လွှမ်းမိုးနိုင်စွမ်းအား
Vol. 12 Ch. 209
ကုချင်းကျောင်းတစ်ယောက် လူအုပ်ကြီးထံမှ စကားသံများကြောင့် ကြောင်အကာ အမြင်အာရုံတို့ အမှောင်ဖုံးသွားသလို ခံစားလိုက်ရသည်။
သူမအသိပြန်ကပ်လာချိန်မှာတော့ သူမရင်ထဲမှ ဒေါသတရားတို့က မီးတောင်တစ်ခုလို ပေါက်ကွဲထွက်လာပြီး အံတင်းတင်းကြိတ်ကာ ရှောင်လင်းယဲ့ကို ကျိန်ဆဲတော့သည်။ “နင် တောကြိုအုံကြားက ကလေကချေကောင်။ နင် တော်တော်ကောက်ကျစ်တာပဲ။”
သို့သော်လည်း သူမ၏မျက်နှာက အထင်သေးဟန်ဖြင့် အေးစက်စက်အပြုံးအဖြစ်သို့ ရုတ်ချည်းပြန်ပြောင်းသွားလေသည်။ “ရှောင်ရှင်းရှင်းက ငါ့ဝန်ထမ်းဖြစ်ကြောင်း သက်သေရှိသွားတော့ရော ဘာဖြစ်လဲ။ စာရွက်ပေါ်မှာသိသာထင်ရှားတဲ့ သက်သေအထောက်အထားမရှိသ၍ နင် ငါ့ကိုဘာများလုပ်နိုင်မှာလဲ။ ငါ့ကို တရားစွဲချင်တာလား၊ စွဲလိုက်လေ။ နင်တို့ကို ကြောက်နေမယ်များထင်နေလား။ ဒီမှာ ငါ့မှာ ကုန်သွယ်ရေးဗျူရိုနဲ့ အလုပ်သမားရေးရာဗျူရိုဘက်မှာ မိတ်ဆွေတွေရှိတယ်။ နင်တို့ ငါ့ကိုထိနိုင်မလား ကြည့်ရသေးတာပေါ့။”
ထိုစကားများကိုပြောပြီးသည်နှင့် သူမကျေနပ်သွေားလေသည်။ သူမ ဘယ်လောက်အင်အားကြီးကြောက်နှင့် သူမကို ဘယ်လိုမှထိခိုက်အောင် မလုပ်နိုင်ကြောင်း လူတိုင်းသိသွားဖို့ မျှော်လင့်နေခဲ့သည်။
“ဒီမိန်းမက ဟာသပဲ။”
“ဒီတော့ သူ့မှာ ဒီလိုဗျူရိုနှစ်ခုက အဆက်အသွယ်တွေရှိနေတော့ရော? သူလုပ်ချင်တာမှန်သမျှ လုပ်လို့ရနေပြီများ ထင်နေတာလား။”
“ဟုတ်တယ်။ သူက ဒီစူပါမားကတ်တင်မဟုတ်ဘဲ အဲ့ဒီဗျူရိုနှစ်ခုကိုပါ ပိုင်ဆိုင်ထားသလိုမျိုး လုပ်ပြနေတာ။”
လူအုပ်ကြီးထံမှ ဆွေးနွေးစကားများကိုကြားပြီးနောက် ကုချင်းကျောင်း၏မျက်နှာမှာ ပိုလို့တောင် မည်းမှောင်သွားတော့သည်။
သူမက ရှေ့သို့ခြေနှစ်လှမ်းတိုးလိုက်ကာ ဖြတ်သွားဖြတ်လာများကို ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ “ဘာတွေလာကြည့်နေတာလဲ။ ဒါ နင်တို့နဲ့ဘာမှမဆိုင်ဘူး။ ထွက်သွားကြ။”
အဘိုးကြီးတစ်ယောက်က ကုချင်းကျောင်းကို လက်ညှိုးထိုးကာ ဒေါသတကြီးအော်လိုက်လေသည်။ “မင်း ဒီလိုမျိုး ကိုယ့်ဝန်ထမ်းတွေကို ဖိနှိပ်အရှက်ခွဲနေတာမျိုးမြင်နေရတာကို ငါတို့ ဘေးထွက်ရပ်ကြည့်မနေနိုင်ဘူး။ ဒီနေ့ ငါ မင်းတို့ စီးပွားရေးကို နှောက်ယှက်ပြမယ်။ ငါ့ကို သင်ခန်းစာပေးဖို့ မင်းရဲ့မြေအောက်လောကသားတွေကို မခေါ်တော့ဘူးလား။”
ကုချင်းကျောင်း ဒေါသထွက်သွားကာ အဘိုးကြီးကို ကြိမ်းမောင်းလေသည်။ “အဘိုးကြီး၊ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေ။ ရှင့်ကို ဘာမှမလုပ်ရဲဘူးများထင်နေလား။ ရှင် ကျွန်မကို ဒေါသထွက်အောင်လာလုပ်ရင် ကျွန်မလူတွေကိုခေါ်ပြီး ရှင့်ကို တစ်ခါတည်းအခေါင်းသွင်းပစ်မယ်။”
“ငါ အသက်အရှည်ကြီးနေပြီးပြီး၊ မင်းလောက် စိတ်နှလုံးမည်းနက်ပြီး၊ မောက်မာရိုင်းစိုင်းတဲ့လူမျိုး တစ်ခါမှမတွေ့ဖူးဘူး။ ဒီလိုလူမြင်ကွင်းမှာတော့မှ ခြိမ်းခြောက်တာမျိုးလုပ်ရဲတယ်ပေါ့။” အဘိုးကြီးက ဝံ့ဝံ့ကြွားကြွားပင် ရှိနေလေသည်။ “ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ မင်းလူတွေကို ခေါ်လိုက်စမ်းပါ။ ငါစောင့်နေတယ်။ ငါ့ကို သူတို့ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။” သခင်ကြီးကျန့်သည် အလွန်ဒေါသထွက်နေကာ ခြိမ်းခြောက်ခြင်းကိုပါ ခံလိုက်ရတာကြောင့် သူ့မျက်နှာက စိမ်းဖန့်လာခဲ့သည်။
ရှောင်လင်းယွီက ချက်ချင်းပင် ရှေ့တိုးလာကာ၊ “အဘိုး၊ ဒေါသမထွက်ပါနဲ့။ ဒီလိုလူမျိုးနဲ့ ပြိုင်ပြီးဒေါသထွက်နေသင့်ပါဘူး။”
အဘိုးကျန့်က ရှောင်လင်းယွီကို တစ်ချက်ကြည့်လိုက်ပြီး၊ “ငါ သူ့ရဲ့ မောက်မာရိုင်းစိုင်းတဲ့ပုံစံကို သည်းမခံနိုင်တော့ဘူး။ ဒေါသထွက်စရာကောင်းလိုက်တာ။”
“မတန်ပါဘူး အဘိုးရယ်။”
အဘိုးကျန့်လည်း ခေါင်းအသာညိတ်လိုက်တော့သည်။ “ဟုတ်ပါတယ်၊ မင်းပြောတာမှန်တယ်။ ဒီမိန်းမက ငါ့ဒေါနဲ့မတန်ဘူး။” ထို့နောက် ရှောင်လင်းယွီ၏ ဗိုက်ဖောင်းဖောင်းလေးကို ကြည့်လိုက်ကာ သူက ကြင်နာစွာဖြင့် အကြံပေးလာခဲ့သည်။ “မိန်းကလေး၊ မင်း ဒီလိုနေရာကို မလာသင့်ဘူး။ ဂရုစိုက်မှဖြစ်မယ်လေ။”
“ဟုတ်ကဲ့ ကျွန်မဂရုစိုက်ပါ့မယ်။ စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ အဘိုး။”
ထို့နောက် ရှောင်လင်းယွီက ကုချင်းကျောင်းကို ခပ်စူးစူးကြည့်လိုက်ကာ၊ “မဒမ်၊ အလုပ်သမားစာချုပ်မရှိလို့ ကျွန်မတို့ ရှင့်ကို တရားမစွဲနိုင်ဘူးလို့ ဘယ်သူပြောလဲ။ အလုပ်သမားဥပဒေဆိုတာ ဘာမှန်းရော ရှင်သိရဲ့လား။”
“နင်ကကော ဘာကောင်မလဲ။” ကုချင်းကျောင်းသည် ရှောင်လင်းယွီကိုမြင်သည်နှင့် ဒေါသတကြီး မေးလိုက်သည်။
ထိုအချိန်မှာပဲ မတော်တဆတစ်ခုခုဖြစ်မည်ကို ကာကွယ်ရန် ရှောင်ချန်းပမ်းက ရှောင်လင်းယွီဘေးမှ လိုက်လာခဲ့သည်။
ရှောင်လင်းယွီက တိုက်ရိုက်ပြန်မဖြေဘဲ၊ “ကျွန်မတို့နိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အလုပ်ရှင်ဘက်က အလုပ်သမားနဲ့ အလုပ်သမားစာချုပ်မချုပ်ဆိုထားရင် အလုပ်ရှင်ဘက်ကို အပြစ်ပေးမယ့် ဥပဒေရှိတယ်။ အလုပ်ရှင်ဘက်က အလုပ်သမားကို လျော်ကြေးပေးဖို့လိုတယ်။
အလုပ်သမားဥပဒေ ပုဒ်မ ၈၂ အရ၊ အလုပ်ရှင်ဘက်က အလုပ်သမားဟောင်းနဲ့ အလုပ်စဝင်တဲ့နေ့စလို့ တစ်လကျော်တဲ့အထိ အလုပ်သမားစာချုပ်မှာ လက်မှတ်မထိုးခဲ့ရင် အလုပ်ရှင်ဘက်က အလုပ်သမားရဲ့လစဉ်လုပ်ခရဲ့နှစ်ဆပေးရမယ်။
အလုပ်ရှင်ဘက်က အဲ့လိုမလုပ်ခဲ့ဘူးဆိုရင် အလုပ်သမားရော အလုပ်ရှင်ရောဘက်က အလုပ်သမားစာချုပ်မှာ လက်မှတ်မထိုးဖို့ နှုတ်နဲ့သဘောတူထားကြရင်တောင် အလုပ်သမားဘက်က အလုပ်သမားရေးရာဗျူရိုမှာ တိုင်ချက်ဖွင့်လို့ရနေတုန်းပဲ။
ဒီတော့ ရှင်နဲ့ရှင့်အလုပ်သမားတွေကြားမှာ အလုပ်သမားစာချုပ်မချုပ်ထားတာနဲ့ ရှင့်ဘက်က အနိုင်ရနေပြီလို့ ထင်နေတာလား မဒမ်။ အလုပ်သမားစာချုပ်မရှိတာနဲ့ပဲ သူတို့အားလုံးကို ရှင့်စိတ်ကြိုက် အနိုင်ကျင့်လို့ရရောလား။”
ထိုအချက်အရောက် ရှောင်လင်းယွီ၏နှုတ်ခမ်းထက် အပြုံးဖွဖွပေါ်လာကာ ယုံကြည်ချက်အပြည့်ဖြင့် ကုချင်းကျောင်းကိုကြည့်ရင်း အနည်းငယ် လှောင်ထေ့သည့်အမူအရာဖြင့် ပြောလိုက်လေသည်။ “တကယ်တော့ အဲ့ဒါတွေအကုန်လုံးက ဆန့်ကျင်ဘက်ပဲ။ အလုပ်သမားစာချုပ်မှာ လက်မှတ်မထိုးတာက အလုပ်သမားဘက်ကို ပိုပြီး အခွင့်အရေးသာစေတာပဲ။
အလုပ်ရှင်ဘက်က အလုပ်ခန့်ပြီး တစ်လကျော်တာတောင် အလုပ်သမားစာချုပ်မချုပ်ခဲ့ရင် အလုပ်ရှင်ဘက်က အလုပ်သမားကို သူတို့လစာရဲ့ နှစ်ဆပေးရမယ်။
ရှင်အစောကပဲ ရှောင်ရှင်းရှင်းက ရှင့်စူပါမားကတ်မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်လို့ အားလုံးရှေ့မှာ ဝန်ခံခဲ့တယ်လေ။ သူက ဒီမှာ နှစ်ဝက်လောက်လုပ်ခဲ့တာ။ ဒီတော့ တစ်လကျော်တာ အသိသာကြီးပဲ။ ဒါကြောင့် အလုပ်သမားဥပဒေအရ ရှင် သူ့ကို လစာနှစ်ဆအကြွေးတင်နေတယ်။
ရှင် ရှောင်ရှင်းရှင်းကို အလုပ်စခန့်တုန်းက တစ်လကို ယွမ်၁ထောင်ပေးပါမယ်လို့ ကတိပေးခဲ့တယ်။ ရှင့်ဘက်က အကြောင်းအရင်းမရှိ ဖြတ်ချထားတာတွေ မပါသေးရင်တော့ ပြီးခဲ့တဲ့ခြောက်လအတွက် ရှောင်ရှင်းရှင်းကို ယွမ်၆ထောင်ပေးဖို့ လိုနေတုန်းပဲ။ နောက်ပြီး ရှင် သူ့ကို တစ်လအပိုလုပ်ခိုင်းခဲ့တာလဲရှိတော့ အားလုံးပေါင်းလိုက်ရင် ယွမ်၇ထောင်ပေါ့။”
ရှောင်လင်းယွီ ပြောလိုက်ပြီးသည်နှင့် ဘေးနားမှ အံ့ဩချီးကျူးမှုတစ်သီကြီးကို လက်ခံလိုက်ရလေသည်။ တချို့ဆိုလျှင် အံ့ဩလွန်းလို့ အော်ဟစ်၍ပင် အားပေးနေကြသေးသည်။
ဘေးတွင်ပုန်းနေသည့် ကျန်းရှောင်ချင်းသည်လည်း မျက်လုံးများတောက်လာကာ ရှောင်လင်းယွီကို လေးစားမှုပြည့်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
“အံ့ဩစရာပဲ၊ ငါတောင် အလုပ်သမားစာချုပ်မှာ လက်မှတ်မထိုးတာက အလုပ်သမားတွေဘက်ကို ဒီလောက် အကျိုးများစေမှန်း မသိခဲ့ဘူး။ ဒီမိန်းကလေးသာ မရှင်းပြခဲ့ရင် ငါဘာမှမသိတဲ့လူပဲဖြစ်နေဦးမှာ။”
“ဟုတ်တယ်၊ အရင်ကတော့ ငါတို့ကိုပေးရင် ဒီအတိုင်းလက်မှတ်ထိုးလိုက်တာပဲ။ သူဌေးကပြောတော့ ပြောတဲ့အတိုင်းလုပ်တာပေါ့။ သူဌေးတွေကလည်း ငါတို့ကို အကြောင်းမရှိ အလုပ်ဖြုတ်တာတွေရှိတယ်။ ငါတို့ကလည်း ဘာမှကောင်းကောင်းမသိထားတော့ နှုတ်ဆိတ်ပြီးပဲနေခဲ့ရတယ်။ အရင်ကသာ ဒါမျိုးတွေ သိထားရင် ငါ့အတွက်ငါ မျှတမှုရအောင် တိုက်ခိုက်ခဲ့မှာပဲ။”
“လစာနှစ်ဆတဲ့! ဟားဟားဟား။ အကျင့်လေးယုတ်လိုက်တာနဲ့ ချက်ချင်းလက်ငင်း ယွမ်၇ထောင် ပြန်ပေးရတော့မယ်ဟေ့။ တကယ်လို့ တန်ပြန်သက်ရောက်မှုပဲ။”
ကုချင်းကျောင်းသည်လည်း ရှောင်လင်းယွီ ရှင်းပြသည့် အလုပ်သမားဥပဒေအကြောင်း နားထောင်ပြီး ထိတ်လန့်နေခဲ့လေသည်။ သူမတကယ်ကို အလုပ်သမားဥပဒေအကြောင်း ကောင်းကောင်းမသိထားခြင်းဖြစ်သည်။ အလုပ်သမားရေးရာဗျူရိုမှ သူမသူငယ်ချင်းကတစ်ဆင့် အလုပ်သမားစာချုပ်တွင် လက်မှတ်မထိုးထားပါက အလုပ်သမားများထံမှ စိတ်ရှိသလို လစာဖြတ်လို့ရနိုင်သည့်အကြောင်းကို ကြားထားဖူးရုံသာဖြစ်လေသည်။ ထိုသူငယ်ချင်းက ဥပဒေအကြောင်းအသေးစိတ်ကိုတော့ မရှင်းပြခဲ့ပေ။ သူတို့ဝန်ထမ်းတွေကလည်း ဘာမှမသိသည့်လူများဖြစ်တာကြောင့် သူတို့သူဌေးများထံမှ အခွင့်ကောင်းယူဖိနှိပ်မှုကို လက်ခံနေခဲ့ကြရသည်။
ဒါကြောင့် ကုချင်းကျောင်းတို့လင်မယားသည် နေ့တိုင်း အကြောင်းမရှိအကြောင်းရှာကာ သူတို့ဝန်ထမ်းများထံမှ လစာကို ဖြတ်နိုင်သမျှ ဖြတ်နေခဲ့ကြပေသည်။ အခုလိုမျိုး တစ်နေ့မှာ သံနံရံနှင့်ဝင်တိုက်မိလိမ့်မယ်လို့တော့ သူတို့တစ်ခါမှ တွေးပင်မတွေးခဲ့ဖူးကြပေ။
“နင်က ဘယ်သူလဲ။” ကုချင်းကျောင်းတစ်ယောက် ရှောင်လင်းယွီကို သေချာကြည့်လိုက်သော်လည်း ရှောင်လင်းယွီ၏ဝတ်စားဆင်ယင်မှုကတဆင့် ဘာကိုမှသေချာမပြောနိုင်ခဲ့ပေ။ သူမသိသည့်တစ်ခုတည်းသော အချက်ကတော့ ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေသည့်အကြောင်းကိုပင်။
ကုချင်းကျောင်းသည် စီးပွားရေးလုပ်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကာ လူများ၏လက္ခဏာကို ကောင်းကောင်းဖတ်တတ်နေပြီဖြစ်သည်။ သို့သော်လည်း အခုချိန်မှာတော့ ရှောင်လင်းယွီ၏အဆင့်အတန်းအကြောင်းကို သူမ ဘယ်လိုမှ မဖော်ထုတ်နိုင်ပေ။ ဒါကြောင့် ပါးစပ်မှ ထုတ်မေးရုံသာတတ်နိုင်တော့သည်။
ရှောင်လင်းယွီ၏နောက်ခံကို သိရသည်နှင့် သူမလည်း အလျင်းသင့်သလို ပြန်လည်တုံ့ပြနိုင်မည်ဖြစ်သည်။
ရှောင်လင်းယွီကပြုံးလျက် သူမကိုယ်သူမ မိတ်ဆက်လာခဲ့သည်။ “ကျွန်မက ရှောင်ရှင်းရှင်းရဲ့အစ်မ ရှောင်လင်းယွီပဲ။”
ထိုစကားကိုကြားသည်နှင့် ကုချင်းကျောင်း၏ထိတ်လန့်နေသည့်စိတ်က ချက်ချင်းဆိုသလိုပျောက်ကွယ်သွားလေသည်။ ရှောင်လင်းယွီတစ်ယောက် အလုပ်သမားဥပဒေအကြောင်း သေချာသိနေမည်ဟု မထင်မိတော့ပေ။
ကုချင်းကျောင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ၊ “အော်.. ဒီတော့ နောက်ထပ်တောကြိုအုံကြားကကောင်မလေးရဲ့ အစ်မဖြစ်နေပြန်တာပေါ့။ တော်တော်တတ်နေတယ်ပေါ့။ ကောင်းပြီလေ၊ ငါ့ကို တရားစွဲကြည့်လိုက်စမ်းပါ။ နင်နိုင်ရင် ငါနင့်ကို ယွမ်၇ထောင်ပေးမယ်လေ။ ဘယ့်နှယ့်လဲ။” ကုချင်းကျောင်းသည် အလုပ်သမားရေးရာဗျူရိုမှလူနှင့် သိတာကြောင့် ဖုန်းတစ်ချက်ဆက်လိုက်သည်နှင့် သူမကို တိုင်တန်းချက်မရှိတော့အောင် တန်းလုပ်နိုင်စွမ်းရှိသည်။
ရှောင်လင်းယွီက အေးစက်စက်ပြန်ပြောလာခဲ့သည်။ “မဒမ်၊ ရှင့်မှာ အလုပ်သမားရေးရာဗျူရိုဘက်နဲ့ အဆက်အသွယ်ရှိတာကြောင့် ဒီလောက် ယုံကြည်ချက်ရှိနေတာမဟုတ်လား။”
“ဟမ့်!” ကုချင်းကျောင်း ဘာမှပြန်မပြောသော်လည်း သူမခေါင်းကိုတော့ ထောင်လွှားဝံ့ကြွားစွာ ပင့်မော့နေလေသည်။ ဒီလိုမောက်မာသည့်အမူအရာကပဲ သူမအဖြေကို ဖော်ပြနေခြင်းပင်။
ထိုအချိန်မှာပဲ အဘိုးကျန့်က သူ့ဖုန်းကိုထုတ်ကာ ဖုန်းဆက်လိုက်လေသည်။ တစ်ဖက်ဖုန်းနှင့်ချိတ်ဆက်မိသွားချိန်မှာတော့ တစ်ဖက်လူ၏အသံက ထွက်လာခဲ့သည်။ “အဖေ!”
အဘိုးကျန့်က ခပ်ကျယ်ကျယ်ပင် ပြောလိုက်သည်။ “မင်းဘာသာ ဘယ်နေရာပဲရောက်နေနေ အခုချက်ချင်း ယန်ကွမ်းလမ်းက သဲ့ဝမ်စူပါမားကတ်ကို လာခဲ့။”
ထို့နောက် တစ်ဖက်ကပြန်ပြောသည်ကိုပင် မစောင့်ဘဲ ဖုန်းချပစ်တော့သည်။
ရှောင်လင်းယွီက ရှောင်ချန်းပမ်းကိုပြောလိုက်သည်။ “ဦးလေးချန်းပမ်း၊ ပစ္စည်းကိုထုတ်လိုက်တော့သည်။”
ရှောင်ချန်းပမ်းလည်း သူ့အိတ်ကပ်ထဲက အသံသွင်းဘောပင်ကို ထုတ်လိုက်လေသည်။
ရှောင်လင်းယွီက ယူကာ ခလုတ်ကိုနှိပ်လိုက်သည်နှင့် သွင်းထားသည့်အသံက ပြန်ထွက်လာခဲ့သည်။
“မင်း ဘယ်သူလဲ။”
“ကျွန်တော်က ဘယ်သူလဲတဲ့လား။ ခင်ဗျားဝန်ထမ်း ရှောင်ရှင်းရှင်းရဲ့ မောင်လေ။ ခင်ဗျား မနေ့ညတုန်းက နှင်ထုတ်လိုက်တဲ့မိန်းကလေး။”
“အမလေး ငါကတော့ အကောင်ကြီးကြီးတွေများ ရောက်လာတာလားလို့။ ဒီတော့ နင်က အဲ့ကောင်မရဲ့မောင်ပေါ့။ ဒီလိုဆိုမှတော့ နင်လည်း တောကြိုအုံကြားကအမှိုက်ပဲပေါ့။ နင်ကများ ငါ့ကိုဘာလုပ်နိုင်မယ်ထင်နေတာလဲ။”
“ခဏနေကျရင် သိရမှာပေါ့။ ဒါပေမယ့် အခုတော့ ကျွန်တော်သိချင်တာလေးရှိသေးတယ်။ ရှောင်ရှင်းရှင်းက ခင်ဗျားရဲ့ဝန်ထမ်းမဟုတ်လား။ ခင်ဗျား သူ့လစာကို ဖြတ်ခဲ့သေးလား။”
“ရှောင်ရှင်းရှင်းက ငါ့ဝန်ထမ်းဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် မနေ့ကပဲ အလုပ်ထုတ်လိုက်ပြီ။ လစာကတော့…”
“သူက နေ့တိုင်း နောက်ကျမှလာပြီး အစောကြီးပြန်တယ်လေ၊ ဒီတော့ သူ့လစာကို မဖြတ်သင့်ဘူးလား။”
“ရှောင်ရှင်းရှင်းက ငါ့ဝန်ထမ်းဖြစ်ကြောင်း သက်သေရှိသွားတော့ရော ဘာဖြစ်လဲ။ စာရွက်ပေါ်မှာသိသာထင်ရှားတဲ့ သက်သေအထောက်အထားမရှိသ၍ နင် ငါ့ကိုဘာများလုပ်နိုင်မှာလဲ။ ငါ့ကို တရားစွဲချင်တာလား၊ စွဲလိုက်လေ။ နင်တို့ကို ကြောက်နေမယ်များထင်နေလား။ ဒီမှာ ငါ့မှာ ကုန်သွယ်ရေးဗျူရိုနဲ့ အလုပ်သမားရေးရာဗျူရိုဘက်မှာ မိတ်ဆွေတွေရှိတယ်။ နင်တို့ ငါ့ကိုထိနိုင်မလား ကြည့်ရသေးတာပေါ့။”
“မဒမ်၊ ရှင့်မှာ အလုပ်သမားရေးရာဗျူရိုဘက်နဲ့ အဆက်အသွယ်ရှိတာကြောင့် ဒီလောက် ယုံကြည်ချက်ရှိနေတာမဟုတ်လား။”
“ဟမ့်!”
……
အသံသွင်းထားသည့် စကားသံများက အလွန်ကိုမှ ရှင်းလင်းပြတ်သားလှလေသည်။ ရှောင်လင်းယွီက ပြုံးလျက်၊ “မဒမ်၊ ဒါနဲ့ဆိုရင်ရော ရှင့်ကို တရားမစွဲနိုင်ဘူးလို့ ထင်နေတုန်းလား။ အိုး နေပါဦး.. ဟုတ်သားပဲ။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ရှင့်မှာ အလုပ်သမားရေးရာဗျူရိုက သူငယ်ချင်းတွေရှိနေတာဆိုတော့ ကျွန်မတို့ ဘာမှမလုပ်နိုင်ဘူးပဲ။ ဒါပေမယ့် ကျွန်မ တစ်ခုတော့ ပြောချင်တယ်။ ကျွန်မမှာလည်း ခရိုင်မြို့ပေါ်မှာ အဆက်အသွယ်တွေရှိတယ်။ ရှင့်သူငယ်ချင်းက အလုပ်သမားရေးရာဗျူရိုရဲ့ ဒါရိုက်တာမဟုတ်သ၍ ဒီအသံသွင်းဖိုင်ကို အလုပ်သမားရေးရာဗျူရိုဒါရိုက်တာရဲ့ စားပွဲပေါ်ကို အရောက်ပို့ပေးမယ်လို့ ကျွန်မကတိပေးတယ်။”
“ဟဟ၊ မိန်းကလေး၊ စိတ်မပူနဲ့။ အလုပ်သမားရေးရာဗျူရိုရဲ့ဒါရိုက်တာကတော့ သူ့သူငယ်ချင်းမဟုတ်တာကို ငါ အာမခံနိုင်တယ်။” အဘိုးကျန့်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝင်ပြောလေသည်။ တကယ်သာ သူငယ်ချင်းတွေဖြစ်နေရင်တော့ သူ့သားခြေထောက်ကို သူကိုယ်တိုင် ရိုက်ချိုးပစ်မယ်။
အဘိုးကျန့်၏ဆိုလိုရင်းကို ရှောင်လင်းယွီ ချက်ချင်းသဘောပေါက်လိုက်သည်။ အလုပ်သမားရေးရာဗျူရို၏ဒါရိုက်တာနဲ့ ဒီသခင်ကြီးကြားမှာ ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာကို သူမ အတိအကျမသိလျှင်တောင်မှ ကြည့်ရတာတော့ အတော်လေးရင်းနှီးပုံရလေသည်။
ဘုရားသခင်က သူမအပေါ် တကယ်ကောင်းလွန်းနေတာပဲ။
ကုချင်းကျောင်းလည်း ရှောင်လင်းယွီကြောင့် အနည်းငယ်ကြောက်လန့်သွားလေသည်။
သူမက အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ အမြန်ဖုန်းခေါ်လိုက်သည်။ မကြာခင်မှာပဲ တစ်ဖက်က ဖုန်းကိုင်လာကာ သူမက စကားပြောခွင့်တောင်မပေးဘဲ ချက်ချင်းအော်လိုက်တော့သည်။ “ယောက်ျား၊ မြန်မြန်လာခဲ့။ စူပါမားကတ်မှာ ပြဿနာဖြစ်နေပြီ။ ဟို ရှောင်ရှင်းရှင်းလေ။ သူက သူ့မိသားစုကိုခေါ်ပြီး ပြဿနာလာရှာတာ။ မဟုတ်ဘူး။ သူတို့က ပရိယာယ်တွေသုံးတာ ကျွန်မ သူတို့ထောင်ချောက်ထဲ ကျသွားမိတယ်။
ရှောင်ရှင်းရှင်းက ကျွန်မတို့စူပါမားကတ်ရဲ့ဝန်ထမ်းဖြစ်ဖူးကြောင်း ကျွန်မပါးစပ်က ထုတ်ပြောအောင် သွေးဆောင်ခဲ့တယ်။ ပြီးတော့ သူတို့က အလုပ်သမားဥပဒေအကြောင်း ဆွဲထုတ်လာပြန်ရော။ အလုပ်ရှင်ဘက်က အလုပ်သမားစာချုပ်မချုပ်ပေးထားရင် အလုပ်သမားတွေကို သူတို့လစာရဲ့နှစ်ဆ ပြန်လျော်ရတယ်တဲ့။ အိုး ဟုတ်ပြီ။ သိပြီ သိပြီ။ အမ်… ဒါဆို မြန်မြန်လေးလာခဲ့နော်။”
သူမခင်ပွန်းက သူမကို အားပေးကာ ထောက်ခံပေးလိုက်ပုံပင်။ ကုချင်းကျောင်း၏ခေါင်းက ချက်ချင်းပြန်မော်သွားကာ ရှောင်လင်းယွီကို အေးစက်စက်ပြုံးလျက် မေးလိုက်လေသည်။ “နင်တို့လို ဆင်းရဲသားတောသားတွေက ခရိုင်မြို့ပေါ်မှာ အဆက်အသွယ်ရှိတယ်ဆိုတဲ့စကားကို ငါတကယ်ယုံမယ်များထင်နေလား။ ကောင်မလေး၊ မင်းငါ့ကိုခြောက်နိုင်ပြီထင်နေတယ်ပေါ့။ အိပ်မက်ထဲမှာပဲရမယ်။”
“ကြည့်ရတာ မဒမ်က အရှုံးမပေးချင်သေးဘူးပဲ။” ရှောင်လင်းယွီ၏ကြည်လင်ကာလှပသည့်အသံက ထွက်လာခဲ့သည်။ “ကောင်းပြီလေ၊ ကျွန်မကိုယ်ကျွန်မ ထပ်ပြီးမိတ်ဆက်ပေးပါရစေ။ ကျွန်မနာမည်က ရှောင်လင်းယွီ။ ဟုတ်တာပေါ့။ ကျွန်မက ထောင်ယွမ်ရွာက လယ်သမားတစ်ယောက်ပါ။ ပြီးတော့ လတ်တလောပဲ ခရိုင်မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်တစ်ဆိုင် ဖွင့်ထားသေးတယ်။”
“ထောင်ယွမ်ရွာ? နေပါဦး၊ ငါအဲ့နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို သိသလိုပဲ။”
“အဲ့နာမည်နဲ့ဆိုင်ဆိုလို့ ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်ကိုပဲ ငါစဉ်းစားလို့ရတယ်။”
“‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်?” တစ်ယောက်က အံ့အားသင့်သွားသည့်အသံဖြင့် ပြန်ပြောလာခဲ့သည်။ “မဖြစ်နိုင်တယ်။ တကယ်သာ အဲ့ဒီဆိုင်ဆိုရင် ဒီမိန်းကလေးမှာ အဆက်အသွယ်ကောင်းကောင်းရှိတာပေါ့။”
“မိန်းကလေး၊ မင်းရဲ့ဆိုင်နာမည်က ဘာများလဲ။”
ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်လို့ခေါ်တဲ့ ဆိုင်ငယ်လေးပါ။”
“ဘာ?” တစ်ယောက်က အော်ပင်အော်လိုက်မိသည်။ “မင်းက ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်ရဲ့ သူဌေးလား။”
ကုချင်းကျောင်းလည်း မယုံကြည်နိုင်ဖြစ်သွားလေသည်။
‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့အသီးအရွက်များ’ဆိုင်ကို သူမ တစ်ခါမှမရောက်ဖူးသော်လည်း ထိုဆိုင်၏ခမ်းနားလှသည့် ဖွင့်ပွဲအကြောင်းကိုတော့ ကြားဖူးလေသည်။ ခရိုင်မြို့ရှိ အဆင့်အတန်းမြင့်သည့် လူတော်တော်များများက ဆိုင်ရှင်ကို မျက်နှာသာပေးဖို့ တက်ရောက်ခဲ့ကြသည့်သတင်းပင်။
ဒီမိန်းကလေးသာ တကယ်ပဲ အဲ့ဆိုင်ပိုင်ရှင်ဆိုရင်…
ကုချင်းကျောင်း၏အမြင်အာရုံတို့ ဝေဝါးကုန်တော့သည်… ထိုအချိန်မှာပဲ ဒီတစ်ခေါက်တော့ သူတို့ရဲ့တကယ့်ပြိုင်ဘက်နှင့် တွေ့လိုက်ရပြီဖြစ်ကြောင်း လက်ခံသွားတော့သည်။
***