တတိယနှစ်ခေါင်းဆောင်
Vol. 12 Ch. 201
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်တာကုန်ဆုံးသွားခဲ့ကာ နောက်ရက်ဆိုလျှင် ရှောင်လင်းယဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရန်အတွက် ကျောင်းသို့ ပြန်သွားရတော့မည်ဖြစ်သည်။ သူ့တစ်မိသားစုလုံးကတော့ သူ့ကို စိတ်အေးအေးထားဖို့နှင့် ကိုယ့်ကိုယ်ကို ဖိအားတွေအရမ်းမပေးဖို့ အမြဲပြောနေခဲ့လေသည်။
အဝေးမှာရှိနေသည့် သူ့အဖိုးအဖွား၊ ဦးလေးဒေါ်လေးများကတောင်မှ ဖုန်းဆက်ကာ အားပေးခဲ့ကြသည်။
သူတို့ကလည်း ရှောင်လင်းယဲ့ကို ကိုယ့်ကိုယ်ကို ဖိအားအရမ်းမပေးရန်သာပြောကြလေသည်။ သူ အောင်တော့လည်းကောင်းတာပေါ့။ မဖြစ်သွားတော့လည်း နောက်တစ်နှစ်ပြန်ဖြေနိုင်သည်ပဲ။ သို့ပေမယ့် သူသာ ရလဒ်ကောင်းကောင်းရမည်ဆိုလျှင်တော့ သူတို့တွေလည်း ပြန်လာကာ သူ့အတွက် စားသောက်ပွဲကြီးတစ်ခု ကျင်းပပေးကြမည်ဖြစ်သည်။
တစ်မိသားစုလုံးက ရှောင်လင်းယဲ့ စာမေးပွဲဖြေမည့်နေ့အတွက် ခရိုင်မြို့သို့ အတူတကွ လိုက်ပို့ပေးကြလေသည်။
ဤသည်မှာ သူ့ဘဝအတွက် အရေးကြီးသော လှေကားထစ်တစ်ခုဖြစ်ကာ သူတို့အားလုံး ရှောင်လင်းယဲ့ဘေးတွင် ရှိနေပေးချင်ကြသည်။
ရှောင်လင်းယဲ့ကို စာမေးပွဲဖြေမည့်နေ့မှာမှ အလျင်စလိုမဖြစ်နေစေချင်တာကြောင့် ဒီနေ့,နေ့လည်ခင်းမှာပဲ သူတို့အားလုံး ခရိုင်မြို့ပေါ်သို့ တက်ခဲ့ကြလေသည်။ သူ့စတုတ္ထဦးလေးနှင့်ဒေါ်လေးကတော့ နောက်တစ်နေ့မှ လိုက်လာမည်ဖြစ်သည်။ ရှောင်မင်ယန်းသည်လည်း နောက်တစ်နေ့တွင် အသီးအရွက်များပို့ဖို့လိုနေသေးလေသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ နှစ်ရက်တာကြာမြင့်မည်ဖြစ်သည်။ ထိုနှစ်ရက်အတွင်း ရှောင်မိသားစုထဲက ဘယ်သူမှ ရွာမှအိမ်တွင်ရှိကြလိမ့်မည်မဟုတ်ပေ။ ရှောင်မင်ယန်းတစ်ယောက်သာ နေ့လည်ပိုင်းတွင် အိမ်ပြန်ကာ နောက်တစ်နေ့မနက်အစောတွင် ကုန်တင်ပြီး ပြန်လာမည်ဖြစ်သည်။ ကျန်သည့်မိသားစုဝင်များကတော့ ရှောင်လင်းယဲ့ကို အားပေးရန်အတွက် ရှောင်လင်းယွီငှားထားသည့်အိမ်တွင်သာ နေကြမည်ပင်။
သို့သော်လည်း တစ်ယောက်ယောက်ကတော့ စိုက်ခင်းကို ကြည့်ပေးဖို့ လိုအပ်နေသေးသည်။ ရှောင်ကျန်းယန်က အသီးအရွက်ခင်းနှင့်စတော်ဘယ်ရီခင်းများကို ရေကူလောင်းပေးရန် ရွာသူကြီးကိုပဲ အကူအညီတောင်းခဲ့လေသည်။
ရှောင်ထိုက်ယန်ကလည်း၊ “စိတ်မပူနဲ့။ ငါ မင်းတို့စိုက်ခင်းကို မျက်စိဒေါက်ထောက်ကြည့်ထားပေးမယ်။ မင်းတို့ ယဲ့အာနဲ့နေပေးသင့်တာပေါ့။ သူက ငါတို့ရဲ့နောက်ထပ်ထိပ်တန်းကျောင်းသားတစ်ယောက် အဖြစ်လာနိုင်ဆုံးသူလေ။”
ရှောင်ကျန်းယန်လည်း ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ရွာသူကြီး။”
ရွာသူကြီးလည်း ပြုံးလျက်၊ “ကျန်းယန်၊ မင်းကတော့ ငါ့ကိုအယဉ်ကျေးနေပြန်ပါပြီ။ ဒါက အသေးအမွှားလေးပဲကို။”
……
ရှောင်လင်းယွီသည် ခရမ်းချဉ်သီး ၂၀၀၊ သခွားသီး ၂၀၀၊ မုန်လာဥနီ ၂၀၀ နှင့် မုန်လာဥဖြူ ၂၀၀ တို့ကိုသယ်ကာ ရှောင်လင်းယဲ့၏ကျောင်းသို့ တိုက်ရိုက်သွားခဲ့လေသည်။
သူမက ကျောင်းရှေ့ကွင်းပြင်ဆီသို့ရောက်သည်နှင့် သူမမိဘများအကူအညီဖြင့် အသီးအရွက်ပုံးများကို ချလေသည်။ တခြားကျောင်းသားများမှာ ထိုမြင်ကွင်းကိုတွေ့သွားပြီးနောက် စိတ်ဝင်တစားဖြင့် မေးလာကြသည်။
“ရှောင်လင်းယဲ့၊ မင်းမိသားစုက ဘာလုပ်နေတာလဲ။ ကျောင်းပိုင်နက်မှာ ဆိုင်ခင်းမလို့လား။”
ရှောင်လင်းယဲ့က ရယ်လိုက်ကာ၊ “မင်း မြို့ထဲက ‘ထောင်ယွမ်ရွာ လတ်ဆတ်သော အသီးအနှံနှင့် အသီးအရွက်များ’ဆိုင်ကို ကြားဖူးလား။”
“ကြားဖူးတာပေါ့။ အဲ့ဆိုင်က ငါတို့ခရိုင်က အထက်တန်းကျောင်းသုံးကျောင်းရဲ့ ကျောင်းသားတိုင်းကြားမှာ အပြောများနေတဲ့ဆိုင်ပဲလေ။ ဘယ်လိုလုပ် မသိဘဲနေမှာလဲ။” တစ်ယောက်က ဖြေလိုက်လေသည်။
“ငါမင်းတို့ကို အမှန်အတိုင်းပြောမယ်။ အဲ့ဆိုင်ကို ငါ့အစ်မပိုင်တာ။” ရှောင်လင်းယဲ့လည်း အမှန်တရားကို ဖုံးကွယ်မနေတော့ပေ။ “ငါ့အစ်မက ငါ့ကို အားလုံးဆီဝေမျှပေးလို့ရအောင် သူ့အသီးအနှံတွေကို ယူလာပေးတာ။”
“သေစမ်း၊ ရှောင်လင်းယဲ့၊ တကယ်ကြီးလားဟ။” တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းမေးလိုက်လေသည်။ ထိုဆိုင်ပိုင်ရှင်သည် ထောင်ယွမ်ရွာကမှန်း သူတို့သိကြသော်လည်း သူတို့ကျောင်း၏ ထိပ်ဆုံးကျောင်းသား၏အစ်မဖြစ်နေလိမ့်မည်ဟုတော့ မတွေးခဲ့မိပေ။
“တကယ်ပေါ့။” ရှောင်လင်းယဲ့ ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။ “အဲ့ဒါ ငါ့အဖေ၊ အဲ့ဒါက ငါ့အမေ။ အဲ့ဘက်ကတော့ ငါ့အစ်မလေ။”
“ဝိုး၊ ရှောင်လင်းယဲ့ မင်းက လယ်သမားမိသားစုကပေါ့?” ကျောင်းသားတော်တော်များများက ဝိုင်းချီးကျူးကြလေသည်။ “မင်းအစ်မနဲ့ အမေက အရမ်းလှတာပဲ။ မင်းအဖေကလည်း ခန့်တယ်။ မင်းတစ်ယောက်ပဲ မင်းတို့တစ်မိသားစုလုံးမှာ သာမာန်အဆင့်ဖြစ်နေတာ။”
ရှောင်လင်းယဲ့၏မိသားစုကိုမြင်လိုက်ချိန်မှာတော့ ရှောင်လင်းယဲ့တစ်ယောက် အမှတ်တစ်အထက်တန်းကျောင်းရှိ ကြည့်အကောင်းဆုံးကျောင်းသားများထဲမှတစ်ယောက် ဖြစ်နေရသည့် အကြောင်းအရင်းကို သိသွားကြတော့သည်။ ဒါက မျိုးရိုးဗီဇကြောင့်ပဲ။
ထို့နောက် ကျောင်းသားများက ရှောင်မိသားစုကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာကြလေသည်။ “ဒေါ်လေး၊ ဦးလေး၊ အစ်မကြီး၊ မင်္ဂလာပါ။”
“အားလုံးပဲ မင်္ဂလာပါ။”
“သွားစမ်းပါ။ ဘယ်သူက ရုပ်ဆိုးတာလဲ။ ငါလည်း အရမ်းခန့်ညားပါတယ်နော်၊ ဟုတ်ပြီလား။ ငါ့အဖေလောက်တော့ မခန့်ပေမယ့် အနည်းဆုံးမင်းထက်တော့ ပိုချောပိုခန့်သေးတယ်။”
“ရော့ ဒါလေးစားကြည့်။ မင်းတို့ကြိုက်တာယူလို့ရတယ်။ ဒါပေမယ့် တစ်ယောက်ကို နှစ်ခုပဲရမယ်နော်။”
“ဝိုး မိုက်လိုက်တာ။” ကျောင်းသားများ စိတ်လှုပ်ရှားသွားကြသည်။ “ဒါတွေ ဘယ်လောက်နဲ့ရောင်းတာလဲ။”
ရှောင်လင်းယဲ့က လက်အသာယမ်းလိုက်ကာ၊ “အလကားပေးတာ။ ဒါပေမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့မယ့်လူတွေအတွက်ပဲနော်။ တခြားကျောင်းသားတွေကတော့ နောက်တစ်ခေါက် စောင့်ကြပေါ့။ လူတိုင်းရဲ့အထောက်အထားကိုအတည်ပြုဖို့ကတော့ လွယ်ပါတယ်။ ကျောင်းသားကဒ်သာ ပြပေးကြ။”
ရှောင်လင်းယဲ့သည် ကျောင်းတွင် နာမည်ကြီးသူတစ်ယောက်ဖြစ်လေသည်။ ကျောင်းရှိလူတိုင်းက သူ့ကိုသိကြသော်လည်း သူကတော့ လူတိုင်းကို မသိနိုင်ပေ။
“ရှောင်လင်းယဲ့၊ တကယ်ကြီး အလကားပေးနေတာလား။ မင်း ငါတို့ကို ညာနေတာတော့ မဟုတ်ပါဘူးနော်။ နောက်မှ ပိုက်ဆံလိုက်ကောက်မှာတော့ မဟုတ်ဘူးမလား။”
“ဒါပေါ့၊ တကယ်ပေးတာ။” ရှောင်လင်းယဲ့ ပြောလိုက်သည်။ “မင်း ငွေအရမ်းချေချင်နေရင်လဲရတယ်လေ။ ယွမ်၁၀၀ပေး။”
“သွားစမ်းပါကွာ။” ကျောင်းသားအနည်းငယ်က ပြုံးရယ်ကာ ပြောလာကြလေသည်။ “ရှောင်လင်းယဲ့၊ မင်းကို ကျေးဇူးတင်သွားပြီ။” ထို့နောက် သူတို့က နောက်လှည့်ကာ ခပ်ကျယ်ကျယ်အော်လိုက်ကြသည်။ “တတိယနှစ်ကျောင်းသားတွေ၊ မင်းတို့ ‘ထောင်ယွမ်ရွာ လတ်ဆတ်သော အသီးအနှံနဲ့အသီးအရွက်များ’ဆိုင်ရဲ့ ခရမ်းချဉ်သီးနဲ့သခွားသီးတွေ အလကားလိုချင်ရင် ကိုယ့်ကျောင်းသားကဒ်ကိုကိုင်ပြီး တန်းစီကြနော်။”
ပထမနှစ်နှင့်ဒုတိယနှစ်ကျောင်းသားအများစုမှာ အားလပ်ရက်ရထားကြသော်လည်း အစကတည်းက ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးဖြစ်လေသည်။ ကျောင်းသားတော်တော်များများမှာ ကျောင်းသားကဒ်များပါမလာတာကြောင့် ချက်ချင်းပင် အိမ်သို့ အလျင်စလိုပြန်ယူကြလေသည်။
“လာကြ၊ လာကြ။ တန်းစီကြ။ လူတိုင်း တစ်ယောက်ကို နှစ်ခုကြိုက်တာ ရွေးယူလို့ရတယ်။” ရှောင်လင်းယဲ့က ခပ်တည်တည်ဖြင့် ထပ်ပြောလိုက်လေသည်။ “မင်းတို့ လူတန်းကိုကြားဖြတ်ရင် ငါလည်း မင်းတို့ကို ဖြတ်ပစ်မယ်။”
“ဟုတ်ပြီ၊ ဟုတ်ပြီ။ တန်းစီကြနော်။” ကျောင်းသားများက သူတို့ဘာသာ တန်းစီလိုက်ကြလေသည်။ ထိုသို့ဖြင့် ကျောင်းသားများ၏စကားပြောသံများ ညံစီနေတော့သည်။ ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ’ဆိုင်က သူတို့ကျောင်းမှာ အသီးအရွက်တွေ အလကားပေးနေတာတဲ့လေ။
‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ’ဆိုင်သည် ခရိုင်မြို့တွင် အတော်လေးလူသိများလေသည်။ ထိုဆိုင်ရှိသီးနှံများမှာ အလွန်အမင်းအရသာရှိကာ ကျောင်းသားများကို တစ်နေ့တာလုံး မှတ်ဉာဏ်အားကောင်းကောင်းဖြင့် လန်းဆန်းတက်ကြွနေစေသည်။ ကျောင်းသားမိဘတော်တော်များများမှာ အသီးအရွက်များဝယ်ယူရန်အတွက် ထိုဆိုင်သို့ သွားခဲ့ကြလေသည်။ သို့သော်လည်း ဆိုင်၏စီးပွားရေးက အရမ်းကောင်းလွန်းလှတာကြောင့် သူတို့ ဘယ်လောက်ပဲ စောသွားသွား ဆိုင်တံခါးရှေ့တွင် လူအုပ်ကြီးက ပြည့်ကျပ်နေပြီဖြစ်သည်။
သို့ပေမယ့် အခုတော့ ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ’ဆိုင်က တကယ်ကြီး သူတို့ကျောင်းသို့လာကာ အသီးအရွက်များကို အလကားပေးနေလေသည်။
တတိယနှစ်ကျောင်းသားများအားလုံး ကျောင်း၏နေရာအသီးသီးစီမှ အလျှိုအလျှိုထွက်လာကြတော့သည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအခွင့်အရေးမျိုးကို မဖြုန်းတီးသင့်ဘူးလေ။ သူတို့လည်း ထိုဆိုင်၏အသီးအရွက်များဘယ်လောက်အရသာရှိကြောင်း ကြားနေရတာ ကြာပြီပင်။
ကျောင်းသားများက တန်းစီနေကာ ကျောင်းသားကဒ်များကိုကိုင်ရင်း သူတို့အတွက်အလကားပေးနေသော အသီးများကို ယူနေလေသည်။ ရှောင်လင်းယဲ့နှင့်ရင်းနှီးသည့်လူများကတော့ ကျောင်းသားကဒ်မလိုအပ်ပေ။ သူ့အတန်းဖော်အားလုံးကိုတော့ သူသိထားပြီးမဟုတ်လား။
တချို့က သခွားသီးကိုရွေးကာ၊ တချို့က ခရမ်းချဉ်သီးကိုရွေးကြလေသည်။ မုန်လာဥနီကိုရွေးသည့်ကျောင်းသားတစ်ချို့လည်းရှိပေသည်။
တစ်ခုတည်းသော ဘယ်ကျောင်းသားမှ မရွေးချယ်ခဲ့သည်က မုန်လာဥဖြူများသာဖြစ်လေသည်။ မုန်လာဥဖြူကို စွပ်ပြုတ်အတွက် ပါဝင်ပစ္စည်းအဖြစ် လူအများစု သိထားကြလေသည်။ ၎င်းကို အစိမ်းစားနိုင်သည်ဟု သူတို့မသိကြပေ။
“ဝိုး၊ အရသာရှိလိုက်တာ။” ကျောင်းသားတချို့က သူတို့လက်ထဲမှ ခရမ်းချဉ်သီးနှင့်သခွားသီးများကို ချက်ချင်းကိုက်လိုက်ကြသည်။ သူတို့ပါးစပ်တစ်ခုလုံး ချိုမြိန်မွှေးပျံ့သည့်အသီးနံ့များဖြင့် ပြည့်နှက်သွားကာ အလွန်ကိုမှ စိတ်ကိုကြည်နူးစေလေသည်။
“တကယ်အရသာရှိတာပဲ။ ငါဒီလောက်အရသာရှိတဲ့ခရမ်းချဉ်သီးမျိုး တခါမှမစားဖူးဘူး။”
“‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ’ဆိုင် ဒီလောက်နာမည်ကြီးနေတာ မအံ့ဩတော့ပါဘူး။ ပြီးတော့ အဲ့ဒီဆိုင်က အသီးအရွက်တွေရဲ့ဈေးက အရမ်းကြီးတယ်လို့ကြားတယ်။”
အလှည့်မရောက်သေးသည့်ကျောင်းသားများက သိချင်သွားကြလေသည်။ “တကယ်ကြီး အဲ့လောက်တောင် အရသာရှိတာလား။”
“ဒါပေါ့၊ ဒါက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲ။”
…..
ထိပ်တန်းကျောင်းသား ရှောင်လင်းယဲ့တစ်ယောက် ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ’ဆိုင်မှ အသီးအရွက်များကို အလကားပေးနေသည့်သတင်းမှာ ကျောင်းသားများတင်မကဘဲ ဆရာများ၏အာရုံကိုပါ ဆွဲဆောင်သွားခဲ့လေသည်။
ဆရာများသည်လည်း ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ’ဆိုင်အကြောင်း ကြားဖူးကြပေမယ့် ထိုဆိုင်ကို ရှောင်လင်းယဲ့၏မိသားစုက ဖွင့်ထားမှန်းကိုတော့ ဘယ်သူမှ မသိခဲ့ကြပေ။
သူတို့က ဒီအသီးအရွက်တွေကို အလကားပေးနေတာဆိုတော့ သူတို့လည်း မြည်းကြည့်ချင်တာပေါ့။ သို့ပေမယ့် ရှောင်လင်းယဲ့သည် အလကားပေးမည့်အသီးအရွက်များမှာ တတိယနှစ်ကျောင်းသားများအတွက်သာဖြစ်ကြောင်း အတိအလင်းကြေညာထားလေသည်။ ဒါကြောင့် ဆရာများမှာ ဘေးတွင်သာရပ်ကြည့်ရင်း တံတွေးမြိုချနိုင်လေသည်။
ကျောင်းသားများက အသီးအနှံများ ဘယ်လောက်အရသာရှိကြောင်း ထပ်တလဲလဲပြောနေကြာချိန်မှာတော့ ဆရာများ၏ဗိုက်ထဲမှပင် အသံများမြည်လာတော့သည်။
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ။” ရုတ်တရက် ခပ်မာမာအသံတစ်ခုကို အားလုံး ကြားလိုက်ရလေသည်။ “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက မနက်ဖြန်ဆိုပဲ ဖြေရပြီလေ။ မင်းတို့တွေက စာလုပ်ရင်လုပ် မဟုတ်လည်း အိမ်မှာ နားနေမယ့်အစား ဘာကိစ္စ ကွင်းထဲမှာ စုနေကြတာလဲ။”
နဂိုဆူညံနေသည့်နေရာမှာ ချက်ချင်းဆိုသလို တိတ်ကျသွားတော့သည်။
ကျောင်းသားများက အသစ်ရောက်ရှိလာသည့်လူအတွက် လမ်းများပင် ဖယ်ပေးကြလေသည်။ ထိုလူမှာ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ကာ မျက်မှန်အနက်တစ်လက်ကိုတပ်ထားလေသည်။ သူသည် ခန္ဓာကိုယ်အချိုးအစားအလယ်အလတ်ခန့်ဖြစ်ကာ မျက်နှာကတော့ ခပ်တည်တည်ဖြင့်ပင်။
ထိုလူကတော့ တတိယနှစ်၏ဒါရိုက်တာ ချိုးကျုံးဟွာဖြစ်လေသည်။
“ဒါရိုက်တာချိုး!” ကျောင်းသားများက ချက်ချင်းပင် ထိုလူကို တုန်လှုပ်ခြောက်ခြားစွာဖြင့် နှုတ်ဆက်လိုက်ကြလေသည်။ သူတို့ ထိုခပ်တည်တည်နှင့်ဆရာကို ကြောက်ကြလေသည်။
ချိုးကျုံးဟွာက ကျောင်းသားများကိုဖြတ်လျှောက်လာခဲ့သည်။ သူက သူ့ရှေ့ရှိ အသီးအနှံပုံးများကိုမြင်ပြီးနောက်မှာတော့ သူ့မျက်နှာက ချက်ချင်းပင် မဲမှောင်သွားတော့သည်။ “ဒါဘာတွေဖြစ်နေတာလဲ ပြောစမ်းပါဦး။”
ဒါရိုက်တာတစ်ယောက်ဖြစ်တာကြောင့် သူသည် သူ့ကျောင်းသားနှင့်ဝန်ထမ်းများအပေါ် တခါတရံအလွန်စည်းကမ်းတင်းကြပ်ပေးရလေသည်။ ဒါကြောင့် လူတွေနှင့်မရင်းနှီးတာကြောင့် အဖြေပေးမည့်သူ တစ်ယောက်မှ မရှိနေခဲ့ပေ။
ရှောင်လင်းယဲ့က ဖြေလိုက်လေသည်။ “ဒါရိုက်တာချိုး၊ ကျွန်တော် ကျွန်တော့်အတန်းဖော်တွေကို မနက်ဖြန်စာမေးပွဲအတွက် အားအင်ပြည့်ပြည့်နဲ့ စာကြည့်နိုင်အောင် အသီးတွေဝေပေးနေတာပါ။”
ချိုးကျုံးဟွာ၏အကြည့်စူးစူးတို့က သူ့ရှေ့ရှိအသီးအရွက်ပုံးများကို တစ်ချက်ကြည့်ပြီးနောက် ရှောင်လင်းယဲ့ကိုကြည့်လိုက်ကာ အလွန်တင်းမာသည့်လေသံဖြင့် ပြောလာလေသည်။ “ရှောင်လင်းယဲ့၊ မင်းရဲ့ရလဒ်တွေကောင်းနေတာနဲ့ပဲ အရမ်းဂုဏ်ယူနေနိုင်မယ်မထင်နဲ့။ စာမေးပွဲမတိုင်ခင်တစ်ရက်မှာ ကျောင်းကိုလာပြီး အသီးအရွက်တွေရောင်းနေရအောင် မင်းတော်တော်အားနေလား။ ပြီးတော့ ဒီအသီးတွေက အစိမ်းတွေမဟုတ်လား။ ရေရော ဆေးထားရဲ့လား။ ဒါတွေစားပြီး တခြားကျောင်းသားတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ မင်းတာဝန်ယူမှာလား။”
ရှောင်လင်းယဲ့ပြန်မဖြေနိုင်သေးခင်မှာပဲ ချိုးကျုံးဟွာက ဖေဖေရှောင်၊ မေမေရှောင်နှင့် ရှောင်လင်းယွီတို့ကို ကြည့်လိုက်လေသည်။ သူ ရှောင်လင်းယွီကို ကြည့်မိသွားချိန်တွင်တော့ မျက်လုံးများကျဉ်းမြောင်းသွားကာ အနည်းငယ်နားမလည်နိုင်သည့်အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ “နေပါဦး၊ မင်းက…”
ဒီကောင်မလေးကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ။ ထို့နောက် သူက ခန့်မှန်းမိသွားကာ၊ “ငါမှတ်မိပြီ။ မင်းက ရှောင်လင်းယွီပဲ။”
သူတို့ဒါရိုက်တာသည် ရှောင်လင်းယွီကို သိနေတာကြောင့် ကျောင်းသားများ အံ့ဩသွားကြလေသည်။
“မင်းက ရှောင်လင်းယွီ 99ခုနှစ်အတန်းက ထိပ်တန်းကျောင်းသူမဟုတ်လား။”ချိုးကျုံးဟွာက မေးလိုက်သည်။
‘ထိပ်တန်းကျောင်းသား ရှောင်လင်းယဲ့မှာ ထိပ်တန်းကျောင်းသူအစ်မပါရှိသေးတာလား။ ဒီမိသားစုရဲ့မျိုးရိုးဗီဇက ဘယ်လိုလုပ်များ ဒီလောက်ကောင်းရတာလဲ။’
‘ရှောင်လင်းယဲ့ရဲ့ အခုရလဒ်တွေအတိုင်းသာ သူ နောက်ဆုံးစာမေးပွဲမှာလည်း ပုံမှန်လို ဖြေနိုင်ရင် နောက်ထပ်ခရိုင်အဆင့်ထိပ်တန်းကျောင်းသား ဖြစ်လာမှာပဲ။ တစ်မိသားစုထဲကနေ ထိပ်တန်းကျောင်းသားနှစ်ယောက်ထွက်တယ်… တကယ်ကို အားကျစရာကောင်းတာပဲ။’
ရှောင်လင်းယွီသည် ချိုးကျုံးဟွာကို အနည်းငယ်ခါးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။
“ချိုးလောင်ရှီး၊ ဟုတ်ပါတယ်၊ ကျွန်မ ရှောင်လင်းယွီပါ။”
***