သက်သေစုဆောင်းခြင်း
Vol. 12 Ch. 208
“ဒီသူဌေး အရမ်းလွန်လွန်းသွားပြီ။”
“အစ်မကြီး၊ ဘာမှမပူနဲ့။ ကျွန်မတို့ အဲ့ဒီမြေအောက်လောကသားတွေကို မကြောက်ဘူး။ ဒီလို စူပါမားကတ်ငယ်လေးတစ်ခုရဲ့သူဌေးက ရှင်းယင်ခရိုင်တစ်ခုလုံးကို အုပ်စိုးနိုင်မယ်လို့များထင်နေတာလား။”
…..
သဲ့ဝမ်စူပါမားကတ်အတွင်းတွင်တော့… ကုချင်းကျောင်းသည် ဝန်ထမ်းများကို ကြီးကြပ်နေစဉ် တံခါးခေါက်သံဆက်တိုက်ကို ကြားလိုက်ရခြင်းဖြစ်သည်။
ကုချင်းကျောင်း မျက်မှောင်ကြုတ်သွားကာ အလွန်ကိုလည်း စိတ်ရှုပ်သွားလေသည်။ ‘အပြင်မှာ ဘာတွေဖြစ်နေတာလဲ။’
သူမတွေးရင်း ဝန်ထမ်းတစ်ယောက်ကို တံခါးသွားဖွင့်ခိုင်းလိုက်သည်။
ဝန်ထမ်းလည်း လုပ်လက်စအလုပ်ကိုချကာ နာခံရလေသည်။
စူပါမားကတ်၏အဓိကဝင်ပေါက်သည် လိပ်တံခါးအမျိုးအစားဖြစ်ကာ ခလုတ်ကိုနှိပ်လိုက်သည်နှင့် တံခါးက အပေါ်သို့ လိပ်တက်သွားလေသည်။ ထိုသို့ဖြင့် ဝန်ထမ်းသည်လည်း သစ်သားတုတ်တစ်ချောင်းကိုင်ထားသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
သူမလည်း ကြောက်လန့်သွားကာ မျက်နှာက ဖြူဖျော့သွားပြီး အော်ဟစ်တော့သည်။ “နင် ဘယ်သူလဲ။ ဘာလုပ်ချင်တာလဲ။”
ရှောင်လင်းယဲ့သည် ထိုအမျိုးသမီးငယ်ကို ပြဿနာမရှိဘဲ ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်သည်။ “ကျွန်တော်တို့ မင်းကို ပြဿနာရှာဖို့လာတာမဟုတ်ပါဘူး။ မင်းရဲ့သူဌေးကို ရှာနေတာ။ ပြန်သွားပြီး မင်းရဲ့ယုတ်မာတဲ့သူဌေးလင်မယားကို ခေါ်ခဲ့ပေးပါ။”
ကျန်းရှောင်ချင်းဆိုသည့်ဝန်ထမ်းက စိတ်ပူပန်သွားခဲ့သည်။ “ဘာ.. ဘာလို့ သူဌေးကို ရှာနေတာလဲ။”
ရှောင်ရှင်းရှင်းသည် ကျန်းရှောင်ချင်းကိုမြင်သွားကာ အနားသို့ပြေးလာပြီး၊ “ရှောင်ချင်း၊ ငါပါ ရှောင်ရှင်းရှင်းလေ။”
“ရှင်းရှင်း။” ကျန်းရှောင်ချင်းတစ်ယောက် ရှောင်ရှင်းကိုမြင်ပြီး အံ့အားသင့်သွားလေသည်။ ထို့နောက် ရှောင်ရှင်းရှင်းနောက်မှ လူများကိုပါ သတိထားမိသွားကာ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားတော့သည်။ ကျန်းရှောင်ချင်းသည် ဝန်ထမ်းငယ်လေးတစ်ယောက်သာဖြစ်တာကြောင့် သူမသူဌေးအတွက် ဖုံးကာပေးနေမည်မဟုတ်ပေ။
“ခဏလေးစောင့်နော်၊ ငါ သူဌေးမကို သွားခေါ်ပေးမယ်။”
ကျန်းရှောင်ချင်း ဆိုင်ထဲသို့ ပြန်ပြေးဝင်သွားခဲ့သည်။ သူမ အနည်းငယ် စိတ်ရှုပ်နေတာကြောင့် မတော်တဆဆိုသလို ပစ္စည်းတင်သည့်စင်များကို တိုက်မိကာ စင်ပေါ်မှ ပစ္စည်းများ ပြုတ်ကျကာ ပြန့်ကျဲသွားတော့သည်။
သူဌေးမ၏မျက်နှာသည်လည်း ချက်ချင်းပင် မည်းမှောင်သွားကာ ဒေါသတကြီးပြောလေတော့သည်။ “ကျန်းရှောင်ချင်း၊ အဲ့ဒါ ဘယ်လိုဖြစ်ရတာလဲ။ ဒါ နင့်အပြစ်ဆိုမှတော့ ယွမ် ၅၀ ဖြတ်မယ်။”
ကျန်းရှောင်ချင်း၏မျက်နှာက ချက်ချင်းပင် ဒေါသအရိပ်အငွေ့များထင်ဟပ်လာပြီးနောက် မကျေမနပ်သည့်လေသံဖြင့် ပြောလိုက်သည်။ “သူဌေးမ၊ အပြင်မှာ ပြဿနာလာရှာနေတဲ့လူရှိတယ်။”
သူမစိတ်ထဲတွင်တော့၊ ‘ရှင်းရှင်းကို ညလယ်ခေါင်ကြီးနှင်ထုတ်ဖို့ သူ့ကို ဘယ်သူပြောလို့လဲ။ အခုတော့ကြည့်၊ သူ့မိသားစုက လက်စားချေဖို့ရောက်လာကြပြီ။’
ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကျန်းရှောင်ချင်း မျှော်လင့်နေမိသည်။ သို့သော်လည်း သူမစိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်စိတ်ဝင်မိလေသည်။ ရှောင်ရှင်းရှင်းသည်လည်း ရွာတစ်ရွာကဖြစ်ကာ မိဘများမှာ လယ်သမားများဖြစ်ပြီး ခရိုင်မြို့ပေါ်တွင် ကျောထောက်နောက်ခံမဆိုထားနှင့် ဆွေမျိုးတောင်မှ မရှိပေ။
သူဌေးနှင့်သူဌေးမတွင် အဆက်အသွယ်များစွာရှိကာ ဒီလိုလူတွေ ပြဿနာလာရှာသည်ကို ကြောက်နေမည့်လူများမဟုတ်ပေ။
ရှောင်ရှင်းရှင်းတို့မိသားစုဘက်က အနိုင်ရသွားလျှင် အကောင်းဆုံးဆိုသော်လည်း ရှုံးနိမ့်သွားလျှင်တော့ ဒီစိတ်သဘောထားကျဉ်းမြောင်းသည့် သူဌေးလင်မယားက သူတို့ကို လက်စားပြန်ချေကြမည်ပင်။
အပြင်ဘက်တွင် ပြဿနာလာရှာသူရှိနေမှန်း ကုချင်းကျောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းဆိုသလို သူမဒေါသက ဆူပွက်လာတော့သည်။ “ဒီလောက်စောစောစီးစီး၊ ဘယ်သူ ပြဿနာလာရှာတာလဲ။”
ဆိုင်မဖွင့်သေးတာတောင် ပြဿနာတွေဝင်လာနေခြင်းက ကံဆိုးလှလေသည်။
ကျန်းရှောင်ချင်းက၊ “ရှောင်ရှင်းရှင်းနဲ့သူ့မိသားစုပါ။”
“အဲ့ကောင်မလား!” သူဌေးမလည်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “သူကများ မိသားစုကိုခေါ်ပြီး မနက်စောစောစီးစီး ငါ့ကို ပြဿနာလာရှာရဲတယ်ပေါ့။ ငါ့ကို အနိုင်ကျင့်ရလွယ်မယ်များထင်နေတာလား။ ကြည့်ရတာ သင်ခန်းစာကောင်းကောင်းပေးဖို့ လိုနေပြီပဲ။” ပြောပြီးသည်နှင့် တံခါးဆီသို့ အလျင်ဖြင့်ပြေးသွားတော့သည်။
ကျန်းရှောင်ချင်းလည်း ခဏမျှတွေးကြည့်ပြီးနောက် နောက်မှ လိုက်သွားကြည့်လေသည်။ ဝန်ထမ်းအသစ်လေးကိုတောင်မှ သူမနှင့်အတူ လိုက်ခဲ့ရန် ခေါ်လိုက်သေးသည်။
ဝန်ထမ်းအသစ်သည် သတ္တိနည်းကာ နောက်ကျရင် သူမလစာကိုပါ သူဌေးမက ဖြတ်ပစ်မည်ကို ကြောက်နေလေသည်။ ဒါကြောင့် ကျန်းရှောင်ချင်းကို မမြင်ချင်ယောင်ဆောင်ပြီး နာနာခံခံဖြင့် အလုပ်ဆက်လုပ်နေခဲ့သည်။
ကျန်းရှောင်ချင်းကလည်း ဘာမှများများစားစားတွေးမနေခဲ့ပေ။ အပြင်ဘက်မှ ဇာတ်လမ်းကိုသာ ကြည့်ချင်နေသည်။ သူမတို့သူဌေး ဒုက္ခရောက်သွားရင်တော့ အကောင်းဆုံးပေါ့။
အဆိုးဆုံးမှ ရှောင်ရှင်းရှင်းနောက်လိုက်ပြီး အလုပ်ထွက်လိုက်ရုံပဲလေ။
ကုချင်းကျောင်းတစ်ယောက် တံခါးဆီသို့ အပြေးအလွှားသွားလိုက်သည်နှင့် လူငယ်လေးတစ်ယောက် သစ်သားတုတ်ချောင်းကိုကိုင်ကာ တံခါးအလယ်တွင် ရပ်နေသည်ကို မြင်လိုက်ရလေသည်။
လူငယ်လေး၏မျက်ဝန်းနက်များဖြင့် အကြည့်ချင်းဆုံမိသွားချိန် သူမ တခဏတော့ ထိတ်လန့်မိသွားလေသည်။
သို့သော်လည်း အသိမြန်မြန်ပြန်ကပ်သွားကာ သူမ၏ဒေါသသည်လည်း နောက်တစ်ဆင့် ထပ်တိုးသွားတော့သည်။
သူမက ရှောင်လင်းယဲ့ကိုကြည့်ပြီး ခပ်တင်းတင်းမေးလိုက်လေသည်။ “မင်း ဘယ်သူလဲ။”
ရှောင်လင်းယဲ့၏ခပ်ချောချောမျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ပွင့်ပေါ်လာကာ၊ “ကျွန်တော်က ဘယ်သူလဲတဲ့လား။ ခင်ဗျားဝန်ထမ်း ရှောင်ရှင်းရှင်းရဲ့ မောင်လေ။ ခင်ဗျား မနေ့ညတုန်းက နှင်ထုတ်လိုက်တဲ့မိန်းကလေး။”
ရှောင်လင်းယဲ့၏ကိုယ့်ကိုယ်ကိုမိတ်ဆက်မှုကိုနားထောင်ပြီးနောက် ကုချင်းကျောင်းတစ်ယောက် မြေပေါ်သို့ တံတွေးထွေးချလိုက်ကာ၊ “အမလေး ငါကတော့ အကောင်ကြီးကြီးတွေများ ရောက်လာတာလားလို့။ ဒီတော့ နင်က အဲ့ကောင်မရဲ့မောင်ပေါ့။ ဒီလိုဆိုမှတော့ နင်လည်း တောကြိုအုံကြားကအမှိုက်ပဲပေါ့။ နင်ကများ ငါ့ကိုဘာလုပ်နိုင်မယ်ထင်နေတာလဲ။”
“ခဏနေကျရင် သိရမှာပေါ့။ ဒါပေမယ့် အခုတော့ ကျွန်တော်သိချင်တာလေးရှိသေးတယ်။ ရှောင်ရှင်းရှင်းက ခင်ဗျားရဲ့ဝန်ထမ်းမဟုတ်လား။ ခင်ဗျား သူ့လစာကို ဖြတ်ခဲ့သေးလား။”
ရှောင်ရှင်းရှင်း၏မိသားစုနောက်ခံကို ကုချင်းကျောင်းသိတာကြောင့် မိသားစုလိုက် ပြဿနာလာရှာလျှင်တောင်မှ သူမ ကြောက်နေမည်မဟုတ်ပေ။
သူမက ဘာမှမတွေးဘဲ ဘဝင်လေကိုင်လျက် ပြောလိုက်သည်။ “ရှောင်ရှင်းရှင်းက ငါ့ဝန်ထမ်းဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် မနေ့ကပဲ အလုပ်ထုတ်လိုက်ပြီ။ လစာကတော့…” သူမ၏ရှညလျားကာ သွယ်စင်းသည့်မျက်ခုံးများက လှောင်ပြောင်ကာ ရန်စသည့်အနေနှင့် အသာပင့်လိုက်ကာ အထင်သေးဟန်ဖြင့် ပြောလာခဲ့လေသည်။ “သူက နေ့တိုင်း နောက်ကျမှလာပြီး အစောကြီးပြန်တယ်လေ၊ ဒီတော့ သူ့လစာကို မဖြတ်သင့်ဘူးလား။”
“ဒီလိုဆိုရင်တောင် သူ့လစာတစ်ဝက်နီးပါးလောက်တော့ ဖြတ်လို့မဖြစ်ဘူးလေ။ ပြီးတော့ ကျွန်တော့်အစ်မရှင်းရှင်းအကြောင်း ကျွန်တော်ကောင်းကောင်းသိတယ်။ သူက အရမ်းကြိုးစားပြီး နာခံတတ်တဲ့လူမျိုး။ နောက်ကျကောင်းနောက်ကျနိုင်ပေမယ့် နေ့တိုင်းနောက်ကျနေတာတော့ မဖြစ်နိုင်ဘူး။ ပြီးတော့ သူက သင်လွယ်တတ်လွယ်တဲ့လူ။ အမှားတစ်ခုတည်းကိုပဲ အမြဲတမ်းမှားနေမယ့်လူမျိုးမဟုတ်ဘူး။ ခင်ဗျား သူ့လစာကို ဖြတ်နေတာကို ဒီအတိုင်း ခင်ဗျားစိတ်ကြိုက် ဖြတ်ချင်လို့ကိုဖြတ်နေတာပဲ။”
“ဟုတ်တယ်လေ။ ငါက သူ့သူဌေး။ ဒီတော့ သူလစာဘယ်လောက်ရသင့်တယ်ဆိုတာ ငါ့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်။ နင်တို့ လုပ်နိုင်ရင် ငါ့ကို တရားစွဲကြည့်လိုက်လေ။ သူ့မှာ အလုပ်သမားစာချုပ်တောင် ရှိတာမဟုတ်ဘူး။ ဒီတော့ နင်တို့တွေ ငါ့ကို ဘယ်လိုတရားစွဲမလဲ ကြည့်ရသေးတာပေါ့။ ငါသာ သူက ငါ့ဝန်ထမ်းမဟုတ်ဘူးလို့ ငြင်းလိုက်သ၍ နင်တို့ ငါ့ကိုဘာများလုပ်နိုင်ဦးမှာလဲ။”
“အမလေး မောက်မာလိုက်တာ။”
ဆိုင်နားတွင်ဝိုင်းနေသည့် လူအုပ်ကြီးမှာ ဆက်ပြီး သည်းမခံနိုင်ကြတော့ပေ။
“ငါ့တစ်သက် ကိုယ့်ဝန်ထမ်းကို ဒီလောက် ပေါ်တင်ကြီး အနိုင်ကျင့်တဲ့သူဌေးမျိုး ပထမဆုံးမြင်ဖူးတာပဲ။”
ရှောင်လင်းယဲ့က လူအုပ်ကြီးဘက်သို့လှည့်ကာ၊ “ဦးလေးတို့ ဒေါ်လေးတို့၊ အားလုံးလည်း သူဌေးမပြောတာကို ကြားလိုက်ကြမှာပါ။ သူက အစောကပဲ အစ်မရှင်းရှင်းက သူ့ဝန်ထမ်းပါလို့ ဝန်ခံလိုက်တယ်မဟုတ်လား။”
“ဘာမှစိတ်မပူနဲ့ လူငယ်လေး။ ငါတို့အားလုံး ကြားလိုက်တယ်။ သူသာ မင်းအစ်မ ဒီမှာအလုပ်လုပ်ခဲ့တာကို ဝန်မခံရင် ငါ မင်းအတွက် သက်သေလုပ်ပေးမယ်။”
“ဟုတ်တယ်၊ ငါတို့အားလုံးသက်သေလုပ်ပေးမယ်။ ဒီလိုမျိုး ဘဝင်လေကိုင်ပြီး ဝန်ထမ်းတွေကို အစေခံလိုဆက်ဆံနေလို့ဖြစ်မလား။ ဒါမျိုးတော့ ငါ သည်းခံမနေနိုင်ဘူး။”
ကုချင်းကျောင်းတစ်ယောက် လူအုပ်ကြီးထံမှ စကားသံများကြောင့် ကြောင်အသွားရတော့သည်။
***