← Chapters

အခွင့်အာဏာ၏ အရင်းအမြစ်(ဂ)

Vol. 102 Ch. 1572

အခွင့်အာဏာ၏ အရင်းအမြစ်(ဂ)

Vol. 102 Ch. 1572

အမည်က ကွဲပြားသော်လည်း အဓိပ္ပာယ်က တူညီသည်။

အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်စုစည်းခြင်းက နတ်ဘုရားကို လက်ခံထားခြင်း မဟုတ်ပေ။ ယင်းအစား ရှေးဦးဝိညာဉ်ကို ဖြစ်သည်။

ဝိညာဉ်စုစည်းခြင်းအဆင့်၏ အနှစ်သာရကိုတော့ ရွှီချင်းက ဝမ်ကူးကုန်းမြေမှ မထွက်လာခင် စူးစမ်းလေ့လာခဲ့သည်။

သူက ထိုအဆင့်၏ အခြေခံသဘောတရားကို နားလည်ထားသည်။ ယင်းက နိယာမများနှင့် ဥပဒေသများကို ဆင်ခြင်နားလည်ပြီးနောက် ကိုယ်ပိုင်မဟာလောကတစ်ခုကို ဖွဲ့စည်းရခြင်း ဖြစ်သည်။

အဆုံးမှာ မဟာလောကကိုးခု ဖွဲ့စည်းသွားလိမ့်မည်။

ထိုမဟာလောကကိုးခုက တစ်ခုနှင့်တစ်ခု တူညီနိုင်သလို ကွဲပြားခြားနားနိုင်သည်။ ယင်းတို့က ကျင့်ကြံသူ၏ အတွေ့အကြုံများနှင့် အတွေးအခေါ်များပေါ်မှာ မူတည်သည်။ သို့သော်လည်း မည်သည့်မဟာလောကကို ဖွဲ့စည်းလိုက်ပါစေ အဆုံးမှာ ယင်းတို့က အာဟာရဓာတ်များ ဖြစ်လာကြလိမ့်မည်။

ယင်းတို့က ကျင့်ကြံသူကို အုပ်ချုပ်သူအဆင့်သို့ တွန်းပို့ပေးမည့် အာဟာရဓာတ်များ ဖြစ်ကြသည်။

သို့သော်လည်း အုပ်ချုပ်သူအဆင့်ဆီသို့ လမ်းစဉ်သည် ဝမ်ကူးကုန်းမြေမှာ ဖြတ်တောက်ခံထားရသည်။ တစ်စုံတစ်ယောက်က ထိုလမ်းစဉ်ကို ပြန်ဆက်နိုင်သော အထူးမျိုးဆက်သွေးတစ်ခုကို မပိုင်ဆိုင်ထားလျှင် အုပ်ချုပ်သူအဆင့်သို့ မည်သို့မှ တတ်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ဖြစ်ရခြင်းမှာ အတိတ်တွင် နွေဦးအင်မော်တယ်ကိုးပါးက ဖန်တီးခဲ့သော ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံတာအိုများမှာ ပြဿနာတစ်ခုရှိနေခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း အကြီးမားဆုံး အကြောင်းအရင်းမှာ ဝမ်ကူးကုန်းမြေပေါ် နတ်ဘုရားမျက်နှာပျက်ကြီး၏ လွှမ်းမိုးမှုကြောင့် ဖြစ်သည်။

နတ်ဘုရားအရှိန်အဝါက အလွန်အားကောင်းသောကြောင့် အင်မော်တယ်များ ပေါ်ထွန်းလာရန် အလွန်ခက်ခဲသည်။

ထို့ပြင် အုပ်ချုပ်သူအဆင့်က ထူးခြားသည်။

ယင်းက မဟာလောကကိုးခုကို အတူတကွ ပေါင်းစည်းပြီး အင်မော်တယ်သန္ဓေသားလောင်းကို ပျိုးထောင်ရသော အဆင့်ဖြစ်သည်။

ယင်းက ကျင့်ကြံသူများနှင့် အင်မော်တယ်များကြားမှ အကြီးမားဆုံး ရေလက်ကြားလည်း ဖြစ်သည်။

တစ်စုံတစ်ယောက်က အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းနိုင်သွားလျှင် ခြေလှမ်းဝက် အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်။ ယင်းက မဟာဧကရာဇ်အဆင့်လည်း ဖြစ်သည်။

ဥပမာ အတိတ်တွင် ဧကရီသည် ရွှမ်ကျန်း၏ သွေးမျိုးဆက်ကို အမွေဆက်ခံခဲ့ပြီး ဓားကိုင်ဧကရာဇ်၏ အကူအညီမှတဆင့် လူသားမျိုးနွယ်တစ်ခုလုံး၏ ကမ္မစွမ်းအားအထောက်အပံ့ကို ရရှိခဲ့သည်။ ထို့ကြောင့် သူက အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်သွားခဲ့သည်။ သို့သော်လည်း ယင်းက သူ၏ အကန့်အသတ်ဖြစ်သည်။

သူက အုပ်ချုပ်သူအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သော်လည်း ဘယ်သောအခါမှ မဟာဧကရာဇ်အဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် ဝမ်ကူးကုန်းမြေထဲတွင် မဟာဧကရာဇ်အသစ်တစ်ပါး မထွက်ပေါ်လာတော့ချေ။

သို့ဖြစ်၍ ဧကရီက ရွေးချယ်စရာမရှိသည့်အဆုံး နတ်ဘုရားတာအိုဘက်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူက နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို အသုံးပြု၍ ဘယ်သောအခါမှ သူဖွဲ့စည်းနိုင်မှာ မဟုတ်သည့် အင်မော်တယ်သန္ဓေသားလောင်းကို လောင်စာအဖြစ် အသုံးပြုခဲ့သည်။

ထိုနည်းဖြင့် သူ၏ နတ်ဘုရားမီးတောက်က တစ်ဟုန်ထိုး လောင်မြိုက်သွားပြီး ထွန်းလင်းတောက်ပလာသည်။ နောက်ဆုံးမှာတော့ သူက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ခြေချနိုင်သွားခဲ့သည်။

ထိုအခိုက်အတန့်မှာစ၍ ဧကရီ၏ အင်မော်တယ်လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရသည်။

ယင်းက ဝမ်ကူးကုန်းမြေမှ သူမထွက်လာခင် အုပ်ချုပ်သူလမ်းစဉ်၊ မဟာဧကရာဇ်လမ်းစဉ်နှင့်ပတ်သက်ပြီး နွေဦးအင်မော်တယ်နန်းတော်ထံမှ ရွှီချင်း သင်ယူခဲ့သော အရာဖြစ်သည်။

အခွင့်အာဏာများသည်တော့ နွေဦးအင်မော်တယ်နန်းတော်၏ မှတ်တမ်းများအရ ယင်းက ရွှမ်ကမ္ဘာမြေထဲမှာ တစ်ခါမှ မထွက်ပေါ်ဖူးသောအရာ ဖြစ်သည်။

ယင်းက ဝမ်ကူးကုန်းမြေဆီသို့ အင်မော်တယ်များ ရောက်ရှိလာပြီးနောက်ပိုင်းမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အစတွင် အခွင့်အာဏာများက မူလအနှစ်သာရ၏ မူကွဲပုံစံတစ်မျိုးဖြစ်မည်ဟု နွေဦးအင်မော်တယ်နန်းတော်က ယုံကြည်ထားခဲ့သည်။ သို့သော်လည်း ရွှမ်ကမ္ဘာမြေမှ ကျင့်ကြံသူများသည် မူလအနှစ်သာရကို အချိန်အတော်ကြာအောင် သက်သေပြုခဲ့ပြီးပြီ ဖြစ်သည်။

ထို့ပြင် မူလအနှစ်သာရနှင့် အခွင့်အာဏာကြားတွင် ကြီးမားသော ကွာခြားချက်ရှိသည်။ အခွင့်အာဏာ တာအိုအမှတ်အသားက မူလအနှစ်သာရထက် သိသိသာသာ ပိုအစွမ်းထက်သည်။

အုပ်ချုပ်သူအဆင့်သည် အင်မော်တယ်သန္ဓေသားလောင်းကို ပျိုးထောင်ရသော အဆင့်ဖြစ်သည်။ ယင်းက နောက်ပိုင်းတွင် အင်မော်တယ်တာအိုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အင်မော်တယ်တာအိုသည် ကောင်းကင်ဘုံတာအိုထက် သာလွန်သော ဒြပ်မဲ့စွမ်းအင်တစ်မျိုး ဖြစ်သည်။ ယင်းက အခွင့်အာဏာ တာအိုအမှတ်အသားများအဖြစ် တည်ရှိသည်။

နွေဦးအင်မော်တယ်နန်းတော်သည်ပင် အခွင့်အာဏာ တာအိုအမှတ်အသားများက မည်သို့မည်ပုံ ဖြစ်ပေါ်လာကြောင်း နားမလည်ပေ။

ယေဘုယျအားဖြင့် သူတို့ယုံကြည်ထားသည်မှာ အခွင့်အာဏာ တာအိုအမှတ်အသားများသည် အုပ်ချုပ်သူအဆင့်မှာသာလျှင် ထွက်ပေါ်လာနိုင်သည်။

သို့သော်လည်း ထိုအချက်နှင့်ပတ်သက်ပြီး ချွင်းချက်တချို့ ရှိသည်။ ဥပမာ ကောင်းကင်အရွေးချယ်ခံတချို့သည် ဝိညာဉ်စုစည်းခြင်းအဆင့်မှာကတည်းက သူတို့၏ အခွင့်အာဏာများကို ဖွဲ့စည်းနိုင်ကြသည်။

နတ်ဘုရားမျက်နှာပျက်ကြီး မရောက်လာခင်က ဝမ်ကူးကုန်းမြေသည် အခွင့်အာဏာ ဖွဲ့စည်းနိုင်သော အချိန်ကာလပေါ်မူတည်၍ ကောင်းကင်အရွေးချယ်ခံများ၏ ပါရမီကို တိုင်းတာခဲ့ကြသည်။

နွေဦးအင်မော်တယ်ကိုတော့ အဆင့်နိမ့်အင်မော်တယ်ဟု ခေါ်ကြသည်။

အထွတ်အထိပ်သို့ ရောက်ရှိသွားသော အင်မော်တယ်သန္ဓေသားလောင်းများ၏ အသွင်ပြောင်းလဲမှုမှ ထွက်ပေါ်လာသော တည်ရှိမှုများသည် နောက်ပိုင်းတွင် အဆင့်ချိုးဖြတ်သွားကြပြီး အင်မော်တယ်များ ဖြစ်လာကြသည်။

နွေဦးအင်မော်တယ်နန်းတော်၏ မှတ်တမ်းများအရ နွေဦးအင်မော်တယ်အဆင့်သည် ရွှမ်ကမ္ဘာမြေ၏ အကန့်အသတ်ဖြစ်သည်။

ယင်းကို ရွှမ်ကမ္ဘာမြေ၏ အဆင့်ကိုးဟုလည်း ခေါ်ကြသည်။

( ဘာသာပြန်သူရဲ့ မှတ်ချက်: အဆင့်ကိုးက (ninth step)ကို ရည်ညွှန်းတာပါ… ဒီဟာနဲ့ဆိုရင် အာကန်းရဲ့ တခြားစာအုပ်တွေနဲ့လည်း အဆင့်နှိုင်းယှဉ်လို့ ရပါမယ်… ဥပမာ ဝမ်လင်းနဲ့ ဝမ်ပေါင်လဲ့တို့က အဆင့်တစ်ဆယ်ဖြစ်တာကြောင့် သူတို့က အင်မော်တယ်အရှင်သခင်တွေပါ… အဆင့်ဆယ့်တစ်က အင်မော်တယ်ဘုရင်ပါ… လောလောဆယ် အဲ့ဒီအဆင့်ကို ရောက်တဲ့လူက တစ်ယောက်ပဲရှိပါသေးတယ်… အဆင့်ဆယ့်နှစ်ကတော့ ဒဏ္ဍာရီလာအဆင့်ပါ… ဘာလို့လဲဆိုတော့ ဘယ်အင်မော်တယ်မှ အဲ့ဒီအဆင့်ကို မရောက်ဖူးသေးလို့ပါ )

သို့သော်လည်း ရွှမ်ကမ္ဘာမြေမှ နွေဦးအင်မော်တယ်နှင့် ဝမ်ကူးကုန်းမြေမှ နွေဦးအင်မော်တယ်ကြားတွင် ကြီးမားသော တိုက်ပွဲစွမ်းအား ကွာခြားမှု ရှိသည်။ ရွှမ်ကမ္ဘာမြေတွင် နွေဦးအင်မော်တယ်တစ်ပါးက ကြယ်တာရာစက်ဝန်းတစ်ခုလုံးကို သူ၏ အတွေးတစ်ချက်ဖြင့် ဖုံးလွှမ်းနိုင်သည်။ သူတို့က ကြယ်တာရာစက်ဝန်းကို မဖျက်ဆီးနိုင်ရုံမှလွဲ၍ အလွန်အစွမ်းထက်သော အနန္တတန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ဝမ်ကူးကုန်းမြေထဲမှာတော့ သူတို့က ထိုသို့မလုပ်ဆောင်နိုင်ကြပေ။

ထိုသို့ကွာခြားမှုနှင့်ပတ်သက်ပြီး နွေဦးအင်မော်တယ်နန်းတော်က အောက်ပါအတိုင်း သုံးသပ်ခဲ့သည်။

ဝမ်ကူးကုန်းမြေက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ တည်ရှိနေကြောင်း သူတို့နားလည်ထားကြသည်။ ကြယ်တာရာစက်ဝန်းကို အထွတ်အမြတ်ကောင်းကင်ခန္ဓာအဖြစ် သတ်မှတ်ထားပြီး ယင်းတို့က စုစုပေါင်း သုံးဆယ့်ခြောက်ခု ရှိကြသည်။

အမှတ်ကိုးကြယ်တာရာစက်ဝန်းကို ဟွမ်ကောင်းကင်ဘုံကြယ်တာရာစက်ဝန်းဟု ခေါ်ဆိုကြပြီး ယင်းက ကြယ်တာရာစက်ဝန်း(၃၆)ခုအနက် တစ်ခုဖြစ်သည်။

နွေဦးအင်မော်တယ်နန်းတော်၏ နားလည်ထားမှုအရ ထိုကြယ်တာရာစက်ဝန်း(၃၆)ခုသည် အဆင့်မြင့်ကြယ်တာရာစက်ဝန်းများ ဖြစ်ကြသည်။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းတို့က အထက်နယ်မြေ၏ ဖွဲ့စည်းပုံဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရွှမ်ကမ္ဘာမြေက အဆင့်နိမ့်ကြယ်တာရာစက်ဝန်းများ၏ သို့မဟုတ် အောက်နယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

နွေဦးအင်မော်တယ်နန်းတော်က ယုံကြည်ထားသည်မှာ အောက်နယ်မြေတွင် အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုနှင့် လိုက်လျောညီထွေသော အဆင့်နိမ့်ကြယ်တာရာစက်ဝန်း(၃၆)ခု တည်ရှိရုံသာမက ထိုထက် ပိုမိုများပြားသော ကြယ်တာရာစက်ဝန်းများလည်း ရှိနိုင်သေးသည်။

သို့သော်လည်း ရွှမ်ကမ္ဘာမြေ၏ အထက်က ဟွမ်ကောင်းကင်ဘုံဖြစ်သည်။

ယင်းက နွေဦးအင်မော်တယ်နန်းတော်၏ သုံးသပ်မှုသာဖြစ်ပြီး တိကျသော သက်သေမရှိပေ။

သို့သော်လည်း ထိုသုံးသပ်မှုကြောင့် နွေဦးအင်မော်တယ်များကြားမှ တိုက်ပွဲစွမ်းအား ကွာခြားမှုက အဖြေထွက်ပေါ်လာခဲ့သည်။

အဆင့်မြင့်ကြယ်တာရာစက်ဝန်းနှင့် အဆင့်နိမ့်ကြယ်တာရာစက်ဝန်းကြားမှ ဖိနှိပ်မှုသည် အလွန်ကွာခြားသည်။ သို့ဖြစ်၍ အင်မော်တယ်များ ထုတ်ဖော်နိုင်သော တိုက်ပွဲစွမ်းအားသည်လည်း ကွာခြားသွားသည်။

ယင်းက လောကကြီးတစ်ခုနှင့် ကမ္ဘာငယ်တစ်ခုကြားမှ ကွာခြားမှုနှင့် ဆင်တူသည်။

ကမ္ဘာငယ်ထဲတွင် ဖိနှိပ်မှုက အလွန်သေးနုတ်သောကြောင့် တစ်စုံတစ်ယောက်က ရာသီဥတုကို အလွယ်တကူ အမိန့်ပေးနိုင်သည်။

သို့သော်လည်း လောကကြီးတစ်ခုတွင် ထိုသို့မလုပ်ဆောင်နိုင်ပေ။

နွေဦးအင်မော်တယ်နန်းတော်၏ သုတေသနပြုလုပ်မှုများအရ အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုက နတ်ဘုရားများ၏ စကြာဝဠာဖြစ်သည်ဟု သူတို့ယုံကြည်ထားကြသည်။

နတ်ဘုရားအခွင့်အာဏာများ၏ အရင်းအမြစ်၊ အာကာသဟင်းလင်းပြင်ထဲမှ တာအိုအမှတ်အသားများနှင့် လောက၏ ဖိနှိပ်မှုက အထက်နယ်မြေမှာ တည်ရှိသော အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)စလုံးမှာ တည်ရှိကြသည်။

ယင်းတို့က နတ်ဘုရားများကိုသာမက ကျင့်ကြံသူများကိုလည်း ကြီးကြီးမားမား ဖိနှိပ်ထားသည်။

ရွှီချင်းသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး အများကြီး မခံစားရပေ။

အဘယ့်ကြောင့်ဆိုသော် သူက ရွှမ်ကမ္ဘာမြေကို တစ်ခါမှ မရောက်ဖူးပေ။ ထို့ကြောင့် သူ၏ လက်ရှိတိုက်ပွဲစွမ်းအားက ရွှမ်ကမ္ဘာမြေမှာ မည်မျှအစွမ်းထက်ကြောင်း သူမသိပေ။

သူသည် မွေးဖွားလာသည့်အချိန်မှစ၍ ယခုအချိန်ထိ အဆင့်မြင့်ကြယ်တာရာစက်ဝန်းထဲမှာသာ ရှိနေခြင်း ဖြစ်သည်။

“ ငါ့ရဲ့ အန္တိမဒြပ်စင်ငါးမျိုးကနေ ဖွဲ့စည်းသွားတဲ့ အခွင့်အာဏာတွေက ဘာလို့ ထူးခြားနေတာလဲဆိုတော့… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ ရင်ဘက်ကို အလိုအလျောက် ထိတွေ့လိုက်သည်။

ထိုနေရာတွင် ခရမ်းသလင်းကျောက်က ထွန်းလင်းတောက်ပနေသည်။

“ ဒီသလင်းကျောက်က တကယ်ပဲ ဘာလဲ… ”

“ အန္တိမတာအိုဆယ်ခုကို ငါဆင်ခြင်နားလည်နေတုန်းက အဲ့ဒီတိုတမ်ထဲမှာ အပိုင်းအစဆယ်ခုအဖြစ် ကွဲထွက်သွားတဲ့ သလင်းကျောက်တစ်ခုကို ငါမြင်လိုက်ရတယ်… ”

“ ငါ့ရဲ့ သလင်းကျောက်ကတော့ မအက်ကွဲဘဲ အကောင်းတိုင်း ရှိနေတယ် ”

All Chapters