← Chapters

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ

Vol. 12 Ch. 202

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ

Vol. 12 Ch. 202

“ချိုးလောင်ရှီး၊ ကျွန်မ ရှောင်လင်းယွီပါ။” ရှောင်လင်းယွီသည် သူမ၏ဆရာဟောင်းကိုမြင်သည်နှင့် တလေးတစား တရိုတသေ နှုတ်ဆက်လိုက်လေသည်။ “ဆရာ့ဆီ အတော်ကြာအောင် လာမတွေ့မိတာ ကျွန်မအမှားပါ။”

ချိုးကျုံးဟွာ၏တည်တင်းနေသည့်မျက်နှာထက် ရှားရှားပါးပါးအပြုံးတစ်ပွင့်ပေါ်လို့လာသည်။ ထို့နောက် သူက ပုံမှန်အတိုင်း ခပ်တည်တည်ပုံစံနှင့် မကျေနပ်နေသလို ဟန်ဆောင်လိုက်ပြန်သည်။ “ဒါပေါ့ ကိုယ့်အတန်းပိုင်ဆရာဆီကိုတောင် ပြန်လာမလည်တာ တကယ်ကို မှားတာပဲ။”

“တောင်းပန်ပါတယ်၊ ဆရာ။” ရှောင်လင်းယွီ တောင်းပန်လိုက်သည်။ “နောက်ဆို ဆရာ့ဆီ သေချာပေါက် လာလည်ပါ့မယ်။”

“ဒီလိုမှပေါ့။” ချိုးကျုံးဟွာ ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်လို့သွားလေသည်။

ရှောင်လင်းယွီနှင့် ချိုးလောင်ရှီးတို့ကြား စကားပြောဆိုနေပုံက ကျန်ရှိနေသည့် ဆရာအားလုံးနှင့် ကျောင်းသားများကို ထိတ်လန့်အံ့ဩသွားစေခဲ့သည်။

သေစမ်း၊ ဒါရိုက်တာချိုး ဒီလောက်ညင်ညင်သာသာပြောတတ်လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ ဒါနဲ့နေပါဦး။ သူတို့ပြောပုံအရဆိုရင် ရှောင်လင်းယွီက ဒါရိုက်တာချိုးရဲ့တပည့်ဖြစ်ခဲ့တဲ့ပုံပဲ။ တကယ်သာအမှန်ဆို အထက်တန်းသုံးနှစ်လုံး ရှောင်လင်းယွီ ဘယ်လိုလုပ်များ ဒါရိုက်တာချိုးရဲ့လက်ထဲက အောငအောင်မြင်မြင်မြင် ရှင်သန်နိုင်ခဲ့တာပါလိမ့်။ ဒါရိုက်တာချိုးသည် ကျောင်းသားများ၊ လက်အောက်ငယ်သားများနှင့်သာမက သူ့လုပ်ဖော်ကိုင်ဖက်နှင့် အထက်အရာရှိများကြားတွင် စည်းကမ်းတင်းကြပ်လွန်းသူအဖြစ် နာမည်ကြီးသူဖြစ်သည်။

ဒါရိုက်တာချိုးတစ်ယောက် သူ၏ထိပ်တန်းကျောင်းသားဟောင်းနှင့် ပြန်လည်တွေ့ဆုံရခြင်းကြောင့် စိတ်အခြေအနေကောင်းနေလေသည်။ ရှောင်လင်းယွီသည် သူ၏အတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်ရုံတင်မကဘဲ လိမ္မာသည့်ကလေးတစ်ယောက်လည်းဖြစ်သည်။ ဒါကြောင့် သူမကို သုံးနှစ်တာသင်ကြားပေးပြီးနောက်မှာပင် စွဲမြဲစွာ အမှတ်ရနေခဲ့ခြင်းဖြစ်လေသည်။

ဒါပေမယ့်…

ချိုးကျုံးဟွာသည် ရှောင်လင်းယွီနှင့်ရှောင်လင်းယဲ့တို့ရှေ့မှ အသီးအရွက်ပုံးများကို ကြည့်လိုက်မိသည်။ ဒါရိုက်တာချိုးသည် အသီးအရွက်များကိုကြည့်ကာ စိတ်ရှုပ်နေပြီး ယခင်အတိုင်း ခပ်တင်းတင်းအမူအရာဖြင့် မေးလိုက်လေသည်။ “ရှောင်လင်းယွီ၊ မင်းဘာတွေလုပ်နေတာလဲ။ ဘာလို့ ကိုယ့်ဂျူနီယာတွေကို အစိမ်းတွေစားခိုင်းနေတာလဲ။ မနက်ဖြန်စာမေးပွဲက အရမ်းအရေးကြီးတယ်ဆိုတာ မင်းမသိဘူးလား။ ငါတို့တွေ ဘယ်လိုမတော်တဆမှုမျိုးမှ အဖြစ်ခံလို့မဖြစ်ဘူးလေ။ ဒီစာမေးပွဲက သူတို့အတွက် အရမ်းအရေးကြီးတယ်။”

ရှောင်လင်းယဲ့က ဝင်ရှင်းပြပေးချင်ပေမယ့် ရှောင်လင်းယွီက သူမမောင်၏ပခုံးကို အသာပုတ်လိုက်ကာ ဒါရိုက်တာချိုး၏အမေးကို သူမကိုယ်တိုင်ပဲ အလေးအနက် ရှင်းပြပေးခဲ့သည်။

“ချိုးလောင်ရှီး၊ အရမ်းမစိုးရိမ်ပါနဲ့။ အမှတ်တစ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကျွန်မဂျူနီယာတွေကို ထိခိုက်အောင် မလုပ်ပါဘူး။”

ထို့နောက် သူမက အသီးတစ်လုံးကို ကုန်းယူဖို့ ပြင်လိုက်ရာ မေမေရှောင်က ချက်ချင်းပင် သူမကို တားလိုက်ပြီး ခရမ်းချဉ်သီးတစ်လုံးကိုယူ၍ ချိုးကျုံးဟွာလက်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူမက ရိုသေလေးစားသည့်အသံဖြင့် ပြောလိုက်သည်။ “ချိုးလောင်ရှီး မင်္ဂလာပါ။ ကျွန်မက ရှောင်လင်းယွီရဲ့အမေ ချန်ချိုးယင်းပါ။ ကျွန်မကို မှတ်မိသေးလား။”

“ရှောင်မားလား?” ချိုးကျုံးဟွာလည်း မှတ်မိတာကြောင့် ခေါင်းညိတ်လိုက်သည်။ “မှတ်မိတာပေါ့၊ မင်္ဂလာပါ ရှောင်မား။”

ရှောင်လင်းယွီသည် သူတို့ကျောင်းတွင် အထူးချွန်ဆုံးကျောင်းသူတစ်ယောက်ဖြစ်တာကြောင့် မကြာခဏဆိုသလို ကျောင်းစင်မြင့်ထက်တွင် စကားပြောရသည်များရှိလေသည်။ သူမမိဘတွေတောင်မှ သူတို့ကလေးတွေ၏ပညာရေးကို ဘယ်လိုသင်ပြပေးလဲဆိုသည့် အတွေ့အကြုံများကို မျှဝေရန်အတွက် ကျောင်းသို့ ဖိတ်ကြားခံရတတ်သည်။ ချိုးကျုံးဟွာသည် မေမေရှောင်အပေါ် ကောင်းမွန်သည့်ထင်မြင်ချက်ရှိလေသည်။

မေမေရှောင်က ပြုံးလျက်၊ “တောင်းပန်ပါတယ် ချိုးလောင်ရှီး။ ဒီကလေးတွေ ဆရာ့ကို ဒုက္ခပေးမိပြီ။ ကျွန်မကပဲ တောင်းပန်ပါရစေ။ ဒီမှာ .. ဒီခရမ်းချဉ်သီးလေး မြည်းကြည့်ပါဦး။”

မေမေရှောင်သည် ခရမ်းချဉ်သီးကိုတန်းပေးလိုက်လေသည်။ ဤသည်မှာ ကျောင်းသားတစ်ယောက်၏မိဘထံမှ လက်ဆောင်ဖြစ်တာကြောင့် ငြင်းလို့မကောင်းကြောင်း ချိုးကျုံးဟွာ ခံစားရသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်မှာတော့ သူလက်ခံလိုက်ပါသော်လည်း စားတော့မစားသေးဘဲ ပြန်မေးလိုက်လေသည်။ “ရှောင်မား၊ ဒါတွေအားလုံးနဲ့ ဘာလုပ်တာလဲ။” ထို့နောက် သူက လေးနက်စွာပြောလိုက်သည်။ “ရှောင်မား၊ ကျွန်တော်တို့တွေ အပြင်လူတွေကို ကျောင်းထဲမှာ ဆိုင်ခန်းထိုးခွင့်မပြုထားဘူးဆိုပေမယ့်…”

“ဒါရိုက်တာချိုး၊ ဒါတွေက ရောင်းနေတာမဟုတ်ပါဘူး။ အလကားပေးနေတာပါ။” ရှောင်လင်းယဲ့၏အတန်းပိုင်ဆရာက ဝင်ရောက်ကာကွယ်ပေးလေသည်။ “ဒါရိုက်တာချိုး၊ ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များဆိုင်’ကို ကြားဖူးလား”

“‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များဆိုင်’?” ချိုးကျုံးဟွာ ဘာမှမပြောနိုင်ခဲ့ပေ။ သူ့တွင် အပေါင်းအသင်းမရှိပေ။ သူရောက်လာသည်နှင့် နဂိုစကားပြောနေသည့်လူများပင် တိတ်ဆိတ်သွားတတ်ကြလေသည်။

“ဟုတ်ပါတယ်။” အတန်းပိုင်ဆရာ ယင်းလောင်ရှီးက ရှင်းပြပေးလာသည်။ “သူတို့က အထူးဟင်းသီးဟင်းရွက်တွေကို တင်တာပါ။ ကျောင်းသားတိုင်းရဲ့မိဘတွေဆို အဲ့ဒီအသီးအရွက်တွေကိုရဖို့ ရန်တောင်ဖြစ်နေရတယ်။”

“အထူးဟင်းသီးဟင်းရွက်တွေ? ဘာကိုဆိုလိုတာလဲ။” ချိုးကျုံးဟွာ နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။ “ဟင်းသီးဟင်းရွက်တွေအားလုံး အတူတူတွေချည်းပဲမဟုတ်ဘူးလား။”

“ချိုးလောင်ရှီး၊ ဒီခရမ်းချဉ်သီးကို မြည်းကြည့်ပြီး အဖြေရှာကြည့်လိုက်ပါလား။” ရှောင်လင်းယွီက အကြံပေးလိုက်သည်။ စကားနှင့်ပြောနေခြင်းထက် လက်တွေ့စမ်းခိုင်းလိုက်သည်က ပိုထိရောက်ပေသည်။

ဒါရိုက်တာချိုးလည်း သူသဘောကျရသည့်တပည့်လေးကို မျက်နှာသာပေးရတော့သည်။ ထို့သို့ဖြင့် ခရမ်းချဉ်သီးကိုကြည့်ကာ သံသယများဖြင့် ပါးစပ်ထဲသို့ထည့်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူ၏တည်တင်းနေသည့်အမူအရာက ထိတ်လန့်နေသည့်အမူအရာသို့ ပြောင်းလဲသွားလေသည်။ ထို့နောက် သူက မယုံကြည်နိုင်သည့်အကြည့်ဖြင့်ဖြင့် ဆက်တိုက်ဝါးနေမိတော့သည်။

မေမေရှောင်သည် တခြားဆရာများကိုလည်းမြင်တာကြောင့် သူတို့ကိုလည်း နှုတ်ဆက်လိုက်ကာ၊ “ကျေးဇူးပြုပြီး နည်းနည်းလောက် ယူမြည်းကြည့်ကြပါဦး။” ထို့နောက် သူမက ဆရာများကိုလည်း ခရမ်းချဉ်သီးနှင့်သခွားသီးအချို့ကို လှမ်းပေးလိုက်လေသည်။

ဆရာများက တွန့်ဆုတ်နေကြသော်လည်း နောက်ဆုံးမှာတော့ လတ်ဆတ်သောအသီးများ၏ဆွဲဆောင်မှုကို မခံနိုင်တော့ဘဲ မေမေရှောင်ထံမှ လှမ်းယူကာ ချက်ချင်းမဆိုင်း ပါးစပ်ထဲသို့ ကောက်ထည့်လိုက်ကြတော့သည်။

“ဝိုး၊ ဒါ ငါ ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များဆိုင်’ရဲ့ အသီးအရွက်တွေကို ပထမဆုံးမြည်းဖူးတာပဲ။ တကယ်ကို အရသာရှိတယ်။”

“အတူတူပဲ။ ငါ့ဇနီးဆို အခေါက်ခေါက်အခါခါသွားဖူးပေမယ့် အမြဲတမ်း ရောင်းကုန်သွားတာနဲ့ပဲ တိုးတယ်လေ။ ဒီနေ့ ဒီလိုမျိုး မြည်းစမ်းနိုင်မယ့် အခွင့်အရေးရလာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။”

ဒါရိုက်တာချိုးသည် ခရမ်းချဉ်သီးကိုဝါးပြီးနောက် မြိုချလိုက်သည်နှင့် နွေးထွေးသည့်စီးကြောင်းတစ်ခုက သူ့ရင်ထဲကို ဖြတ်စီးသွားသည်ကို ခံစားလိုက်ရလေသည်။ ခရမ်းချဉ်သီးသည် ချိုမွှေးသည့်ရနံ့ကလည်း သူ့ပါးစပ်ကနေပြီး နှာခေါင်းဆီသို့ ပျံ့လွင့်လာခဲ့သည်။ သူ့စိတ်က ကြည်လင်လာကာ စိတ်ဝိညာဉ်က တက်ကြွလာခဲ့သည်။

ခရမ်းချဉ်သီး၏မယုံနိုင်လောက်စရာ အကျိုးသက်ရောက်မှုကြောင့် အံ့ဩထိတ်လန့်နေမိတော့သည်။ နောက်ဆုံးတော့ ရှောင်လင်းယွီက ဘာလို့များ ဒီပစ္စည်းတွေကို အလကားဖြန့်ဝေပေးနေရလဲဆိုသည်အား နားလည်သွားတော့သည်။ သို့ပေမယ့် သူ့မျက်လုံးများထဲတွင်တော့ စိုးရိမ်စိတ်များရှိနေတုန်းပင်။ ဘာပဲဖြစ်ဖြစ် သူ ဘာကိုမှတော့ ထပ်မပြောနိုင်တော့ပေ။ “ကျောင်းအတွက် လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ဟုသာ ခပ်ဖွဖွပြောလိုက်နိုင်လေသည်။

ရှောင်လင်းယွီက ခေါင်းအသာယမ်းလိုက်ကာ၊ “ကျွန်မလည်း ကျွန်မတို့ကျောင်းကနေ နောက်ထပ် အရည်အချင်းရှိတဲ့ကျောင်းသားတွေအများကြီး မွေးထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဒါရိုက်တာချိုးလည်း ကျေနပ်ကာ ခေါင်းတညိတ်ညိတ်ဖြင့် လှည့်ထွက်သွားလေသည်။

ချက်ချင်းဆိုသလို မေမေရှောင်က ခရမ်းချဉ်သီး၊ သခွားသီး၊ မုန်လာဥနီနှင့် မုန်လာဥဖြူ အနည်းငယ်စီထည့်ကာ ဒါရိုက်တာချိုးလက်ထဲ သွားထည့်ပေးလိုက်သည်။ “ချိုးလောင်ရှီး၊ ဒီနှစ်တွေအတွင်း ဆရာ့ဆီ လာမလည်မိတာ ကျွန်မ သမီး အမှားပါ။ သူ့ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါရစေ။ ကျေးဇူးပြုပြီး ဒါလေးတွေ လက်ခံပေးပါနော်။ ကျွန်မတို့ အချိန်ရှိတာနဲ့ ဆရာ့ဆီ ကလေးတွေကို ခေါ်ပြီး သေချာ လာတောင်းပန်ပါဦးမယ်။”

ချိုးကျုံးဟွာက ဘေးနားရှိ သူ့ကို အာရုံစိုက်ကြည့်နေကြသော ကျောင်းသားများကို တစ်ချက်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းစွန်းတို့သာ မသိမသာ ကွေးတက်လို့သွားကာ၊ “ရှောင်မား၊ ဒါတွေကို ကျောင်းသားတွေအတွက်ပဲထားလိုက်ပါ။ နောက်မှ မင်းတို့ဆိုင်ကို ငါလာလည်ပါ့မယ်။”

ရှောင်လင်းယွီနှင့် သူမမိသားစုက ဤအသီးအရွက်များကို ကျောင်းသားများအတွက် ယူလာပေးခြင်းမှန်း ဒါရိုက်တာချိုးသိလေသည်။ ဒါကြောင့် ဘယ်လိုလုပ်များ သူက ယူနိုင်မှာလဲ။

“ဒါပေမယ့်…”

ထိုအချိန်မှာပဲ ရှောင်လင်းယွီက ရောက်လာကာ၊ “အမေ၊ သမီးနောက်မှ ချိုးလောင်ရှီးဆီသွားလည်ရင်း အသီးအရွက်တွေ ပိုယူသွားပေးလိုက်ပါ့မယ်။” ချိုးကျုံးဟွာ၏ရည်ရွယ်ချက်ကို သူမ နားလည်ပေသည်။ သုံးနှစ်တာလုံး သူ့ကျောင်းသူဖြစ်ခဲ့ရတာကြောင့် ချိုးလောင်ရှီးသည် အပြင်ဘက်တွင် မာထန်ပုံပေါ်သော်လည်း အတွင်းစိတ်နူးညံ့မှန်း ရှောင်လင်းယွီ သိသည်။ သူ့ကျောင်းသားတွေအတွက်သာဆိုလျှင် ချိုးလောင်ရှီးသည် ဘာမဆို လုပ်ပေးမည့်သူပင်။

ချိုးကျုံးဟွာထွက်သွားပြီးနောက် တခြားဆရာတော်တော်များများလည်း ထွက်သွားခဲ့ကြသည်။

သူတို့လည်း အသီးအရွက်တွေကို မြည်းကြည့်ဖူးသွားပြီဖြစ်တာကြောင့် လုံလောက်သွားပေပြီ။ သူတို့သာ ဆက်နေမိလျှင် ကျောင်းသားတွေဆီကနေပါ လုမိနိုင်သည်ဟု ခံစားမိ၍လည်းဖြစ်ပေသည်။

ကျောင်းသားများ၏မိဘများက စေတနာနှင့်ပေးဝေနေခြင်းဖြစ်တာကြောင့် ဆရာတွေအနေနှင့် သူတို့လမ်းမှာ ပိတ်မနေသင့်ပေ။

ချိုးကျုံးဟွာ ပြန်ထွက်သွားသည်ကို ကျောင်းသားတော်တော်များများမြင်ပြီးနောက် ပထမဆုံးအကြိမ်အနေနှင့် သူတို့၏ဒါရိုက်တာချိုးသည် အရမ်းကြီးမခက်ထန်ပါဘူးဟု ခံစားမိသွားကာ ရင်ထဲထိသွားကြလေသည်။

“ဒီတော့ ဒါရိုက်တာချိုးမှာလည်း လူသားဆန်တဲ့ဘက်ခြမ်းလေးရှိတာပေါ့။”

“မင်းမြင်လိုက်လား။ ဒါရိုက်တာချိုးက လင်းယဲ့ရဲ့အစ်မနဲ့ စကားပြောနေတုန်းက တကယ်ကြီး ပြုံးနေတာဟ။”

“ဟုတ်ပါ့၊ အံ့ဩစရာကြီး။ ဒါရိုက်တာချိုးမျက်နှာမှာ အပြုံးမြင်ရမယ်လို့ ထင်တောင် မထင်ဖူးဘူး။”

“ပြီးတော့ ဒါရိုက်တာချိုးပြောတာကြားသေးလား။ အစ်မရှောင်လင်းယွီက ၉၉ခုနှစ်အတန်းရဲ့ ထိပ်ဆုံးကျောင်းသူတဲ့။”

“ရှောင်လင်းယဲ့ရဲ့အမှတ်တွေကလည်းကောင်းတယ်။ သူသာ ပုံမှန်လိုပဲ ဖြေသွားနိုင်သ၍ ငါတို့အတန်းရဲ့ထိပ်တန်းကျောင်းသားဖြစ်လာနိုင်တယ်။”

“တစ်မိသားစုထဲကနေ ထိပ်တန်းကျောင်းသားနှစ်ယောက်ထွက်တယ်။ ဒီမိသားစု ဘယ်လိုများလုပ်တာလဲပဲ။”

ဆရာမားထွက်သွားပြီးနောက် ကျောင်းသားများသည်လည်း ယခင် တက်ကြွဆူညံနေသည့်အနေအထားသို့ ပြန်လည်ရောက်ရှိလာတော့သည်။ သူတို့က တန်းစီကာ သူတို့ဝေစုကို ယူကြလေသည်။ ယခင်လိုပဲ အများစုကတော့ ခရမ်းချဉ်သီး၊ သခွားသီးနှင့် မုန်လာဥနီကိုသာ ယူကြတုန်းပင်။

“အာ… မုန်လာဥဖြူတွေပဲ ကျန်တော့တာလား။” အတန်းနောက်တွင်စီနေသည့်ကျောင်းသားတစ်ယောက်များအတွက် ရွေးချယ်စရာမကျန်တော့ပေ။

“ငါကြားဖူးတာတော့ မုန်လာဥဖြူတွေကိုလည်း အစိမ်းစားလို့ရတယ်တဲ့။ အဲ့ဒါတွေကလည်း ချိုတယ်လို့ပြောတယ်။”

“ဒါပေမယ့် မင်းအရင်က တကယ်ရော စမ်းစားကြည့်ဖူးလို့လား။”

“အရသာကောင်းရင်ကောင်းလောက်မှာပါ။ ဒီလောက်ဖြူဖွေးပြီး ထွားကြိုးနေတာ။ တစ်လုံးလောက်စားရုံနဲ့ ဗိုက်ပြည့်သွားလောက်တယ်။”

“ဝိုး… ဒီမုန်လာဥဖြူက ဘာလို့ဒီလောက်တောင် ချိုရတာလဲ။ ပြီးတော့ ကြွပ်ရွနေတာပဲ။”

ကျောင်းသားများသည် မုန်လာဥဖြူကို ကိုက်ကြည့်ပြီးနောက် အံ့ဩကုန်ကြလေသည်။

“ဒီမုန်လာဥဖြူက တကယ်ကိုအရသာရှိတာပဲ။ ချိုပြီးအရည်ရွှမ်းနေရော။”

ထို့နောက် တခြားကျောင်းသားများသည်လည်း မုန်လာဥဖြူကို ရွေးဖို့ တွန့်ဆုတ်မနေကြတော့ပေ။ ဒါက သူတို့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မုန်လာဥဖြူအစိမ်းက အရသာရှိကြောင်း သိလိုက်ရခြင်းဖြစ်လေသည်။

“ဒီမုန်လာဥဖြူတွေက မတူလောက်ကြောင်းသိသားပဲ။ မဟုတ်ရင် အစ်မရှောင်လင်းယွီက ဘယ်ယူလာပါ့မလဲ။”

“မင်းပဲ အစောတုန်းက ရွေးစရာမရှိတော့ဘူးဆိုပြီး ညည်းညူနေတာလေ။ ဘယ်လိုတောင် မျက်နှာပြောင်ရတာလဲ။ ဟဟ…”

……

နောက်တစ်နေ့တွင်တော့ ဆိုင်သို့ ကျောင်းသားများစွာ၏မိဘများ ရောက်လာခဲ့ကြသည်။

သူတို့ ရှောင်လင်းယွီကိုမြင်သည်နှင့်၊ “ဘော့စ်ရှောင်၊ မနေ့တုန်းက ကျောင်းမှာ မင်း ခရမ်းချဉ်သီးနဲ့သခွားသီးတွေ အလကားပေးတယ်လို့ ငါ့ကလေးပြောတယ်။ သူပြောတာတော့ သူ့ဘဝမှာ တကယ်မှာ အဲ့လောက် အားအင်မပြည့်ဖူးဘူးတဲ့။ ဒီတစ်ခေါက်စာမေးပွဲမှာ အမှတ်ကောင်းကောင်းရစေရမယ်လို့တောင် ကတိပေးသွားတယ်။ ဘော့စ်ရှောင်၊ ကျေးဇူးအရမ်းတင်တာပဲ။”

“ဘော့စ်ရှောင်၊ ငါ မင်းရဲ့ကာစတန်မာဖြစ်နေတာ တော်တောကြပြီ။ ဒါပေမယ့် မင်းက ငါတို့ရဲ့ထိပ်တန်းကျောင်းသား ရှောင်လင်းယဲ့ရဲ့အစ်မဖြစ်နေမယ်လို့ မထင်ထားဘူး။ ငါ့ကလေးကလည်း မင်းမနေ့တုန်းက အလကားဝေပေးတဲ့အသီးတွေရတယ်လေ။ ငါသူ့ကို စာမေးပွဲခန်းထဲလိုက်ပို့ပြီးတာနဲ့ မင်းကိုကျေးဇူးတင်ရအောင် ဝင်လာခဲ့တာ။”

“ငါရောပဲ။ ငါ့ကလေးဆိုလည်း မင်းရဲ့အကူအညီကြောင့် အရမ်းကျေးဇူးတင်နေတာ။” မိဘတစ်ယောက် ပြောလာခဲ့သည်။ “သူသာ တကယ်ပဲ အမှတ်ကောင်းကောင်းရလာရင် မင်းကို နောက်တစ်ခေါက် ထပ်ပြီး ကျေးဇူးလာတင်ဦးမယ်။”

မိဘများသည် သူတို့ကလေးများကို စာမေးပွဲခန်းသို့ လိုက်ပို့ပြီးနောက် ရှောင်လင်းယွီကို ကျေးဇူးတင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုမိဘအများစုသည် ရှောင်လင်းယွီ၏ဆိုင်တွင် ယခင်က မဝယ်ယူခဲ့ဖူးကြဘဲ သူတို့ကလေးတွေကနေတဆင့် သိလာကြခြင်းဖြစ်သည်။

ရှောင်လင်းယွီလည်း ပြုံးလိုက်ကာ၊ “ဦးလေးတို့ ဒေါ်လေးတို့။ ကျောင်းသားတွေ စာမေးပွဲကောင်းကောင်းဖြေနိုင်တယ်ဆိုတာ သူတို့ ကြိုးစားခဲ့ကြလို့ပါ။ သူတို့ကိုယ်တိုင် ကြိုးစားထားတာ ကျွန်မနဲ့မဆိုင်ဘူးလေ။ ကျွန်မကို ကျေးဇူးတင်ဖို့မလိုပါဘူး။”

“ဒါပေမယ့် ငါ့ကလေးအကြောင်းငါသိတာပေါ့။ သူမနေ့တုန်းက ပြန်လာတုန်းက စာထဲ အရမ်းကို အာရုံစိုက်နေတာ။ လုံးဝ တခြားလူတစ်ယောက်လို့ပြောင်းလဲသွားတာ။ ငါ မေးကြည့်လိုက်တော့ မင်းရဲ့အသီးတွေကြောင့်လို့ပြောတယ်လေ။”

“ဟုတ်တယ်။ ငါ့ကလေးလည်း အတူတူပဲ။”

“တကယ်ကို အားလုံးရဲ့ကျေးဇူးတင်တာနဲ့ မထိုက်တန်လှပါဘူး။” ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူတို့ကို သတိပေးလိုက်လေသည်။ “ဦးလေးတို့ ဒေါ်လေးတို့ကို၊ တောင်းပန်ပေမယ့် ကျွန်မ အခု ဆိုင်လေးဖွင့်ရတော့မယ်။”

“အိုး… ဟုတ်သား.. ငါလည်း မင်းဆီက အသီးအရွက်တွေ ပိုဝယ်သွားရဦးမှာပဲ။”

“ငါရောပဲ။”

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ အသီးအရွက်နည်းနည်းလောက် မရရအောင် ဆွဲနိုင်မှဖြစ်မယ်။

ဆိုင်တွင် ဝယ်ယူနှုန်းကိုကန့်သတ်ထားသော်လည်း ဆိုင်ထဲတွင်သာ အစုံအလင်ဝယ်လို့ရနိုင်တာကြောင့် ပိုမိုများပြားတဲ့ကာစတန်မာတွေက တိုးလာနေတုန်းပင်။

ဖေဖေရှောင်သည် ဆိုင်သို့ ကူညီရန်ရောက်နေခဲ့ကာ မေမေရှောင်ကတော့ အိမ်တွင် ချက်ပြုတ်နေလေသည်။

သူတို့သား၏စာမေးပွဲအတွက် အများကြီးလုပ်ပေးနိုင်တာမရှိတာကြောင့် သူတို့သားအတွက် အာဟာရအပြည့်ဝဆုံးဖြစ်နေရန် လုပ်နိုင်တာလေးသာ လုပ်နေရခြင်းဖြစ်သည်။

ရှောင်လင်းယွီသည်လည်း စမ်းရေနည်းနည်းထုတ်ကာ ရှောင်လင်းယဲ့ကို တိုက်ပေးလေသည်။ သန့်စင်သည့်စမ်းရေက ရှောင်လင်းယဲ့၏စိတ်ကို တက်ကြွလန်းဆန်းနေစေလိမ့်မည်။

ရှောင်လင်းယဲ့သည် ပုံမှန်ဆိုလည်း စာအလွန်ကြိုးစားသည့်ကျောင်းသားတစ်ယောက် ဖြစ်တာကြောင့် စမ်းရေသည် သူ့ပုံမှန်စွမ်းရည်ကို တိုးမြှင့်ပေးလိုက်ရုံသာဖြစ်လေသည်။

***

All Chapters