ရှောင်ရှင်းရှင်း
Vol. 12 Ch. 204
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲချိန်ပြီးသည့်နောက် သူမ၏ အသီးအရွက်ဆိုင်သို့ လာရောက်သူနည်းပါးသွားလိမ့်မည်ဟု ရှောင်လင်းယွီ တွေးခဲ့သည်။ သို့ပါသော်လည်း သူမအတွေးများ မှားယွင်းနေလေသည်။ ကာစတန်မာအရေအတွက်မှ အပေါင်းဘက်သို့သာပြနေကာ တိုးသထက်တိုးလာနေခဲ့သည်။
သူမမိသားစုတွင် လယ်တစ်မူစာသာ ရိတ်သိမ်းဖို့ရန် ကျန်တော့လေသည်။ ရှေ့ပိုင်းတွင် များစွာရိတ်သိမ်းခဲ့ပြီးနောက် ထွက်နှုန်းက ကျလာခဲ့သည်။ ဆိုင်တွင် အကန့်အသတ်နှင့်ရောင်းချပေးနေတာတောင်မှ ကာစတန်မာများ၏လိုအပ်ချက်ကို အပြည့်အဝမဖြည့်ဆည်းပေးနိုင်ခဲ့ပေ။
သူမ၏စိုက်ပျိုးရေးနေရာလွတ်ထဲတွင် အသီးအရွက်တွေအများကြီး ရှိသေးသော်လည်း လူအာရုံစိုက်မခံရစေရန်အတွက် စိုက်ထားသမျှအားလုံးကို ထုတ်ယူလိုက်၍မဖြစ်ပေ။
နေရာလွတ်ထဲတွင် ဘာမှမစိုက်ပျိုးရသေးသည့် မြေနေရာလွတ်ကြီးတစ်ခုရှိနေတုန်းပင်။ သူမ အခွင့်အရေးတစ်ခုရှာကာ စိုက်ထားပြီးသည့် အသီးအရွက်များကို ထုတ်ရလိမ့်မည်။ အကယ်၍ သူမတွင် အခွင့်အရေးမရှိလာလျှင်လည်း နောက်ထပ် ဖြေရှင်းနိုင်မည့်နည်းလမ်းများစွာ ရှိနေတုန်းပင်။
ပြောရလျှင်တော့ တောင်တစ်လုံးငှားရန်ပြောရမည့်အချိန် ရောက်လာပေပြီ။
ပြီးခဲ့သည့်အချိန်တိုလေးအတွင်း သူမ၏စတုတ္ထဦးလေး၊ ဒေါ်လေးအတွက် လစာ၊ ဆိုင်အတွက် လိုအပ်သည့်ကုန်ကျစရိတ်နှင့် ဆိုင်ခန်းငှားခများကိုနှုတ်ပြီးတာတောင် သူမလက်ထဲတွင် ယွမ်၃သိန်းဝင်ကျင် ကျန်နေတုန်းပင်။ သူမရွာသို့ပြန်ပြီး တောင်ငှားဖို့အကြောင်း ရွာသူကြီးနှင့် ဆွေးနွေးရပေမည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးဆုံးပြီးနောက် ရှောင်လင်းယဲ့သည် ယာဉ်မောင်းလိုင်စင်စာမေးပွဲဖြေရန် ခရိုင်မြို့တွင်သာနေလေသည်။
ရှောင်လင်းယွီတစ်ယောက် ထောင်ယွမ်ရွာဘရန်းကို ကြော်ငြာလိုက်ပြီးကတည်းက သူမ၏ဘဝသည် နေ့စဉ်နေ့တိုင်း အလုပ်နှင့်လက်ပြတ်သည်ဟူ၍မရှိတော့ပေ။ ရံဖန်ရံခါ ရွာသားများသည်လည်း သူမနှင့် စာချုပ်လာချုပ်ခဲ့ကြသည်။ ဒါကြောင့် သူမအနေနှင့် ရွာကို မကြာခဏပြန်ဖို့လိုအပ်လာသည်။ သူမ၏ဗိုက်သည်လည်း တဖြည်းဖြည်းပိုကြီးလာပြီဖြစ်ကာ အလုပ်လုပ်ရာမှာ အဟန့်အတားဖြစ်လာခဲ့သည်။
သူမ၏စတုတ္ထဦးလေးနှင့်ဒေါ်လေးသည် ဆိုင်နှင့်နေသားကျနေပြီဆိုသော်လည်း သူမထိုင်သည့် ငွေရှင်းကောင်တာတွေနေရန် လူတစ်ယောက်ကတော့ ငှားဖို့လိုနေတုန်းပင်။ ရှောင်လင်းယွီ လူတစ်ယောက်ကိုတွေးမိသွားခဲ့သည်။ထိုမိန်းကလေးသည် အသက် ၂၀သာရှိသေးပြီး ခရိုင်မြို့ပေါ်တွင် အလုပ်တစ်ခုရထားသော်လည်း ထိုအလုပ်နှင့်ပတ်သတ်ပြီး ကျေနပ်မှုမရှိနေပေ။
“လင်းယွီ, ဆိုင်မှာကူညီပေးဖို့ ငါတို့ရဲ့ရှင်းရှင်းကိုလိုချင်တယ်ပေါ့။ ပြီးတော့ တစ်လကို ယွမ်၁၂၀၀လည်း ပေးမှာပေါ့။” ရှောင်ချန်းပမ်းနှင့် ကျိုးယန်တို့ ရှောင်လင်းယွီ၏စကားကိုကြားပြီး အံ့ဩသွားခဲ့ကြသည်။ တစ်လကို လစာ ယွမ်၁၂၀၀တဲ့။ ဒါက သူတို့အတွက်တော့ အရမ်းကိုမှမယုံနိုင်စရာကောင်းလှသည့် ပမာဏပင်။
“၁၂၀၀ဆိုတာ အစမ်းခန့်ကာလအတွက်ပါပဲ။ ရှင်းရှင်းသာ ကောင်းကောင်းလုပ်နိုင်ရန် ၁၅၀၀အထိ တိုးပေးသွားမှာပါ။”
“ဒါပေမယ့် လင်းယွီ၊ ရှင်းရှင်းက ဂျူနီယာအထက်တန်းပဲအောင်ထားတာလေ။ ဆိုင်မှာ ကူညီပေးနိုင်ပါ့မလား။” ကျိုးယန်ကတော့ စိုးရိမ်မိတုန်းပင်။
ရှောင်လင်းယွီ ပြုံးလျက်ဆက်ပြောလာခဲ့သည်။ “ဒေါ်လေးကျိုး၊ ရှင်းရှင်းရဲ့လုပ်နိုင်စွမ်းကို သမီးသိပါတယ်။ သေချာပေါက် ကောင်းကောင်းလုပ်နိုင်မှာပါ။”
“ဟုတ်ပြီ၊ ဒါဆို ရှင်းရှင်း မင်းဆီမှာ အလုပ်လုပ်လိမ့်မယ်။” ရှောင်ချန်းပမ်းက ဆုံးဖြတ်ပေးလိုက်သည်။ ရှောင်လင်းယွီသည် ရှင်းရှင်းကို လစာကောင်းကောင်းနှင့်ခေါ်နေခြင်းပင်။ ဒါ့အပြင် ရှောင်ချန်းပမ်းသည်လည်း သူ့သမီးကို ရှောင်လင်းယွီနောက်လိုက်ကာ အသိပညာများ ပိုမိုသင်ကြားစေချင်သည်။ ရှောင်လင်းယွီသည် လုပ်နိုင်စွမ်းအရမ်းရှိသည်။ သူမသာ ရှောင်လင်းယွီ၏အရည်အချင်းမှ ၃၀ရာခိုင်နှုန်းလောက်ရှိရုံဖြင့် သူမကိုယ်သူမစောင့်ရှောက်နိုင်စွမ်းရှိသွားပေမည်။
“ဦးလေးချန်းပမ်း၊ အရင်ဆုံး ရှင်းရှင်းနဲ့ မတိုင်ပင်တော့ဘူးလား။” ရှောင်လင်းယွီကတော့ ရှောင်ရှင်းရှင်း၏အမြင်ကို လေးစားသင့်သည်ဟု ထင်လေသည်။
“ဆွေးနွေးနေဖို့မလိုဘူး။ သေချာပေါက် သဘောတူလိမ့်မယ်။ သူက ငယ်ငယ်ကတည်းက မင်းကိုအားကျတဲ့သူလေ။ မင်းနဲ့အတူ အလုပ်လုပ်နိုင်မယ့် ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမှာမဟုတ်ဘူး။”
ရှောင်လင်းယွီ ခေါင်းသာညိတ်လိုက်တော့သည်။ “ဒါဆိုလည်း ဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့။ ရှင်းရှင်းပြလာရင် သမီးကိုပြောပါဦး။”
“ဟုတ်ပြီ၊ ဟုတ်ပြီ။”
ရှောင်လင်းယွီထွက်သွားပြီးနောက် ကျိုးယန်သည် အမြန်ပင် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
“ဘယ်သွားမှာလဲ။” ရှောင်ချန်းပမ်းက ချက်ချင်းမေးလိုက်ရာ ကျိုးယန်တစ်ယောက် အိမ်ထဲဝင်သွားရင်းနှင့် လှမ်းအော်လိုက်လေသည်။ “ရှင်းရှင်းကို ဖုန်းဆက်မလို့။”
“အိုး၊ ဟုတ်သားပဲ။ ဆက်ရမှာပေါ့။” ရှောင်ချန်းပမ်းလည်း အမြဲပင် အိမ်ထဲသို့ လိုက်ဝင်သွားလေသည်။
ရှောင်ချန်းပမ်း၏အိမ်တွင် ကြိုးဖုန်းရှိလေသည်။
“ရှင်းရှင်း၊ အလုပ်ရှုပ်နေလား။ ညစာရော စားပြီးပြီလား။” ကျိုးယန်က မေးလိုက်သည်။ “ဒီလောက်နောက်ကျနေတာတောင် အခုထိ ဆိုင်သန့်ရှင်းရေးလုပ်နေရတုန်းလား။ ကောင်းကောင်း အနားယူမှပေါ့။ အမေရော သမီးအဖေရော နေကောင်းပါတယ်။ သမီးမောင်လေးလား။ သူကတော့ ပြန်မလာသေးဘူး။ ရှောင်နီချိုးနဲ့ ကစားနေတာဖြစ်မှာပေါ့…”
ဘေးတွင်ရှိနေသည့် ရှောင်ချန်းပမ်းက စိတ်မရှည်တော့ပေ။ “လိုရင်းကိုပြောလေ။ သမီးက အခုထိ အလုပ်ထဲမှာရှိနေတုန်း။ မင်း မလိုအပ်တာတွေ ပွစိပွစိလုပ်နေရင် သူ့သူဌေး သူ့ကို ဆူလိမ့်မယ်။ မဖြစ်သေးပါဘူး။ ငါ့ကိုပဲ ဖုန်းပေးတော့။ ငါ့သမီးနဲ့ပြောမယ်။”
ကျိုးယန်လည်း ရှောင်ချန်းပမ်းထံသို့ ဖုန်းပေးလိုက်ရသည်။
ရှောင်ချန်းပမ်းလည်း ဖုန်းကိုယူလိုက်ကာ၊ “ရှင်းရှင်း၊ အစ်မလင်းယွီ အိမ်လာပြီး သမီးကို သူ့ဆိုင်မှာ အလုပ်ခန့်ချင်တယ်လို့ပြောတယ်။ သူက အစမ်းခန့်တစ်လကို ယွမ် ၁၀၀၀ပေးမယ်၊ ပြီးရင်တော့ ၁၅၀၀ပေးမယ်တဲ့။ အဖေကတော့ သမီးကိုယ်စား သဘောတူလိုက်ပြီ။ အခုအလုပ်ကနေ မြန်မြန်လေးသာထွက်လိုက်တော့။ အိုး.. မနက်ဖြန် ပြန်လာမှာလား။ ကောင်းတာပေါ့။ အလုပ်ကရော? သမီး သူဌေးကို ပြီးခဲ့တဲ့လကတည်းက အလုပ်ထွက်မယ့်အကြောင်း ပြောထားပြီးသားပေါ့။ ကောင်းတယ်၊ ကောင်းတယ်။ ဒါဆို မနက်ဖြန်တွေ့ကြမယ်နော်။”
ရှောင်ချန်းပမ်းဖုန်းချလိုက်သည်နှင့် ကျိုးယန်က ချက်ချင်းမေးလိုက်လေသည်။ “ဘယ်လိုလဲ။ ရှင်းရှင်း သဘောတူလိုက်လား။”
ရှောင်ချန်းပမ်းက ဂုဏ်ယူနေဟန်ဖြင့် ပြန်ဖြေလာလေသည်။ “ငါ့သမီးအကြောင်း ငါ့ထက်ဘယ်သူများ ပိုသိမှာလဲ။ သဘောတူတာပေါ့။ မနက်ဖြန်ကျရင် အိမ်ပြန်လာလိမ့်မယ်။”
“ကောင်းလိုက်တာ။” ရုတ်တရက် ကျိုးယန်က တစ်စုံတစ်ခုကိုတွေးမိသွားကာ နားမလည်နိုင်သည့်ဟန်ဖြင့် မေးလာခဲ့သည်။ “ရှင်းရှင်းက ပြီးခဲ့တဲ့လကတည်းက သူ့သူဌေးကို အလုပ်ထွက်မယ့်အကြောင်း ပြောခဲ့တယ်လို့ ရှင် အစောတုန်းက ပြောလိုက်သလားလို့။ ဘယ်လိုဖြစ်တာတဲ့လဲ။”
ရှောင်ချန်းပမ်း မျက်မှောင်အသာကြုတ်သွားသည်။ “သူက အခုဆိုင်မှာဆိုတော့ အများကြီးပြောလို့မရဘူး။ မနက်ဖြန်တွေ့မှ မေးကြည့်ကြတာပေါ့။ ဒီနေ့ညက သူ့အလုပ်နောက်ဆုံးရက်ဆိုတော့ သူ့နေရာဝင်မယ့်လူတွေကို သင်ပေးနေတယ်လေ။”
“ဟုတ်ပါပြီ။” ကျိုးယန် ခေါင်းညိတ်လိုက်သည်။
…..
ရှောင်ရှင်းရှင်းတစ်ယောက် ဖုန်းချပြီးနောက်တွင်ပင် စိတ်လှုပ်ရှားနေတုန်းပင်။ အစ်မလင်းယွီက သူမကို အလုပ်ခန့်မည့်အကြောင်းပြောလာမည်ဟု မထင်ထားခဲ့ပေ။ ရှောင်လင်းယွီ ဟင်းသီးဟင်းရွက်ရောင်းသည့်ဆိုင်တစ်ဆိုင် ဖွင့်ထားကြောင်း သူမ သိထားလေသည်။ သို့သော်လည်း တစ်ခါမှမရောက်ဖူးဘဲ စီးပွားရေးအလွန်ကောင်းကြောင်းသာ ကြားထားသည်။
“ရှောင်ရှင်းရှင်း၊ ဘာလုပ်နေတာလဲ။” ထိုအချိန်မှာပဲ ခြင်္သေ့တစ်ကောင်လို ဟိန်းထွက်နေသည့်အသံတစ်သံက ပေါ်လာခဲ့သည်။ “နောက်ဆုံးရက်ဆိုတာနဲ့ အချောင်ခိုလို့ရမယ်များထင်နေတာလား။ နောက်တစ်ခါ အလုပ်ခိုနေတာတွေ့လို့ကတော့ နင့်အတွက် ဒီလလစာရမယ်လို့ ထင်မနေနဲ့တော့။”
ရုတ်တရက် ရှောင်ရှင်းရှင်း၏နှလုံးသားထဲတွင် ဒေါသတို့လိပ်တက်လာသော်လည်း ပြန်လည်မြိုသိပ်ထားလိုက်ရသည်။
သူမက အံတင်းတင်းကြိတ်ကာ ပြန်ဖြေလိုက်သည်။ “ကျွန်မသိပါတယ်၊ သူဌေးမ။”
“သိတာကောင်းတယ်။” အမျိုးသမီးက နှာခေါင်းရှုံ့ကာ ထွက်သွားသည်နှင့် ရှောင်ရှင်းရှင်း၏မျက်နှာ ရှုံ့မဲ့သွားကာ၊ “ကပ်စီးနှဲကော်တရာမကြီး။” ရှောင်ရှင်းရှင်း လက်ရှိလုပ်နေသည့်နေရာမှာ ခရိုင်မြို့ရှိ ကိုယ်ပိုင်စူပါမားကတ်တစ်ခုဖြစ်သည်။
သူမ ခရိုင်မြို့မှထွက်သွားရန်တွေးခဲ့ဖူးသော်လည်း သူမမိဘများနှင့် မဝေးချင်ခဲ့ပေ။ သူမ ဤနေရာတွင် အလုပ်လုပ်နေသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။ ပထမတော့ သူဌေးသည် သူမလစာတွေကို နှုတ်ယူတတ်ပြီး အခုများတော့ လစာပေးဖို့ကိုတောင် ရွှေ့ဆိုင်းထားလေတော့သည်။
အစတုန်းက သူမကို တစ်လလျှင် ယွမ်၁၀၀၀အပြင် အစားအသောက်နှင့်နေစရာပါ ပေးမည်ဟု သဘောတူထားခဲ့သော်လည်း ပထမဆုံးလစာရချိန်တွင် ယွမ်၅၀၀တောင်မရခဲ့ပေ။ ရေဖိုးမီးဖိုးနဲ့ တခြားအခွန်အခများနှုတ်ယူသည်ကထားတော့ သူမသူဌေးနှင့်သူဌေးမက သူမလစာကိုနှုတ်နိုင်သမျှနှုတ်ရန် အကြောင်းပြချက်မျိုးစုံလည်းရှာခဲ့သေးသည်။ တစ်ခါက ကာစတန်မာက အမှိုက်ပုံးကို ကန်သွားတာကြောင့် သူမလစာထဲက ၁၀ယွမ်နှုတ်လိုက်လေသည်။ ဒါက ဘယ်လိုလုပ် သူမအမှားဖြစ်ရမှာလဲ။ သူမ ဘယ်လိုမှမတွေးတတ်ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်ရှင်းရှင်းကတော့ အမှားမရှိအောင် ရှောင်ရှားဖို့ကို သင်ယူခဲ့ကာ တစ်လကို ယွမ်၆၀၀မှ ၇၀၀ လောက်အထိ ပြန်ရလာသည်။
ရှောင်ရှင်းရှင်းသည် ထိုအခြေအနေများကို လက်ခံကာ လစာမြင့်လာအောင် အလုပ်ကို ပိုကောင်းကောင်းလုပ်နိုင်အောင် သင်ယူပါမည်ဟုတောင် သူမသူဌေးကို ကတိပေးခဲ့လေသည်။ ရှောင်ရှင်းရှင်းတစ်ယောက် လုံးဝဆက်ပြီး မလုပ်နိုင်တော့သည်အထိ သည်းခံထားခဲ့သည်။ နောက်ဆုံး သည်းခံနိုင်စွမ်းကုန်လွန်သွားကာ ဒေါသပေါက်ကွဲလာချိန်မှာတော့ အလုပ်ထွက်တော့သည်။
သူဌေးမကလည်း သူမနှုတ်ထွက်မည်ကို ခန့်မှန်းမိထားပုံပင်။ သူမက ရှောင်ရှင်းရှင်းအား အလုပ်မထွက်ခင် နောက်ထပ်တစ်လအပြည့်လုပ်ပေးသွားရန်ပြောခဲ့သည်။ မဟုတ်ပါက လစာပေးမည်မဟုတ်ပေ။ ဒါ့အပြင် သူဌေးသည် လူသစ်များခန့်လိုက်ကာ ထိုလူများကို ရှောင်ရှင်းရှင်းအား သင်ခိုင်းခဲ့သည်။
နောက်ဆုံးလတွင် ရှောင်ရှင်းရှင်း၏အလုပ်တာဝန်များမှာ ပိုများခဲ့ကာ သူဌေးနှင့်သူဌေးမသည်လည်း သူမကိုအမှားရှာရန် အစွမ်းကုန်ကြိုးစားနေခဲ့လေသည်။ ကျေးဇူးတင်စရာကောင်းသည်က လုပ်သက်ကြာသွားပြီဖြစ်တာကြောင့် ရှောင်ရှင်းရှင်းတစ်ယောက် ပြဿနာတွေကနေ ဘယ်လိုရှောင်ရှားရမလဲဆိုသည်ကို သင်ယူနိုင်ခဲ့လေသည်။
သူမ အလုပ်ပြီးသည့်နောက် သူဌေးမက ရှောင်ရှင်းရှင်းကို လှမ်းခေါ်ခဲ့သည်။
“ရော့… ဒီမှာ တစ်လစာ လစာ။” သူဌေးမသည် ယွမ် ၅၅၀ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ “ဒီညပြီးရင် မင်းက ငါတို့ဝန်ထမ်းမဟုတ်တော့ဘူးဆိုတော့ ငါ့အဆောင်မှာနေလို့မရတော့ဘူး။ မင်းပစ္စည်းတွေကို ထုတ်ပိုးပေးဖို့ တခြားတစ်ယောက်ကို ခိုင်းထားပြီးပြီ။ အခု မင်းပစ္စည်းတွေအကုန် စူပါမားကတ်ရှေ့မှာရောက်နေပြီ။” ထိုအမျိုးသမီးသည် မထီမဲ့မြင်ပြုသည့်အမူအရာဖြင့် ထိုစကားလုံးများကိုပြောနေခဲ့ကာ သူမကပဲ ရှောင်ရှင်းရှင်းကို မျက်နှာသာပေးထားသည့်ပုံစံဖြင့် ကြည့်နေလေသည်။
ရှောင်ရှင်းရှင်းမှာ နောက်ပိုင်းစကားများကိုကြားပြီး အတော်လေး ထိတ်လန့်သွားလေသည်။ “ဒီနောက်ဆုံးညလေးမှာတောင် ကျွန်မကို အဆောင်မှာနေခွင့်ပြုလို့မရဘူးလား။ ဒါဆို ဒီည ကျွန်မ ဘယ်သွားနေရမှာလဲ။”
ထိုအမျိုးသမီးက လုံးဝဂရုမစိုက်ဘဲ စိတ်မရှည်စွာပြန်ပြောလိုက်လေသည်။ “နေချင်တဲ့နေရာသွားနေပေါ့။ မင်းက ငါတို့စူပါမားကတ်ရဲ့ဝန်ထမ်းမှမဟုတ်တော့တာ။ ဒီတော့ ငါတို့အဆောင်မှာ နေခွင့်မရှိတော့ဘူး။”
ထိုအချက်အရောက် သူမက ရှောင်ရှင်းရှင်းလက်ထဲတွင်ရောက်နေပြီဖြစ်သည့် ယွမ်၅၅၀ကို တစ်ချက်ကြည့်လိုက်ကာ ကြင်နာမှုအပြည့်ဖြင့် အကြံပေးလိုက်လေသည်။ “မင်းအခုလေးတင် လစာထုတ်လိုက်တာမဟုတ်လား။ ဒီနားမှာ ဟိုတယ်တွေမှအများကြီးပဲ။ ဒီငွေနဲ့ဆို နှစ်ညလောက်တော့ နေဖို့ လုံလောက်ပါတယ်။”
လစာအကြောင်းပြောကာမှ ရှောင်ရှင်းရှင်း ချက်ချင်းအသိပြန်ဝင်လာတော့သည်။ “နေပါဦး။ ပုံမှန်ဆို နှုတ်စရာရှိတာနှုတ်ပြီးတာတောင် ကျွန်မ ယွမ် ၇၀၀ လောက် ရနေတုန်းပါ။ အခုကျ ဘယ်လိုလုပ် ၅၅၀ပဲဖြစ်နေတာလဲ။ ပြီးတော့ ဒါတစ်လစာလစာပဲရှိသေးတယ်လေ။ ရှင် ကျွန်မကို ပြီးခဲ့တဲ့လရော ဒီလအတွက်ပါ နှစ်လစာပေးရမှာ။”
အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ကာ လှောင်ပြောင်သည့်လေသံဖြင့် ပြန်ပြောလေသည်။ “နှစ်လစာ လစာရပါမယ်လို့ မင်းကို ဘယ်သူပြောလဲ။”
“ဒါပေမယ့် ကျွန်မ နှစ်လတောင် အလုပ်လုပ်ခဲ့တာလေ။” ရှောင်ရှင်းရှင်း လက်မခံပေ။ “ပြီးခဲ့တဲ့လက ကျွန်မ အလုပ်ထွက်မယ်ပြောတုန်းက လူသစ်တွေကို လေ့ကျင့်ပေးရအောင် နောက်ထပ်တစ်လအပြည့်လုပ်ရမယ်လို့ ရှင်ပြောခဲ့တယ်လေ။ ဒါကြောင့် လစာက နှစ်လစာဖြစ်ရမှာပေါ့။ ပြီးတော့ ကျွန်မလစာတွေကိုနှုတ်ရအောင် ဘာအကြောင်းပြချက်ရှိလို့လဲ။”
“ဟမ့်၊ မင်းကို နောက်ထပ်တစ်လအလုပ်လုပ်ပြီးရင် လစာရမယ်လို့ပဲပြောတာ၊ အဲ့ဒါက တစ်လစာအတွက်ပဲ။ ပြီးခဲ့တဲ့လက နှုတ်ထွက်မယ်ပြောကတည်းက မင်းက ငါတို့ဝန်ထမ်းမဟုတ်တော့ဘူးလေ။ မင်းကို ငါတို့အဆောင်မှာ အခကြေးငွေမယူဘဲ နောက်ထပ်အပိုတစ်လတောင် နေထိုင်ခွင့်ပေးထားတာကိုတောင် ကျေးဇူးပြန်တင်ရဦးမှာကို… မင်းဘာသာ အစကတည်းက ရှင်းအောင်မမေးတာလေ… အဲ့တော့ ဘယ်လိုလုပ် ငါ့အမှားဖြစ်ရမှာလဲ။ ရှောင်ရှင်းရှင်း၊ ဒီ ယွမ်၅၅၀က မင်းရနိုင်တာအကုန်ပဲ။ ဒါကိုယူပြီး ထွက်သွားလိုက်တော့။”
***