← Chapters

ဉာဏ်များသူချင်း တွေ့ဆုံခြင်း(ခ)

Vol. 102 Ch. 1575

ဉာဏ်များသူချင်း တွေ့ဆုံခြင်း(ခ)

Vol. 102 Ch. 1575

ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသည်။

ရွှီချင်း၏ ရူးသွပ်မှုက ပိုပြီးအားကောင်းလာသည်။ ဤသည်မှာ သူက အသက်စတေးပြီး တိုက်ခိုက်နေသည့်အလားပင်။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ရန်သူကို ဖိအားပေးနေသည်။

ချက်ချင်းဆိုသလို ကျယ်လောင်သော မြည်သံများက ထွက်ပေါ်လာသည်။

သို့သော်လည်း သူတို့ကြားမှ စွမ်းအားကွာခြားမှုက မသေးငယ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာ လူငယ်၏ လက်ဝါး၏ သူ၏ ဦးခေါင်းပေါ်မှာ ထူးခြားဆန်းကြယ်စွာ ထွက်ပေါ်လာသည်။

ထိုလက်ဝါးထဲမှာ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေပြီး ယင်းက ရွှီချင်းကို အခွင့်အရေးတစ်ခုမှ မပေးပေ။ ထို့ပြင် တိုက်ပွဲစတင်ကတည်းက တစ်ဖက်လူသည် မည်သည့်စကားမှ မပြောဘဲ တိုက်ခိုက်ခြင်းကိုသာ ဆက်တိုက် လုပ်ဆောင်နေသည်။

ဗုန်းဟူသော မြည်သံနှင့်အတူ ရွှီချင်း၏ ဦးခေါင်းက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

သို့သော်လည်း ဦးခေါင်းအက်ကွဲသွားသည်နှင့်ချက်ချင်း ရွှီချင်းက တုံ့ဆိုင်းမနေဘဲ သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်။ တစ်ချိန်တည်းမှာ ဝိညာဉ်အမျှင်တန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

နောက်အခိုက်အတန့်မှာ ကမ္ဘာတုန်ဟီးစေနိုင်သော ပေါက်ကွဲမှုက ထွက်ပေါ်လာသည်။

ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းက ကြောက်စရာကောင်းသော ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေသည်။ သို့သော်လည်း လူငယ်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် တာအိုအမှတ်အသားများက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြပြီး မီးတောက်ပင်လယ်တစ်ခုကို ဖွဲ့စည်းသွားသည်။

သူ့မှာ အခွင့်အာဏာနှစ်ခုရှိသည်။

တစ်ခုက လေဖြစ်ပြီး အခြားတစ်ခုက မီးဖြစ်သည်။

ထို့ပြင် သူ၏ တိုက်ခိုက်သည့်ပုံစံက ဝိညာဉ်သတ္ထုတွင်းထဲမှ အစောက်အရှောက်နှင့် မကြာသေးခင်က ရွှီချင်းသတ်ဖြတ်ခဲ့သော မြို့အရှင်သခင်နှင့် ကွဲပြားခြားနားသည်။ သူက ခွန်အားထိန်ချန်ခြင်းမရှိဘဲ အခွင့်အာဏာများနှင့် ဝှက်ဖဲကတ်များကို အစကတည်းက ထုတ်သုံးနေသည်။

မီးတောက်ပင်လယ်က တဟုန်းဟုန်း လောင်မြိုက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှ ဖြစ်ပေါ်လာသော ဝဲကတော့ကို ဝါးမျိုလိုက်သည်။

ဝဲကတော့ကို ဖယ်ရှားပြီးနောက် အနီရောင်မီး‌တောက်ပင်လယ်က ဘေးပတ်ဝန်းကျင်မှ လေနှင့် ပေါင်းစပ်သွားပြီး တစ်ဟုန်ထိုး အားကောင်းလာသည်။ ယင်း၏ လွှမ်းမိုးဖိနှိပ်သော အင်အားက ထွက်ပြေးနေသော ရွှီချင်း၏ ဝိညာဉ်ကို ချိပ်ပိတ်လိုက်ပြီး အကြမ်းပတမ်း ဖိချလိုက်သည်။

ထိုအခိုက်အတန့်မှာ မြေအောက်ထဲမှ တကယ့် ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။

အစောနက သေဆုံးသွားသော ရွှီချင်းက သလင်းကျောက်သစ်ပင်မှ ဖွဲ့စည်းသွားသော ပုံရိပ်ဖြစ်သည်။ ထိုပုံရိပ်၏ အရှိန်အဝါက ရွှီချင်းနှင့် တစ်ပုံစံတည်း တူညီသည့်အပြင် ၎င်းမှာ ဝိညာဉ်ပင် ရှိသည်။

ယင်းက အတုအယောင်ဖြစ်သော်လည်း အချိန်တိုလေးအတွင်းမှာ အတုနှင့်အစစ်ကို ခွဲခြားမြင်နိုင်ရန် အတော်လေး ခက်ခဲသည်။

ယင်းက ရန်သူအား သူ၏ မီးအခွင့်အာဏာကို ထုတ်ဖော်နိုင်စေခဲ့ပြီး ဟာကွက်တစ်ခုကို ပေါ်ထွက်လာစေခဲ့သည်။

အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

ဒြပ်စင်ငါးမျိုးအခွင့်အာဏာက အပြည့်အဝ ပေါ်လျှိုးလာသည်။

ချက်ချင်းဆိုသလို ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သော ဘေးပတ်ဝန်းကျင်မှ မြေကြီးက တုန်လှုပ်သွားသည်။ ဤအခိုက်အတန့်မှာ မြေကြီးစွမ်းအားသည် ဘေးပတ်ဝန်းကျင်မှ မြန်ဆန်စွာ ထွက်ပေါ်လာပြီး စုဝေးသွားသည်။

မြေပြင်က လှုပ်ယမ်းသွားပြီး တောင်တန်းများက တုန်ခါသွားကြသည်။

ရွှံ့မြေက ပင်လယ်ကြီးတစ်စင်းပမာ ထွက်ပေါ်လာပြီး လူငယ်၏ လေအခွင့်အာဏာကို ဖုံးလွှမ်းလိုက်ကာ မီးအခွင့်အာဏာကို ဖိနှိပ်လိုက်သည်။

ထို့နောက် ရွှီချင်း၏ မီးဒြပ်စင်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မီးပင်လယ်က ပျံ့နှံ့သွားစဉ် ကောင်းကင်ဘုံမီးတောက်က စီးဆင်းသွားသည်။

မရေမတွက်နိုင်သော ရေပူဖောင်းများသည်လည်း ဤလောကထဲမှာ ထွက်ပေါ်လာကြသည်။ ရွှီချင်း၏ ပုံရိပ်က ရေပူဖောင်းတစ်ခုစီမှာ တည်ရှိနေပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သစ်သားစွမ်းအားသည်လည်း သူ၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ခွေနေသည်။ ယင်းက မရေမတွက်နိုင်သော သစ်သားဓားအိမ်များကို သူ၏ ဘေးပတ်ပတ်လည်မှာ ဖွဲ့စည်းသွားစေသည်။

ဓားအိမ်အားလုံးထဲတွင် သတ္ထုစွမ်းအားဖြင့် ပြည့်နှက်နေသော အလင်းတန်းတစ်ခု ကိန်းအောင်းနေသည်။

ဒြပ်စင်ငါးမျိုးအခွင့်အာဏာက တစ်ပြိုင်နက် အသက်ဝင်လာသည်။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ အသက်သေစေနိုင်သော တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။

တစ်ချက်တည်းဖြင့် အဆုံးမသတ်နိုင်မည်ကို စိုးရိမ်သောကြောင့် ရွှီချင်းက ဇီဝိန်ချုပ်အမွှေးတိုင်ကိုလည်း တုံ့ဆိုင်းနေဘဲ မီးညှိလိုက်သည်။

မီးခိုးငွေ့သည် အသက်ဓာတ် ရိတ်သိမ်းခြင်းအစွမ်းနှင့်အတူ မြှောက်တတ်လာသည်။ အမွှေးတိုင်က လောင်ကျွမ်းနေစဉ် အသက်ဓာတ်သည်လည်း လောင်ကျွမ်းခံလိုက်ရသည်။

ထိုမျှသာ မကပေ။ ဒြပ်စင်ငါးမျိုးအခွင့်အာဏာက ဆင်းသက်လာသည့်အခါ ရွှီချင်းက မြေကြီးထဲမှ ဆုံးဖြတ်ချက်ပြတ်သားစွာ ထွက်ပေါ်လာသည်။

သူက ဥက္ကာပျံတစ်စင်းအလား ထွက်ပေါ်လာပြီး ဧကရာဇ်ဓားကို ဆုပ်ကိုင်လျက် လူငယ်ထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

အမှန်မှာ ရွှီချင်း၏ အမိန့်ပေးမှုအောက်တွင် အရိပ်လေးက ၎င်း၏ အမှောင်ထုနယ်ပယ်ကို အသက်သွင်းလိုက်သည်။ သို့ဖြစ်၍ ၎င်း၏ အရိပ်က ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ၎င်းက မိုးသောက်အလင်းအောက်မှ အရိပ်အားလုံးကို ထိန်းချုပ်လိုက်ပြီး ရွှီချင်းနှင့်အတူ တိုက်ခိုက်လိုက်သည်။

ယင်းက ရွှီချင်းပြင်ဆင်ထားသော သတ်ဖြတ်ခြင်းထောက်ချောက် ဖြစ်သည်။

လူငယ်၏ အမူအရာက နောက်ဆုံးမှာတော့ သိသိသာသာ ပျက်ယွင်းသွားသည်။ သူက ရုတ်တရက် အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ သူက လေအခွင့်အာဏာနှင့် မီးအခွင့်အာဏာကို အသက်သွင်းလိုက်ပြီး သူ၏ ဓမ္မရတနာများကို ထုတ်လွှတ်လိုက်သည်။

သူက ဤတိုက်ခိုက်မှုကို ခုခံတားဆီးရန် တာအိုအတတ်ပညာများကိုလည်း ထုတ်သုံးလိုက်သည်။

သို့သော်လည်း သူက အလွန်နောက်ကျသွားဆဲပင်။

ရွှီချင်းက ထောင်ချောက်ဆင်ထားနိုင်သည်ဟု သူခန့်မှန်းထားခဲ့သော်လည်း သလင်းကျောက်သစ်ပင်မှ ဖန်တီးထားသော ပုံရိပ်က အတုအယောင်ဖြစ်နေလိမ့်မည်ဟု သူသတိမထားမိခဲ့ပေ။ ယင်းက သူ့အား လက်ရှိအခြေအနေသို့ ခေါ်ဆောင်သွားခဲ့သည်။

ဒြပ်စင်ငါးမျိုးအခွင့်အာဏာ၏ အမျက်ဒေါသအောက်မှာ မြေကြီးက ကြီးမားသော ဖိအားကို ထုတ်လွှတ်လိုက်ပြီး မီးတောက်ပင်လယ်က ကြောက်စရာကောင်းသော အပူနှင့် အလင်းကို ထုတ်လွှတ်လိုက်သည်။ သတ္ထုအလင်းတန်းများက ရန်သူ၏ ဝိညာဉ်ကို တိုက်ခိုက်လိုက်ပြီး သစ်သားစွမ်းအားနှင့် ရေစွမ်းအားက အသက်ဓာတ်ကို အဆုံးသတ်ပေးလိုက်သည်။

အရိပ်လေးက အချုပ်အနှောင်ကို ဖွဲ့စည်းလိုက်သည့်အခါ ဧကရာဇ်ဓားက ရန်သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။

ဝုန်းခနဲ မြည်သံများက ကျယ်လောင်စွာ ပျံ့လွင့်သွားပြီး အဆုံးမဲ့သော ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေသည်။

လူငယ်၏ ခန္ဓာကိုယ်က ဝုန်းခနဲ မြည်သံများကြားတွင် ပြိုကွဲပျက်စီးသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ နောက်ဆုံးမှာတော့ သိုလှောင်လက်စွပ်တစ်ကွင်းသာ ကျန်နေခဲ့သည်။

တိုက်ပွဲက အဆုံးသတ်သွားသည်။

အရိပ်လေးက စိတ်လှုပ်ရှားသွားပြီး ဝမ်းသာပျော်ရွှင်သော စိတ်ခံစားချက်ကို ထုတ်ဖော်လိုက်သည်။ ၎င်းက အသွေးအသားပုံနှင့် သိုလှောင်လက်စွပ်ကို ဝမ်းသာပျော်ရွှင်စွာ သယ်ဆောင်လျက် ရွှီချင်းဆီသို့ ရွေ့လျားသွားသည်။

သို့သော်လည်း ရွှီချင်း၏ အမူအရာက ချက်ချင်း သုန်မှုန်သွားသည်။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဖိချလိုက်သည်။ ယင်းက အရိပ်လေး သယ်ဆောင်လာသော အသွေးအသားပုံနှင့် လက်စွပ်ကို ချက်ချင်း တားဆီးလိုက်သည်။

အရိပ်လေးက ဆွံ့အသွားသည်။

အေးစက်စက် အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ဖက်လူ၏ အခွင့်အာဏာကို စုပ်ယူနိုင်ခဲ့ကြောင်း မခံစားမိခဲ့ပေ။ ထို့ပြင် သူ၏ အဆင့်သတ်မှတ်ချက်က မပြောင်းလဲသွားသလို သူ့တုံကင်၏ အာရုံခံနိုင်သော အကွာအဝေးသည်လည်း မတိုးမြှင့်သွားပေ။

ယင်း၏ ဆိုလိုရင်းမှာ တစ်ဖက်လူက မသေဆုံးသေးပေ။

သူတို့၏ ကြယ်များက အချင်းချင်း နီးကပ်နေသောကြောင့် ရွှီချင်းသည် သူ၏ တုံကင်မှတဆင့် လူငယ်၏ တည်နေရာကို ချက်ချင်း အာရုံမခံနိုင်ပေ။ သူက တစ်ဖက်လူကို အာရုံခံနိုင်ရန် အကွာအဝေးတစ်ခုကို မြန်ဆန်စွာ ပြုလုပ်ရလိမ့်မည်။

ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။ ထို့နောက် သူက ရုတ်တရက် လက်မြှောက်လိုက်သည်။

နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်က တအိအိ လှိုင်းထသွားပြီး ရေမျက်နှာပြင်အဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်နှင့်မြေပြင်က ရေတွင်းတစ်ခုနှင့် ဆင်တူလာသည်။

ယင်းက ရေတွင်းထဲမှ လကို မျှားခြင်း ဖြစ်သည်။

ရွှီချင်းက အလွန်ဆုံးဖြတ်ချက်ပြတ်သားသည်။ ရေတွင်းထဲမှ လကို မျှားခြင်း၏ အကွာအဝေးက ဘေးပတ်ဝန်းကျင်မှ ဧရိယာအားလုံးကို လွှမ်းခြုံသွားသည်။

ဤလှုပ်ရှားမှုက အလွန်ရက်စက်ကြမ်းကြုတ်သည်။

ယင်းကို အသုံးပြုလိုက်သည်နှင့်ချက်ချင်း ပုံရိပ်ပြန်မှုက ထွက်ပေါ်လာသည်။

ရေ၏ မျက်နှာပြင်ပေါ်တွင် အစောနက ရွှီချင်း အသုံးပြုလိုက်သော အခွင့်အာဏာများနှင့် မန္တန်များက ကြေးမုံ၏ ပုံရိပ်ပြန်မှုကဲ့သို့ ထွက်ပေါ်လာကြသည်။

ယင်းတို့က ရွှီချင်းရွေးချယ်ထားသော ပုံရိပ်ပြန်မှုများ ဖြစ်ကြသည်။

ထို့ပြင် အသွေးအသားပုံနှင့် သိုလှောင်လက်စွပ်၏ တည်နေရာတွင်လည်း မန္တန်များ၊ လေအခွင့်အာဏာနှင့် မီးအခွင့်အာဏာက ထွက်ပေါ်လာကြသည်။

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများသည်ပင် ပုံရိပ်ပြန်လာကြသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းက မူမမှန်ကို ရှာတွေ့သွားသည်။

သိုလှောင်လက်စွပ်ထဲမှ လေဟာနယ်ထဲတွင် တံခါးနှစ်ချပ်ရှိသည်။

တစ်ချိန်တည်းမှာ အရိပ်တစ်ခုက သိုလှောင်လက်စွပ်ထဲမှ လေဟာနယ်ထဲမှာ ရှိနေကြောင်း သူရှာတွေ့သွားသည်။

ရွှီချင်း၏ စိတ်အာရုံထဲတွင် ၎င်းက လေဟာနယ်ထဲမှာ တွယ်ကပ်နေဟန် ရသည်။

All Chapters