ကျောထောက်နောက်ခံ
Vol. 12 Ch. 212
ကျန့်ယွင်ပင်းတစ်ယောက် အနားယူသွားပြီဖြစ်သည့် ဧကရာဇ်ဟောင်းကြီးထံမှ ဖုန်းလက်ခံရချိန်တွင် အိမ်မှာ အိပ်ပျော်နေတုန်းသာရှိသေးလေသည်။ ကျန်းယွင်ပင်းလည်း ကတုန်ကယင်ဖြင့် အိပ်ယာမှချက်ချင်းထကာ မျက်နှာပင်မသစ်နိုင်တော့ဘဲ သွားကိုသာ အမြန်တိုက်၍ ပြေးလေသည်။ အလျင်လိုလွန်းသောကြောင့် လက်ဖက်ရည်ခွက်တစ်ခွက်ကိုပင် ကျကွဲအောင်လုပ်မိသွားသေးသည်။
သူက သန့်ရှင်းရေးပင်ပြန်မလုပ်နိုင်ဘဲ သူ့သားအခန်းသို့သာ လှမ်းအော်လိုက်သည်။ “သားရော ထပ်ပြီး သန့်ရှင်းရေးလုပ်လိုက်ဦး။ သားအဖိုးက အဖေ့ကိုရှာနေလို့။ မြန်မြန်သွားမှဖြစ်မယ်။”
သားဖြစ်သူမှာ မနေ့ညက တစ်ညလုံး ဆိုင်ကယ်ပတ်မောင်းထားကာ မနက် ၃နာရီ ၄နာရီလောက်မှ အိမ်ပြန်ရောက်ခဲ့သည့် ကျန့်ယောင်ကျူဖြစ်လေသည်။
သူ အိပ်မောကျနေတုန်းမှာပဲ ကျယ်ကျယ်လောင်လောင် ဆူညံသံတစ်ခုကြောင့် နိုးလာခဲ့ရသည်။ ထို့နောက် သူ့အဖေထံမှ တစ်ခုခုကို သန့်ရှင်းရေးလုပ်ထားဖို့ရန် မှာနေသည့်စကားကို ကြားလိုက်ရလေသည်။ ဒါ့အပြင် သူ့အဖေက သူ့အဖိုးကို အလျင်စလို သွားရှာမည့်အကြောင်းကိုပါ တဆက်တည်း ကြားလိုက်ရတာကြောင့် ကျန့်ယောင်ကျူ မျက်လုံးကျယ်သွားလေသည်။ သူ့အဖိုးသည် ပုံမှန်ဆိုလျှင် မနက်စောစောထကာ လမ်းလျှောက်ထွက်လေ့ရှိသည်။ ကြီးကြီးမားမားတစ်ခုခုသာမဖြစ်ပါက အဖိုးကျန့်က သူ့မိသားစုကို လှမ်းခေါ်လိမ့်မည်မဟုတ်ပေ။
အဖိုးဖြစ်သူကို စိတ်ပူသွားတာကြောင့် ကျန့်ယောင်ကျူလည်း အိပ်ရာမှ မြန်မြန်ထကာ သူ့အဖေကို လှမ်းအော်လိုက်လေသည်။ “အဖေ၊ ခဏစောင့်ဦး။ ကျွန်တော်လည်း လိုက်ခဲ့မယ်။” သူကပြောရင်း သွားတောင်မတိုက်ဘဲ ပြေးထွက်လာလေသည်။
ကျန့်ယောင်ကျူကားထဲဝင်လိုက်သည်နှင့် ကျန့်ယွင်ပင်းကလည်း ချက်ချင်းပင် မောင်းထွက်တော့သည်။
သူတို့ ယန်ကွမ်းလမ်းပေါ်သို့ရောက်ချိန်မှာတော့ သဲ့ဝမ်စူပါမားကတ်ဝင်ပေါက်တွင် လူတွေတိုးတိုးကြိတ်ကြိတ်ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။ တစ်ချက်တစ်ချက် အော်သံများကလည်း ထွက်လာသေးသည်။
ကျန့်ယောင်ကျူ မျက်မှောင်ကြုတ်သွားကာ၊ “အဖေ၊ အဖိုးက သူဒီမှာရှိနေတယ်လို့ပြောတာလား။ ဘာဖြစ်နေတာတဲ့လဲ။”
ကျန့်ယွင်ပင်းလည်း ကားကိုရပ်ရင်း သူ့သားကို လှမ်းပြောလိုက်သည်။ “ကားရပ်ဖို့ နေရာသွားရှာလိုက်ဦး။ အဖေ အရင်သွားကြည့်လိုက်ဦးမယ်။”
ထို့နောက် ချက်ချင်း ပြေးထွက်သွားတော့သည်။
ကျန့်ယောင်ကျူလည်း ကားမောင်းသည့်ခုံသို့ပြောင်းထိုင်ကာ ကားရပ်ဖို့နေရာရှာရလေသည်။ ကားရပ်ပြီးနောက် အပြင်ထွက်လိုက်ချိန် သူ့ကားဘေးတွင် ရင်းနှီးနေသည့်ကားတစ်စီးလည်းရပ်ထားကြောင်းကို တွေ့လိုက်ရသည်။
“နေပါဦး၊ ဒါ ကျန်းဆန်းရဲ့ကားမဟုတ်လား။” ကျန့်ယောင်ကျူ စိတ်ရှုပ်သွားလေသည်။ “ဘာလို့ သူတို့ကားလည်းရပ်ထားတာလဲ။ သူတို့လည်းဒီကိုရောက်နေကြတာလား။” ထို့နောက် သူ့မျက်လုံးများပြူးသွားတော့သည်။ “နေပါဦး၊ မဟုတ်မှ အဖိုးနဲ့ပြဿနာဖြစ်တာ သူတို့တွေလား။” သူလည်း အမြန်ပြေးရတော့သည်။
ကျန့်ယွင်ပင်းသည် လူအုပ်ကြီးကို ခက်ခက်ခဲခဲဖြင့် တိုးကာဝင်ခဲ့ရသည်။ နောက်ဆုံး သူ့အဖေကိုရှာတွေ့သွားချိန်မှာတော့၊ “အဖေ၊ ကျွန်တော်ရောက်ပြီလေ။ ဘာဖြစ်လို့လဲ။ ဘာလို့ အလောတကြီးခေါ်လိုက်တာလဲ။”
“ခေါင်းဆောင်ကျန့်?”
ဌာနခေါင်းဆောင်ချင်သည် ထိုကျေးတောသားများကို ဖယ်ရှားရန် လေ့ကျန့်ဟူကို ယွမ်၅၀၀သုံးခိုင်းခဲ့ပြီး နောက်ကျမှ သူတို့ကို လက်စားပြန်ချေပေးမည်ဟု ကတိပေးခဲ့လေသည်။
သို့ပေမယ့် ကျန့်ယွင်ပင်းက ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ သူ့အထက်လူကြီးကို နှုတ်ဆက်လိုက်မိသည်နှင့် ချက်ချင်းဆိုသလို ဌာနခေါင်းဆောင်ချင်တစ်ယောက် နောက်တရသွားတော့သည်။ ကျန့်ယွင်ပင်းက သူ့ကိုမြင်သွားပြီဖြစ်တာကြောင့် သူ့အသံသူ ပြန်ရုတ်လို့မရတော့ပေ။ ဒါကြောင့် ထိုကျေးတောသားများ ငွေမြန်မြန်ယူပြီး ထွက်သွားဖို့ကိုသာ မျှော်လင့်ရတော့သည်။
မဟုတ်ပါက ကျန့်ယွင်ပင်းက ပြဿနာကို တွေ့ရှိသွားပေလိမ့်မည်။ ဒါကြောင့် အခုချိန်တွင် ဌာနခေါင်းဆောင်ချင်၌ ရွေးချယ်စရာနှစ်ခုသာရှိတော့သည်။ ရှောင်ရှင်းရှင်းကို ထွက်သွားအောင် လုပ်ရင်လုပ် မဟုတ်ရင် ကျန့်ယွင်ပင်းကို ထွက်သွားအောင် လုပ်ရမည်။
ဌာနခေါင်းဆောင်ချင်သည် လေ့ကျန့်ဟူနှင့်ကျန်းဆန်းတို့ကို အကြည့်တစ်ချက်ပေးလိုက်သည်။
လေ့ကျန့်ဟူနှင့် ကျန်းဆန်းတို့သည် သွေးသောက်ညီအစ်ကိုများဖြစ်ကြသည်။ ချင်ဖူဖာအတွက် အကြိမ်ပေါင်းမနည်း အလုပ်လုပ်ပေးခဲ့ဖူးကြတာကြောင့် တစ်ယောက်အကြောင်း တစ်ယောက်သိလေသည်။ ဒါကြောင့် ချင်ဖူဖာ၏အကြည့်ကိုရလိုက်သည်နှင့် ဘာလုပ်ရမလဲဆိုတာ ချက်ချင်းသဘောပေါက်လိုက်ကြသည်။
သူတို့၏လျှို့ဝှက်ဆက်ဆံရေးကို ကျန့်ယွင်ပင်းထံမှ လျှို့ဝှက်ဖုံးကွယ်ထားရန်ပင်။
ချင်ဖူဖာက ပြုံးလျက်၊ သူ့အထက်လူကြီးကို တလေးတစားဖြင့်ပြောလိုက်သည်။ “ဒါရိုက်တာကျန့်၊ ဘယ်လိုလုပ် စောစောစီးစီး ဒီရောက်နေတာလဲ။”
ကျန့်ယွင်ပင်းသည် ချင်ဖူဖာကိုမြင်ကာ မျက်မှောင်ကြုတ်သွားပြီး ခပ်ပြတ်ပြတ်ပင် ပြန်ပြောလေသည်။ “ခေါင်းဆောင်ချင်၊ ခင်ဗျားကရော ဘာလို့ စောစောစီးစီး ဒီရောက်နေတာလဲ။ ဘာလုပ်နေတာလဲ။”
လေ့ကျန့်ဟူသည် ယွမ်၅၀၀ကိုထုတ်ကာ ရှောင်ရှင်းရှင်းကိုကမ်းပေးနေသော်လည်း သူမကို မယူပေ။ ဒါကြောင့် လေ့ကျန့်ဟူက ခေါင်းကိုအသာငုံ့ကာ ရှောင်ရှင်းရှင်းကို လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ “ရှောင်ရှင်းရှင်း၊ မင်းဒီငွေကိုယူလိုက်။ မင်းမယူရင် ဒီလူအုပ်ထွက်သွားတာနဲ့ မင်းနဲ့စာရင်းရှင်းမယ်။”
ရှောင်ရှင်းရှင်း၏မျက်နှာက အရောင်မဲ့သွားကာ အလွန်ကြောက်လန့်ပြီး စိတ်မသက်မသာဖြစ်သွားလေသည်။
ကျန့်ယွင်ပင်းကလည်း ထိုအဖြစ်အပျက်ကို မြင်တွေ့သွားခဲ့သည်။
ချင်ဖူဖာက ချက်ချင်းပင် ရယ်မောကာ ရှင်းပြလာခဲ့သည်။ “ဘာမှမဟုတ်ပါဘူး ခေါင်းဆောင်ကျန့်ရဲ့။ ဒီကောင်မလေးက သူ့လစာနည်းတယ်ဆိုပြီး ဘော့စ်လေ့ကို ပြဿနာရှာနေတာလေ။ တကယ်က သူအမှားတွေအများကြီးလုပ်ထားလို့နည်းတာကိုကျ မသိဘူးလေ။ ဘော့စ်လေ့ကတော့ သူ့ကို ငွေထပ်ပေးတဲ့အထိတောင် အရမ်းကြင်နာနေတော့တာပဲ။ ဒီနေ့ခေတ်လူတွေများ တနေ့တခြားမရိုးသားတဲ့လူတွေချည်းပဲ။ သူတို့အမှားမှန်းသိသာနေတာကို ဘယ်လိုလုပ်များ တခြားလူကို အပြစ်တင်နေရတာလဲပဲ။ အိုက်ယား!” ချင်ဖူဖာ မြေပေါ်သို့ပစ်ကျသွားကာ နာကျင်မှုကြောင့် ညည်းညူမိလိုက်လေသည်။
သူက အဘိုးကျန့်ကို စိုက်ကြည့်ကာ၊ “အဘိုးကြီး၊ ခင်ဗျားကများ ကျုပ်ကိုကန်ရဲတယ်? ခင်ဗျားကို ကျုပ် မရိုက်ဘူးများထင်နေလား။ ခင်ဗျားကျုပ်ကို ဒေါသထွက်အောင်လုပ်ရင် ကျုပ်လူတွေကို..”
သူ အဘိုးကျန့်ကိုအော်ငေါက်နေချိန် သူ့အထက်လူကြီး ဒါရိုက်တာကျန့်၏မျက်နှာက ပိုပိုပြီး မှုန်မှိုင်းလာသည်ကို ချင်ဖူဖာ သတိမထားခဲ့မိပေ။ ကျန့်ယွင်ပင်းက၊ “ပြောပါဦး၊ မင်းက ငါ့အဖေကို ဘာလုပ်မှာလဲ။”
“ဘာ?” ချင်ဖူဖာ မှင်တက်သွားရသည်။ သူက ကြောင်အအဖြင့် ပြန်မေးလိုက်သည်။ “အဖေ? ဒါရိုက်တာကျန့်၊ ဒါ… ဒီအဖိုးကြီးက ခင်ဗျားအဖေလား။”
ကျန့်ယွင်ပင်း နှာခေါင်းရှုံ့လိုက်ကာ၊ “မင်းက ဘယ်လိုများထင်လို့လဲ။ ငါမေးတာသာ ဖြေစမ်းပါဦး။ မင်း ငါ့အဖေကို ဘာလုပ်ချင်လို့လဲ။”
အဖိုးကျန့်က ကျန့်ယွင်ပင်းကို လက်ညှိုးထိုးကာ သတိပေးလိုက်လေသည်။ “ကျန့်ယွင်ပင်း၊ မင်း ဒီလောက်ကောင်တွေနဲ့ပေါင်းပြီး ပြည်သူလူထုကို လှည့်စားဖို့ကြံရင် ငါမင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။ ပြီးတော့ မင်းရဲ့ရာထူးကိုလည်း ထုတ်ပယ်ပစ်မယ်။”
ကျန့်ယွင်ပင်း၊ “….”
ချင်ဖူဖာ ဘာများလုပ်လိုက်လို့ သူ့အဖေ ဒီလောက်ဒေါသထွက်နေရတာလဲ။
သူ့မျက်လုံးထဲ အမှောင်ရိပ်တစ်ခုဖြတ်ပြေးသွားတော့သည်။
ကျန့်ယွင်ပင်းက ချက်ချင်းပင် သူ့အဖေကို ဖြေသိမ့်လိုက်ကာ၊ “အဖေကလည်း အဖေ့သားဘယ်လိုလူစားလဲဆိုတာ မသိဘူးလား။ ဘယ်လိုလုပ် သူတို့နဲ့ပေါင်းရမှာလဲ။ ကျွန်တော်က ပြည်သူတွေကို အကျိုးပြုတဲ့ အရာရှိကောင်းတစ်ယောက်ပါ။”
အဖိုးကျန့်လည်း ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။ “အဲ့လိုမှပေါ့။” သို့ပေမယ့် ခဏချင်းမှာပဲ သူက ဒေါသထွက်သွားပြန်ကာ၊ “နေပါဦး၊ မှားနေပြီ။ မင်းက အရာရှိကောင်းဆိုရင်တောင် ကောင်းမွန်တဲ့အသင်းအဖွဲ့တစ်ခုကိုတော့ မဦးဆောင်နိုင်ဘူးလေ။ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဒီလောက်ဆိုးရွားနေတာ၊ မင်းလည်း တာဝန်ယူရမှာပေါ့။” အဖိုးကျန့်က မြေပေါ်တွင် ဖင်ထိုင်လျက်အတိုင်းရှိနေသေးသည့် ချင်ဖူဖာကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ကျန့်ယွင်ပင်း၊ “….”
‘အဖေရယ် ဘာတွေပြောနေတာလဲ။ အဲ့လူရဲ့အမှားက ဘယ်လိုလုပ် ကျွန်တော်နဲ့ဆိုင်သွားတာလဲ။’
“ဘာတွေဖြစ်သွားတာလဲ အဖေ။” ကျန့်ယွင်ပင်းသည် တုံးအသူမဟုတ်ပေ။ သူက မြန်မြန်ဆန်ဆန်ပဲ ဤနေရာတွင် တစ်ခုခုဖြစ်ခဲ့ကြောင်း နားလည်လိုက်လေသည်။
အဖိုးကျန့်က သူ့သားကို ဘာမှမပြောခဲ့ဘဲ ရှောင်လင်းယွီဘက်သို့သာ လှည့်ကာ၊ “ကောင်မလေး၊ ငါ့ကို မင်းအသံသွင်းထားတဲ့ဘောပင်ပေး။ အဲ့ဒါကို အလုပ်သမားရေးရာဗျူရိုရဲ့ဒါရိုက်တာဆီ တိုက်ရိုက်ပို့ပေးမယ်။”
ရှောင်လင်းယွီ၊ “…..”
ထို့နောက် သူက တိတ်တဆိတ်ပင် အဘိုးကျန့်ထံ ဘောပင်ကို လှမ်းပေးလိုက်လေသည်။ အဘိုးကျန့်က ဘောပင်ကို ကျန့်ယွင်ပင်းလက်ထဲသို့ ရိုက်ထည့်ပေးလိုက်ပြီး၊ “ဟမ့်၊ ဒါကိုနားထောင်လိုက်၊ ဘာတွေဖြစ်နေလဲ သိသွားလိမ့်မယ်။”
ကုချင်းကျောင်းသည် အသံသွင်းဘောပင်ကိုမြင်ပြီး စိုးရိမ်လာခဲ့သည်။ ထို့အပြင် ထိုဘောပင်သည် အလုပ်သမားရေးရာဗျူရို၏ဒါရိုက်တာလက်ထဲ ရောက်သွားပြီဖြစ်သည်။ ဆိုးတာပဲဟေ့။
ကုချင်းကျောင်း၏မျက်နှာက ဖြူဖျော့သွားကာ မသက်မသာဖြစ်နေလေသည်။
သူမက စိုးရိမ်တကြီးဖြင့် ကျန်းဆန်းနှင့် ကျောက်စစ်တို့ကို လှမ်းအမိန့်ပေးလိုက်သည်။ “ဆန်းအာ၊ စစ်အာ၊ အသံသွင်းဘောပင်ကိုလုလိုက်။ မြန်မြန်လေး။”
ကျန်းဆန်း၊ ကျောက်စစ်၊ ချင်ဖူဖာနှင့် လေ့ကျန့်ဟူတို့မှာ အသံသွင်းဘောပင်ကိုမြင်ပြီး ကြောင်အနေကြလေသည်။ ကုချင်းကျောင်း၏အသံကို ထိုဘောပင်ဖြင့် အသံသွင်းခံရချိန်တုန်းက သူတို့ ဒီကို မရောက်သေးကြပေ။
“ဘယ်သူလုပ်ရဲလဲ လုပ်ကြည့်လိုက်လေ။” အဖိုးကျန့်က ကျန်းဆန်း၊ ကျောက်စစ်နှင့် တခြားလူများကို သတိအနေအထားဖြင့် ကြည့်နေလိုက်သည်။
ကျန်းဆန်းတို့မှာ ရုတ်တရက်ဖြစ်သွားတာကြောင့် စိတ်ရှုပ်သွားကြသော်လည်း အရူးတွေမဟုတ်ပေ။ သူတို့ရှေ့ရှိ အဘိုးကြီးသည် သူတို့အစ်ကိုကြီးချင်၏ဘော့စ်ရဲ့အဖေဖြစ်သည်။ သူတို့ ဘယ်လိုလုပ် ဒီလူအိုကြီးကို စော်ကားလို့ဖြစ်မှာလဲ။
နောက်ပြီး ကျန့်ယွင်ပင်းကလည်း အသံသွင်းထားတာကို စပြီးနောက်ထောင်နေလေပြီ။ တကယ်ကို ကောင်းကောင်းကြီးအသံသွင်းထားသည်ပင်။
“အားလုံးပဲ၊ ဒီသနားစရာမိန်းမကြီးကို ကူညီပေးကြပါ။”
“အားလုံးပဲ၊ ဒီစူပါမားကတ်ရဲ့သူဌေးက စိတ်နှလုံးမည်းညစ်ပြီး ရက်စက်တဲ့လူပါ။ သူတို့က အလုပ်သမားတွေကို လူလိုမဆက်ဆံဘဲ ကျွဲလိုနွားလို အလုပ်လုပ်ခိုင်းတယ်။ အစကတော့ တစ်လကို ယွမ်၁၀၀၀ လစာပေးပါမယ်လို့ ကတိပေးခဲ့ပေမယ့် တကယ်တမ်း လစာရချိန်ကျတော့ အလုပ်သမားတွေက ယွမ်၆၀၀ ဝန်းကျင်လောက်ပဲ ရကြပါတယ်။”
…..
“မင်း ဘယ်သူလဲ။”
“ကျွန်တော်က ဘယ်သူလဲတဲ့လား။ ခင်ဗျားဝန်ထမ်း ရှောင်ရှင်းရှင်းရဲ့ မောင်လေ။ ခင်ဗျား မနေ့ညတုန်းက နှင်ထုတ်လိုက်တဲ့မိန်းကလေး။”
“အမလေး ငါကတော့ အကောင်ကြီးကြီးတွေများ ရောက်လာတာလားလို့။ ဒီတော့ နင်က အဲ့ကောင်မရဲ့မောင်ပေါ့။ ဒီလိုဆိုမှတော့ နင်လည်း တောကြိုအုံကြားကအမှိုက်ပဲပေါ့။ နင်ကများ ငါ့ကိုဘာလုပ်နိုင်မယ်ထင်နေတာလဲ။”
“ဟုတ်တယ်လေ။ ငါက သူ့သူဌေး။ ဒီတော့ သူလစာဘယ်လောက်ရသင့်တယ်ဆိုတာ ငါ့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်။ နင်တို့ လုပ်နိုင်ရင် ငါ့ကို တရားစွဲကြည့်လိုက်လေ။ သူ့မှာ အလုပ်သမားစာချုပ်တောင် ရှိတာမဟုတ်ဘူး။ ဒီတော့ နင်တို့တွေ ငါ့ကို ဘယ်လိုတရားစွဲမလဲ ကြည့်ရသေးတာပေါ့။ ငါသာ သူက ငါ့ဝန်ထမ်းမဟုတ်ဘူးလို့ ငြင်းလိုက်သ၍ နင်တို့ ငါ့ကိုဘာများလုပ်နိုင်ဦးမှာလဲ။”
“ရှောင်ရှင်းရှင်းက ငါ့ဝန်ထမ်းဖြစ်ကြောင်း သက်သေရှိသွားတော့ရော ဘာဖြစ်လဲ။ စာရွက်ပေါ်မှာသိသာထင်ရှားတဲ့ သက်သေအထောက်အထားမရှိသ၍ နင် ငါ့ကိုဘာများလုပ်နိုင်မှာလဲ။ ငါ့ကို တရားစွဲချင်တာလား၊ စွဲလိုက်လေ။ နင်တို့ကို ကြောက်နေမယ်များထင်နေလား။ ဒီမှာ ငါ့မှာ ကုန်သွယ်ရေးဗျူရိုနဲ့ အလုပ်သမားရေးရာဗျူရိုဘက်မှာ မိတ်ဆွေတွေရှိတယ်။ နင်တို့ ငါ့ကိုထိနိုင်မလား ကြည့်ရသေးတာပေါ့။”
…..
ဒါရိုက်တာ၏မျက်နှာက မည်းမှောင်နေတော့သည်။ သူက တိတ်တိတ်လေး ဇောချွေးများသုတ်နေသည့် ချင်ဖူဖာကို ခက်ထန်သည့်အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။
ချင်ဖူဖာတစ်ယောက် နဖူးပေါ်မှ ချွေးအေးများကိုသုတ်ရင်း စိတ်ထဲကနေ လေ့ကျန့်ဟူနှင့်သူ့ဇနီးကို ကျိန်ဆဲနေလေသည်။ ‘ဒီနှစ်ယောက်က ငါ့ကိုသေအောင်လုပ်နေတာပဲ။ ဒီလောက်ပြဿနာအကြီးကြီး ရှာထားပြီးမှများ ငါ့ကိုလာရှင်းခိုင်းတယ်။ ငါတော့ သူတို့ကြောင့် သေတော့မယ်။’
ထို့နောက် ကုချင်းကျောင်းက ဒါရိုက်တာကျန့်၏အဖေကို ခြိမ်းခြောက်နေသည်ကိုပါ ကြားလိုက်ရကာ သူ့မျက်နှာတစ်ခုလုံး ပူလောင်သွားတော့သည်။
“အဘိုးကြီး၊ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေ။ ရှင့်ကို ဘာမှမလုပ်ရဲဘူးများထင်နေလား။ ရှင် ကျွန်မကို ဒေါသထွက်အောင်လာလုပ်ရင် ကျွန်မလူတွေကိုခေါ်ပြီး ရှင့်ကို တစ်ခါတည်းအခေါင်းသွင်းပစ်မယ်။”
“အဘိုးကြီး။ ကျွန်မဆိုင်ရဲ့ကိစ္စက ရှင်နဲ့ဘာဆိုင်လို့လဲ။ သူများကိစ္စထဲဆက်ပြီးဝင်ပါနေရင် ရှင့်ရဲ့အိုမင်းနေတဲ့အရိုးတွေကိုချိုးပစ်ဖို့ ကျွန်မ လူခေါ်လိုက်တော့မှာနော်။”
လူတိုင်းက တိတ်ဆိတ်ကာ အသံသွင်းထားသည်ကို နားထောင်နေကြချိန် ကျောက်စစ်တစ်ယောက် အနောက်မှအကန်ခံလိုက်ရတာကြောင့် ရှေ့သို့ မှောက်လျက်လဲကျသွားလေသည်။
“ဘယ်ကောင်လုပ်တာလဲ။” ဝမ်ဝူက ဒေါသတကြီးအော်လိုက်သည်။
ကျန့်ယောင်ကျူက အိတ်ကပ်ထဲ လက်နှိုက်ကာ ခပ်ဖြည်းဖြည်း လျှောက်လာပြီး၊ “ငါလေ၊ ဘာဖြစ်လို့လဲ။”
ဝမ်ဝူ ချွေးအေးများသုတ်ရင်း၊ “ဘာမှမဖြစ်ပါဘူး။ ကျန့်ကော ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
ကျန့်ယောင်ကျူတစ်ယောက် ချက်ချင်းပင် ဒေါသထွက်သွားကာ ကျန်းဆန်း၊ ကျောက်စစ်နှင့် အခြားလူများကို လက်ညှိုးငေါက်ငေါက်ထိုးရင်း အော်ငေါက်တော့သည်။ “ကျန်းဆန်း၊ ကျောက်စစ်၊ မင်းတို့တွေ တကယ်ကို သတ္တိတွေရှိနေကြတာပဲ။ မင်းတို့ကများ ငါ့အဖိုးကို ကျိန်ဆဲပြီး ခြိမ်းခြောက်ရဲတယ်ပေါ့။”
“အဖိုး?” ကျန်းဆန်းတို့တွေ ကျန့်ယောင်ကျူကို နားမလည်သလိုကြည့်ရင်း အဘိုးကြီးကိုပါကြည့်လိုက်ပြီးနောက် ချက်ချင်း သဘောပေါက်သွားတော့သည်။
ကျန်းဆန်းတို့လည်း ချက်ချင်းပင် တောင်းပန်တော့လေသည်။ “ကျန့်ကော၊ တောင်းပန်ပါတယ်။ ဒီအဘိုးကြီးက ကျန့်ကောရဲ့အဖိုးမှန်း တကယ်မသိခဲ့လို့ပါ။ ငါတို့သာသိရင် သူ့ကို ဘယ်ထိရဲပါ့မလဲ။”
ကျန့်ယောင်ကျူက မျက်မှောင်ကြုတ်လိုက်ကာ၊ “ဒီတော့ ဒီလူကြီးက ငါ့အဖိုးသာမဟုတ်ရင် မင်းတို့က သူ့ကို ရိုက်နှက်ဦးမယ်ပေါ့။ ကျန်းဆန်း၊ ကျောက်စစ်၊ မင်းတို့ကောင်တွေ တဖြည်းဖြည်း ပိုပိုပြီး သတ္တိတွေကောင်းလာကြတာပဲ။ လူအိုတွေနဲ့ကိုယ်ဝန်ဆောင်တွေကိုတောင်မှ ရိုက်နှက်ရဲနေပြီ။ မင်းတို့တွေ ဝဋ်ပြန်လည်မှာ မကြောက်ကြဘူးလား။”
မျှမျှတတပြောရရင်တော့ သူတို့ တကယ်ကြီး ဝဋ်ပြန်လည်နေကြပြီဖြစ်သည်။
လေ့ကျန့်ဟူနှင့်သူ့ဇနီးမှာ ထိတ်လန့်နေကာ ဘာဆက်လုပ်ရမလဲ ခေါင်းထဲကညှစ်ထုတ်နေကြလေသည်။
ထိုအချိန်မှာပဲ ရဲအရာရှိအနည်းငယ်ရောက်ရှိလာကာ၊ “ရဲခေါ်တာ ဘယ်သူလဲ။”
ရှောင်ရှင်းရှင်းက ချက်ချင်းဖြေလိုက်သည်။ “ရဲအရာရှိကြီးတို့၊ ကျွန်မပါ။ ကျွန်မ ရဲခေါ်လိုက်တာပါ။”
လေ့ကျန့်ဟူနှင့်ကုချင်းကျောင်းတို့ မကောင်းသည့်ခံစားချက်များရလိုက်ကြသည်။
ထို့နောက် ရှောင်ရှင်းရှင်းဆက်ပြောသည်ကိုလည်း ကြားလိုက်ရလေသည်။ “အရာရှိကြီး၊ သဲ့ဝမ်စူပါမားကတ်က ဒိတ်အောက်နေတဲ့အစားအသောက်တွေရောင်းနေပြီး လူတွေကို အလိုမတူဘဲ ဖမ်းဆီးချုပ်နှောင်ထားကြပါတယ်။ သူတို့ကို ဖမ်းပေးကြပါ။”
“အဓိပ္ပါယ်မရှိလိုက်တာ!” ကုချင်းကျောင်းတစ်ယောက် ထိတ်လန့်စိတ်ဖြင့် ဒေါသတကြီး ပြန်ပြောလာခဲ့သည်။ “ရှောင်ရှင်းရှင်း၊ နင် ငါတို့ကို လက်စားချေချင်လို့ အမှန်တရားကို လုပ်ကြံပြောနေတာသိတယ်။ နင့်ကို အသေရေဖျက်မှုနဲ့ တရားစွဲပစ်မယ်။”
ကုချင်းကျောင်းက တစ်ဖက်ပြန်လှည့်လာကာ ရဲအရာရှိများကိုပြောလိုက်သည်။ “ရဲအရာရှိကြီးတို့ သူပြောတာကို မယုံကြပါနဲ့။
ကျွန်မတို့က နှစ်ပေါင်းများစွာ စီးပွားရေးလုပ်လာကြတဲ့လူတွေပါ။ သက်တမ်းလွန်နေတဲ့အစားအစာတွေကို မရောင်းသလို လူတွေကိုလည်း အလိုမတူပဲ ဖမ်းဆီးချုပ်နှောင်တာမျိုးမရှိပါဘူး။
ဒီကောင်မလေးက ကျွန်မရဲ့ဝန်ထမ်းဖြစ်ခဲ့ဖူးပါတယ်။ သူ အလုပ်လုပ်တာမကောင်းလို့ သူ့ကို လစာဖြတ်ခဲ့တာကို သူက မုန်းနေတာပါ။ အခု သူက လက်စားပြန်ချေဖို့အတွက် လျှောက်ပြောနေတာ။ သူပြောတာ မယုံကြပါနဲ့။”
ထိုအထိပြောပြီးနောက် သူမက နောက်ထပ်ဆက်မပြောခင် ခနမျှနားလိုက်သေးသည်။ “ဌာနခွဲခေါင်းဆောင်ဝမ်ရုန်ခမ်းက ကျွန်မခင်ပွန်းကိုရော ကျွန်မကိုပါ သိပါတယ်။ ကျွန်မတို့က သူ့မိတ်ဆွေတွေပါ။ သူက အရမ်းတော်တဲ့ရဲအရာရှိကြီးလေ။ ကျွန်မတို့သာ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေဆိုရင် သူက ဘယ်လိုလုပ် ကျွန်မတို့နဲ့မိတ်ဆွေဖွဲ့ပါ့မလဲ။ မဟုတ်ဘူးလား။”
လူတိုင်း၊ “….”
ဒီမိန်းမက ဒီလောက်အထိ အကြောက်အလန့်မရှိဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ သူ့နောက်ခံက ရဲအရာရှိအထိကို ရှိနေတာပဲ။ ဒါပေမယ့် သူ့မှာ ရဲဘက်အဆက်အသွယ်ရှိတဲ့အကြောင်းကို ဘယ်လိုလုပ်များ လူကြားထဲ ချကြွားရတာလဲ။ သူ့ဦးနှောက်က တစ်ခုခုမှားနေတာများလား။ ဒါက ကြွားနေတာလား ကိုယ်သေတွင်းကိုယ်တူးနေတာလား။
“ရှင်က အရာရှိလီမဟုတ်လား။” ရှောင်လင်းယွီက လျှောက်လာရင်းမေးလိုက်သည်။
အရာရှိလီသည် ရှောင်လင်းယွီကိုမြင်သည်နှင့် အံ့ဩသွားလေသည်။ “မစ္စရှောင်၊ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
“ကျွန်မက ရဲခေါ်လိုက်တဲ့ ရှောင်ရှင်းရှင်းရဲ့အစ်မပါ။”
“ဪ” အရာရှိလီက ခေါင်းညိတ်လိုက်သည်။
“အရာရှိလီ၊ ဌာနအကြီးအကဲဝမ်ရော အခုတလောဘယ်လိုလဲ။”
လူတိုင်း၊ “….”
ဒါက…. ဘယ်သူ့နောက်ခံပိုတောင့်လည်းပြိုင်တဲ့ ပြိုင်ပွဲကြီးလား??
***