နောက်ခံ (၂)
Vol. 12 Ch. 211
တောင်ပိုင်းတက္ကသိုလ်မှဘွဲ့ရထားသည့်မိန်းကလေးသည် ထိုမျှကောင်းကောင်းကြီး လူတွေကို ဆူငေါက်တတ်နေတာကြောင့် လူများအံ့ဩသွားကြသည်။ ဒီတစ်မိသားစုလုံးက တကယ်ကို အတွင်းထဲထိ ပုပ်သိုးညစ်ပတ်တဲ့လူတွေချည်းပဲ။
ကုချင်းကျောင်းတစ်ယောက် ရှောင်လင်းယွီ၏ စကားကိုကြားပြီး ဒေါသတို့တောက်လောင်လာကာ၊ “ဘယ်သူ့ကို ပုပ်သိုးပြီး မောက်မာရိုင်းစိုင်းတယ်လို့ပြောနေတာလဲ။ နင် ထပ်ပြောရဲပြောကြည့်စမ်း။” သူမကို ဘယ်သူကမှ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသည့်စကားမျိုး မပြောရဲခဲ့ဖူးကြပေ။
ရှောင်လင်းယွီက အေးအေးသက်သာပင် ပြန်ပြောလေသည်။ “ကျွန်မပြောနေတဲ့လူက ရှင်လို့ ထင်သွားရင်လဲ မတတ်နိုင်ဘူးလေ။”
“နင်ဘာလို့…” ကုချင်းကျောင်းတစ်ယောက် ဒေါသထွက်လွန်း၍ မျက်နှာပင် စိမ်းပုပ်လာတော့သည်။ ထို့နောက် သူမက ရုတ်တရက် ဆန်းအာကို လှမ်းအော်လိုက်ကာ၊ “ဆန်းအာ၊ အဲ့ကောင်မကို သင်ခန်းစာပေးလိုက်။”
“ငါ့အစ်မကို ဘယ်သူထိရဲလဲ။” ရှောင်လင်းယဲ့၊ ရှောင်ချန်းပမ်းနှင့် အခြားလူများက ရှောင်လင်းယွီကို ကာကွယ်ပေးလိုက်ကြသည်။
“ကုချင်းကျောင်း၊ ဒီမိန်းကလေးက ကိုယ်ဝန်ကြီးနဲ့။ မင်းက သူ့ကို ရိုက်ခိုင်းတယ်ပေါ့။ မင်းမှာ လူသားဆန်စိတ်ဆိုတာရော ရှိသေးရဲ့လား။” အဘိုးကျန့်က ဒေါသတကြီးပြောလိုက်ကာ ဆန်းအာတို့အဖွဲ့ကိုကြည့်ပြီး ခပ်မာမာသတိပေးလိုက်လေသည်။ “မင်းတို့တွေ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ကို ရိုက်နှက်မှာကို ငါ ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး။”
ဆန်းအာတို့အဖွဲ့သည် လူမိုက်များဖြစ်သည်မှန်သော်လည်း ကိုယ်ဝန်ဆောင်သည်တစ်ယောက်ကို အမှန်တကယ် ထိခိုက်စေသည်အထိတော့ နှလုံးသားကင်းမဲ့သူများမဟုတ်ပေ။ ပြောရလျှင် ထိုသို့လုပ်ခြင်းက သူတို့အတွက်လည်း အန္တရာယ်များလှသည်။ သို့ပေမယ့် အခုချိန်မှာ ဘာမှမလုပ်ဘဲ ရပ်နေပြန်လျှင်လည်း လူရှေ့သူရှေ့ မျက်နှာပျက်ရပေဦးမည်။
ထို့ကြောင့် ဆန်းအာက၊ “ဟမ့်၊ ကိုယ်ဝန်ဆောင်ဆိုတော့ရော ဘာဖြစ်လဲ။ ငါ့အစ်ကိုနဲ့မရီးကို စော်ကားရဲမှတော့ သင်ခန်းစာပေးတာလဲ ခံသင့်တာပေါ့။”
ထို့နောက် သူက ရှောင်လင်းယွီရှေ့သို့ တိုးလာကာ သူမကို တွန်းဖို့လုပ်လိုက်လေသည်။ သို့သော်လည်း ရှောင်လင်းယဲ့က ချက်ချင်း သူ့ရှေ့က ဝင်ကာလိုက်သလို တခြားလူများကလည်း ရှောင်လင်းယွီကို ကာကွယ်ရန် အမြန်ပြေးဝင်လာကြသည်။
“မင်း ဘာလုပ်တာလဲ။”
“မင်းက မကောင်းဆိုးဝါးပဲ။”
ထို့နောက်မှာတော့ ကျယ်လောက်သည့်အသံများဆက်တိုက်ထွက်ပေါ်လာလေသည်။
တစ်သံကတော့ ရှောင်လင်းယဲ့က ဆန်းအာကို သစ်သားချောင်းဖြင့် ရိုက်လိုက်သံဖြစ်ကာ နောက်တစ်သံကတော့ ဆန်းအာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည့်အသံဖြစ်လေသည်။ ဆန်းအာကို တိုက်ခိုက်လိုက်သူကတော့ အဘိုးကျန့်ဖြစ်လေသည်။ အဘိုးကျန့်က သူ့ကို ခြေထောက်ဖြင့် ဖြတ်ကန်လိုက်ခြင်းပင်။
ဆန်းအာရှေ့တိုးလာကတည်းက အဘိုးကျန့်သည် သူ့ခြေထောက်ကို ဆန်းအာ၏ခါးသို့ ချိန်ရွယ်နေပြီဖြစ်သည်။ ဆန်းအာ ယိုင်သွားသည်နှင့် ရှောင်လင်းယဲ့ကလည်း သူ့ပုခုံးကို ရိုက်ချလိုက်လေသည်။ နှစ်ဖက်လုံးမှ တပြိုင်နက်တိုက်ခိုက်ခံလိုက်ရတာကြောင့် ဆန်းအာက ချက်ချင်း မြေပေါ်သို့ ပစ်လဲသွားခြင်းဖြစ်သည်။
အဘိုးကျန့်က အထင်သေးဟန်ဖြင့်၊ “ငါရှိနေတာတောင် တစ်ယောက်ယောက်ကို ဒုက္ခပေးလို့ရနိုင်မယ်များထင်နေလား။ မင်းကသာ အရင်ဆုံးသင်ခန်းစာပေးခံသင့်တဲ့လူကွ။”
“အစ်ကိုကြီး!” ကျန်းဆန်း၏ညီအစ်ကိုများက ချက်ချင်းပင် ပြေးလာကာ သူ့ကိုဝိုင်းထူပေးကြလေသည်။ “အစ်ကိုကြီး အဆင်ပြေရဲ့လား။”
ကျောက်စစ်က ကျန်းဆန်းကို ထူပေးပြီးသည့်နောက် သူက အဘိုးကျန့်ကို ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ “အဘိုးကြီး၊ ခင်ဗျားကများ ကျုပ်အစ်ကိုကြီးကို အနိုင်ကျင့်ရဲတယ်ပေါ့။ ခင်ဗျားကို သတ်ပစ်မယ်။”
ရှောင်လင်းယွီ စိတ်ပူသွားရကာ ရှောင်လင်းယဲ့နှင့် ရှောင်ချန်းပမ်းတို့ကို လှမ်းပြောလိုက်လေသည်။ “မောင်လေး၊ ဦးလေး၊ အဘိုးကိုကာကွယ်ပေးကြ။”
အဘိုးကျန့်က သူတို့ကို တားလိုက်ပြီး၊ “မလိုဘူး လူငယ်လေး။ မင်းအစ်မကိုပဲ စောင့်ရှောက်ထား။ ဒီလိုလူမိုက်လေးတွေက ငါ့ကိုမခြိမ်းခြောက်နိုင်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ရတာတောင် တော်တော်ကြာပြီ။ ဒါက ငါ့ကြွက်သားတွေကို သွေးပူအောင်လုပ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။”
လူအုပ်ကြီးကလည်း အဘိုးကျန့်နိုင်မည်မှန်း သိနေလေသည်။ အစောက သူကန်လိုက်သည့်ကန်ချက်မှာ လူငယ်လေးထက်တောင်မှ လျင်မြန်သေးသည်။
ကျောက်စစ်က ဒေါသတကြီးအော်ဟစ်နေလေသည်။ “ဒီအဘိုးကြီး သေချိန်တန်နေပြီပဲ။” ထိုအချိန်မှာပဲ ခေါင်းဆောင်ချင်ရောက်လာခဲ့တာကြောင့် ကျန်းဆန်းက ကျန်းစစ်ကို အမြန်တားလိုက်လေသည်။
ခေါင်းဆောင်ချင်ရောက်လာပြီဆိုမှတော့ အခုကိစ္စကို လက်သီးသုံးတာထက် စကားနဲ့ဖြေရှင်းလိုက်သည်က ပိုကောင်းပေလိမ့်မည်။
ခေါင်းဆောင်ချင်သည် အရပ်ပုပုထိပ်ပြောင်ပြောင်ဖြစ်ကာ အဆီအပြည့်ဖြင့် ဗိုက်ပူပူတစ်လုံးကိုပါ ပိုင်ဆိုင်သူဖြစ်သည်။ ချင်ဖူဖာရောက်လာသည်နှင့် သူက အရာရှိတစ်ယောက်၏ ဟိတ်ဟန်အပြည့်ဖြင့်၊ “ဘယ်သူတွေ ပြဿနာရှာနေတာလဲ။”
လေ့ကျန့်ဟူသည် ချက်ချင်းပင် အပြုံးအပြည့်မျက်နှာဖြင့် တစ်ဖက်လူကို ကြိုဆိုလိုက်လေသည်။ သူက ခေါင်းကိုငုံ့ ခါးကိုကုံးကာ တစ်ဖက်လူကို နှုတ်ဆက်လိုက်သည်။ “ဌာနခေါင်းဆောင်ချင် ရောက်လာပါပြီလား။”
ထို့နောက် သူက ခံရသူတစ်ယောက်အသွင်ဆောင်ကာ၊ “ခေါင်းဆောင်ချင်၊ ကျွန်တော့်ဘက်က ရပ်တည်ပေးပါ။ အခုကိစ္စတွေအားလုံး ကျွန်တော့်ရဲ့ဝန်ထမ်းဟောင်း ရှောင်ရှင်းရှင်းရဲ့အမှားတွေချည်းပဲ။ သူက အလုပ်ကောင်းကောင်းမလုပ်ဘူး။ အစမ်းခန့်ကာလအတွင်းမှာ အမှားတွေအများကြီးလုပ်တယ်။ သူ့ရဲ့အမူအကျင့်ဆိုးတွေကြောင့် လန့်သွားကြတဲ့ကာစတန်မာတွေမှအများကြီးပဲ။
ဒါကြောင့် ကျွန်တော် သူ့ကို အလုပ်ဖြုတ်ချင်ခဲ့ပေမယ့် သူက ဒူးထောက်ပြီးတောင်းပန်လာတယ်လေ။ သူ့မိသားစုကို ထောက်ပံ့ဖို့ ဒီအလုပ်ရမှဖြစ်မယ်၊ နောက်ထပ်တစ်နေရာထပ်ရှာဖို့ မရနိုင်တော့လို့ပါဆိုပြီး သူ့ကို အလုပ်ခန့်ပေးဖို့ ငိုယိုတောင်းပန်ခဲ့တာ။
သူနောက်ထပ်အမှားလုပ်ရင် ကျွန်တော်တို့စိတ်ကြိုက် လစာဖြတ်လို့ရပါတယ်ဆိုပြီးလည်း ကတိပေးခဲ့သေးတယ်။
ကျွန်တော်နဲ့ဇနီးဖြစ်သူကလည်း သူ့ကို သနားမိသွားတာနဲ့ အခွင့်အရေးတွေးအများကြီးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူကတော့ တိုးတက်လာတယ်လို့မရှိဘူး။ သူကတိပေးထားသလိုပဲ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာမရှိဘဲ သူအမှားတစ်ခုလုပ်တိုင်း လစာဖြတ်ရုံပဲရှိတော့တာပေါ့။ ဒီလိုနဲ့ သူ ကျွန်တော်တို့ဆီမှာ နောက်ထပ်လပိုင်းလောက် အလုပ်ဆက်လုပ်ခဲ့တယ်။
ပြီးခဲ့တဲ့လက ရုတ်တရက်ကြီး သူ အလုပ်ထွက်ချင်တယ်ဆိုပြီး ပြောလာတယ်လေ။ ဘာမှတော့ ကြိုတင်အသိမပေးဘဲ ဘယ်လိုလုပ် ချက်ချင်းထွက်ဖို့လုပ်ရတာလဲ။ ကျွန်တော်တို့လည်း သူ့နေရာမှာ အစားထိုးမယ့်လူကို ဒီလောက်မြန်မြန်ကြီး ဘယ်က သွားရှာနိုင်ပါ့မလဲ။ အဲ့ဒါကြောင့် နောက်ထပ် ဝန်ထမ်းအသစ်ရှာနေတုန်း သူ့ကို တစ်လလောက်ထပ်နေပေးဖို့ ပြောခဲ့တယ်။ ပြီးတော့မှပဲ ပေးဖို့ကျန်တဲ့လစာတွေအားလုံးပေးမယ်ပေါ့။
ဒါပေမယ့် မနေ့ကပ ကျွန်တော်တို့ သူ့ကို လစာပေးခဲ့တယ်၊ ဟော.. ဒီနေ့ရောက်ရော သူက မိသားစုတစ်စုလုံးကိုခေါ်ပြီး ကျွန်တော်တို့ကို ပြဿနာလာရှာရော။
ကျွန်တော်တို့ကပဲ သူ့လစာကို မတရားနုတ်ယူတယ်လို့ပြောလိုက်သေးတယ်။ ပြီးတော့ သူ့မှာ တောင်ပိုင်းတက္ကသိုလ်က ဘွဲ့ရထားတဲ့အစ်မတစ်ယောက်ရှိတယ်တဲ့။ သူ့အစ်မက ဥပဒေအကြောင်း နားလည်တယ်တဲ့။ ကျွန်တော်တို့က အလုပ်သမားစာချုပ်မချုပ်ထားတာကြောင့် အလုပ်သမားဥပဒေအရ သူ့လုပ်အားခရဲ့နှစ်ဆ လျော်ကြေးပြန်ပေးရမယ်တဲ့လေ။
အဓိပ္ပါယ်မရှိလိုက်တာ ဌာနခေါင်းဆောင်ချင်ရယ်။ ကျွန်တော်တို့ သူ့ကို အလုပ်ခန့်တုန်းက အလုပ်သမားစာချုပ်ချုပ်ပေးချင်ခဲ့ပါတယ်။ သူကိုယ်က လက်မှတ်မထိုးဘူးဆိုပြီး ငြင်းခဲ့တာ။ သူ အလိမ်ခံရမှာကြောက်လို့တဲ့လေ။
အခုကျတော့ ကျွန်တော်တို့ကပဲ သူနဲ့တမင်စာချုပ်မချုပ်တဲ့လူဖြစ်သွားပြီး လျော်ကြေးလိုချင်သတဲ့။
ဌာနခေါင်းဆောင်ချင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါနော်။”
လေ့ကျန့်ဟူ၏အမူအရာက သူ့အပြစ်ကင်းတာကြောင့် အလွန်ခံပြင်းနေပုံပေါ်လေသည်။ မျက်ရည်များတောင် ကျတော့မတတ်ပင်။
ရှောင်ရှင်းရှင်းတစ်ယောက် သူမသူဌေးဟောင်း၏ အဖြစ်မှန်ကို ပြောင်းပြန်လှန်ကာပြောနိုင်သည့် စကားစွမ်းရည်ကိုကြားပြီး အလွန်ဒေါသထွက်သွားတော့သည်။ လေ့ကျန့်ဟူက မဟုတ်မမှန်သည့် အပိုအချက်အလက်များစွာကိုတောင် ထည့်ပြောလိုက်သေးလေသည်။ သူမလည်း လေ့ကျန့်ဟူကို လက်ညှိုးထိုးရင်း ဒေါသတကြီးအော်ဟစ်လိုက်မိတော့သည်။ “ဘာတွေလျှောက်ပြောနေတာလဲ။ ရှင်ပြောသမျှက အမှန်မဟုတ်ဘူးလေ လူယုတ်မာရဲ့။”
“အဲ့တော့? မင်းပြောသမျှကတော့ အမှန်ပေါ့? မင်းမှာ သက်သေရှိလို့လား။” လေ့ကျန့်ဟူက ပြန်ပြောလေသည်။
လေ့ကျန့်ဟူသည် သူ့ဇနီးထက်ပိုပြီး ဉာဏ်ပြေးလေသည်။ အရာအားလုံးကို လှလှပပလှည့်စားသွားကာ အမှန်တရားကိုမသိထားသည့်လူများဆိုလျှင် သူ့ကိုသာ ယုံသွားကြပေလိမ့်မည်။
ဒါ့အပြင် “မင်းမှာ သက်သေရှိလို့လား” ဟူသည့် မေးခွန်းကောင်းတစ်ခုကိုလည်း ထည့်မေးသွားသေးလေသည်။
နှစ်ဦးနှစ်ဖက်လုံးတွင် ကိုယ်ပိုင်အမြင်နှင့်ဇာတ်လမ်းများရှိကြသော်လည်း ဘယ်သူ့မှာများ သက်သေရှိလို့လဲ။ စူပါမားကတ်က တခြားဝန်ထမ်းတွေ ရှောင်ရှင်းရှင်းဘက်က ရပ်တည်ပေးမည်ဆိုလျှင်တော့ မျက်မြင်သက်သေရှိလာမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့ သက်သေခံပေးမည့်သူမရှိလာအောင် လေ့ကျန့်ဟူက သေချာပေါက် လုပ်ထားမှာ အသိသာကြီးပင်။
အစပိုင်းတုန်းကတော့ ရှောင်ရှင်းရှင်းကို သူတို့ဝန်ထမ်းမဖြစ်ခဲ့ပါဘူးဟု စုံလုံးမှိတ်ငြင်းရန် ကြံစည်ထားခဲ့သော်လည်း သူ့ဇနီးက လှည့်ကွက်ထဲမိသွားကာ ပါးစပ်ကိုဘရိတ်မအုပ်လိုက်နိုင်ခဲ့ပေ။ ဒါကြောင့် အခု သူတို့အစီအစဉ်မှာ ရှောင်ရှင်းရှင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရန်ဖြစ်ပြီး သူတို့ကတော့ ရှောင်ရှင်းရှင်းကို စေတနာထားကာ ကူညီပေးခဲ့သည့် ကြင်နာသူများအသွင်ဆောင်မည်ပင်။
ရှောင်ရှင်းရှင်းကသာ စာချုပ်မှာလက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့သူဖြစ်ကြောင်း ပိတ်ပြောတော့မည်ဖြစ်သည်။
ဌာနခေါင်းဆောင်ချင်တစ်ယောက် လေ့ကျန့်ဟူ၏စကားများကိုနားထောင်ပြီးနောက် ခပ်တည်တည်မျက်နှာဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။ ထို့နောက် သူက ဘက်လိုက်မှုမရှိ ဖြောင့်မတ်မှန်ကန်ကာ တည်ကြည်သည့်အရာရှိတစ်ယောက်ပုံစံဖြင့် ပြောလာခဲ့သည်။ “ဘော့စ်လေ့၊ ဘာမှစိတ်မပူနဲ့. ငါ မင်းကိုသေချာပေါက် ကူညီပေးမယ်။ ဒီပြဿနာမှာ မင်းကသာ ခံလိုက်ရတဲ့သူမှန်း အရှင်းကြီးပဲလေ။”
ထိုသို့ပြောပြီးနောက် ဌာနခေါင်းဆောင်ချင်က ရှောင်ရှင်းရှင်းကို တည်တင်းနေသည့် အမူအရာဖြင့် ကြည့်လိုက်ကာ၊ “ကောင်မလေး၊ မင်းဒီလောက်ငယ်ငယ်လေးရှိသေးတာတောင် ထွက်သမျှစကားတိုင်း အလိမ်အညာတွေ၊ မပြောသင့်တာတွေနဲ့ပြည့်နေပြီး လောဘလည်းတော်တော်ကြီးတာပဲ။ မင်းလိုဆိုးသွမ်းတဲ့ကလေးမျိုးကို မင်းမိဘတွေ ဘယ်လိုများပျိုးထောင်ခဲ့ပါလိမ့်။”
ရှောင်ရှာင်းရှင်း၏မျက်နှာထက် ခံပြင်းမှုနှင့်ဒေါသတရားတို့ဖြင့် ပြည့်နှက်နေကော၊ “ကျွန်မ ညာနေတာမဟုတ်ဘူး။ လေ့ကျန့်ဟူကသာ လိမ်နေတာ။ ဘာလို့ ဒါကိုတောင် မမြင်နိုင်ရတာလဲ။” ရှောင်ရှင်းရှင်းသည် ကျေးလက်သူလေးဖြစ်ကာ အရာရှိတစ်ဦးနှင့်ရင်ဆိုင်ရသည်နှင့် ကြောက်လန့်တတ်သည့် ပင်ကိုဗီဇရှိလေသည်။ သို့သော်လည်း အခုတော့ ထိုအရာရှိရှေ့တွင် သူမအားကုန်စုစည်းကာ ပြန်လည်ပြောဆိုခဲ့သည်။
ရှောင်ရှင်းရှင်းက ပြန်ခံပြောလာတာကြောင့် ဌာနဒါရိုက်တာချင်၏မျက်နှာက မည်းမှောင်သွားတော့သည်။ “မင်းက အခုထိ သင်ခန်းစာမရသေးဘူးပဲ။ ငါဘော့စ်လေ့နဲ့သူ့ဇနီးကို သိတယ်။ သူတို့က ကြင်နာတတ်တဲ့စီးပွားရေးသမားတွေဆိုပြီးတော့ နာမည်ကြီးသေးတာ။ သူတို့က သက်ကြီးရွယ်အိုတွေကို မလှည့်စားတတ်သလို ကာစတန်မာတွေကိုလည်း မနှိမ့်ချတတ်ဘူး။”
သူကတော့ လေ့ကျန့်ဟူဘက်ကနေသာ ရပ်တည်မည်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ခြင်းပင်။
“ပြီးတော့ မင်းကသာ အလုပ်သမားစာချုပ်မချုပ်ချင်ခဲ့တဲ့လူလေ။ ဒါကိုတော့ အခုခကျ အလုပ်သမားဥပဒေကို ဗန်းပြပြီး လစာနှစ်ဆလာတောင်းတယ်ပေါ့။ ဒါက အရမ်းမြင်သာလွန်းတယ်လို့မထင်ဘူးလား။ ဘော့စ်လေ့တို့ဇနီးမောင်နှံက ရိုးသားတဲ့လူတွေဖြစ်တာနဲ့ မင်းက သူတို့ကို အကောက်ကြံပြီး ငွေညှစ်ချင်နေတာမဟုတ်လား။
အစကတည်းက မင်းကသာ စာချုပ်မှာလက်မှတ်မထိုးချင်ခဲ့တာ၊ အခုတော့ အဲ့ဒါကို အခွင့်ကောင်းယူပြီး ငွေညှစ်တယ်ပေါ့။ ဒါ ခြိမ်းခြောက်မှုပဲ။ ဘော့စ်လေ့တို့ဇနီးမောင်နှံမှာ မင်းကို အကြွေးတင်ထားတာ ဘာမှမရှိဘူး။”
အလုပ်သမားရေးရာဌာန၏ဝန်ထမ်းတစ်ယောက်အနေနှင့် အလုပ်သမားဥပဒေအကြောင်းကို သူကောင်းကောင်းကြီး နားလည်လေသည်။ ရှောင်လင်းယွီကလည်း ဥပဒေအကြောင်း နားလည်ထားကြောင်း သူသိသည်။ ရှောင်ရှင်းရှင်းတွင် လစာငွေ နှစ်ဆခံစားခွင့်ရှိသည်က အမှန်ပင်ဖြစ်လေသည်။
ဒါပေါ့၊ တကယ်လို့ အလုပ်သမားဘက်က တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လက်မှတ်မထိုးခဲ့တာဆိုရင်တော့ ကိစ္စက တစ်မျိုးပြောင်းသွားပေပြီ။ ဒါကြောင့် အခုချိန်မှာ ရှောင်ရှင်းရှင်းကိုသာ အပြစ်ပုံချပြီး သူမကသာ အလုပ်သမားစာချုပ်တွင် လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့သူဖြစ်ကြောင်း ပိုင်သေပြောထားမှဖြစ်ပေမည်။
အဘိုးကျန့်တစ်ယောက် ထိုစကားများကိုနားထောင်ပြီး ပေါက်ကွဲလာတော့သည်။
သူက အင်္ကျီလက်ကိုပင် လိပ်တင်ကာ ချင်ဖူဖာကို ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုးလျက်၊ “ဒါက မင်းရဲ့အလုပ်လုပ်ပုံပေါ့။ မင်းက ဘာစုံစမ်းစစ်ဆေးမှုမှမလုပ်ဘဲ ရောက်တာနဲ့တန်းပြီး ကောင်မလေးကိုပဲ အပြစ်ပုံချနေတယ်။ ဒါက မင်းနဲ့ ဒီသဲ့ဝမ်စူပါမားကတ်ကာ ဝမ်းတွင်းမည်းလင်မယား တကြိတ်တည်းတဉာဏ်တည်းဆိုတဲ့ သက်သေပဲ။”
“အဘိုးကြီး၊ ဘာတွေလာပြောနေတာလဲ။” ကျောက်စစ်က လှည့်အော်လိုက်သည်။ “ဌာနခေါင်းဆောင်ချင်ဆိုတာ ငါသိသမျှထဲမှာ တရားမျှတမှုအရှိဆုံးလူပဲ။”
အဘိုးကျန့်က ထီမထင်ဟန်ဖြင့် ပြန်ပြောလေသည်။ “မင်းကတော့ ဒီလိုပြောမှပေါ့။ သူ့ရဲ့တရားမျှတမှုဆိုတာ မင်းတို့အတွက်ပဲလေ။ မျက်ကန်းတွေပဲ သူမျှတတယ်လို့ တွေးမှာ။”
ချင်ဖူဖာ၏မျက်နှာက မည်းမှောင်သွားကာ အသံမာမာဖြင့် ပြောလိုက်သည်။ “အဘိုးကြီး၊ ခင်ဗျားက အသက်ကြီးနေပြီမို့လို့ ကျုပ် ခင်ဗျားနဲ့ အချေအတင်မပြောတော့ဘူး။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို မဟုတ်တမ်းတရားတွေ ဆက်ပြီး စွပ်စွဲနေဦးမယ်ဆိုရင်တော့ ကျုပ် ယဉ်ကျေးနေမှာမဟုတ်တော့ဘူးနော်။”
အဘိုးကျန့်က သူ့အင်္ကျီလက်ကို လိပ်တင်နေရင်းဖြင့်ပင် ပြန်ပြောလာလေသည်။ “ငါက မင်းကိုများကြောက်မယ်ထင်နေလား။ ဟိုသူဌေးမနဲ့ သူ့လူတွေလိုပဲ မင်းလည်း ငါ့ကိုသင်ခန်းစာပေးချင်နေတာလား။ လာလေ၊ လာစမ်းပါ။ ငါမင်းကိုမကြောက်ဘူး။ မင်းလာရဲရင်လာကြည့်လိုက်စမ်းပါ။”
ချင်ဖူဖာ ထိုအဘိုးကြီးကို ရိုက်ပစ်ချင်သည်အထိ ဒေါသထွက်လာသော်လည်း လူမြင်ကွင်းတွင်ဖြစ်နေတာကြောင့် သူ့ဒေါသကို ပြန်လည်မြိုသိပ်လိုက်ရသည်။
ဒီကိစ္စပြီးသွားတဲ့အချိန်မှ ဒီလူအိုကြီးကို သင်ခန်းစာပေးဖို့ အခွင့်အရေးတွေအများကြီးရှိပါသေးတယ်လေ။ ‘အဘိုးကြီး၊ ကျုပ်ကိုမှ အာခံမိတယ်ဆိုတော့ ခင်ဗျား တော်တော်ကံမကောင်းဘူးပဲ။’
ချင်ဖူဖာက အဘိုးကျန့်ကို မှုန်ကုတ်ကုတ်စိုက်ကြည့်နေရင်း ဘာမှတော့ ပြန်မပြောခဲ့ပေ။ ထို့နောက် သူက ရှောင်ရှင်းရှင်းဘက်သို့လှည့်ကာ၊ “ကောင်မလေး၊ ဘော့စ်လေ့က မင်းကို တရားစွဲမှာမဟုတ်ဘူး။ ပြီးတော့ သူကတော့ စေတနာရှေ့ထားပြီး မင်းကို ယွမ်၅၀၀တောင် လှူပေးလိုက်လိမ့်ဦးမယ်။ မင်းလည်း ငွေယူပြီး ထွက်သွားလိုက်တော့။ မဟုတ်ရင် ဘော့စ်လေ့က မင်းတို့အားလုံးကို ငွေညှစ်ခြိမ်းခြောက်မှုနဲ့ အလုပ်သမားရေးရာဗျူရိုမှာ တိုင်ချက်ဖွင့်ပိုင်ခွင့်ရှိတယ်။”
ထို့နောက် သူက လေ့ကျန့်ဟူကို အကြည့်တစ်ချက်ဖြင့် အချက်ပြလိုက်သည်။
လေ့ကျန့်ဟူကလည်း ချက်ချင်းပင် နားလည်သွားကာ သူ့ပိုက်ဆံအိတ်ထဲမှာ ယွမ် ၅၀၀ကို ထုတ်ယူလိုက်ပြီး ရှောင်ရှင်းရှင်းကို ကမ်းပေးရင်း မောက်မာမှုအပြည့်ဖြင့် ပြောလိုက်သေးသည်။ “ဟမ့်၊ ဒီငွေကိုယူပြီး ဒီကနေ မြန်မြန်ထွက်သွားလိုက်တော့။”
ရှောင်လင်းယွီ ဝင်ပြောတော့မည့်အချိန်မှာပဲ ထိတ်လန့်ကာ အလျင်လိုနေသည့်အသံတစ်သံ ပေါ်လာခဲ့လေသည်။ “အဖေ၊ ကျွန်တော်ရောက်ပြီလေ။ ဘာဖြစ်လို့လဲ။ ဘာလို့ အလောတကြီးခေါ်လိုက်တာလဲ။”
“ခေါင်းဆောင်ကျန့်!”
***