ဒါကြောင့် ဘော့စ်ရှောင်ကို မစော်ကားမိစေရန် သူမ စကားပြောနေတာကို ရပ်လိုက်သင့်ပြီဟု ဆုံးဖြတ်လိုက်လေသည်။
ရှောင်ကျန်းယန်သည်လည်း ဆိုင်မှာရောင်းသည့်ဈေးကို သိထားပြီးသားဖြစ်လေသည်။
သူက ဘာမှမပြောခဲ့ဘဲ… ဟင်းသီးဟင်းရွက်များသယ်ဖို့ တစ်ယောက်ယောက်ကိုပြောလိုက်ကာ ပစ္စည်းများကို အလေးချိန်ပေးလေသည်။
***