← Chapters

မောက်မာသူ လုဝမ်ထောင်

Vol. 9 Ch. 113

မောက်မာသူ လုဝမ်ထောင်

Vol. 9 Ch. 113

လူအုပ်ကြီး ကြည့်နေစဥ်တွင် လုဝမ်ထောင်က အကြီးအကဲဆီသို့ လျှောက်လာ၏။

ထို့နောက် သူက သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ စိတ်စွမ်းအင် ဆေးပင်များကို ထုတ်လိုက်သည်။

" တတိယအဆင့် စိတ်စွမ်းအင်ဆေးပင် ၁၃ ၊ ဒုတိယအဆင့် စိတ်စွမ်းအင်ဆေးပင် ၂၀ ၊ ပထမအဆင့် စိတ်စွမ်းအင်ဆေးပင် ၁၈၂ ၊ စုစုပေါင်းအမှတ် ၁၆၉၂ "

အကြီးအကဲက ပြောလိုက်သည်။

အမှတ်စာရင်းကို ကြားသောအခါ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သူ့ရှေ့မှ လူများနှင့် ယှဥ်ပါက ထိုအမှတ်မှာ အလွန်မြင့်သည်ဟု ပြော၍ ရပေသည်။

အထူးသဖြင့် သူ ရခဲ့သည့် တတိယအဆင့် ဆေးပင်များက အံ့သြစရာ ကောင်းလောက်အောင် များနေ၏။ လူအုပ်မှာ ထိုအမှတ်ကို ယှဥ်နိုင်မည်မဟုတ်ဟုတွေးမိလိုက်ကြသည်။

လောထျန်းဘေးတွင် ရှိနေသည့် လင်ကျိုးရန်နှင့် ပိုင်ထျန်းယွိတို့ နှစ်ယောက်လည်း ချက်ချင်း မျက်နှာပျက်သွား၏။

" တော်တော် အရှက်မရှိတဲ့ကောင်ပဲ "

လင်ကျိုးရန်က ပြောလိုက်သည်။

" ဟင် .. ဘာဖြစ်လို့ အဲ့လိုပြောတာလဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွား၏။

လင်ကျိုးရန်က ရှင်းပြသည်။

" ဒီ လုဝမ်ထောင်ဆိုတဲ့ကောင်က အတော်အသင့် အစွမ်းထက်တာ မှန်ပေမယ့် သူ ရထားတဲ့ ဆေးပင်အများစုက သူကိုယ်တိုင် ရှာထားတာ မဟုတ်ဘူးဗျ "

" မင်းက ဘယ်လိုသိတာလဲ "

လောထျန်း မေးလိုက်သည်။

လင်ကျိုးရန်က ဆက်ရှင်းပြ၏။

" ဒီကောင် အရှက်မရှိတာ တော်တော်များများ သိကြတယ်ဗျ ။သူ့ဘေးနားမှာ သူ့နောက်လိုက်တွေ အများကြီးရှိတာ အကိုကြီးလဲ တွေ့တာပဲ ။ ဒီလူတွေကို သူ့မိသားစုက ထောက်ပံ့ပေးထားတာ ။ အဲ့လို ထောက်ပံ့ပေးထားရတဲ့ အကြောင်းရင်းကလဲ ခုလိုအချိန်မျိုးမှာ သူတို့သားကို လူတွေကြားထဲ ထင်းထွက်နေစေချင်လို့ဗျ "

" အခု ဆေးပင်တွေကိုပဲ ကြည့်လိုက်လေ ၊ ကျုပ် ထင်တာတော့ ဒီဆေးပင်တွေကို သူ့နောက်လိုက်တွေက ရှာပြီးတော့မှ သူ့ကို ပေးထားတာနဲ့တူတယ် "

ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွားသည်။

" ဖြစ်နိုင်ပါ့မလားကွ "

လင်ကျိုးရန် သက်ပြင်းချလိုက်သည်။

" ဒီကောင်က နာမည်ရဖို့ဆို သူ မလုပ်တာ ဘာမှ မရှိဘူးဗျ ။ ပိုက်ဆံသာရှိရင် အားလုံးကို စိတ်ကြိုက်လုပ်လို့ရနေတာပဲဗျာ ။ ပြီးတော့ သူတို့ လု မိသားစုက ထျန်းရှန့်နိုင်ငံမှာ အချမ်းသာဆုံး မိသားစုပဲ "

လောထျန်း နားလည်သွားသည်။

ထိုအချိန်တွင် လုဝမ်ထောင်က နောက်လှည့်ကာ လောထျန်းကို ကြည့်၍ အပြုံးဖြင့် ပြော၏။

" ဒီမှာ တွေ့လား ၊ ဒါက ပါရမီရှင်တစ်ယောက်နဲ့ အရှုံးသမားတစ်ယောက်ရဲ့ ကြားက ကွာဟချက်ပဲ။ မင်း တစ်သက်လုံးကြိုးစားရင်တောင် ငါ့လို အောင်မြင်မှုမျိုး ရနိုင်မှာ မဟုတ်ဘူး "

သူ့နောက်လိုက်များကလည်း သူတို့ အကိုကြီးကို တစ်ယောက်တစ်ခွန်း အမွှန်းတင်လိုက်ကြသည်။

" ဒီနှစ် ထျန့်ရှန့်သိုင်းပြိုင်ပွဲက အရမ်းခက်တာတောင်မှ အကိုကြီးလုက ခုလို အောင်မြင်မှုမျိုး ရခဲ့တာ တကယ် ဂဏ်ယူစရာပဲဗျာ။ ဒီလိုလူမျိုး တကယ်ရှားတယ်ဗျ "

" ဟုတ်တယ် ၊ ဒီနှစ် ပြိုင်ပွဲဝင် လူငယ်တွေထဲမှာတော့ ဖုန့်ဖေးရန်တို့ သုံးယောက်ကလွဲရင် အကိုကြီးလု က အတော်ဆုံးပဲ "

" ဘယ်ကလာ .. ငါတို့ အကိုကြီးလု ရဲ့ အစွမ်းက အဲ့သုံးယောက်နဲ့ အတူတူလောက်ပဲ ။ ငါတို့အကိုကြီးကတောင် ပိုသာရင် သာနေဦးမှာ "

သူ့နောက်လိုက်များက နည်းမျိုးစုံဖြင့် ဆက်၍မြှောက်ပင့်ပြောဆိုလိုက်ကြသည်။

ထိုသို့ ပြောနေစဥ်တွင်လည်း သူတို့က လောထျန်းတို့ လူအုပ်အား မသိမသာ တစ်မျိုး ၊ ပေါ်တင်တစ်မျိုး အထင်သေးသည့် စကားများပါ ထည့်ပြောလိုက်ကြသေး၏။

ထိုစကားများကို ခပ်လှမ်းလှမ်းမှ နားထောင်နေသည့် လောထျန်းတစ်ယောက် မျက်မှောင်ကြုံ့သွားသည်။

" ငါ ဒီကောင့်ကို အသေရိုက်သတ်ချင်လိုက်တာ "

သူ ပြော၏။

" အကိုကြီး .. စိတ်လျှော့ပါဗျာ ။ ခုချိန် လုပ်လိုက်ရင် ပြိုင်ပွဲကနေ ထွက်သွားရနိုင်တယ်ဗျ။ ပြီးရင် ဆုမီတောင်ကိုလဲ ဝင်ခွင့်မရဘဲ ဖြစ်သွားမယ် "

လင်ကျိုးရန်နှင့် ကျန်လူများက သူ့အနားကပ်ကာ တီးတိုး သတိပေးလိုက်ကြသည်။

အကယ်၍ လောထျန်းသာ ယခုအချိန် ရုတ်တရက် ဒေါသပေါက်ကွဲလိုက်ပါက ...

ဖြစ်သွားမည့် ရလဒ်ကို လောထျန်းက ဂရုစိုက်ချင်မှ စိုက်မည်ဖြစ်သော်လည်း လောထျန်းနှင့် အတူရှိနေသည့် သူတို့လူအုပ်ပါ ပြိုင်ပွဲမှ ထုတ်ပယ််ခံရနိုင်ပေသည်။

" ကောင်းပြီ ၊ နောက်တစ်ယောက် "

ထိုစဥ် အကြီးအကဲများပင် စိတ်မရှည် ဖြစ်လာကြသည် ။

ဤသို့ဖြင့် လုဝမ်ထောင်နောက်မှ လူများ ဖြည်းဖြည်းချင်း ရှေ့တိုးသွားကြသည်။ သို့သော် လူများစွာ ပြီးသွားကြသည့်တိုင် အမှတ်စာရင်းက အလွန်နည်းနေသေး၏။

လုဝမ်ထောင်၏ နောက်လိုက်များက အမှတ်စာရင်းသွင်းသည့် အနီးနားတွင်နေကာ လာသမျှလူကို ကြည့်နေကြပြီး လူတစ်ယောက်ထွက်လာတိုင်း ထိုလူအား လှောင်ပြောင်ရယ်မောကာ လုဝမ်ထောင်ကို ချီးမွှန်းခန်း ဖွင့်နေကြသည်။

ထိုတခဏတွင် ကွင်းပြင်ထဲမှ လူများအားလုံးမှာ လုဝမ်ထောင်အား ဒေါသဖြင့်ကြည့်နေကြ၏။

သို့သော် အမှတ်စာရင်းမှာ ကွာလွန်းနေသဖြင့် သူတို့ မည်သို့မှ မတတ်နိုင်ဘဲ ဒေါသကိုသာ မြိုချထားလိုက်ရသည်။

ထို့နောက် ...

ဝုန်း ..

လူအုပ်နောက်တွင် လေထုကို ဖြိုခွင်းလာသော အသံ သုံးသံ ထွက်ပေါ်လာ၏။

" ဟေ့ .. ဟိုမှာ ရွှယ်လင်းလုံနဲ့ ကျန်တဲ့သူတွေ ပြန်ရောက်လာကြပြီ "

" အစွမ်းအထက်ဆုံးသူ သုံးယောက်က နောက်ဆုံးမှ ပေါ်လာတာပဲ "

" ဟား ဟား .. သူတို့ ရောက်လာတာ တကယ့်အချိန်ကောင်းပဲကွာ ။ လုဝမ်ထောင်ရဲ့ မာနကို မြန်မြန်ချိုးပစ်ရမယ် ။ အဲ့ကောင်က တော်တော်ရွံစရာကောင်းလွန်းတယ် "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြ၏။

အမှတ်စာရင်းများကို တာဝန်ယူနေသည့် အကြီးအကဲပင် မျက်လုံးများ အရောင်လက်သွားသည်။

ထို သုံးယောက်မှာ ယခုနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် အများ၏ အာရုံစိုက်အရခံဆုံး သူများ မဟုတ်ပါလား ။

" ဟင် .. လူတွေ အများကြီးပါလား "

မိုရှက တန်းစီနေသည့် လူအုပ်ကိုကြည့်ကာ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" အကိုမို .. အကို ဆန္ဒရှိရင် ရှေ့ဆုံးကို လာခဲ့ပါဗျ။ ကျုပ် နေရာ ဖယ်ပေးပါ့မယ် "

လူတန်း၏ ရှေ့ဆုံးမှ သူက အော်ပြောလိုက်သည်။

" နှင်း နတ်သမီးလေး ၊ ကျုပ် နေရာကို ယူလို့ရပါတယ် "

အခြားသူတစ်ယောက်ကလဲ အော်ပြော၏။

" ဟေ့ .. မင်းနေရာက အနောက်နား ရောက်နေတာကို ဘာကိစ္စ ဖယ်ပေးမှာလဲ ။ နှင်း နတ်သမီးလေး ၊ ကျုပ် နေရာကို ဖယ်ပေးပါ့မယ် ။ ကျုပ် နေရာက အရှေ့မှာဗျ "

" အကိုဖုန့် ၊ ကျုပ်နေရာကို လာယူပါ "

လူတန်း၏ ရှေ့ပိုင်းမှ လူများအားလုံးနီးပါး တစ်ယောက်တစ်ခွန်း အော်ပြောလိုက်ကြသည်။

ထိုလူများက သူတို့နေရာကို အလွယ်တကူ ဖယ်ပေးနေရသည့် အကြောင်းအရင်း ရှိပါသည် ။

ပထမတစ်ချက်မှာ သူတို့သည် ထိုသုံးယောက်နှင့် မိတ်ဆွေများ ဖြစ်လို၍ ဖြစ်ပြီး ...

နောက်တစ်ချက်မှာ သူတို့အားလုံးက မောက်မာလှသော လုဝမ်ထောင်ကို ဒေါသထွက်နေ၍ ဖြစ်သည်။

သို့ဖြစ်ရာ လုဝမ်ထောင်ကို သာမည့် လူအား မြန်မြန် ရှေ့ရောက်စေချင်နေကြ၏။

ရွှယ်လင်းလုံက ကျန်နှစ်ယောက်ကို တစ်ချက်လှည့်ကာ ပြောလိုက်သည်။

" ရှင်တို့တွေရော ဘယ်လိုသဘောရလဲ "

မိုရှက မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြန်ပြော၏။

" ကျုပ်တော့ ရှေ့သွားတာ သိပ်ကိစ္စမရှိဘူးလို့ ထင်တယ်။ ကျုပ်လဲ ခင်ဗျားတို့တွေ အမှတ်ဘယ်လောက်ရမယ်ဆိုတာ စိတ်ဝင်စားတယ်ဗျ "

မိုရှက ထိုသို့ ပြောနေရင်း ဖုန့်ဖေးရန်အား စိုက်ကြည့်လိုက်သည်။

" ဒီလူက .. ဟိုသားရဲတွေ ပြောသလောက် တကယ်အစွမ်းထက်တာလား .. ငါ ခန့်မှန်းမရဘူး ဖြစ်နေတယ် "

မိုရှ တွေးလိုက်သည်။

အလားတူပင် ဖုန့်ဖေးရန်သည်လည်း မိုရှကို ကြည့်ကာ တွေးနေ၏။

" သူက ..ဟိုသားရဲ ပြောသလို ငါ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လား ..  ဒီကောင်ကတော့ .. တကယ်ပဲကွာ "

မျက်နှာချင်းဆိုင်၍ အပြန်အလှန် ကြည့်နေသော သူတိူ့နှစ်ယောက်၏ အကြည့်ကြောင့် လေထဲတွင်ပင် မိးပွားလေးများ အနည်းငယ် တောက်သွားသည်။

" ဒီနှစ်ယောက်ကြားမှာ ရန်ငြိုးရန်စတွေများ ရှိထားလို့လား "

ထိုစဥ် လူအုပ်၏ နောက်နားလေးတွင် ရှိနေသော လောထျန်းက တိုက်ခိုက်တော့မည့်ဆဲဆဲပုံ ဖြစ်နေသည့် ထိုနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

" ရန်စ ရှိတယ်လို့တော့ ကျုပ် တစ်ခါမှ မကြားဖူးဘူးဗျ "

လင်ကျိုးရန်က ပြန်ဖြေသည်။ သူသည်လည်း အနည်းငယ် အံ့အားသင့်နေ၏။

မိုရှ နှင့် ဖုန့်ဖေးရန်တို့ သည် ကျင့်ကြံခြင်းတွင်လည်း မတူညီသော လမ်းစဥ်များကို ရွေးထားကြပြီး ..

ရန်ငြိုးရန်စ တစ်စုံတရာ ရှိသည်ဟု သူ လုံးဝ မကြားဖူးပါချေ ။

သို့သော် ထိုတခဏတွင် သူတို့နှစ်ယောက် ထုတ်လွှတ်ထားသည့် အရောင်အဝါများက  ပြိုင်ဘက်နှစ်ယောက်ကြားတွင် ရှိသင့်သည့် ပမာဏထက်ပင် ကျော်လွန်နေသေး၏။

သူတို့နှစ်ယောက်ကြား ဘာတွေ ဖြစ်သွားခဲ့သည်ကို မည်သူမှ မသိကြပေ ။

" ကဲ .. ဒါဆို ရှေ့ကို သွားကြတာပေါ့ "

ရွှယ်လင်းလုံက ရုတ်တရက် ပြောလိုက်သည်။

သူမ၏ စကားဆုံးသည်နှင့် လူအုပ်ကြီး လမ်းဖယ်ပေးလိုက်ကြ၏။ ရွှယ်လင်းလုံက လူအုပ်ကို ဖြတ်၍ ရှေ့သို့ လျှောက်သွားကာ စိတ်စွမ်းအင် သစ်သီးတစ်လုံးကို ထုတ်၍ အကြီးအကဲအား ပေးလိုက်သည်။

" ဟင် .. စိတ်စွမ်းအင်သစ်သီး တစ်လုံးတည်းပါလား ။ နှင်းနတ်သမီးဆီမှာ ဘာဖြစ်လို့ ပစ္စည်း ခုလောက်နည်းရတာလဲ "

၎င်းကို မြင်သောအခါ လူအုပ်ကြီး ချက်ချင်း စိတ်ပျက်သွားကြ၏။

အကြီးအကဲကမူ စိတ်စွမ်းအင်သစ်သီးကို ကြည့်ကာ မျက်လုံးများ အရောင်လက်သွားသည်။

" ရွှယ်လင်းလုံ ၊ အဆင့် လေး စိတ်စွမ်းအင်သစ်သီး ၊ အမှတ်ပေါင်း ၁၀၀၀ "

" ဟင် ... အဆင့်လေး စိတ်စွမ်းအင်သစ်သီး ဆိုပါလား .. "

" ငါ့မှာတော့ အဆင့်သုံး စိတ်စွမ်းအင်သစ်သီးကို ရှာနေရင်းတောင် အသက်ဆုံးရတော့မလို့ ၊ သူက အဆင့်လေး စိတ်စွမ်းအင်သစ်သီးကို တကယ်ကြီး တွေ့ခဲ့တာပဲ "

" နှင်းနတ်သမီးက နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲကွ "

လူငယ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အချို့သော အမျိုးသမီး ပြိုင်ပွဲဝင်များကမူ စိတ်ပျက်သည့် မျက်နှာဖြင့် နှုတ်ခမ်းများ စူလိုက်ကြ၏။

" အမှတ် ၁၀၀၀ ... မင်းရဲ့အစွမ်းနဲ့ဆို ခုထက်ပို များသင့်တာ မဟုတ်ဘူးလား "

မိုရှ မျက်မှောင်ကြုံ့သွားကာ ရွှယ်လင်းလုံကို ကြည့်၍ မေးလိုက်သည်။

ထို အမျိုးသမီးက ပြိုင်ပွဲ ပထမနေရာအတွက် သူနှင့် ယှဥ်နိုင်သည့် သူတစ်ယောက် မဟုတ်ပါလား။

ရွှယ်လင်းလုံက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။

" ကျွန်မ စိတ်စွမ်းအင်သစ်သီး ရပြီးတော့ တခြားဟာလေးတွေ စစ်ဆေးစရာ ရှိနေတာနဲ့ နောက်ကျသွားလို့ ဘာမှ ထပ်မရှာနိုင် ဖြစ်သွားတာ "

မိုရှ ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ "

ထို့နောက် ရွှယ်လင်းလုံက ဘေးသို့ ဖယ်ပေးလိုက်သည်။ သူမ မျက်မှာကမူ အနည်းငယ် မျက်မှောင်ကြုံ့နေ၏။

" သခင်ကြီး ဆိုတာ ဘယ်သူပါလိမ့် "

သူမ ခေါင်းထဲတွင် ထိုမေးခွန်းကသာ ကြီးစိုးနေသည်။

" နောက်တစ်ယောက် "

အကြီးအကဲက ပြော၏။

" လာပြီဗျာ "

ဖုန့်ဖေးရန်က ရှေ့သို့ လျှောက်သွားကာ သူ၏ ဟင်းလင်းပြင်လက်စွပ်ကို ထုတ်ပေးလိုက်သည်။

" ဟင် .. အဆင့်လေး စိတ်စွမ်းအင်ဆေးပင် ၁ ပင် ၊ အဆင့်သုံး စိတ်စွမ်းအင်ဆေးပင် ၃ပင် ၊ အမှတ်ပေါင်း ၁၃၀၀ "

အကြီးအကဲက အသံထွက် ကြေငြာလိုက်သည်။

ဖုန့်ဖေးရန် ယူလာသည့် ဆေးပင်များမှာလည်း အဆင့်မြင့် ဆေးပင်များပင် ..

" ဝိုး .. နောက်ထပ် အဆင့်လေး စိတ်စွမ်းအင်ဆေးပင်ပါလား ၊ ဖုန့်ဖေးရန်ကလဲ မျှော်လင့်ထားသလိုပဲ "

လူတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။

သို့သော် လုဝမ်ထောင်ထောင်၏ ဘေးမှ လူတစ်ယောက်က ထရယ်၏။

" ဟား ဟား .. ဒါလား ပါရမီရှင် ၊ နောက်ဆုံးတော့လဲ သူ့အမှတ်က ငါတို့ သခင်လေး လုလောက်တောင် မကောင်းပါလားကွာ "

" ဟုတ်ပ ၊ ငါတို့အကိုကြီးလုကသာ တကယ့်နံပါတ်တစ် ပါရမီရှင်ပဲ "

ထိုလူများက ဆက်လှောင်ပြောင်လိုက်ကြသည်။

ထိုအချိန်တွင် မိုရှက ရှေ့သို့ လျှောက်လာကာ ပြော၏။

" ဒီမှာ ကျုပ်ရဲ့ဟာတွေ "

သူက ပြောပြောဆိုဆိုပင် သူယူလာသည့် ပစ္စည်းများအား စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ချက်ချင်းပင် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်၏။

All Chapters