← Chapters

ရွာကိုကူညီပေးခြင်း

Vol. 11 Ch. 198

ရွာကိုကူညီပေးခြင်း

Vol. 11 Ch. 198

“မမ သိရဲ့လား။ ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များဆိုင်’အကြောင်း ကျွန်တော့်သူငယ်ချင်းတွေအားလုံးပြောနေကြတာ။”

“ကျွန်တော့်ရဲ့အသီးအရွက်တွေက ကျောင်းမှာဆို မယုံနိုင်လောက်အောင်ကို ရေပန်းစားတာ။ ကျွန်တော်တို့ရဲ့သီးနှံတွေကိုစားပြီးရင် ခံစားချက်ကမတူတော့ဘူးတဲ့။ အာရုံစိုက်နိုင်အားကောင်းပြီး လန်ဆန်းတက်ကြွလာစေတယ်လို့ပြောတယ်။ ကျောင်းသားတော်တော်များများကလည်း ဒီလိုသတင်းတွေကြားပြီး ဒီအားလပ်ရက်အတွင်း ကျွန်တော်တို့ဆိုင်ကနေ ဝယ်စားဖို့တောင် ဆုံးဖြတ်ထားကြပြီ။

တချို့ဆိုရင် ကျွန်တော်က ထောင်ယွမ်ရွာကမှန်းသိပြီး သူတို့အတွက် အသီးအနှံတွေ တိုက်ရိုက်ယူခဲ့ပေးလို့ရအောင် ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ချင်နေကြတာ။”

ကားနောက်ခုံတွင်ထိုင်နေသည့် မေမေရှောင်က မေးလာခဲ့သည်။ “ဒါပေမယ့် သားကျောင်းပြန်သွားတဲ့အချိန်ကျ စာမေးပွဲရက်ဖြစ်နေပြီလေ။ သူတို့မှာ အသီးအရွက်တွေချက်ပြုတ်ဖို့အချိန် ဘယ်လိုလုပ်ရှိမှာလဲ။”

“အဲ့ဒါတော့ သားလဲမသိဘူး။ ဒါကြောင့် အားလုံးကို ငြင်းခဲ့လိုက်တယ်။”

ရှောင်လင်းယွီက ခဏမျှတွေးနေပြီးနောက်၊ “မောင်လေး ဒီလိုဆိုရင်ရော။ မင်း ကျောင်းပြန်တတ်တဲ့အချိန်ကျရင် အစိမ်းအတိုင်းစားလို့ရတဲ့ သခွားသီးနဲ့ ခရမ်းချဉ်သီးလိုအသီးမျိုးတွေ ထည့်ပေးလိုက်မယ်လေ။ မင်းသူငယ်ချင်းတွေနဲ့ ဝေမျှစားပေါ့။”

ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ ဒါပေမယ့် အစ်မ ကျောင်းကို ဘယ်လောက်ယူလာပေးဖို့ တွေးထားလဲ။” သူ့အစ်မ၏ဟင်းသီးဟင်းရွက်များမှာ အလွန်အရသာရှိရုံမက အံ့ဩဖွယ်ကောင်းသည့် အကျိုးအာနိသင်လည်းရှိသေးသည်။ သူ့အဆောင်က အခန်းဖော်များဆိုလျှင် တခါတရံစနောက်တတ်ကြလေသည်။ “ယဲ့၊ မင်းအစ်မရဲ့အသီးအရွက်တွေက ဂျင်ဆင်းစားရသလိုပဲ။ တကယ်တော့ ဂျင်ဆင်းထက်တောင်မှ ပိုပြီး သက်ရောက်မှုကောင်းသေးတယ်။”

ရှောင်လင်းယွီ တွေးကြည့်လိုက်ကာ၊ “ခရမ်းချဉ်သီး ၂၀၀၊ သခွားသီး ၂၀၀၊ မုန်လာဥဖြူ ၂၀၀ နဲ့ မုန်လာဥနီ ၂၀၀ ယူလာခဲ့ပေးမယ်။”

“အာ? အဲ့လောက်အများကြီးလား။” ရှောင်လင်းယဲ့ ပြောလိုက်လေသည်။ “အစ်မ၊ ကျွန်တော်တို့ အဲ့လောက်အများကြီး လိုလို့လား။ ကတ်တီ ၈၀၀ လောက်ဖြစ်နေပြီ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေမယ့် ကျောင်းသားတွေက အဲ့လောက်တောင် မများဘူးလေ။ အစ်မ ဒါတွေ ရောင်းဖို့ကြံနေတာလား။ ဒါမှမဟုတ် လူတိုင်းကို အလကားပေးပစ်မလို့လား။”

ရှောင်လင်းယွီ ရယ်လိုက်မိသည်။ “တကယ်တော့ အဲ့အကြံလည်းမဆိုးပါဘူး။ ဒါကို မင်းနဲ့လွှဲထားပေးလိုက်မယ်။ မင်းပဲ ဘယ်သူတွေကို ဘယ်လောက်ပေးချင်တယ်ဆိုတာ ဆုံးဖြတ်လိုက်တော့။” ဒီနည်းက ထိုကျောင်းသားတွေ ရှောင်လင်းယဲ့အပေါ် ကျေးဇူးတရားအနည်းငယ်မျှတင်သွားပေလိမ့်မည်။

“ဒါဆိုလည်း ကောင်းပြီလေ။” ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။

မေမေရှောင်တို့လူကြီးတွေကလည်း ဆန့်ကျင်ခြင်းမရှိပေ။ ထိုပမာဏရှိသောအသီးအရွက်များကိုသာ ရောင်းလိုက်ပါက ယွမ်၂ထောင်ကျော်လောက်ရမည်ဆိုသော်လည်း ကျောင်းသားများကို ကူညီပေးနိုင်မည်ဆိုလျှင်လည်း သူတို့ဝမ်းသာပေသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် ကျောင်းသားများစွာအတွက် အရေးကြီးသော ဘဝအချိုးအကွေ့တစ်ခုဖြစ်သည်။ ထိုအချိုးအကွေ့မှ ရှင်သန်လွတ်မြောက်နိုင်သွားလျှင် အများစုတွင် တောက်ပသည့်အနာဂါတ်များရှိလာပေမည်။ ထိုလူငယ်လေးများကပဲ ကိုယ့်နိုင်ငံအတွက်တင်မကဘဲ ကမ္ဘာကြီးအတွက်ပါ ပြောင်းလဲမှုများ ယူဆောင်လာပေးမည်ဖြစ်သည်။

ရှောင်မိသားစုသည် ရှောင်လင်းယဲ့အား စာနှင့်ပတ်သတ်သည့်ကိစ္စများ မမေးခဲ့ပေ။ ထိုသို့မေးမြန်းခြင်းက ရှောင်လင်းယဲ့အတွက် ဖိအားပိုများရုံသာရှိမှန်း သူတို့သိကြလေသည်။

ရှောင်လင်းယွီ စာမေးပွဲဖြေတုန်းကလည်း ဘာမှမထူးခြားသလိုသာ နေခဲ့သည်။ ရှောင်လင်းယွီ၏မိဘများရော တခြားသူများပါ သူမအပေါ် မေးခွန်းများမေးမြန်းခြင်းဖြင့် စိတ်ဖိအားမပေးခဲ့ကြပေ။ သူတို့က ရှောင်လင်းယွီ အိမ်ပြန်ပြီးအားပြန်ဖြည့်ချိန်တွင် ကောင်းကောင်းမွန်မွန်စားသောက်နိုင်ရန် အရသာရှိသည့်အစားအသောက်များကိုသာ ချက်ပြုတ်ကျွေးမွေးခဲ့သည်။

ဒါကြောင့်ပဲ ရှောင်လင်းယဲ့ ကောင်းကောင်းမဖြေဆိုနိုင်ခဲ့လျှင်တောင် နောက်နှစ်တွင် စာမေးပွဲပြန်ဝင်ဖြေနိုင်ပေသည်။

ရှောင်လင်းယွီ သူမ၏အရင်ဘဝကို ပြန်အမှတ်ရသွားခဲ့သည်။ ထိုအချိန်တုန်းက သူမမောင်လေး စာမေးပွဲပြန်ဖြေရာတွင် သိပ္ပံကျောင်းသားများထဲ၌ ထိပ်ဆုံးရောက်အောင် ဖြေနိုင်ခဲ့လေသည်။ သို့သော်လည်း ရှောင်လင်းယွီကတော့ ဒီတစ်ခေါက်မှာတော့ သူမမောင်လေး စာမေးပွဲနှစ်ခေါက်ပြန်ဖြေစရာလိုမည်မဟုတ်ဟု ယုံကြည်ခဲ့သည်။ သူက ပထမအကြိမ်နဲ့တင် အကောင်းဆုံးအောင်မြင်လိမ့်မည်ဖြစ်သည်။ သူ့ရလဒ်နှင့်ဆိုလျှင် ပေကျင်းတက္ကသိုလ်တက်ဖို့တောင်မှ ပြဿနာမရှိလောက်ပေ။ ဒါကြောင့် သူမစိုးရိမ်နေဖို့မလိုပေ။

သူတို့အိမ်ပြန်ရောက်ချိန်မှာတော့ ဖေဖေရှောင်က ထောင်ယွမ်ရွာသို့ အသီးအရွက်များဝယ်ယူရန် နောက်ထပ် လူသုံးယောက် ရောက်လာသေးသည့်အကြောင်း ပြောပြခဲ့လေသည်။ မနေ့တုန်းက သင်ခန်းစာရပြီးနောက်မှာတော့ ဖေဖေရှောင်သည် သူတို့တစ်ယောက်စီကို ကတ်တီ ၅၀ထက် ပိုမရောင်းခဲ့ပေ။ ၅၀ကတ်တီသည် မိသားစုကြီးတစ်စုအတွက်တောင်မှ ၃ရက်စာလောက် လုံလောက်မှုရှိသည်။

ညစာစားပြီးနောက် ရှောင်မိသားစုသည် နောက်ထပ်အစည်းအဝေးတစ်ခုထိုင်ခဲ့ကြသည်။

“အဖေ၊ ရွာသားတော်တော်များများက ဟင်းသီးဟင်းရွက်တွေစိုက်ကြတယ်။ ပြီးတော့ သူတို့ထဲက တချို့က ရှောင်ကွမ်းရဲ့နွားချေးကို မြေဩဇာအဖြစ်သုံးကြတယ်။” ရှောင်လင်းယွီ စကားစလိုက်သည်။ “အရသာက သမီးတို့စိုက်တာနဲ့ ကွာသေးတယ်ဆိုရင်တောင် တခြားဈေးကွက်မှာရောင်းတာတွေထက်တော့ အများကြီးပိုသာနေတုန်းပဲ။”

“ယွီအာ… သမီးပြောချင်တာက…” ဖေဖေရှောင်က ဆိုလိုရင်းကို ချက်ချင်းဖမ်းမိသွားလေသည်။ ဒါ အားလုံးကောင်းဖို့အတွက်ပဲ။

ရှောင်မင်ယန်းတို့ဇနီးမောင်နှံသည် ဟင်းသီးဟင်းရွက်များ မစိုက်ပျိုးပေ။ ရှောင်မင်ယန်းသည် အပြင်တွင် မကြာခဏအလုပ်ထွက်လုပ်လေ့ရှိကာ စပါးစိုက်ချိန်မှသာ အိမ်ပြန်၍လယ်လုပ်ခြင်းဖြစ်လေသည်။ လျိုချွမ်းဟွာသည်လည်း ရှောင်ရှောင်းဟွေ့ကို စောင့်ရှောက်ရသေးတာကြောင့် ဟင်းသီးဟင်းရွက်ကို အိမ်စားရန်အတွက်လောက် စိုက်ခင်းငယ်လေးတစ်ခုသာ စိုက်ပျိုးထားလေသည်။ ဒါ့အပြင် သူမ၏ဒုတိယအစ်မကလည်း သူတို့အတွက် အမြဲတမ်း အသီးအရွက်များ ပေးနေသည်မဟုတ်လား။

ရှောင်လင်းယွီက ဆက်ပြောလိုက်သည်။ “သမီး သူတို့အသီးအရွက်တွေကို ဝယ်ချင်တယ်။ သမီးတို့မြေငှားစာချုပ်ချုပ်တုန်းကလည်း သူတို့ရိတ်သိမ်းတဲ့သီးနှံတွေကို ဝယ်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား။”

ရှောင်မင်ယန်း ခေါင်းညိတ်လိုက်သည်။ “အကြံကောင်းသားပဲ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်သေချာစိုက်တဲ့ မိသားစုက သိပ်တော့ များမယ်မထင်ဘူး။”

“သမီးတို့ ရနိုင်လောက်အကုန်ယူကြတာပေါ့။ ရွာသားတွေထွက်သမျှအားလုံး ဝယ်ကြမယ်။ ဒီရက်တွေအတွင်း ဟင်းသီးဟင်းရွက်ဝယ်ဖို့လာကြတဲ့လူတွေ ပိုပြီး များလာနိုင်တယ်။ သူတို့ကို တခြားရွာသားတွေရဲ့ဟင်းသီးဟင်းရွက်တွေကိုလဲ စမ်းစားကြည့်ဖို့ အကြံပြုပေးကြတာပေါ့။ ဒါပေါ့ ဈေးနှုန်းကတော့ သမီးတို့အသီးအရွက်တွေနဲ့ယှဉ်ရင် ပိုနည်းလိမ့်မယ်။” ရှောင်လင်းယွီက တွေးရင်းထပ်ဖြည့်ပြောနေလေသည်။ “ဝယ်သူတော်တော်များများက သူတို့ကလေးတွေအတွက် ရည်ရွယ်ကြတာ။ စာမေးပွဲသာပြီးသွားရင် ဒီလူအုပ်ကြီးက အရှိန်သေသွားမှာပဲ။ ဒီတော့ ရွာသားတွေရဲ့အသီးအရွက်တွေပါ,ပါရင် လုံလောက်သွားမှာပါ။”

ရှောင်ကျန်းယန် ခေါင်းညိတ်လာခဲ့သည်။ “ယွီအာ၊ နောက်ရက်ပိုင်းအတွင်း လူတွေထပ်လာနေဦးမယ်ဆိုရင် အဖေတို့ တခြားရွာသားတွေရဲ့အသီးအရွက်တွေကို ထိုင်ဝယ်နေမယ့်အစား သူတို့ကို တခြားရွာသားတွေရဲ့စိုက်ခင်းဆီ တခါတည်း လမ်းညွှန်လိုက်သင့်တယ်။ ဘယ်လိုသဘောရလဲ။”

ယွီအာ၏အသီးအရွက်များသည် ခရိုင်မြို့ပေါ်တွင် အလွန်ရောင်းအားကောင်းနေခြင်းက တချို့သောရွာသားတွေကို မနာလိုဖြစ်စေနေပြီဖြစ်သည်။ သူတို့သာ ဒီကြွယ်ဝမှုကို မျှဝေပေးလိုက်မည်ဆိုလျှင် ရှောင်မိသားစုအပေါ်ထားရှိသည့် မနာလိုမှုက ကျေးဇူးတရားအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ပြောရလျှင် သူတို့သာ ရွာသားများဆီက ဟင်းသီးဟင်းရွက်များကို တစ်ဆင့်ဝယ်ယူမည်ဆိုလျှင် သူတို့ကို အမြတ်ထုတ်သည်ဟု ရွာသားများတွေးလာနိုင်ပေသည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်တော့သည်။ “ရတယ် အဖေ။ ဒီအကြံပိုကောင်းတယ်။ သမီးတို့ ဒီအကြောင်း နောက်မှ ရွာသူကြီးကို သွားပြောကြတာပေါ့။”

“အခုပဲ တခါတည်းသွားလိုက်ရမပြီးဘူးလား။”

“ဒါဆိုလည်း ကောင်းပြီလေ။”

…..

ရွာသူကြီးတစ်ယောက် သူတို့အစီအစဉ်ကိုကြားပြီး အတော်လေးအံ့ဩသွားလေသည်။ “မင်းတို့ တခြားရွာသားတွေကိုပါ သူတို့ရဲ့ဟင်းသီးဟင်းရွက်တွေကို ရောင်းစေချင်တာလား။”

“ဟုတ်ပါတယ်၊ ရွာသူကြီး။”

“ဟဟဟ၊ ဒါ ကောင်းတဲ့ကိစ္စပဲလေ။” ရွာသူကြီးက ရယ်မောလိုကသ်ည်။ “ငါအခုပဲ အစည်းအဝေးတစ်ခုလုပ်လိုက်မယ်။ အသီးအရွက်ရောင်းချင်တဲ့ ဘယ်မိသားစုတွေရှိလဲ ကြည့်ကြတာပေါ့။”

“ရွာသူကြီး ခဏလေးနေပါဦး။” ရှောင်လင်းယွီက သူ့ကိုတားလိုက်သည်။ “အသီးအရွက်တွေက ရှောင်ကွမ်းရဲ့နွားချေးကိုသုံးပြီး စိုက်ပျိုးထားတာဖြစ်ရမယ်။ ပြီးတော့ ပိုးသတ်ဆေးသုံးစွဲခြင်းမရှိရဘူး။” ရှောင်လင်းယွီက ဖြစ်ရမည့်အခြေအနေများကို ချပြလာခဲ့သည်။ “ဒီဝယ်သူတွေက ကျွန်မတို့မိသားစုရဲ့ဟင်းသီးဟင်းရွက်တွေကြောင့် ရောက်လာကြတာပါ။ ကျွန်မတို့ရဲ့အသီးအရွက်တွေက အော်ဂဲနစ်ဖြစ်ပြီး ညစ်ညမ်းမှုမရှိတဲ့စိမ်းလန်းတဲ့ဟင်းသီးဟင်းရွက်တွေ။ ဒါကြောင့် တခြားရွာသားတွေ သူတို့ရဲ့ ပိုးသတ်ဆေးသုံးထားတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ကာစတန်မာတွေကို လှည့်စားလို့မရဘူး။ တကယ်လို့ လှည့်စားနေတဲ့အကြောင်းကိုသာ ကျွန်မသိသွားရင် သူတို့ကို ရှောင်ကွမ်းရဲ့နွားချေးထပ်ယူခွင့်မပေးတော့ဘူး။”

“ဒါပေမယ်…” ရွာသူကြီးက အနည်းငယ် တုံ့ဆိုင်းနေလေသည်။ “လင်းယွီ၊ ပိုးသတ်ဆေးမသုံးထားတဲ့ရွာသားက သိပ်များများမရှိဘူး။ ဒါက ရွာသားတွေနဲ့ အဆင်ပြေမှာမဟုတ်ဘူး။”

ရှောင်လင်းယွီကလည်း လုံးဝအလျှော့မပေးခဲ့ပေ။ “ရွာသူကြီးက ဒါကလုပ်ကိုလုပ်မှဖြစ်မယ့်ကိစ္စပါ။ ကျွန်မတို့က ဘရန်းတစ်ခုဖန်တီးနေတာ။ အနာဂါတ်မျာ တစ်ရွာလုံး သူတို့သီးနှံတွေကိုရောင်းချနိုင်အောင် ကျွန်မ ကူညီပေးသွားမှာပါ။”

“ဒါကြောင့် ရွာသူကြီးကပဲ ပိုးသတ်ဆေးမသုံးဘဲ ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးထားတဲ့ ရွာသားဘယ်လောက်ရှိတယ်ဆိုတာ အရင်ဆုံး ကူမေးပေးပါဦး။”

ရွာသူကြီးမှာ ရှောင်လင်းယွီ၏စကားကိုကြားပြီး စိတ်လှုပ်ရှားလာခဲ့သည်။ “လင်းယွီ၊ မင်းတကယ်ပြောနေတာလား။ နောက်ကျရင် တစ်ရွာလုံးအတွက် စီးပွားရေးလမ်းသစ်ဖောက်ဖို့ ကူညီပေးမှာလား။”

“ရွာသူကြီး၊ ဒါကတော့ ထောင်ယွမ်ရွာရဲ့ရွာသားတွေအပေါ်ပဲ မတူတည်ပါတယ်။”

ရွာသူကြီးက ခေါင်းညိတ်လိုက်လေသည်။ “မင်းဆိုလိုချင်တာကို ငါနားလည်ပါတယ်။ အခုပဲ ငါရွာသားအားလုံးကိုခေါ်ပြီး အစည်းအဝေးလုပ်လိုက်မယ်။”

ရှောင်လင်းယွီသည် ရွာသားတိုင်းချမ်းသာနိုင်မည့် လမ်းကြောင်းတစ်ခုကို ကမ်းလှမ်းလာခဲ့ခြင်းဖြစ်သည်။

ရွာသူကြီးသည် ချက်ချင်းပင် အစည်းအဝေးရှိကြောင်းကြေညာလိုက်ရာ မကြာခင်မှာပဲ ရွသားများ ရပ်ရွာကော်မတီသို့ စုဝေးရောက်ရှိလာကြတော့သည်။

“အရေးကြီးကိစ္စရှိလို့ထင်တယ်။ ငါတို့သွားကြည့်ကြတာပေါ့။”

ရွာသူကြီးထံမှ သတိပေးချက်ကိုရရှိပြီးနောက် ထောင်ယွမ်ရွာရှိ မိသားစု ၁၈၀ထဲမှ အများစုရောက်ရှိလာလေသည်။ ဒါပေါ့၊ တချို့မိသားစုတွေကတော့ မကြားချင်ယောင်ဆောင်ကာ အိမ်မှာပဲ တီဗီကြည့်နေခဲ့သည်။ နောက်တစ်နေ့ အစည်းအဝေးမှ သတင်းစကားများကိုပြန်ကြားရချိန်မှာတော့ သူတို့တွေ နောင်တအကြီးအကျယ်ရသွားကြပေသည်။ သူတို့သာ စောစောကသိခဲ့လျှင် အစည်းအဝေးကို သေချာပေါက် တက်မည်ပင်။

မကြာခင်မှာပဲ ရွာသားများရောက်ရှိလာခဲ့သည်။ တစ်ယောက်က စိုးရိမ်စွာဖြင့် မေးလိုက်လေသည်။ “ရွာသူကြီး၊ ညနက်ကြီးခေါ်တာ အရေးပေါ်ကိစ္စများရှိလို့လား။”

ရွာသူကြီးက ပြုံးလိုက်ကာ၊ “အားလုံးပဲ အရမ်းမစိုးရိမ်ကြပါနဲ့။ သတင်းကောင်းရှိတာပါ။”

သတင်းကောင်း? လတ်တလော အကောင်းဆုံးသတင်းမှာ လမ်းတည်ဆောက်သည့် သတင်းဖြစ်ခဲ့လေသည်။ သိပ်မကြာခင်မှာပဲ နောက်ထပ်သတင်းကောင်းတစ်ခု ရောက်လာဦးမည်ဟု သူတို့မမျှော်လင့်ထားခဲ့မိပေ။ ဒါကြောင့် တော်တော်များများက တစ်ယောက်နဲ့တစ်ယောက် ကြည့်မိလိုက်ကြလေသည်။

“ရွာသူကြီး၊ ဘာကိစ္စလဲပြောပါဦး။ ဘာသတင်းကောင်းများရှိလို့လဲ။”

ရွာသူကြီးက စိတ်ရှည်လက်ရှည်နှင့် ပြောလာခဲ့သည်။ “ခဏစောင့်လိုက်ပါဦး။ ဆယ်မိနစ်နေလို့ အားလုံးစုံပြီဆိုရင် စပြောကြတာပေါ့။”

ရွာသားများသည် နှုတ်ခမ်းများတွန့်လိုက်ကြသော်လည်း ဘာမှထပ်မပြောခဲ့ကြပေ။ သူတို့က ထိုင်ခုံတစ်လုံးရှာကာ ထိုင်လိုက်ကြလေသည်။ သို့သော်လည်း ရွာ၏အစည်းအဝေးခန်းမှာ နေရာမလုံလောက်ပေ။ လူတော်တော်များများက သူတို့အိမ်ကထိုင်ခုံများကို သယ်လာကြလေသည်။ လူများက တစ်စုတစ်စုဖွဲ့ကာ ယခုအစည်းအဝေး၏ရည်ရွယ်ချက်အကြောင်း ခန့်မှန်းဆွေးနွေးနေကြသည်။

ထို့နောက် ရှောင်ကျန်းယန်နှင့် သူ့သမီးသည်လည်း သူတို့ထက်အရင်ရောက်ရှိနေသည်ကို လူတိုင်း သတိထားမိသွားလေသည်။ ဒီသတင်းကောင်းက ရှောင်ကျန်းယန်တို့သားအဖနှင့် သက်ဆိုင်နေလောက်မှန်း သူတို့ခန့်မှန်းမိလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက်မှာတော့ သူတို့ခန့်မှန်းချက်များကို မြန်မြန်ဆန်ဆန်ပဲ အတည်ပြုပေးလိုက်တော့သည်။

“လူတိုင်း တိတ်ပေးကြပါ။ အစည်းအဝေးစပါမယ်။” ရွာသူကြီးက မိုက်ခရိုဖုန်းကိုကိုင်ကာ ခပ်ကျယ်ကျယ်အော်လိုက်လေသည်။ “ငါဒီနေ့ ရွာသားအားလုံးကို စုဝေးလိုက်ရတာကတော့ အားလုံးကို ပြောစရာလေးရှိလို့ပါ။ ပြောရရင်တော့ ဒါ သတင်းကောင်းပဲ။”

“ရွာသူကြီး ကွေ့ပတ်မနေပါနဲ့။ မြန်မြန် ပြောလိုက်ပါတော့။ တကယ်ပဲ ဘာသတင်းကောင်းများလဲ။”

***

All Chapters