ကျန်းထောင်၏ကံတရား (Trigger Warning)
Vol. 12 Ch. 203
Imperial Palace လုပ်ငန်းစု၏ စီအီးအိုရုံးခန်းထဲတွင်…
ကျန်းထောင်တစ်ယောက် ကုန်းထျန်းဟောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လို့နေကာ မျက်နှာအမူအရာကတော့ အနည်းငယ်ကြည့်ရဆိုးနေလေသည်။
ထိုအချိန်မှာပဲ ရုံးဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦးက ကော်ဖီပန်းကန်ယူလာကာ ကျန်းထောင်ရှေ့တွင်ချပေးရင်း ယဉ်ကျေးစွာ ပြောလိုက်လေသည်။ “သခင်လေးကျန်း၊ ကော်ဖီသုံးဆောင်ပါဦး။” ထို့နောက် သူမက ပြန်ထွက်သွားလေသည်။
ကုန်းထျန်းဟောက်သည်တော့ သူ့ရှေ့ရှိ ဘောပင်တစ်ချောင်းကို ကိုင်လှည့်နေကာ မျက်ခုံးအသာပင့်လျက် အပြုံးမမည်သည့်အပြုံးတစ်ပွင့်ဖြင့် စမေးလိုက်လေသည်။ “ဒီတော့ မင်း သိပြီးသွားပြီပေါ့။”
ကျန်းထောင် အနည်းငယ်ပြောစရာစကားမဲ့သွားလေသည်။ သူက ကုန်းထျန်းဟောက်ကို ခပ်ပြတ်ပြတ်ပြန်မေးလိုက်လေသည်။ “မင်း ငါ့ကိုဘာလို့မပြောတာလဲ။ ငါ့ကို သူငယ်ချင်းလို့ရော သတ်မှတ်သေးရဲ့လား။ ဒီလောက်ကိစ္စကြီးကို မင်း ငါ့ကိုဖုံးကွယ်ထားတယ်ပေါ့။”
ကုန်းထျန်းဟောက် ခေါင်းအသာယမ်းလိုက်လေသည်။ “ငါမဖုံးကွယ်ထားပါဘူး။ ငါပြောရင်တောင် ဘာများပြောင်းလဲသွားမှာမို့လို့လဲ။ မင်းအဖိုးကိုယ်တိုင် မင်းအတွက်မင်္ဂလာပွဲကို စီစဉ်ထားတာလေ။”
ကျန်းမိသားစု၏အဘိုးကြီးသည် အလွန်တရာကိုမှ ခေါင်းကြောမာကာ လွှမ်းမိုးခြယ်လှယ်လွန်းသူဖြစ်ကြောင်း အပြင်လူတွေတောင်မှ သိလေသည်။
“ပြီးတော့၊ ငါ မင်းကိုပြောခဲ့သားပဲ။ ငါသာမပြောရင် မင်းအခုချိန် မြို့တော်မှာရှိနေပါ့မလား။” ကုန်းထျန်းဟောက် ထပ်ပြောလိုက်သည်။
ကျန်းထောင်တစ်ယောက် ချက်ချင်းပင် ခါးခါးသီးသီးပြုံးလိုက်မိတော့သည်။
“ဒါတွေအကုန်လုံး မင်းအတွက် ဟာသကြီးလား။” သူ ရှောင်လင်းယွီကို ပိုးပန်းဖို့ကြိုးစားနေခဲ့သော်လည်း သူ့မိသားစုက သူ့အတွက် မင်္ဂလာပွဲတောင် စီစဉ်ပြီးနေပြီဖြစ်သည်။ ဒီအကြောင်းကို ရှောင်လင်းယွီသာ သိသွားပါက သူမ၏ချစ်သူဖြစ်ရန်မျှော်လင့်ချက်များအကုန်လုံး ပျောက်ကွယ်သွားရတော့မည်။
ကုန်းထျန်းဟောက်က လေးလေးနက်နက်ပင် ပြန်ပြောလာလေသည်။ “ဒါ ဟာသမဟုတ်ပါဘူး။ မင်းအတွက် ပျော်ရွှင်မှုအစစ်အမှန်နောက်ကိုမလိုက်ခင် အရင်ဆုံး ဒီကိစ္စကိုရှင်းသင့်တယ်လို့ ငါထင်လို့။ ဒီမင်္ဂလာပွဲကိုငြင်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ကျန်းမိသားစုအင်ပါယာထက် ပိုပြီး အင်အားကြီးလာဖို့ပဲရှိတယ်ဆိုတာ မင်းလည်း ကောင်းကောင်းသိနေတာပဲ။ မဟုတ်ရင် တခြားလူတွေကိုပါ မင်းနဲ့အတူ ဆွဲချမိလိမ့်မယ်။” ကုန်းထျန်းဟောက်၏နောက်ဆုံးစကားမှာ လေလိုပေါ့ပါးလှသော်လည်း ကျန်းထောင်၏ရင်ကိုတော့ အလွန်တရာ လေးလံသွားစေသည်။
ကျန်းထောင်သည် ကျန်းမိသားစု၏အကြီးဆုံးသခင်လေးဖြစ်ပေသည်။ အပေါ်ယံတွင်တော့ ကြွယ်ဝမှုရော အာဏာကိုပါ ကိုင်ဆိုင်ထားနိုင်သည့် တော်ဝင်အိမ်ရှေ့စံမင်းသားတစ်ပါးဆိုသော်လည်း သူ့ဘဝ၏လှေကားထစ်တိုင်းသည် ငယ်စဉ်ကတည်းက သူ့မိသားစု၏ဆုံးဖြတ်ချက်ဖြင့် လျှောက်လှမ်းနေရခြင်းဖြစ်လေသည်။ သူ့တွင် လွတ်လပ်မှုဟူ၍ ဘာဆိုဘာမျှမရှိသလို လွတ်လပ်အောင်လည်း မချိုးဖောက်နိုင်ပေ။ သူသည် သတ်မှတ်ထားပြီးသော လမ်းကြောင်းတစ်ခုတည်းပေါ်တွင်သာ အလောင်းကောင်ကဲ့သို့ လျှောက်လှမ်းနေရုံသာတတ်နိုင်လေသည်။ ထို့အပြင် ဘာအမှားကိုမှလဲ လုပ်၍မရပေ။ မဟုတ်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်သည်။
သူငယ်စဉ်က ခွေးလေးတစ်ကောင်မွေးချင်ခဲ့သည်။ သို့သော်လည်း သူ့အဖိုးက သဘောမတူခဲ့ပေ။ အိမ်မွေးတိရိစ္ဆာန်မွေးခြင်းက အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု သခင်ကြီးကျန်းက တွေးလေသည်။ ကျန်းထောင်၏အချိန်တွေကို အခြားနေရာများတွင်သာ သုံးစွဲသင့်လေသည်။ ကျန်းထောင်တစ်ယောက် စိတ်ဓာတ်ကျခဲ့ရသည်။ သူက အဖော်အဖြစ် ခွေးလေးတစ်ကောင်လောက် လိုချင်ခဲ့သော်လည်း သူ့မိသားစုကတော့ သူ့ကိုလုံးဝဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း သူ့အဖိုး၏ဆန္ဒအတိုင်း လိုက်နာရင် သင်ကြားပေးခြင်းခံခဲ့ရတာကြောင့် သူလုပ်နိုင်တာ ဘာမှမရှိခဲ့ပေ။
တစ်နေ့မှတော့ သူ ကျောင်းကပြန်အလာတွင် လမ်းဘေးခွေးတစ်ကောင်ကိုတွေ့ခဲ့လေသည်။ ထိုသို့ဖြင့် ထိုခွေးလေးကို အိမ်သို့ခိုးပြီးခေါ်လာကာ မွေးထားခဲ့သည်။ နှစ်ရက်ကြာပြီးနောက်မှာတော့ ရှာတွေ့ခံလိုက်ရတော့သည်။ ကျန်းထောင်တစ်ယောက် အမိခံလိုက်ရချိန် အလွန်ဒေါသထွက်ကာ သူ့အဖိုးကို ပြန်ပြောခဲ့လေသည်။ “တခြားလူတွေကျ ခွေးမွေးလို့ရပြီး ကျွန်တော်ကျတော့ ဘာလို့ မရတာလဲ။”
ထိုအချိန်တွင် သူ့အဖိုးက သူ့ကို ဘာမှမပြောခဲ့ပေ။ သခင်ကြီးကျန်းက သူ၏စူးရှသည့်မျက်လုံးများဖြင့် ကျန်းထောင်ကို တစ်ချက်သာကြည့်၍ ပုံမှန်လေသံဖြင့်ပြောလိုက်လေသည်။ “မင်း ခွေးမွေးချင်တယ်ပေါ့၊ ဟုတ်လား။ ဒါဆိုလည်း ဒီကောင်ကို ဆက်မွေးခွင့်ပြုမယ်။”
သူ့အဖိုးက ခွေးလေးကို ဆက်ထားခွင့်ပြုတာကြောင့် ကျန်းထောင် တကယ်ကို အံ့အားသင့်သွားခဲ့သည်။
သူ အလွန်ပျော်ရွှင်သွားကာ နေ့တိုင်း ခွေးလေးကို အစာကြွေးလိုက်၊ ရေချိုးပေးလိုက်လုပ်ခဲ့ပြီး ညအချိန်တွင် ဖက်ပြီးတော့တောင် အိပ်ခဲ့လေသည်။ ကျန်းမိသားစုတစ်ခုလုံးတွင် ခွေးလေးကသာ သူ့အတွက် အချစ်ဆုံးသူငယ်ချင်းဖြစ်လာခဲ့သည်။ ထိုရက်များမှာ သူ့ငယ်ဘဝတစ်လျှောက်လုံးတွင် အပျော်ရွှင်ရဆုံး နေ့ရက်များဖြစ်ခဲ့သည်။
သို့သော်လည်း တစ်နေ့တွင်တော့.. သူ့ခွေးလေး ပျောက်သွားခဲ့လေသည်…
“သခင်လေး၊ သခင်ကြီးက ခေါ်ခိုင်းလိုက်ပါတယ်။” ကျန်းမိသားစု၏အိမ်ဖော်တစ်ယောက်က ရောက်လာလေသည်။
“အဖိုးက ဘယ်မှာလဲ။” ကျန်းထောင်ငယ်လေးသည် စိတ်မရှည်ဖြစ်နေခဲ့သည်။ သူ့ခွေးလေးကို မတွေ့သေးတာကြောင့် ရှာဖို့အလျင်လိုနေလေသည်။
အိမ်ဖော်က၊ “သခင်ကြီးက ခြံထဲလာခဲ့ဖို့ခေါ်လိုက်တာပါ။”
“ခြံထဲကိုလား။” ကျန်းထောင်ငယ်လေး မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဟုတ်ပြီ။”
ကျန်းထောင်ငယ်လေး ခြံလယ်သို့ လျှောက်လာပြီးချိန်မှာတော့ သစ်ပင်တစ်ပင်ထက်တွင် ခွေးအရေခွံတစ်ခုကို ချိတ်ဆွဲထားသည်အား မြင်လိုက်ရလေသည်။
တစ်ချက်ကြည့်ရုံဖြင့် သူ့ခွေးလေးမှန်း တန်းပြောနိုင်သည်။
အကြောင်းကတော့ သူ့ခွေးလေးကို တစ်ကိုယ်လုံးမည်းနက်နေရာမှ ခေါင်းထိပ်တွင် အမွေးဖြူဖြူလေးအတန်းလိုက်ရှိနေခြင်းကြောင့်ပင်။
သူ အလွန်အံ့ဩကာ မယုံကြည်နိုင်စွာဖြင့် အော်လိုက်တော့သည်။ “ရှောင်ဟေး!”
“ထောင်အာ၊ ပြန်လာခဲ့။” ခြံထဲရှိ ကျောက်တုံးစားပွဲတွင်ထိုင်နေသော အဖိုးကျန်းက လက်ဖက်ရည်တစ်ငုံသောက်ရင်း ခပ်အေးအေးပင် ပြောလိုက်သည်။ “မင်းပြန်လာလိုက်တာ ကောင်းမယ်။ ခွေးသားက ကျက်တော့မှာ။ မင်းအတွက် အားဖြစ်အောင် နည်းနည်းလောက် စားပေးရမယ်။”
သူ့အဖိုး၏အသံကိုကြားချိန်မှာတော့ ကျန်းထောင်ငယ်လေးမှာ ကြက်သီးများထလောက်အောင် ထိတ်လန့်သွားလေသည်။ ထို့နောက် လေထဲတွင် အသားဟင်းနံ့ခပ်မွှေးမွှေးကိုပါ အနံ့ရလိုက်သည်။ သူလှည့်ကြည့်လိုက်ရာ ခြံထောင်ရှိ သံမီးဖိုတစ်ခုကို သတိပြုမိသွားလေသည်။ ထိုမီးဖိုအောက်တွင် ထင်းများဖြင့် မီးဖိုထားကာ အပေါ်တွင်တော့ အိုးတစ်လုံးတင်ထားလေသည်။ ကျန်းမိသားစု၏စားဖိုမှူးက အိုးကို ယောင်းမတစ်ချောင်းဖြင့် မွှေနေခဲ့သည်။
ထို့နောက် စားဖိုမှူး၏ဘေးရှိ စဉ့်တီတုံးတစ်ခုပေါ်တွင် ရေမဆေးရသေးသည့် သွေးနီနီများရှိနေသည်ကိုပါ သတိထားမိသွားခဲ့သည်။ ချက်ချင်းဆိုသလို အခြေအနေအရပ်ရပ်ကို သူသဘောပေါက်သွားတော့သည်။
ကျန်းထောင်ငယ်လေးလည်း ပြေးသွားပြီး စားဖိုမှူးကို တွန်းလွှတ်ကာ အိုးထဲသို့ကြည့်လိုက်ရာ အထဲတွင် ခွေးသားများရှိနေပြီး ရှောင်ဟေးခေါင်းက သူနှင့်မျက်နှာချင်းဆိုင်ပင်။
သူလည်း ချက်ချင်းပင် စားဖိုမှူးဘက်သို့လှည့်ကာ ဒေါသတကြီး အော်ဟစ်တော့သည်။ “ငါ့ခွေးကို သတ်လိုက်တာလား။ ဘာလို့ ငါ့ခွေးကိုသတ်ရတာလဲ။ ဘာလို့ ငါ့သူငယ်ချင်းကို သတ်တာလဲ။ လူသတ်သမားတွေ၊ ဘာလို့ အဲ့လောက်ရက်စက်ကြတာလဲ။ ရှောင်ဟေးရေ….’
ကျန်းထောင်ငယ်လေးမှာ ရှောင်ဟေး ရုတ်တရက်သေဆုံးသွားခြင်းကြောင့် နှလုံးကွဲမတတ်ဝမ်းနည်းနေလေသည်။ သူ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိတာကြောင့် စားဖိုမှူးကိုသာ အပြစ်တင်နိုင်တော့သည်။
ထိုအချိန်မှာပဲ အဖိုးကျန်းက ပြောလာပြန်သည်။ “ရှောင်မာ၊ ခွေးသားကျက်ပြီလား။”
“ဟုတ်ကဲ့ အဆင်သင့်ပါပဲ။” ရှောင်မာက ပြန်ဖြေလာသည်။
“ဒါဆိုလည်း သခင်လေးစားဖို့ တစ်ပန်းကန်ထည့်ပေးလိုက်လေသည်။” အဖိုးကျန်းက ချက်ချင်းအမိန့်ပေးလိုက်ကာ ဘယ်သူမှ မလွန်ဆန်နိုင်သည့်အမိန့်တစ်ခုပင်။
ရှောင်မာက ထိုစကားကိုကြားပြီး ချက်ချင်းပင် ခေါင်းကြိမ်းသွားတော့သည်။ သူက ငိုကြီးချက်မဖြစ်နေသည့် သခင်ငယ်လေးကိုကြည့်လိုက်မိကာ စိတ်ပျော့သွားလေသည်။ သို့သော်လည်း သခင်ကြီးကျန်း၏အမိန့်ကို မနာခံလို့မရပေ။ မဟုတ်ပါက သူပါ ပြဿနာကြီးသွားနိုင်သည်။
ဒါကြောင့် တိတ်တခိုးသက်ပြင်းချရင်း ခွေးသားတစ်ပန်းကန်ခပ်လိုက်လေသည်။ သို့သော်လည်း အရည်များများသာထည့်ပြီး အသားကိုတော့ နည်းနည်းလေးထည့်လိုက်သည်။
သခင်ကြီးကျန်းက မျက်ခုံးပင့်ကာ ခပ်တင်းတင်းပြောလိုက်လေသည်။ “အသားအပြည့်ထည့်လိုက်။”
ရှောင်မာလည်း ရွေးချယ်စရာမရှိတော့ပေ။ ခိုင်းသည့်အတိုင်းထည့်ပြီးနောက် ကျန်းထောင်ကို ထိုပန်းကန်အားပေးလိုက်လေသည်။ “သခင်လေး၊ ဒီမှာပါ။”
အဖိုးဖြစ်သူက သူ့ကို ခွေးသားစားစေချင်နေကြောင်း ကြားလိုက်ရချိန် ကျန်းထောင်ငယ်လေးမှာ တုန်လှုပ်သွားလေတော့သည်။ သူများ နားကြားမှားလေသလားဟုပင် ထင်မိသွားရသည်။ သူ့အဖိုးက သူ့သူငယ်ချင်းရဲ့အသားကို စားစေချင်နေတာလား။ ရှောင်ဟေးဆိုတာ သူ့သူငယ်ချင်းလေ။ ဘယ်လိုလုပ် သူငယ်ချင်းရဲ့အသားကို စားနိုင်မှာလဲ။
ခွေးသားတစ်ပန်းကန်က သူ့ရှေ့သို့ရောက်လာလေသည်။
သူလည်း မသိစိတ်အရ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိရင်း လက်ကပါ အလိုလို ပန်းကန်ကို တွန်းထုတ်လိုက်မိလေသည်။ ပန်းကန်လုံးက ကျကွဲသွားကာ ခွေးသားများသည်လည်း မြေပေါ်တွင် ပြန့်ကျဲသွားတော့သည်။
ရှောင်မာသည် ကွဲသွားသည့်ပန်းကန်ကိုကြည့်ပြီး တိတ်တခိုးသက်ပြင်းချလိုက်မိသည်။ ‘အနည်းဆုံးတော့ သခင်လေး ခွေးသားစားအောင် အတင်းဖိအားပေးမခံရတော့ဘူးပေါ့။’
သို့ပေမယ့်…
“နောက်တစ်ပန်းကန်ထည့်လိုက်။” အဖိုးကျန်းက အမိန့်ထပ်ပေးလိုက်ပြန်သည်။ “သူ ခွေးသားတစ်ပန်းကန်လုံး စားဝင်သွားတာသေချာအောင် စောင့်ကြည့်ကြ။”
ရှောင်မာတစ်ယောက် အမိန့်ကို မလွန်ဆန်နိုင်တာကြောင့် နောက်ထပ်ခွေးသားမောက်မောက်တစ်ပန်းကန် ထပ်ပြင်လိုက်ရပြန်သည်။
ကျန်းထောင်သည်လည်း အော်ဟစ်တော့သည်။ “မစားဘူး။ မစားဘူး။ ရှောင်ဟေးက ကျွန်တော့်သူငယ်ချင်း။ သူ့ကို မစားဘူး။”
အဖိုးကျန်း မတ်တပ်ထရပ်လိုက်ပြီးနောက် သူ၏စူးရှသည့်အကြည့်များဖြင့် ကျန်းထောင်ကို ခပ်တင်းတင်းကြည့်လိုက်ကာ၊ “ကျန်းထောင်၊ ငါမင်းကိုပြောပြီးသား။ ဘာပဲဖြစ်ဖြစ် ဒီပန်းကန်ကို ကုန်အောင်စားရမယ်။ ဒါက မင်းငါ့စကားကို မနာခံတဲ့အတွက် နောက်ဆုံးတွဲအကျိုးဆက်ပဲ။ ဒီသင်ခန်းစာကို ကောင်းကောင်းမှတ်ထား။ မင်း ငါ့စကားကိုနားမထောင်ရင် ငါမင်းကိုတော့ အပြစ်မပေးဘူး။ ဒါပေမယ့် မင်းချစ်တဲ့ဟာမှန်သမျှ၊ လူပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ် အားလုံးကို ဖျက်ဆီးပစ်မယ်။”
“အစောင့်တွေ၊ မင်းတို့သခင်လေး ခွေးသားတစ်ပန်းကန်လုံး ကုန်အောင်စားတာကို စောင့်ကြည့်ထားကြ။ သူ မစားရင် သူ့လည်ချောင်းထဲထိရောက်အောင် ထိုးထည့်ပေးလိုက်။”
ထို့နောက် သူ့မြေးငယ်၏ငိုသံကိုလျစ်လျူရှုကာ ရက်ရက်စက်စက်လှည့်ထွက်သွားတော့သည်။
ကျန်းထောင် ထိုအကြောင်းကို ပြန်တွေးမိတိုင်း ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ကျနေမိတုန်းပင်။ အချိန်ကြာလာလျှင် နာကျင်ခဲ့ရသည့်ခံစားချက်က သက်သာသွားလိမ့်မည်ဟု ထင်ခဲ့မိသော်လည်း သူ့အထင် မှားနေခဲ့ခြင်းသာဖြစ်လေသည်။
ထိုအချိန်တုန်းက သူ ခွေးလေးတစ်ကောင်လောက် မွေးချင်ခဲ့ရုံဖြစ်သော်လည်း သူ့အဖိုးကတော့ ခွေးကိုအရေခွံခွာကာ ရေပွက်ပွက်ဆူထဲ ထည့်ပြုတ်၍ သူ့ကို အတင်းစားစေခဲ့သည်။ ဤသည်မှာ သူ့စိတ်ထဲတွင် ဘယ်တော့မှ မပျောက်ပျက်နိုင်တော့သည့် သင်ခန်းစာတစ်ခုပင်။
သူ့အဖိုးသည် သူသာ မိသားစု၏အမိန့်များကို မနာခံလျှင် သူမြတ်နိုးတန်ဖိုးထားသည့်အရာမှန်သမျှ ဖျက်ဆီးပစ်မည်ဟု လက်တွေ့သတိပေးထားပြီဖြစ်သည်။ ထိုကိစ္စသည် ကျန်းထောင်၏ရင်ထဲတွင် အမြဲတမ်းလတ်ဆတ်နေသည့် ဒဏ်ရာဟောင်းတစ်ခုလိုပင်။ သူက ကုန်းထျန်းဟောက်ကို မေးလိုက်လေသည်။ “ထျန်းဟောက်၊ ငါဘာလုပ်သင့်လဲ။ ငါ ရှောင်လင်းယွီကို တကယ်ကြိုက်တာ။ ဒါပေမယ့် ငါ့အဖိုးကတော့ သေချာပေါက် ရှောင်လင်းယွီကို သဘောမကျလောက်ဘူး။”
အကြောင်းကတော့ ရှောင်လင်းယွီသည် လယ်တောသူလေးဖြစ်နေခြင်းကြောင့်ပင်။ သူမသည် ကျန်းမိသားစုအတွက် ဘယ်လိုအကျိုးအမြတ်ကိုမှ သယ်ဆောင်လာပေးလိမ့်မည်မဟုတ်ဘဲ ကျန်းမိသားစုကိုသာ ဆွဲချသွားမည်ဖြစ်ကာ ကျန်းမိသားစုတစ်ခုလုံးကို မြို့တော်တွင် လူရယ်စရာဖြစ်သွားစေလိမ့်မည်။ သူ့အဖိုးကတော့ ထိုသို့သောအကျိုးဆက်မျိုးကို ဖြစ်လာခွင့်ပြုမည်မဟုတ်ပေ။ ကျန်းထောင်သည် ထိုရက်တုန်းက ခြံထဲမှအဖြစ်အပျက်ကို ပြန်အမှတ်ရသွားပြီး ကြောက်လန့်လာခဲ့သည်။
ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ကျန်းထောင်ကို မနှစ်သိမ့်ပေးခဲ့ပေ။ “ထောင်ဇီ၊ ကျန်းမိသားစုကိစ္စကို ငါဝင်ပြီးမစွက်ဖက်နိုင်ဘူး။ ဒါပေမယ့် ဒီကျန်းမိသားစုရဲ့အတွင်းရေးပြဿနာတွေထဲ ရှောင်လင်းယွီသာ ပါဝင်လာမယ်ဆိုရင်တော့ သေချာပေါက် ငါလည်း ဝင်ပါရလိမ့်မယ်။”
ကျန်းထောင်တစ်ယောက် မသင်္ကာရိပ်တချို့ဖြင့် ကုန်းထျန်းဟောက်ကိုကြည့်လိုက်လေသည်။ “ဘာလို့လဲ။” ကုန်းထျန်းဟောက်သည် တခြားလူများ၏ပြဿနာထဲ ဝင်စွက်ဖက်ရသည်ကို မကြိုက်ကြောင်း သူသိသည်။ ဒါက တော်တော်လေး ပုံမှန်မဟုတ်သည့် အခြေအနေဖြစ်ကာ ကုန်းထျန်းဟောက်နှင့်တောင် မတူတော့ပေ။ ဒါကြောင့် ရှောင်လင်းယွီကို ကုန်းထျန်းဟောက်လည်း ချစ်မိသွားခြင်းဖြစ်မည်ဟု ကျန်းထောင် သံသယဝင်လာခဲ့သည်။
ထို့နောက် ကျန်းထောင် ဆက်မေးလိုက်လေသည်။ “ထျန်းဟောက်၊ ငါ့ကို အမှန်အတိုင်းပြော။ မင်းလည်း ရှောင်လင်းယွီကို ချစ်မိသွားတာလား။” ထို့နောက် ကျန်းထောင် သူ့ကိုယ်သူ လှောင်လိုက်မိသည်။ “ရှောင်လင်းယွီက တကယ်ကို ထူးခြားတာပဲ။ လှပပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ထူးခြားတဲ့စိတ်နေသဘောထားရှိတဲ့ မိန်းကလေးပဲ။ သူနဲ့သာအတူရှိနေရင် အရမ်းစိတ်အေးချမ်းတယ်။ ဒီလိုသက်သောင့်သက်သာနဲ့ စိတ်အေးချမ်းမှုရလို့ပဲ ငါသူ့ကို အရမ်းသဘောကျပြီး ချစ်မိသွားခဲ့ရတာပဲ။”
ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်သွားလေသည်။ “ငါ သူ့ကို စိတ်မဝင်စားဘူး။ ပြီးတော့.. သူက မင်းချစ်နေတဲ့ကောင်မလေး။ ငါမိန်းမတစ်ယောက်အတွက်ကြောင့် မင်းနဲ့တိုက်ခိုက်မှာမဟုတ်ဘူး။” သို့သော်လည်း သူထိုစကားပြောနေချိန် စိတ်ကတော့ အနည်းငယ် မသက်မသာခံစားနေရသည်။
ကျန်းထောင်လည်း ထိုတော့မှ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီးနောက် အကြောင်းအရင်းကို သိချင်လာလေသည်။ “ဒါပေမယ့် မင်းပဲ ကြားဝင်စွက်ဖက်မယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“ငါ့အဖိုးနဲ့ သူ့မိသားစုကြောင့်လေ။”
“ငါ့အဖိုးက ဒေါ်လေးချန်ရဲ့ဟင်းချက်လက်ရာကို အရမ်းသဘောကျတယ်။ ပြီးခဲ့တဲ့နှစ်ရက် ဒေါက်တာဟွမ် ထောင်ယွမ်ရွာကိုသွားပြီး အဖိုးကို စစ်ဆေးပေးခဲ့တုန်းက အဖိုးရဲ့ခန္ဓာကိုယ်က ပိုပိုပြီး ကျန်းမာလာတယ်လို့ ပြောတယ်။ သူ့မျက်နှာက နီမြန်းစိုပြေပြီး မြို့တော်မှာရှိတုန်းကထက် အားအင်ပြည့်ဝတက်ကြွနေတာပဲတဲ့။
အဖိုးသာ အခုအခြေအနေအတိုင်းဆက်ထိန်းထားနိုင်ရင် အသက်တစ်ရာကျော်နေရဖို့ဆိုတာ မဖြစ်နိုင်စရာမရှိတော့ဘူး။ ဒါတွေအားလုံး ရှောင်လင်းယွီတို့မိသားစုရဲ့ ကျေးဇူးတွေပဲ။”
“ဒုတိယတစ်ချက်ကတော့ ရှောင်လင်းယွီရဲ့မိသားစုက အရမ်းနွေးထွေးပျော်ရွှင်ပြီး၊ သဟဇာတဖြစ်တယ်။ ငါတို့တွေက ဒီလိုမိသားစုမျိုးဆို အရမ်းအားကျကြရတဲ့လူတွေလေ။ ဒါကြောင့်ပဲ ဒီမိသားစုလေး ပျက်စီးသွားမယ့်အရေးကနေ ငါကာကွယ်ပေးချင်တယ်။”
ကုန်းထျန်းဟောက် အမှန်အတိုင်းပြောနေခြင်းပင်။
ကျန်းထောင်လည်း ထိုစကားများကို နားထောင်ပြီး ချက်ချင်းပင် နှုတ်ဆိတ်သွားခဲ့သည်။
သူက ခေါင်းကိုငုံ့ကာ အတွေးနက်နေရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ ထို့နောက်မှာတော့ သူက၊ “ထျန်းဟောက်၊ ငါ လင်းယွီကို သေချာပေါက် ကျန်းမိသားစုမထိအောင် ကာကွယ်မယ်။ ပြီးတော့ လင်းယွီရဲ့မိသားစုကိုလည်း ကျန်းမိသားစု မဖျက်စီးစေရဘူး။”
ရှောင်မိသားစုနှင့် အချိန်တိုလေးတစ်ခုသာ ဆက်ဆံရေးရှိခဲ့ခြင်းဖြစ်သော်လည်း ကုန်းထျန်းဟောက်ပြောသလိုပဲ ထိုမိသားစုသည် တခြားမိသားစုများနှင့် အလွန်ကွာခြားကြောင်း သူသိလေသည်။ မိသားစုအတွင်း ငွေနှင့်အာဏာအတွက် တစ်ယောက်နဲ့တစ်ယောက် အကောက်ကြံတာ တိုက်ခိုက်တာမျိုးတွေမရှိဘဲ နွေးထွေးကာ ပျော်ရွှင်ဖွယ်အတိဖြင့် မိသားစုငယ်လေးဖြစ်လေသည်။
ကုန်းထျန်းဟောက် ခေါင်းအသာညိတ်လိုက်သည်။ “ထောင်ဇီ၊ မင်း ဒီနေ့ပြောတဲ့စကားတွေကို လုံးဝမမေ့စေနဲ့။ ကျန်းမိသားစုက ရှောင်လင်းယွီဘက်ကို လက်ဆန့်ဖို့ကြိုးစားနေမှန်း ငါသိရတဲ့တစ်နေ့ သေချာပေါက် ဒီကိစ္စထဲ ငါပါဝင်ပါရလိမ့်မယ်။ မင်းကတော့ မင်းကိုယ်မင်းသာ အရင်ဂရုစိုက်စမ်းပါ။”
ကျန်းထောင် ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် ထျန်းဟောက်၊ ငါ့ကို ကတိတစ်ခုပေးလို့ရမလား။”
“ဘာကတိလဲ။” ကုန်းထျန်းဟောက် မသင်္ကာစိတ်တချို့ဖြင့် ပြန်မေးလိုက်သည်။
“တကယ်လို့ တစ်နေ့မှာ ငါ ရှောင်လင်းယွီကို ထပ်ပြီး ကာကွယ်နိုင်စွမ်းမရှိတော့ဘူးဆိုရင် မင်းငါ့အစား သူ့ကို စောင့်ရှောက်ကာကွယ်ပေးလို့ရမလား။ မင်း လုပ်ပေးနိုင်မလား။” ကျန်းထောင် အလေးအနက်ထားကာ မေးလိုက်ခြင်းပင်။
ကုန်းထျန်းဟောက်၏မျက်ခုံးတို့က ထိဆက်လုမတတ် တွန့်ချိုးနေလေသည်။ သူက ကျန်းထောင်၏လေးနက်သည့်အမူအရာကို ဂရုတစိုက်ကြည့်နေပြီးနောက်မှာတော့ ခေါင်းညိတ်လိုက်တော့်။ “ကောင်းပြီ၊ ငါ ကတိပေးတယ်။”
***