စိတ်ထားမကောင်းသည့်သူဌေး
Vol. 12 Ch. 206
ကျန့်ယောင်ကျူတစ်ယောက် သူ့နားထင်ကိုသာ ဖိနှိပ်လိုက်ပြီး ရှင်းပြဖို့ ကြိုးစားရလေသည်။ “ရှောင်လင်းယဲ့၊ ငါရှင်းပြတာကို နားထောင်ဦး။”
“ဘာပြောချင်သေးတာလဲ။” ရှောင်လင်းယွီက ဒေါသတကြီး ပြန်ပြောလေသည်။ “ယောက်ျားလေးတွေအုပ်စုလိုက်က်ကြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တာ.. မရှက်ကြဘူးလား။”
ကျန့်ယောင်ကျူနှင့် အခြားလူငယ်များ၊ “…..”
သူတို့က ညကြီးမင်းကြီး မိန်းကလေးတစ်ယောက် ပုန်းနေတာကိုမြင်ပြီး အလွန်အန္တရာယ်များတာကြောင့် သူမကို လုံခြုံသည့်တစ်နေရာသို့ပို့ပေးရန် စိတ်ကူးထားကြခြင်းဖြစ်သည်။ သေချာတာကတော့ သူတို့က ချက်ချင်းကြီး ထိုအကြောင်းပြောကာ မချဉ်းကပ်ခဲ့ကြပေ။ သူတို့က မိန်းကလေးကို စချင်ခဲ့ပေမယ့် သူမက ဒီလောက် ကြောက်အားလန့်အားနဲ့ ထအော်မည်ဟု ဘယ်သူကများသိပါ့မလဲ။
ဒါ သူတို့အမှားလား? အင်း… နည်းနည်းတော့ ပါတာပေါ့။
ကျန့်ယောင်ကျူ သက်ပြင်းချကာ ဆက်ရှင်းပြလေသည်။ “ညီလေး စိတ်ကိုလျှော့စမ်းပါ။ မင်း ငါဘယ်သူမှန်းတောင် မသိဘူးလေ။ အဟမ်း… မင်းနားလည်မှုလွဲနေပြီ။ ငါ.. ငါက…”
ရှောင်လင်းယဲ့ ထိုလူကိုကြည့်ရင်း ဒေါသက ပိုတောင်ထွက်လာလေတော့သည်။ “ခင်ဗျားဘာသာ ဘယ်သူဖြစ်ဖြစ်။ ညလယ်ခေါင်ကြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာကိုတော့ ကျွန်တော့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာပဲ။”
ကျန့်ယောင်ကျူ၊ “….”
‘ညီမလေးပြောတာတော့ ရှောင်လင်းယဲ့ဆိုတာ စိတ်ရှည်ပြီး လူတိုင်းကို ကောင်းကောင်းဆက်ဆံတယ်ဆို။ အခု ငါတို့ကိုအော်ဟစ်နေတာ ဘယ်သူကြီးလဲ။’
ကျန့်ယောင်ကျူ၏ညီအစ်ကိုတစ်ယောက်က ဝင်ပြောလာခဲ့သည်။ “ဘော့စ်၊ ကောင်မလေးရဲ့မိသားစုလည်း ရောက်လာပြီဆိုတော့ သွားကြရအောင်ပါ။ ငါတို့လုပ်ရပ်က နည်းနည်းမှားသွားတော့ သူ ငါတို့ကို အထင်လွဲနေတာ နားလည်လို့ရပါတယ်။”
ကျန့်ယောင်ကျူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ။” သူက ထွက်မသွားခင် ရှောင်လင်းယဲ့ကို ပြောခဲ့သေးသည်။ “ငါ့ညီမက ကျန့်ဟုန်မေ့။ ငါက မင်းသူငယ်ချင်းရဲ့အစ်ကိုပဲ။”
ရှောင်လင်းယဲ့၊ “….”
‘ကျန့်ဟုန်မေ့ရဲ့အစ်ကိုက ဒီလောက်တောင် ပုန်ကန်တတ်တဲ့လူငယ်လား။ ဆိုင်ကယ်ဂိုဏ်းရဲ့အဖွဲ့ဝင်တောင် ဖြစ်နေသေးတယ်။’
ကျန့်ယောင်ကျူတို့အဖွဲ့ထွက်သွားပြီးနောက် ရှောင်လင်းယဲ့လည်း သူ့နောက်က ရှောင်ရှင်းရှင်းကို ပြန်ဆွဲထုတ်လိုက်သည်။ “အစ်မရှင်းရှင်း၊ ဘာမှမကြောက်နဲ့တော့။ သူတို့ ထွက်သွားကြပြီ။”
ရှောင်ရှင်းရှင်းလည်း ရှောင်လင်းယဲ့၏လက်မောင်းကြားထဲ ပစ်ဝင်ကာ ချက်ချင်းဆိုသလို မျက်ရည်များ ဆည်ကျိုးသလို ကျလာတော့သည်။ “ငါ အရမ်းကြောက်နေခဲ့တာ။” ဒီညက သူမအတွက်တော့ အမှောင်မိုက်ဆုံးညပင်။ ပထမတော့ သူမ ၁၁နာရီကနေ ၁၂နာရီအထိ စူပါမားကတ်တွင် အလုပ်လုပ်နေခဲ့ကာ ထို့နောက်တွင်တော့ သူဌေးမက သူမလစာကို ဖြတ်နိုင်သမျှဖြတ်ပြီးနောက် သူမကို ကန်ထုတ်လိုက်လေသည်။ သူမ သူဌေးမနှင့် စကားအချေအတင်ပြောခဲ့သော်လည်း အရာမရောက်ခဲ့ပေ။ သူဌေးမတွင် လူများစွာရှိတာကြောင့် သူမကို ဆိုင်ပြင်သို့ တွန်းထုတ်ကာ ဆိုင်တံခါးက သူမမျက်နှာကိုပင် ရိုက်မိမတတ် ပိတ်သွားခဲ့သည်။ သူမတစ်ယောက်တည်း အပြင်ဘက်တွင်ရှိနေခဲ့လေသည်။ သူမ တံခါးကို တဒုန်းဒုန်းထုကာ အော်ဟစ်သော်လည်း ဖြေကြားမည့်သူတစ်ယောက်မှ မရှိခဲ့ပေ။
ညလယ်ခေါင်ကြီးဖြစ်တာကြောင့် ဆိုင်အားလုံးပိတ်သွားကြပြီဖြစ်ကာ လမ်းပေါ်တွင် လူတစ်ယောက်မှပင် မရှိတော့ပေ။ သူမတစ်ယောက်တည်း ခရီးဆောင်အိတ်ကိုဆွဲ၍ မီးဖွင့်ထားသည့် ဆိုင်တစ်ဆိုင်ကို လိုက်ရှာခဲ့ပေမယ့် သူမ ရှာမတွေ့ခဲ့ပေ။
ခရီးဆောင်အိတ်ကိုဆွဲရင်း ရှင်းဟွာစာအုပ်ဆိုင်နားရောက်ချိန်တွင်တော့ သူမ တကယ်ကို ကြောက်လွန်းတာကြောင့် အိမ်ကို ဖုန်းဆက်မိတော့သည်။
ရှောင်လင်းယဲ့လည်း သူမပခုံးကို အသာပုတ်ပေးလိုက်လေသည်။ “အဆင်ပြေသွားပြီ။ အဆင်ပြေသွားပြီ။ သူတို့ထွက်သွားကြပြီ။ လာ ဒီကနေ မြန်မြန်ထွက်သွားကြရအောင်။”
ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းက ထွက်သွားပြီဆိုသော်လည်း နောက်တစ်ဂိုဏ်းရောက်မလာပါဘူးဟု ဘယ်သူများပြောနိုင်ပါမလဲ။ ဒါကြောင့် အရင်ဆုံး ဒီကနေ ထွက်သွားလိုက်တာက ပိုကောင်းပေသည်။
ရှောင်ရှင်းရှင်းတစ်ယောက် အလွန်ကြောက်လန့်နေတာကြောင့် ငိုတာမရပ်နိုင်ခဲ့ပေ။ “လင်းယဲ့၊ အဲ့လူတွေကလေ ငါ့ကို သူတို့မိန်းမလုပ်ရမယ်ဆိုပြီးပြောနေတာ။ ပြီးတော့ သူတို့ ငါ့ကို ကောင်းကောင်းဆက်ဆံပါမယ်ဆိုပြီး ဆွဲလားရမ်းလားလုပ်ကြတာ။ ငါလည်း အရမ်းကြောက်သွားတာ။ နင်သာ ရောက်မလာရင် ဘာတွေဆက်ဖြစ်မယ်မှန်း မသိတော့ဘူး။ သူတို့ဘက်က လူအင်အားများတော့ ငါလွတ်နိုင်မှာမဟုတ်ဘူး။”
ရှောင်လင်းယဲ့၏ဒေါသတို့ ပြန်လည်မြင့်တက်လာပြန်သည်။ “ဒီလူတွေ တကယ်ပဲ အဲ့လိုစကားမျိုးပြောတယ်ပေါ့။”
‘သေစမ်း၊ ကျန့်ဟုန်မေ့ရဲ့အစ်ကိုက တကယ့်အမှိုက်ပဲ။ ဒါနဲ့တောင် သူ့ကိုယ်သူ လူကောင်းကဒ်ပြချင်နေသေးတယ်။ လူကောင်းတစ်ယောက်က သူပြောခဲ့လုပ်ခဲ့သလို အပြုအမူမျိုး လုပ်မယ်များထင်နေလား။’
ရှောင်လင်းယဲ့တစ်ယောက် ရှောင်ရှင်းရှင်းကို ထပ်မံနှစ်သိမ့်လိုက်သည်။ “အစ်မရှင်းရှင်း၊ အခု အားလုံးအဆင်ပြေသွားပြီ။ အဲ့လူတွေက အစ်မကို စနောက်နေတယ်လို့ ပြောသွားတယ်မဟုတ်လား။”
သို့ပေမယ့် သူ့စိတ်ထဲတွင်တော့၊ ‘ငါ နောက်တစ်ခေါက် ကျန့်ဟုန်မေ့နဲ့တွေ့တော့မှ သူ့အစ်ကိုအကြောင်း ပြောရမယ်။ ဒီကျန့်ဟုန်မေ့ကတော့ လူမှန်ဆိုတော့ သူ့အစ်ကိုကို ထိန်းပေးလိမ့်မယ်။’
“ဆံပင်အဝါနဲ့တစ်ယောက်က ကျွန်တော့်အတန်းဖော်ရဲ့အစ်ကိုလေ။ သူ့အထောက်အထားကို ကျွန်တော်တို့ သိနေပြီးသားဆိုတော့ နောက်ကျ လက်စားပြန်ချေချင်လည်း ရတာပဲ။”
ချက်ချင်းဆိုသလို ရှောင်ရှင်း အငိုတိတ်သွားကာ မျက်မှောင်ကြုတ်လိုက်လေသည်။ “မေ့လိုက်တော့ လင်းယဲ့။ ဒီလူတွေက ခရိုင်မြို့သားတွေ။ သူတို့မိသားစုတွေက အာဏာရှိလောက်တယ်။ ငါတို့ သူတို့နဲ့ မပတ်သတ်တာ အကောင်းဆုံးပဲ။” သူတို့သည် ကျေးလက်တောရွာမှလူများဖြစ်တာကြောင့် ဒီလိုလူချမ်းသာတွေနဲ့ ယှဉ်ပြိုင်ရင် ဘယ်လိုလုပ် အနိုင်ရပါ့မလဲ။
ရှောင်လင်းယဲ့လည်း ရှောင်ရှင်းရှင်းကို ကူညီကာ သူမ၏ခရီးဆောင်အိတ်ကို သုံးဘီးဆိုင်ကယ်ပေါ်သို့ တင်ပေးပြီး သူတို့ကတော့ ရှေ့တွင် ထိုင်ကြသည်။
မကြာခင်မှာပဲ ရှောင်လင်းယဲ့သည် ရှောင်ရှင်းရှင်းကို ငှားထားသည့်အိမ်ရှိရာသို့ ခေါ်လာခဲ့လေသည်။ သူတို့ လမ်းကြားငယ်လေးများကို ဖြတ်ရချိန် ရှောင်ရှင်းရှင်းရင်တုန်သွားကာ မေးလာခဲ့လေသည်။ “လင်းယဲ့၊ ဘာလို့ နင်တို့ငှားထားတဲ့အိမ်က အရမ်းချောင်ကျရတာလဲ။”
“ဒီနေရာက နည်းနည်းတော့ ချောင်ကျတယ်ဆိုပေမယ့် အရမ်းတိတ်ဆိတ်တယ်လေ။ ဒီနေရာရဲ့ပတ်ဝန်းကျင်က ကျွန်တော့်အစ်မအတွက်တော့ အရမ်းအဆင်ပြေလို့ ဒီမှာပဲ ငှားလိုက်တာ။”
သူတို့ အိမ်သို့ရောက်ပြီးနောက် ကျယ်ဝန်းလှသည့် ခြံကြီးနှင့် နှစ်ထပ်တိုက်အိမ်ကိုတွေ့ပြီး ရှောင်ရှင်းရှင်း သိချင်လာပြန်သည်။ “နင့်အစ်မက ဒီတစ်အိမ်လုံးကို ငှားထားတာလား၊ လင်းယဲ့။”
“ဟုတ်တယ်လေ။”
“နေရာက အကျယ်ကြီးပဲ။ ငှားခဘယ်လောက်ပေးရလဲ။”
“အစ်မဆီကကြားတာတော့ တစ်လကို ယွမ်၃၀၀တဲ့။ အိမ်ပိုင်ရှင်က ကျွန်တော့်အစ်မအပေါ် အတော်လေး သဘောကောင်းတယ်လေ။”
“အဲ့လောက်တောင် ဈေးသက်သာတယ်ပေါ့။” ရှောင်ရှင်းရှင်း အမှန်ကို အံ့အားသင့်သွားခဲ့သည်။ သူမ ခရိုင်မြို့ပေါ်တွင် နေထိုင်သည်က အချိန်တစ်ခုကြာပြီဖြစ်တာကြောင့် ငှားရမ်းခများအကြောင်းကို သိထားလေသည်။ နေရာက အတော်လေးချောင်ကျသော်ငြား ပတ်ဝန်းကျင်က ကောင်းမွန်လေသည်။ ခြံဝန်းနှင့်အိမ်က ကြီးမားတာကြောင့် ငှားရမ်းခကလည်း မြင့်နိုင်သည်။ ပုံမှန်အားဖြင့် အနည်းဆုံး တစ်လကို ယွမ်၆၀၀လောက်တော့ ပေးရမည်ပင်။
ဒီလိုနေရာမျိုးကို ယွမ်၃၀၀နဲ့ ငှားလို့ရတယ်ဆိုတာ အရမ်းကိုမှ တန်တာပေါ့။
ရှောင်လင်းယဲ့လည်း ရှောင်ရှင်းရှင်း၏အိတ်ကို ဧည့်ခန်းထဲသို့ ကူရွှေ့ပေးပြီးနောက် ရှောင်ရှင်းရှင်းအတွက် ရေတစ်ခွက်ထည့်ပေးလိုက်သည်။ သူမလည်း ရေသောက်ပြီး စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းညှိနေလေသည်။
“အစ်မရှင်းရှင်း၊ ဗိုက်ဆာနေလား။ ကျွန်တော် ခေါက်ဆွဲလုပ်ပေးရမလား။”
ရှောင်ရှင်းရှင်း ခေါင်းခါလိုက်ကာ၊ “ငါ ဗိုက်မဆာဘူး။”
“ဒါဆိုလည်း အစ်မ ပင်ပန်းနေရောပေါ့။ ကျွန်တော့်အစ်မ အခန်းထဲမှာ ခဏလောက် သွားနားနေလိုက်ပါလား။” ရှောင်လင်းယဲ့ ထပ်ပြောလိုက်ပြန်သော်လည်း ရှောင်ရှင်းရှင်းက ထပ်ပြီး ခေါင်းယမ်းလိုက်ပြန်သည်။ “မလိုတော့ဘူး။ ငါ လောလောဆယ်တော့ အအိပ်နိုင်သေးဘူး။”
ရှောင်လင်းယဲ့ သူမကို နှစ်သိမ့်ပေးလိုက်သည်။ “ဘာမှမဖြစ်တော့ပါဘူး။ ခဏနေဆို အစ်မရဲ့အဖေနဲ့အမေလည်း ရောက်လာတော့မယ်။”
သူပြောပြီးပြီးချင်းမှာပဲ သူ့အိတ်ကပ်ထဲမှဖုန်းက အသံမြည်လာခဲ့သည်။
“အမေ၊ ဟုတ်တယ်။ အစ်မရှင်းရှင်းက သားနဲ့အတူရှိနေတာ။ ဟုတ်၊ ဒေါ်လေးကျိုးကိုလည်း အစ်မရှင်းရှင်း အဆင်ပြေကြောင်း ပြောလိုက်ဦး။ ကောင်းပြီ။” ရှောင်လင်းယဲ့လည်း ဖုန်းကို ရှောင်ရှင်းရှင်းထံကမ်းပေးလိုက်သည်။ “အစ်မရှင်းရှင်း၊ ဒေါ်လေးကျိုးပြောမလို့တဲ့။”
ရှောင်ရှင်းရှင်း ဖုန်းကို ယူလိုက်သည်နှင့် တစ်ဖက်မှ ကျိုးယန်၏စိုးရိမ်ပူပန်နေသည့်အသံက ချက်ချင်းထွက်ပေါ်လာလေသည်။ “ရှင်းရှင်း၊ သမီး အဆင်ပြေရဲ့လား။”
အခုတော့ လုံခြုံသည့်နေရာတွင် ကိုယ်သိသည့်လူနှင့်အတူရှိနေပြီဖြစ်တာကြောင့် ရှောင်ရှင်းရှင်း အငိုတိတ်နှင့်ပြီဖြစ်သည်။ “အမေ၊ သမီး အခု အဆင်ပြေသွားပြီ။ မောင်လေးလင်းယဲ့နဲ့အတူရှိနေတယ်။”
ထို့နောက် အမေနှင့်သမီး စကားအနည်းငယ်ပြောခဲ့ကာ ဖုန်းချလိုက်ကြလေသည်။
ထို့နောက် ရှောင်လင်းယဲ့လည်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူနားမလည်သည့်ကိစ္စများကို မေးလာခဲ့သည်။ “အစ်မရှင်းရှင်း၊ တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ အစ်မရဲ့သူဌေးက ရုတ်တရက်ကြီး ညလယ်ကြီးဖြစ်နေတာတောင် အစ်မကို အဆောင်ကနေ နှင်ထုတ်လိုက်တာလဲ။ ဒီအချိန်ကြီး အပြင်မှာ ဘယ်လောက်တောင် အန္တရာယ်များလဲ သူတို့ မသိကြဘူးလား။”
ရှောင်ရှင်းရှင်းတစ်ယောက် သူမကို ထိုအကြောင်းမေးလိုက်သည်နှင့် ငြိမ်သက်သွားပြီဖြစ်သည့် ဒေါသက ပြန်လည် ထွက်ပေါ်လာပြန်သည်။ “နင် သဲ့ဝမ်စူပါမားကတ်ကို သိလား။”
“သဲ့ဝမ်?” ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။ “ယန်ကွမ်းလမ်းပေါ်က တစ်ခုမဟုတ်လား။”
“ဟုတ်တဲ့ အဲ့တစ်ခုပဲ။” ရှောင်ရှင်းရှင်း ခေါင်းညိတ်လိုက်သည်။ “ငါ အဲ့မှာ အလုပ်လုပ်တာ။ စူပါမားကတ်အကြီးကြီးဆိုပေမယ့် သူဌေးနဲ့ သူဌေးရဲ့ဇနီးက အရမ်းကပ်စီးနှဲပြီး ဝန်ထမ်းနှစ်ယောက်တည်း ငှားထားတာ။ ပြီးတော့ ငါတို့ကို တချိန်လုံးအစေခံတွေလို အမိန့်ပေးနေတာ။ ငါတို့နှစ်ယောက်တည်းနဲ့ အားလုံးလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တာမှန်း အသိသာကြီးလေ။ ဒီတော့ အမှားလေးများဖြစ်သွားပြီဆိုတာနဲ့ ငါတို့ လုပ်ခကို နုတ်လိုက်ရော။”
“ဟမ်? အဲ့လောက်တောင် ဆိုးတာလား။” ရှောင်လင်းယဲ့ ဝင်ထောက်လိုက်သည်။
“အဲ့ဒါတင်ဘယ်ကမလဲ။ ငါတို့ အလုပ်စဝင်တုန်းက တစ်လကို လစာ ယွမ်၁၀၀၀ပေးမယ်လို့ ပြောထားတာ။ တကယ်တမ်း ငါတို့ရလာတော့ ၆၀၀၊ ၇၀၀ ထက်မပိုဘူး။”
“ဘာလို့လဲ?” ရှောင်လင်းယဲ့ နားမလည်နိုင်ဖြစ်သွားသည်။ “ပြောထားတာရဲ့ ထက်ဝက်လောက်နီးပါးဖြစ်နေပြီလေ။”
ရှောင်ရှင်းရှင် အံကြိတ်လျက်ဆက်ပြောလေသည်။ “အစတုန်းကတော့ ယွမ်၁၀၀၀ဆိုတာ နေစားငြိမ်းလို့ သူဌေးကပြောထားတာ။ ဒါပေမယ့် လစာပေးတဲ့အချိန်လည်းရောက်ရော နေစရိတ်တွေ၊ တခြားရေဖိုးမီးဖိုးနဲ့ အသုံးစရိတ်မျိုးစုံကို ဖြတ်ယူတော့တာပဲ။ ဒီလိုနဲ့ပဲ ငါတို့လစာတွေကို အမြဲတမ်း နုတ်နေတော့တာ။”
“ဒါဆို အလုပ်ထွက်လိုက်သင့်တာပေါ့။ ဘာလို့ ဒီလို ကပ်စီးနှဲပြီး လက်ပေါက်ကပ်တဲ့သူဌေးဆီမှာ အလုပ်လုပ်နေတာလဲ။ အစ်မ ဒီလောက် ကြိုးစားတာတော့ လစာကျ သိပ်အများကြီးလည်း မရဘဲနဲ့။”
ရှောင်ရှင်းရှင်း ခေါင်းအသာညိတ်လိုက်သည်။ “ပထမလပြီးတော့ ငါတကယ်ကို အလုပ်ထွက်ချင်ခဲ့တာ။ ဒါပေမယ့် သူဌေးမက ငါသာ ဆက်ပြီး အလုပ်လုပ်မယ်ဆိုရင် အလုပ်သာကြိုးစားသ၍ ဖြတ်လိုက်တဲ့လစာတွေကို ပြန်ရနိုင်မယ်တဲ့။”
“အဲ့စကားကို အစ်မယုံတယ်ပေါ့။” ရှောင်လင်းယဲ့ အံ့ဩတကြီးမေးလိုက်သည်။ “ညာနေတာ အသိသာကြီးကို။”
ရှောင်ရှင်းရှင်း ရှက်မိသွားသည်။ သူမက နှုတ်ခမ်းကိုကိုက်လျက် ဆက်ပြောလာခဲ့သည်။ “ဒါပေမယ့် ငါကတော့ သူ့စကားကို ယုံမိခဲ့တယ်။ မောင်လေးလင်းယဲ့၊ ငါတော်တော် တုံးတယ်မဟုတ်လား။ ငါအဲ့နေရာမှာ နှစ်ဝက်တောင်မှ လုပ်ခဲ့မိတာ။”
ရှောင်လင်းယဲ့လည်း သူမကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိတော့ပေ။ “အစ်မရှင်းရှင်းက အရမ်းငယ်သေးတော့၊ လူတွေကို အယုံလွယ်မိတာပါ။” ထို့နောက် သူက စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒီနေ့ညကရော ဘယ်လိုဖြစ်သွားတာလဲ။”
“စူပါမားကတ်မှာ နှစ်ဝက်လောက်လုပ်ပြီးသွားတယ် ငါတကယ်ကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူတို့တွေက ငါတို့ကို အစေခံတွေလို ဆက်ဆံနေတာလေ။ ဒါကြောင့် ဒေါသထွက်ထွက်နဲ့ နှုတ်ထွက်စာတင်လိုက်တယ်။ သူဌေးမကလည်း တန်းပြီးလက်ခံပေးတယ်။ ဒါပေမယ့် ငါ့ကို နောက်ထပ်တစ်လအပြည့် ထပ်ပြီး အလုပ်လုပ်ပေးမှ လစာပေးနိုင်မယ်တဲ့။ ငါလည်း နှစ်လစာပေးမယ်လို့ပြောတယ်ထင်လိုက်တာပေါ့။ တကယ်တမ်း အရင်လရဲ့လစာကိုတစ်ခုတည်းကိုတောင် တစ်ဝက်နီးပါးလောက်ဖြတ်ပြီးမှ ပေးမယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး။
ဒီနေ့က ငါ့အလုပ်နောက်ဆုံးရက်လေ။ ငါ့ကို ၁၁နာရီခွဲအထိ အလုပ်လုပ်ခိုင်းတယ်။ ဆိုင်ပိတ်ခါနီးတော့မှ ငါ့လစာကိုထုတ်ပေးတာ။ ပြီးတော့ ငါ့ကို ယွမ်၅၅၀ပဲပေးပြီး ဒါ ငါ့လစာအကုန်ပဲလို့ပြောတယ်။”
“နေပါဦး၊ အစ်မ နှစ်လလုပ်ခဲ့တာမဟုတ်ဘူးလား။ ဘာလို့ ၅၅၀ပဲဖြစ်ရတာလဲ။” ရှောင်လင်းယဲ့ နားမလည်နိုင်ဖြစ်သွားသည်။
“ဟုတ်တယ်၊ ငါလည်း အဲ့ဒါကြောင့် တကယ် ဒေါသထွက်လွန်းလို့ သူနဲ့ စကားများခဲ့တာ။ သူကပြန်ပြီးတော့ ငါ သူ့အပေါ် အကြွေးတင်နေတယ်ပြောလိုက်သေးတယ်။ ငါ့ကို ဒီငွေကိုပဲ ယူရင်ယူ မယူရင်လည်း ထားခဲ့ဆိုပြီးပြောတာ။
ပြီးတော့ သူ့လူတွေကို ငါ့အိတ်ကို အပြင်ဆွဲထုတ်ခိုင်းထားတယ်။ ပြောတာတော့ ငါက သူ့ဝန်ထမ်းမဟုတ်တော့တဲ့အတွက် သူ့အဆောင်မှာ ဆက်နေခွင့်မရှိတော့ဘူးတဲ့။”
“ဒါတော့ အရမ်းလွန်သွားပြီ။” ရှောင်လင်းယဲ့ရင်ထဲ ဒေါသတို့ ပြည့်နှက်လာတော့သည်။ “အစ်မရှင်းရှင်း၊ မိုးလင်းတာနဲ့ အစ်မအတွက် တရားမျှတမှုရအောင် လုပ်ပေးမယ်။ ဒီနှလုံးသားမည်းနက်တဲ့လူတွေ သေချာပေါက် အပြစ်ပေးခံရမှဖြစ်မယ်။”
ရှောင်ရှင်းရှင်း ခေါင်းအသာယမ်းလိုက်သည်။ “အသုံးမဝင်ပါဘူး။ ငါအလုပ်စလုပ်ကတည်းက ငါတို့ ဘာစာချုပ်စာတမ်းမှ မချုပ်ထားကြဘူး။ ပြီးတော့ သူဌေးမက အလုပ်သမားရေးရာဗျူရိုနဲ့ ကူးသန်းရောင်းဝယ်ရေးဗျူရို နှစ်ခုလုံးဘက်မှာ အဆက်အသွယ်တွေရှိတယ်။ တရားစွဲလည်းစွဲဆိုပြီးပဲနေမှာ.. ဒါပေမယ့်…”
ရှောင်ရှင်းရှင်း သူမနှုတ်ခမ်းကို ထပ်ကိုက်လိုက်ပြန်သည်။ “ငါသာ အမှုရှုံးသွားရင် ဒီခရိုင်မြို့ပေါ်မှာ ငါ နောက်ထပ်အလုပ်တစ်ခုထပ်ရှာလို့မရတော့အောင် သူလုပ်ပစ်လိမ့်မယ်။ သူက မြေအောက်ဂိုဏ်းတွေနဲ့လည်း အဆက်အသွယ်တွေရှိတယ်။ ငါသာ ပြဿနာအကြီးကြီးသွားရှာလိုက်ရင် ငါပဲ ပြန်ခံရမှာ။”
“ဘာ?” ရှောင်လင်းယဲ့ မယုံနိုင်စရာကောင်းသည့် ကိစ္စတစ်ရပ်ကို တွေ့ရှိလိုက်ရသည်။ “သူတို့မျက်လုံးထဲမှာ ဥပဒေဆိုတာရော ရှိသေးကြရဲ့လား။” ရှောင်လင်းယဲ့၏အသက်အရွယ်သည် ပုန်ကန်တတ်ကာ၊ စိတ်အားထက်သန်မှုပြင်းပြသည့်အရွယ်ဖြစ်သည်။
“အစ်မရှင်းရှင်း၊ ကျွန်တော်တို့ မနက်ဖြန် အဲ့စူပါမားကတ်ကို ပြန်သွားကြမယ်။ သူတို့ဝန်ထမ်းတွေကို ဒီလောက်ထင်ထင်မြင်မြင်အနိုင်ကျင့်လိမ့်မယ်လို့ ကျွန်တော် မယုံဘူး။”
“ဒါပေမယ့်…” ရှောင်ရှင်းရှင်း၏မျက်လုံးထဲတွင် အကြောက်တရားများပြည့်နှက်နေတုန်းပင်။ “ဒါပေမယ့် သူတို့မှာက ကူးသန်းရောင်းဝယ်ရေးဗျူရိုနဲ့ အလုပ်သမားရေးရာဗျူရိုလိုမျိုး အင်အားကြီးတဲ့နောက်ခံတွေရှိတယ်။ ငါတို့ကို လက်စားပြန်ချေရင်ဘယ်လိုလုပ်မလဲ။ အစ်မလင်းယွီရဲ့ဆိုင်က ဒီမြို့မှာဖွင့်ထားတာ။ ငါတို့ သူ့ကိုပါ ငါတို့နဲ့အတူ ဆွဲချလို့မဖြစ်ဘူးလေ။”
“ဘာမှမပူနဲ့။ သူတို့မှာ ကျွန်တော့်အစ်မကို လက်စားပြန်ချေဖို့ အရည်အချင်းမရှိဘူး။” ရှောင်လင်းယဲ့ ယုံကြည်ချက်ရှိရှိပြောလိုက်သည်။ ထိုစိတ်ယုတ်မာသည့်သူဌေးတွင် ဘယ်လိုနောက်ခံမျိုးရှိသလဲကို သူသေချာမသိလျှင်တောင် သူ့အစ်မတွင်လည်း အားကိုးစရာနောက်ခံအချို့ရှိလေသည်။
တစ်ယောက်ယောက်က ယုံကြည်ချက်အပြည့်ဖြင့် နှစ်သိမ့်ပေးလာတာကြောင့် ရှောင်ရှင်းရှင်း စိတ်သက်သာရာရသလိုခံစားလိုက်ရသည်။ သို့သော်လည်း ရှောင်လင်းယဲ့ပြောသလို သူတို့ သူမ၏အရင်သူဌေးထံသွားပြီး ဖြေရှင်းမှာကိုတော့ သူမစိုးရိမ်မိလေသည်။
ထိုအချိန်မှာပဲ သံတံခါးဖွင့်သံကိုကြားလိုက်ရတာကြောင့် လန့်သွားကာ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ရှောင်လင်းယဲ့က ပြောလိုက်သည်။ “ဘာမှမဖြစ်ဘူး အစ်မရှင်းရှင်း။ ကျွန်တော့်အမေနဲ့ ဒေါ်လေးကျိုးတို့ဖြစ်မယ်။”
သူပြောနေတုန်းမှာပဲ အလျင်လိုနေသည့်ခြေသံတချို့ကို ကြားလိုက်ရသည်။
ဒေါ်လေးကျိုးက အရင်ဆုံး အလောတကြီးဝင်လာကာ သူမနောက်တွင်တော့ ရှောင်ချန်းပမ်း၊ မေမေရှောင်၊ ရှောင်လင်းယွီနှင့် စတုတ္ထဦးလေးရှောင်တို့ လိုက်လာသည်။
“ရှင်းရှင်း၊ အမေ့သမီးလေး။ ဘယ်လိုနေသေးလဲ အဆင်ပြေရဲ့လား။” ဒေါ်လေးကျိုးက ဝင်လာသည်နှင့် သူမ သမီးကိုဖက်ကာ သေချာစစ်ဆေးနေပြီး သူမမျက်လုံးထဲတွင်တော့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်လို့နေသည်။ သူမသမီးဘာမှ ထိခိုက်မှုမရှိတာကို မြင်ရကာမှ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဆူပူတော့သည်။ “အမေ ဘယ်လောက်တောင် စိတ်ပူသွားလဲသိရဲ့လား။ ညလယ်ကြီး၊ ညလယ်ကြီးလို့။ သမီးသာ တစ်ခုခုဖြစ်သွားရင် အမေ ဘယ်လိုလုပ်ရမလဲ။”
ရှောင်ချန်းပမ်းသည်လည်း သူ့သမီးကိုကြည့်ရင်း သက်ပြင်းအကျယ်ကြီးချလိုက်မိသည်။ ထို့နောက် သူက ရှောင်လင်းယဲ့ကို ကျေးဇူးတင်လိုက်လေသည်။ “လင်းယဲ့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ။”
ထောင်ယွမ်ရွာကနေပြီး ရှင်းယင်ခရိုင်မြို့သို့ရောက်အောင် တစ်နာရီကြာမောင်းခဲ့ရလေသည်။ ထိုတစ်နာရီအတွင်း ဘာတွေဖြစ်သွားနိုင်လဲဆိုတာ ဘယ်သူများသိမှာလဲ။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှောင်လင်းယဲ့သည် ခရိုင်မြို့တွင်ရှိနေခြင်းသည်။ သူက ငယ်သေးသော်ငြား အသက် ၁၈နှစ်ပြည့်ပြီးပြီဖြစ်တာကြောင့် အရွယ်ရောက်ယောက်ျားလေးတစ်ယောက်ဟု သတ်မှတ်၍ရသည်။ အခုလိုမျိုး ရင်းနှီးသည့်ယောက်ျားလေးတစ်ယောက်နှင့် အတူရှိနေခြင်းက သူတို့သမီးအတွက် ပိုပြီး အန္တရာယ်ကင်းကြောင်း သူတို့ သိလေသည်။
ရှောင်ရှင်းရှင်းက ချက်ချင်းပြောလာခဲ့သည်။ “အဖေ၊ အမေ၊ တကယ်လို့ မောင်လေးလင်းယဲ့သာ အချိန်မီရောက်မလာရင်၊ သမီး… သမီး တကယ် ဒုက္ခရောက်တော့မလို့။”
“ဟမ်?” ရှောင်ချန်းပမ်းတို့ဇနီးမောင်နှံ စိုးရိမ်သွားလေသည်။ “ဘာဖြစ်ခဲ့လို့လဲ ရှင်းရှင်း။”
“သမီးဖုန်းချပြီး မောင်လေးလင်းယဲ့ကို စာအုပ်ဆိုင်ရှေ့မှာစောင့်နေခဲ့တာ။ ဒါပေမယ့် သိပ်မကြာဘူး ဆိုင်ကယ်တွေနဲ့လူတစ်စုရောက်လာတယ်။ သူတို့ သမီးကို ရှာတွေ့သွားပြီး သူတို့နောက်ကို အတင်းခေါ်နေတာ။ ကံကောင်းလို့ မောင်လေးလင်းယဲ့က အချိန်မီရောက်လာလို့ သူတို့တွေ ထွက်သွားကြတာ။”
“ဘာ? ဆိုင်ကယ်ဂိုဏ်းလား။” ရှောင်ချန်းပမ်းတို့ဇနီးမောင်နှံ ခေါင်းနပမ်းကြီးသွားတော့သည်။ ထိုသို့ဆိုင်ကယ်ဂိုဏ်းသားများကို ကိုယ်တိုင်မမြင်ဖူးသော်လည်း တီဗီဇာတ်လမ်းများထဲတွင်တော့ မြင်ဖူးကြလေသည်။ ထိုလူများမှာ တက်တူးများဖြင့် ကြောက်စရာကောင်းလှသည်။
“လင်းယဲ့၊ ဒေါ်လေးတို့ မင်းကို ကျေးဇူးအများကြီးတင်ပါတယ်ကွယ်။” ဒေါ်လေးကျိုး ဖော်ပြ၍မရနိုင်လောက်အောင် ကျေးဇူးတင်မိသွားသည်။ “မင်းကြောင့်သာမဟုတ်ရင် ရှင်းရှင်း ဘယ်လိုဖြစ်သွားမလဲ ဒေါ်လေးတို့ တွေးကိုမတွေးရဲဘူး။”
“ဒေါ်လေးကျိုး၊ ဦးလေးချန်းပမ်း၊ အစ်မရှင်းရှင်းနဲ့ကျွန်တော်က အတူတူကြီးပြင်းလာကြတာပါ။ သေချာပေါက် ကူညီပေးရမှာပေါ့။ အိုး ဟုတ်သားပဲ။ အစ်မရှင်းရှင်းကို ဂရုစိုက်လိုက်ပါဦး။ သူ ပင်ပန်းနေလောက်ပြီ။ အခုထိ ရေတစ်ခွက်ပဲ သောက်ထားရသေးတယ်။ တစ်ခုခုစားဖို့ လုပ်ပေးလိုက်ပါဦးလား။”
“အမေသွားလိုက်မယ်။” မေမေရှောင်က ပြောလိုက်သည်။
ထို့နောက် ရှောင်လင်းယွီက မေးလာခဲ့လေသည်။ “ရှင်းရှင်း၊ ဘာတွေဖြစ်သွားတာလဲ။”
“မမ၊ အစ်မရှင်းရှင်းက ငါ့ကိုအကုန်ပြောပြီးသွားပြီ။” ရှောင်လင်းယဲ့က ရှောင်ရှင်းရှင်းကြုံတွေ့ခဲ့ရသမျှကို ပြန်လည်ပြောပြပေးလာခဲ့သည်။
ထို့နောက် သူက၊ “မမ၊ မနက်ဖြန်ကျရင် အစ်မရှင်းရှင်းအတွက် တရားမျှတမှုရအောင်ယူပေးဖို့ အဲ့ဒီစူပါမားကတ်ကို ငါသွားမယ်။”
***