ကောင်းကင်ဘုံကပေးအပ်ခြင်း
Vol. 11 Ch. 147
အခန်း (၁၄၇) ကောင်းကင်ဘုံကပေးအပ်ခြင်း
ကျန်းလန်သည်လည်း လုန်ယွိကို လှမ်းကြည့်လိုက်မိလေသည်။
သူမ၏ မျက်ဝန်းများက အနည်းငယ် နီရဲလျှက် ရှိသည်။ သို့သော် ထိုမျက်ဝန်းများက တည်ငြိမ်လျှက်ရှိပြီး နောက်ကွယ်မှ ခံစားချက်များကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။
ထို့နောက် ကျန်းလန် သူမထံမှ အကြည့်လွှဲလိုက်သည်။ လုန်ယွိရင်ထဲမှ အတွေးများကို သိရှိရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။
ဤသည်က ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များအကြား ချစ်ကြည်ရေးမဟာမိတ်ပြုသည့် မင်္ဂလာလက်ထပ်ပွဲ ဖြစ်သည်။
နဂါးမင်းသမီးလေးတစ်ပါးလည်း ဖြစ်သလို ခွန်လွန်တောင်၏ ကျောက်စိမ်းရေကန်နတ်ဘုရားမလည်းဖြစ်သည့် လုန်ယွိက နဂါးမျိုးနွယ်များဘက်မှ ရပ်တည်မည်လား ၊ ခွန်လွန်တောင်ဘက်မှ ရပ်တည်မည်လား ကျန်းလန် မသိရှိပေ။
လုန်ယွိကိုကြည့်ရသည်မှာ နဂါးမျိုးနွယ်များနှင့် သိပ်ပြီးရင်းနှီးဟန် မရှိပေ။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းရေကန်နတ်ဘုရားမလည်းဖြစ် ၊ နဂါးမင်းသမီးတစ်ပါးလည်းဖြစ်သော လုန်ယွိ၏ ဂုဏ်သတင်းက အရှိန်အဝါကြီးမားလွန်းသည်မှာ ငြင်းမရသည့်ကိစ္စဖြစ်သည်။
ဤသို့ဖြစ်ခြင်းက ကျန်းလန်အတွက် ဆိုးသည့်အချက်ရှိသလို ကောင်းသည့်အချက်လည်း ရှိသည်။
ဆိုးသည့်အချက်မှာ…
လုန်ယွိက ဂုဏ်သတင်းအရှိန်အဝါ ကြီးမားလွန်းသောကြောင့် လုန်ယွိနှင့် လက်ဆက်မည့် သတို့သားလောင်းဖြစ်သော ကျန်းလန်ကိုပါ အခြားသူများက အလွယ်တကူ သတိပြုမိကြပေလိမ့်မည်။
ကောင်းသည့်အချက်မှာ…
လုန်ယွိ၏ အရှိန်အဝါများအောက်တွင် ကျန်းလန်က အရေးမပါသူတစ်ယောက်ပမာ တိမ်မြုပ်နေပေလိမ့်မည်။
လူအများက သူ့ကို သတိပြုမိကြသည့်တိုင် ဘာကောင်မှမဟုတ်သူတစ်ယောက်ပမာ အထင်အမြင်သေးကြပေလိမ့်မည်။ သူ့ကို လျှော့တွက်ကြပေလိမ့်မည်။
ဤသည်က ကောင်းသည့်အချက်ဖြစ်၏။
သူ့ကို လျှော့တွက်ကြလေ သူ့ဘက်မှ အားသာချက်ရှိလေဖြစ်ပြီး အန္တရယ်များကိုလည်း သတိရှိရှိဖြင့် ရှောင်တိမ်းနိုင်မည် ဖြစ်၏။
ယခင်ကဆိုလျှင် သူ့ကို လျှော့တွက်ခဲ့ကြသည့် ရန်သူမှန်သမျှ အသက်ပျောက်ခဲ့သည်ချည်းပင် မဟုတ်ပါလား။
လောကတွင် စွမ်းအားကြီးမားသူကသာ အခရာကျသည်။
လက်ရှိတွင် ကျန်းလန်က မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်သို့ ရောက်ရှိနေပြီး မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် တက်ရောက်နိုင်ရန် အတော်အတန် ကြိုးစားရဦးမည် ဖြစ်သည်။
သူကတော့ အမြန်ဆုံးနည်းဖြင့် အင်မော်တယ် ဖြစ်ချင်နေပေပြီ။
ထိုအချိန်…
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီး၏ အနီးပတ်ဝန်းကျင် ကောင်းကင်ထက်တွင် အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
စုစုပေါင်း အလင်းတန်း (၆) ခု ဖြစ်လေ၏။
ထိုအလင်းတန်း (၆)ခုအနက် အလင်းတန်း (၃)ခုမှာ အလွန်စွမ်းအားမြင့်မားသည့် နဂါးရောင်ဝါများ ထွက်ပေါ်နေသည်။ နဂါးရောင်ဝါများက ပြင်းထန်လွန်းခြင်းမရှိသည့်တိုင် လူတိုင်းခံစားသိရှိနိုင်လေသည်။
ထိုနဂါး (၃)ကောင်က အခြားသောနဂါးများထက် ပိုမိုစွမ်းအားမြင့်မားသည်မှာ ထင်ရှားသည်။
စေ့စပ်ပွဲမင်္ဂလာသို့ နဂါးမျိုးနွယ်များရောက်လာကြပြီဖြစ်ကြောင်း အားလုံး သိရှိလိုက်ကြသည်။
ထိုစဉ်…
တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။
အကြည့်က သူ့ရှေ့တည့်တည့်မှ ဖြစ်လေ၏။ ကျန်းလန်၏ မျက်ဝန်းထောင့်စွန်းမှ သူ့ကိုကြည့်နေသူကို တွေ့မြင်နေရသည်။
ကျန်းလန်၏အရှေ့ဘက် မနီးမဝေးတစ်နေရာတွင် လူတစ်စုရှိနေပြီး ထိုလူစုထဲမှ လူတစ်ယောက်က သူ့ကို စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။
ထိုလူစုထံမှ မှိန်ပျပျ နဂါးရောင်ဝါများ ထွက်ပေါ်နေကြောင်း ကျန်းလန် ခံစားမိသည်။
နဂါးမျိုးနွယ်များပင် ဖြစ်လေ၏။
ကျန်းလန်က အံ့အားသင့်သွားခြင်း မရှိပေ။
အင်မော်တယ်နဂါးများအပြင် အခြားနဂါးငယ်များလည်း ခွန်လွန်တောင်သို့ ရောက်ရှိနေကြခြင်း ဖြစ်ဟန်တူသည်။
"သူက ငါ့ကို ကြည့်နေကြပေမယ့် စေ့စပ်ပွဲအခမ်းအနားမှာတော့ ငါ့ကို အခက်တွေ့နောက် မလုပ်လောက်ပါဘူး… ၊ အခုချိန် ငါ့ကို ပြဿနာလာမရှာဘူးဆိုရင် ပြီးတာပဲလေ…"
ကျန်းလန်တွေးလိုက်သည်။
စေ့စပ်ပွဲပြီးသည်နှင့် နဝမတောင်ထွတ်သို့ ပြန်ရောက်လျှင် လုံး၀ အပြင်မထွက်တော့ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ဆယ်စုနှစ်အနည်းငယ်ကြာလျှင် သူ့ကို ပြောဆိုဝေဖန်မှုများ ငြိမ်သက်သွားမည် ဖြစ်သည်။ ထိုအချိန်မှ အပြင်သို့ ပြန်ထွက်ရန် စဉ်းစားတော့မည်။
အင်မော်တယ်အဖြစ်အဆင့်တက်နိုင်ရန် ကျန်းလန် အပြင်သို့ ထွက်ရဦးမည် ဖြစ်သည်။
အကြောင်းမှာ ထူးခြားသည့် နေရာအချို့သို့သွားရောက်ကာ အင်မော်တယ်ဖြစ်လာရန် အထောက်အကူပြုသည့် ပစ္စည်းတစ်ခုခု ရလိုရငြား စနစ်တွင် မှတ်ပုံတင်ရမည် ဖြစ်သောကြောင့်ပင်။
အင်မော်တယ်ဖြစ်လာရန်က ထင်သလောက်လွယ်ကူခြင်း မရှိဘဲ ခက်ခဲလွန်းသည်။
ထိုအချိန် အလင်းတန်း (၆)ခုက ရင်ပြင်ထက်သို့ ဆင်းသက်လာကြသည်။
"ဘုန်း…"
ရင်ပြင်တစ်ခုလုံး နဂါးစွမ်းအားများ ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားကြသည်။
ထိုအချိန် မည်သည့်နေရာကမှန်းမသိ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး အခြားသူများကို မထိခိုက်စေရန် ပျံ့နှံ့လာသည့် နဂါးစွမ်းအားများကို ဖျက်စီးပစ်လိုက်သည်။
ထို့နောက် နဂါးရောင်ဝါများထွက်ပေါ်လာပြီး နဂါးမျိုးနွယ်များက လူသားအသွင် ပြောင်းလဲလိုက်ကြသည်။
ပေါက်ကွဲထွက်လာသည့် နဂါးစွမ်းအားများကို ဖျက်စီးပစ်လိုက်သည့် ဓားဝိညာဉ်မှာ အဋ္ဌမတောင်ထွတ်၏ တောင်သခင် ကျိုးကျုန်းထျန်း၏ နဂါးသုတ်သင်ဓားဝိညာဉ်ပင် ဖြစ်၏။
အဖြစ်အပျက်များက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားသော်လည်း ကျန်းလန်ကတော့ အကြမ်းဖျင်း အာရုံခံလိုက်နိုင်သည်။
အားလုံးက အင်မော်တယ်များ ဖြစ်ကြသည်။ သို့သော် အင်မော်တယ်များကြားတွင်ပင် အားကြီးသူနှင့် အားနည်းသူအဖြစ် ကွာခြားချက်များ ရှိနေသေးသည်။
ထိုခဏတွင် ကျန်းလန် တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားသည်။
အင်မော်တယ်ဖြစ်လာရုံမျှဖြင့် သူ့ဘ၀ အန္တရယ်မကင်းသေးဆိုသည့် အချက်ပင် ဖြစ်သည်။ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာမှသာ အန္တရယ်ကင်းသည့် အခြေအနေကို ပိုင်ဆိုင်ရပေမည်။
သို့သော် လောလောဆယ်တွင်တော့ ကျန်းလန်မှာ အင်မော်တယ်ဖြစ်လာရန်ပင် အတော်လေး ကြိုးစားရဦးမည် ဖြစ်သည်။
ပျက်သုဉ်းတစပြင်လောကကြီးတွင် မရေမတွက်နိုင်သည့် အင်မော်တယ်များ ၊ နတ်ဘုရားများ များစွာ ရှိသည်။
ထိုမရေမတွက်နိုင်သူများကြားထဲတွင် သူသည်လည်း တစ်ယောက်အပါဝင် ဖြစ်လာပါက သူ၏အနာဂတ်က ကြီးမားစွာ ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်…
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲမှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
"အခမ်းအနားကို ရောက်လာကြတဲ့ တပည့်များအားလုံးကို ပြောချင်ပါတယ်… ၊ အခုဆိုရင် ခွန်လွန်တောင်မှာ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကြီးတွေ မကျင်းပတာ ရာစုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပြီ ဖြစ်တယ်… ၊ ယနေ့မှာတော့ ခွန်လွန်တောင်မှာ အောင်မြင်မှုတွေရရှိခဲ့ကြတဲ့ ထူးချွန်တဲ့တပည့်များရဲ့ အမည်စာရင်းကို ပထမဦးစွာ ထုတ်ပြန်ပေးမှာဖြစ်တယ်… ၊ အခမ်းအနားပွဲကြီးပြီးဆုံးတဲ့အချိန်မှာတော့ တောင်သခင်တွေနဲ့ တောင်ထွတ်အသီးသီးက အကြီးအကဲတွေက အချိန် (၁၀)နှစ်တိုင်တိုင် ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ သင်ကြားပို့ချပေးမှုတွေကို ပြုလုပ်ပေးမှာ ဖြစ်တယ်… ၊ ဒီ သင်ကြားပို့ချပေးမှုတွေကတစ်ဆင့် တပည့်များ ပိုမိုအောင်မြင်မှုရရှိကြဖို့ လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်…"
ဤသည်က ခွန်လွန်တောင်မှ တပည့်များအတွက် အလွန်ကောင်းမွန်သည့် အစီအစဉ် ဖြစ်သည်။
အချိန် (၁၀)နှစ်တိုင်တိုင် တောင်သခင်များနှင့် အကြီးအကဲများက ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ကြားပို့ချမှုများ ပြုလုပ်ပေးခြင်းမှာ ကြုံတောင့်ကြုံခဲ ရှားပါးကိစ္စ ဖြစ်၏။
ခွန်လွန်တောင်မှ တပည့်ရင်းများပင်လျှင် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ဆရာများထံမှသင်ပြပေးမှု ရရှိသည်မှာ ခပ်ရှားရှား ဖြစ်သည်။
ဆရာများက သင်ပြပေးသည်ဆိုဦးတော့ တပည့်များသိလိုသမျှကို ဆရာများထံမှ မေးမြန်းခွင့်ရရှိကြမည် မဟုတ်ပေ။
ထို့ကြောင့် အချိန် (၁၀) နှစ်ကြာအောင် သင်ကြားပို့ချမှုများ ပြုလုပ်ပေးမည်ဆိုခြင်းမှာ တပည့်များအားလုံး စိတ်ဝင်စားကြသည့် အချက်ဖြစ်သည်။
ထိုကြေငြာချက်ကို ကြားသည်နှင့် ကျန်းလန်ကတော့ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။
အချိန် (၁၀)နှစ်အတွင်း ခွန်လွန်တပည့်များက တောင်သခင်များ၏ သင်ကြားပို့ချပေးမှုများကို စိတ်ဝင်စားနေမည် ဆိုလျှင် သူနှင့် ကျောက်စိမ်းရေကန်နတ်ဘုရား၏ စေ့စပ်မင်္ဂလာကိစ္စကို အလျှင်အမြန်ပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပေလိမ့်မည်။
ထို့အတူ သူ့ကိုလည်း အာရုံစိုက်မှု ပိုမိုနည်းပါးသွားပေလိမ့်မည်။
တောင်သခင်များ၏ သင်ကြားပို့ချပေးမှုများကိုတော့ ကျန်းလန်လည်း အမှန်တကယ်ပင် နားထောင်ချင်မိသည်။
နဝမတောင်ထွတ်တွင် ဆရာဖြစ်သူ သင်ပြပေးခြင်းများကိုသာ ကျန်းလန် အမြဲတမ်း နားထောင်ခဲ့ရသည်။ ထို့ကြောင့် အခြား အကြီးအကဲများ၏ ကျင့်စဉ်လမ်းနှင့်ပတ်သက်သည့် အတွေ့အကြုံများကို သူ နားထောင်ချင်မိသည်။
သို့သော် စေ့စပ်ပွဲကိစ္စ အခြေအနေမတည်ငြိမ်သေးသရွေ့ တောင်အောက်ဆင်းရန်မှာလည်း မဖြစ်နိုင်ပေ။
ဝေဖန်တိုက်ခိုက်ခံရမှု မုန်တိုင်းများ ကျော်လွန်ပြီးမှသာ သူက နဝမတောင်ထွတ်မှ ထွက်ခွာရန် ဆုံးဖြတ်ထားသည်။
ထို့နောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အရှေ့တွင် နာမည်စာလုံးများ ပေါ်လာလေသည်။
အောင်မြင်မှုများ ရရှိခဲ့ကြသည့် ခွန်လွန်တောင်မှ ထူးချွန်တပည့်များ၏ အမည်စာရင်း ထုတ်ပြန်ပေးခြင်း ဖြစ်သည်။
နဝမတောင်ထွတ်အပြင် အခြားသော တောင်ထွတ်အသီးသီးမှ တပည့်များ၏ နာမည်များကို အမည်စာရင်းထဲတွင် တွေ့မြင်ကြရလေသည်။
ကျန်းလန်လည်း အမည်စာရင်းကို လှမ်းကြည့်လိုက်သည်။
နာမည်များထဲတွင် ပထမတောင်ထွတ်မှ ကုချီ နှင့် အဋ္ဌမတောင်ထွတ်မှ လုကျန်း မှလွဲပြီး အခြားမည်သူ့ကိုမှ ကျန်းလန် သိရှိခြင်း မရှိပေ။
အချိန်အတန်ကြာသည့်နောက် ခန်းမဆောင်ရှေ့မှ နာမည်များ ပျောက်ကွယ်သွားသလို တပည့်များ၏ ဆူညံသံများလည်း တိတ်ဆိတ်သွားကြသည်။
အဓိကအခမ်းအနားကြီး စတင်တော့မည်ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
စောစောက ကြေငြာချက်တွင်ပါဝင်သည့် ကျင့်ကြံခြင်းသင်ကြားပို့ချပေးမည့်ကိစ္စနှင့် ထူးချွန်တပည့်များ အမည်စာရင်းက အလွန်အရေးကြီးသည့်တိုင် တပည့်များ ချက်ချင်းပင် ငြိမ်သက်သွားကြသည်။
နောက်ထပ် ဘာဖြစ်လာမည်ကို သူတို့အားလုံး အလွန်သိချင်နေကြသည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့် သတို့သားလောင်းကို သူတို့ မှန်းဆနေကြသည်မှာ အချိန် (၅)နှစ်ခန့် ရှိပြီ ဖြစ်သည်။
ထိုအချိန်…
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးရှေ့သို့ မြောင်ယွဲ့ ရောက်ရှိလာလေသည်။
လှပကျော့ရှင်းပြီး အသွင်ထူးခြားသည့် တောင်သခင်မက တပည့်များနှင့် ဧည့်ပရိတ်သတ်များအားလုံး၏ မျက်နှာချင်းဆိုင်တွင် မတ်တတ်ရပ်လိုက်သည်။
သူမ မတ်တတ်ရပ်လိုက်သည့်နေရာက ယခင်က ခန်းမဆောင်ရှေ့တွင် တစ်ခါမှ မရှိဘူးခဲ့သော လှပသည့် ကျောက်စာတိုင်ရှေ့တွင် ဖြစ်၏။
ထို့နောက် ကျောက်စာတိုင် ဘေးတစ်ဘက်တစ်ချက်တွင် လူ (၂)ယောက် ပေါ်လာလေသည်။
တစ်ယောက်က နဂါးမျိုးနွယ်မှ နဂါးမယ်တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒုတိယတောင်ထွတ်၏ တောင်သခင် လျိုကျင်း ဖြစ်၏။
တပည့်များနှင့် ဧည့်ပရိတ်သတ်များအားလုံးက သူတို့ကို ကြည့်နေကြပြီး စေ့စပ်မင်္ဂလာအခမ်းအနား စတင်မည်ကို စောင့်မျှော်နေကြသည်။
မြောင်ယွဲ့က တပည့်များနှင့် ဧည့်ပရိတ်သတ်များအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ယခုအချိန်တွင် သူမက အားလုံး၏ အာရုံစိုက်မှုကို ခံနေရသည့် ဗဟိုချက် ဖြစ်၏။
လူတိုင်း၏မျက်လုံးများက သူမအပေါ်သို့ ကျရောက်နေကြသည်။
မကြာမီ…
မြောင်ယွဲ့၏ ကြည်လင်ရှင်းလင်းသည့်အသံ ထွက်ပေါ်လာလေသည်။
"ဒီနေ့ ကျင်းပမယ့် စေ့စပ်မင်္ဂလာအခမ်းအနားကတော့ ကောင်းကင်ဘုံက ပေးအပ်တဲ့ အခမ်းအနားတစ်ခုပါပဲ… ၊ နဂါးမျိုးနွယ်နဲ့ ကျွန်မတို့ ခွန်လွန်တောင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးတဲ့နောက်မှာ ကောင်းကင်ဘုံက ယခုလို သင့်လျော်မှန်ကန်တဲ့ အချိန်ကာလကို သတ်မှတ်ပေးခဲ့ပါတယ်…"
မြောင်ယွဲ့၏အသံက ခွန်လွန်တောင်တစ်ခွင်သို့ ပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက် မြောင်ယွဲ့က သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့၏ နာမည်များကို ခေါ်လိုက်လေသည်။
"ခွန်လွန်တောင် တတိယတောင်ထွတ်မှ တပည့်ရင်းဖြစ်သူ ကျောက်စိမ်းရေကန်နတ်ဘုရားမ ၊ နဂါးမင်းသမီးလေး လုန်ယွိ…"
အားလုံးက လုန်ယွိကို လှမ်းကြည့်လိုက်ကြသည်။
ကျန်းလန်သည်လည်း လုန်ယွိကို လှမ်းကြည့်လိုက်လေသည်။
လုန်ယွိက မျက်ခုံးလေးများ အသာတွန့်ချိုးထားပြီး သူမ၏ မျက်ဝန်းများထဲတွင် မည်သို့မှ မတတ်နိုင်ဘဲ ဤအခြေအနေကို ရင်ဆိုင်ရတော့မည်ဟု တွေးလိုက်သည့် အငွေ့အသက်လေးများ ဖျတ်ခနဲတောက်ပသွားသည်။
သို့သော် မည်သူမှ သတိမထားလိုက်မိကြပေ။
"လုန်ယွိ… သွားတော့…"
ကျူးချင်က သူမဘေးနားမှ တပည့်မလေး၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။
လုန်ယွိ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ခွန်လွန်တောင် ရင်ပြင်ဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။ ထို့နောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်နှင့် မနီးမဝေးတစ်နေရာတွင် လုန်ယွိက ပျံသန်းဆင်းသက်လိုက်သည်။
ဆရာဖြစ်သူက သူမကို ထိုနေရာသို့ ဆင်းသက်ရန် ညွှန်ကြားထားလေသည်။
အဘယ်ကြောင့်ဆိုသော် စေ့စပ်မင်္ဂလာပွဲဆိုသည်က သတို့သားလောင်းနှင့် သတို့သမီးလောင်း (၂)ယောက်လုံးနှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်သည်။
ထိုနေရာမှ စတင်ကာ ခွန်လွန်တောင် ခန်းမဆောင်ကြီးရှိရာသို့ သူတို့ (၂)ယောက် အတူတူ မင်္ဂလာလမ်း လျှောက်လှမ်းရမည် ဖြစ်သည်။
လုန်ယွိ ရင်ပြင်ထက်သို့ ဆင်းသက်သွားသည်နှင့် ကျန်းလန် ရင်တစ်ခုလုံး ဗြောင်းဆန်အောင် လှုပ်ရှားသွားသည်။ သို့သော် စိတ်ကို အတည်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ထိုစဉ်မှာပင် လူတိုင်းနီးပါး လုန်ယွိထံမှ အကြည့်ကို ခွာလိုက်ကြပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ သတို့သားလောင်းကို ရှာဖွေလိုက်ကြသည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့်သူမှာ မည်သူဖြစ်ကြောင်း သူတို့အားလုံး သိချင်လှပြီ ဖြစ်၏။
အခမ်းအနားအခြေအနေကို ကြည့်ရသည်မှာ သူတို့ကြားထားသည့် ကောလဟလများကဲ့သို့ မဟုတ်ဘဲ သတို့သားလောင်းကို ကြိုတင် ရွေးခြယ်ထားခြင်း ဖြစ်ဟန်တူသည်။
တပည့်တစ်ယောက်က…
"ဘယ်သူများ ဖြစ်နိုင်မလဲ…"
နောက်ထပ်တပည့်တစ်ယောက်က…
"ဘယ်သိမလဲ… ဒါပေမဲ့ မကြာခင် သိရတော့မှာပါ…"
မကြာမီ မြောင်ယွဲ့၏အသံက ထပ်မံ ထွက်ပေါ်လာသည်။
"ခွန်လွန်တောင် နဝမတောင်ထွတ်မှ တပည့်ရင်း ၊ နဝမတောင်ထွတ်ရဲ့ ဆက်ခံသူ ကျန်းလန်…"