အကန့်အသတ်မဲ့ပင်လယ်နှင့် ကောင်းကင်
Vol. 102 Ch. 1565
ရယ်မောသံများက လေထဲမှာ ပျံ့လွင့်နေသည်။
လှေက မြေပြင်ပေါ်မှ ဝိညာဉ်သတ္ထုတွင်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။
အဝေးမှကြည့်လျှင် ဝိညာဉ်သတ္ထုတွင်းက ကီလိုမီတာ(၅၀၀)ကျယ်ဝန်းသော ဧရာမတွင်းနက်တစ်ခုနှင့် ဆင်တူသည်။
တွင်းနက်၏ ဘေးပတ်ပတ်လည်တွင် အနက်ရောင်တောက်ပသော အကာအကွယ်အလွှာတစ်ခုရှိပြီး ယင်းက ဤနေရာကို ချိပ်ပိတ်ထားသည်။
ဝိညာဉ်သတ္ထုတွင်း၏ ဘေးပတ်ဝန်းကျင်သည်တော့ တောရိုင်းမြေဖြစ်သည်။ ထိုနေရာတွင် သက်ရှိတချို့၏ လက္ခဏာများရှိကြောင်း သူတို့မြင်နိုင်ကြသည်။
အနက်ရောင်လှေက နီးကပ်လာသည့်အခါ လှေပေါ်ရှိ ကျင့်ကြံသူရှစ်ယောက်ကိုးယောက်ထဲမှ ချောမောခန့်ညားသော လူငယ်တစ်ယောက်က ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။
အဆင့်အတန်းအရ သူက ဤလှေပေါ်မှ လူတိုင်း၏ ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ လူတိုင်းက သူ့ကို ချက်ချင်း ကြည့်လိုက်ကြသည်။
လူတိုင်း၏ အာရုံစိုက်မှုကို ရရှိပြီးနောက် လူငယ်က တည်ငြိမ်စွာ ပြောသည်။
“ ခဏလောက် အနားယူရအောင်… ဒီတာဝန်က လူတိုင်းအတွက် ခက်ခဲတဲ့အရာပဲ… အဲ့ဒီအကြွင်းအကျန်တွေက သာမန်လူတွေထဲမှာ ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ… ဒါပေမဲ့ ငါတို့က သူတို့ရဲ့ သဲလွန်စတွေကို ရှာဖွေနိုင်ခဲ့ကြတယ်… ဒါကြောင့် ကလန်ကပေးတဲ့ တာဝန်ကို ငါတို့အားလုံး အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြတယ် ”
“ ဒါပေမဲ့ ငါ အနည်းငယ် နောင်တရနေတုန်းပဲ… သူတို့ကို လိုက်ရှာဖွေဖို့အတွက် သေမျိုးမြို့တော်ဒါဇင်ခန့်ကို ငါတို့ဖျက်ဆီးခဲ့ကြတယ်… ဒီကိစ္စက သေးသေးလေးဆိုပေမဲ့ အကြီးကြီးလည်း ဖြစ်သွားနိုင်တယ်… ”
လူငယ်က နောင်တရစွာ သက်ပြင်းချလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ယင်းကို ကြားသောအခါ သူတို့က ချက်ချင်း ပြောသည်။
“ အကိုဟိုင်ရှန်း… မင်းက အရမ်းကြင်နာတာပဲ ”
“ အပြစ်မဲ့တဲ့ သေမျိုးတွေ သေဆုံးရတာက အဲ့ဒီမိစ္ဆာအကြွင်းအကျန်တွေကြောင့်ပါ… သူတို့ကို ငါတို့က သတ်ချင်လို့ သတ်ခဲ့တာ မဟုတ်ဘူး… ပြီးတော့ ကလန်ကလည်း အဲ့ဒါကို နားလည်ပါတယ် ”
“ ဟုတ်တယ်… မိစ္ဆာအကြွင်းအကျန်တွေကို အမဲလိုက်ဖို့ အင်မော်တယ်မြို့တော်က အမိန့်ထုတ်ပြန်ထားတာ အတော်ကြာပြီ… ငါတို့က တာဝန်အရ လုပ်ဆောင်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ပါတယ်… အဲ့တော့ ဘာမှစိတ်မကောင်းဖြစ်စရာ မလိုပါဘူး ”
ယင်းကို ကြားသောအခါ ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က သူ့ဘေးမှ ချောမောလှပသော အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
“ အဲ့ဒီအကြောင်းကို ဆက်မပြောရအောင်… ကလန်ရဲ့ ဝိညာဉ်သတ္ထုတွင်း (၃၅)တွင်းထဲမှာ ဒီနေရာက အငြိမ်းချမ်းဆုံးပဲ… အရိုးသားဆုံးပြောရရင် ဒီကို အခုမှ ပထမဆုံးအကြိမ် ငါရောက်ဖူးတာပဲ… အခုကစပြီး ငါတို့က ဂျူနီယာညီမလင်းကို အားကိုးရတော့မယ် ”
ယင်းကို တခြားလူများ ကြားသောအခါ သူတို့က ပြုံးလိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
“ အမှန်ပဲ… ဒီဝိညာဉ်သတ္ထုတွင်းရဲ့ အစောင့်အရှောက်က အကြီးအကဲလင်းဒူပဲ… အကြီးအကဲလင်းဒူက ကလန်ရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဂျူနီယာညီမလင်းရဲ့ ဘိုးဘေးလည်း ဟုတ်တယ်… ခဏနေ အကြီးအကဲလင်းဒူနဲ့ ငါတို့တွေ့ဆုံတဲ့အခါ ဂျူနီယာညီမလင်းက ငါတို့အတွက် စကားကောင်းတချို့ ကူပြောပေးမယ်လို့ မျှော်လင့်တယ်… ဒါမှ အကြီးအကဲလင်းဒူဆီကနေ အကြံဉာဏ်တချို့ ငါတို့ရရှိနိုင်လိမ့်မယ်”
“ အကြီးအကဲလင်းဒူက ကလန်အပြင်ကလူဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကြောင့် သူ့ဆီက အကြံဉာဏ်တချို့က ငါတို့အတွက် အရမ်းအကျိုးရှိလိမ့်မယ် ”
ရယ်မောသံများကြားတွင် ဂျူနီယာညီမလင်းဟု ခေါ်ဆိုသော အမျိုးသမီးက ပြုံးလိုက်သည်။
“ အကိုဟိုင်ရှန်းက အရမ်းချဲ့ကားပြောတာပဲ… ငါက ဘိုးဘေးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားရုံပါပဲ… နင်တို့လို လူတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ ”
“ ဘိုးဘေးက ဒီနေရာကို စောင့်ကြပ်နိုင်တာ နင်တို့ကလန်ရဲ့ အခွင့်အရေးပေးမှုကြောင့်ပါ ”
“ ဒါပေမဲ့ အကိုဟိုင်ရှန်းက ပြောနေမှတော့ ခဏနေ ဘိုးဘေးကို ငါတွေ့တဲ့အခါ ကမ္ဘာငယ်တွေထဲ ဝင်ရောက်ပြီး ဝိညာဉ်စွမ်းအင်စုပ်ယူနိုင်ဖို့ အားလုံးအတွက် ငါကူပြောပေးပါ့မယ် ”
“ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ ဂုဏ်သရေရှိ စီနီယာအကိုတွေက ကမ္ဘာငယ်တွေထဲမှာ စိတ်အေးလက်အေး အနားယူနိုင်ဖို့ ငါမျှော်လင့်ပါတယ် ”
ချောမောလှပသော အမျိုးသမီးက နူးညံ့စွာ ပြောသည်။ သူ၏ လေသံက နှိမ့်ချဟန် ထင်ရသော်လည်း သူက ထိုကျင့်ကြံသူများ၏ ချီးမွမ်းပြောဆိုမှုကို အတော်လေး သဘောကျနေကြောင်း ထင်ရှားပေသည်။
ထိုသို့ဖြင့် သူတို့က ရယ်ရယ်မောမော စကားပြောနေကြစဉ် လှေက ဝိညာဉ်သတ္ထုတွင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြသည်။ လင်းအမည်ရသော အမျိုးသမီးက ဟိုင်ရှန်း၏ အနောက်မှာ ရပ်လိုက်သည်။ သူက အရှေ့သို့ ပထမဆုံး လျှောက်သွားပြီး ဘိုးဘေးထံသို့ အသံပို့လွှတ်ရန် ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။
တခြားလူများက စိတ်အေးလက်အေး ရှိနေကြသည်။ သူတို့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ဝိညာဉ်သတ္ထုတွင်း၏ စည်းချအစီအရင် ပွင့်သွားမည်ကို စောင့်ဆိုင်းနေကြသည်။
သို့သော်လည်း အချိန်တစ်ခဏ ကြာသွားသည့်တိုင်အောင် ဝိညာဉ်သတ္ထုတွင်း၏ စည်းချအစီအရင်က ဘာမှမပြောင်းလဲသွားချေ။ ထိုအခါ လင်းအမည်ရသော အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။
ဘိုးဘေးထံသို့ အသံပို့လွှတ်ရာတွင် မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
“ ထူးဆန်းတယ်… ”
လင်းအမည်ရသော အမျိုးသမီးက တစ်ခဏ တွေးတောလိုက်ပြီး သူ့အနောက်မှ လူများကို ကြည့်လိုက်သည်။
“ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်မယ်… အကိုဟိုင်ရှန်း… နင်က ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်တာကြောင့် နင့်ဆီမှာ ဝိညာဉ်သတ္ထုတွင်းရဲ့ စည်းချအစီအရင်ကို ဖွင့်နိုင်တဲ့ အခွင့်အာဏာရှိတယ်မလား… ဘာလို့ နင်မကြိုးစားကြည့်တာလဲ ”
ဟိုင်ရှန်းက သူ့အရှေ့မှ စည်းချအစီအရင်ကို ကြည့်လိုက်သည်။ စည်းချအစီအရင်၏ အလင်းရောင်ကြောင့် အထဲမှ အခြေအနေကို သူမမြင်နိုင်ပေ။
သူက တစ်ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
“ ငါ့မှာ အခွင့်အာဏာရှိပေမဲ့ ဒီနေရာက အကြီးအကဲလင်းဒူ စောင့်ကြပ်တဲ့ နေရာပဲ… ခွင့်မတောင်းဘဲ ဝင်ရောက်တာက မလေးစားရာကျတယ် ”
“ အကြီးအကဲလင်းဒူက တံခါးပိတ်ကျင့်ကြံနေမှတော့ ငါတို့ ခဏစောင့်ကြမယ် ”
ယင်းကို တခြားလူများကြားသောအခါ သူတို့က သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
လင်းအမည်ရသော အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး သူ့အသံကို ဆက်လက် ပို့သည်။ သူက ဘိုးဘေး၏ အစေခံဆီကိုပင် အသံပို့လွှတ်လိုက်သည်။ သို့သော်လည်း မည်သည့်တုံပြန်မှုမှ မရှိပေ။
ထိုသို့အခြေအနေကို ပထမဆုံးအကြိမ် သူတွေ့ကြုံဖူးခြင်း ဖြစ်သည်။ တဖြည်းဖြည်း သူက အနည်းငယ် စိတ်ဆိုးသွားပြီး မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင့်ကြလာသည်။ သို့သော်လည်း ဘိုးဘေး၏ ကျင့်ကြံခြင်းနှင့် အကျင့်စရိုက်ကို သူစဉ်းစားမိသွားသောအခါ မတော်တဆမှုဖြစ်နိုင်ခြေက အလွန်နည်းပါးကြောင်း တွေးမိသွားသည်။
သူတို့အုပ်စု သတိမထားမိသည်မှာ ထိုအခိုက်အတန့်တွင် အေးစက်စက်အကြည့်က စည်းချအစီအရင်၏ အပြင်သို့ ဖောက်ထွင်းသွားခြင်း ဖြစ်သည်။
ထိုအကြည့်က လူတိုင်းပေါ်သို့ ဖြတ်သန်းသွားသည်။
“ ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံသူက သုံးယောက်… မဟာလောကနှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူက လေးယောက်… တစ်ယောက်က မဟာလောကသုံးခုဖြစ်ပြီး အသန်မာဆုံးတစ်ယောက်က မဟာလောကလေးခုမှာပဲ ”
ဝိညာဉ်သတ္ထုတွင်းထဲတွင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနေသော ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူက အပြင်သို့ လှမ်းကြည့်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
ထိုလူများကို သတ်ဖြတ်ရန် သူ့အတွက် အလွန်လွယ်ကူသည်။
သို့သော်လည်း ရွှီချင်းက မလိုအပ်ဘဲ လူမသတ်ချင်ပေ။ မည်သို့ဖြစ်ပါစေ အကယ်၍ သူက လူအများကြီး သတ်လိုက်မည်ဆိုလျှင် ယင်းက အနာဂတ်မှာ သူ့အတွက် ပြဿနာတချို့ကို ခေါ်ဆောင်လာလိမ့်မည်။
အကယ်၍ သူတို့ကို မသတ်လျှင် ထိုလူများက ဤနေရာမှ မူမမှန်မှုကို ကလန်ဆီ ပြန်တင်ပြနိုင်လောက်သည်။ သို့သော်လည်း ဤနေရာမှ မူမမှန်မှုက ချိပ်ပိတ်ထားသော ဝိညာဉ်သတ္ထုတွင်းသာလျှင် ဖြစ်၏။ သူတို့က အခြေအနေကို အသေးစိတ် မသိထားမှတော့ ကလန်က စုံစမ်းစစ်ဆေးရန် လူလွှတ်မည်ဆိုလျှင်ပင် ချက်ချင်း ရောက်မလာနိုင်ပေ။ ထိုလုပ်ငန်းစဉ်အတွက် အချိန်တချို့ လိုအပ်လိမ့်မည်။
သို့သော်လည်း အကယ်၍ သူက ထိုလူများကို သတ်လိုက်မည်ဆိုလျှင် သွေးမျိုးဆက်နှင့် တခြားမန္တန်များကြောင့် သူတို့ကလန်က ဝိညာဉ်သတ္ထုတွင်းထဲမှ မူမမှန်သော အခြေအနေကို ချက်ချင်း ရှာတွေ့သွားလိမ့်မည်။
သို့ဖြစ်၍ တစ်ဖက်လူက သေလမ်းမရှာသရွေ့ ရွှီချင်းက တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ယင်းအစား သူက ဝိညာဉ်စွမ်းအင်ကို ဆက်ပြီး စုပ်ယူလိုက်သည်။
ယခု ဤနေရာမှ ဝိညာဉ်စွမ်းအင်သည် အတော်လေး နည်းပါးသွားသည်။ ယင်းတို့ကို အကုန်လုံး စုပ်ယူရန် အချိန်နှစ်နာရီကြာမြင့်လိမ့်မည်ဟု ရွှီချင်း ခန့်မှန်းထားသည်။
ဝိညာဉ်စွမ်းအင်က သူ၏ ကျင့်ကြံခြင်းအခြေခံကို တစ်ဟုန်ထိုး မြှင့်တင်ပေးနိုင်သော်လည်း ရွှီချင်းက လောလောဆယ်တွင် ကျင့်ကြံခြင်းအဆင့်ကို အာရုံမထားပေ။ ယင်းအစား သူက ဝိညာဉ်စွမ်းအင်ဖြင့် သူ၏ အန္တိမတာအိုခုနစ်ခုကို အာဟာရဖြည့်ပေးလိုက်သည်။
ယင်းတို့ထဲတွင် သူက အချိန်နှင့်လေဟာနယ်ကို အဓိက အာရုံစိုက်ထားသည်။
ရွှီချင်း၏ ဆင်ခြင်သုံးသပ်မှုအရ သူ၏ အန္တိမအချိန်တာအိုနှင့် အန္တိမလေဟာနယ်တာအိုက အလုံအလောက် မသန်မာသေးကြောင်း သူခံစားမိသည်။
သို့ဖြစ်၍ ရွှီချင်းက ဤနေရာမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနေရင်း ဝဲကတော့ကို ဖြတ်သန်းခဲ့စဉ်က အတွေ့အကြုံများကို ပြန်ဆင်ခြင်သုံးသပ်လိုက်သည်။
သူက ကမ္ဘာငယ်ထဲမှာလည်း ထိုသို့လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ဝိညာဉ်စွမ်းအင်ကို အထောက်အပံ့အနေဖြင့် အသုံးပြုထားသည်။
တစ်ချိန်တည်းမှာ သူက လျောင်ရွှမ်းသူတော်စင်အရည်ကိုလည်း သောက်သုံးလိုက်သည်။
ယင်းက ရွှီချင်း၏ ဆင်ခြင်နားလည်မှုကို အဆင်ပြေချောမွေ့စေသည်။
ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။
ရွှီချင်းက ကိစ္စများကို မရှုပ်ထွေးစေချင်သော်လည်း ကံကြမ္မာက သူ့အလိုကျ ဖြစ်မလာပေ။
တစ်နာရီကြာပြီးနောက် စည်းချအစီအရင်၏ အပြင်ဘက်မှ ဟိုင်ရှန်းသည် တဖြည်းဖြည်း သံသယဝင်လာသည်။ ထို့နောက် သူက လင်းအမည်ရသော အမျိုးသမီးကို ပြောသည်။
“ ဂျူနီယာညီမလင်း… အကြီးအကဲလင်းဒူက တံခါးပိတ်ကျင့်ကြံနေတာဆိုရင်တောင် သူ့အနားမှာ အစေခံတစ်ယောက် ရှိတယ်မဟုတ်လား… မင်း အဲ့ဒီအစေခံကို ဆက်သွယ်ကြည့်ပြီးပြီလား ”
စိတ်မသက်မသာဖြစ်သော ခံစားမှုက လင်းအမည်ရသော အမျိုးသမီး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ခေါင်းညိတ်လိုက်သည်။
“ ငါဆက်သွယ်ကြည့်ပြီးပြီ… ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိဘူး ”
ယင်းကို တခြားလူများကြားသောအခါ သူတို့၏ အမူအရာက ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက ဟိုင်ရှန်းကို ကြည့်လိုက်ကြသည်။
ဟိုင်ရှန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ စီနီယာလင်းဒူက တံခါးပိတ်ကျင့်ကြံနေမှတော့ သူ့ကို အနှောင့်အယှက်ပေးတာ မသင့်တော်ဘူး… အခု ငါတို့ထွက်သွားသင့်ပြီ ”
ထိုသို့ပြောပြီးနောက် သူက အနက်ရောင်လှေဆီသို့ ပျံသန်းသွားသည်။
တခြားလူများက တုံ့ဆိုင်းနေကြသော်လည်း လှေဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြဆဲပင်။ သို့သော်လည်း လင်းအမည်ရသော အမျိုးသမီး၏ နှလုံးသားထဲမှ စိတ်မသက်မသာဖြစ်မှုက ပိုပြီးအားကောင်းလာသည်။ သူက ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ဟိုင်ရှန်း၏ တည်ကြည်လေးနက်သော အမူအရာကို မြင်တွေ့သွားသောအခါ သူက စကားမပြောဝံ့ချေ။
ထိုသို့ဖြင့် လူတိုင်းက လှေပေါ်သို့ ရောက်ရှိသွားကြပြီး လှေက မြန်ဆန်စွာ ထွက်ခွာသွားသည်။
အကွာအဝေးတစ်ခုသို့ ပျံသန်းသွားပြီးနောက် လှေက ရပ်တန့်သွားသည်။ ဟိုင်ရှန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ခေါင်းလှည့်ကာ ဝိညာဉ်သတ္ထုတွင်းဆီသို့ ကြည့်လိုက်သည်။ သူက လေးနက်စွာ တွေးတောလိုက်သည်။
‘ လင်းမိသားစုဘိုးဘေးနဲ့ သူ့အစေခံက ဘာစကားမှ ပြန်မပြောကြဘူး… သူတို့က တကယ်ပဲ တံခါးပိတ်ကျင့်ကြံနေတာလား ဒါမှမဟုတ် အပြင်ကို ထွက်သွားကြတာလား… ဒါပေမဲ့ တကယ်လို့ သူတို့က အပြင်ကို ထွက်သွားမယ်ဆိုရင်တောင် ငါတို့ကို အသံပို့လွှတ်ဖို့ မခက်ခဲလောက်ပါဘူး… ဒီတော့ ဖြစ်နိုင်တာက သူတို့က အကြောင်းအရင်းတချို့ကြောင့် ငါတို့ကို အာရုံမစိုက်နိုင်တာများလား ’
‘ ပြီးတော့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်… အဲ့ဒါက ဝိညာဉ်သတ္ထုတွင်းထဲမှာ မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာတာပဲ ’
‘ ဒါပေမဲ့ စည်းချအစီအရင်ရဲ့ ချိပ်တံဆိပ်က အကောင်းတိုင်း ရှိနေသေးပြီး ဖျက်ဆီးခံထားရတဲ့ အရိပ်အယောင် မတွေ့ရဘူး… ဆိုလိုတာက တကယ်လို့ မတော်တဆမှုတစ်ခုဖြစ်ခဲ့ရင်တောင်မှ အဲ့ဒါက အပြင်ကို မပျံ့နှံ့သွားဘူး ’
‘ ဒါ့အပြင် အစောနက စည်းချအစီအရင်နားမှာ တစ်နာရီကြာအောင် ငါတို့နေခဲ့တာတောင် တိုက်ခိုက်မခံခဲ့ရဘူး… ငါတို့ထွက်သွားတော့လည်း တားဆီးမခံခဲ့ရဘူး… ’
‘ အဲ့ဒါတွေအားလုံးက… ’
ဟိုင်ရှန်းက တစ်ခဏ တွေးတောပြီးနောက် လင်းအမည်ရသော အမျိုးသမီးကို ရုတ်တရက် ပြောသည်။
“ ဂျူနီယာညီမလင်း… မင်းရဲ့ ဘိုးဘေးမှာ ရန်သူတွေရှိလား… မင်းတို့နှစ်ယောက် ဘယ်တုန်းက နောက်ဆုံးအကြိမ် ဆက်သွယ်ခဲ့တာလဲ ”
ယင်းကို လင်းအမည်ရသော အမျိုးသမီးက ကြားသောအခါ အမြန်ပြောသည်။
“ ဘိုးဘေးက အရမ်းသတိကြီးပြီး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တည်ငြိမ်တယ်… ငါသိသလောက်ပြောရရင် ဘိုးဘေးက သူ့ရန်သူတွေကို အနိုင်ယူနိုင်ခဲ့တယ်… ပြီးတော့ သူက ဒီနေရာမှာ တာဝန်ကျပြီးကတည်းက အပြင်ကို တစ်ခါမှ မထွက်ခဲ့ဘူး ”
“ နောက်ဆုံးအကြိမ် ငါတို့ဆက်သွယ်ခဲ့တာက ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ… တာဝန်ပြီးမြောက်ပြီးတဲ့နောက် ဘိုးဘေးဆီ အလည်လာမယ်လို့ သူ့ကို ငါဆက်သွယ်ခဲ့တယ် ”
ဟိုင်ရှန်းက လေးနက်စွာ တွေးတောလိုက်သည်။ တစ်စုံတစ်ခုမှားယွင်းနေသည်ဟူသော ဖြစ်နိုင်ခြေက အလွန်နည်းပါးကြောင်း သူခံစားမိသည်။ အကယ်၍ မတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်ရှိသော် ယင်းက စဦးအခြေအနေမှာသာ ရှိနိုင်၏။ အကြီးအကဲလင်းဒူကို အနှောင့်အယှက်ပေးနိုင်သည့် ထိုကိစ္စက သေချာပေါက် အုပ်ချုပ်သူအဆင့်မှာ ဖြစ်ရမည်။
သို့သော်လည်း ယင်းက သူ့အား အကျိုးဆောင်မှုကို ပေးအပ်နိုင်သည်။
‘ တကယ်လို့ ဒီနေရာက မူမမှန်မှုကို ကလန်ဆီ အကြောင်းကြားမယ်ဆိုရင် အကျိုးဆောင်မှုကို ငါရရှိလိမ့်မယ်… ဒါပေမဲ့ ကလန်က လာစစ်ဆေးတဲ့အခါ အားလုံးက ပုံမှန်ဖြစ်နေမယ်ဆိုရင် ကလန်က ငါ့ကို သေချာပေါက် စိတ်ပျက်သွားလိမ့်မယ် ’
‘ ဒီတော့… ’
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဟိုင်ရှန်းက ကိုယ့်ဘာသာ တွေးတောလိုက်သည်။
‘ ငါက အဝေးကနေ လှမ်းကြည့်မယ်ဆိုရင်ရော… အဲ့ဒါက အဆင်ပြေနိုင်လောက်တယ် ’
ထိုသို့တွေးမိသောအခါ သူက ကျောက်စိမ်းပြားတစ်ခုကို ရုတ်တရက် ထုတ်လိုက်သည်။ သူက ကျောက်စိမ်းပြားကို ဖျစ်ညှစ်လိုက်ပြီး ကလန်၏ တိုက်ရိုက်မျိုးဆက်ဟူသော အခွင့်အာဏာကို အသုံးပြုလိုက်သည်။ ထို့နောက် သူက အဝေးမှ ဝိညာဉ်သတ္ထုတွင်း၏ စည်းချအစီအရင်ကို အာရုံစိုက်လိုက်လေရာ သွေးနီရောင်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကြည့်တစ်ချက်နှင့်အတူ သူ၏ အခွင့်အာဏာက ဝိညာဉ်သတ္ထုတွင်းပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ စည်းချအစီအရင်အတွင်းမှ ဝေဝါးသော မြင်ကွင်းက တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။
စည်းချအစီအရင်အတွင်းမှ မြင်ကွင်းကို မြင်တွေ့သွားပြီးနောက် သူ၏ အမူအရာက သိသိသာသာ ပျက်ယွင်းသွားသည်။
သူမြင်လိုက်ရသည်မှာ အပျက်အစီးများနှင့် အေးစက်စက် မျက်လုံးတစ်စုံဖြစ်သည်။
သူက တစ်ချက်သာ ကြည့်ရသေးသော်လည်း သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည်ပင် တုန်လှုပ်သွားသည်။
“ မြန်မြန်ထွက်တော့ ”
ဟိုင်ရှန်းက တုံ့ဆိုင်းမနေဘဲ လှေကို အမြန်အသက်သွင်းလိုက်ပြီး ထွက်ခွာသွားသည်။ တစ်ချိန်တည်းမှာ သူက ကလန်၏ ကျောက်စိမ်းပြားကို အမြန်ထုတ်လိုက်ပြီး အကူအညီတောင်းလိုက်သည်။
တခြားလူများက အခြေအနေကို အသေးစိတ် နားမလည်ကြသော်လည်း ဟိုင်ရှန်း၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ သူတို့အားလုံး ထိတ်လန့်ချောက်ချားသွားကြသည်။
သို့သော်လည်း ဟိုင်ရှန်းက ကျောက်စိမ်းပြားကို မထုတ်နိုင်ခင် အေးစက်စက် စကားသံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။
“ မင်း မကြည့်ခဲ့သင့်ဘူး ”
အသံက ပဲ့တင်ထပ်သွားသည်နှင့် ဟိုင်ရှန်းနှင့် တခြားလူများ၏ မျက်လုံးထဲတွင် ကောင်းကင်က မည်းမှောင်သွားသည်။ အမှန်မှာ ကောင်းကင်က ဧရာမလက်ဝါးတစ်ခုဖြင့် အစားထိုးခံလိုက်ရခြင်း ဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ကျုံ့သွားပြီး အချိန်စီးဆင်းမှုက ရှည်လျားသွားသည်။
နောက်ဆုံးမှာတော့ အရာအားလုံးက မည်းမှောင်သွားသည်။
ဧရာမလက်က အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။
သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။ အနက်ရောင်လှေသည်ပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
ဘေးပတ်ဝန်းကျင်က ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
တစ်ခဏကြာပြီးနောက် ဝိညာဉ်သတ္ထုတွင်း၏ စည်းချအစီအရင်ထဲမှာ လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။ ရွှီချင်းက ဝိညာဉ်စွမ်းအင်စုပ်ယူခြင်းကို အဆုံးသတ်လိုက်ပြီး အပြင်သို့ ထွက်လျှောက်သွားသည်။
သူက ကောင်းကင်ကို ကြည့်လိုက်သည်။
“ အမှတ်ငါးကြယ်တာရာစက်ဝန်း… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
နောက်အခိုက်အတန့်မှာ သူက နေရာမှ ပျောက်ကွယ်သွားသည်။