တုံ့ပြန်မှုများ
Vol. 11 Ch. 200
ရှောင်လင်းယွီ၏စကားများကြားပြီးနောက်မှာတော့ ရွာသားတော်တော်များများ စိတ်လှုပ်ရှားလာကြလေသည်။
“လင်းယွီ၊ တကယ်သေချာရဲ့လား။ နောက်ဆိုရင် ငါတို့စိုက်တဲ့အသီးအရွက်တွေကို တကယ်ပဲ ရောင်းနိုင်တော့မှာလား။”
ရှောင်လင်းယွီက လေးလေးနက်နက်ဖြင့် ပြန်ဖြေပေးခဲ့သည်။ “ကျွန်မရတယ်လို့ပြောမှတော့ အားလုံးရဲ့အသီးအရွက်တွေ ရောင်းထွက်ရမယ်လို့ အာမခံပါတယ်။”
ထိုအချိန်မှာပဲ ရွာသူကြီးက မတ်တပ်ထရပ်လာကာ၊ “လင်းယွီ ငယ်ငယ်လေးကတည်းက ငါတို့အားလုံး သိလာကြတာပဲ။ သူဘယ်တုန်းကများ ကတိပေးထားပြီးသားကိစ္စတစ်ခုကို ဖျက်ဖူးတာရှိလို့လဲ။ ငါတို့အသီးအရွက်တွေကို ရောင်းနိုင်တယ်လို့ သူပြောမှတော့ သေချာပေါက်ဖြစ်လာမှာပေါ့၊ ငါတို့တွေ သူ့ရဲ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ဖို့တော့လိုတယ်။” ရွာသူကြီးက စိတ်လှုပ်ရှားစွာဖြင့် ထပ်ပေါင်းပြောဆိုလာသေးသည်။ “မင်းတို့တွေ ဟင်းသီးဟင်းရွက်စိုက်ပြီး မချမ်းသာလာချင်ဘူးလား။”
“ချမ်းသာချင်တာပေါ့။” လူတော်တော်များများက ချက်ချင်းပြန်ဖြေကြသည်။ သို့သော်လည်း ကျန်သည့်လူများကလည်း သံသယတချို့ဖြင့် ပထမခြေလှမ်းကိုပင် မစရဲဖြစ်နေကြလေသည်။ သူတို့သာ သူတို့ငွေတွေအားလုံးကို ဟင်းသီးဟင်းရွက်စိုက်မယ့်ထဲထည့်လိုက်ပြီး ရောင်းမထွက်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ ရှောင်လင်းယွီကို ပြဿနာသွားရှာရမှာလား။
“ဒီလိုဆိုရင်ရော?” ရှောင်လင်းယွီက ခဏတွေးတောကြည့်ပြီးနောက် ကိစ္စတစ်ခု ကမ်းလှမ်းလာပြန်သည်။ “တကယ်လို့ ရှင်တို့အသီးအရွက်တွေရောင်းမထွက်မှာ စိတ်ပူနေရင် ရှင်တို့စိုက်ထားသမျှ အသီးအရွက်တွေအားလုံးကို ကျွန်မဝယ်ပေးနိုင်ပါတယ်။ ဒါက ရွာသားတွေကို ရှောင်ကွမ်းရဲ့နွားချေးအလကားယူခွင့်ပေးတုန်းက ကျွန်မပြောခဲ့တဲ့ အခြေအနေထဲကတစ်ခုပဲလေ။”
လူတိုင်း၏မျက်လုံးများ တောက်ပသွားလေသည်။ ရှောင်လင်းယွီသာ သူတို့၏ဟင်းသီးဟင်းရွက်များကို ဝယ်လိုမည်ဆိုလျှင် သူတို့တွေ အခင်းထဲမှာပဲ အသီးအရွက်တွေ ပုပ်သွားမည်အား စိုးရိမ်ဖို့ မလိုတော့ပေ။ ရှောင်လင်းယွီ မြေငှားစာချုပ်ချုပ်တုန်းက ပြောခဲ့သည့် အခြေအနေအကြောင်းကိုလည်း သူတို့သတိရလေသည်။ တစ်ယောက်ယောက်သာ ရောင်းချဖို့ တစ်ခုခုစိုက်ထားမည်ဆိုလျှင် သူမက ပထမဆုံးဝယ်ယူသူအဖြစ် ဦးစားပေးခံရမည်ဖြစ်သည်။
လူတိုင်းက ခဏတာဆွေးနွေးကြည့်ပြီးနောက်မှာတော့ အများစုက သူတို့အသီးအရွက်တွေကို ရှောင်လင်းယွီထံရောင်းပေးဖို့ သဘောတူလိုက်ကြသည်။
ရှောင်လင်းယွီက၊ “အားလုံးက ကိုယ့်အသီးအရွက်တွေကို ကျွန်မဆီရောင်းပေးဖို့ သဘောတူလိုက်ပြီဆိုတော့ ဒီအသီးအရွက်တွေအတွက် လိုအပ်ချက်ကတော့ အစောကပြောထားတဲ့အတိုင်းပါပဲ။ ရှောင်ကွမ်းရဲ့နွားချေးကိုသုံးပြီး စိုက်ပျိုးထားတာဖြစ်ရမယ်။ ပြီးတော့ ပိုးသတ်ဆေးလည်း လုံးဝမသုံးရဘူး။ ပိုးသတ်ဆေးသုံးထားတာရှိရင်လည်း အရင်ဆုံး ကျွန်မကို အသိပေးရမယ်။ တခြားကန့်ကွက်စရာရှိကြသေးလား။”
“မရှိဘူး။” လူတိုင်းက ရှောင်လင်းယွီ၏စကားကို သဘောတူလိုက်ကြသည်။
သူတို့သည် နိုင်ငံအစွန်အဖျားကျေးလက်တစ်နေရာမှ လယ်သမားများသာဖြစ်ကြလေသည်။ သူတို့သည် ငွေရှာချင်ကြသော်လည်း စွန့်စားရမှာကိုတော့ ကြောက်ကြသည်။
အခုတော့ ရှောင်လင်းယွီက သူတို့ကိုယ်စား စွန့်စားပေးချင်မှတော့… ဝမ်းပန်းတသာနဲ့ လက်ခံရတာပေါ့။ ရှောင်လင်းယွီ၏လုပ်နိုင်စွမ်းဖြင့်ဆိုလျှင် သူတို့၏အသီးအရွက်များကို အမြတ်ရအောင် လုပ်နိုင်လိမ့်မည်မှန်း သိကြလေသည်။
ထိုသို့ဖြင့် ကိစ္စက ဆုံးဖြတ်ပြီးသွားခဲ့သည်။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှုတစ်ခုရသွားသည်ဟု ယူဆနိုင်ပေသည်။
“အားလုံးက အသီးအရွက်တွေကို ကျွန်မဆီရောင်းဖို့ သဘောတူလိုက်ပြီဆိုမှတော့ ဒီလိုဆို နောက်ကျရင် သဘောတူညီမှုစာချုပ်တစ်ခု ကျွန်မရေးဆွဲလိုက်ပါ့မယ်။ စာချုပ်ရလာတဲ့အချိန်ကျ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချချင်တဲ့ ရွာသားတွေ ကျွန်မနဲ့လက်မှတ်ထိုးဖို့လာပေးကြပါ။ စာချုပ်က နှစ်စောင်ရှိမှာဖြစ်ပြီး လက်မှတ်ထိုးလိုက်တာနဲ့ အကျုံးဝင်သွားပါလိမ့်မယ်။”
“တခါတည်းရှင်းရှင်းပြောထားပါ့မယ်။ ကျွန်မနဲ့ စာချုပ်မှာလက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့ အနာဂါတ်မှာ ရှင်တို့ရဲ့အသီးအရွက်တွေကို ကျွန်မဆီရောင်းပေးရမှာပါ။ မဟုတ်ရင်တော့ စာချုပ်ဖောက်ဖျက်တာဖြစ်သွားပြီး လျော်ကြေးပေးရပါမယ်။ ဒါပေါ့၊ တကယ်လို့ ရှင်တို့ဘက်က ကျွန်မရဲ့လိုအပ်ချက်နဲ့အညီ စိုက်ပျိုးထားခဲ့တာတောင်မှ အဲ့ဒီအသီးအရွက်တွေကို ကျွန်မက လက်မခံပေးခဲ့ရင်လည်း ကျွန်မလည်း အပြစ်အတူတူပါပဲ။”
ထောင်ယွမ်ရွာရှိလူများ၏သဘာဝကို ရှောင်လင်းယွီ သေချာနားလည်လေသည်။ တချို့ရွာသားများ ကိုယ်စကားကိုယ်မတည်မည်အား ကာကွယ်ရန်အတွက် ဤသို့လုပ်ရခြင်းဖြစ်သည်။ ဒါက သူမအနာဂါတ်အစီအစဉ်၏အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ထိုအခြေခံအုတ်မြစ်ကို ကောင်းမွန်ခိုင်ခံနေအောင် စာချုပ်တွေကိုအသုံးပြုမှဖြစ်ပေမည်။
စာချုပ်ကိစ္စကို ဘယ်သူမှ ကန့်ကွက်မလာခဲ့ပေ။ ဟင်းသီးဟင်းရွက်ဈေးကွက်အကြောင်း သူတို့သိပ်မသိတာကြောင့် ရှောင်လင်းယွီလက်ထဲသို့သာ အလုံးစုံအပ်နှံထားလိုက်တော့သည်။
“ကောင်းပြီ လင်းယွီ။ ငါ့အတွက်တော့ ကိစ္စမရှိဘူး။” ရှောင်ချန်းပမ်းကအရင်ဦးစွာ သူ့ထောက်ခံချက်ကို ချပြလာခဲ့သည်။
“ငါလည်း ကိစ္စမရှိဘူး။”
“အဆင်ပြေတယ်။” ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောလာကြလေသည်။
အားလုံးက လက်ခံကြောင်းပြောပြီးချိန်မှာတော့ ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်ကာ၊ “အားလုံးမှာ ကန့်ကွက်စရာမရှိတော့ဘူးဆိုမှတော့ ဒီလိုပဲသဘောတူလိုက်တာပေါ့။” ထို့နောက် သူမက စဦးဆုံးပြောခဲ့သည့် ခေါင်းစဉ်သို့ပြန်ပြောင်းလိုက်သည်။ “အခု၊ ဒီထဲမှာ ပိုးသတ်ဆေးမသုံးဘဲ အသီးအရွက်တွေစိုက်ထားတဲ့မိသားစုရှိကြလား။ ကာစတန်မာတွေလာတဲ့အချိန်ကျရင် ကျွန်မ သူတို့ဆီကို ကာစတန်မာတွေကို လမ်းညွှန်ပေးမှာပါ။”
“ငါ့စိုက်ခင်းက ဘာပိုးသတ်ဆေးမှမသုံးထားဘူး။” ကျိုးယန်က ပြောလာသည်။ “ရှောင်ကျွမ်း ငါ့စိုက်ခင်းထဲ လမ်းပတ်လျှောက်ပြီးတဲ့နောက်မှာ သီးနှံတွေက ကောင်းကောင်းကြီးထွားနေတာနဲ့ ပိုးသတ်ဆေးသုံးဖို့ မလိုတော့ဘူး။ ခရမ်းချဉ်သီးတင်မကဘူး ငါ့မိသားစုက ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ နံနံပင်၊ ဟင်းနုနွယ်နဲ့တရုတ်နံနံလည်းစိုက်သေးတယ်။ အားလုံးရောင်းလို့ရတယ်။ လင်းယွီ ဘာမှမစိုးရိမ်နဲ့။ ငါတို့သုံးတဲ့မြေဩဇာကလည်း မင်းအိမ်ကယူထားတဲ့ နွားချေးတွေပဲ။”
“ကောင်းပြီ။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ ရှောင်ချန်းပမ်းတို့ဇနီးမောင်နှံ၏အကျင့်စရိုက်ကို သူမယုံကြည်လေသည်။ သူတို့သာ ပိုးသတ်ဆေးမသုံးထားဘူးဟုပြောလျှင် သေချာပေါက် မသုံးထား၍ဖြစ်သည်။
“ငါ့အသီးအရွက်တွေကိုလည်း ပိုးသတ်ဆေးမဖြန်းထားဘူး။” ကျန်းချိုးရှန်က အော်လိုက်သည်။ “ငါ့ဆီကိုလည်း လူတွေလွှတ်ပေးလို့ရတယ်။ ဟုတ်တယ်မလား။”
“ကျန်းချိုးရှန်၊ နင်ပြီးခဲ့တဲ့သုံးရက်ကပဲ နင့်စိုက်ခင်းကို ပိုးသတ်ဆေးဖြန်းနေတာ ငါမြင်ခဲ့သေးတယ်။ နင့်ရဲ့အလိမ်စကားတစ်ခွန်းနဲ့ တစ်ရွက်လုံးကို ဒုက္ခရောက်အောင်လုပ်မလို့လား။” ချက်ချင်းဆိုသလို တချို့ရွာသားများက ဖော်ထုတ်လိုက်ကြလေသည်။
ရှောင်လင်းယွီသည် ထောင်ယွမ်ရွာအတွက် ဘရန်းတစ်ခု ဖန်တီးပေးနေခြင်းဖြစ်သည်။ သူမ ရှင်းပြပြီးသည့်နောက် ရွာသားများသည် သူမ၏ဆိုလိုရင်းကို နားလည်သွားကြလေသည်။ ဒါကြောင့် သူတို့အနာဂါတ်တွင်ရလာနိုင်သည့် အကျိုးအမြတ်များကို တစ်ယောက်ယောက် ဝင်ရောက်ဖျက်ဆီးမည်အား ခွင့်မပြုနိုင်ကြတော့ပေ။
“ဟုတ်တယ်၊ ကျန်းချိုးရှန်။ နင့်အသီးအရွက်တွေက ပိုးသတ်ဆေးဖြန်းထားပြီးသားကိုများ မသုံးထားဘူးလုပ်နေသေးတယ်။ လူတွေကို ကန်းနေတယ်များထင်နေလား။”
ထောင်ယွမ်ရွာသည် အတန်ငယ်သာကြီးခြင်းကြောင့် လူတိုင်းတစ်ယောက်နဲ့တစ်ယောက် သိနေကြပြီးဖြစ်သည်။
ကျန်းချိုးရှန်လည်း ရှက်ရွံ့သွားတာကြောင့် ထိုရှက်ရွံ့မှုက ဒေါသအဖြစ် ပေါက်ကွဲထွက်လာတော့သည်။ သူမက နီရဲနေသည့်မျက်နှာဖြင့် အော်ဟစ်လိုက်လေသည်။ “အဲ့ဒါ နင်တို့နဲ့ဘာဆိုလဲ။ ဘာလို့ ဆူညံဆူညံလာလုပ်နေကြတာလဲ။”
“ဆူညံဆူညံလုပ်တယ်? လင်းယွီက ငါတို့တွေ ထောင်ယွမ်ရွာဘရန်း တည်ဆောက်နေတာလို့ပြောခဲ့တယ်လေ။ ပြီးတော့ အခုလတ်တလောရောက်လာနေတဲ့ ကာစတန်မာတွေဆိုတာ သူတို့မိသားစုရဲ့အသီးအရွက်တွေကြောင့် ရောက်လာကြတဲ့လူတွေချည်းပဲ။ နင်သာ သူတို့တွေကို နင့်ရဲ့ပိုးသတ်ဆေးဖြန်းထားတဲ့ အသီးအရွက်တွေရောင်းလိုက်ရင် လင်းယွီတို့မိသားစုရော ထောင်ယွမ်ရွာရောရဲ့ ဂုဏ်သတင်းကိုပါ ဖျက်ဆီးပစ်လိုက်တာပဲ။ ဒီလိုဆို အနာဂါတ်မှာ ဘယ်သူကများ ထောင်ယွမ်ရွာရဲ့ဘရန်းကို ယုံကြည်ကြတော့မှာလဲ။”
“နင်တို့တွေ အခုထိ ဘာမှတောင် မစိုက်ရသေးဘဲနဲ့များ ဘာလို့ ဒီလောက်ဝေးတဲ့အနာဂါတ်ကို တွေးပူနေကြတာလဲ။ စိတ်ကူးတွေယဉ်ပြီး တွေးပူနေတာဖြစ်နေတာမျိုးဖြစ်သွားမှာ မစိုးရိမ်ကြဘူးလား။”
“ဒါက ကြိုတင်ကာကွယ်တာလို့ခေါ်တယ်ဟဲ့။”
ကျန်းချိုးရှန်တစ်ယောက် သေလောက်အောင် ဝိုင်းဆဲခြင်းခံနေရတာကြောင့် ဒေါသတကြီး ပြန်ထိုင်သွားရလေသည်။ သို့သော်လည်း သူမရှောင်လင်းယွီကိုကြည့်သည့်အကြည့်များထဲတွင်တော့ မလိုမုန်းထားရိပ်တချို့ရှိနေလေသည်။ သူမ ဒီလိုအော်ငေါက်ခံရတာ အကုန် ရှောင်လင်းယွီကြောင့်ပဲ။
ထို့နောက် မိသားစုအနည်းငယ်က သူတို့စိုက်ခင်းများတွင် ပိုးသတ်ဆေးမသုံးထားသည့် အသီးအရွက်များရှိကြောင်း ပြောလာကြသည်။
ရှောင်လင်းယွီက ကြေညာလိုက်လေသည်။ “ကျွန်မမှာ အသီးအရွက်တွေကို ပိုးသတ်ဆေးသုံးထားလား မသုံးထားဘူးလား အတည်ပြုနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဦးလေးတို့ ဒေါ်လေးတို့ ကျွန်မရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးကြပါ။”
စမ်းရေသည် မသန့်စင်သည့်အရာတစ်ခုခုနှင့် ထိတွေ့မိပါက အနက်ရောင်ပြောင်သွားလေသည်။ ဒါကြောင့် စမ်းရေထဲသို့ ထိုအသီးအရွက်များကို နှစ်ပြီးစမ်းကြည့်လိုက်သည်က အလွယ်ကူဆုံးနည်းလမ်းပင်ဖြစ်သည်။
“ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ ဒါ ထောင်ယွမ်ရွာဘရန်းကို ကာကွယ်ဖို့လုပ်တာပဲလေ။” ရွာသားများသည် အလွန်နားလည်ပေးကြကာ စိတ်ထဲမထားကြပေ။
ခဏကြာပြီးနောက်မှာတော့ အစည်းအဝေးပြီးဆုံးသွားလေသည်။
ရှောင်လင်းယွီတို့သားအဖ အိမ်သို့ပြန်ရောက်ပြီးနောက် နောက်ဆုံးရသတင်းများကို မိသားစုထံ ပြန်လည်မျှဝေပေးခဲ့သည်။ ရှောင်မင်ယန်းတို့ဇနီးမောင်နှံလည်းရှိနေတာကြောင့် ရှောင်လင်းယွီက သူမအမေအား အသီးအရွက်များကို ဆေးရည်တစ်မျိုးဖြင့် အတည်ပြုကြည့်မည်ဟုသာပြောခဲ့သော်လည်း မေမေရှောင်ကတော့ သူမဆိုလိုသည်ကို နားလည်လိုက်လေသည်။
မေမေရှောင်နှင့် လျှိုချွမ်းဟွာတို့က ထိုမိသားစုအနည်းငယ်ဆီသို့သွားကာ အသီးအရွက်များကို ကျပန်းခူးလာခဲ့သည်။ ထိုမိသားစုအနည်းငယ်က ရှောင်မိသားစုအိမ်သို့ အတူလိုက်ပါလာခဲ့ကြလေသည်။ သူတို့စိုက်ထားသည့် အသီးအရွက်များမှာ အမှန်ကို ပိုးသတ်ဆေးမသုံးစွဲထားခဲ့ကြပေ။
…..
ဒုတိယမြောက်နေမှာတော့ ရှောင်လင်းယွီနှင့် သူမမိသားစုက ခရိုင်မြို့ပေါ်သို့ ပြန်ခဲ့ကြသည်။ ရှောင်လင်းယဲ့က ကူညီပေးချင်သော်လည်း စာမေးပွဲအတွက် အာရုံစိုက်ရမည့်အချိန်ဖြစ်တာကြောင့် တားမြစ်ခံထားရလေသည်။
မနက် ၉နာရီဝန်းကျင်မှာတော့ ကားတချို့ရွာထဲသို့ ဝင်လာကြသည်။ ရွာသားများမှာ ရွာထဲသို့ ကားများဝင်လာသည်ကိုမြင်ရရုံဖြင့် မအံ့ဩမိကြတော့ပေ။
ရှောင်ကျန်းယန်သည် ရှောင်လင်းယွီ၏တောင်းဆိုချက်အတိုင်း သူတို့မိသားစုမှ အသီးအရွက်တချို့ကိုသာ ကာစတန်မာများကို ရောင်းပေးခဲ့ပြီးနောက် ရွေးချယ်ခံထားရသည့်ရွာသားအနည်းငယ်ထံ ကာစတန်မာများကို လမ်းညွှန်ပေးခဲ့သည်။
ဒါပေါ့ ဖေဖေရှောင်က ပစ္စည်းများရောင်းထွက်စေရန် နမူနာများကိုလည်း မြည်းစမ်းခိုင်းခဲ့သည်။
ကာစတန်မာများသည် ရှောင်ပမ်းချန်၏စိုက်ခင်းမှ ခရမ်းချဉ်သီးများကို သဘောကျသွားတာကြောင့် အမြောက်အမြားဝယ်ယူသွားခဲ့လေသည်။ တချို့ဆိုလျှင် တခြားအသီးအရွက်များကိုလည်း ဝယ်ယူသွားကြသည်။ ထိုအသီးအရွက်များအားလုံးအတွက်ဈေးနှုန်းကိုတော့ ရှောင်လင်းယွီက သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။
ထိုအသီးအရွက်များသည် ရှောင်လင်းယွီ၏မိသားစုရောင်းသည်များထက် ဈေးသက်သာသော်လည်း ဈေးကွက်တွင်ရှိနေသည့် အသီးအရွက်များထက်တော့ ပိုပြီးဈေးကြီးနေတုန်းပင်။ ဥပမာ၊ ခရိုင်မြို့ဈေးထဲတွင် ခရမ်းချဉ်သီး တစ်ကတ်တီကို ၂ယွမ်ဖြင့်ရောင်းကာ ရှောင်လင်းယွီ၏မိသားစုကတော့ တစ်ကတ်တီကို ၄ယွမ်ဖြင့်ရောင်းပြီး ရှောင်ချန်းပမ်း၏မိသားစုမှ ခရမ်းချဉ်သီးကိုတော့ တစ်ကတ်တီလျှင် ၂.၅ယွမ်ဖြင့်ရောင်းလေသည်။
ထိုသို့ရောင်းကောင်းခဲ့ခြင်းက ရှောင်ချန်းပမ်းတို့ဇနီးမောင်နှံကို ပါးစပ်မစေ့နိုင်လောက်အောင် ပျော်ရွှင်စေခဲ့သည်။ အရင်ကဆိုလျှင် သူတို့၏ခရမ်းချဉ်သီးများကို ရှင်းအန်းမြို့ရှိ စားသောက်ဆိုင်တစ်ခုသို့ တင်သွင်းပေးခြင်းဖြစ်ကာ တစ်ကတ်တီကို ၈၀စင့်သာရခဲ့သော်လည်း ထိုသို့ဖြစ်နေတာတောင်မှ သူတို့ အလွန်ပျော်ရွှင်ခဲ့ကြတုန်းပင်။ သို့ပေမယ့် အခုများတော့ တစ်ကတ်တီကို ၂.၅ယွမ်ဖြင့်တောင် ရောင်းနေရတာကြောင့် ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်ပါ့မလဲ။ ပြီးတော့ ကာစတန်မာများသည် တခါတည်း ၁၀ကတ်တီကျော်တောင် ဝယ်သွားခဲ့ခြင်းပင်။
ရှောင်ချန်းပမ်းတို့ဇနီးမောင်နှံသည် ကြင်နာတတ်သူများဖြစ်တာကြောင့် အသီးအရွက်များစွာကိုလည်း အပိုထည့်ပေးလိုက်ပါသေးသည်။
ထိုကာစတန်မာများထွက်သွားပြီးနောက် ရွာသားများက ချက်ချင်းစုဝေးလာကာ မယုံကြည်နိုင်သည့်အမူအရာများဖြင့် ပြည့်နေကြသည်။
“ချန်းပမ်း၊ ကျိုးယန်၊ မင်းတို့မိသားစုက ခရမ်းချဉ်သီးတွေကို တစ်ကတ်တီ ၂.၅ယွမ်၊ ဂေါ်ဖီထုပ်အသေးလေးတွေကို တစ်ကတ်တီ ၁.၅ယွမ်နဲ့ရောင်းလိုက်တာလား။ ဈေးတွေက အမြင့်ကြီးကို ကာစတန်မာတွေကတော့ လိုလိုလားလားဝယ်နေတုန်းပဲနော်။ ငါ ယုံတောင် မယုံနိုင်ဘူး။”
“ဂေါ်ဖီထုပ်အသေးလေးတွေက ရှင်းအန်းမြို့ပေါ်မှာဆို တစ်ကတ်တီမှာ စင့်နည်းနည်းလောက်ပဲရတာ။ မင်းတို့ကတော့ ၁.၅ယွမ်နဲ့တောင် ရောင်းထွက်တယ်ပေါ့။”
ရွာသားများသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ထိုအကြောင်းကိုသာ ပြောနေခဲ့ကြလေသည်။ အနာဂါတ်တွင် သူတို့ရိတ်သိမ်းသမျှကိုလည်း ထိုသို့တူညီသည့်ဈေးနှုန်းဖြင့်ရောင်းနိုင်မည့်အရေးကို မြင်ယောင်လာမိကြသည်။
“ဒါနဲ့ ချန်းပမ်း၊ မင်းဘာလို့ ဈေးနှုန်းကို ဒီလောက်အများကြီးတင်ရတာလဲ။ ဒါပေမယ့် ကာစတန်မာတွေကတော့ ဝယ်နေကြတုန်းပဲနော်။ ရူးများရူးနေကြလားပဲ။” တစ်ယောက်က ပြုံးလျက်ပြောလာခဲ့သည်။
ရှောင်ချန်းပမ်းက ခေါင်းယမ်းလိုက်ကာ၊ “ငါဈေးနှုန်းသတ်မှတ်တာမဟုတ်ဘူး။ လင်းယွီ သတ်မှတ်ပေးခဲ့တာ။”
“လင်းယွီ သတ်မှတ်ပေးတာလား?” သူတို့ အံ့ဩသွားလေသည်။ “ကာစတန်မာတွေက ဒီလောက်ဈေးကြီးတာကိုဝယ်မယ်လို့ သူဘယ်လိုများသိတာလဲ။”
ရှောင်လင်းယွီ၏အရည်အချင်းကို သူတို့သေချာသိသော်လည်း အခုလို အနာဂါတ်ကိုပါ ခန့်မှန်းနိုင်လောက်မည်ဟုတော့ မထင်ထားခဲ့ပေ။
ရှောင်ချန်းပမ်းလည်း ခေါင်းသာယမ်းလိုက်လေသည်။ “ငါလည်း မသိဘူး။ ငါတို့ကို ဒီဈေးအတိုင်းပဲရောင်းဖို့ပြောခဲ့တာ။ ကာစတန်မာတွေက ဝယ်ကိုဝယ်ကြလိမ့်မယ်တဲ့။” ဒါ့အပြင် တောရွာအထိပါ အသီးအရွက်များကို ကိုယ်တိုင်ကားမောင်း၍လာဝယ်ကြသူများမှာ အပြောင်းအလဲနည်းနည်းလောက်ရှိသွားသည်ကို ဂရုစိုက်ကြမည်မဟုတ်ပေ။
“ငါကြားတာတော့ တခြားမိသားစုတွေလည်း သူတို့ရဲ့အသီးအရွက်တွေကို ဈေးမြင့်မြင့်နဲ့ရောင်းခဲ့ကြတယ်တဲ့။”
“ဟုတ်တယ်။ သူတို့တွေ တစ်နေ့တည်းနဲ့ ယွမ်ရာကျော်ရသွားကြတာ။ ပုံမှန်ဆိုရင် ဒီအသီးအရွက်တွေက အခင်းထဲမှာပဲ ပုပ်ပြီးကျန်ခဲ့မှာတွေလေ။”
“လင်းယွီ၊ ဒီကလေးက တကယ်ကို လုပ်နိုင်စွမ်းရှိတာပဲ။” တစ်ယောက်က ချီးကျူးလာခဲ့သည်။ “သူက စာတင်တော်တာမဟုတ်ဘူး၊ အခုဆို အသီးအရွက်ရောင်းတာတောင် အရမ်းတော်နေပြန်ပြီ။”
“ကျန်းယန်နဲ့ချိုးယင်းကတော့ တကယ်ကို သမီးကောင်းလေးရထားတာပဲ။”
“ဒီလိုဆိုမှတော့ ငါလည်း အိမ်ပြန်ပြီး အသီးအရွက်နည်းနည်းလောက်စိုက်ထားရမယ်။” တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။
“ဟုတ်တယ်၊ ငါလည်း စိုက်ရမယ်။ ဒါပေမယ့် ငါတို့တွေ စာချုပ်ဘယ်တော့ ချုပ်ကြမှာလဲ။ လင်းယွီပြောတာတော့ ငါတို့အသီးအရွက်တွေမစိုက်ခင် စာချုပ်ချုပ်ထားရမယ်တဲ့။”
“လင်းယွီက အခု အိမ်မှာမရှိဘူးလေ။ ကျန်းယန်ကို သွားမေးကြမလား။”
“ကောင်းတယ်၊ ကောင်းတယ်။ သွားမေးကြတာပေါ့။”
ရှောင်ချန်းပမ်းတို့မိသားစု၏ အသီးအရွက်များ ဈေးမြင့်မြင့်ရောင်းနိုင်ခဲ့သည့်သတင်းမှာ ထောင်ယွမ်ရွာတစ်ခွင့် ပျံ့နှံ့သွားလေသည်။ ထိုလူများသည် သူတို့တစ်ဘဝလုံး စပါးများကိုသာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ငွေဆိုသည့်အရာက သူတို့ဘဝ၏တစ်စိတ်တစ်ပိုင်းမဖြစ်ခဲ့ဖူးသလို ငွေရှာနိုင်မည့် တခြားနည်းလမ်းတစ်ခုခုကိုလည်း တခါမှမတွေးခဲ့ဖူးကြပေ။
သို့ပေမယ့် အခုချိန်မှာတော့ လမ်းကြောင်းသစ်တစ်ခုက သူတို့ရှေ့မှောက်သို့ရောက်ရှိလာပြီဖြစ်တာကြောင့် အမိအရဖမ်းဆုပ်ထားချင်ကြသည်။
ထို့သို့ဖြင့် ထောင်ယွမ်ရွာ၏ပြောင်းလဲမှုများ စတင်လာခဲ့တော့သည်။
ထောင်ယွမ်ရွာသားများသည်လည်း သူတို့ဘဝ၏ပြောင်းလဲမှုများက ရှောင်လင်းယွီနှင့်ဆက်စပ်၍ဖြစ်လာမှန်း သိကြလေသည်။
တကယ်လည်း အမှန်တရားတစ်ခုပင်… ရှောင်လင်းယွီသာ မရှိလျှင် ဤကဲ့သို့သောအနာဂါတ်မျိုး ထောင်ယွမ်ရွာတွင် ရှိလာလိမ့်မည်မဟုတ်ပေ…
***
စာစဉ် ၁၁ ပြီးပါပြီ။