နောက်ခံ (၁)
Vol. 12 Ch. 210
ရှောင်လင်းယွီသည် သူမက ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်၏ပိုင်ရှင်ဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် လူတော်တော်များများ အံ့အားသင့်ကုန်ကြသည်။
သူတို့ထဲက တော်တော်များများ ထိုဆိုင်အကြောင်း ကြားဖူးထားကြပြီးဖြစ်လေသည်။
တချို့ကတော့ ဆိုင်ရှင်ကို မမြင်ဖူးတာတောင်မှ ထိုဆိုင်မှ အသီးအရွက်များကိုတော့ စားဖူးကြပြီးသားဖြစ်သည်။ ဥပမာ အဘိုးကျန့်လိုလူမျိုးပေါ့။
ရှောင်လင်းယွီသည် ဆိုင်ပိုင်ရှင်ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် သူက ချက်ချင်းပင်ပြုံးလျက် ပြောလာခဲ့သည်။ “မင်းက လောင်ချန်နဲ့ လောင်ချန်းတို့ အမြဲပြောနေတဲ့ဆိုင်ရဲ့ ပိုင်ရှင်ပေါ့။ ငါမင်းဆီက ဟင်းသီးဟင်းရွက်တွေ စားဖူးတယ်။ တော်တော်လေးမဆိုးဘူး။ ဒါပေမယ့် ငါတို့မိသားစုအတွက်တော့ အဲ့ဒါတွေ ဝယ်ဖို့တော်တော်လေးအခက်တွေ့တယ်။ ငါကြားတာတော့ မင်းရဲ့စီးပွားရေးက အရမ်းကောင်းတယ်ဆို။”
ရှောင်လင်းယွီလျက်ပြုံးလျက် ပြန်ဖြေလိုက်သည်။ “အားလုံးက ကျွန်မကာစတန်မာတွေရဲ့ ပံ့ပိုးကူညီပေးတဲ့အတွက်ကြောင့်ပါ။”
အဘိုးကျန့်က ခဏမျှတွေးတောနေပြီးနောက်၊ “မိန်းကလေး၊ ငါ လောင်ချန်နဲ့တခြားလူတွေဆီကနေ ကြားတာတော့ သူတို့ရဲ့အသီးအရွက်တွေကို မင်းဆီကနေ တိုက်ရိုက်မှာတာဆို။ တကယ်လား။”
“ဟုတ်ပါတယ်၊ လူကြီးမင်း။ ကျွန်မဆီကနေ နေ့စဉ်အသီးအရွက်ပို့ပေးဖို့ ကြိုမှာထားတဲ့ ဖောက်သည်ဟောင်းတွေရှိပါတယ်။”
အဘိုးကျန့်က ပတ်ဝန်းကျင်ကို တစ်ချက်အခြေအနေကြည့်လိုက်ပြီးနောက် ရှောင်လင်းယွီကို ခပ်တိုးတိုးပြောလိုက်သည်။ “ကောင်မလေး၊ ငါရော မင်းဆီကနေ နေ့တိုင်းအသီးအရွက်ယူဖို့ ကြိုမှာထားလို့ရနိုင်မယ်ထင်လား။”
“ရတာပေါ့ အဘိုးရဲ့။” ချန်မျိုးရိုးနှင့် ချန်းမျိုးရိုးရှိသော လူများစွာကို ရှောင်လင်းယွီ သိသော်လည်း သူမဆီက နေ့စဉ်အသီးအရွက် ကြိုမှာသည့်လူကတော့ လက်တစ်ဆုပ်စာသာရှိလေသည်။ အဘိုးကျန့်သည် တခြားအကြီးအကဲများနှင့် ရင်းနှီးနေပုံကိုကြည့်ရသလောက် အင်အားကြီးသည့်နောက်ခံက လာသည့်ပုံပင်။ ရှောင်လင်းယွီသည် စီးပွားရေးသမားတစ်ယောက်ဖြစ်ကာ ပါးနပ်သူဖြစ်သည်။ စီးပွားရေးလုပ်ရာတွင် အဆက်အသွယ်တွေလိုအပ်ကြောင်း သူမနားလည်သည်။ ဒီလိုအဆက်အသွယ်နောက်တစ်ခုထပ်ရမယ့် အခွင့်အရေးမျိုးကို ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ။
“ဟုတ်ပြီ ဟုတ်ပြီ၊ ဒါဆို အဲ့လိုပဲ သဘောတူလိုက်တော့မယ်နော်။” အဘိုးကျန့်က ဝမ်းသာပျော်ရွှင်သွားလေသည်။ “ငါ့ကိုလည်း လောင်ချန်းနဲ့ လောင်ချန်တို့လိုပဲ အသီးအရွက်နည်းနည်းလောက် ချန်ထားပေး။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အဘိုး၊ နေ့တိုင်း အသီးအရွက် ဘယ်လောက်များများလိုချင်လဲသာပြောလိုက်ပါ။ ကျွန်မ အဘိုးအတွက် ကြိုပြီးဖယ်ထားပေးပါ့မယ်။ ပြီးရင် အဘိုးလည်း ကုမိသားစုဟိုတယ်မှာ သွားယူလိုက်လို့ရတယ်။” ကုမိသားစုဟိုတယ်ကိုရောင်းသည့် အသီးအရွက်များနှင့် သူမနှင့်ရင်းနှီးသူများအတွက် ဖယ်ပေးထားသည့် အသီးအရွက်များအားလုံးမှာ စိုက်ပျိုးရေးနေရာလွတ်ထဲတွင် ကြီးထွားသည့် အသီးအရွက်များသာဖြစ်လေသည်။
ကုချင်းကျောင်းတစ်ယောက် ရှောင်လင်းယွီနှင့် လူအိုကြီးတစ်ယောက် ရယ်ရယ်မောမောစကားပြောဆိုနေသည်ကိုမြင်ပြီး စိတ်အခြေအနေက ပိုဆိုးလာတော့သည်။
သူမက အဘိုးကျန့်ကို လက်ညှိုးထိုးကာ အော်ငေါက်လိုက်လေသည်။ “အဘိုးကြီး။ ကျွန်မဆိုင်ရဲ့ကိစ္စက ရှင်နဲ့ဘာဆိုင်လို့လဲ။ သူများကိစ္စထဲဆက်ပြီးဝင်ပါနေရင် ရှင့်ရဲ့အိုမင်းနေတဲ့အရိုးတွေကိုချိုးပစ်ဖို့ ကျွန်မ လူခေါ်လိုက်တော့မှာနော်။”
သူဌေးမသည် ရှောင်လင်းယွီ၏ ကိုယ့်ကိုယ်ကို ထပ်မံမိတ်ဆက်လာသည့်စကားကြောင့် စိတ်ရှုပ်နေခဲ့ရသည်။ ရှောင်ရှင်းရှင်းနှင့် သူမမိသားစုကို မကြောက်သော်လည်း ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်ကိုတော့ သတိထားမိသည်။ ထိုဆိုင်စဖွင့်သည့်နေတုန်းက ဖွင့်ပွဲမှာ အတော်လေး ကြီးကျယ်ခဲ့ပေသည်။
ကုမိသားစုဟိုတယ်၏ အထွေထွေမန်နေဂျာ၊ ဖေးထျန်းကားရောင်းဝယ်ရေးလုပ်ငန်း၏သူဌေး၊ ကျန်းအိမ်ခြံမြေလုပ်ငန်း၏ အကြီးဆုံးသားနှင့် အခြားသောအထင်ကရလူများစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြသည်။ ထိုလူအားလုံးသည် ရှင်းယင်ခရိုင်၏ အင်အားကြီးသည့်လူများသာဖြစ်ကြသည်။ ထိုလူများသည် ကုန်သည်များကဲ့သို့ကြောက်စရမကောင်းသော်လည်း သူတို့နောက်ခံတွေကတော့ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုလူများသည် ဆိုင်ဖွင့်ပွဲအတွက် ပန်းခြင်းများပို့ပေးကြတာကြောင့် ဆိုင်ပိုင်ရှင်နှင့် ခင်မင်မှုအတိုင်းအတာတစ်ခုအထိရှိကြောင်း သေချာလေသည်။
ကုချင်းကျောင်းသည် အားနည်းသည့်လူကို အနိုင်ကျင့်တတ်ကာ အားကြီးသည့်လူကိုတော့ ကြောက်ရွံ့တတ်သည့်လူမျိုးဖြစ်သည်။ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်လာခဲ့ပြီးနောက် အဆက်အသွယ်ရှိခြင်း၏ အရေးပါမှုကို နားလည်သဘောပေါက်နေပြီဖြစ်သည်။
ရှောင်လင်းယွီသည် သာမာန်ဆိုင်လေးတစ်ဆိုင်၏ပိုင်ရှင်ဖြစ်နေလျှင် သူမအတွက် ခြိမ်းခြောက်မှုဖြစ်လာမည်မဟုတ်သော်လည်း သူမ၏ဆိုင်က သာမာန်ဟုတ်မနေခဲ့ပေ။ ရှောင်လင်းယွီနှင့် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမည်မှန်း သူမ မသိတော့တာကြောင့် သူမခင်ပွန်းအလာကို စောင့်ရုံသာ တတ်နိုင်လေတော့သည်။
သို့သော်လည်း သူမ ဒီအတိုင်းရပ်နေပြီး ဘာမှမလုပ်ဘဲနဲ့တော့ မနေနိုင်ပေ။ သူမဒေါသကို ပုံချဖို့လိုအပ်နေသည်။ ဒါကြောင့် ရှောင်ရှင်းရှင်းဘက်က ရပ်တည်ပေးနေသည့် လူအိုကြီးက သူမ၏ပစ်မှတ် ဖြစ်လာခဲ့တော့သည်။
အဘိုးကျန့်တစ်ယောက် အော်ငေါက်ခံလိုက်ရတာကြောင့် အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။
သူက ကုချင်းကျောင်းကို လက်ညှိုးပြန်ထိုးလိုက်ကာ၊ “မင်းက ငါ့ခြေထောက်ကိုချိုးဖို့ လူခေါ်ချင်တယ်ပေါ့။ ကောင်းပြီလေ၊ ငါ ဒီမှာပဲစောင့်နေမယ်။”
ရှောင်ချန်းပမ်းတစ်ယောက် မျက်မှောင်ကြုတ်သွားကာ ကုချင်းကျောင်းကို အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်လေသည်။ “ခင်ဗျားရူးနေလား။ လူကြီးတစ်ယောက်က ထောက်ခံတဲ့စကားလေးတစ်ခွန်းနှစ်ခွန်း ဝင်ပြောလိုက်ရုံနဲ့ သူ့ကို ခြိမ်းခြောက်တယ်ပေါ့။ ခင်ဗျားကိုယ်ခင်ဗျား အားလုံးကို အုပ်ချုပ်နိုင်တဲ့ ဧကရီကြီးများထင်နေလား။ လူကြီးမင်း ဘာမှ မစိုးရိမ်နဲ့။ ခင်ဗျားကို တစ်ယောက်ယောက်သာ အန္တရာယ်ပြုဖို့ကြိုးစားရင် ကျွန်တော် ကာကွယ်ပေးမယ်။ ကျွန်တော်က သာမာန်လယ်သမားတစ်ယောက်ဆိုပေမယ့် အားတော့သန်တယ်။”
“ကျေးဇူးပါပဲ လူငယ်လေး။ ဒါပေမယ့် ငါမကြောက်ပါဘူး။”
“မကြောက်ဘူး? ကောင်းတာပေါ့။ အဲ့မှာပဲရပ်နေ။ ကျွန်မကို အပြောသမားပဲထင်နေရင်တော့ လက်တွေ့သမားဖြစ်ကြောင်း ပြရသေးတာပေါ့။” ကုချင်းကျောင်းက ဝင်ပြောလိုက်သည်။
ထို့နောက် သူမက ဖုန်းထုတ်ကာ ဆက်လိုက်ပြန်သည်။ တစ်ဖက်နှင့် ချိတ်ဆက်မိသွားသည်နှင့် သူမက ချက်ချင်းပြောလိုက်သည်။ “ယောက်ျား၊ ရှင် တတိယမောင်လေးနဲ့တခြားလူတွေကို ခေါ်လိုက်ဦး။ ဒီမှာ သေချာနေတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ သူ့ကို သင်ခန်းစာပေးဖို့ လိုနေပြီ။ ခေါ်တောင် ခေါ်ထားပြီးပြီလား။ ရှင်ရောက်တော့မယ်ပေါ့။ ဟုတ်ပြီ ဟုတ်ပြီ။ မြန်မြန်လာနော်။”
လူတိုင်းကတော့ သူဌေးမ၏အပြုအမူကြောင့် မှင်သက်နေကြလေသည်။ ဒီအမျိုးသမီး အရမ်းပဲမောက်မာလွန်းတာလား၊ ဒါမှမဟုတ် ဦးနှောက်ပဲမရှိတာလား။ ဒီလိုလူမြင်ကွင်းကြီးမှာတောင် လူရိုက်ဖို့ သူ့ယောက်ျားကို လှမ်းခေါ်တယ်ပေါ့။ ရဲတွေက သူ့ကိုဘာမှမလုပ်ဘူးလို့များထင်နေတာလား။
ဒါပေါ့၊ ပွဲကြည့်နေသူတချို့ကတော့ သူတို့ပါ ပြဿနာထဲ ဆွဲထည့်ခံရမည်စိုးတာကြောင့် မသိမသာဖြင့် နောက်ဆုတ်သွားကြလေသည်။
သူဌေးမက ဖုန်းချပြီးနောက်တွင် အလွန်အမင်း ယုံကြည်ချက်ပြည့်နေပုံပေါ်သည်။
သူမက အဘိုးကျန့်ကိုကြည့်ကာ၊ “အဘိုးကြီး၊ ရှင် ကျွန်မကို အပြစ်မတင်နဲ့နော်။ ရှင့်ကို ဒီလိုဟိုပါဒီပါလုပ်ဖို့ ဘယ်သူကများပြောလို့လဲ။ ရှင်ကိုယ်တိုင်က သင်ခန်းစာပေးခံချင်နေမှတော့ ရှင့်အလိုကို ဖြည့်ဆည်းပေးရတာပေါ့။”
ထိုအချိန်မှာပဲ ရှောင်လင်းယွီ၏ အေးစက်စက်အသံက ထွက်ပေါ်လာခဲ့သည်။ “မဒမ်၊ ရှင့်ကိုယ်ရှင် ဒီခရိုင်မြို့ကို အုပ်စုပ်နိုင်တယ်လို့များထင်နေတာလား။”
ဒီအဘိုးသည် ဦးလေးချန်နှင့်ရင်းနှီးနေမှတော့ ဘယ်လိုလုပ် သာမာန်လူတစ်ယောက် ဖြစ်နိုင်ပါတော့မလဲ။ ပြီးတော့ အဘိုးကျန့်နှင့်စကားပြောကြည့်ရင်းဖြင့် သူမအတည်ပြုလိုက်ပြီဖြစ်သည်။ ဒါကြောင့် သူဌေးမ၏အပြုအမူတွေက ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်တော့သည်။
ရှောင်လင်းယွီ အနည်းငယ်စိုးရိမ်စိတ်တချို့ဖြင့် ပြောလိုက်လေသည်။ “အဘိုး၊ အရင်ဆုံး ခဏလောက် သွားပုန်းနေပါလား။ ဒဏ်ရာရသွားရင် မကောင်းဘူးလေ။ ဒီသူဌေးက တကယ်ကြီး ဝမ်းတွင်းမည်း။”
ကုချင်းကျောင်းက အဘိုးကျန့်ကို ရိုက်နှက်ဖို့ တကယ်ပဲ လူခေါ်ခဲ့ခြင်းဖြစ်သည်။ ဒီအတွက် နောက်ကျရင် သူမ အပြစ်ပေးခံရမည်ဆိုသော်လည်း ကြားထဲတွင် အဘိုးကျန့်တစ်ယောက် အကြောင်းပြချက်မရှိ ထိခိုက်မသွားသင့်ပေ။
အဘိုးကျန့်က လက်အသာယမ်းပြကာ၊ “ဘာမှမဖြစ်ဘူး။ လူမိုက်နည်းနည်းလောက်များ စိုးရိမ်နေဖို့မလိုဘူး။ ငါငယ်ငယ်တုန်းကဆိုရင် စစ်သားတစ်ဒါဇင်ကျော်လောက်ကိုတောင် တစ်ယောက်တည်း အနိုင်တိုက်လာတာ။”
“ဒါပေမယ့် အဘိုးက မငယ်တော့ဘူးလေ။” ရှောင်လင်းယွီ ထပ်ပြီး တိုက်တွန်းလိုက်သည်။
“ငါ့အတွက် စိတ်ပူမနေနဲ့။ ငါက အိုနေပြီဆိုပေမယ့် အမြဲတမ်း လေ့ကျင့်နေတုန်းပဲ။” အဘိုးကျန့်က ဂုဏ်ယူစွာပြောလိုက်သည်။ “ငါ ငယ်ငယ်တုန်းကဆို လောင်ချန်၊ လောင်ယွမ်နဲ့ ကျန်တဲ့လူတွေတောင် ငါ့ကို အနိုင်မယူနိုင်ကြဘူး။ အခုလည်း သူတို့ငါ့ကို အနိုင်မယူနိုင်သေးပါဘူး။ ဒီတော့ ဒီလိုလူမိုက်လေးတွေလောက်က ကိုယ်တွယ်နိုင်ပါတယ်။”
ရှောင်လင်းယွီ၊ “….” အရင်ကအရင် အခုကအခုလေ….
ရှောင်လင်းယွီတစ်ယောက် အဘိုးကျန့်ကို မသိမ်းသွင်းနိုင်ခင်မှာပဲ အဖြူရောင်စီဒန်တစ်စီး ဆိုက်လာခဲ့သည်။ ၎င်းက အရှိန်ဖြင့် ဘရိတ်အုပ်လိုက်ပြီးနောက် ကားတံခါးပွင့်လာကာ သန်မာထွားကြိုင်းသည့် ယောက်ျားသားတချို့ ထွက်လာခဲ့သည်။
ကားရှေ့ခန်းကထွက်လာသည့်အမျိုးသားသည် သဲ့ဝမ်စူပါမားကတ်ရှေ့တွင် ဝိုင်းအုံနေသည့် လူအုပ်ကြီးကို မြင်ပြီးနောက် ဒေါသတကြီး လှမ်းအော်လိုက်လေသည်။ “ဘာတွေကြည့်နေကြတာလဲ။ ထွက်သွားကြ။”
လူအုပ်ထဲရှိ အများစုမှာ မနက်ခင်း လမ်းထွက်လျှောက်သည့်လူများဖြစ်ပြီး သာမာန်လူများသာဖြစ်ကြလေသည်။ အခုတော့ လူမိုက်များပါရောက်လာပြီဖြစ်တာကြောင့် တချို့မှာ ကြောက်လန့်ကုန်ကြတော့သည်။ သူတို့တွေ အကြောင်းမရှိ ရိုက်နှက်မခံချင်ကြပေ။
ထိုလူကလည်း ကြောက်လန့်နေသည့် လူအုပ်ကြီးကိုမြင်ပြီး သူ့အမူအရာက ဂုဏ်မောက်နေသည့်ပုံစံသို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် သူက ကုချင်းကျောင်းကိုကြည့်ကာ ခပ်ကျယ်ကျယ်အော်လိုက်လေသည်။ “မရီး၊ ငါတို့ရောက်ပြီ။ မရီးကို ဘယ်သူအနိုင်ကျင့်တာလဲ။ ငါတို့ညီအစ်ကိုတွေ လက်စားပြန်ချေပေးမယ်။”
ကုချင်းကျောင်းသည် သူမဘက်မှ စစ်ကူများကိုမြင်ပြီး ပျော်ရွှင်သွားလေသည်။
“တတိယမောင်လေး၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဝမ်းသာလိုက်တာ။ မြန်မြန်လာ၊ ဒီလူတွေကို မောင်းထုတ်ပစ်လိုက်။” ကုချင်းကျောင်းက ရှောင်ရှင်းရှင်း၊ ရှောင်လင်းယဲ့၊ ရှောင်လင်းယွီနှင့် ရှောင်ချန်းပမ်းတို့ကို ညွှန်ပြလိုက်သည်။ “ဒီလူတွေက မနက်စောစောစီးစီး ဆိုင်ရှေ့မှာ ပြဿနာလာရှာနေကြတာလေ။ သူတို့ကြောင့် ငါ့မှာ ဆိုင်တောင်ဖွင့်လို့မရတော့ဘူး။”
“ဟုတ်ပြီ၊ မရီး၊ ဒီကိစ္စ ငါတို့နဲ့သာလွှဲထားလိုက်တော့။” ဆန်းအာက သူ့ရင်ဘက်သူပုတ်ကာ သစ္စာစောင့်သိမှုအပြည့်ဖြင့် ပြောလိုက်သည်။
ထို့နောက် ကုချင်းကျောင်းက အဘိုးကျန့်ကို ညွှန်ပြလိုက်ပြန်ကာ၊ “ပြီးတော့ ဒီအဘိုးကြီးရှိသေးတယ်။ အရမ်းဆူတာပဲ။ သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်ဦး။ ဆူညံဆူညံလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိလဲဆိုတာ သိအောင်လုပ်ပေးလိုက်။”
“ဟုတ်ပါပြီ၊ မရီးရဲ့။ ငါတို့နဲ့သာ ထားခဲ့လိုက်ပါ။” ဆန်းအာက ထပ်ပြီး ကတိပေးလိုက်ပြန်သည်။
“ကုချင်းကျောင်း၊ ရှင်လုပ်ရဲလား။” ရှောင်လင်းယွီ အေးစက်စက် အော်လိုက်သည်။ ကုချင်းကျောင်းက သူမလူတွေအား အဘိုးကျန့်ကိုပါ ရိုက်နှက်ခိုင်းနေကြောင်း ကြားလိုက်ရတာကြောင့် ဒေါသထွက်သွားခြင်းပင်။
ဆန်းအာသည်လည်း ရှောင်လင်းယွီက ဝင်ပြောလိုက်တာကြောင့် သတိထားမိသွားလေသည်။ သူမမျက်နှာကိုမြင်ပြီးနောက် သူက ခပ်ညစ်ညစ်ပြုံးလျက် လေချွန်လိုက်ကာ၊ “အိုး.. ဒါ ဘယ်ကအလှလေးလဲ။ မိန်းမလှလေး၊ ငါ့ဆီလာလိုက်ပါလား။ မင်းအတွက် ဘဝကောင်းရစေရမယ်လို့ ကတိပေးတယ်။”
ရှောင်လင်းယဲ့တစ်ယောက် ထိုလူများ ချဉ်းကပ်လာသည်ကိုမြင်သည်နှင့် သူ့အစ်မအနားသို့ ပြေးသွားလိုက်လေသည်။ ရှောင်ချန်းပမ်းနှင့် တခြားလူများသည်လည်း ရှောင်လင်းယွီဘေးသို့ဝင်ကာ သူမကို ဝိုင်းကာ ကာကွယ်ထားကြသည်။
ဒါကြောင့်ပဲ ဆန်းအာသည် ရှောင်လင်းယွီ၏ဗိုက်ကို သတိမထားမိခဲ့ခြင်းဖြစ်သည်။
လူမိုက်တစ်ယောက် သူ့အစ်မကို စကားနှင့်ထိကပါးရိကပါးလုပ်နေသည်ကို ကြားလိုက်ရတာကြောင့် ရှောင်လင်းယဲ့ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “လူမိုက်ကောင်၊ ငါ့အစ်မနဲ့ဝေးဝေးနေစမ်း။”
သူက သစ်သားတုတ်ကိုကိုင်ထားကာ ဆန်းအာကို စူးစူးရဲရဲကြည့်နေသည်။ ထိုလူမိုက်သာ ခြေတစ်လှမ်းတိုးလာပါက ချက်ချင်းကောက်ရိုက်တော့မည့်ပုံပင်။
ထိုအချိန်မှာပဲ လေ့ကျန့်ဟူက ကားပါကင်ထိုး၍ စူပါမားကတ်ဝင်ပေါက်သို့ လျှောက်လာရင်း လှမ်းအော်လိုက်လေသည်။ “ဒီမှာ ဘယ်သူတွေ ပြဿနာလာရှာနေတာလဲ။”
ရှောင်ရှင်းရှင်းကိုမြင်သွားသည်နှင့် သူ့မျက်နှာက ချက်ချင်းနက်မှောင်သွားကာ ခပ်တင်းတင်းပြောလိုက်လေသည်။ “ရှောင်ရှင်းရှင်း၊ မင်းက သဲ့ဝမ်စူပါမားကတ်ရဲ့ဝန်ထမ်းမဟုတ်တော့ဘူး။ မင်းရဲ့လစာကိုလည်း ထုတ်ပြီးသား။ ဘာလို့ ဒီမှာ ပြဿနာလာရှာနေတာလဲ။ မင်းမှာ ပြဿနာရှိရင် အလုပ်သမားရေးရာဗျူရိုမှာ တိုင်စာတင်ပြီး တရားစွဲလိုက်။ ငါ့ဆီက လစာနှစ်လာတောင်းတယ်ပေါ့၊ အိပ်မက်မက်နေတာပဲ။ အလုပ်သမားစာချုပ်ဥပဒေအကြောင်း ငါဘာမှ မသိဘူးများထင်နေလား။”
လေ့ကျန့်ဟူသည် ဥပဒေအကြောင်း ဘာမှမသိသော်လည်း ထိုရွာသားအနည်းငယ်ကို ခြောက်လှန့်ဖို့ရန်အတွက် သိသလို ဟန်ဆောင်လိုက်ခြင်းပင်။
“အလုပ်သမားအငြင်းပွားမှုဌာနကို ခေါင်းဆောင်တဲ့ ငါ့သူငယ်ချင်းရှိတယ်။ ခဏနေ သူရောက်လာမှ အလုပ်သမားစာချုပ်မှာ လက်မှတ်မထိုးတာက ဘယ်သူ့အမှားလဲဆိုတာ ကိုယ်တိုင်မေးကြတာပေါ့။”
လေ့ကျန့်ဟူမလာခင်ကတည်းက ဌာနခေါင်းဆောင်ချင်ကို ဆက်သွယ်ထားပြီးဖြစ်သည်။
သူက ခေါင်းဆောင်ချင်ကို အခြေအနေအကြမ်းဖျင်းရှင်းပြခဲ့ကာ ခေါင်းဆောင်ချင်ကလည်း ဤသို့ပြန်ပြောလေသည်။ “ဘာမှပူမနေနဲ့။ ငါ့စကားက ဥပဒေပဲ။ ငါက မင်းတို့ကို လျော်ကြေးပေးဖို့မလိုဘူးလို့ပြောရင် မလိုဘူးပဲ။ အဲ့ဒီရွာသားတစ်သိုက်က အလုပ်သမားဥပဒေအကြောင်း ဘာများသိနိုင်မှာမို့လို့လဲ။”
ခေါင်းဆောင်ချင်က ထိုသို့ပြောလာတာကြောင့် လေ့ကျန့်ဟူက ချက်ချင်းပင် စိတ်ကိုလွှတ်ချလိုက်ကာ သူ့ညီအစ်ကိုများကို ခေါ်လိုက်တော့သည်။
ရှောင်ရှင်းရှင်းသည် ထိုလူများပေါ်လာသည်ကိုမြင်သည်နှင့် ကြောက်ရွံ့သွားလေသည်။ သို့သော်လည်း သူမနောက်တွင် ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ရှိနေတာကြောင့် လက်မလျှော့လိုက်နိုင်ပေ။ မဟုတ်ပါက သူမကို ထောက်ခံပေးထားသည့်လူများကို စိတ်ပျက်စေမိလိမ့်မည်။
ရှောင်ရှင်းရှင်း သတ္တိကိုမြှင့်ကာ ပြန်ပြောလိုက်သည်။ “ကျွန်မအစ်မက တောင်ပိုင်းတက္ကသိုလ်ကနေ ဘွဲ့ရထားတာ။ ဥပဒေအကြောင်းသိတယ်။ ကျွန်မမှန်ကြောင်း ဥပဒေကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ်။”
“ကောင်းပြီလေ၊ ကြည့်ရသေးတာပေါ့။” လေ့ကျန့်ဟူက အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် တစ်ခုတော့ ပြောထားလိုက်ဦးမယ်။ တက္ကသိုလ်က ဘွဲ့ရထားလို့လဲ ဘာမှမပြောင်းလဲသွားဘူး။ ဘာလို့ဆို ဒါက ဥပဒေနဲ့မဆိုဘူး အလုပ်သမားရေးရာဗျူရိုနဲ့ပဲဆိုင်တာ။”
“ရှင်…” ရှောင်ရှင်းရှင်း၏မျက်နှာက လေ့ကျန့်ဟူ၏ အရှက်မဲ့သည့်စကားများကြောင့် နီရဲသွားလေသည်။
ရှောင်လင်းယွီက ရှောင်ရှင်းရှင်း၏ ပခုံးကိုအသာပုတ်ကာ ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သူမက ရှေ့ထွက်လာပြီး လေ့ကျန့်ဟူကိုကြည့်ကာ အေးစက်စက်ပြောလိုက်လေသည်။ “ငှက်မွေးတွေက တစ်နေရာတည်းစုတယ်တဲ့… တစ်မိသားစုလုံး ပုပ်သိုးပြီး မောက်မာရိုင်းစိုင်းနေကြတာပဲ။ ကောင်းပြီလေ၊ ဒါဆိုလည်း အလုပ်သမားရေးရာဗျူရိုရဲ့ဌာနခေါင်းဆောင်က ကျွန်မတို့ကို ဘယ်လိုဥပဒေမျိုးနဲ့ ရှင်းပေးမလဲ ကြည့်ရသေးတာပေါ့။”
***