← Chapters

ကံကြမ္မာပဲ

Vol. 12 Ch. 213

ကံကြမ္မာပဲ

Vol. 12 Ch. 213

ရှောင်လင်းယွီက ခေါင်းဆောင်ဝမ်ဆိုသူကို နှုတ်ဆက်လိုက်ကြောင်း လူများကြားသည်နှင့် အံ့အားသင့်သွားကြလေသည်။ “ဒါက ဘယ်သူ့နောက်ခံပိုတောင့်လည်း ပြိုင်တဲ့ ပြိုင်ပွဲကြီးလား??”

တစ်ဖက်က ခေါင်းဆောင်ဝမ်နှင့် သူမ၏ဆက်ဆံရေးအကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြလာခဲ့ကာ တစ်ဖက်ကလည်း သူမ ဌာနခေါင်းဆောင်ဝမ်နဲ့သိကြောင်း ဖော်ထုတ်လာလေသည်။ နှစ်ယောက်လုံးက ဝမ်မျိုးရိုးဆိုတော့ ဘယ်သူ့နောက်ခံက ပိုပြီးအင်အားကြီးလောက်လဲ။

အရာရှိလီကတော့ ရှောင်လင်းယွီ ဌာနအကြီးအကဲဝမ်ကို နှုတ်ဆက်စကားပြောသည့်အပေါ် အံ့ဩသွားခြင်းမရှိဘဲ အလွန်အလေးအနက်ထားကာ ပြန်ဖြေလေသည်။ “မစ္စရှောင်၊ အကြီးအကဲဝမ်က အားလပ်ရက်ယူထားပါတယ်။ သူ့ဆီက အကူအညီလိုတာရှိရင် အကြီးအကဲဝမ်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။”

အရာရှိလီသည် ရှောင်လင်းယွီကို လေးလေးစားစား ဆက်ဆံခြင်းမှာ အကြီးအကဲဝမ်နှင့် သူမ၏ဆက်ဆံရေးကြောင့်မဟုတ်ဘဲ သူမသည် အစစ်အမှန်သူရဲကောင်းတစ်ယောက်ဖြစ်ခြင်းကြောင့်ဖြစ်လေသည်။ ရှောင်လင်းယွီလို သာမာန်အမျိုးသမီးတစ်ယောက်သည် အလွန်သတ္တိရှိကာ အသိပညာပြည့်စုံတာကြောင့် သူလေးစားမိခြင်းဖြစ်သည်။

ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်ပါပြီ၊ ကျေးဇူးပါ အရာရှိလီ။”

လေ့ကျန်းဟူနှင့် ကုချင်းကျောင်းတို့၏အမူအရာကတော့ အလွန်ကိုမှ အကျည်းတန်နေခဲ့သည်။ သူတို့မျက်နှာတွေက သွေးရောင်မဲ့နေကာ တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်သော်လည်း ဘာပြောလို့ပြောရမှန်းမသိဖြစ်နေကြသည်။

ကုချင်းကျောင်းသည် အလုပ်သမားရေးရာဌနတွင် သူမအဆက်အသွယ်ရှိတာကြောင့် ဝံ့ကြွားနေခဲ့သူဖြစ်သော်လည်း ဒီကောင်မလေး၏နောက်ခံက ပိုပြီးအင်အားကြီးနေလေသည်။

ထို့နောက် သူတို့ ရဲဘက်ကိုလှည့်လိုက်ပြန်သည်။ သဲ့ဝမ်စူပါမားကတ်၏ဇနီးမောင်နှံသည် စီးပွားရေးသမားများဖြစ်၍ ရဲအရာရှိများနှင့် အဆက်အသွယ်ရှိကြတာကြောင့် ရဲတွေရောက်လာချိန်တွင် မကြောက်ခဲ့ကြပေ။ သူတို့က ဌာနခွဲခေါင်းဆောင်နှင့်သိကျွမ်းသော်လည်း ထိုကောင်မလေးကတော့ ဌာနတစ်ခုလုံး၏အကြီးအကဲနှင့်သိနေလေသည်။

သူတို့က မြေအောက်လောကသားတွေနဲ့သိသည်ဟုလည်း ပြောထားသေးတာကြောင့် ဒီကောင်မလေးက ထိုမြေအောက်လောကသား ဂိုဏ်းစတားတွေရဲ့ ဘော့စ်နဲ့ပါ သိနေမလားပဲ။

တကယ်ကို ဘာဆက်လုပ်လို့လုပ်ရမယ်မှန်း စဉ်းစားမရတော့ပေ။

သူတို့တွင် ကူးသန်းရောင်းဝယ်ရေးဌာနဘက်၌လည်း အဆက်အသွယ်များရှိသည်ဆိုပေမယ့် ရှောင်လင်းယွီက သူတို့နောက်ခံထက် ပိုအင်အားကြီးသည့်တစ်စုံတစ်ယောက်ကို သိနေပြန်ဦးမည်ဟု ခံစားနေရသည်။

လေ့ကျန့်ဟူသည် လက်ရှိအခြေအနေကိုမြင်တွေ့ပြီးနောက် ခဏမျှကြောင်အနေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်တုံ့ပြန်နိုင်သွားလေသည်။

သူက ချက်ချင်းပင် ကုချင်းကျောင်းကို ခိုင်းလိုက်သည်။ “ယွမ် ၇၀၀၀ မဟုတ်ဘူး။ ၁သောင်းသွားယူပြီး ရှောင်ရှင်းရှင်းကိုပေးလိုက်။”

ကုချင်းကျောင်းမှာ ထိုစကားကိုကြီးပြီး ထိတ်လန့်တကြားဖြစ်သွားကာ ချက်ချင်းပင် ခွန်းတုံ့ပြန်လေသည်။ “ဘာလို့ အဲ့ခွေးမကို ငွေပေးရမျာလဲ။ အဲ့ခွေးမက..” သူတို့ကို ဒီလောက် ပြဿနာတွေ ပေးထားတာလေ။

လေ့ကျန့်ဟူက သူမပါးစပ်ကို ချက်ချင်းလက်နှင့်လှမ်းပိတ်လိုက်သည်။ သူမ လူတွေကို လိုက်စော်ကားနေသည်အား အထူးသဖြင့် ရှောင်ရှင်းရှင်း၏အစ်မကို စော်ကားနေသည်အား တားမှဖြစ်တော့မည်။ သူ့အစ်မက တော်တော်လေး အင်အားကြီးနေသည်မဟုတ်လား။ လေ့ကျန့်ဟူလည်း သူ့ဇနီး၏နား,နားသို့ကပ်ကာ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။ “မိန်းမ၊ မင်း ပုံမှန်ဆိုရင် ဉာဏ်ကောင်းပါတယ်။ ဘာလို့ အခုကျမှ ဒီလောက်အထိ တုံးအမိုက်မဲနေရတာလဲ။ မင်း အင်အားကြီးတဲ့လူတွေ ဘယ်နှယောက်ကိုတောင် စော်ကားပြီးသွားပြီလည်း ကြည့်လိုက်ဦး။ ငွေသာသွားယူစမ်းပါ။

အခု ဒီနေရာမှာရောက်နေကြတဲ့ အင်အားကြီးတဲ့လူတွေဆိုတာ အကုန်လုံး ရှောင်ရှင်းရှင်းကြောင့်ချည်းပဲ။ ဒီတော့ ငါတို့ သူ့ကိုပဲချွေးသိပ်မှဖြစ်မှာပေါ့။ မဟုတ်ရင် မင်းဒီမှာပဲ ဆက်ရပ်နေပြီး ငါတို့စူပါမားကတ် အပိတ်ခံရမှာကိုသာ ကြည့်နေလိုက်တော့။”

ကုချင်းကျောင်းလည်း နောက်ဆုံးတော့ နားလည်သွားပေမယ့် ယွမ်၁သောင်းထုတ်ပေးရမှာက သူမ၏အသွေးအသားတစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ပေးလိုက်ဖို့ပြောနေသည်နှင့် မခြားနားပေ။ “သူ့ကို ယွမ်၇၀၀၀ပဲပေးမယ်။ တစ်သောင်းက အရမ်းများလွန်းတယ်။”

လေ့ကျန့်ဟူမှာ ထိုစကားကိုကြားပြီး သူမခေါင်းကို ချက်ချင်းရိုက်ပစ်ချင်သွားတော့သည်။ သူတို့စူပါမားကတ်တောင် အပိတ်ခံရတော့မလိုဖြစ်နေပေမယ့် သူမကတော့ ယွမ်၃ထောင်လောက်ကို ကပ်စီးနဲနေသေးလေသည်။ တကယ် စိတ်တိုဖို့ကောင်းလိုက်တာ။

သူက နောက်ဆုံး မျက်နှာထားတင်းတင်းနှင့် ဒေါသတကြီးအော်မိတော့သည်။ “ငါ့ပြောတဲ့အတိုင်းသာလုပ်။ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမနေနဲ့။”

ကုချင်းကျောင်းလည်း အံကြိတ်လျက် ဆိုင်ထဲသို့ပြန်ဝင်သွားလေသည်။ ထို့နောက်မှာတော့ ငွေသားတစ်ထပ်ကိုကိုင်လျက် ပြန်ရောက်လာခဲ့သည်။

လေ့ကျန့်ဟူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုငွေသားတစ်ထပ်မှာ ယွမ်၁သောင်းပြည့်လောက်အောင် မထူကြောင်း သိလိုက်တာကြောင့် မျက်နှာအမူအရာမည်းမှောင်သွားတော့သည်။ “ဒါ ဘယ်လောက်လဲ?”

“ယွမ်၈ထောင်!”

“မင်းဘယ်လိုဖြစ်နေတာလဲ။”

လေ့ကျန့်ဟူ သူမကို တကယ်ရိုက်ပစ်ချင်တော့သည်။

“ဖြန်း” မဟုတ်သေး… တကယ်ကို ရိုက်ပစ်လိုက်ခြင်းပင်။

တဆက်တည်း လေ့ကျန့်ဟူက အသံကျယ်ကျယ်ဖြင့် အော်ငေါက်လိုက်သည်။ “ခွေးမ၊ ငါတို့ဝန်ထမ်းတွေကို ကောင်းကောင်းဆက်ဆံပါလို့ မင်းကို ဘယ်နှခေါက်တောင် ပြောထားလဲ။ မင်းက ငါ့စကားဆို ဘယ်တော့မှ ဦးနှောက်ထဲမရောက်ဘူး။ ဒီနေ့တော့ မင်းကို သင်ခန်းစာကောင်းကောင်းပေးမှကိုဖြစ်တော့မယ်။”

လူတိုင်း “…..”

အားလုံး လေ့ကျန့်ဟူ၏လုပ်ရပ်ကြောင့် မှင်သက်သွားကြတော့သည်။

သေချာပေါက် သူ့စကားကိုကြားလိုက်ရသည်နှင့် လေ့ကျန့်ဟူ ဘာလုပ်ဖို့ကြိုးစားနေလဲဆိုသည်ကို ဉာဏ်ကောင်းသည့်ဘယ်သူမဆို နားလည်လိုက်ကြလေသည်။

သူက ခေါင်းရှောင်ဖို့အတွက် အပြစ်တွေအားလုံးကို သူ့ဇနီးထံ ပုံချဖို့လုပ်နေခြင်းဖြစ်လေသည်။

ကုချင်းကျောင်းတစ်ယောက် အရိုက်ခံလိုက်ရသည့်ပါးကို လက်ဖြင့်အုပ်ရင်း သူမခင်ပွန်းကို ကြောင်အစွာကြည့်နေမိသည်။

ထို့နောက် ကုချင်းကျောင်းကလည်း လေ့ကျန့်ဟူကို ဒေါသတကြီး ပြန်လည်အော်ဟစ်တော့သည်။ “လေ့ကျန့်ဟူ၊ နင်ကများ ငါ့ကိုရိုက်ရဲတယ်!” သူမက တစ်ကိုယ်လုံးအားနှင့် လေ့ကျန့်ဟူထံ ပစ်ဝင်ကာ၊ “နင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့။ နင်ကများ ငါ့ကို သင်ခန်းစာပေးချင်တယ်ပေါ့။ နင့်ကိုအရင်ရိုက်သတ်ပစ်မယ်။”

လူတိုင်း “….” တစ်ယောက်ယောက်မှာများ ပေါက်ပေါက်ပါကြသေးလား။ ပါရင် နည်းနည်းလောက် မျှကြပါဦး။

အစောကတင် နှစ်ယောက်ပေါင်း တစ်ဖွဲ့ဖြစ်နေကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ယောက်နှင့်တစ်ယောက် ရန်ဆောင်နေကြလေပြီ။ စိတ်ဝင်စားဖို့ကောင်းသားပဲ။

လေ့ကျန့်ဟူသည် ပုံမှန်ဆို သူ့ဇနီးကို ကြောက်လေသည်။ အကြောင်းကတော့ သူမ၏မိသားစုကြောင့်ပင်။ သဲ့ဝမ်စူပါမားကတ်ကို ကုချင်းကျောင်း၏မိသားစုက ဖွင့်ထားခြင်းဖြစ်ကာ အဆက်အသွယ်အားလုံးကလည်း ကုချင်းကျောင်း၏မိသားစုဘက်မှ အဆက်အသွယ်များသာဖြစ်ကြလေသည်။

ဒါကြောင့်ပဲ ကုချင်းကျောင်းကသာ အမြဲတမ်း အိမ်ထဲမှာရော အိမ်ပြင်မှာပါ လွှမ်းမိုးအုပ်ချုပ်နေသူဖြစ်သည်။ လူအများရှေ့တွင်တော့ သူမခင်ပွန်း၏နားရွက်ကိုလိမ်ဆွဲလေ့ရှိကာ ခင်ပွန်းဖြစ်သူကို မျက်နှာသာမပေးခဲ့ပေ။

လူတိုင်းကလည်း လေ့ကျန့်ဟူကို မယားကြောက်ဟူ၍ ရယ်ခဲ့ကြလေသည်။ သို့သော်လည်း လေ့ကျန့်ဟူကတော့ ထိုကိစ္စကို ဆက်ပြီးသည်းမခံချင်တော့ပေ။

ရွာသားတစ်စုက သူတို့ကို ဒီလိုပြဿနာအကြီးကြီးရှာထားလေပြီ။ သူတို့သာ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်ပါက စူပါမားကတ်ကို ပိတ်ချလိုက်ရမည်ဖြစ်ကာ သူတို့လည်း အန္တရာယ်များလေသည်။ ပြောရရင် သူတို့လုပ်ခဲ့သည်ကို သူတို့ကိုယ်တိုင်သိလေသည်။

ထိုခွေးမရှောင်ရှင်းရှင်းသည် ရဲစခန်းကိုပင် အကြောင်းကြားထားခဲ့ပြီးဖြစ်သည်။ ရဲတွေသာ အတွင်းကျကျ စုံစမ်းစစ်ဆေးပါက လစာဖြတ်တာထက်ပိုသော ရာဇဝတ်မှုတွေအများကြီး ထပ်ထွက်လာမည်ဖြစ်သည်။

အဓိကလူက ရှောင်ရှင်းရှင်းဖြစ်သည်။ ရှောင်ရှင်းရှင်းသည် သူတို့ဆီတွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်တာကြောင့် စူပါမားကတ်အတွင်းမှာ အတွင်းသတင်းအချို့ကို သိထားတာသေချာလေသည်။ ဒါကြောင့်ပဲ လေ့ကျန့်ဟူသည် ရှောင်ရှင်းရှင်းကို ချွေးသိပ်လိုခြင်းဖြစ်သည်။

သို့သော်လည်း သူ့ဇနီး၏မိုက်မဲသည့်ဆုံးဖြတ်ချက်က သူ့ကိုပါ ဆွဲချသွားလေသည်။ လေ့ကျန့်ဟူရင်ထဲ အရင်ကတည်းက မြိုသိပ်ထားခဲ့သည့် ဒေါသတရားတို့က ပေါက်ကွဲထွက်လာတော့သည်။ အရင်က ကုချင်းကျောင်း သူ့ကို ဘယ်လိုပဲ ဆူငေါက်ကြိမ်းမောင်းပါစေ သူမတုံ့ပြန်ခဲ့ပေ။ အခုတော့ အခြေအနေတွေက မတူတော့ပေ။ သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်ကတော့ အပြစ်တွေကို ခံယူမှဖြစ်ပေမည်။

လေ့ကျန့်ဟူကတော့ ထိုအပြစ်တွေကို မခံယူနိုင်တာကြောင့် ကုချင်းကျောင်းအပေါ်သို့သာ ပုံချလိုက်တော့သည်။ ဒါ့အပြင် လေ့ကျန့်ဟူသည် ယောက်ျားတစ်ယောက်၏ဒေါသကလည်း မည်မျှကြောက်စရာကောင်းကြောင်း သက်သေပြလိုက်လေသည်။

လေ့ကျန့်ဟူသည် အတော်လေး နှလုံးသားမရှိသည့်လူပင်။ သူ့နှလုံးသားက မာကြောလှကာ သူ့မိသားစုကိုပင် စတေးပစ်နိုင်စွမ်းရှိသည်။ သူက ကုချင်းကျောင်းကို တွန်းထုတ်ပြီး ပြန်လည်အော်ဟစ်ခဲ့သည်။ “မင်းလို အဆိပ်ပြင်းတဲ့မိန်းမကို သည်းခံနေတာကြာပြီ။ မင်းသာ ဝန်ထမ်းတွေကို အကြောင်းမရှိ လစာမဖြတ်ခဲ့ရင် ငါတို့ အခုလို အခြေအနေအထိ ရောက်လာပါ့မလား။”

“လေ့ကျန့်ဟူ၊ နင်ကများ ငါ့ကိုရိုက်ရဲတယ်ပေါ့။ ငါနင်နဲ့ကွာရှင်းမယ်။”

လေ့ကျန့်ဟူသည်လည်း ကုချင်းကျောင်းနှင့် ဆက်ပြီးပေါင်းသင်းချင်စိတ်မရှိနေပေ။ သူက ကုချင်းကျောင်းလက်ထံမှငွေကိုယူကာ သူ့အိတ်ထဲက ယွမ်၁ထောင်ကိုပါထုတ်ပြီး ရှောင်ရှင်းရှင်းရှိရာသို့ သွားလိုက်သည်။ ထို့နောက် သူက စိတ်ရင်းစိတ်မှန်အပြည့်ဖြင့် ပြောလာခဲ့သည်။ “ရှင်းရှင်း၊ ငါတောင်းပန်ပါတယ်။ ပုံမှန်ဆို ဒီစူပါမားကတ်က ငါ့ဇနီးပဲ ထိုင်တာကို မင်လည်းသိမှာပဲလေ။ သူ ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ငါတကယ်မသိခဲ့ဘူး။” ထို့နောက် သူက ယွမ်၉ထောင်ကို ရှောင်ရှင်းရှင်းထံသို့ ပေးလိုက်ပြီး၊ “ဒါ ယွမ်၉ထောင်။ ဒါတွေအားလုံး သူမင်းအပေါ် မှားခဲ့မိတဲ့အမှားတွေအတွက် လျော်ကြေးလို့ သဘောထားလိုက်ပါ။ ဒါနဲ့လောက်ရဲ့လား။ မလောက်ရင် ငါမင်းကိုထပ်ပေးနိုင်ပါသေးတယ်။”

ရှောင်ရှင်းရှင်းသည် သူမရှေ့ရှိ ငွေအထပ်လိုက်ကြီးကိုကြည့်ကာ အတွေးများသွားသည်။ သူမ ထိုငွေကို လက်ခံသင့်မခံသင့် မသိတော့ပေ။ ဒါကြောင့် ငွေကို မယူသေးဘဲ ရှောင်လင်းယွီကိုသာ လှည့်ကြည့်လိုက်လေသည်။

ရှောင်လင်းယွီက အနားသို့ရောက်လာကာ အေးစက်စက်ပြုံးလိုက်ပြီး၊ “ဘော့စ်လေ့က တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ။ အစောကတော့ ကျွန်မတို့ကို ယွမ်၅ရာလောက်ပေးပြီး သူတောင်းစားလို မောင်းထုတ်ဖို့လုပ်နေပေမယ့် အခုတော့ ယွမ်၉ထောင်တောင်ပေးတယ်ပေါ့။ ဒါကို လာဘ်ထိုးတာလို့သတ်မှတ်လို့များရမလား။”

ရှောင်လင်းယွီ၏ ထေ့ငေါ့စကားကြောင့် လေ့ကျန့်ဟူ အနည်းငယ်အရှက်ရသွားသော်လည်း သူ့ဒေါသကို ထိန်းချုပ်ထားခဲ့သည်။ သူကပြုံးနေသော်လည်း သူ့အတွင်းထဲတွင်တော့ ဒေါသမီးတို့ တောက်လောင်နေလေသည်။ ထို့နောက် စိတ်ထဲကနေတွေးလိုက်သည်။ ‘ခွေးမ၊ ငါ့ကို ဆန့်ကျင်ခဲ့တဲ့အတွက်တစ်နေ့ နောက်တရစေရမယ်။ အခုတော့ အရေးကြီးတဲ့ကိစ္စကိုပဲ ငါအာရုံစိုက်ထားလိုက်ဦးမယ်။’

သူက အတင်းဖျစ်ညှစ်ပြုံးကာ၊ “မစ္စ၊ မင်းကတော့ နောက်နေတာပဲ။ လာဘ်ထိုးတယ်တဲ့လား? ဒါက ရှောင်ရှင်းရှင်းအတွက် လျော်ကြေးပေးတာပါ။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။. “ရှင်းရှင်းရေ ဒီလိုဆိုရင် နင် ဘော့စ်လေ့ဆီက ရစရာရှိတာကလွဲရင် ဘာမှပိုမယူသင့်ဘူးနော်။”

ရှောင်ရှင်းရှင်းသည် ယွမ်၇ထောင်သာရစရာရှိပြီး ၉ထောင်မဟုတ်ပေ။

ရှောင်လင်းယွီက ခပ်တင်းတင်းပင် ဆက်ပြောလာသည်။ “ဘော့စ်လေ့၊ ကျွန်မတို့က ငွေကြောင့်မဟုတ်ဘဲ တရားမျှတမှုလိုချင်လို့ရောက်နေကြတာ။

ကျွန်မညီမရှောင်ရှင်းရှင်းက ရှင်တို့စူပါမားကတ်မှာ နှစ်ဝက်လောက် အလုပ်လုပ်ခဲ့တယ်။ မနက်ဆိုစောစောလာပြီး ညဆို နောက်ကျမှပြန်တယ်။ မနေ့တုန်းက သူ့အလုပ်နောက်ဆုံးရက်မှာ ရှင်တို့သူ့ကို ည ၁၁ခွဲအထိ အလုပ်ခိုင်းခဲ့တယ်။

ပြီးတော့ ကျွန်မညီမကို ယွမ်၅၅၀ပေးပြီး သူ့အတွက် နှစ်လစာလစာအပြည့်ဆိုပြီး ပေးခဲ့တယ်။ ဒါပေမယ့် ဒါက အလွန်ဆုံးမဟုတ်သေးဘူး။ ရှင်တို့က ညလယ်ခေါင်ကြီး သူ့ကို အဝတ်အိတ်တစ်လုံးနဲ့ လမ်းပေါ်ပစ်ထုတ်လိုက်တာပဲ။ အဲ့အချိန်ကြီး သူနေစရာဘယ်လိုသွားရှာမလဲ။ သူသာတစ်ခုခုဖြစ်သွားရင် ရှင်တို့တာဝန်ယူနိုင်လို့လား။”

ရှောင်ရှင်းရှင်းသည် ယွမ်၇ထောင်ကိုတွက်ယူကာ ပိုသည့်ငွေများကို လေ့ကျန့်ဟူထံ ပြန်ပေးလိုက်သည်။

လေ့ကျန့်ဟူက တောင်းပန်လာခဲ့သည်။ “ငါတောင်းပန်ပါတယ်။ ငါ့ဇနီးက အမှားလုပ်ခဲ့မိတာပါ။ ရှင်းရှင်း ငါပဲ ငါ့ဇနီးကိုယ်စားတောင်းပန်ပါ့မယ်။ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါနော်။ ရမလား။”

ရှောင်ရှင်းရှင်းဘာမှမပြောခဲ့ပေ။

ရှောင်လင်းယွီကသာ နှာခေါင်းရှုံ့လျက်ပြောလာလေသည်။ “တောင်းပန်စကားတစ်ခွန်းလောက်ပြောလိုက်ရုံနဲ့ အားလုံးကို ကျော်သွားလို့ရမယ်များထင်နေတာလား။ ရှင်နဲ့ရှင့်ဇနီးတို့မှာ အလုပ်သမားရေးရာဌာနနဲ့ရဲစခန်းဘက်ကလူတွေကို ရှင်းပြစရာတွေအများကြီး ကျန်သေးတယ်။” ထို့နောက် သူမက အဘိုးကျန့်နားသို့သွားကာ ပြုံးလျက်၊ “ကျေးဇူးအများကြီးတင်ပါတယ် အဘိုး။ အဘိုးသာမကူညီပေးရင် ကိစ္စတွေက ဒီလောက်မြန်မြန် ပြေလည်သွားမှာမဟုတ်ဘူး။”

ထို့နောက် သူမက မည်းမှောင်နေသည့်အမူအရာဖြင့် ရှိနေတုန်းဖြစ်သည့် ကျန့်ယွင်ပင်းကိုကြည့်လိုက်ကာ၊ “အဘိုးက အလုပ်သမားရေးရာဗျူရိုဒါရိုက်တာရဲ့ အဖေပေါ့။ ဒါရိုက်တာဆီ သက်သေယူသွားပေးမယ်လို့ပြောတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် အဘိုးကျန့်၊ အဘိုးက ငယ်တော့တာလည်းမဟုတ်ဘူး။ ကျန်တာတွေကို လူငယ်တွေ ကြိုးစားဖို့ပဲ ချန်ခဲ့လိုက်ပါ။”

“ရပါတယ်။ ငါက အတိုက်အခိုက်ကောင်းတယ်။ လူငယ်လေးတစ်အုပ်လောက်က ငါ့ကိုမရိုက်နိုင်ဘူး။”

“အဖေ၊ အဖေက အသက်ကြီးနေပြီလေ။ တခြားသူတွေကို လိုက်မရိုက်လို့မရဘူးလား။” ကျန့်ယွင်ပင်းက ခေါင်းကိုက်နေဟန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်မှာပဲ ကျန့်ယောင်ကျူကလည်း၊ “အဘိုး၊ တိုက်ဖို့ခိုက်ဖို့ဆို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။”

ခေါင်းဆောင်ကျန့်တစ်ယောက် ဆွံ့အသွားရသည်။

လူတိုင်း၊ “….” ဒီမြေးအဖိုးနှစ်ယောက် လိုက်လဲလိုက်ပါပေတယ်။

“နေပါဦး၊ ခင်ဗျားပဲ!”

“ရှင်ပဲ!”

ရှောင်လင်းယဲ့က အရင်ပြောလိုက်ကာ ရှောင်ရှင်းရှင်းကလည်း ဆက်ပြောလာခြင်းပင်။ သူတို့နှစ်ယောက်လုံး ကျန့်ယောင်ကျူကို မြင်ကာ အံ့ဩသွားကြခြင်းဖြစ်သည်။

“ခင်ဗျားက အဘိုးကျန့်ရဲ့မြေးပေါ့?” ရှောင်လင်းယဲ့ အတည်ပြုလိုဟန်ဖြင့်မေးလိုက်သည်။

ရှောင်ရှင်းရှင်း၏မျက်နှာကတော့ ဖြူဖျော့သွားကာ ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာတို့ဖြစ်ပေါ်လာခဲ့သည်။

ရှောင်လင်းယဲ့က ကျန့်ယောင်ကျူကို ကြည့်လျက် ဒေါသတကြီးပြောလာခဲ့သည်။ “မမ၊ အဲ့လူက မနေ့ညတုန်းက ဆိုင်ကယ်ဂိုဏ်းရဲ့အဖွဲ့သားပဲ။”

ရှောင်လင်းယွီ၊ “….”

ကျန့်ယောင်ကျူ၊ “…..”

ကျန့်ယောင်ကျူ ငိုချင်သွားတော့သည်… ‘အခုနေ ငါ့နာမည်ကိုဘယ်လိုများ ရှင်းရတော့မလဲ?’

***

All Chapters