← Chapters

သနားစရာကျန့်ယောင်ကျူ

Vol. 12 Ch. 214

သနားစရာကျန့်ယောင်ကျူ

Vol. 12 Ch. 214

ရှောင်လင်းယဲ့က ဆက်ပြောလေသည်။ “ကျွန်တော် မနေ့ညက အစ်မရှင်းရှင်းကို သွားကြိုတုန်းက သူနဲ့ နောက်ထပ်လူနည်းနည်းက အစ်မရှင်းရှင်းကို ဝိုင်းထားပြီး စနေကြတာ။”

လူတိုင်း၊ “….” သူတို့အားလုံး ကျန့်ယောင်ကျူဘက် အကြည့်ရောက်သွားကြသည်။ ဒါနောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းပဲ။ ဒီမနက်ခင်းကတော့ စိတ်ဝင်စားစရာတွေအပြည့်ပဲ။ ပေါက်ပေါက်မယူလာမိတာ နာတယ်ကွာ။

ဒါပေါ့ သူတို့အားလုံး သဲ့ဝမ်စူပါမားကတ်ကြီးရှေ့မှာရောက်နေကြတာဆိုပေမယ့် ဝင်မဝယ်ရဲကြပါဘူး။ သူတို့ရဲ့ဝန်ထမ်းဟောင်းက အစောကပဲ သူတို့ဆိုင်မှာ သက်တမ်းလွန်နေတဲ့ပစ္စည်းတွေတင်ရောင်းနေတယ်လို့ မပြောထားဘူးလား။

ကျန့်ယောင်ကျူတစ်ယောက် ရှောင်လင်းယဲ့၏စွပ်စွဲချက်ကိုကြားပြီး သေသာလိုက်ချင်တော့သည်။

ကျန့်ယောင်ကျူ ရှင်းပြတော့မည့်အချိန်မှာပဲ အဖိုးကျန့်က သူ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်း၍ ရောက်လာကာ သူ့နားရွက်ကို လိမ်ဆွဲ၍ ဒေါသတကြီးအော်လေတော့သည်။ “ကောင်စုတ်လေး၊ မင်းဘာတွေလျှောက်လုပ်နေတာလဲ။ မင်းဘာသာ ဆိုင်ကယ်ပြိုင်စီးတာကထားဦး အခုတော့ မင်းက မိန်းကလေးတစ်ယောက်ကိုတောင် နှောက်ယှက်ဖို့သတ္တိတွေရှိနေပြီပေါ့။” အဖိုးကျန့်သည် ကျန့်ယောင်ကျူ၏တင်ပါးကိုပါလှမ်းလှမ်းကန်နေရင်း နားရွက်ကိုလည်း လွှတ်မပေးပေ။

ကျန့်ယောင်ကျူခမျာ နာလွန်းတာကြောင့် မျက်နှာက ရှုံ့တွနေကာ ပါးစပ်ကလည်း အော်ဟစ်နေလေသည်။ “အဖိုး၊ နာတယ်… နာတယ်… နာတယ်လို့…”

သို့သော်လည်း အဖိုးကျန့်ကတော့ သူ့နာကျင်မှုကို လျစ်လျူရှုထားကာ ဆက်တိုက်ကာ ဆူငေါက်နေခဲ့သည်။ “ကောင်စုတ်လေး၊ မင်းက နာတတ်သေးတယ်ပေါ့။ ငါမင်းကို ဘယ်လိုသင်ထားလဲ မေ့သွားပြီလား။ မိန်းကလေးတစ်ယောက်ကို နှောက်ယှက်ဖို့ သင်ထားလား။ တစ်ဖက်ကကြောက်သွားမှာ မစိုးရိမ်ဘူးလား။” ပြောရင်းဖြင့် ကျန့်ယောင်ကျူ၏ညိုသကျည်းကိုပါ တခါတည်းကန်ချလိုက်တော့သည်။

ကျန့်ယောင်ကျူတစ်ယောက် နားရွက်ကရော ညိုသကျည်းကပါ နာကျင်လွန်းတာကြောင့် နဖူးကနေပြီး ချွေးအေးများပင် ထွက်လာတော့သည်။ ကျန့်ယောင်ကျူလည်း နောက်ဆုံး နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ရှင်းပြဖို့ ကြိုးစားရလေသည်။ “အဖိုးရယ်၊ ဒါ နားလည်မှုလွဲသွားတာပါ။”

လူအုပ်ကြီးမှာ ကျန့်ယောင်ကျူကို သနားမိသွားကြသည်။ ဒီလူအိုကြီးက သူ့မိသားစုအပေါ်လည်း ကြမ်းတာပဲဟ။ ရှောင်ရှင်းရှင်းတောင်မှ ကျန့်ယောင်ကျူအတွက် စိတ်မကောင်းဖြစ်သွားရသည်။

သူက နှုတ်ခမ်းကိုကိုက်ကာ အဖိုးကျန့်နားသို့သွားလိုက်ပြီး၊ “အဘိုး… သူ တော်တော်နာနေတဲ့ပုံပဲ။ လွှတ်ပေးလိုက်ပါလား အဘိုးရယ်။”

အဖိုးကျန့်ကတော့ လက်အသာယမ်းကာ၊ “ဘာမှမပူနဲ့ ကောင်မလေး။ ဒီကောင်က အရေထူတယ်။ သူငယ်ငယ်လေးကတည်းက ငါဒီလိုပုံစံပဲ သင်လာတာ။”

လူတိုင်းကတော့ ကျန့်ယောင်ကျူကို စာနာကာ မျက်ရည်ပင်ကျချင်သွားကြသည်။ ဒီလူအိုကြီးရဲ့မြေးဖြစ်ရတာလည်း မလွယ်ကူဘူးပဲ။

ရှောင်ရှင်းရှင်းကတော့ အဘိုးကျန့်ကို ဘယ်လိုဖြောင့်ဖြရမလဲမသိတော့ပေ။ ဘေးနားတွင်သာ မျက်နှာရဲရဲဖြင့် ရပ်နေမိတော့သည်။ အဘိုးကျန့် အခုလို ကျန့်ယောင်ကျူကို အပြစ်ပေးနေသည့်အကြောင်းအရင်က သူမကြောင့်ဖြစ်တာကြောင့် အပြစ်ရှိသလို ခံစားနေရလေသည်။

အဘိုးကျန့်က ရှောင်ရှင်းရှင်းကိုကြည့်လိုက်ပြီးနောက် စိတ်ထဲကနေ သက်ပြင်းသာချမိတော့သည်။ ထို့နောက် သူက ကျန့်ယောင်ကျူ၏နားရွက်ကို လွှတ်ပေးလိုက်သော်လည်း မာမာထန်ထန်ဖြင့် ဆူငေါက်နေတုန်းပင်။ “ကောင်မလေးကိုကြည့်ဦး။ ဘယ်လောက် ကြင်နာလိုက်လဲ။ မင်းအဖိုးဆီက အရိုက်ခံနေရာလဲမြင်ရော မင်းကိုခွင့်လွှတ်ပေးဖို့ လာပြောရော။ ကောင်မလေးကို မြန်မြန်တောင်းပန်လိုက်လေ။ မဟုတ်ရင် မင်းကို ထပ်ပြီးရိုက်မယ်။”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျွန်တော်တောင်းပန်ပါ့မယ် အဖိုးရယ်။” ကျန့်ယောင်ကျူ သူ့ရဲ့နီရဲနေသည့်နားရွက်ကို ပွတ်ရင်း မြန်မြန်ပြောလိုက်သည်။

ထို့နောက် သူက စိတ်ရင်းဖြင့်တောင်းပန်လိုက်သည်။ “မိန်းကလေး၊ မနေ့ညက မင်းကို ခြောက်လှန့်မိတဲ့အတွက် စိတ်မကောင်းပါဘူး။ ငါ့သူ့ငယ်ချင်းတွေအတွက်ရောပါ ငါကပဲ ကိုယ်စားတောင်းပန်ပါ့မယ်။”

ရှောင်ရှင်းရှင်း၏မျက်နှာက နီမြန်းသွားကာ စိတ်သက်သာရာလည်းရသွားပြီး သက်ပြင်းအသာချလိုက်မိသည်။ “ရ.. ရပါတယ်။”

ကျန့်ယောင်ကျူသည်လည်း တိတ်တိတ်လေး သက်ပြင်းချလိုက်မိလေသည်။ သူက လက်တစ်ဖက်ဖြင့် နားရွက်ကိုပွတ်ရင်း ခါးကိုညွတ်ကာ ကျန်လက်တစ်ဖက်ဖြင့် သူ့အဖိုးကန်တာခံလိုက်ရသည့် ညိုသကျည်းကို လှမ်းပွတ်နေခဲ့သည်။ ထို့နောက် သူက ရှင်းပြဖို့ဆက်ကြိုးစားလေသည်။ “ဒါပေမယ့် မင်း ငါရှင်းပြတာကိုတော့ နားထောင်မှဖြစ်မယ်။ ငါတို့ မနေ့ညက မင်းကို ခြောက်လှန့်ဖို့ မရည်ရွယ်ပါဘူး။ ငါတို့လုပ်တာ အကြောင်းအရင်းရှိ…”

“ကောင်စုတ်လေး၊ မင်းက မိန်းကလေးတစ်ယောက်ကို ကြောက်အောင်ခြောက်တာမှာ အကြောင်းအရင်းရှိတယ်လို့ပြောနေတာလား။” အဖိုးကျန့်၏အသံက ထပ်ထွက်လာပြန်သည်။

ကျန့်ယောင်ကျူသည်လည်း ကြောက်လန့်သွားကာ တုန်တုန်ရီရီဖြင့် ရှောင်ရှင်းရှင်းကို အမြန်လေးရှင်းပြရတော့သည်။ “မနေ့က ငါတို့ပြိုင်မောင်းနေကြတုန်း မင်းကို ထောင့်နားမှာပုန်းနေတာ တွေ့လိုက်တာနဲ့ ငါတို့လည်း မင်းကို ဟိုတယ်ခေါ်သွားဖို့ဆုံးဖြတ်…”

“ဒီကောင်စုတ်လေးတော့!” သူ့မြေးက မိန်းကလေးတစ်ယောက်ကို ဟိုတယ်ခေါ်သွားမည့်အကြောင်း ပြောလာချိန်မှာပဲ အဖိုးကျန့်၏ဩဇာရှိလှသည့်အသံကျယ်ကျယ်က ထပ်ပြီးဟိန်းထွက်လာပြန်သည်။

“အဖိုး အဖိုး၊ နားလည်မှုလွဲတာပါ။” ကျန့်ယောင်ကျူကတော့ သူကိစ္စတွေကိုပိုဆိုးအောင် လုပ်မိပြီဟု ခံစားလိုက်ရသည်။ “ကျွန်တော်တို့ သူ့ကို ကိုယ့်အိမ်ကိုခေါ်သွားလို့မရဘူးလေ။ ဒီတော့ သေချာပေါက် ဟိုတယ်ကိုပဲ ခေါ်သွားရမှာပေါ့။” ထို့နောက်မှာ သူ့စကားက ပိုဆိုးသွားပြီမှန်း နားလည်လိုက်လေသည်။

ရှောင်ချန်းပမ်းနှင့်ဒေါ်လေးကျိုးကတော့ မီးထတောက်တော့မည့်အကြည့်များဖြင့် ကျန့်ယောင်ကျူကို ကြည့်နေကြသည်။ ဒီကောင်လေးနဲ့ သူ့သူငယ်ချင်းတွေက သူတို့သမီးကိုများ ဟိုတယ်ကိုဆွဲခေါ်သွားဖို့ လုပ်ခဲ့ကြတယ်ပေါ့။

ကျန့်ယွင်ပင်း၏မျက်နှာသည်လည်း သူ့သား၏ရှင်းပြချက်ကို နားထောင်လေ နားထောင်လေ မျက်နှာက ပို၍မဲလာလေသည်။ သူသားက ဘာလို့ ဒီလောက်တုံးရတာလဲ။ တခြားလူတွေ သူ့ကိုနားလည်မှုမလွဲဘူးဆိုပါမှ အံ့ဩဖို့ကောင်းနေဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒီငတုံးသားကလည်း သူ့သားဖြစ်နေတုန်းပဲလေ။ ဒီတော့ သူဝင်ကူညီရမှာပေါ့။

ကျန့်ယွင်ပင်းလည်း ချောင်းတစ်ချက်ဟန့်ကာ သူ့သားအစား ဝင်ရှင်းပြလာသည်။

“မိန်းကလေး၊ အထင်မလွဲပါနဲ့။ ငါ့သားက မနေ့ညတုန်းက ဟိုတယ်တစ်ခုရှာပြီး လိုက်ပို့ပေးချင်တာပဲဖြစ်မှာပါ။ ပြောရရင် ညလယ်ကြီး မိန်းကလေးတစ်ယောက်တည်း လမ်းပေါ်မှာရှိနေတာက အရမ်းအန္တရာယ်များတယ်လေ။ သူ့သူငယ်ချင်းတွေနဲ့နေတဲ့နေရာကိုလည်း မင်းကို ခေါ်သွားလို့မရဘူးလေ။ အဲ့နေရာက အရမ်းနံစော်နေမှာ။

ဒါပေါ့၊ သူ ငါတို့အိမ်ကိုလည်း ခေါ်လာလို့မှမရတာ။ အဲ့ဒါကလည်း အဆင်မပြေဘူးလေ။ ဟုတ်တယ်မလား။”

ကျန့်ယောင်ကျူ ချက်ချင်းခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်ပြောချင်တာ အဲ့လိုပဲ…”

ကျန့်ယွင်ပင်းကတော့ ကျန့်ယောင်ကျူကို လှမ်းကြည့်ရင်းတွေးနေမိသည်။ ‘ငါ့မှာဘာလို့များ ဒီလောက်တုံးတဲ့သားမျိုးရှိရတာလဲ။ အဖေကိုယ်တိုင်တောင် ဝင်ကူနေရတယ်။’

ထို့နောက် ကျန့်ယွင်ပင်းက အလွန်နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်ကာ၊ “မိန်းကလေး၊ ငါ့သားက နည်းနည်းတော့တုံးတယ်ဆိုပေမယ့် အရမ်းကြင်နာတတ်ပြီး တရားမျှတမှုအပေါ် စိတ်အားထက်သန်တဲ့လူမျိုးပါ။ သူ မကောင်းတဲ့အကြံတွေတွေးမှာမဟုတ်ဘူး။ နည်းနည်း နားလည်မှုလွဲစရာလေးတွေဖြစ်သွားတာ နေပါမယ်။”

ရှောင်ရှင်းရှင်းလည်း သနားစရာကောင်းဟန်ပေါ်နေသည့် ကျန့်ယောင်ကျူကို မသင်္ကာသလို လှမ်းကြည့်လိုက်သည်။ နားလည်မှုလွဲတာလား။ တကယ်သာ နားလည်မှုလွဲတာဆိုရင် သူမကို သူ့မိန်းမဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရွံစရာစကားကရော?

ရှောင်ရှင်းရှင်း နှုတ်ခမ်းကိုသာကိုက်ထားရင်း ကျန့်ယွင်ပင်း၏စကားကို မတုံ့ပြန်ခဲ့ပေ။

ရှောင်လင်းယဲ့၏ဒေါသကတော့ မပြေငြိမ်းသေးပေ။ သူက လေသံမာမာဖြင့် မေးလိုက်လေသည်။ “ခင်ဗျား အစ်မရှင်းရှင်းကို ခင်ဗျားရဲ့မိန်းမလုပ်စေချင်တယ်လို့ပြောလိုက်တာ၊ ကျွန်တော်သေချာကြားလိုက်တယ်။ သူ့ကို စိတ်မပျက်စေရပါဘူးလို့တောင် ခင်ဗျား အလေးအနက်နဲ့ကတိပေးလိုက်သေးတယ်လေ။ ပြီးတော့ ခင်ဗျားနဲ့ခင်ဗျားသူငယ်ချင်းတွေနောက်ကို လိုက်ခိုင်းတယ်။ ဒါဘယ်လိုလုပ် အထင်လွဲတာဖြစ်မလဲ။”

ရှောင်လင်းယဲ့ အားလုံးကို မကြားခဲ့ပေ။ မဟုတ်ပါက ဒီထက်တောင် ပိုပြီး ပြောဆိုနေမည်ပင်။

ရှောင်ရှင်းရှင်းဘာမှဝင်မပြောခဲ့ပေ။ ပြောရလျှင် ထိုလူငယ်သည် အဘိုးကျန့်၏မြေးဖြစ်ကာ ခေါင်းဆောင်ကျန့်၏သားလည်းဖြစ်သည်။ သူတို့နှစ်ယောက်က သူတို့ကို အများကြီးကူညီပေးထားတာကြောင့် သူမတကယ်ပဲ သူ့မြေးကို မကောင်းမပြောနိုင်ပေ။

“ဘာ?” အဖိုးကျန့်က ထိုစကားကိုကြားသည်နှင့် ထပ်ပြီး‌ဒေါသပုန်ထလာပြန်တော့သည်။

“ကောင်စုတ်လေး၊ ဒါမိန်းကလေးတစ်ယောက်ကို ဆက်ဆံသင့်တဲ့ပုံစံလား။” အဖိုးကျန့်သည် ပြောပြောဆိုဆိုနှင့် သူ့မြေးနားရွက်ကို လှမ်းဆွဲပြန်သည်။

ကျန့်ယောင်ကျူသည်လည်း နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံးဖြူဖျော့သွားလေသည်။ ထို့နောက် သူက အော်ဟစ်ရင်း၊ “အဖိုး၊ နာတယ်လို့။ ကျွန်တော့်နားရွက်ပြတ်တော့မယ်။”

လူအုပ်ကြီးကတော့ ကျန့်ယောင်ကျူကို စာနာသနားစွာဖြင့် တိတ်တဆိတ်သာ မျက်ရည်ကျပြနေမိလေသည်။

ဒီကလေး သူ့နားရွက်နှစ်ဖက်လုံးအကောင်းအတိုင်းရှိအောင် ဘယ်လိုများထိန်းသိမ်း ကြီးပြင်းလာခဲ့တာများလဲ။

“မင်းက ကြောက်တတ်သေးတယ်ပေါ့။ မင်း ဒီကောင်မလေးကို သွားစတုန်းက ဒီကောင်မလေးလည်း ကြောက်မယ်ဆိုတာ မစဉ်းစားမိဘူးလား။

မင်းနဲ့မင်းသူငယ်ချင်းတွေ ညလယ်ခေါင်ကြီး ကောင်မလေးအနား ပတ်လည်ဝိုင်းပြီး မင်းတို့မိန်းမဖြစ်ချင်လားလို့မေး၊ ပြီးတာနဲ့ ဟိုတယ်ကိုဆွဲခေါ်သွားဖို့လုပ်တယ်။ ဒါ နောက်စရာများထင်နေလား။ ကောင်မလေး ဘယ်လိုခံစားရမလဲဆိုတာ မင်းတို့မတွေးမိကြဘူးလား။”

“အဖိုးရယ် ကျွန်တော်မှားသွားပါတယ်။ နောက်ဆိုဒီလိုမိုက်မဲတဲ့လုပ်ရပ်မျိုး ထပ်မလုပ်တော့ပါဘူး။” ကျန့်ယောင်ကျူ ချက်ချင်းဝန်ချတောင်းပန်တော့သည်။ “အဲ့တုန်းက ကျွန်တော်တို့ နည်းနည်းပျော်စရာကောင်းတယ်လို့ တွေးမိသွားလို့ပါ။ ဒါ တကယ်… တကယ်ကို အထင်လွဲရတာပါ။”

ကျန့်ယောင်ကျူတစ်ယောက် နာလွန်း၍မျက်ရည်များကျနေတာကြောင့် ကြည့်နေသည့်လူများမှာ ရယ်လည်းရယ်ချင်သလို သနားလည်းသနားမိကြရသည်။

ခေါင်းဆောင်ကျန့်လည်း သူ့သားကို သနားမိပေမယ့် ဘာမှတော့ ဝင်မပြောပေးတော့ပေ။ တစ်ယောက်ယောက်သာ သူ့သားဘာကြောင့်သေရလဲလို့မေးလာလျှင် တုံးလွန်းလို့သေရသည်ဟုသာ ပြန်ဖြေရတော့မည်။ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ။

ခေါင်းဆောင်ကျန့်သည် သူ့သားကို မကြည့်ရက်တော့ပေ။ သို့ပေမယ့် သူ့အဖေကတော့ သူ့သားအပေါ် အတော်လေးရက်စက်လွန်းတာကြောင့် သနားစရာကောင်းလွန်းသည်ဟု ခံစားရသည်။ ဒါ့အပြင် သူလည်း ကျန့်ယောင်ကျူလို့အဆုံးသတ်သွားမည်စိုးတာကြောင့် ထပ်ပြီးလည်း ကြားဝင်မဖြန်ဖြေပေးရဲတော့ပေ။

‘သားရေ၊ အဖေ မင်းကို မကယ်ချင်လို့မဟုတ်ပါဘူး။ မကယ်နိုင်လို့ပါ။’ ကျန့်ယောင်ကျူငိုနေတာကြောင့် ကျန့်ယွင်ပင်း ရင်ထဲနာကျင်သွားကာ တစ်ခုခုတော့ လုပ်မှဖြစ်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူက တွေးကြည့်လိုက်ပြီး ရှောင်လင်းယဲ့ကိုပြောလိုက်သည်။ “လူငယ်လေး၊ ဒါ တကယ်ကို နားလည်မှုလွဲတာပါ။ ဒီကောင်လေးက ကြည့်တော့သာ ကြမ်းကြမ်းရမ်းရမ်း သန်သန်မာမာထင်ရပေမယ့် သူ့ညီမကလွဲလို့ ဘယ်မိန်းကလေးလက်ကိုမှ ထိကိုင်တာတောင်မဟုတ်ဘူး။ မိန်းမလှလေးနားရောက်တာနဲ့ ရှက်နေတတ်တဲ့သူပါ။”

“အဲ့ဒါတော့ဟုတ်တယ်။” အဖိုးကျန့်ကလည်း ဝင်ပြောလာသည်။ “ဒီကောင်က မိန်းမလှလေးတစ်ယောက်လောက်မြင်ရုံနဲ့ မျက်နှာကြီးနီနေတော့တာပဲ။ သွားပြီးတောင် စကားမပြောရဲဘူး။ ဒါကြောင့်ပဲ ၂၃နှစ်ရှိနေတာတောင် စင်ဂယ်ဖြစ်နေတာလေ။”

အဖေရောအဖိုးရော လိမ်နေခြင်းမဟုတ်ပေ။

“အာ…” လူတိုင်း ကြောင်အသွားကာ ကျန့်ယောင်ကျူကို ထူးဆန်းသည့်အကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။ ဒီလူငယ်လေးက ခပ်မိုက်မိုက်ဝတ်စားထားပေမယ့် လှတဲ့မိန်းကလေးတစ်ယောက်နားရောက်တာနဲ့ မျက်နှာနီလာတဲ့ ကလေးကြီးဖြစ်နေတာလား။ ဒီလိုဆိုတော့လည်း ချစ်ဖို့ကောင်းသားပဲ။

ဘယ်သူကစလိုက်လဲတော့မသိ တစ်ယောက်ကစလို့ တစ်ခစ်ခစ်ရယ်သံထွက်လာကာ နောက်ဆက်ပြီး ဒုတိယတစ်ယောက် တတိယတစ်ယောက်ဆက်လာပြီး မကြာခင်မှာပဲ လူအုပ်ကြီးတစ်ခုလုံး ရယ်မောနေကြတော့သည်။

ရှောင်ရှင်းရှင်း၊ ရှောင်လင်းယဲ့နှင့်တခြားလူတွေတောင်မှ အသံထွက်ရယ်မိကြလေသည်။

ကျန့်ယောင်ကျူလည်း ချက်ချင်းပင် အမိအရကို သူ့နာမည်ဝင်ရှင်းတော့သည်။ “တကယ်ကို နားလည်မှုလွဲသွားတာပါ။ မနေ့ညက မိန်းကလေးတစ်ယောက်တည်း ထောင့်နားမှာပုန်းနေတာတွေ့လိုက်ရတယ်။ ကျွန်တော်လည်း ကြောက်တာနဲ့ ကိုယ့်ကိုယ်ကို ကြက်သွေးထိုးဖို့ ဒီလိုစကားတွေ သုံးလိုက်တာပါ။ ကျွန်တော့်သူငယ်ချင်းတွေလည်း ဒီအတွက် ကျွန်တော့်ကိုဆဲကြသေးတယ်။ မစ္စရှောင်၊ မနေ့ညကကိစ္စအတွက် ကျွန်တော်တကယ်ကို တောင်းပန်ပါတယ်။”

ရှောင်ရှင်းရှင်း စိတ်ချမ်းသာသွားရသည်။

သူမရှေ့က လူဆိုးလေးလိုဝတ်ထားသည့် ရှက်ရွံ့တတ်သောကောင်လေးကိုကြည့်လိုက်ကာ ပါးစပ်ကိုအုပ်၍ ပြုံးလိုက်မိသည်။ “ကောင်းပြီ၊ ကျွန်မလည်း အဆင်ပြေပါတယ်၊ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ ဒါပေမယ့် နောက်ဆိုရင်တောင် တခြားကောင်မလေးတွေကို ကြောက်အောင်မခြောက်လို့ရမလား။”

“ဒါပေါ့၊ ဒါပေါ့။” ကျန့်ယောင်ကျူ ခွင့်လွှတ်ခံလိုက်ရ၍ တိတ်တဆိတ်သက်ပြင်းခိုးချမိသွားသည်။

ရှောင်ရှင်းရှင်း တကယ်ကို ပျော်ရွှင်နေလေသည်။ သူမခံစားခံရသည့် မတရားမှုအားလုံး ပြင်ဆင်ပြီးသွားခဲ့ပေပြီ။

လေထုက သက်ဝင်လှုပ်ရှားနေခဲ့သည်။ အဖိုးကျန့်ကလည်း ကျန့်ယောင်ကျူ၏နားရွက်ကိုလွှတ်ပေးလိုက်ကာ သူ့ခေါင်းနောက်ကို တစ်ချက်ရိုက်ပြီး သတိပေးလိုက်သည်။ “ကောင်စုတ်လေး၊ မင်းထပ်ပြီး ဒီလိုနောက်ပြောင်တာတွေ လုပ်ရဲလုပ်ကြည့်၊ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်။”

“ကျွန်တော် မလုပ်တော့ပါဘူးဗျာ။” ကျန့်ယောင်ကျူ ကတိပေးလိုက်သည်။ သူက ငတုံးမှမဟုတ်တာ။ အမှားတစ်ခုတည်းကို နှစ်ကြိမ်လုပ်စရာလား။

“ဟဟဟ….” ရုတ်တရက် လူတိုင်း၏ဝါးလုံးကွဲရယ်သံများ ပေါ်ထွက်လာလေသည်။

…..

လေ့ကျန့်ဟူနှင့်ကုချင်းကျောင်းသည်တော့ နောက်ထပ်ရဲအရာရှိများရောက်လာသည်အထိ ရန်ဖြစ်နေကြတုန်းပင်။ ရဲအရာရှိများက သဲ့ဝမ်စူပါမားကတ်အတွင်းမှ ဆိုးရွားသည့်အရောင်းဝယ်ရေးကိစ္စများကို စုံစမ်းရန် လူထပ်လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုတော့မှ လင်မယားနှစ်ယောက်လည်း ရန်ဖြစ်တာကိုရပ်ကာ ရဲများနောက်လိုက်သွားကြလေသည်။

မကြာခင်မှာပဲ ရဲအရာရှိများသည် ဖွင့်တောင်မဖွင့်ရသေးသည့် သက်တမ်းလွန်နေသည့် အစားအသောက်အိတ်ကြီးတစ်အိတ်ကို ဂိုဒေါင်ထဲတွင်တွေ့သွားခဲ့သည်။ ထောင်ချဖို့အထိ သက်သေမခိုင်လုံသေးသော်လည်း ဆက်ပြီးစုံစမ်းစစ်ဆေးရပေဦးမည်။

အရာရှိများက အစားအသောက်ကွပ်ကဲရေးဌာနကို ဖုန်းဆက်ခဲ့သည်။ ပိုင်ရှင်လင်မယားသည် ထိုဌာနဘက်တွင်လည်း အဆက်အသွယ်များရှိပေမယ့် အလုပ်သမားရေးရာဌာနခေါင်းဆောင်နှင့် ရဲဘက်ခေါင်းဆောင်နှင့်ယှဉ်လိုက်လျှင် သူတို့အဆက်အသွယ်များက ဘာမှမဟုတ်တော့ပေ။

လေ့ကျန့်ဟူနှင့်ကုချင်းကျောင်း အဖမ်းမခံခဲ့ရလျှင်တောင်မှာ စူပါမားကတ်ကတော့ ပိတ်ချခံရလေသည်။

သူတို့သည် အလုပ်သမားများနှင့်စာချုပ်စာတမ်းမလုပ်ထားဘဲ ဝန်ထမ်းများကို ခေါင်းပုံဖြတ်ခဲ့သည်။ ဒီအတွက် အလုပ်သမားရေးရာဗျူရိုက အသေးစိတ်စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

အမှုကိုနိဂုံးချုပ်လိုက်ချိန်မှာတော့ ထိုလင်မယားသည် ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်းမရှိလျှင်တောင်မှ ဝန်ထမ်းများကို တရားမဝင်ခေါင်းပုံဖြတ်ခြင်း၊ တရားမဝင်ဝန်ထမ်းလစာဖြတ်ခြင်းနှင့် တခြားပစ်မှုများကတော့ ရှိနေတာ အမှန်ပင်။ ဒါ့အပြင် အစားအသောက်ကွပ်ကဲရေးဘက်မှဥပဒေများကိုလည်း ချိုးဖောက်ထားသေးသည်။ ဒါကြောင့် သူတို့ဝန်ထမ်းများကို လုပ်ခလစာနှစ်ဆ ပေးလျော်ရန် အမိန့်ပေးခံခဲ့ရပြီး သက်တမ်းလွန်အစားအသောက်များကို ရည်ရွယ်ချက်ရှိရှိရောင်းချမှုအတွက်ကိုတော့ အစားအသောက်ကွပ်ကဲရေးဌာနက သူတို့ကို ယွမ်၁သိန်းဒဏ်ဆောင်ရန် သက်မှတ်ခဲ့လေသည်။

အကျဉ်းချုပ်ရလျှင်တော့ လေ့ကျန့်ဟူနှင့်ကုချင်းကျောင်းတို့ ဆိုးရွားသည့်အဆုံးသတ်နှင့်ရင်ဆိုင်ခဲ့ကြရသည်။

***

All Chapters