← Chapters

ရင်းနှီးသော အမှောင်ထု

Vol. 102 Ch. 1573

ရင်းနှီးသော အမှောင်ထု

Vol. 102 Ch. 1573

“ တောင်ပိုင်းကြယ်စင်စုထဲမှာ ငါ့ရဲ့ အဆင့်က (၁၁၄၅)… ”

ကောင်းကင်၌ မိုးသောက်အလင်းအောက်တွင် ရွှီချင်းက အရှေ့သို့ ပျံသန်းနေသည်။

သို့သော်လည်း သူ၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူက သက်လတ်ပိုင်းအမျိုးသားကို သတ်ဖြတ်နိုင်ခဲ့သော်လည်း စိတ်မအေးသွားပေ။ ယင်းအစား သူက ပိုပြီးသတိထားလာသည်။

အဘယ့်ကြောင့်ဆိုသော် အရည်အချင်းပြည့်မီတုံကင်ကို အသက်သွင်းပြီးနောက် တုံကင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။ ယခု သူက အင်မော်တယ်မြို့တော်၏ အမဲလိုက်ပွဲတော်ထဲမှာ တရားဝင် ပါဝင်သွားပြီ ဖြစ်သည်။

ထို့ပြင် အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်ကြောင်း နက်ရှိုင်းစွာ သူအာရုံခံနိုင်သည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ တုံကင်အချင်းချင်း အာရုံခံနိုင်သော အကွာအဝေးက တိုးမြှင့်သွားသောကြောင့် ဖြစ်သည်။

အရည်အချင်းပြည့်မီတုံကင်သည် ထူးခြားသည်။ အကယ်၍ တစ်စုံတစ်ယောက်က တုံကင်နှင့် မပေါင်းစပ်ထားလျှင် သူတို့က တခြားတုံကင်များကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ တခြားတုံကင်များက သူတို့၏ အနီးနားမှာ ရှိနေလျှင်ပင် ယင်းတို့ကို သူတို့၏ နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

တခြားတုံကင်များကို အာရုံခံနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တုံကင်နှင့် ပေါင်းစပ်ရန် ဖြစ်သည်။

တုံကင်က သူတို့ကို တခြားတုံကင်များအား အာရုံခံနိုင်စေမည့် အစွမ်းကို အပ်နှင်းပေးလိမ့်မည်။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ဤအရည်အချင်းပြည့်မီတုံကင်မှာ ထူးခြားသော အာရုံခံနိုင်စွမ်းရှိသည်။

ရွှီချင်းသည် သူ၏ အရည်အချင်းပြည့်မီတုံကင်ဖြင့် ပေါင်းစပ်ခဲ့စဉ်က ကီလိုမီတာငါးသောင်းအတွင်းမှာရှိသော တခြားတုံကင်များကို အာရုံခံနိုင်ခဲ့သည်။

အကယ်၍ ကီလိုမီတာငါးသောင်းအတွင်းမှာ တခြားတုံကင်များ ထွက်ပေါ်လာမည်ဆိုလျှင် ယင်းတို့ကို ချက်ချင်း သူအာရုံခံနိုင်လိမ့်မည်။

တခြားလူများသည်လည်း ထိုအတိုင်းဖြစ်လိမ့်မည်ဟု အစက သူတွေးထင်ထားခဲ့သည်။

သို့သော်လည်း တုံကင်ပိုင်ရှင်ဖြစ်သော သက်လတ်ပိုင်းအမျိုးသားကို သူသတ်ဖြတ်လိုက်ပြီးနောက် သူ၏ အဆင့်သာ မြင့်တတ်သွားခြင်းမဟုတ်ဘဲ သူ၏ အရည်အချင်းပြည့်မီတုံကင်သည်လည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ တုံကင်က နောက်တစ်ဆင့်သို့ တတ်လှမ်းသွားသည့်အလားပင်။

အဓိကပြောင်းလဲမှုမှာ တုံကင်၏ အာရုံခံနိုင်သော အကွာအဝေးဖြစ်သည်။ ယင်းက ယခင်ထက် ဆယ်ဆပိုတိုးမြှင့်သွားသည်။

သို့ဖြစ်၍ တုံကင်၏ အာရုံခံနိုင်သော အကွာအဝေးက ကီလိုမီတာငါးသိန်းဖြစ်သွားသည်။

ထို့ကြောင့် ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်နေခြင်း ဖြစ်သည်။

“ ငါက တုံကင်နောက်တစ်ခုပဲ ရရှိသေးတာတောင် တုံကင်ရဲ့ အာရုံခံနိုင်တဲ့ အကွာအဝေးက အဲ့လောက်တောင် တိုးမြှင့်သွားတာလား ”

“ တုံကင်အများကြီးကို စုပ်ယူပြီးတဲ့အခါကျရင် အာရုံခံနိုင်တဲ့ အကွာအဝေးက ကြောက်မခန်းလိလိ တိုးမြှင့်သွားလိမ့်မယ် ”

“ ဒါဆိုရင် တခြားလူတွေက… ”

ရွှီချင်း၏ သူငယ်အိမ်က အနည်းငယ် ကျုံ့သွားသည်။ ထိုရလဒ်က သူ့အတွက် မကောင်းမွန်ပေ။

ယင်း၏ ဆိုလိုရင်းမှာ တစ်စုံတစ်ယောက်က လူအများကြီးကို သတ်ပြီး တုံကင်အများကြီးကို ရရှိသွားလေ သူတို့၏ အာရုံခံနိုင်သော အကျယ်အဝန်းက ပိုပြီးတိုးမြှင့်သွားလေ ဖြစ်သည်။

ထို့ကြောင့် အာရုံခံနိုင်သော အကျယ်အဝန်းပေါ် မူတည်၍ ယှဉ်ပြိုင်သူများထံတွင် အားသာချက် အားနည်းချက်များ အလိုအလျောက် ထွက်ပေါ်လာလိမ့်မည်။

သန်မာသူက ပိုပြီးသန်မာလာပြီး အားနည်းသူက ပိုပြီးအားနည်းသွားလိမ့်မည်။

ထိုသို့အခြေအနေတွင် တုံကင်အများကြီးကို ပိုင်ဆိုင်ထားသော ရန်သူများက ရွှီချင်းကို အဝေးမှပင် အာရုံခံနိုင်ကြလိမ့်မည်။ သို့သော်လည်း တစ်ဖက်တွင်တော့ သူက ထိုလူများကို အာရုံမခံနိုင်ပေ။

ယင်းက ဤအမဲလိုက်ပွဲတော်အတွင်းမှာ အသက်အန္တရာယ်ဖြစ်စေနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက တုံကင်အများကြီးကို ရရှိထားမှတော့ တောင်ပိုင်းကြယ်စင်စုထဲမှာ သူ၏ အဆင့်သတ်မှတ်ချက်က သေချာပေါက် မြင့်မားရမည်။ ထုံးစံအားဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားသည်လည်း အလွန်သန်မာရမည်။

ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ သန်မာသော ယှဉ်ပြိုင်သူများဆီမှာ အလွန်ကျယ်ပြောသော အာရုံခံနိုင်သည့် အကွာအဝေး ရှိလာလိမ့်မည်။

ယင်းက သူတို့၏ သားကောင်ကို လွတ်မြောက်သွားရန် အလွန်ခဲယဉ်းစေလိမ့်မည်။

“ ယှဉ်ပြိုင်သူတစ်ယောက်ကို သတ်လိုက်ရုံနဲ့ ငါ့ရဲ့ အဆင့်က အဲ့လောက် မြင့်တတ်သွားတာ မထူးဆန်းတော့ပါဘူး ”

“ ဒုတိယအဆင့်ကို စတင်လိုက်တာနဲ့ အစောနက ငါလုပ်ခဲ့တဲ့ သတ်ဖြတ်မှုလိုမျိုး တူညီတဲ့ အဖြစ်အပျက်တွေက တောင်ပိုင်းကြယ်စင်စုတစ်ခုလုံးမှာ ဖြစ်ပွားလိမ့်မယ် ”

“ အဲ့ဒါက အမဲလိုက်ပွဲတော်ရဲ့ ဒုတိယအဆင့်ပဲ… ”

“ ဒီဟာက အမဲလိုက်ပွဲတော်လို့ တကယ်ပဲ ခေါ်ထိုက်ပါပေတယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

အရည်အချင်းပြည့်မီတုံကင်၏ အာရုံခံနိုင်သော အကွာအဝေးက တိုးမြှင့်သွားနိုင်လေရာ ရွှီချင်းက ဤအမဲလိုက်ပွဲတော်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာမှုကို ပိုပြီးရှင်းလင်းစွာ ခံစားမိသွားသည်။

အင်မော်တယ်မြို့တော်၏ အမဲလိုက်ပွဲတော်က ဂူကောင်ပျိုးထောင်ခြင်းနှင့် ဆင်တူကြောင်း သူခံစားမိသည်။

ရှင်းလင်းစွာပင် အင်မော်တယ်မြို့တော်က အိမ်ထဲမှာ ပျိုးထောင်ထားသော ပန်းပွင့်များကို မလိုချင်ပေ။ သူတို့က ဝံပုလွေဘုရင်ကို လိုချင်သည်။ သူတို့က အလောင်းတောင်များနှင့် သွေးပင်လယ်များကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးထွက်ပေါ်လာမည့် စစ်မှန်သော ကောင်းကင်အရွေးချယ်ခံများကိုသာ လိုချင်သည်။

သို့ဖြစ်၍ အာရုံခံနိုင်သော အကွာအဝေး၏ ကွာခြားမှုက အနည်းငယ် မမျှတဟန် ထင်ရသော်လည်း တခြားရှုထောင့်မှကြည့်လျှင် ယင်းက မျှတသည်။

အစတွင် ယင်းက လူတိုင်းအပေါ်မှာ မျှတသည်။ အရှေ့သို့ ဆက်ပြီး မည်သို့ရွေ့လျားမည်မှာ တစ်စုံတစ်ယောက်၏ အရည်အချင်းပေါ်မှာ မူတည်လိမ့်မည်။

သေခြင်းရှင်ခြင်းကို ကြိုတင်မခန့်မှန်းနိုင်ပေ။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤအမဲလိုက်ပွဲတော်က အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ရုတ်တရက် သူခံစားမိသွားသည်။

အနည်းဆုံးတော့ ယင်းက သူ့အား ကြီးမားသော ဖိအားကို ပေးသည်။

ဤနေရာသည် ဝမ်ကူးကုန်းမြေ မဟုတ်ပေ။ သို့ဖြစ်၍ အန္တရာယ်များမှ သူ့ကို ကယ်တင်ပေးမည့် သူ့ဆရာက မရှိပေ။ သူ့ကို ကူညီပေးမည့် ဧကရီနှင့် စီနီယာအကိုကြီးလည်း မရှိကြပေ။

ရွှံ့မြေခွေးသည်ပင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားများအပေါ် ငြင်းဆန်မှုကြောင့် နက်ရှိုင်းစွာ အိပ်မောကျနေသည်။

“ အရာအားလုံးကို ငါ့ဘာသာပဲ အားကိုးရလိမ့်မယ် ”

“ ငါဆုံးဖြတ်လိုက်တဲ့ အရာအားလုံးအတွက် နောက်ဆက်တွဲကို ငါတစ်ယောက်တည်းပဲ ရင်ဆိုင်ရလိမ့်မယ် ”

ရွှီချင်း၏ သတိထားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက အတွေးအားလုံးကို ဖယ်ရှားလိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။

တစ်ချိန်တည်းမှာ သူက အစောနက တိုက်ပွဲမှ သူရရှိခဲ့သော အကျိုးအမြတ်များကို တွက်ချက်လိုက်သည်။

သူ၏ အန္တိမဒြပ်စင်ငါးမျိုးက အခွင့်အာဏာများအဖြစ် ပြောင်းလဲသွားခြင်းသည် ယင်းတို့ထဲမှ တစ်ခုဖြစ်သည်။

“ ငါ့ရဲ့ အခွင့်အာဏာတွေက ဒြပ်စင်ငါးမျိုးပဲ မဟုတ်ဘူး… လေဟာနယ်နဲ့ အချိန်လည်း ရှိသေးတယ်… ဒါပေမဲ့ အဲ့ဒီနှစ်ခုကို အခွင့်အာဏာတွေအဖြစ် ပြောင်းလဲဖို့ ပိုပြီးဆင်ခြင်နားလည်ရဦးမယ် ”

“ နောက်တစ်ခုက ပယ်ဖျက်ခြင်းအခွင့်အာဏာနဲ့ သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်အတတ်ပညာပဲ ”

“ ဒီတော့ အတိအကျပြောရရင် အဲ့ဒါတွေအားလုံးကို အခွင့်အာဏာတွေအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ငါ့မှာ အခွင့်အာဏာကိုးခု ရှိသွားလိမ့်မယ် ”

“ ပြီးတော့ နောက်တစ်ခုက ငါ့ရဲ့ ကျင့်ကြံခြင်းပဲ… ငါ့ရဲ့ ဒြပ်စင်ငါးမျိုးအခွင့်အာဏာတွေကို အစွမ်းမြှင့်တင်ပေးဖို့ အာရုံစိုက်ရမယ်… ပြီးတော့ လေဟာနယ်တာအိုနဲ့ အချိန်တာအိုကိုရော ဆင်ခြင်နားလည်ရမယ်… အဲ့ဒါမှ အဌမမြောက် အန္တိမတာအိုကို ငါရှာတွေ့လိမ့်မယ် ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။

တုံကင်၏ အာရုံခံနိုင်စွမ်း တိုးမြှင့်သွားခြင်းက ဒုတိယအကျိုးအမြတ် ဖြစ်သည်။

တတိယအကျိုးအမြတ်က သိုလှောင်လက်စွပ်ဖြစ်သည်။

ယင်း၏ မူလပိုင်ရှင်က သေဆုံးသွားသည့်အခါ ထုံးစံအားဖြင့် သိုလှောင်လက်စွပ်ပေါ်မှ အမှတ်အသားက လွင့်ပြယ်သွားလိမ့်မည်။ သို့ဖြစ်၍ ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို သိုလှောင်လက်စွပ်ထဲသို့ ပို့လွှတ်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်ကြသူများက အတော်လေး အရင်းအမြစ်ပေါကြွယ်ဝသည်ဟု ဆိုနိုင်ပေသည်။

ရွှီချင်းက အကြောင်းအရင်းကို အကြမ်းဖျဉ်းမျှသာ ခန့်မှန်းနိုင်သည်။

ဝိညာဉ်သတ္ထုတွင်း၏ အစောင့်အရှောက်က တစ်နှစ်ပတ်လုံး သတ္ထုတွင်းကို စောင့်ကြပ်ပေးနေရသူ ဖြစ်သည်။ သို့ဖြစ်၍ ထုံးစံအားဖြင့် သူ့ဆီမှာ အရင်းအမြစ်ပေါများသည်။

ရွှီချင်းသတ်လိုက်သော ဒုတိယတစ်ယောက်သည်တော့…

အရည်အချင်းပြည့်မီတုံကင်ဖြင့် ပေါင်းစပ်ဝံ့သူများသည် ထုံးစံအားဖြင့် သွေးမုန်တိုင်းအတွက် ကြိုအသင့်ပြင်ထားသူများ ဖြစ်ကြသည်။ ထိုသို့လူများသည် များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် အစွန်းရောက် ယုံကြည်မှုရှိသူများ သို့မဟုတ် အသက်စတေးရန် ကြိုပြင်ဆင်ထားသူများ ဖြစ်ကြသည်။

ပထမအမျိုးအစားသည် ခန့်မှန်းရ ခက်ခဲသည်။ သို့သော်လည်း ဒုတိယအမျိုးအစားသည် တန်ဖိုးကြီးရတနာများကို ကိုယ်နှင့်မကွာ သေချာပေါက် ဆောင်ထားလိမ့်မည်။

ဤသိုလှောင်လက်စွပ်ပိုင်ရှင်က ဒုတိယအမျိုးအစား ဖြစ်သည်။

ထို့ကြောင့် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးများဖြစ်စေ သို့မဟုတ် အင်မော်တယ်ကျောက်စိမ်းများဖြစ်စေ အရေအတွက် အလွန်များပြားသည်။

သို့သော်လည်း ဓမ္မရတနာအနေဖြင့် ဆိုးဝါးစွာ ပျက်စီးနေသော သံလိုက်အိမ်မြှောင်တစ်ခုသာ ရှိသည်။ ယင်းက ကြီးကြီးမားမား ပျက်စီးနေကြောင်း ထင်ရှားသည်။ ယခုအချိန်မှာပင် ယင်းက ပြန်လည်ပြုပြင်နေဆဲ အခြေအနေမှာသာ ရှိသေးသည်။

သို့တိုင်အောင် ရွှီချင်းက တစ်စုံတစ်ခုကို အကျိုးအမြတ်အဖြစ် ရရှိသွားဆဲပင်။

ယင်းက ဆေးလုံးများဖြစ်ကြသည်။

သက်လတ်ပိုင်းအမျိုးသားက ဆေးလုံးစုဆောင်းခြင်းကို အဓိက အာရုံစိုက်ထားခဲ့ဟန် ရ၏။

သို့ဖြစ်၍ သူ၏ သိုလှောင်လက်စွပ်ထဲတွင် ဆေးလုံးအများအပြား ရှိသည်။

သို့သော်လည်း ရွှီချင်း၏ တိုက်ခိုက်မှုက အလွန်မြန်ဆန်ပြီး လွှမ်းမိုးဖိနှိပ်နိုင်ကြောင်း ထင်ရှားသည်။ သူက ဒြပ်စင်ငါးမျိုး၏ အခွင့်အာဏာများကို အသုံးပြု၍ ရန်သူကို ဖိနှိပ်ခဲ့ပြီး တစ်ဖက်လူ၏ လေဟာနယ်ကိုပင် ချိပ်ပိတ်ခဲ့သည်။

သို့ဖြစ်၍ သက်လတ်ပိုင်းအမျိုးသားက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်သော ဆေးလုံးများကို ထုတ်ယူရန် အခွင့်အရေးမရခဲ့ပေ။

ရွှီချင်းက ဆေးလုံးများကို အမျိုးအစားခွဲခြားလိုက်ပြီး သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှာ မြန်ဆန်သော အလျင်ဖြင့် ပျံသန်းလိုက်သည်။

ထိုသို့ဖြင့် အချိန်က စီးဆင်းသွားသည်။

ဝဲကတော့ငါးရက်စာ ကြာချိန် ကုန်ဆုံးသွားသည်။

ဤနေရာက တောင်ပိုင်းကြယ်စင်စု၏ အစွန်အဖျားဖြစ်နေခြင်းကြောင့်လော သို့မဟုတ် ရွှီချင်းက သတိကြီးစွာထား၍ ပျံသန်းနေခြင်းကြောင့်လော မသေချာသော်လည်း ဤငါးရက်အတွင်းမှာ သူက နောက်ထပ် တုံကင်ပိုင်ရှင်တစ်ယောက်ကို မမြင်တွေ့ခဲ့ပေ။

ထို့ကြောင့် သူခံစားမိသော အန္တရာယ်အငွေ့အသက်က အနည်းငယ် လျော့ပါးသွားသည်။

နောက်ဆုံးမှာတော့ ကောင်းကင်ပေါ်မှ မိုးသောက်အလင်းထဲတွင် ဝဲကတော့အသစ်တစ်ခု ထွက်ပေါ်လာသည့်အခါ ရွှီချင်းက စွန့်ပစ်တောင်တစ်လုံးကို ရှာတွေ့သွားသည်။ သူက တောင်ပေါ်တွင် လှိုဏ်ဂူတစ်ခုကို တူးဖော်လိုက်သည်။ ထို့နောက် သူက လှိုဏ်ဂူထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။

အချိန်က ညအချိန်ဖြစ်သည်။

လှိုဏ်ဂူသည်လည်း မည်းမှောင်နေသည်။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။

ရွှီချင်းသည်လည်း အမှောင်ထုထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ သူက အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး တိတ်တဆိတ် ကျင့်ကြံလိုက်သည်။

သူက သူ့ကိုယ်ပိုင်တာအိုကို ဆင်ခြင်နားလည်ချင်ပြီး သူ့ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေချင်သည်။

အချိန်က အမှောင်ညထဲမှာ စီးဆင်းနေသည်။ အပြင်လောကတွင် မိုးသောက်ဝဲကတော့များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

နောက်ထပ် ဝဲကတော့ခုနစ်ရက်ကြာ ကုန်ဆုံးသွားပြန်သည်။

မည်းမှောင်နေသော လှိုဏ်ဂူထဲ၌ ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။

“ ငါ့ရဲ့ ငယ်ဘဝကို ပြန်ရောက်သွားတယ်လို့ ခံစားရမိတယ် ”

ဘေးပတ်ဝန်းကျင်ကို ကြည့်နေရင်း ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

အလွန်ကျယ်ပြောပြီး အန္တရာယ်များသော လောကထဲတွင် အထီးကျန်စွာ ဖြတ်သန်းရခြင်းသည် တောကြီးမျက်မည်းထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေရခြင်းနှင့် ဆင်တူသည်။ ယင်းက ရွှီချင်း မရင်းနှီးသောအရာ မဟုတ်ပေ။

သူငယ်ငယ်လေးတုန်းက နေ့တိုင်း ထိုသို့နေထိုင်ခဲ့ရသည်။

ပြိုင်ဘက်ကင်းမြို့တော်မှ ထွက်သွားပြီးနောက် သတ္တမသခင်ကြီး၏ တပည့်တစ်ယောက် မဖြစ်လာခင်အထိ ရွှီချင်း တွေ့ကြုံခဲ့ရသော အရာအားလုံးက ဓားသွားပေါ်မှာ လမ်းလျှောက်နေရခြင်းနှင့် ဆင်တူသည်။ ယင်းက လုပ်ကြံသမားတစ်ယောက်နှင့် ဆင်တူသည်။ သူက ထင်ပေါ်ကျော်ကြားခြင်းထက် သိုသိပ်စွာ နေထိုင်ခြင်းကို ပိုပြီးသဘောကျသည်။

အမှန်မှာ သူက လမ်းလျှောက်နေလျှင်ပင် အမှောင်ထဲမှာ လမ်းလျှောက်ရန်သာ ရွေးချယ်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အမှောင်ထုက သူ့ကို အကာအကွယ်ပေးနိုင်သည်။ ဤသည်မှာ သူက အမှောင်ထု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည့်အလားပင်။ ယင်းက သူ့ကို စိတ်တည်ငြိမ်စေသည်။

ယခု သူက ထိုခံစားမှုကို ပြန်ရရှိသွားသည်။

အတိတ်မှာ ခေါင်းဆောင်လဲ့၏ ထွက်ပေါ်လာမှုက အချိန်အတော်ကြာအောင် သူမခံစားခဲ့ရသော မေတ္တာကို ပြန်ခံစားရစေခဲ့သည်။

စီနီယာအကိုကြီး၏ ထွက်ပေါ်လာမှုက သူ့ဘဝတွင် နေရောင်ခြည်ကို ဆောင်ကြဉ်းပေးခဲ့သည်။

သတ္တမသခင်ကြီး၏ ကာကွယ်ပေးမှုက သူ့အား အကြီးအကဲတစ်ယောက်၏ ဂရုစိုက်မှုကို ခံစားမိစေခဲ့သည်။

လင်းအာက သူ၏ နှလုံးကို ငြိမ်းအေးစေသည်။

နတ်မိမယ်ကျစ်ရွှမ်းက သူ့အား စိုးရိမ်ကြောင့်ကြမှုကို ခံစားမိစေသည်။ ယင်းက အချစ်ဟုတ်မဟုတ်ကိုတော့ သူသေချာမသိပေ။

ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်ရုံးတော်သခင်ဟောင်းက သူ့အား ဓားကိုင်၏ အဓိပ္ပာယ်ကို နားလည်စေခဲ့သည်။

နတ်ဘုရားများမှာလည်း လူသားသဘာဝရှိကြောင်းကို ဧကရီက သူ့အား သက်သေပြပေးခဲ့သည်။

လူတစ်ယောက်က တခြားလူများ၏ မှတ်ဉာဏ်များထဲမှာ ထာဝရရှင်သန်နိုင်ကြောင်းကို ဓားကိုင်ဧကရာဇ်က သူ့အား နားလည်စေခဲ့သည်။

ထိုအတွေ့အကြုံများက သူ့ကို ရင့်ကျက်စေခဲ့သော အရာများ ဖြစ်ကြသည်။ ယင်းတို့က သူ့ကို ယခုကဲ့သို့ ဖြစ်လာအောင် တွန်းပို့ပေးခဲ့ကြသည်။

ထိုအတွေ့အကြုံအားလုံးကို စုဆောင်းပြီးနောက် ယခု သူက မရင်းနှီးသော အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ရှိနေကြောင်း ရှာတွေ့သွားသည်။ ဤနေရာတွင် သူက အန္တရာယ်အမျိုးမျိုးကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။

“ ဒီဟာက ငါ့ရဲ့ အတွေ့အကြုံပဲ ”

ရွှီချင်းက အတိတ်မှာ သံချောင်းကို သူသိမ်းဆည်းထားလေ့ရှိသော နေရာကို ထိတွေ့လိုက်သည်။

ယခု ထိုနေရာက ဟာလာဟင်းလင်းဖြစ်နေသည်။

အရိပ်လေးက ရွှီချင်း၏ စိတ်အခြေအနေကို သတိထားမိသွားသည့်အလား ၎င်း၏ တည်ရှိမှုအငွေ့အသက်ကို အနည်းငယ် ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်ပင် အပြင်သို့ တွားသွားထွက်လာပြီး ရွှီချင်း၏ မျက်နှာကို ပွတ်သပ်လိုက်သည်။

ရှေးဦးပင်လယ်ကို ဖြတ်သန်းခဲ့သော ခရီးစဉ်အတွင်းမှာ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှင့် စေတီသည် ဆိုးဝါးစွာ ထိခိုက်ပျက်စီးသွားခဲ့သည်။ ၎င်းတို့က ယခုအချိန်ထိ ပြန်မကောင်းမွန်သေးပေ။

ရွှီချင်းက ၎င်းတို့၏ တည်ရှိမှုကို အာရုံခံမိသွားသောအခါ ပြုံးလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်ပြီး ကျင့်ကြံရန် ပြင်လိုက်သည်။

သို့သော်လည်း သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်ပြီး တောင်ပိုင်းဆီသို့ ခေါင်းလှည့်လိုက်သည်။

သူက ချက်ချင်း သတိကြီးစွာထားလိုက်သည်။

သူ၏ အရည်အချင်းပြည့်မီတုံကင်၏ အာရုံခံနိုင်သော အကွာအဝေးအတွင်းမှာ တုံကင်တစ်ခုကို ကိုယ်စားပြုသော ကြယ်တစ်လုံးက သူကြည့်နေသည့် ဦးတည်ရာဘက်မှာ ထွက်ပေါ်လာသည်။

ထိုလူက ဤနေရာကို ဖြတ်သန်းသွားနေဟန် ထင်ရသော်လည်း ရွှီချင်း၏ တုံကင်က အာရုံခံနိုင်သော အကွာအဝေးအတွင်းသို့ ချက်ချင်း ဝင်ရောက်လာသည်။ ထို့နောက် သူက ရုတ်တရက် ဦးတည်ရာပြောင်းသွားပြီး ရွှီချင်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာသည်။

“ အဲ့ဒီလူရဲ့ အာရုံခံနိုင်တဲ့ အကွာအဝေးက ငါနဲ့ အတူတူပဲ ”

အေးစက်စက် အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အတွေးများက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။

“ အခု ငါမထွက်ပြေးနိုင်တော့ဘူး… တကယ်လို့ ငါလှုပ်ရှားလိုက်မယ်ဆိုရင် ငါ့တုံကင်ရဲ့ အာရုံခံနိုင်တဲ့ အကွာအဝေးက သူနဲ့ အတူတူပဲဆိုတာ တစ်ဖက်လူ သိသွားလိမ့်မယ် ”

“ ဒီဟာက အလောင်းအစားတစ်ခုနဲ့ ဆင်တူတယ် ”

“ တစ်ဖက်လူက ဆက်ပြီး လိုက်ဖမ်းမလားဆိုတဲ့အပေါ် အလောင်းအစား လုပ်တာပဲ… တကယ်လို့ သူက မလိုက်ဖမ်းဘူးဆိုရင် ပြဿနာမရှိဘူး… အဲ့လိုမဟုတ်ရင်တော့ ငါတို့က သေချာပေါက် တိုက်ခိုက်ရလိမ့်မယ် ”

“ ဒီဟာက… မသေချာတဲ့အရာပဲ ”

“ ဒီတော့… ဘာမှမသိတဲ့ပုံစံ ငါဟန်ဆောင်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်… ဒီနေရာကို ငါ့အတွက် အသင့်တော်ဆုံး တိုက်ပွဲမြေပြင်ဖြစ်အောင် ပြောင်းလဲပစ်မယ် ”

“ အဲ့ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ ”

ရွှီချင်းက စိတ်ဆုံးဖြတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး အုပ်ချုပ်သူလင်းဒူထံမှ ရရှိခဲ့သော (၄၉)စည်းချအစီအရင်ကို ထုတ်လိုက်သည်။

သူက ထိုအတတ်ပညာကို ဤအတောအတွင်းမှာ စူးစမ်းလေ့လာခဲ့ပြီး အခြေခံအားဖြင့် နားလည်ထားသည်။ ဤအခိုက်အတန့်မှာ ယင်းကို အသုံးပြုရမည့်အချိန် ကျရောက်လာသည်။

အရိပ်လေးက ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအောက်မှာ ဘေးပတ်ဝန်းကျင်တွင် ဖြန့်ကြက်သွားသည်။

ထို့နောက် ရွှီချင်းက အစီအရင်များကို ပိုမိုများပြားစွာ ခင်းကျင်းလိုက်သည်။

သူက ဤဧရိယာအတွင်းမှ မြေကြီးစွမ်းအားကို လှုံ့ဆော်လိုက်ပြီး သစ်သားစွမ်းအားကိုလည်း ဆင့်ခေါ်လိုက်သည်။

သူက ဇီဝိန်ချုပ်အမွှေးတိုင်ကို ထုတ်လိုက်ပြီး သူ့အရှေ့တွင် ချထားလိုက်သည်။ သူက အမွှေးတိုင်ကို အချိန်မရွေး မီးညှိနိုင်ပေသည်။

ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနောက် ရွှီချင်းက လက်ဝှေ့ယမ်းလိုက်ပြီး သလင်းကျောက်သစ်ပင်ကို ထုတ်လိုက်သည်။ သူက သစ်ပင်ကို မျက်နှာချင်းဆိုင်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

မကြာမီ သလင်းကျောက်သစ်ပင်က အနည်းငယ် လှုပ်ယမ်းသွားပြီး ရွှီချင်းနှင့် တစ်ပုံစံတည်း တူညီသော ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုပုံရိပ်၏ အရှိန်အဝါသည်ပင် ရွှီချင်းနှင့် တစ်ထပ်တည်း တူညီသည်။

“ ဒီနေရာမှာ တင်ပျဉ်ခွေထိုင်နေပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ပုံရိပ်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။

ရွှီချင်းက မြေကြီးထဲသို့ နစ်မြုပ်သွားပြီး ပုန်းအောင်းလိုက်သည်။ သို့သော်လည်း သူက အဝေးကြီးသို့ မသွားပေ။ သို့မဟုတ်လျှင် တုံကင်က ဤနေရာမှာ ရှိမနေကြောင်း ပေါ်သွားလိမ့်မည်။

ပုံရိပ်နှင့် သူ့ကြားမှ အကွာအဝေးက သိပ်မဝေးသဖြင့် သူတို့၏ အရှိန်အဝါများက အချင်းချင်း လွှမ်းခြုံသွားကြသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက တိတ်တဆိတ် စောင့်ဆိုင်းလိုက်သည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

All Chapters