← Chapters

ငိုယိုတိုင်တန်းခြင်း

Vol. 12 Ch. 207

ငိုယိုတိုင်တန်းခြင်း

Vol. 12 Ch. 207

ရှောင်လင်းယဲ့ထံမှဖြစ်စဉ်တစ်ခုလုံးကိုကြားရပြီးနောက် ကျန်သည့်မိသားစုဝင်များအားလုံး ဒေါသထွက်ကုန်ကြလေသည်။

“ရှင်းရှင်း၊ အမေ မနက်ဖြန် အဲ့ဒီလူတွေဆီသွားပြီး သမီးအတွက် တရားမျှတမှုရအောင် ယူပေးမယ်။ ဒီလောကကြီးက အဲ့လောက်အထိ ဥပဒေမဲ့လိမ့်မယ်လို့တော့ အမေမထင်ဘူး။”

သူမသမီးက ထိုစူပါမားကတ်တွင် နှစ်ဝက်ကျော်လောက် အလုပ်လုပ်ခဲ့ကာ အိမ်ကိုလည်း အမြဲတမ်း ငွေပို့ပေးတာကြောင့် အဆင်ပြေပြေရှိနေသည်ဟု ထင်ခဲ့မိလေသည်။ အခုလိုမျိုး ဆိုးဝါးလှသည့်ဘဝမျိုးတွင် နေထိုင်နေရလိမ့်မည်ဟု ကျိုးယန် စိတ်ပင်မကူးဖူးပေ။ ဒီလောက် ကြိုးစားတာတောင်မှ လစာအများကြီးလည်း မပေးခဲ့လေဘူး။

“ဒီလူတွေ အရမ်းလွန်သွားပြီ။” ရှောင်ချန်းပမ်းသည်လည်း ပုံမှန်နှင့်မတူစွာ ဒေါသအလွန်ထွက်နေလေသည်။ “ရှင်းရှင်း၊ မနက်ဖြန်ကျရင် အဖေနဲ့အမေကိုယ်တိုင် အဲ့ဒီနှလုံးသားမည်းနက်နေတဲ့သူဌေးတွေဆီသွားပြီး သမီးရသင့်တဲ့လစာအကုန် ပြန်ယူပေးမယ်။”

ရှောင်မင်ယန်း ထိုစကားကိုကြားသည်နှင့်၊ “ချန်းပမ်း၊ စိတ်ကိုအေးအေးထားကြပါ။ ငါတို့ သေချာပေါက် ပြန်ရအောင်လုပ်ရမယ်ဆိုပေမယ့် အလျင်စလို ဝုန်းဒိုင်းကျဲဝင်သွားလို့တော့မဖြစ်ဘူးလေ။ မဟုတ်ရင် ငါတို့အဆိုးပဲဖြစ်သွားနိုင်တယ်။”

ရှေးအချိန်တွေကတည်းက သာမာန်လူတန်းစားများသည် လူချမ်းသာများ၏ အနိုင်ကျင့်ဗိုလ်ကျခြင်းကို ခံခဲ့ကြရသည်ဖြစ်သည်။ လူချမ်းသာများသည် အရာရှိများနှင့် တစ်ဖက်တည်းဖြစ်ကာ အရာရှိများကလည်း အချင်းချင်းကာကွယ်ပေးကြလေသည်။

သူဌေးမတွင် အဆက်အသွယ်ရှိသည်ဟု ပြောပြထားတာကြောင့် သူတို့သာ ထိုကဲ့သို့ ဝုန်းဒိုင်းကျဲလိုက်ပါက သူတို့အတွက် ဘာမှရလာမည်မဟုတ်ပေ။ ဒါ့အပြင် သူဌေးမသည် မြေအောက်လောကသားများနှင့်လည်း သိသည်ဟုဆိုသေးသည်။ ဒါကြောင့် သူတို့လို တောသူတောင်သားများကို ရှင်းပစ်ဖို့ဆိုသည်က သူမအတွက် အလွယ်လေးပင်။

ရှောင်လင်းယွီကလည်း၊ “ဦးလေးချန်းပမ်း၊ ဒေါ်လေးကျိုး၊ သမီးရဲ့စတုတ္ထဦးလေးပြောတာမှန်တယ်။ သမီးတို့ တရားမျှတမှုရအောင် ယူမယ်ဆိုပေမယ့် အလျင်စလိုလုပ်လို့တော့မဖြစ်ဘူး။ သမီးတို့ဘက်က မှန်တယ်ဆိုတာ သက်သေပြနိုင်အောင် ကျိုးကြောင်းဆီလျော်မှုအပြည့်နဲ့ လုပ်ဆောင်မှဖြစ်မယ်။”

“လင်းယွီ၊ သမီးပြောတာမှန်တယ်။ ဒါဆို ဦးလေးတို့ ဘာဆက်လုပ်ကြရမလဲ။” ရှောင်ချန်းပမ်း စိုးရိမ်စိတ်များနေခဲ့သည်။ သူတို့သမီးလေးက အနိုင်ကျင့်ဗိုလ်ကျခြင်းခံခဲ့ရခြင်းဖြစ်တာကြောင့် ခေါင်းကိုက်ရရုံတင်မက အလွန်လည်းဒေါသထွက်မိသည်။ သူတို့သမီးအတွက် သူတို့ သေချာပေါက် လက်စားပြန်ချေရမည်ပင်။

သို့သော်လည်း သူတို့သည် စာမတတ်သဖြင့် ဘာလုပ်သင့်မှန်းကို မသိကြပေ။

ရှောင်လင်းယွီ ခဏမျှတွေးတောကြည့်ပြီးနောက် မေးလာခဲ့သည်။ “ရှင်းရှင်း၊ နင့်မှာ အလုပ်သမားစာချုပ်မရှိဘူးဆိုရင် စူပါမားကတ်မှာ အလုပ်လုပ်ခဲ့ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတစ်ခုခုရှိလား။ ဥပမာ၊ လစာဖြတ်ပိုင်း၊ အလုပ်တံဆိပ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ရဲ့သက်သေထွက်ဆိုချက်လိုမျိုးပေါ့။”

ရှင်းရှင်း တွေးကြည့်ပြီးနောက် ခေါင်းသာ ယမ်းလာခဲ့သည်။ “မရှိဘူး၊ သူဌေးမက ညီမတို့လစာကို ငွေသားနဲ့ပဲပေးလိုက်တာ၊ လစာဖြတ်ပိုင်းလို အလုပ်တံဆိပ်လိုဟာမျိုးတွေမရှိဘူး။ လုပ်ဖော်ကိုင်ဖက်ကျတော့လည်း အခုထိ အဲ့မှာ အလုပ်လုပ်နေသေးတဲ့ ညီမ သူငယ်ချင်းတစ်ယောက်တော့ ရှိပေမယ့် ညီမတို့နဲ့ ပူးပေါင်းပေးပါ့မလားကတော့ မသေချာဘူး။”

ပြောရလျှင် ထိုနေရာတွင် အလုပ်လုပ်နေသူအများစုမှာ ကျေးလက်တောရွာမှလာသူများသာဖြစ်ကြသည်။ မိသားစုအခြေအနေမကောင်းကြသလို ပညာအရည်အချင်းလည်းမမြင့်ကြပေ။ ဒါကြောင့် ခရိုင်မြို့ပေါ်တွင် အလုပ်တစ်ခုရှာဖို့က ခက်ခဲလှသည်။ ဒါကြောင့်ပဲ သူတို့အားလုံး စူပါမားကတ်၏သူဌေးနှင့်သူဌေးမထံမှ ဖိအားများကို သည်းခံကာ ဆက်လက်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်လေသည်။ သူတို့လစာကို အမျိုးမျိုးအဖြတ်ခံကြရလျှင်တောင်မှ အိမ်ပြန်ပြီး လယ်လုပ်သည်ထက် ပိုကောင်းနေသေးသည်။

ရှောင်လင်းယွီ တွေးကြည့်နေရင်း သူမမျက်လုံးများထဲတွင်တော့ ခက်ထန်သည့်အရိပ်အယောင်များ ပြည့်လာခဲ့သည်။ “ဒီသူဌေးနဲ့သူ့ဇနီးက အလုပ်သမားစာချုပ်မရှိတာကို အခွင့်ကောင်းယူပြီး ဝန်ထမ်းတွေကို အနိုင်ကျင့်ဗိုလ်ကျနေတာပဲ။ ဒါပေမယ့် ဒါကပဲ သူတို့ရဲ့ကျဆုံးခန်းကိုရေးသွားလိမ့်မယ်။”

ဘယ်သူမှ ရှောင်လင်းယွီပြောတာကို နားမလည်လိုက်ကြပေ။

ဒါကြောင့် ရှောင်ချန်းပမ်းကပဲ မျက်မှောင်ကြုတ်ကာ မေးလာခဲ့လေသည်။ “လင်းယွီ၊ အဲ့ဒါ ဘာကိုပြောတာလဲ။”

“ဦးလေးချန်းပမ်း၊ ဒီသူဌေးနှစ်ယောက်က အလုပ်သမားစာချုပ်မရှိတာကြောင့် ဝန်ထမ်းတွေကို ဖိနှိပ်ကြတာ။ ဒါကြောင့်ပဲ သမီးတို့ဘက်ကလည်း ဒီအလုပ်သမားစာချုပ်မရှိတဲ့အချက်ကနေပြီး ပြန်တိုက်စစ်ဆင်ရမယ်။”

ရှောင်လင်းယွီကလွဲပြီး ကျန်သူများကတော့ နားမလည်နိုင်ဖြစ်နေကြတုန်းပင်။

…..

မနက် ၆နာရီ ၇နာရီလောက်တွင် လမ်းပေါ်၌ လူတော်တော်များနေပြီဖြစ်သည်။ နွေရာသီဖြစ်ကာ ရာသီဥတုကလည်း ပူတာကြောင့် ထိုအခွင့်အရေးကိုအရယူကာ လေကောင်းလေသန့်ရရန် မနက်စောစော လမ်းလျှောက်ထွက်ကြခြင်းပင်။

လုပ်ငန်းရှင်တွေကတော့ သူတို့ဆိုင်ဖွင့်ဖွင့်ချင်း လူတွေပြဿနာလာရှာမည်ကို စိုးရိမ်ကြရလေသည်။

“ရှင်းရှင်း၊ ဒီနေရာလား။” ရှောင်လင်းယွီတို့သည် ရှောင်ရှင်းရှင်း၏ဦးဆောင်မှုဖြင့် သူမအရင်အလုပ်လုပ်ခဲ့သည့်နေရာသို့ ရောက်နေကြခြင်းပင်။

ရှောင်ရှင်းရှင်းက ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်တယ်၊ သဲ့ဝမ်စူပါမားကတ်။ သူဌေးနာမည်က လေ့ကျန့်ဟူ၊ သူ့မိန်းမက ကုချင်းကျောင်း။ နှစ်ယောက်လုံး မကောင်းတဲ့လူတွေချည်းပဲ။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ကာ ရှောင်လင်းယဲ့ကို အချက်ပြလိုက်လေသည်။ ရှောင်လင်းယဲ့ကလည်း သစ်သားတုတ်တစ်ချောင်းဖြင့် တံခါးကိုရိုက်လိုက်လေသည်။ တံခါးက ချက်ချင်းဆိုသလို အသံအကျယ်ကြီးမြည်သွားတာကြောင့် လမ်းသွားလမ်းလာများ၏ စပ်စုချင်စိတ်ကို နှိုးဆွပေးလိုက်လေသည်။

ရှောင်လင်းယွီက ဒေါ်လေးကျိုးကို အချက်ပြလိုက်သည်နှင့် ကျိုးယန်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာတော့သည်။ “အားလုံးပဲ၊ ဒီသနားစရာမိန်းမကြီးကို ကူညီပေးကြပါ။”

ဒေါ်လေးကျိုးသည် ရွာသူပီပီ အသံကျယ်လှကာ ချက်ချင်းဆိုသလို သူမနားဘေးရှိ ဖြတ်သွားဖြတ်လာများမှာ ရပ်တန့်ကုန်ကြလေသည်။

“အားလုံးပဲ၊ ဒီစူပါမားကတ်ရဲ့သူဌေးက စိတ်နှလုံးမည်းညစ်ပြီး ရက်စက်တဲ့လူပါ။ သူတို့က အလုပ်သမားတွေကို လူလိုမဆက်ဆံဘဲ ကျွဲလိုနွားလို အလုပ်လုပ်ခိုင်းတယ်။ အစကတော့ တစ်လကို ယွမ်၁၀၀၀ လစာပေးပါမယ်လို့ ကတိပေးခဲ့ပေမယ့် တကယ်တမ်း လစာရချိန်ကျတော့ အလုပ်သမားတွေက ယွမ်၆၀၀ ဝန်းကျင်လောက်ပဲ ရကြပါတယ်။”

“ဘာ? အဲ့လောက်ဆိုးတဲ့လူက ရှိသေးတာလား။”

“တကယ်တော့ ငါလည်း အဲ့ဒီစူပါမားကတ်ရဲ့ ရာဇဝင်တွင်တဲ့ကပ်စီးနှဲလင်မယားအကြောင်း ကြားဖူးတာကြာပြီ။ စူပါမားကတ်ကြီးက ဒီလောက်ကြီးတာတောင် သူတို့က လူနှစ်ယောက်ပဲငှားထားတယ်လေ။ ပြီးတော့ အဲ့နှစ်ယောက်ကပဲ နေ့တိုင်းတစ်နေကုန်တစ်နေခမ်း အလုပ်လုပ်ရတာ။”

“ယွမ်၁ထောင်ပေးမယ်ပြောထားပြီး ဘာလို့ တစ်ဝက်ပဲပေးတာလဲ။ ဘယ်လိုများလုပ်နိုင်ရတာလဲ။ သူတို့မှာ အသိတရားမရှိကြဘူးလား။”

“သူတို့မှာသာ အသိတရားရှိနေရင် ဒီလိုမျိုးအစကတည်းက လုပ်ပါတော့မလား။”

ဒေါ်လေးကျိုးက အသံကျယ်ကျယ်ဖြင့် ဆက်လက်ပြောဆိုလေသည်။ “ကျွန်မသမီးလေးက သူတို့ရဲ့ဖိနှိပ်မှုကို မခံနိုင်တော့လို့ နှုတ်ထုတ်ခဲ့တယ်။ ပြီးခဲ့တဲ့လက နှုတ်ထွက်စာတင်ပြီးတော့ သူဌေးမ ကုချင်းကျောင်းက လစာရဖို့ နောက်ထပ် တစ်လအပြည့်ထပ်လုပ်ပေးရမယ်လို့ပြောလာတယ်။

ဒါပေမယ့် အဲ့ဒီသူဌေးက ကျွန်မ သမီးရဲ့နှစ်လလုပ်ခအတွက် ဘယ်လောက်ပဲပေးလိုက်လား သိရဲ့လား။”

“ယွမ်၅၀၀ပဲတော့ မဟုတ်လောက်ပါဘူးနော်။” တစ်ယောက်က နောက်ပြောင်လိုက်လေသည်။

“အစ်မကြီးပြောတဲ့အတိုင်းပါပဲ။” ဒေါ်လေးကျိုးက ဆက်ပြောသည်။ “အဲ့ဒီစိတ်ထားမကောင်းတဲ့မိန်းမက ကျွန်မသမီးကို ယွမ် ၅၅၀ပဲပေးပြီး ဒါ သူ့လစာအကုန်ပဲဆိုပြီး ပြောလိုက်တယ်။

ကျွန်မသမီးခမျာ နှစ်လအပြည့်အလုပ်လုပ်ခဲ့တဲ့အတွက် ယွမ်၂၀၀၀ ရသင့်တာကို သူကတော့ ယွမ် ၅၅၀ပဲ ပေးတယ်။ ဘယ်လောက်တောင် ဆိုးဝါးတဲ့လူစားမျိုးမို့ ဒီလိုလုပ်ရပ်မျိုးလုပ်ရက်ရတာလဲ။

ပြီးတော့၊ ဒါက အရင်လစာတွေတုန်းက ဖြတ်ထားတာတွေမပါသေးဘူး။ နောက်ဆုံးတော့ သူတို့က ယွမ် ၅၅၀ပေးပြီး ကျွန်မသမီးလေးကို နှင်ထုတ်လိုက်ကြပါတယ်။

ဒါ ကျွန်မသမီးပါ။ ကျွန်မမှာတော့ ဒီသမီးလေးကို သေချာပြုစုပျိုးထောင်ခဲ့ပေမယ့် အခုတော့ ကြည့်ပါဦး။ ပိန်လိုက်တာမှ ဝါးလုံးချောင်းလိုပဲ။ ရင်နာတယ်။ ကျွန်မရင်ကို ဓားနဲ့မွှန်းနေသလိုပဲ။

ဒါတွေအားလုံး ကျွန်မအမှားတွေပါ။ သမီးလေး မြို့ပေါ်မှာ အလုပ်ကောင်းကောင်းရနေတယ်လို့ ထင်ခဲ့မိတာ။ နေ့တိုင်း ကျွန်မသမီးနဲ့ ဖုန်းပြောခဲ့တယ်။ သမီးကလည်း သူကောင်းကောင်းနေရတဲ့အကြောင်း သတင်းကောင်းတွေပဲပေးတယ်။ သူ့ကို ကိုယ်တိုင်လာမပြည့်မိတာ ကျွန်မအမှားပါ။

ငါ့ရဲ့သနားစရာသမီးလေးရယ်….”

“ဒီသူဌေးက တကယ်ကိုယုတ်မာတာပဲ။ ဒါက တခြားတစ်ယောက်အတွက်တော့ ရင်နဲ့အမျှချစ်ရတဲ့သမီးပဲလေ။ ဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်ရတာလဲ။”

“သူတို့တွေ ငွေပေးပြီး အလုပ်ခိုင်းတယ်ဆိုပေမယ့် ဘယ်လိုလုပ်များ လူတွေကို ဒီလိုပုံစံဆက်ဆံရတာလဲ။ ဒါက သူတို့ဝန်ထမ်းတွေရဲ့ကျန်းမာရေးကိုတောင် ဂရုမစိုက်တာပဲ။”

ရှောင်ရှင်းရှင်းသည် ထိုစကားများကိုကြားပြီး ငိုချင်လာကာ မျက်လုံးများနီရဲလာသော်လည်း သူမ၏မကျေနပ်ချက်များကို တိတ်တဆိတ်ပြန်လည်မျိုချလိုက်သည်။

ဒေါ်လေးကျိုးက မျက်ရည်များကိုသုတ်ကာ၊ “ဒါပေမယ့် ဒီထက်ပိုဆိုးတာက အဲ့သူဌေးမ ကျွန်မသမီးကို လစာပေးပြီးတဲ့နောက်ကစတာပဲ။ သူ့ကို ခရီးဆောင်အိတ်တစ်လုံးနဲ့ နှင်ထုတ်လိုက်တယ်လေ။ သူကပြောသေးတယ်။ ကျွန်မသမီးက သူ့စူပါမားကတ်ရဲ့ဝန်ထမ်းမဟုတ်တော့တဲ့အတွက် အဆောင်မှာ ဆက်နေပိုင်ခွင့်မရှိတော့ဘူးတဲ့။

မိန်းမငယ်လေးတစ်ယောက် ညလယ်ခေါင်ကြီး လမ်းပေါ် နှင်ထုတ်ခံလိုက်ရတာလေ။ ကျွန်မသမီးသာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ပါ့မလဲ။”

“ဘာ? ဒါက လူကျင့်ဝတ်တောင်မရှိတော့တာပဲ။” လူအုပ်ကြီးက ဆူထလာသည်။

“အဲ့လိုတော့ မလုပ်သင့်ဘူးလေ။ ကောင်မလေးသာ တစ်ခုခုဖြစ်သွားရင် သူတို့ တာဝန်ခံနိုင်ကြလို့လား။”

“စူပါမားကတ်က အကြီးကြီးဆိုပေမယ့် ပိုင်ရှင်က ဒီလောက် ရက်စက်ယုတ်မာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။ မိန်းမငယ်လေးတစ်ယောက်ကို ညလယ်ခေါင်ကြီး နှင်ထုတ်တယ်ပေါ့။ ဟာသပဲ။”

“ငါတို့တွေ ကျွန်ခေတ်မှာပဲရှိနေသေးတယ်လို့ သူတို့ထင်နေတာလား။ ဝန်ထမ်းတွေကို သူတို့ပိုင်တဲ့ကျွန်တွေလို ဆက်ဆံနေကြတာပဲ။”

ဒေါ်လေးကျိုးတစ်ယောက် မျက်လုံးများနီရဲကာ ယောင်ကိုင်းလာသည်အထိ ငိုနေခဲ့လေသည်။ “သူတို့ ကျွန်မသမီးကို လစာသေချာပေးတာ မပေးတာကို ဂရုမစိုက်ပါဘူး။ ကျွန်မသမီးကလည်း ဥပဒေအကြောင်း နားမလည်တော့ သူတို့နဲ့ အလုပ်သမားစာချုပ်မှာလည်း လက်မှတ်ထိုးထားတာမရှိဘူး။ ကျွန်မတို့တွေ ဒီဖြစ်ရပ်ကို သင်ခန်းစာယူနိုင်ပြီဆိုတော့ အနာဂါတ်မှာ ဒီလိုထပ်ဖြစ်စရာအကြောင်းမရှိတော့ပါဘူး။

ဒါပေမယ့် အဲ့သူဌေး ကျွန်မသမီးကို ညလယ်ခေါင်ကြီး လမ်းပေါ်နှင်ထုတ်တာကိုတော့ ကျွန်မ လုံးဝခွင့်မလွှတ်ဘူး။ ကျွန်မအခု ဆူပူအောင်လုပ်သလိုဖြစ်နေမှန်းသိပေမယ့် ကျွန်မသမီးအတွက် တရားမျှတမှုရအောင်တော့ ယူမှဖြစ်မယ်။

မနေ့ညက ကျွန်မသမီး ဆိုင်ကယ်ဂိုဏ်းတစ်ခုနဲ့တိုးခဲ့ပြီး သူ့ကို အတင်းဆွဲခေါ်ဖို့ကြိုးစားကြတယ်။ အဲ့အကြောင်းကို ပြန်တွေးမိလေ ကျွန်မရင်ကို ဓားနဲ့မွှန်းနေသလို ခံစားရလေပဲ။ ကျေးဇူးတင်စရာကောင်းတာက ကျွန်မသူငယ်ချင်းရဲ့သားက အချိန်မီရောက်လာလို့သာ သမီးလေးကို ကယ်လိုက်နိုင်တာ။

အားလုံးမှာလည်း သားသမီးတွေရှိကြမှာပါ။ ကျွန်မသမီးနေရာမှာ ကိုယ့်သမီးကို အစားထိုးပြီး ပုံဖော်ကြည့်ပါဘူး။ ဒီလိုသာဖြစ်ခဲ့ရင် ရှင်တို့ဘယ်လိုလုပ်ကြမလဲ။ ကျွန်မခံစားချက်ကို နားလည်ပေးနိုင်ကြရဲ့လား။”

“ငါ့သမီးသာ ဒီလိုဆက်ဆံခံရရင်တော့ ငါဒီတစ်ဆိုင်လုံးကို မီးပုံရှို့ပစ်မှာ။”

“ဒီစူပါမားကတ်ရဲ့သူဌေးတွေက နှလုံးနက်ရုံတင်မဟုတ်ဘူး ပုပ်သိုးဆွေးမြေ့နေကြတာ။ သူတို့မှာရော သမီးမိန်းကလေးမရှိဘူးလား။ သူတို့သမီးသာ ဒီလိုဆက်ဆံခံရရင် သူတို့ ဘယ်လိုခံစားကြရမလဲ။”

“အစ်မကြီး၊ မငိုနဲ့တော့။ ကျွန်မတို့ ရှင့်ဘက်က ရပ်တည်ပေးမယ်။”

“ဟုတ်တယ်။ ကျွန်မတို့ ရှင့်ဘက်မှာရှိတယ်။”

ထိုစကားလုံးများက ကျိုးယန်၏ရင်ကို နွေးထွေးသွားစေခဲ့သည်။

“အခုလို ပံ့ပိုးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီသူဌေးတွေကို တစ်ခုခုစော်ကားတာမျိုးတော့ မပြောသင့်ဘူး။ ကျွန်မ ရှင်တို့ကိုပါ ကျွန်မနဲ့အတူ ဆွဲမချချင်လို့ပါ။”

“ဘာလို့လဲ။” လူများက နားမလည်ဖြစ်သွားကြသည်။

ကျိုးယန်က သက်ပြင်းအကျယ်ကြီးချလိုက်ပြီး၊ “ဒီက သူဌေးမက ကျွန်မသမီးကို ဒီဆုံးရှုံးမှုကို လက်မခံနိုင်ရင်တောင်မှ လက်ခံမှရမယ်လို့ သတိပေးသွားတယ်။

သူဌေးမမှာ အလုပ်သမားရေးရာဗျူရိုနဲ့ ကူးသန်းရောင်းဝယ်ရေးဗျူရိုဘက်မှာ အဆက်အသွယ်တွေ ရှိတယ်တဲ့လေ။ ကျွန်မတို့ တရားစွဲရင်တောင် သူတို့က ကြောက်မှာမပါဘူး။ ကျွန်မသမီးကိုတောင် ခြိမ်းခြောက်လိုက်သေးတယ်။ သူ့မှာ မြေအောက်လောကသား အဆက်အသွယ်တွေရှိတယ်တဲ့။ သူက ကျွန်မသမီးကို ဒုက္ခပေးဖို့ အဲ့လူတွေကို ချက်ချင်းခေါ်လိုက်လိမ့်မယ်။”

“ဘာ? အဓိပ္ပါယ်မရှိလိုက်တာ။”

***

All Chapters