သားရဲထိန်းချုပ်သူ
Vol. 9 Ch. 115
အကြီးအကဲက ညောင်းနေသည့်လက်ကို နှိပ်ရင်း ထိုသို့ပြောကာ အမှတ်တွက်ရန် ပြင်လိုက်သည်။
သို့သော် .. ထိုအချိန်တွင် ..
ဝုန်း ..
ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ သူ့မျက်စိရှေ့မှ အရာအားလုံး မဲမှောင်သွား၏။
" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "
အကြီးအကဲစွန်း အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။
သူ့ရှေ့တွင် တောင်ကြီးတစ်လုံး တစ်ဖြည်းဖြည်းချင်း မြင့်တက်လာ၏။
အကယ်၍ လင်ကျိုးရန်၏ ပစ္စည်းပုံကြီးက တောင်ငယ်လေးတစ်လုံးဆိုလျှင် ..
ယခု သူ့ရှေ့မှ စိတ်စွမ်းအင်ဆေးပင် ပုံကြီးက ဧရာမတောင်ကြီး တစ်ခုဟု ဆိုရမည်ဖြစ်သည်။
အကြီးအကဲစွန်း အံ့သြမှင်သက်နေစဥ်မှာပင် ..
" ခဏလေး ၊ တချို့ပစ္စည်းတွေ ကျန်သေးတယ်။ ဘေးဖယ်ပေးကြပါဦး "
လောထျန်းက လက်ယမ်းကာ အားလုံးကို ဘေးဖယ်ခိုင်းလိုက်သည်။
ထိုနေရာတွင် ရှိနေသည့် လူများအားလုံး စကားမပြောနိုင်ကြဘဲ နောက်သို့ ဆုတ်လိုက်ကြ၏။
လောထျန်းက လက်တစ်ဖက် ဝေ့ယမ်းကာ သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ စိတ်စွမ်းအင်သတ္ထုရိုင်းများ ထုတ်လိုက်ပြန်သည်။
ထိုစိတ်စွမ်းအင် သတ္ထုရိုင်းများ ပုံထားသည့် တောင်က စိတ်စွမ်းအင်ဆေးပင်တောင်ထက်ပင် ပိုမြင့်နေသေး၏။
ထိုတောင်ကြီး ၂ လုံးမှာ မိုးထိုးနေပြီး နေကိုပင် ထိလုမတတ် ဖြစ်နေသည်။
" ချီး .."
အကြီးအကဲစွန်း အံ့သြမှင်သက်ကာ ရုတ်တရက် ဆဲရေးမိသွား၏။
ဘာတွေ ဖြစ်နေပါသနည်း ..
သူ ပင်ပန်းလွန်းနေ၍ တကယ် မရှိသောအရာများကို မြင်ယောင်ခြင်းလား ...
ထိုအချိန်တွင် ကျန်လူငယ်များမှာလည်း အံ့သြမှင်သက်ကာ ဆွံ့အနေကြ၏။
လင်ကျိုးရန်သည်ပင် အံ့သြတုန်လှုပ်သွားရသည်။
သူတို့ရှေ့မှ မြင်ကွင်းက အံ့သြစရာ ကောင်းလွန်းနေသည် မဟုတ်ပါလား ..
လုဝမ်ထောင်သည်လည်း မျက်စိကို လက်ဖြင့်ပွတ်၍ သေချာစွာ ထပ်ကြည့်လိုက်သည်။
" ဘာတွေ ဖြစ်နေတာလဲ .. ဒါ .. ငါ နားမလည်ဘူး "
ထိုမြင်ကွင်းကို သူ အမှန်တကယ် နားမလည်နိုင်တော့ပါ။
ထိုစဥ် အနားတွင် ရှိနေသည့် ရွှယ်လင်းလုံမှာလည်း ဆွံ့အနေ၏။
သူမသည် ယခုအဆင့်တွင် အစွမ်းအပြည့် ထုတ်မသုံးခဲ့သော်လည်း ..
အကယ်၍ သူမ အကောင်းဆုံးကြိုးစားကာ အစွမ်းကုန် ထုတ်သုံးခဲ့လျှင်ပင် ဤမျှများပြားသော ပစ္စည်းများကို စုဆောင်းနိုင်လိမ့်မည် မဟုတ်ပေ ။
ထိုအချိန်တွင် မိုရှ နှင့် ဖုန့်ဖေးရန်တို့ နှစ်ဦးမှာလည်း မျက်မှောင်ကြုံ့နေကြသည်။
ဘာတွေ ဖြစ်နေပါသနည်း။
" အကြီးအကဲ ၊ ကျုပ်ကို အမှတ်လေး မြန်မြန်တွက်ပေးပါဗျာ "
ထိုစဥ် အကြီးအကဲဘေးတွင် ရှိနေသည့် လောထျန်းက ဆော်သြလိုက်သည်။
" အင် .."
အကြီးအကဲက လောထျန်းအား နားမလည်နိုင်ဟန်ဖြင့် လှည့်ကြည့်၏။
အမှတ်တွက်ရမည်တဲ့လား ...
ဤမျှ များပြားသော ပစ္စည်းများကို သူ မည်သို့ ရေတွက်ရပါမည်နည်း။
ထို့အပြင် ထို စိတ်စွမ်းအင်ဆေးပင်များနှင့် သတ္ထုရိုင်းများအားလုံးကို ရေတွက်ရန်ဆိုလျှင် အချိန်မည်မျှ ကြာမည်ပင် မပြောနိုင်ချေ။
" အားလုံး လာကူကြပါဦး "
အကြီးအကဲစွန်း ကျယ်ေလောင်စွာ အော်လိုက်ရပြန်သည်။
" ဘာဖြစ်ပြန်ပြီလဲ "
အစောကလေးတင် အနားယူရန် ပြန်သွားကြသည့် အကြီးအကဲများ ပြန်ထွက်လာကြပြန်၏။
သို့သော် ..ထိုနေရာသိူ့ ရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး အံ့သြမှင်သက်သွားကြ၏။
" ဒါ ..ဘာတွေ ဖြစ်နေတာလဲ "
အဘိုးအိုတစ်ယောက်က နားမလည်နိုင်စွာ မေးသည်။
" အဲ့ပစ္စည်းတွေအကုန် ..သူ ထုတ်လိုက်တာ .. "
အကြီးအကဲစွန်းက လောထျန်းကို လက်ညိုးထိုးပြကာ ပြန်ဖြေလိုက်သည်။
အဘိုးအိုက လောထျန်းအား မယုံနိုင်စွာ လှည့်ကြည့်၏။ထို့နောက် သူက စိတ်စွမ်းအင်ဆေးပင် တောင်ဆီသို့ သွားကာ အနီးကပ်ကြည့်လိုက်သည်။
" ဒါတွေအားလုံးက မကြာသေးခင်ကမှ မဟူရာလေပြင်းတောင်ကနေ ခူးလာတဲ့ ဆေးပင်တွေပဲ "
အဘိုးအိုက ပြောသည်။
" ဒါပေမယ့် ..ဒါ မဖြစ်နိုင်ဘူး ။ တောင်ထဲမှာ စိတ်စွမ်းအင်ဆေးပင်တွေနဲ့ သတ္ထုရိုင်းတွေ အများကြီးရှိတယ် ဆိုပေမယ့် .. လူတစ်သောင်းလောက်စုပြီး ရှာခိုင်းရင်တောင် ဒီပမာဏမျိုး ရဖို့ဆိုရင် အနည်းဆုံး လဝက်ကျော်လောက် ကြာမှာလေ ၊ ဟုတ်တယ်မလား "
အကြီးအကဲက ပြောကာ မှုတ်ဆိတ်ကို ပွတ်လိုက်သည်။
" ဒီကောင်လေးက အပြင်ကနေ ခိုးပြီး ယူလာတာများလား "
အကြီးအကဲစွန်းက လောထျန်းအား အေးစက်စက်မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ထျန်းရှန့်စိုင်းပြိုင်ပွဲလို နေရာမျိုးတွင် ထိုလုပ်ရပ်မျိုး လုပ်ရဲနေသည်လား ။
ဤကိစ္စမှာ ပေါ့သေးသေး မဟုတ်ပေ ။
သို့သော် ထိုအချိန်တွင် ..
" ကဲ .. အားလုံး.. စိတ်ထင်ရာ လျှောက်တွေးမနေကြနဲ့ ။ ငါ ရှင်းပြမယ် "
ပါးရေတွန့်နေသည့် အဘိုးအိုတစ်ယောက် လေထဲမှ ဆင်းသက်လာ၏။
ထိုအဘိုးအိုကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြသည်။
" သခင်ကြီးကျိုး ကို အရိုအသေပြုပါတယ် "
ထိုအဘိုးအိုမှာ ထျန်းရှန့်နိုင်ငံ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သော တုကျဲ့အဆင့်ရှိ သခင်ကြီးကျိုး ပင် ..။
သခင်ကြီးကျိုးက ကျန်လူများအား ခေါင်းညိတ်ပြလိုက်ပြီး လောထျန်းဘက် ကြည့်လိုက်သည်။
" ဒီ စိတ်စွမ်းအင်ဆေးပင်တွေက တကယ် သူ့ဟာပဲ ။ သူ လိမ်နေတာ မဟုတ်သလို အပြင်က ခိုးသယ်လာတာလဲ မဟုတ်ဘူး "
ထိုစကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြပြန်၏။
" ဟင် ..သခင်ကြီး .. နောက်နေတာများလားဗျာ ။ အချိန်တိုလေးအတွင်းမှာ ဒီလောက်များတဲ့ စိတ်စွမ်းအင်ဆေးပင်တွေနဲ့ သတ္ထုရိုင်းတွေကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ "
အကြီးအကဲစွန်းက အံ့သြမပြေသေးဟန်ဖြင့် ပြောလိုက်သည်။
သခင်ကြီးကျိုးက သက်ပြင်းချ၍ ပြန်ပြော၏။
" မင်းပြောတာမှန်တယ်။ သူတစ်ယောက်တည်းဆိုရင်တော့ ဒီလောက်ကြီး ရနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် တစ်တောင်လုံးက သားရဲတွေက သူ့ကို ကူညီပေးကြမယ်ဆိုရင်ရော "
" တစ်တောင်လုံးက သားရဲတွေက အကူညီပေးကြတာ .. "
အားလုံးမှာ ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင် ဖြစ်သွားကြသည်။
၎င်းက မည်သည့် အဓိပ္ပါယ်ပါနည်း ။
လူသားနှင့် သားရဲတို့သည် အမြဲတစေ ရန်သူများ ဖြစ်လာကြသည်မှာ နှစ်ပေါင်း မရေမတွက်အောင် ကြာခဲ့လေပြီ။
တောင်ပေါ်တွင် သားရဲများ မြောက်များစွာ ရှိသည်မှန်သော်လည်း ၎င်းတို့က မည်သည့်အတွက်ကြောင့် စိတ်စွမ်းအင်ဆေးပင်များနှင့် သတ္ထုရိုင်းများကို ကူညီ ရှာဖွေပေးကြပါမည်နည်း ။
အားလုံးက သခင်ကြီးကျိုး ကို ကြည့်ကာ သူဆက်ပြောလာမည့် စကားကို စောင့်ဆိုင်းနေကြ၏။
ထို့နောက် သခင်ကြီးကျိုး က စကားဆက်သည်။
" ငါ ထင်တာတော့ သူက သားရဲထိန်းချုပ်သူ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ် ။ သူက သူ့အစွမ်းနဲ့ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲသုံးကောင်ကို ထိန်းချုပ်လိုက်တယ်နဲ့တူတယ် ။ ဒီနတ်ဆိုးသားရဲသုံးကောင်က သူ့အမိန့်ကို နာခံပြီဆိုတာနဲ့ ကျန်တဲ့ မဟူရာလေပြင်းတောင်က သားရဲတွေ အကုန်လုံးလဲ သူ့စကားကို လိုက်နာကြမှာပဲ "
ထိုစကားကို ကြားသောအခါ အားလုံး မျက်လုံးပြူးသွားကြပြန်သည်။
" သားရဲထိန်းချုပ်သူ ဆိုပါလား .. သူက တကယ်ကြီးကို ကောင်းကင်ထိန်းချုပ်အဆင့်က သားရဲသုံးကောင်ကို ထိန်းချုပ်လိုက်နိုင်တာလား။ သူက ဘယ်သူလဲ "
" ငါ သူ့ကို မှတ်မိတယ် ။ သူက ယဲ့ဖုန်းနိုင်ငံက တစ်ယောက်ပဲ "
" ယဲ့ဖုန်းနိုင်ငံ .. ငါလဲ မှတ်မိပြီ ။ သူက တောင်ထဲကို အစောဆုံး ဝင်သွားရတဲ့သူ မဟုတ်လား "
" ဟုတ်တယ် ၊ ငါလဲ အစကတော့ မယုံနိုင်ဘူး ဖြစ်နေတာ ။ ဒီလောက်အစွမ်းနိမ့်တဲ့သူက ထျန်းရှန့်သိုင်းပြိုင်ပွဲကို လာပြိုင်စရာ အကြောင်းမှမရှိဘဲ ။ လက်စသတ်တော့ သူက အစွမ်းထက် သားရဲထိန်းချုပ်သူ ဖြစ်နေတာကိုး "
" သူက စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ နဲ့တောင် ကောင်းကင်ထိန်းချုပ်အဆင့်က နတ်ဆိုးသားရဲတွေကို ထိန်းချုပ်နိုင်ခဲ့တာပေါ့ ။ ယာယီ အချိန်ခဏလေးပဲ ထိန်းချုပ်နိုင်တာ ဆိုရင်တောင် ဒါ တော်တော်အံ့သြစရာ ကောင်းနေပြီကွ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် လူအုပ်ထဲတွင် ရှိနေသည့် မိုရှက လောထျန်းအား မျက်မှောင်ကြုံ့၍ စိုက်ကြည့်ကာ တီးတိုးရေရွတ်၏။
" အင်း .. ငါ သူ့ကို မှားပြီးခန့်မှန်းမိလိုက်တာပဲ ။ ကြည့်ရတာ သူက ငါတို့နဲ့ အဆင့်တူတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေတယ်နဲ့တူတယ် "
ဖုန့်ဖေးရန်ကလည်း မည်သို့မှ မပြောဘဲ လောထျန်းအား စိုက်ကြည့်နေသည်။ သူ့စိတ်ထဲတွင် မည်သို့ တွေးနေသည်ကို မည်သူမှ မသိနိုင်ပါချေ ။
ထိုစဥ် ရွှယ်လင်းလုံကမူ လောထျန်းကို ကြည့်နေရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။
" အဲ့ဒီလိုလား ..သူက သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်နေတာကိုး ။ ဒါဆိုရင် မြွေဖြူပြောခဲ့တဲ့ သခင်ကြီး ဆိုတဲ့သူက သူပဲပေါ့ "
ရွှယ်လင်းလုံမှာ လောထျန်းအား ခေါင်းစခြေဆုံး ကြည့်နေရင်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သူမရှေ့မှ လူငယ်သည် စိတ်ယုတ် ရှိဟန် မတူပေ ။
သူမ အစိုးရိမ်လွန်ခဲ့မိလေပြီ ။
ထိုအချိန်တွင် အကြီးအကဲစွန်းနှင့် အခြားအကြီးအကဲများ အသိပြန်ဝင်လာကြ၏။
သို့သော် သူတို့ အံ့အားသင့်နေကြဆဲပင် ။
သားရဲထိန်းချုပ်သူ တစ်ယောက်အတွက်ပင် သူ့ထက်ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် သားရဲတစ်ကောင်ကို ထိန်းချုပ်ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။
သားရဲသုံးကောင်ကို တစ်ပြိုင်တည်း ထိန်းချုပ်ရန်ဆိုလျှင် ပိုဆိုးပေသည်။
ထို့မျှမက ထိုသားရဲများအား သူ့အမိန့်ကို နာခံအောင် လုပ်ရန်မှာလည်း အလွန်ခက်ခဲသည့် ကိစ္စတစ်ခုဖြစ်၏။
သူ့ရှေ့မှ လောထျန်းက မည်မျှ အစွမ်းထက်နေပါသနည်း ...
" ဟို .. ကျုပ်ကို အမှတ်လေး တွက်ပေးလို့ ရမလား "
ထိုစဥ် လောထျန်းက ထပ်ပြောလိုက်သည်။
" ဟင် .. "
အကြီးအကဲစွန်း ခေါင်းကုတ်ကာ အကြီးအကဲ ကျိုးအား လှည့်ကြည့်လိုက်သည်။
အကယ်၍ လောထျန်းက ရိုးရိုးသားသား ယှဥ်ပြိုင်ခဲ့သည် ဆိုလျှင်ပင် ထိုစိတ်စွမ်းအင်ဆေးပင်များနှင့် သတ္ထုရိုင်းများအားလုံးကို ရေတွက်ရန်မှာ အနည်းဆုံး တစ်နေ့နှင့် တစ်ည ကြာသွားနိုင်၏။
အကြီးအကဲကျိုးက ခေတ္တမျှ စဥ်းစားနေပြီးနောက် ပြန်ပြောလိုက်သည်။
" ထားလိုက်ပါကွာ ၊ ရေ မနေတော့နဲ့ ။ ဒီအဆင့်မှာ ပထမ ရတဲ့သူက လောထျန်းပဲ "
ထိုစကားကို ကြားမှသာ အကြီးအကဲများ သက်ပြင်း ချနိုင်သွား၏။
လောထျန်းမှာလည်း စိတ်ကျေနပ်သွားပြီး ဘေးဖယ်ပေးလိုက်သည်။
လောထျန်းဘေးတွင် ရှိနေကြသည့် ဟန်ဝမ်ကျိုးနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချိုးကျူးစကား ဆိုလိုက်ကြသည်။
" သခင်လေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲဗျာ "
ထိုစဥ် လုဝမ်ထောင် တစ်ယောက်တည်းကသာ အံတကြိတ်ကြိတ် ဖြစ်နေ၏။
သူသည် လောထျန်းအား သုံးစားမရသည့် လူတစ်ယောက်ဟုသာ ထင်ထားခဲ့သော်လည်း ယခု လောထျန်းက သားရဲထိန်းချုပ်သူ ပါရမီရှင်တစ်ဦး ဖြစ်နေသည်တဲ့လား ။
ထိုအကြောင်းကိုသာ ကြိုသိခဲ့ပါက သူ လောထျန်းအား စော်ကားမော်ကား ပြောခဲ့မိမည် မဟုတ်ပါ။
သို့သော် .. ယခု နောက်ကျလွန်းသွားခဲ့လေပြီ။
" အကိုလု ၊ ကျုပ်တို့တွေ ဘာလုပ်ကြမလဲ "
သူ့နောက်လိုက်တစ်ယောက်က လေသံတိုးတိုးဖြင့် မေးလာ၏။
လုဝမ်ထောင်က သက်ပြင်းတစ်ချက်ချကာ ပြန်ပြောသည်။
" ကိစ္စမရှိဘူး ၊ ငါ့အဖေ ပြောတာတော့ ဒီနှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်က စည်းမျဥ်းက သားရဲထိန်းချုပ်သူတွေအနေနဲ့ တိုက်ပွဲထဲကို သားရဲတစ်ကောင်ပဲ ခေါ်ခွင့်ရှိတယ်တဲ့ ။ အချိန်ကျတာနဲ့ ငါ အခွင့်အရေးကို အမိအရယူပြီး သူ့ကို သတ်ပစ်မှာ "
" သူ့ကို တကယ်ကြီး သတ်မှာလား "
သူ့ဘေးမှ လူတစ်ယောက်က တအံ့တသြ မေး၏။
လုဝမ်ထောင်က ခေါင်းညိတ်ပြလိုက်သည်။
" ငါတို့က သူ့ကို စော်ကားခဲ့ပြီးသွားပြီဆိုတော့ ဒီတိုင်း ဆက်ထားလို့ မရတော့ဘူးလေ။ မဟုတ်ရင် ငါတို့တွေ မဆုံးနိုင်တဲ့ ပြဿနာတွေနဲ့ ကြုံကြရလိမ့်မယ်။ အားလုံး ငါပြောတာနားထောင်ကြစမ်း ၊ ခု လာမယ့် နောက်ဆုံးအဆင့်ကျရင် ဒီကောင့်ကို အရင်ဆုံး သတ်ကြ "
" ဟုတ်ကဲ့ပါ "
သူ့နောက်လိုက်များ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။