ကျန်းမိသားစု
Vol. 12 Ch. 215
ကိစ္စများပြေလည်သွားသည့်နောက် ထောင်ယွမ်ရွာသို့ပြန်ခဲ့ကာ ရှောင်ချန်းပမ်းတို့မိသားစုကတော့ ရှောင်လင်းယွီကို အလွန်ကျေးဇူးတင်နေကြလေသည်။
ရှောင်လင်းယွီသာ ဒီကိစ္စထဲ ဝင်မပါခဲ့ရင် သူတို့လက်စားချေမယ့်အစီအစဉ်က ဆုံးခန်းတိုင်သွားမည်မှန်း ကောင်းကောင်းကြီး သိကြလေသည်။
ကုချင်းကျောင်းပြောသလိုပဲ သူမတွင် အဆက်အသွယ်များရှိသည်။ ရှောင်ချန်းပမ်းတို့လင်မယားအနေနှင့် သူမကို ထိနိုင်မည်ပင်မဟုတ်ပေ။
ရှောင်ရှင်းရှင်းသည် စာချုပ်စာတမ်းမရှိဘဲ ထိုစူပါမားကတ်တွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ရှောင်လင်းယွီကဲ့သို့ ဥပဒေအကြောင်းအရာကိုလည်း မကျွမ်းကျင်ကြပေ။ ထိုဝမ်းတွင်းမည်းသူဌေးတွေက သူတို့အပေါ် သေချာပေါက် အခွင့်ကောင်းယူကြမည်ဖြစ်သည်။
ဒေါ်လေးကျိုးသည် ကြက်မအိုနည်းနည်းလောက်ဖမ်းကာ ကြက်ဥအပြည့်ခြင်းတစ်လုံးဆွဲ၍ သူတို့တစ်မိသားစုလုံး ရှောင်လင်းယွီကို ကျေးဇူးသွားတင်ခဲ့သည်။ “လင်းယွီ၊ ရှင်းရှင်းကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူ့လစာပြန်ရအောင်လုပ်ပေးရုံတင်မကဘူး ပိုရအောင်တောင် လုပ်ပေးခဲ့သေးတယ်။”
ရှောင်လင်းယွီ ပြုံးလိုက်သည်။ “ဒေါ်လေးကျိုးကလည်း အရမ်းအားမနာပါနဲ့။ ရှင်းရှင်းက သမီးရဲ့ညီမလေးပဲလေ။ သူအခုလို အခွင့်ကောင်းယူခံနေရတာမျိုးကို ဒီအတိုင်းဘေးထွက်ကြည့်နေနိုင်ပါ့မလား။”
“ဘာပဲဖြစ်ဖြစ် ဒေါ်လေးတို့ကတော့ သမီးကို ကျေးဇူးတင်မိနေတုန်းပဲ။” လူငယ်လေးကတော့ သူစနောက်လိုက်တာပါလို့ ပြောခဲ့ပေမယ့် ရှောင်လင်းယဲ့သာ အချိန်မီရောက်မလာရင် ဘာတွေဖြစ်သွားမလဲဆိုတာ ဘယ်သူကများ ခန့်မှန်းနိုင်ပါ့မလဲ။ ရှောင်ရှင်းရှင်းရဲ့ဂုဏ်သတင်းသာ ညစ်နွမ်းသွားရင် ဘယ်လိုလုပ်ကြမလဲ။
ရှောင်ချမ်းပမ်းကလည်း ချီးကျူးလာသည်။ “လင်းယွီ၊ မင်းတို့မောင်နှမကတော့ တကယ်ကို အံ့မခမ်းပဲ။ တကယ်ကို သတ္တိရှိရှိနဲ့ ဗျူဟာမြောက်တဲ့လမ်းကြောင်းကို သုံးသွားတာပဲ။
မင်းတို့သာ အစကတည်းက အသံသွင်းဘောပင်ကို မပြင်ဆင်ထားဘဲ လင်းယဲ့ကလည်း အဲ့ဒီသူဌေးမကို အဲ့ဒီစကားတွေပြောထွက်လာအောင် မဆွဲဆောင်နိုင်ခဲ့ရင် ငါတို့တွေ သက်သေရလာမှာမဟုတ်ဘူး။
ဌာနခေါင်းဆောင်ချင်က အပြစ်အားလုံး ငါတို့အပေါ်ပဲ ပုံချလိုက်မှာ။”
ရှောင်လင်းယွီ ခေါင်းအသာယမ်းလိုက်သည်။ “ဦးလေးချန်းပမ်း ပြောတာ နည်းနည်းတော့ မှားနေပြီ။ အဘိုးကျန့်ရှိနေသ၍ သူတို့တွေ အမှန်တရားကို မဖုံးကွယ်ထားနိုင်ပါဘူး။ ပြီးတော့ လူအုပ်ကြီးရဲ့အကြည့်တွေလည်းရှိနေတာပဲ။ ဘယ်သူမှန်းလည်း သူတို့သိနေတာပဲလေ။
ဒါပေမယ့် အဘိုးကျန့်နဲ့တွေ့လိုက်ရတာကတော့ တကယ်ကိုကံကောင်းတာပဲ။ သမီးတို့ ပြဿနာအများကြီးမကြုံအောင် သူက တော်တော်လေးကူညီပေးသွားတာ။”
လေ့ကျန့်ဟူသည် အလွန်ကိုကောက်ကျစ်လေသည်။ ပါးစပ်ဟရုံဖြင့် အလိမ်အညာစကားများ တသီကြီးထွက်နိုင်လေသည်။ ချင်ဖူဖာထံမှ အထောက်အပံ့ပါရှိနေတာကြောင့် အမှန်တရားကို ဖုံးကွယ်ပစ်နိုင်ပေသည်။
ရှောင်ချန်းပမ်းလည်း ခေါင်းတညိတ်ညိတ်ဖြင့်၊ “တကယ်ကို အဘိုးကျန့်ကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် သက်သေက ဒါရိုက်တာကျန့်ဆီ ဒီလောက်ချောချောမွေ့မွေ့နဲ့ ရောက်သွားမှာမဟုတ်ဘူး။”
အဘိုးကျန့်သာ ရှင်းအန်းမြို့လောက်တွင်နေလျှင် သူတို့သေချာပေါက် ကိုယ်တိုင် ကျေးဇူးတင်ဖို့ သွားကြမည်ဖြစ်သည်။ သို့သော်လည်း အဘိုးကျန့်သည် ရှင်းယင်ခရိုင်မြို့တွင်ဖြစ်ကာ သားဖြစ်သူကလည်း အဆင့်မြင့်အရာရှိဖြစ်သည်။ ဒါကြောင့် ရှောင်ချန်းပမ်းသည် သူတို့ကို အထင်သေးမည်အား စိုးရိမ်နေလေသည်။
ဒါကြောင့် သူ့ဇနီးကိုပဲ ကြက်နည်းနည်းဖမ်းခိုင်းကာ ရှောင်လင်းယွီကတဆင့် ပို့ပေးဖို့လုပ်လိုက်သည်။ ခရိုင်မြို့ပေါ်မှလူများသည် ကြက်ခြံထဲမှကြက်တွေကိုသာ စားကြခြင်းဖြစ်သည်။ သို့ပေမယ့် ထိုကြက်များကို ပုံမှန်ကြက်စာကျွေးပြီး မွေးထားကြခြင်းဖြစ်တာကြောင့် တောတောင်ထဲတွင် လွှတ်ထားသည့် တောကြက်များနှင့် မယှဉ်နိုင်ပေ။
….
မေမေရှောင်နှင့် လျိုချွမ်းဟွာတို့ ဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြားချိန် အလွန်ကို ထိတ်လန့်သွားကြသည်။ စူပါမားကတ်ကြီးတစ်ခုကို ဦးစီးနေသည့် သူဌေးမဖြစ်တာကြောင့် ဉာဏ်ကောင်းသင့်သော်လည်း… ဘာလို့များ ဒီလောက် လွယ်လွယ်လေး ထောင်ချောက်ထဲ ကျသွားရတာလဲ။
လျိုချွမ်းဟွာက ရယ်လိုက်သည်။ “ဒုတိယအစ်မရယ်၊ အဲ့အမျိုးသမီးက မာနကြီးလွန်းတယ်လေ။ ဒါကြောင့်ပဲ သူ့ကိုယ်သူ ဆွဲချမိတာ။”
မေမေရှောင်က သက်ပြင်းသာချမိသည်။ “ရွာကလူတွေဆို သူတို့ကို ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတယ်လေ၊ ဒါကြောင့်ပဲ သူတို့ရဲ့အဆက်အသွယ်တွေအကြောင်း လူကြားသူကြားထဲ ထုတ်ကြွားနေတာပေါ့။ အစိုးရဌာနတွေအားလုံးကို သူတို့ပဲ ပိုင်နေသလိုလိုနဲ့။”
ရှောင်မင်ယန်းလည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ အဲ့ဒီအမျိုးသမီးသာ အဲ့လောက်မမောက်မာဘဲ ကျွန်တော်တို့ရှေ့ အားလုံးမဖော်ထုတ်ခဲ့ရင် ကျွန်တော်တို့လည်း သူ့အားနည်းချက်ကို ဒီလောက်လွယ်လွယ်နဲ့ ဖမ်းဆုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်..” သူက ရှောင်လင်းယွီကိုကြည့်လျက် ပြုံးလိုက်သည်။ “သူက ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင်မလေးကို မယှဉ်နိုင်ဘူးလေ။ သူတို့ဘယ်လောက်ပဲ ကောက်ကျစ်ကျစ် ယွီအာက သူတို့ထက် ပိုပြီးဉာဏ်ထက်ပြီးသား။”
“စတုတ္ထဦးလေးကတော့ သမီးကို အရင်အထင်ကြီးနေပါပြီ။ လူတိုင်းကြိုးစားခဲ့ကြလို့ပါ။ သမီးတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။”
“ဒါပေမယ့် မင်းကသာ ဒီကိစ္စအားလုံးရဲ့နောက်ကွယ်က ထိန်းချုပ်ပေးတဲ့သူလေ။” အားလုံးက တညီတညွတ်တည်း ထောက်ခံကြသည်။ “မင်းသာ အစီအစဉ်ဆွဲပြီး သူတို့နဲ့အငြင်းပွဲဖို့ မပြောခဲ့ရင် ငါတို့ရဲ့အခြေအနေက ပိုဆိုးနေလောက်မှာ။”
ရှောင်ရှင်းရှင်း၏မျက်လုံးများက တဖြတ်ဖြတ်လက်နေကာ လေးစားအားကျမှုအပြည့်ဖြင့် ပြောလာခဲ့သည်။ “အစ်မလင်းယွီက အရမ်းအံ့ဩဖို့ကောင်းတာပဲ။”
ဒေါ်လေးကျိုးသည် သူမသမီး၏ခေါင်းကို ပုတ်လိုက်ပြီး၊ “အရင်က စာကြိုးစားဖို့ပြောတိုင်း အမြဲတမ်း ညည်းညူနေခဲ့တာလေ။ အတန်းထဲမှာဆို အိပ်ပဲအိပ်နေတယ်။ အတန်းပိုင်က ငါ့ကို ဘယ်နှခေါက်တောင်လာရှာလဲ သိရဲ့လား။ မင်းအစ်မလင်းယွီကိုကြည့်ဦး။ စကားလေးနည်းနည်းလောက်ပြောရုံနဲ့ အဲ့ဒီမာနကြီးတဲ့ဝမ်းတွင်းမည်းသူဌေးမကို ဆွံ့အသွားအောင်လုပ်နိုင်ခဲ့တယ်။”
ရှောင်ရှင်းရှင်း သူမခေါင်းကိုအသာပွတ်လိုက်ပြီး ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလာလေသည်။ “အမေကလည်း၊ သမီးကို အပြစ်တင်လို့မရဘူးလေ။ သမီး အစ်မလင်းယွီကို ဘယ်လောက်လေးစားလဲ အမေလည်း သိတာပဲ။ သမီးလည်း စာကြိုးစားချင်တာပေါ့။ ဒါပေမယ့် စာအုပ်ဖွင့်လိုက်ပြီဆိုတာနဲ့ အိပ်ချင်လာတာလေ။ သမီးကိုသမီးမထိန်းနိုင်ဘူး။” ထိုအချက်အကြောက် သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများကို ဟိုကြည့်ဒီကြည့်လုပ်လိုက်ရင်း၊ “ဒါ မျိုးရိုးနဲ့ဆိုင်လောက်တယ် အမေရဲ့။ အဖေရော အမေရောမှာ ဘယ်သူကများ စာလုပ်ရတာကြိုက်လို့လဲ။”
ဒေါ်လေးကျိုး၏မျက်နှာက နီရဲသွားကာ၊ “ဒီကောင်မလေးတော့ ကိုယ့်အဖေနဲ့အမေကို အပြစ်တင်နေတာလား။”
သို့ပေမယ့် သူမစိတ်ထဲတွင်တော့၊ ‘တကယ်ပဲ မျိုးရိုးလိုက်တာများဖြစ်နေမလား။’ သူမ ကျောင်းတက်တုန်းက အချိန်ကိုပြန်သတိရမိသွားလေသည်။ ဆရာစာစသင်လိုက်ပြီဆိုသည်နှင့် သူမမျက်လုံးတွေက တန်းပိတ်ကျသွားတတ်သည်ပင်။
ရှောင်ချန်းပမ်းကတော့ ချက်ချင်းပင် ငြင်းဆန်လာသည်။ “သေချာပေါက် ငါ့ဆီကမျိုးရိုးတော့မဟုတ်ဘူး။ ငါငယ်ငယ်တုန်းကဆို အမှတ်တွေအရမ်းကောင်းတာ။”
ရှောင်ရှင်းရှင်းနှင့်ဒေါ်လေးကျိုးတို့မှာ ရှောင်ချန်းပမ်းကို မသင်္ကာဟန်ဖြင့် ကြည့်လာကြသည်။ သူတို့မယုံကြောင်း သိသာလှသည်။
ရှောင်ချန်းပမ်းကတော့ သူ့ဇနီးနှင့်သမီးတို့၏အကြည့်ကြောင့် ရှက်ရွံ့သွားကာ ချက်ချင်း ပြန်ခုခံလိုက်လေသည်။ “ငါပြောတာမယုံရင် ကျန်းယန်နဲ့မင်ယန်းတို့ကိုမေးကြည့်။ သူတို့သိတယ်။”
ရှောင်မင်ယန်းက ခေါင်းညိတ်ကာ လေးလေးနက်နက်ပြန်ဖြေလာသည်။ “အဲ့ဒါတော့ ဟုတ်တယ်။ ချန်းပမ်းရဲ့အဆင့်က အကောင်းဆုံးပဲ။ ငါအမှတ်ရသလောက်ဆို ဆရာက ငါတို့ကို သင်္ချာမေးခွန်းတစ်ခုပေးတယ်။ မိသားစုတစ်ခုမှာ ဘဲတစ်ကောင်ရှိတယ်။ အဖေဖြစ်သူက နောက်ထပ်ဘဲတစ်ကောင်ဝယ်ပြီး ပြန်လာတယ်။ ဒီတော့ မိသားစုမှာ ဘဲဘယ်နှစ်ကောင်ရှိလဲတဲ့။ လူတိုင်းက နှစ်ကောင်လို့ဖြေပေမယ့် ချန်းပမ်းတစ်ယောက်တည်းပဲ သုံးကောင်လို့ဖြေတာ။ ဆရာက သူ့ကိုမှားတယ်လို့ပြောပေမယ့် ချန်းပမ်းကတော့ သူမှန်ကြောင်း သက်သေပြမယ်တဲ့။”
ဤသည်မှာ သူမအဖေ၏အတိတ်ဆိုးအကြောင်း ရှောင်ရှင်းရှင်းပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်လေသည်။ သူမက ရယ်မောလိုက်ကာ၊ “ဟဟ၊ အဖေ၊ အရင်က အဖေ့အဆင့်တွေဒီလောက်ဆိုးတာကိုများ သမီးတို့ကို အဖေ့တုန်းက စာတော်တယ်ဆိုပြီးပြောနေသေးတယ်လား။” ထို့နောက် သူမက ရှောင်မင်ယန်းဘက်သို့လှည့်ကာ၊ “ဦးလေးမင်ယန်း၊ သမီးအဖေက တကယ်ကြီး သက်သေပြခဲ့တာလား။” သူမအဖေဘယ်လိုများ လုပ်လိုက်မလဲဆိုတာ သူမ မတွေးတတ်တော့ပေ။
ရှောင်မင်ယန်းကပြုံးလျက်၊ “မင်းအဖေကိုပဲ မေးကြည့်လိုက်ပါလား။”
“အဖေ…” ရှောင်ရှင်းရှင်းလည်း သူမအဖေကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
ရှောင်ချန်းပမ်းလည်း ရှက်ရွံ့စွာ ချောင်းတစ်ချက်ဟန့်ရင်း၊ “အရင်က သမီးအဖိုးက ဘဲမွေးတယ်လေ။ ဒါကြောင့် အဖေလည်း ဆရာ့ကိုသက်သေပြဖို့ ဘဲပေါက်တစ်ကောင် ကျောင်းခေါ်သွားလိုက်တယ်။”
“အာ..” လူငယ်လေးများ အလွန်အံ့အားသင့်သွားကြလေသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ မင်းအဖေလည်း စာမတော်ခဲ့ပါဘူး။” နောက်ဆုံးတော့ ရှောင်ချန်းပမ်း ရှက်ရှက်နှင့်ဝန်ခံလိုက်တော့သည်။ “ဒါကြောင့်ပဲ စာလေ့လာတာက အရေးကြီးကြောင်း ငါသိနေတာပေါ့။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို စာကြိုးစားဖို့ပြောနေရတာလေ။ ဒါကိုတောင် မင်းတို့နှစ်ယောက်က စာကောင်းကောင်းမလုပ်ကြဘူး။”
“အဖေကလည်း သမီးတို့က အဖေနဲ့အမေ့ဆီက အမွေရထားတာလေ။ ဒါပေမယ့်..” ရှောင်ရှင်းရှင်း ဆုံးဖြတ်ချက်တစ်ခုချကာ ဆက်မပြောခင် ခဏမျှရပ်သွားခဲ့သည်။ “နောက်ဆိုရင်တော့ သမီး စာများများဖတ်တော့မယ်။ တက္ကသိုလ်အထိ မသွားနိုင်ရင်တောင် အသိပညာများများရလာအောင် စာများများဖတ်မယ်။ ဒီလိုဆို သမီးထပ်ပြီး အလိမ်ခံရတော့မှာမဟုတ်ဘူး။”
သူမသာ အလုပ်ရှာစဉ်က အလုပ်ရှင်နှင့် အလုပ်သမားစာချုပ်တွင် လက်မှတ်ထိုးဖို့လိုကြောင်း သိခဲ့ပါက အခုလိုမျိုး ဆိုးဆိုးဝါးဝါး အလိမ်ခံခဲ့ရမည်မဟုတ်ပေ။ ထိုအဖြစ်အပျက်က သူမကို အသိပညာဗဟုသုက ဘယ်လောက်အရေးကြီးကြောင်း ပြသွားခဲ့သည်။
“ရှင်းရှင်း ဒီလိုဆုံးဖြတ်လိုက်တာ အရမ်းကောင်းတယ်။ စာဖတ်တယ်ဆိုတာ ကောင်းတဲ့အရာပဲ။” ရှောင်လင်းယွီက ရှောင်ချန်းပမ်းနှင့်ကျိုးယန်တို့ကို ပြုံးပြလိုက်ကာ၊ “ဦးလေးချန်းပမ်း၊ ဒေါ်လေးကျိုး၊ လူတိုင်းမှာ သူ့ဘဝလမ်းကြောင်းနဲ့သူတို့ရှိကြတယ်။ လူတိုင်းက စာတွေလုပ်ပြီး အောင်မြင်မှုရကြတာမဟုတ်ဘူး။ ရှင်းရှင်းဆိုလည်း တခြားနယ်ပယ်တစ်ခုခုမှာ အောင်မြင်လာနိုင်တာပဲ။”
“ဟုတ်တယ်။” ရှောင်ရှင်းရှင်း လက်သီးဆုပ်ကာ အခိုင်အမာပြောလိုက်သည်။ “သမီးက အခုထိ ငယ်သေးတယ်။ ကျွမ်းကျင်အောင် လေ့လာသင်ယူလို့ရတဲ့အရာတွေအများကြီးရှိသေးတယ်။ အနာဂါတ်မှာ အလုပ်ကြိုးကြိုးစားစားလုပ်ပြီး အစ်မလင်းယွီရဲ့ခြေလှမ်းအတိုင်းလျှောက်နိုင်အောင် အကောင်းဆုံးကြိုးစားသွားမယ်။”
“ကောင်းတာပေါ့၊ အဲ့လိုတွေးတတ်တာ အရမ်းကောင်းတယ်။” ရှောင်ချန်းပမ်းတို့လင်မယား ခေါင်းတညိတ်ညိတ်ဖြင့်ပြောလိုက်သည်။ ‘ငါတို့သမီးလေးလည်း အရွယ်ရောက်လာပြီပဲ။’
“ရှင်းရှင်း၊ ငါ့ဆိုင်မှာ မနက်ဖြန်က စပြီး အလုပ်ဆင်းချင်လား ဒါမှမဟုတ် ရက်နည်းနည်းလောက် အနားယူဦးမလား။” ရှောင်လင်းယွီ မေးလိုက်သည်။
“မနက်ဖြန်ကစပြီး အလုပ်ဆင်းနိုင်ပါတယ်။ ပြီးတာတွေလည်း ပြီးသွားပြီပဲ။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ မနက်ဖြန်ကစပြီး နင် ငါ့စတုတ္ထဒေါ်လေးနဲ့အရင် အလုပ်လုပ်ရမယ်။ ငါစာချုပ်ရေးပြီးတော့မှ လက်မှတ်ထိုးကြတာပေါ့။”
“အစ်မလင်းယွီကလည်း ငါတို့ဒီလောက်ရင်းနှီးနေတာကို အလုပ်သမားစာချုပ်တွေဘာတွေ လုပ်ဖို့ မလိုပါဘူး။” ရှောင်ရှင်းရှင်းကပြောလိုက်သည်။ “အစ်မက ငါ့အရင်သူဌေးလို လိမ်မယ့်သူမှမဟုတ်တာ။”
ရှောင်လင်းယွီ၊ “….” ဒီကလေးကတော့ မမှတ်သေးဘူးပဲ။ ငါ့ကိုယုံကြည်ပေးလို့ပဲ ကျေးဇူးတင်ရမလား။
“အား အဖေရဲ့ ဘာလို့သမီးခေါင်းကိုရိုက်တာလဲ။” ရှောင်ရှင်းရှင်း သူမခေါင်းကိုကိုင်ကာ အော်လိုက်သည်။
“လင်းယွီက ဟိုမကောင်းတဲ့သူဌေးတွေလိုမျိုး သေချာပေါက် ရက်စက်မဲ့လူမျိုးမဟုတ်ဘူးဆိုပေမယ့် မင်းကရော ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ အာမခံနိုင်လို့လား။ တစ်ခုခုလွဲချော်တာဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ ငါတို့ လင်းယွီရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်ပေးရမှာပေါ့။” ရှောင်ချန်းပမ်းကပြောလိုက်သည်။
“အဖေကလည်း ဘယ်လိုလုပ်များ ကိုယ့်သမီးအရင်းကို ဒီလိုအပြစ်တင်ရတာလဲ။”
“ငါက အမှန်တရားကိုပြောနေတာ။” ရှောင်ချန်းပမ်းက ဆက်ပြီးဆုံးမလေသည်။ ထို့နောက် သူက ရှောင်လင်းယွီကိုကြည့်လိုက်ကာ၊ “လင်းယွီ၊ သမီး လုပ်ချင်တာသာလုပ်။ ရှင်းရှင်းကိုလည်း သမီးသူငယ်ချင်းဆိုပြီး ထူးထူးခြားခြားဆက်ဆံစရာမလိုဘူး။ သူအလုပ်မကြိုးစားရင် ဆူဆူရိုက်ရိုက် လုပ်ချင်တာသာလုပ်။”
ရှောင်လင်းယွီ၊ “….” ငါ့ပုံစံက ကိုယ့်ဝန်ထမ်းကို ရိုက်နှက်မယ့်သူဌေးမျိုးနဲ့ တူနေလို့လား။
ရှောင်ရှင်းရှင်း၊ “….” ငါ သူ့သမီးအရင်းတော့ဟုတ်ပါတယ်နော်။ ဘယ်လိုလုပ်များ ကိုယ့်သမီးကိုရိုက်ဖို့ အားပေးအားမြှောက်လုပ်နေရတာလဲ။
ထို့နောက် သူတို့လည်း ရှောင်ရှင်းရှင်း၏အလုပ်အကြောင်း အသေးစိတ်အချက်အလက်များကို ဆက်ပြောခဲ့ကြသည်။
ရှောင်ချန်းပမ်းတို့မိသားစု အိမ်ပြန်ရောက်သည့်နောက် ရှောင်ချန်းပမ်းနှင့်ဒေါ်လေးကျိုးသည် အလေးအနက်ထပ်ပြောလာပြန်သည်။ “ရှင်းရှင်း၊ သမီး လင်းယွီဆိုင်မှာ အလုပ်လုပ်ရင် သေချာကျိုးကျိုးစားစားနဲ့လုပ်ရမယ်နော်။ မပေါ့လျော့ရဘူး။ နားလည်လား။”
ရှောင်ရှင်းရှင်း ခေါင်းညိတ်လိုက်သည်။ “သမီးသိပါပြီ။ သေချာကြိုးစားလုပ်ပါ့မယ်။”
“ကောင်းတယ်။” ရှောင်ချန်းပမ်းပြောလိုက်လေသည်။ “လင်းယွီနဲ့ကျန်းယန်ရဲ့အကျင့်အရ သမီးသာ အလုပ်ကြိုးစားသ၍ သူတို့ သမီးကို မမျှမတဆက်ဆံမှာမဟုတ်ဘူး။”
“သမီးသိပါတယ်။ တကယ်တမ်း တခြားရွာသားတွေသာ အစ်မလင်းယွီ သမီးကို အလုပ်ပေးတဲ့အကြောင်းသိသွားရင် မနာလိုဖြစ်နေကြမှာ။ ဒီအလုပ်ကိုရချင်နေတဲ့လူတွေမှအများကြီးကို သမီးကလွယ်လွယ်နဲ့ လက်လျှော့စရာလား။”
“ကောင်းတယ်။” မိဘနှစ်ပါးလုံးကျေနပ်သွားကြသည်။
“ဟုတ်ပြီ… မနက်ဖြန်စောစောထပြီး အလုပ်သွားရမှာဆိုတော့ အိပ်သင့်ပြီ။ လင်းယွီရဲ့မိသားစုက မနက် ၃နာရီ ၄နာရီလောက်ဆို လယ်ထဲမှာ အသီးအရွက်တွေ ခူးကြပြီ။ သမီးက အဲ့ဒါအထိလုပ်ဖို့မလိုပေမယ့် စောစောတော့ထသင့်တယ်။ မင်ယန်းရဲ့ထရက်ကားက ၅နာရီ ၆နာရီလောက်ဆို စထွက်တာ။”
“ဟုတ်ကဲ့ပါ အရမ်းစိတ်မပူပါနဲ့ အဖေနဲ့အမေရယ်။ သမီး မနက်ဖြန်စောစောထပါ့မယ်။” ထို့နောက် ရှောင်ရှင်းရှင်း အိပ်ရန်အခန်းသို့ပြန်သွားလေသည်။
ရှောင်ချန်းပမ်းတို့လင်မယားကတော့ ခဏမျှဆက်ပြီး စကားပြောနေခဲ့ကြသည်။
“ဒီတစ်ခေါက် ရှင်းရှင်းအများကြီးကြုံတွေ့ခဲ့ရတယ်။ သူဒီကနေ သင်ခန်းစာကောင်းကောင်းရသွားဖို့တော့ မျှော်လင့်ရတာပဲ။”
“ထင်ရတာပဲ။ ကျွန်မတို့သမီးက အရမ်းတော့ မတုံးလောက်ဘူးမလား။”
“ဒီတစ်ခေါက် ငါတို့ လင်းယွီနဲ့လင်းယွီကို တကယ်ကျေးဇူးတင်သင့်တာ။ ငါတို့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ။ သူသာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ။”
“ဟုတ်တယ်။ သူတို့အကူအညီကြောင့်နဲ့သာမဟုတ်ရင် ရှင်းရှင်းဘာဖြစ်သွားမလဲ တကယ်ကို မတွေးတတ်ဘူး။ ကျန်းယန်တို့မိသားစုကို ကျေးဇူးကြွေးကြီးတစ်ခု တင်သွားပြီပဲ။”
“ဒီကျေးဇူးကြွေးကို သေချာမှတ်ထားရမယ်။ ငါတို့ ကျေးဇူးမသိတတ်တဲ့လူတွေဖြစ်လို့မဖြစ်ဘူး။”
“ရှင်မပြောရင်တောင် ကျွန်မသိပါတယ်။”
နောက်ဆုံးတော့ လင်မယားနှစ်ယောက်လဲ ပင်ပန်းမှုကြောင့် အိပ်ပျော်သွားကြတော့သည်။
….
ပေကျင်းရှိ ကျန်းထောင်၏တိုက်ခန်းထဲတွင်…
ကျန်းထောင်တစ်ယောက် ရရှိလာသည့် သတင်းပို့ချက်ကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့သည်။ ခဏကြာပြီးနောက် သူက စာရွက်စာတမ်းများကို ပြန်ချလိုက်ကာ မျက်နှာကျက်ကိုကြည့်လိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့်ပြောလာခဲ့သည်။ “ဒီတော့ ချင်မိသားစုပေါ့..”
ထိုအချိန်မှာပဲ သူ့ဖုန်းက မြည်လာခဲ့သည်။
သူလည်း ဖုန်းကိုကောက်ယူလိုက်ကာ မျက်နှာပြင်ကိုကြည့်လိုက်ရာ မျက်မှောင်ကြုတ်မိသွားလေသည်။
“အဖိုး!” သူဖုန်းပြန်ဖြေလိုက်ရင်း တလေးတစားဖြင့်ခေါ်လိုက်သည်။
ဖုန်းထဲကနေပြီး အသက်ကြီးသော်လည်း ဩဇာညောင်းသည့်အသံတစ်သံက ထွက်လာခဲ့သည်။ “မင်းပေကျင်းကိုရောက်နေတာ ရက်ပိုင်းလောက်ရှိနေပြီ။ ဘာလို့ အိမ်ကို ချက်ချင်းပြန်မလာတာလဲ။”
“အဖိုး ကျွန်တော်…” ကျန်းထောင် ရှင်းပြချင်ခဲ့သည်။
“ဘာရှင်းပြတာမှ မလိုချင်ဘူး။” တစ်ဖက်လူက ခပ်တင်းတင်းသာ ပြန်ပြောလာလေသည်။ “အခုချက်ချင်း အိမ်ပြန်လာခဲ့။”
ဖုန်းချလိုက်ပြီးနောက်မှာတော့ ကျန်းထောင် ခါးသက်သက်သာ ပြုံးလိုက်မိလေသည်။
သူ့အတွက်တော့ ထိုနေရာဟာ အိမ်မဟုတ်ဘဲ ငှက်လှောင်အိမ်တစ်ခုသာဖြစ်လေသည်။
***