ရှောင်ရှင်းရှင်း၏မတော်တဆဖြစ်ရပ်
Vol. 12 Ch. 205
“ကျန်းယန်၊ ချိုးယင်း၊ ကူညီကြပါဦး။” ရုတ်တရက် ရှောင်ကျန်းယန်၏ခြံတံခါးကို တစ်ယောက်ယောက်က အားကိုးတကြီးဖြင့် ဆက်တိုက်လာခေါက်နေလေသည်။
မေမေရှောင်လည်း ချက်ချင်းထကာ တံခါးသွားဖွင့်ပေးလိုက်ရာ စိုးရိမ်ပူပန်နေသည့်အမူအရာရှိနေကြသည့် ရှောင်ချန်းပမ်းနှင့် ကျိုးယန်တို့ကိုတွေ့လိုက်ရလေသည်။ “ချန်းပမ်း၊ ကျိုးယန်၊ ဘာဖြစ်ကြတာလဲ။” ထိုအချိန်မှာပဲ ရှောင်ကျန်းယန်သည်လည်း ထွက်လာလေသည်။ “ဘာဖြစ်လို့လဲ။”
ကျိုးယန်က ငိုကြီးချက်မဖြင့် ပြောလာခဲ့သည်။ “ကျိုးယန်၊ ချိုးယင်း၊ ငါ့ကို ခရိုင်မြို့ဆီလိုက်ပို့ပေးဖို့ လင်းယွီကို ပြောပေးလို့ရမလား။”
“ဘာဖြစ်ကြတာလဲ။” မေမေရှောင် စိုးရိမ်စွာမေးလိုက်သည်။ “ရှင်းရှင်းပြောကြလေ။ တစ်ခုခုဆို ငါတို့လည်း အတူဝိုင်းစဉ်းစားပေးလို့ရတာပဲ။” ထို့နောက် သူမက ရှောင်ကျန်းယန်ကို ပြောလိုက်လေသည်။ “ယောက်ျား၊ ယွီအာကို သွားနှိုးလိုက်။”
ရှောင်ကျန်းယန်လည်း ရှောင်လင်းယွီကို နှိုးရန် အိမ်ထဲသို့ ပြန်ဝင်သွားလိုက်လေသည်။ ရှောင်လင်းယွီကတော့ အလွန်ကိုမှ အအိပ်မက်နေတုန်းပင်။ မိုးချုပ်ချုပ်ညခင်းမှာ အပြင်ဘက်တွင် ဆူညံနေတာတောင်မှ သူမကတော့ နိုးတောင်မလာခဲ့ပေ။ မေမေရှောင်လည်း ညနက်ပြီဖြစ်တာကြောင့် ရှောင်လင်းယွီကို မနှိုးချင်သော်လည်း အခုကိစ္စက အရေးကြီးသည့်ပုံပေါ်နေလေသည်။
ကျိုးယန်က ငိုနေရင်း၊ “ချိုးယင်း၊ ငါ့ရှင်းရှင်းကို သူ့သူဌေးမက မောင်းထုတ်လိုက်တယ်တဲ့။ ညလယ်ခေါင်းကြီး မောင်းထုတ်ခံလိုက်ရတာ။ သူ အခုပဲ ငါတို့ကိုဖုန်းဆက်တယ်။ သူက ဆက်တိုက်ငိုနေတော့ ငါနဲ့သူ့အဖေလည်း အရမ်းစိုးရိမ်သွားတာ။ ဒါကြောင့် ငါတို့ကို ခရိုင်မြို့ကို လိုက်ပို့ပေးဖို့ လင်းယွီကိုပြောပေးလို့ရမလား။”
“ဘာ?” မေမေရှောင် အလွန်အံ့ဩသွားကာ ချက်ချင်းပြန်မေးလိုက်သည်။ “ရှင်းရှင်းလို မိန်းကလေးတစ်ယောက်အတွက် ဒီလိုညကြီး အပြင်မှာရှိနေတာ အရမ်းအန္တရာယ်များတာပေါ့။ သူ့သူဌေးက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။”
“ဦးလေးချန်းပမ်း၊ ဒေါ်လေးကျိုး၊ ဘာဖြစ်ကြတာလဲ။” ရှောင်လင်းယွီ မျက်လုံးကိုပွတ်ရင်း ထွက်လာခဲ့သည်။
မေမေရှောင်ကလည်း စိုးရိမ်နေကာ၊ “ယွီအာ၊ ရှင်းရှင်းကို သူ့ရဲ့မကောင်းတဲ့သူဌေးက ညကြီးအချိန်မတော် နှင်ထုတ်လိုက်လို့တဲ့။ သူ အခု အပြင်မှာရောက်နေတယ်။ ဒီလိုအချိန်ကြီး မိန်းမငယ်လေးတစ်ယောက်တည်း အပြင်မှာရှိနေတာ အရမ်းအန္တရာယ်များတယ်။ အမေတို့ ရှင်းရှင်းကို ကူညီလို့ရအောင် ခရိုင်မြို့ပေါ် လိုက်သွားမှဖြစ်မယ်။”
ရှောင်လင်းယွီလည်း လန့်သွားကာ အိပ်ချင်မူးတူးဖြစ်နေသည့်စိတ်မှာ ချက်ချင်း လွင့်ပြယ်သွားတော့သည်။ သူမက လူကြီးများကိုနှစ်သိမ့်လိုက်ရင်း၊ “ဦးလေးချန်းပမ်း၊ ဒေါ်လေးကျိုး၊ အရမ်းစိတ်မပူကြပါနဲ့။ အခုပဲ သမီးမောင်လေးကို ဖုန်းဆက်ပြီး ရှင်းရှင်းကို ချက်ချင်းသွားရှာဖို့ပြောလိုက်မယ်။ ပြီးတော့မှ သမီးတို့လည်း ခရိုင်မြို့ပေါ်သွားကြတာပေါ့။”
ထောင်ယွမ်ရွာနှင့် ခရိုင်မြို့သည် အကွာအဝေးတစ်ခုခြားတာကြောင့် သူတို့မရောက်ခင် ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကတော့….
ရှောင်လင်းယဲ့သည် ခရိုင်မြို့ပေါ်တွင်ရှိကာ မြို့ပေါ်က အငှားအိမ်တွင် သုံးဘီးဆိုင်ကယ်လည်းရှိပေသည်။ သူသာဆိုလျှင် သူတို့ထက်အရင် ရှင်းရှင်းကို ရှာတွေ့လောက်သည်။
“ဟုတ်တယ်၊ ယဲ့အာကို ဖုန်းခေါ်ရမယ်။” မေမေရှောင်လည်း ပြောပြောဆိုဆိုဖြင့် သူမ၏ဖုန်းဟောင်းလေးကို သွားရှာတော့သည်။
“ဒေါ်လေးကျိုး၊ ရှင်းရှင်းကိုဖုန်းဆက်ပြီး သူဘယ်နေရာမှာရောက်နေလဲဆိုတာ အတိအကျမေးကြည့်လိုက်ပါ။ ဒီလိုဆို သမီးမောင်လည်း သူ့ကို ပိုပြီးမြန်မြန်ရှာနိုင်လိမ့်မယ်။”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ အခုပဲ ဖုန်းဆက်လိုက်မယ်။” သူတို့တွင် ကြိုးဖုန်းသာရှိကာ လက်ကိုင်ဖုန်းမရှိပေ။ ဒါကြောင့် ရှောင်လင်းယွီလည်း သူမအခန်းထဲက လက်ကိုင်ဖုန်းကိုယူပေးရန် ဖေဖေရှောင်ကို ပြောလိုက်လေသည်။
ရှောင်ချန်းပမ်းတို့ဇနီးမောင်နှံသည်လည်း သူတို့သမီး၏ဖုန်းနံပါတ်ကို အလွတ်ရတာကြောင့် နံပါတ်ကိုရွတ်ပြလိုက်ကာ ရှောင်လင်းယွီလည်း လိုက်နှိပ်လိုက်သည်။
တစ်ဖက်မှာတော့ မေမေရှောင်သည်လည်း ရှောင်လင်းယဲ့ကို ဖုန်းဆက်နေပြီဖြစ်သည်။ “ယဲ့အာ၊ မင်းရဲ့အစ်မရှင်းရှင်းက ခရိုင်မြို့ပေါ်မှာလေ၊ သူအခု သူ့ဌေးဆီကနေ မောင်းထုတ်ခံလိုက်ရတယ်တဲ့။ သား သူ့ကို သွားရှာမှဖြစ်မယ်။ သူတစ်ယောက်တည်း အပြင်မှာရှိနေတာ မလုံခြုံဘူး။ ခဏလေးနေဦးနော်…” ထို့နောက် သူမက ရှောင်လင်းယွီကို မေးလိုက်သည်။ “ရှင်းရှင်း အခုဘယ်မှာလဲ။”
ရှောင်လင်းယွီသည်လည်း အခုမှ ရှောင်ရှင်းရှင်းကို ဖုန်းခေါ်ရခြင်းဖြစ်သည်။ “ရှင်းရှင်း၊ ငါရှောင်လင်းယွီပါ။ နင် အခုဘယ်မှာလဲ။ ငါ့မောင် နင့်ကိုလာရှာလိမ့်မယ်။ ဟုတ်ပြီ။ ရှင်းဟွာလမ်းက ရှင်းဟွာစာအုပ်ဆိုင်ရဲ့ ဝင်ပေါက်မှာပေါ့။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲ့မှာပဲနေနော်၊ ဘယ်မှမသွားနဲ့။ ငါ့မောင် မကြာခင်ရောက်လိမ့်မယ်။ ဘာမှလည်းမကြောက်နဲ့နော်။”
“သူအခု ရှင်းဟွာလမ်းက ရှင်းဟွာစာအုပ်ဆိုင်မှာ။ ဟုတ်တယ်။ အခုပဲသွားလိုက်တော့သည်။ ရှာတွေ့ရင် မင်းအစ်မငှားထားတဲ့အိမ်ကိုပဲ ပြန်ခေါ်ခဲ့။ ဦးလေးချန်းပမ်းနဲ့ ဒေါ်လေးကျိုးလည်း မကြာခင်ရောက်လိမ့်မယ်။ ဟုတ်ပြီ၊ ဟုတ်ပြီ။” မေမေရှောင်လည်း တည်နေရာကိုပြောပြပြီးနောက် ဖုန်းချလိုက်တော့သည်။
ရှောင်ချန်းပမ်းနှင့် ကျိုးယန်ကတော့ အလွန်စိုးရိမ်နေကြတုန်းပင်။ သူတို့က ရှောင်လင်းယွီ၏ဖုန်းကိုသာ စိုးရိမ်တကြီး ကြည့်နေမိကြသည်။
ရှောင်လင်းယွီလည်း ကျိုးယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ “ရှင်းရှင်း၊ နင့်အမေနဲ့ စကားပြောလိုက်ဦးနော်။”
ထို့နောက် သူမက ကျိုးယန်ထံသို့ ဖုန်းလွှဲပေးလိုက်သည်။
ဒေါ်လေးကျိုးသည် လက်ကိုင်ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း စိုးရိမ်ပူန်ပန်မှုအပြည့်ဖြင့် ပြောနေလေသည်။ “ရှင်းရှင်း၊ အမေပါ။ ဘာမှမကြောက်နဲ့နော်။ အမေ ခဏနေရောက်မှာ။ အဲ့မှာပဲနေ ဘယ်မှလျှောက်မသွားနဲ့။ လင်းယဲ့က ခဏနေဆိုရောက်လိမ့်မယ်။ မကြောက်နဲ့နော်၊ ဟုတ်ပြီလား။” ပြောနေရင်းဖြင့်ပင် ကျိုးယန်က ထပ်ငိုနေပြန်လေသည်။
မိဘဆိုသည့်အတိုင်း သားသမီးများအတွက် စိုးရိမ်ပူပန်မှုကို ရပ်တန့်၍မရနိုင်ပေ။
မေမေရှောင်က၊ “ယွီအာ၊ သမီးက အိမ်မှာပဲနေခဲ့။ သမီးရဲ့ စတုတ္ထဦးလေးကိုပဲ ခရိုင်မြို့ဆီ လိုက်ပို့ပေးဖို့ အမေပြောလိုက်မယ်။”
ရှောင်ချန်းပမ်းကလည်း ခေါင်းညိတ်လေသည်။ “ဟုတ်တယ် လင်းယွီ၊ မင်းအတွက် မသင့်တော်ဘူး။ ညဘက်ကားမောင်းတာက အန္တရာယ်များတယ်။ ဦးလေးတို့ မင်ယန်းကိုပဲ ခေါ်သွားလိုက်မယ်။”
ရာသီဥတုသည် ပူပြင်းလာပြီဖြစ်တာကြောင့် ရှောင်လင်းယွီ၏ဗိုက်မှာ ထပ်ပြီးတော့ မဖုံးထားနိုင်တော့ပေ။ ရှောင်လင်းယွီ၏မိသားစုကလည်း သူမ ကိုယ်ဝန်ရှိနေပြီဖြစ်သည့်အကြောင်းနှင့် ထိုကလေးကို မွေးသွားမည့်အကြောင်းပါ ပြောခဲ့လေသည်။
ရှောင်ကျန်းယန်နှင့် သူ့ဇနီး၏ဆုံးဖြတ်ချက်က ရွာသားများကို အတောမသတ်နိုင်အောင် အုံကြွသွားစေခဲ့သည်။ ရွာသားများက ရှောင်လင်းယွီ၏အနာဂါတ်ကို ထိခိုက်စေမည်ဟု ပြောခဲ့ကြသည်။ ရှောင်လင်းယွီလွယ်ထားသည့် ကိုယ်ဝန်မှာ အဖေမပေါ်သည့်ကလေးဖြစ်သည်။ သူမသာ ထိုကလေးကို မွေးလိုက်မည်ဆိုလျှင် အနာဂါတ်မှာ ဘယ်လိုလက်ထပ်တော့မလဲ။ ရှောင်ကျန်းယန်တို့လင်မယား ဘာတွေစဉ်းစားနေလဲ သူတို့ မတွေးတတ်တော့ပေ။
တချို့ရွာသားတွေကတော့ ရှောင်လင်းယွီကို ကိုယ်ဝန်ဖျက်ချခိုင်းရန် ရှောင်ကျန်းယန်တို့လင်မယားကို စေတနာဖြင့် အကြံပေးကြလေသည်။ သို့သော်လည်း သူတို့စုံတွဲကတော့ ဒီကလေးရောက်လာသည်က ကံတရားသာဖြစ်ပြီး ဖျက်ချက်ခြင်းသည် လူတစ်ယောက်ကို သတ်လိုက်သလိုသာဖြစ်မည်ဟု ပြောခဲ့ကြသည်။
အနာဂါတ်တွင် ယွီအာကို အမှန်တကယ်ချစ်မြတ်နိုးသည့် ယောက်ျားတစ်ယောက်ရှိလာလျှင် သူမကိုရော သူမကလေးကိုပါ လက်ခံပေးလိမ့်မည်။ ကလေးကို လက်ခံမပေးနိုင်လျှင် အမှန်တကယ်ချစ်သည်ဟု မဆိုနိုင်ပေ။
ရှောင်ကျန်းယန်တို့လင်မယား ဘယ်လောက်ခေါင်းမာကြောင်း လက်တွေ့မြင်သွားပြီးနောက်မှာတော့ ရွာသားများလည်း သူတို့ကို ထပ်ပြီး မတိုက်တွန်းကြတော့ပေ။
ရွာသားတချို့ကတော့ ရှောင်လင်းယွီအတွက် စိတ်မကောင်းဖြစ်နေကြပြီး တချို့ကတော့ သူမကို အထင်သေးနေကြလေသည်။ အဖေမပေါ်တဲ့ကလေးတစ်ယောက်ကို လွယ်ထားတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ။ သို့ပေမယ့် ဘယ်သူကမှတော့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြပေ။
ရှောင်ကျန်းယန်တို့မိသားစုနှင့် အဆင်မပြေသည့် မိသားစုများမှလွဲပြီး တော်တော်များများမှာ ရှောင်ကျန်းယန်တို့မိသားစုကို မစော်ကားနိုင်ကြပေ။
ထို့အပြင် ရှောင်လင်းယွီ၏ လုပ်နိုင်စွမ်းကို အားလုံးမြင်ပြီးကြပြီးဖြစ်လေသည်။ သူမက သူတို့အားလုံး ငွေရှာနိုင်မည့်လမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့သူဖြစ်သည်။
ရှောင်လင်းယွီက ကလေးကို ဆက်ပြီးထားချင်ကြောင်း ရွသားများသိပြီးသွားသည့်နောက်မှာတော့ သူမကို စတင်ပြီး ကူညီပေးလာကြလေသည်။ ဥပမာအားဖြင့် ရှောင်လင်းယွီ ဘယ်သွားသွား တစ်ယောက်ယောက်က ထိုင်ခုံထုတ်ပေးကာ ထိုင်ခိုင်းစေတာမျိုးပင်။
အကျဉ်းချုပ်ရလျှင်တော့ ရွာထဲတွင် အတင်းအဖျင်းပြောသည့် ရွာသားတချို့ရှိသည်မှန်သော်လည်း အများစုကတော့ ရှောင်လင်းယွီအတွက် စိတ်မကောင်းသာဖြစ်ခဲ့ကြသည်။ ပြောရလျှင် ထိုကလေး ရှိလာတာကြောင့် သူမလက်ထပ်ဖို့က မဖြစ်နိုင်တော့ပေ။
ဒါက သူမ၏ယခင်ဘဝက အခြေအနေနှင့် လုံးဝခြားနားသည့် ဖြစ်ရပ်များပင်ဖြစ်တော့သည်။
ရှောင်လင်းယွီလည်း ပြောင်းလဲသွားသည့် အခြေအနေများကြောင့်၊ “ကိုယ်ကအားနည်းရင် လူတိုင်းက ကိုယ့်ကို တက်နင်းတက်ကြတယ်။ တကယ်လို့ ကိုယ်ကသာ သန်မာနေမယ်ဆိုရင်တော့ ဘယ်သူမှ စကားနဲ့တောင် မစော်ကားရဲကြတော့ဘူး။ အားနည်းတာနဲ့ သန်မာတာကြားမှာ ကွာခြားချက်က တော်တော်ကြီးတာပဲ။”
ထို့ကြောင့် ရှောင်ထုန်အတွက် သူမ ပိုပိုပြီး သန်မာလာမှဖြစ်တော့မည်။
…..
ဘာပဲဖြစ်ဖြစ် ရှောင်ကျန်းယန်သည်လည်း ရှောင်လင်းယွီ ညဘက်ကြီး ကားမောင်းမည်အား သဘောမတူခဲ့ပေ။ “ယွီအာ၊ သမီး အမေပြောတာ နားထောင်လိုက်။ အိမ်မှာပဲနေ။ စတုတ္ထဦးလေးနဲ့ အဖေ သွားလိုက်မယ်။”
ရှောင်လင်းယွီ ခဏမျှစဉ်းစားကြည့်ပြီးနောက်၊ “ဒီလိုဆိုရင်ရော။ သမီး မမောင်းတော့ဘူး။ စတုတ္ထဦးလေးကိုပဲ မောင်းခိုင်းမယ်။ ဒါပေမယ့် သမီးလည်း လိုက်ခဲ့မယ်။ ရှင်းရှင်းကို သူ့သူဌေး ဘယ်လိုကြောင့် မောင်းထုတ်လိုက်လဲဆိုတာ သိချင်တယ်။ သမီး သူ့အတွက် တရားမျှတမှုရအောင် လုပ်ပေးချင်တယ်။”
“ဒါဆိုလည်း ကောင်းပြီလေ။” ရှောင်ကျန်းယန် မငြင်းတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ခရိုင်မြို့ပေါ်တွင် နေစရာအိမ်တစ်လုံးရှိလေသည်။
ရှောင်ကျန်းယန်တစ်ယောက် ရှောင်မင်ယန်းကို သွားနှိုးပြီးနောက် ရှောင်လင်းယွီနှင့် ရှောင်ချန်းပမ်းတို့ အတူထွက်လာခဲ့ကြသည်။ ရှောင်ကျန်းယန်ကတော့ အိမ်မှာသာ နေခဲ့လေသည်။
ရှောင်လင်းယဲ့လည်း သူ့အမေဆီက ဖုန်းရပြီးသည်နှင့် ရှောင်ရှင်းရှင်းကိုရှာရန် ချက်ချင်းပင် အိပ်ရာထဲမှာ ခုန်ထွက်ကာ အဝတ်အစားများလဲပြီး ဖုန်းနှင့်သော့ကိုယူ တံခါးကိုသော့ခတ်ကာ သုံးဘီးဆိုင်ကယ်ဆွဲ၍ ထွက်ခဲ့တော့လေသည်။ ဒါမျိုးကို အချိန်ဆွဲနေ၍မဖြစ်ကြောင်း သူလည်း နားလည်သည်။
ညမှောင်မှောင်မဲမဲ မိန်းကလေးတစ်ယောက်တည်း အပြင်မှာရှိနေခြင်း…. သူမ ဘာဖြစ်သွားနိုင်လောက်မှန်း ဘယ်သူမှ အတိအကျမပြောရဲပေ။
ရှောင်လင်းယဲ့လည်း ရှောင်ရှင်းရှင်းကို ဖုန်းဆက်လိုက်ကာ၊ “အစ်မရှင်းရှင်း၊ ရှင်းဟွာစာအုပ်ဆိုင် ဝင်ပေါက်မှာလား။ ဟုတ်ပြီ။ ကျွန်တော် ခဏနေရောက်မယ်။ မကြောက်နဲ့နော်။”
ရှောင်လင်းယဲ့ ဖုန်းချပြီးသည်နှင့် စက်နှိုးကာ ရှင်းဟွာလမ်းသို့ ထွက်ခဲ့လေသည်။ ညက အတော်နက်ပြီဖြစ်တာကြောင့် လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိတော့ပေ။
ရှောင်ရှင်းရှင်းလည်း လက်ထဲမှ ဖုန်းကိုချလိုက်သည်။ လမ်းဘေးရှိ လမ်းမီးရောင် ဝါကျဉ်ကျဉ်မှလွဲ၍ တစ်လမ်းလုံးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ဒီလို လူသူပြတ်နေသည့် လမ်းမကြီးက သူမ၏ကြောက်စိတ်ကို ပိုတိုးလာစေခဲ့သည်။ သူမလည်း နံရံကိုမှီကာ ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ပိုက်လို့ ခေါင်းကို ငုံ့ထားလိုက်လေသည်။ သူမ အမှန်ကို ကြောက်လန့်ကာ တုန်ရီနေမိသည်။
ရံဖန်ရံခါ လမ်းပေါ်မှ တဝူးဝူးအသံများကိုကြားနေရသည်။ ၎င်းမှာ သူမ တီဗီထဲတွင် မြင်ဖူးသည့် ဆိုင်ကယ်ဂိုဏ်းများအကြောင်းကို အမှတ်ရမိစေသည်။
ကျေးလက်ပြည်သူများအတွက်တော့ ဆိုင်ကယ်ဂိုဏ်းများမှာ လူဆိုးများသာဖြစ်လေသည်။ သူမလည်း ထိုလူဆိုးတွေ သူမကို ရှာတွေ့သွားမှာစိုးတာကြောင့် ထောင့်သို့ တိုးဝင်ကာ ပုန်းလိုက်သည်။
သို့သော်လည်း သူမကံမကောင်းခဲ့ဘဲ ဆိုင်ကယ်အနည်းငယ်က အရှိန်နှင့် သူမကို ဖြတ်သွားပြီးနောက် ရုတ်တရက်ကြီး နောက်ပြန်လှည့်လာလေသည်။
“ငါ တစ်ခုခုတော့ မြင်လိုက်တယ်ထင်မိတာ… တကယ်ကို ဒီထောင့်မှာ မိန်းကလေးတစ်ယောက် ပုန်းနေတာပဲ။”
ယောက်ျားတစ်ယောက်က ဆိုင်ကယ်ဦးထုတ်ကို ချွတ်လိုက်လေသည်။ သူက အသက် ၂၆ ဝန်းကျင်ရှိလောက်ပြီး ဆံပင်ခပ်တိုတိုကို အဝါရောင်ဆိုးထားလေသည်။
ထောင့်တွင်ပုန်းနေသည့် ရှောင်ရှင်းရှင်းတစ်ယောက် သူမအနားသို့ ယောက်ျားလေး ၄ယောက် ချဉ်းကပ်လာသည်ကိုမြင်ပြီး ချက်ချင်းပင် ကြောက်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်တော့သည်။ “ဘာ… ဘာလုပ်ကြတာလဲ။ ငါ့အနားကပ်မလာနဲ့နော်။”
“အိုး… အလှလေးပဲ။” ရှောင်ရှင်း၏သွင်ပြင်ကို သေချာမြင်တွေ့ပြီးနောက်မှာတော့ တစ်ယောက်က လေပင်ချွန်လိုက်လေသည်။ ထိုလူက ရှောင်ရှင်းရှင်းကို စနောက်သလို ပြုံးလိုက်ကာ၊ “အလှလေး၊ ဘာလို့ ညလယ်ကြီးတစ်ယောက်တည်းရှိနေတာလဲ။” ထို့နောက် သူက ရှောင်ရှင်းရှင်းဘေးရှိ ခရီးဆောင်အိတ်ကိုတစ်ချက်ကြည့်လိုက်ကာ၊ “အိုး… အိမ်က ထွက်ပြေးလာတာလား။ ဒါဆိုလည်း ကိုကြီးတို့နဲ့လိုက်ခဲ့လေ။ မင်းကို စောင့်ရှောက်ပေးပါ့မယ်။”
“ဘာ… ဘာလုပ်ချင်တာလဲ။” ရှောင်ရှင်းရှင်း ကြောက်လွန်းလို့ တုန်နေလေသည်။
“ဘာမှ မလုပ်ပါဘူး။ ကိုကြီးရဲ့မိန်းမဖြစ်ပေးရုံပဲ။ စိတ်ချပါ၊ ဘာဒုက္ခမှမရောက်စေရဘူး။” ဆံဝါက ပြောလိုက်သည်။
“ငါ… ငါမဖြစ်ချင်ဘူး။” ရှောင်ရှင်းရှင်း ငြင်းလိုက်လေသည်။
“ဘာလို့ အလောတကြီးငြင်းနေရတာလဲ။” ဟွမ်ကွမ်းဟွေ့ပြောလိုက်သည်။ “လာပါ ကိုကြီးတို့နဲ့ လိုက်ခဲ့။ မင်း စိတ်မပျက်စေရဘူး။”
ထို့နောက် သူက ရှောင်ရှင်းရှင်းကို ဆွဲလေသည်။
ရှောင်ရှင်းရှင်းလည်း ကြောက်လန့်ကာ အောဟစ်တော့သည်။ “မလိုက်ဘူး။ ကယ်ကြပါဦး!” သူမက အတင်းပြန်ရုန်းရင်း လဲကျသွားလေသည်။
ထိုလူတွေကတော့ သူမကို မကူညီသည့်အပြင် ထိုသို့ကြောက်လန့်နေသည်ကို စိတ်ဝင်တစား ကြည့်နေကြလေသည်။
“ဟဟ…”
“တော်လောက်ပြီ။ သူ့ကို ခြောက်မိနေပြီ။ မိန်းကလေး မစိုးရိမ်ပါနဲ့။ ငါတို့က လူဆိုးတွေမဟုတ်ပါဘူး။” ကျန့်ယောင်ကျူဟုခေါ်သည့် ဆံဝါနှင့်လူက လှုပ်ရှားလာကာ ရှောင်ရှင်းကို လက်ကမ်းပေးလေသည်။
“မလိုက်ဘူး။” ရှောင်ရှင်းရှင်းကတော့ ကြောက်လန့်တကြားဖြင့် လက်ကို ရိုက်ထုတ်ကာ အော်ဟစ်နေလေသည်။ “ကယ်ကြပါဦး! ကယ်ကြပါဦး!”
ကျန့်ယောင်ကျူ “…..” သူတကယ်ကို စေတနာနဲ့ကူညီမလို့ပါ။
သူ ရှင်းပြတော့မည့်အချိန်မှာပဲ တစ်နေရာမှ အော်ဟစ်သံကို ကြားလိုက်ရလေသည်။ “မင်းတို့ ဘာလုပ်ကြတာလဲ။”
ရှောင်လင်းယဲ့တစ်ယောက် ခပ်လှမ်းလှမ်းကနေပြီး လူတွေစုနေသည်ကိုမြင်လိုက်တာကြောင့် အရှိန်တင်ကာ မောင်းလာခဲ့ခြင်းဖြစ်သည်။
ရှောင်ရှင်းရှင်းလည်း ရင်းနှီးနေသည့်အသံကိုကြားလိုက်ရတာကြောင့် ရုတ်တရက် သူမရှိနေသည့်နေရာကနေ ပြေးထွက်လာကာ ရှောင်လင်းယဲ့ထံသို့ အော်ဟစ်ရင်း ပြေးသွားတော့သည်။ “ရှောင်လင်းယဲ့၊ ငါ့ကို ကယ်ပါဦး။”
ကျန့်ယောင်ကျူတစ်ယောက် ရှောင်လင်းယဲ့ဟူသောနာမည်ကိုကြားပြီး မျက်မှောင်ကြုတ်သွားကာ ထိုမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေသည်ဟု ခံစားလိုက်ရလေသည်။
ထို့နောက် သူ ထိုနာမည်ကို ဘယ်မှာကြားဖူးလဲဆိုသည်အား အမှတ်ရသွားတော့သည်။
သူ့ညီမဆီကနေ ကြားဖူးတာပဲ။
ရှောင်လင်းယဲ့သည် သူမတို့ဆိုင်တွင် နာမည်ကြီးသည်ဟု သူ့ညီမပြောဖူးလေသည်။ သူက စာတော်ကာ ချောမောပြီး စိတ်လည်းရှည်ကာ လူတိုင်းကို ရည်ရည်မွန်မွန် ဆက်ဆံသည်ဟူ၍ပင်။
“အစ်မရှင်းရှင်း၊ ဘာမှမကြောက်နဲ့တော့။” ရှောင်လင်းယဲ့လည်း ရှောင်ရှင်းရှင်းကို သူ့နောက်တွင် ကာထားလိုက်သည်။ သူ့ရှေ့တွင် လူငယ်ငါးယောက်ရှိနေသည်ကိုမြင်လိုက်ရတာကြောင့် သူက ခပ်ကျယ်ကျယ်လှမ်းမေးလိုက်သည်။ “မင်းတို့ ဘယ်သူတွေလဲ။ ငါ ရဲခေါ်ထားပြီးပြီ။ ခဏနေဆို ရဲတွေရောက်လာတော့မှာ။”
ကျန့်ယောင်ကျူ မျက်လုံးအသာမှေးကျဉ်းကာ၊ “မင်းက အမှတ်၁အထက်တန်းကျောင်းက ထိပ်တန်းကျောင်းသား ရှောင်လင်းယဲ့လား။”
တခြားလေးယောက်မှာတော့ ဆွံ့အသွားရသည်။ ‘ဘာဖြစ်တာလဲ။ ဒီကောင်လေးကို ယောင်ကျူ သိနေတာလား။’
ရှောင်လင်းယဲ့ “….” ဘယ်လိုလုပ် ငါ့ကိုသိနေတာလဲ။ ဒါက အဓိကမဟုတ်ဘူး။ ငါ သူတို့ကို မကြောက်ဘူးကွ။
“ဟုတ်တယ်၊ ငါပဲ။ ငါက ရှောင်လင်းယဲ့။ လာချင် ငါ့ဆီလာကြ။ ယောက်ျားတွေဖြစ်ပြီး ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရတာလဲ။”
ကျန့်ယောင်ကျူ၊ “…..”
သူ မှားယွင်းခံရသလို ခံစားလိုက်ရသည်။ သူက တကယ် စေတနာနဲ့ ကူညီချင်ရုံပါ။
***