← Chapters

အကန့်အသတ်နှင့်ရောင်းချခြင်း

Vol. 11 Ch. 197

အကန့်အသတ်နှင့်ရောင်းချခြင်း

Vol. 11 Ch. 197

ထိုသတင်းက တစ်ရွာလုံးကိုပျံ့နှံ့သွားလေသည်။ ရွာသားများမှာ လယ်လုပ်ရင်း အော်ကျယ်အော်ကျယ်ပြောနေကြခြင်းကြောင့်ပင်။

တစ်ယောက်တစ်ပြန်အော်ဟစ်ပြောဆိုနေခြင်းကြောင့် ရှောင်လင်းယွီ၏သီးနှံများကိုဝယ်ရန် ခရိုင်မြို့ပေါ်က တစ်ယောက်ယောက်လာခဲ့ကြောင်းကို တစ်ရွာလုံးသိသွားတော့သည်။ ဒါ့အပြင် ထိုလူက တစ်ခါတည်းနှင့် ကတ်တီ ၃၀၀ကျော်ဝယ်သွားကာ ရှောင်ကျန်းယန်က ရောင်းတောင် မရောင်းပေးချင်ခဲ့ဟုပင်။

ဒီသတင်းကြီးက တစ်ရွာလုံးကို ဆူပွက်သွားစေတော့သည်။

“ရှောင်လင်းယွီက တကယ်ကြီး ခရိုင်မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်တွေ ရောင်းနေတာပေါ့။ သူတို့က မနက်တိုင်း ကတ်တီ ၁၀၀၀ ရှိတဲ့ အသီးအရွက်တွေကို ထရက်ကားကြီးနဲ့သယ်သွားတာလေ။ ဒါတောင် အကုန်လုံးရောင်းကုန်တယ်ပေါ့။” ဤသည်မှာ သူတို့ရွာသားအများစု မမှန်းဆနိုင်သည့်ပမာဏဖြစ်သည်။

“အဲ့လိုပဲထင်တယ်။” တစ်ယောက်က မရေမရာဖြင့်ပြောလာလေသည်။ “ချန်ချိုးယင်းက အခုတလော အိမ်အစောကြီးပြန်လာတယ်လေ။ ရောင်းဖို့ပစ္စည်းတွေသာ မကုန်ရင် ဘယ်လိုလုပ် ဒီလိုအစောကြီးပြန်လာပါ့မလဲ။”

“အဲ့သတင်းသာအမှန်ဆို သူတို့ တော်တော်ချမ်းသာနေလောက်ပြီ။ ဈေးအပေါဆုံး ဂေါ်ဖီထုပ်ကတောင် တစ်ကတ်တီ ရောင်းဈေး ယွမ်၃စင့်လေ။ သူတို့ နေ့တိုင်း ကတ်တီ ၁၀၀၀ရောင်းရင် နေ့တိုင်း အနည်းဆုံး ယွမ်၃၀၀တော့ ရနေပြီ”

“ချွမ်းယန်၊ နင်တွက်တာမှားနေပြီ။ အဲ့မြို့ပေါ်က အမျိုးသမီးပြောတာမကြားဖူးလား။ ချန်ချိုးယင်းရဲ့ဂေါ်ဖီထုပ်က မြို့ပေါ်မှာဆို အများကြီး ပိုဈေးကြီးတယ်တဲ့လေ။ အနည်းဆုံး ၁၀ဆ ပိုဈေးကြီးတာတဲ့။ ဒီလိုဆို တစ်နေ့ကို ယွမ်၂၀၀၀လောက်ရမှာ။”

“ယွမ်၂၀၀၀?” ရွာသားများ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ “ငါတို့တစ်နှစ်လုံးတောင် အဲ့လောက်မရဘူးလေ။ ချန်ချိုးယင်းတို့မိသားစုကတော့ တစ်နေ့တည်းနဲ့ရတယ်တဲ့လား။”

“ဒါက ပညာတတ်ခြင်းရဲ့စွမ်းအားပဲပေါ့။ သူဘာပဲလုပ်လုပ် ငါတို့လို ကျေးတောသားတွေထက် သာနေမှာပဲ။ သူစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ တခြားဟာတွေနဲ့ မတူဘူးလေ။”

“ဟုတ်တယ်။ ငါတို့တွေ ရှောင်လင်းယွီ မြို့ပေါ်ကာ လစာမြင့်မြင့်အလုပ်ကိုပစ်ပြီး အိမ်ပြန်လယ်စိုက်လို့ ရယ်ခဲ့ကြတာလေ။ အခုတော့ ငါတို့ ရယ်ခဲ့တဲ့လူတွေကပဲ ဟာသကြီးတွေဖြစ်လို့။ သူက ဟင်းသီးဟင်းရွက်ရောင်းရုံနဲ့ တစ်နေ့ကို ယွမ်၂၀၀၀လောက် ရနေတယ်။ တစ်လကို ယွမ်သောင်းချီ၊ တစ်နှစ်ကိုဆို ယွမ်သိန်းချီပြီးကိုရမှာ။”

သို့ပေမယ့် ထိုလူများသည် ရှောင်လင်းယွီ၏နေ့စဉ်ဝင်ငွေမှာ ယွမ်၂၀၀၀မဟုတ်ဘဲ ယွမ်၇၀၀၀လောက်ဖြစ်သည်ကို မသိခဲ့ကြပေ။ ဒါနဲ့တင်ကို လူတွေအား ပြောစရာစကားတစ်ခုရသွားကာ တချို့ဆိုလျှင် မနာလိုပင်ဖြစ်ကုန်ကြလေသည်။

….

“ဟမ်? ဟင်းသီးဟင်းရွက်ဝယ်ဖို့ မြို့ပေါ်ကနေလာတဲ့လူရှိတယ်ပေါ့?” ချန်ချိုးယင်းနှင့်တခြားသူများ ထိုစကားကိုကြားပြီး အနည်းငယ်အံ့အားသင့်သွားလေသည်။ တစ်ယောက်ယောက်က ထိုသို့လုပ်လာလိမ့်မည်ဟု မတွေးခဲ့မိပေ။

“ဟုတ်တယ်။ ကတ်တီ ၃၀၀ ကျော်ဝယ်သွားတာ။ အခုတင်ပဲ ထွက်သွားတာလေ။” ရှောင်ကျန်းယန်က ပြောလိုက်သည်။

“ဒါကြောင့် ရွာအဝင်တုန်းက ကားနီလေးတစ်စီးတွေ့လိုက်တာကိုး။” ရှောင်မင်ယန်းက ပြောလာခြင်းပင်။

“ဟုတ်တယ်၊ သူက ကားအနီလေးမောင်းတာ။”

မေမေရှောင်က မျက်မှောင်ကြုတ်လိုက်ကာ၊ “ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ယွီအာက အစောကပဲ ကာစတန်မာတွေကို ဝယ်ယူမှုကန့်သတ်ဖို့ ဆုံးဖြတ်လိုက်တာ။ ကျွန်မတို့မှာ ကတ်တီ ၁၀၀၀တောင် မလောက်ပါဘူးဆို ရှင်က ၃၀၀ ကတ်တီတောင်ရောင်းလိုက်တယ်ပေါ့။”

“အာ?” ရှောင်ကျန်းယန် မှင်သက်သွားသည်။ “ဝယ်ယူမှုကိုကန့်သတ်တာလား။”

“ဟုတ်တယ်၊ ဒုတိယအစ်ကို။ အဲ့ဒီကာစတန်မာတွေ ဘယ်လောက်တောင် ရူးသွပ်နေကြလဲ အစ်ကိုမသိလို့။ သူတို့က လုပြီးကိုဝယ်ကြတာ။ တချို့က အများကြီးဝယ်သွားရင် ကျန်တဲ့လူတွေက ဘာမှမရသွားကြတော့ဘူး။ ဒါကြောင့်ပဲ ရန်တွေတောင်ဖြစ်ကြသေးတယ်။ ဆိုင်ကို မကောင်းတဲ့အမြင်မျိုးမရှိစေဖို့ ယွီအာက အကန့်အသတ်နဲ့ဝယ်ယူခြင်းစနစ်ကို ချပြဖို့ ဆုံးဖြတ်လိုက်တာ။ ဒီလိုဆို လူတိုင်း ပမာဏအတူတူပဲရတော့မယ်။”

ရှောင်ကျန်းယန်၊ “….” ဒါမျိုးက အလကားပေးတဲ့ပစ္စည်းတွေအတွက်မှ လုပ်ကြတာမဟုတ်ဘူးလား။ သူတို့က အသီးအရွက်တွေကို ဈေးအမြင့်ကြီးနဲ့ရောင်းနေတာတောင် ဒီလောက် လူကြိုက်များနေတုန်းပေါ့။

ရှောင်ကျန်းယန် ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်၊ ယွီအာရဲ့အကြံက မဆိုးဘူးပဲ။”

“ဒါပေမယ့် ယွီအာက ကတ်တီ ၁၀၀၀ အတွက် တွက်ချက်ထားတာလေ။ အခုတော့ မနက်ဖြန်ကျရင် ကျွန်မတို့မှာ ပစ္စည်းနည်းသွားပြီ။” မေမေရှောင်က ပြောလိုက်သည်။ “ပြီးတော့ ကျွန်မတို့ရဲ့ကာစတန်မာအများစုက တက္ကသိုလ်ဝင်ခွင့်ဖြေတော့မယ့်ကျောင်းသားတွေရဲ့ မိဘတွေလေ။”

ရှောင်ကျန်းယန် “…..”

‘ကြည့်ရတာ ငါတော့ အမှားလုပ်မိပြီထင်တယ်။’

ရှောင်မင်ယန်းက၊ “ဒုတိယအစ်မက၊ ကျွန်တော်တို့က စီးပွားရေးလုပ်နေတာလေ။ ကိုယ့်ကာစတန်မာကို ရွေးချယ်လို့မရဘူး။ ပြီးတော့ ဒီအမျိုးသမီးက အဝေးကြီးအထိတောင် လာခဲ့တာလေ။ သူ့ကို ကတ်တီနည်းနည်းလောက်ပေးပြီး ပြန်လွှတ်လိုက်လို့မှမရတာ၊ မဟုတ်ဘူးလား။”

မေမေရှောင်က ခေါင်းယမ်းလိုက်သည်။ “ငါက အဲ့လိုတွေးတာမဟုတ်ဘူး။ ဒီသတင်းပျံ့သွားမှာကိုပဲ စိုးရိမ်တာ။ ဒီနေ့တစ်ယောက်လာရင် နောက်နေ့ကျ နောက်ထပ်ရောက်လာနိုင်တယ်။ လူတိုင်းကာ ကတ်တီ ရာကျော်ဝယ်နေကြရင်…” ထို့သို့ဖြင့် သူတို့ ခရိုင်မြို့ပေါ်ကိုတောင် သွားနေစရာလိုတော့မည်မဟုတ်ပေ။

လူတိုင်း၊ “…..”

သူတို့ပြဿနာက သူတို့ပစ္စည်းတွေ အလွန်ရောင်းကောင်းနေခြင်းဖြစ်ကာ ပစ္စည်းက မလောက်ငှခြင်းဖြစ်သည်။ ဒါက ပြဿနာအကြီးကြီးပင်။

သူတို့ ခရိုင်မြို့ပေါ်မှာ ဆိုင်မဖွင့်နိုင်ရုံတင်မကဘဲ ရောင်းစရာလဲ ဘာမှကျန်တော့မည်မဟုတ်ပေ။

လျိုချွမ်းဟွာက တွေးကြည့်လိုက်ကာ, “ဒုတိယအစ်မ၊ ကျွန်မတို့ ယွီအာကို ဖုန်းဆက်ပြီး ဘာဆက်လုပ်မလဲ မေးကြည့်ကြမလား။”

“ကောင်းပြီလေ။”

….

ရှောင်လင်းယွီတစ်ယောက် သူမအမေဆီက ဖုန်းလက်ခံရချိန်သည်နှင့် ချက်ချင်းပင် ဆွံ့အသွားတော့သည်။ အရမ်းရောင်းကောင်းနေတာကလည်း ပြဿနာတစ်ခုဖြစ်လာမည်ဟု ဘယ်သူကများ ထင်မိမှာလဲ။

ရှောင်လင်းယွီက၊ “အမေ၊ သမီး မနက်ဖြန်ကျပြန်လာပြီး တစ်ချက်ကြည့်လိုက်ပါမယ်။”

ရှောင်လင်းယွီ ဖုန်းချပြီးနောက် သူမအခန်းထဲတွင် တိတ်တိတ်လေးထိုင်နေမိသည်။ ထောင်ယွမ်ရွာသို့ တိုက်ရိုက်သွားဝယ်သည့်လူရှိလာတာကြောင့် သူမ အတော်လေးအံ့ဩသွားမိသည်။ သူမအမေပြောတာ မှန်ပေသည်။ ထိုကာစတန်မာက အစပြုပြီး ထောင်ယွမ်ရွာရှိ ပင်ရင်းစိုက်ခင်းသို့ တိုက်ရိုက်လာဝယ်မည့်လူများ ပိုများလာပေလိမ့်မည်။ သူတို့က စီးပွားရေးတစ်ခုလုပ်နေခြင်းဖြစ်တာကြောင့် ဝယ်သူတွေကို နှင်ထုတ်၍မဖြစ်ပေ။ ဒါဆို သူတို့ ဘာလုပ်ကြတော့မလဲ။

ထို့နောက် ရှောင်လင်းယွီ တစ်ခုခုတွေးမိသွားလေသည်။ ရွာထဲကလူတော်တော်များများက သူမနွား၏ နွားချေးကိုယူကာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ကြသည်။ အရသာက သူမဆီက အသီးအရွက်များနှင့် အနည်းငယ်ကွာခြားသော်လည်း တခြားနေရာမှဟင်းသီးဟင်းရွက်များထက်တော့ သာလွန်နေတုန်းပင်။

ရှောင်လင်းယွီ မိသားစုတချို့ကို တွေးလိုက်လေသည်။ ထိုလူများသည် သူမ၏နွားချေးမှ အကျိုးအမြတ်ရထားသူများဖြစ်သည်။ သို့ပေမယ့် သူမကိုယ်တိုင်ပြန်ကာ သူတို့အရသာကို အရင်စမ်းသပ်ကြည့်ဖို့ လိုနေတုန်းပင်။

…..

“ဟမ်? ဝယ်ယူမှုကန့်သတ်ထားတာလား။”

မနက်စောစောတွင် လူများစွာက ဆိုင်ဖွင့်ရန် စောင့်နေကြလေသည်။ ထို့နောက် ဆိုင်ရှင်က လော်စပီကာတစ်ခုဖြင့် သူတို့ဝယ်ယူနိုင်မည့် ဟင်းသီးဟင်းရွက်ပမာဏကို ကန့်သတ်ထားမည်ဟု ပြောလာလေသည်။ လူတိုင်းက တစ်ယောက်ကို ၄ကတ်တီသာ အများဆုံးဝယ်နိုင်သည်ဟုပင်။

“လေးကတ်တီက အရမ်းနည်းတယ်။” တစ်ယောက်က စောဒကတက်လာခဲ့သည်။ “ငါက နေ့တိုင်း ၁၀-၂၀ကတ်တီလောက်ဝယ်နေကျ။”

“ဟုတ်တယ်။ ငါလည်း နေ့တိုင်း အနည်းဆုံး ၁၀ကတ်တီလောက်ဝယ်နေတာ။ အခုတော့ ၄ကတ်တီပဲဝယ်လို့ရမယ်ပေါ့။ ဘယ်လိုလုပ် လောက်မှာလဲ။”

“ဟင်း… လေးကတ်တီဆိုတော့လည်း လေးကတ်တီပေါ့။ ဘာမှမရတာထက်တော့ ကောင်းပါသေးတယ်။” တစ်ယောက်ကပြောလိုက်သည်။ “ပြောရရင် ဘော့စ်ရှောင်ရဲ့အသီးအရွက်တွေက အရမ်းရောင်းထွက်လွယ်တယ်လေ။ ပြီးတော့ လူတွေကလည်း အတင်းတိုးကြိတ်လုယက်ပြီး ဝယ်ကြတာ။ ဒါက ဘော့စ်ရှောင်ကိုလည်း ထိခိုက်လာစေနိုင်တယ်။”

စာမေးပွဲဖြေရန်နီးလာသည်နှင့်အမျှ ကျောင်းသားမိဘများသည် ပို၍စိုးရိမ်စိတ်များလာကြလေသည်။ သူတို့သည် ဆိုင်ထဲကရတနာကိုရရန် တိုက်ခိုက်နေကြသည့် သားရဲကောင်ကြီးများလို့ပင်။ ဒါ့အပြင် သားသမီးများအတွက်ဆိုလျှင် မိဘများသည် ဘာမဆိုလုပ်ကြမည့်သူများဖြစ်လေသည်။

“လေးကတ်တီက အနေတော်ပါပဲ။ ဒါနဲ့ဆို ဟင်းနှစ်မျိုးသုံးမျိုးလောက်ချက်ဖို့ လုံလောက်နေပြီ။” တစ်ယောက်က မှတ်ချက်ချလာခဲ့သည်။ “ဒါဆို လူတိုင်းကျေနပ်သင့်တယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်။ မကြာခင် စာမေးပွဲဖြေရတော့မယ့် ကျောင်းသားတွေလည်း အများကြီးပဲလေ။”

ပစ္စည်းချိန်သည့်နေရာတွင်တော့ မေမေရှောင်သည် အလွန်ယဉ်ကျေးသည့်လေသံဖြင့် ပြောနေခဲ့သည်။ “တောင်းပန်ပါတယ်၊ ဒီနေ့ကစပြီး ကျွန်မတို့ဆိုင်က အသီးအရွက်တွေကို အရေအတွက်အကန့်အသတ်နဲ့ပဲရောင်းပေးတော့မှာပါ။ တစ်နေ့ကို လေးကတ်တီပဲဝယ်ယူနိုင်ပါတယ်။ အခု ရှင်ယူထားတာ ပိုနေလို့ပါ။”

ကာစတန်မာက၊ “ဘော့စ်ရှောင်၊ ငါ့မိသားစုဝင်အရေအတွက်ကများတယ်။ လေးကတ်တီနဲ့မလောက်ဘူး။ ပြီးတော့ အသီးအရွက်ပဲ ဘယ်သူ့ကိုရောင်းရောင်းဘာဖြစ်လဲ။ ဘာကိစ္စ အကန့်အသတ်နဲ့လုပ်နေတာလဲ။”

မေမေရှောင်ကတော့ အခိုင်အမာကို ခေါင်းယမ်းနေလေသည်။ “လူကြီးမင်းပြောတာ အဓိပ္ပါယ်ရှိပါတယ်။ ကျွန်မတို့လည်း ပစ္စည်းတွေမြန်မြန်ရောင်းကုန်ပြီး အိမ်စောစောပြန်နိုင်ရင် ပျော်တာပေါ့။ ဒါပေမယ့် တချို့တွေက သူတို့လိုချင်သလောက် အသီးအရွက်တွေကိုမရတာကြောင့် ကျွန်မတို့ကို ပြောလာတာတွေရှိတယ်လေ။ ဒါကြောင့် မျှမျှတတဖြစ်အောင် အားလုံးအတွက် တညီတည်းကန့်သတ်လိုက်တာပါ။”

ကာစတန်မာက ရှက်ရွံ့စွာပြုံးလိုက်သည်။ “ဒါက စီးပွားရေးလုပ်တာကို မျှတမှုရှိရမယ့်အကြောင်းပြောတာ ပထမဆုံးကြားဖူးတာပဲ။”

မေမေရှောင်က သက်ပြင်းအသာချလိုက်ကာ၊ “ကျွန်မတို့လည်း မတတ်နိုင်ဘူးလေ။ ကျွန်မတို့လည်း မလုပ်ချင်ပေမဘ့် ကျွန်မသီးကိုကြည့်ရသေးတယ်။ သူက ကိုယ်ဝန်ရှိနေတယ်လေ။ ကျွန်မတို့လည်း ဝယ်သူတွေကို စကားများပြီး ရုန်းရင်းဆန်ခတ်မဖြစ်စေချင်ဘူး။” မေမေရှောင်၏ဖုံးကွယ်ထားသည့်ဆိုလိုရင်းက ရှင်းလှသည်။

ထို့နောက် မေမေရှောင် မေးလိုက်လေသည်။ “လူကြီးမင်း၊ ဘယ်ဟာတွေ ပြန်ထုတ်ချင်လဲ။”

ကာစတန်မာက ခြင်းထဲမှ အသီးအရွက်များကိုကြည့်ကာ စိစစ်နေလေသည်။ သူက ၁၀ကတ်တီကျော်ဝယ်ခဲ့ခြင်းဖြစ်သည်။ သူ့မိသားစုဝင်များ၏အကြိုက်က မတူညီကြပေ။ အဆုံးမှာတော့ အံတင်းတင်းကြိတ်ကာ သူ့ကလေးတွေအကြိုက်အသီးအရွက်များကိုသာ ချန်ထားလိုက်တော့သည်။ “ဒါပဲ။”

မေမေရှောင်လည်း ချက်ချင်းပင် ချိန်ပေးလိုက်သည်။ “လေးကတ်တီပါ။”

ကာစတန်မာလည်း ခေါင်းညိတ်ကာ အသီးအရွက်ဖိုးများပေးချေလိုက်သည်။

ကာစတန်မာအများစုသည်လည်း သူတို့သားသမီးတွေကြိုက်တတ်သည့် ဟင်းသီးဟင်းရွက်များကိုသာ အဓိကထားဝယ်ကြတော့သည်။ ဘယ်သူမှ လုမနေရတော့တာကြောင့် ဆိုင်တွင်းရှိ လေထုအခြေအနေက ပေါ့ပါးလာတော့သည်။

စောဒကတက်ချင်သည့်လူတချို့ရှိသော်လည်း မေမေရှောင်ကတော့ ခိုင်မာသည့်သဘောထားဖြင့် ပူးပေါင်းလာအောင် ပြောဆိုပေသည်။

လေးယောက်သား စိတ်အခြေအနေကောင်းကောင်းဖြင့် ဆိုင်ပိတ်နိုင်ခဲ့ကြသည်။ လျိုချွမ်းဟွာက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချပြီး ပြုံးလျက်ပြောလာခဲ့သည်။ “အတော်လေးအဆင်ပြေသွားတာပဲ။”

ရှောင်မင်ယန်းလည်းပြုံးလိုက်လေသည်။ အခုအခြေအနေက အရင်ထက် အများကြီးပိုပြီး အေးချမ်းသွားလေသည်။

မေမေရှောင်က ပြောလာခဲ့သည်။ “ငါတို့ဒီနေ့လည်း ရောင်းကုန်သွားတုန်းပဲ။ တချို့ မဝယ်လိုက်ရတဲ့ကာစတန်မာတွေ ရှိသေးတယ်ဆိုပေမယ့် အရင်ထက်တော့ အရေအတွက်နည်းသွားပြီ။”

လျိုချွမ်းဟွာက ထိုစကားကိုထပ်ပေါင်းပြောလာသည်။ “ပြီးတော့ နောက်ထပ်ကာစတန်မာအသစ်တွေလည်း ပိုများလာတာ သတိထားမိသေးတယ်။”

ရှောင်လင်းယွီက ခေါင်းအသာယမ်းလေသည်။ “ဒါက ရေတိုအတွက်ပဲ။ ဒီကာစတန်မာအသစ်တွေက သူတို့ကလေးတွေ စာမေးပွဲနီးနေတာကြောင့် လာကြတာ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးသွားရင် စီးပွားရေးကလည်း အရှိန်နှေးသွားလိမ့်မယ်။”

လျိုချွမ်းဟွာ ထိတ်လန့်သွားလေသည်။ “ယွီအာ၊ စီးပွားရေးက မကြာခင်ဆို ကျသွားတော့မယ်ဆိုတဲ့သဘောလား။”

“အဲ့လောက်အထိ မဆိုးပါဘူး။ လူတွေ ဒီလောက် အရူးအမူးမဖြစ်တော့ရုံပဲ။ ရှင်းယင်းခရိုင်က ကြီးတယ်ဆိုပေမယ့် သမီးတို့ရဲ့ဈေးနှုန်းကလည်း မြင့်တယ်လေ။ သမီးတို့ဆီက အသီးအရွက်တွေကို နေ့စဉ်ဝယ်နိုင်တဲလူက အများကြီးမရှိဘူး။”

ရှင်းယင်ခရိုင်သည် နိုင်ငံတွင် ဆင်းရဲသည့်ခရိုင်တစ်ခုဖြစ်ကာ တစ်ခရိုင်လုံးအတွက်စီးပွားရေးအဆင့်က နိမ့်လှသည်။ သာမာန်လူတွေအတွက် ပျမ်းမျှလစာက ယွမ်၁၀၀၀မှ ၁၂၀၀အထိဖြစ်လေသည်။ ဥပမာ ဟိုတယ်ဝန်ထမ်းတစ်ယောက်၏လစာသည် ၁၂၀၀ဝန်းကျင်သာရှိကာ အထက်တန်းကျောင်းဆရာတစ်ယောက်၏လစာတောင်မှ ယွမ်၁၈၀၀ ဝန်းကျင်သာရှိပေသည်။

ကာစတန်မာအများစုသည် နေ့စဉ် အသီးအရွက်များစွာကိုဝယ်ယူမည်ဆိုလျှင် တစ်လကို ယွမ်၁၀၀၀မှ ၂၀၀၀အထိ ကုန်ကျမည်ဖြစ်ကာ သာမာန်လူတစ်ယောက်၏လစာထက် များနေပေပြီ။ တစ်နည်းပြောရလျှင်တော့ သာမာန်မိသားစုများသည် သူမ၏ဟင်းသီးဟင်းရွက်များကို နေ့စဉ်မဝယ်စားနိုင်ပေ။ ထိုအစား ထူးခြားသည့်နေ့ရက်မျိုးတွင်သာ ဝယ်ကြပေလိမ့်မည်။

အတော်အသင့်ချမ်းသာသည့်မိသားစုများသာ သူမ၏အသီးအရွက်ကို နေ့စဉ်ဝယ်ယူနိုင်မည်ဖြစ်သည်။ သို့ပေမယ့် ချမ်းသာသည့်မိသားစုတိုင်းက ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဆိုင်’ ကို သိကြသည်မဟုတ်ပေ။

သူတို့၏လက်ရှိအဓိကဖောက်သည်များမှာ ကျောင်းသားမိဘများဖြစ်ကြသည်။ စာမေးပွဲသာပြီးသွားလျှင် စီးပွားရေးက ပုံမှန်အခြေအနေသို့သာ ပြန်ရောက်သွားမည်ဖြစ်သည်။

“စာမေးပွဲအကြောင်းပြောကာမှ၊ ယဲ့အာ အားလပ်ရက်ရပြီမဟုတ်လား။” မေမေရှောင်က အမှတ်ရသွားခဲ့သည်။ “စာမေးပွဲဖြေဖို့ ၄ရက်လိုသေးတယ်။”

ကျောင်းဘက်က ကျောင်းသားများ စာမေးပွဲမတိုင်ခင် အိမ်ပြန်ပြီး စိတ်အပန်းဖြေနိုင်ရန် အားလပ်ရက်ပေးခြင်းဖြစ်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ မနက်ဖြန် ယဲ့အာရဲ့အားလပ်ရက်စပြီ။”

“ဒါဆို နောက်သုံးရက်အတွင်း ယဲ့အာကို အစားကောင်းကောင်းချက်ကျွေးဖို့လိုတာပေါ့။” မေမေရှောင်ကပြောလိုက်သည်။ “သူက အထူးတန်းကဆိုရင်တောင် ကျောင်းကန်တင်းကအစားအသောက်တွေကတော့ ကောင်းမှာမဟုတ်ဘူး။” တခြားလူများကလည်း မေမေရှောင်၏စကားကို သဘောတူကြလေသည်။

ရှောင်လင်းယွီက၊ “အားလပ်ရက်ဆိုမှတော့ နောက်ရက်တွေအတွင်း မောင်လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်ခွင့်စာမေးပွဲအတွက် နားနားနေနေပြင်ဆင်နိုင်အောင် လုပ်ပေးရမှာပေါ့။”

ရှောင်လင်းယဲ့၏အဆင့်သည် နောက်ဆုံးမိနစ်အထိ ခေါင်းထဲစာများထိုးထည့်နေဖို့ မလိုအပ်ပေ။ ဒါကြောင့် သူ့စိတ်ကိုရှင်းလင်းကာ အေးအေးဆေးဆေး အနားယူသင့်ပေသည်။

“နေ့လည်ကျရင် သမီး ယဲ့အာကို သွားကြိုလိုက်မယ်။” ရှောင်လင်းယွီက ပြောလိုက်သည်။

“ဟုတ်ပြီ၊ ဒါဆို ပြီးမှ အတူတူအိမ်ပြန်ကြတာပေါ့။” လျိုချွမ်းဟွာက ပြောလိုက်ခြင်းပင်။

“စတုတ္ထဦးလေးနဲ့ဒေါ်လေးလည်း ဆိုင်အတွက် အများကြီး ကူညီပေးခဲ့ကြတာနဲ့ သမီးတို့တွေ ခရိုင်မြို့ပေါ်မှာ လျှောက်သွားကြည့်ဖို့တောင် အချိန်မရလိုက်ကြဘူး။ ဒီနေ့လည် အချိန်အားနေမှတော့ သမီးတို့ ဒီအခွင့်အရေးကိုယူကြတာပေါ့။ ဒေါ်လေးတို့ကြိုက်တာဝယ်။ သမီး ဒကာခံပေးမယ်။”

“ဟဟ… ဒီလိုဆိုလည်း ကျေးဇူးတင်တာပေါ့။” ရှောင်မင်ယန်းနှင့်လျှိုချွမ်းဟွာတို့ ကျေးဇူးတင်စကားပြောလိုက်ကြသည်။

***

All Chapters