ဆုများ
Vol. 9 Ch. 116
လောထျန်းနောက်မှ လာသည့်လူများ၏ အမှတ်များကမူ ဤမျှ မများတော့ပါ ။
မကြာမီပင် အားလုံး၏ အမှတ်များ ကြေငြာ၍ ပြီးသွား၏။
လူများစွာထဲမှ လူပေါင်း ၃၀၈ ယောက်သာ နောက်ဆုံးအဆင့်သို့ တက်သွားကြသည်။
ထို့နောက်တွင်မူ အကြီးအကဲများက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းကာ ပြိုင်ပွဲဝင်များအား ထျန်းရှန့်နိုင်ငံ မြို့တော်အတွင်းသို့ ပြန်ခေါ်လာ၏။
" အားလုံး ခဏလောက် လေ့ကျင့်ထားလိုက်ကြဦး။ မကြာခင်မှာ ပြိုင်ပွဲနောက်ဆုံးအဆင့် စတင်လိမ့်မယ် ။ ဒီအဆင့်မှာပဲ မိုရှတောင်ကို ဝင်ခွင့်ရမယ့်သူတွေကို ရွေးချယ်လိမ့်မယ် "
အကြီးအကဲစွန်းက အမှာစကား အနည်းငယ်ပြောပြီးနောက် ထွက်သွားလိုက်သည်။
" ဝိုး ..ငါ တကယ်ကြီး နောက်ဆုံးအဆင့်ကို ရောက်လာတာလား "
လင်ကျိုးရန်မှာ လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက်ကို မယုံနိုင် ဖြစ်နေ၏။
အမှန်တွင်မူ သူသည် ထျန်းရှန့်ပြိုင်ပွဲကို မိမိသဘောဖြင့် လာရောက်ယှဥ်ပြိုင်ခြင်း မဟုတ်ပေ။ သူ့အဖေက အတင်းဖိအားပေး၍သာ ဝင်ပြိုင်ခြင်းဖြစ်သည်။
သူအစက စဥ်းစားထားသည်မှာ ပြိုင်ပွဲပထမအဆင့်ကိုသာ ဝင်ပြိုင်ပြီး အေးအေးဆေးဆေး ထွက်သွားမည်ဟုသာ တွေးထား၏။
သို့သော် .. သူသည် ယခုလို ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ ရောက်သွားလိမ့်မည်ဟု မည်သူ တွေးထားပါမည်နည်း။
ထိုစဥ် သူ့ဘေးမှ ပိုင်ထျန်းယွိက ဝင်ပြော၏။
" အခုဆို မင်းက သူများပြောသလို ဘာမှမဟုတ်တဲ့ကာင် မဟုတ်တော့ဘူးကွ ။ အခု လက်ရှိ ပြိုင်ပွဲထဲမှာ မင်းက ဒုတိယနေရာ ရထားတာ "
လင်ကျိုးရန် ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။
" ဒုတိယနေရာတဲ့လား ၊ ငါ့အဖေသာ သိလို့ကတော့ ဆိုင်းတွေ ဗုံတွေနဲ့ အောင်ပွဲခံနေတော့မှာပဲ "
ပိုင်ထျန်းယွိက ခေါင်းညိတ်ကာ ပြော၏။
" အမှန်ပဲ ၊ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးအဆင့်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလဲ မမေ့နဲ့ဦးနော် ။ ဒီပုံအတိုင်းဆို မင်းက ဒုတိယနေရာ ရထားတာဆိုတော့ အားလုံးက မင်းကို သေချာစောင့်ကြည့်နေကြမှာ "
ထိုစကားကို ကြားသောအခါ လင်ကျိုးရန်၏ မျက်နှာထက်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
" အ ..ဟုတ်သားပဲ ၊ ငါ မေ့တော့မလို့ "
သူ့မျက်နှာ ရုတ်ချည်း ဖြူဖျော့သွား၏။
၎င်းကိုကြည့်ကာ လောထျန်း နားမလည်နိုင်စွာ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ .. ပြိုင်ပွဲနောက်ဆုံးအဆင့်ရဲ့ စည်းမျဥ်းတွေက ဘာမို့လို့လဲ ။ ဒုတိယနေရာ ရထားတာ မကောင်းဘူးလား "
လင်ကျိုးရန်က ချက်ချင်း ပြန်ပြော၏။
" အကိုကြီး ..ပြိုင်ပွဲ စည်းမျဥ်းတွေကို တကယ် မဖတ်ကြည့်ခဲ့ဘူးလား "
" သူက စည်းမျဥ်းတွေကို သိထားစရာ လိုပါ့မလားကွ "
ဟန်ဝမ်ကျိုးက ခွန်းတုန့်ပြန်သည်။
လင်ကျိုးရန်မှာ ခေတ္တမျှ မှင်သက်နေပြီးနောက်မှသာ ခေါင်းညိတ်၍ ပြော၏။
" ဟုတ်သားပဲ .. "
မှန်ပါသည် ။ လောထျန်း၏ အစွမ်းက ဤမျှ ကြောက်စရာကာင်းနေရာ စည်းမျဥ်းစည်းကမ်းများက သူ့အတွက် အရေးမပါချေ ။
လင်ကျိုးရန်က ဆက်ရှင်းပြလိုက်သည်။
" ဒီလိုဗျ .. ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်က ထျန်းရှန့် တိုက်ပွဲကွင်းပြင်ပဲ "
" ဒီ ထျန်းရှန့်တိုက်ပွဲကွင်းပြင်ဆိုတာက ရှုပ်ထွေးတဲ့ ကွင်းပြင်တစ်ခုပဲဗျ။ ပြိုင်ပွဲဝင်တွေအားလုံးက အဲ့နေရာထဲကို ဝင်ပြီး အနီးကပ်တိုက်ပွဲ ဆင်နွဲကြရတာ "
လောထျန်း အံ့အားသင့်သွား၏။
" အားလုံးတစ်ချိန်တည်း တိုက်ခိုက်ကြရတာလား "
ပိုင်ထျန်းယွိ ခေါင်းညိတ်ကာ ဝင်ပြောသည်။
" ဟုတ်တယ်ဗျ ။ ဒီလိုတိုက်ပွဲမျိုးက ဆုမီတောင်မှာ ကြုံရမယ့် အခြေအနေမျိုးနဲ့ ဆင်တယ် ။ ပြီးတော့ ထျန်းရှန့်သိုင်းပွဲကို စီစဥ်တဲ့ သူတွေက တိုက်ပွဲတစ်ခုမှာ အစွမ်းနဲ့ ကျင့်ကြံခြင်းအဆင့်တွေအပြင်၊ တခြား စွမ်းရည်တွေလဲ အရေးကြီးတယ်ဆိုတာကို ယုံကြတယ်ဗျ "
" ဥပမာ ပြောရရင် အဆက်သွယ်ကောင်း ရှိထားတာမျိုး ၊ အချင်းချင်း မိတ်ဆွေဖွဲ့ပြီး တိုက်ခိုက်တာမျိုး ၊ တိုက်ခိုက်မယ့်နည်းလမ်းကို သေချာ အစီစဥ်ဆွဲနိုင်တာမျိုးတွေ ပေါ့ဗျာ။ ဒီလိုအခြေအနေကနေ လွတ်မြောက်အောင် လုပ်နိုင်တဲ့သူကမှ တကယ့်အစွမ်းအထက်ဆုံးလို့ အကြီးအကဲတွေက ယုံထားကြတာ "
ရှင်းပြချက်ကို နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာအယာညိတ်လိုက်သည်။
ထိုစည်းမျဥ်းတွင် ချို့ယွင့်းချက် အချို့ ရှိနေသည့်တိုင် ၎င်းက အကြံကောင်းဟု ပြောရပေမည်။
အမှန်တွင်လည်း ဤကမ္ဘာကြီးတွင် အရေးကြုံလာပါက တစ်ယောက်ချင်း မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် အခွင့်အရေး သိပ်မရှိလှဘဲ နောက်ခံအင်အား တောင့်သူတို့ကသာ အားနည်းသူကို အုပ်စုလိုက် အနိုင်ကျင့်တတ်ကြစမြဲ မဟုတ်ပါလား။
တဖက်မှ လင်ကျိုးရန်က စကားဆက်၏။
" ဒီ နောက်ဆုံးအဆင့် တိုက်ပဲကွင်းပြင်ထဲမှာ အားလုံးကို အရင်ပွဲမှာ ရထားတဲ့ အဆင့်အပေါ် မူတည်ပြီး အမှတ်တွေ ခွဲပေးထားတယ်ဗျ။ ဥပမာဗျာ .. ခုနောက်ဆုံးပွဲမှာ စုစုပေါင်း လူ ၃၀၈ ယောက်ရှိတယ် ။ အဲ့ထဲမှာ အကိုလောထျန်းက အဆင့်တစ် ရထားတာဆိုတော့ အကို့အမှတ်က ၃၀၈ မှတ် ရှိတယ် "
" နောက်ဆုံးအဆင့် ရထားတဲ့သူကတော့ ၁ မှတ်ပဲ ရမှာဗျ။ ဒါပေမယ့် တဖက်ပြိုင်ဘက်ကို အနိုင်ယူလိုက်တာနဲ့ အဲ့ပြိုင်ဘက်ရဲ့ အမှတ်ကို ကိုယ်က ရသွားမှာ "
" ဆိုတော့ ထိပ်ပိုင်းအဆင့် ရထားတဲ့သူတွေက အားလုံးရဲ့ ပစ်မှတ် ပိုဖြစ်တာပေါ့ဗျာ။ ထိပ်ပိုင်းအဆင့်က လူတစ်ယောက်ကို အနိုင်ယူလိုက်နိုင်ရင် ရမယ့်အမှတ်က အဆင့်နိမ့်တဲ့သူတွေ အများကြီးကို အနိုင်ယူပြီးမှ ရမယ့်အမှတ်နဲ့ သွားတူနေတာကိုးဗျ "
" ပြီးတော့ ပုံမှန်ဆိုရင် အဆင့်မြင့် ရထားတဲ့သူတွေက အစွမ်းထက်တဲ့သူတွေဆိုတော့ သူတို့ကို တိုက်ခိုက်ချင်တဲ့သူ အများကြီးရှိရင်တောင် တိုက်ခိုက်ရဲတဲ့သူက နည်းနည်းပဲ ရှိတယ် "
လင်ကျိုးရန်က ပြောလက်စကို ခဏရပ်လိုက်ပြီး ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
လောထျန်းမှာ သူ့ကိုကြည့်ကာ အခြေအနေကို နားလည်သွားဟန်ဖြင့် ပြောသည်။
" ဒါဆို မင်းက အားလုံးရဲ့ မျက်လုံးထဲမှာ လိုချင်စရာ သိုးဖြူကြီး ဖြစ်နေတာပေါ့ "
လင်ကျိုးရန် ခေါင်းညိတ်ပြ၏။
" အစောပိုင်းက စိတ်စွမ်းအင်ဆေးပင်တွေ ရဖို့ပဲ လုံးပမ်းနေရတာနဲ့ ကျုပ် ဒီကိစ္စတွေကို သိပ်မစဥ်းစားမိလိုက်ဘူး ။အခု တိုက်ပွဲစတာနဲ့ ရှိတဲ့ လူသုံးရာကျော်ထဲမှာ အကိုလောထျန်းတို့ သုံးယောက်ကလွဲပြီး ကျန်တဲ့သူအားလုံးက ကျုပ်ကို လာတိုက်ခိုက်ကြမှာပဲ "
လင်ကျိုးရန်က မျက်နှာငယ်လေးဖြင့် ပြောသည်။
ဟန်ဝမ်ကျိုးက သူ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
" ညီလေးလင် ၊ စိတ်တအား မပူပါနဲ့ကွာ ။ မင်း ထင်ထားသလို ဟုတ်ချင်မှဟုတ်မှာပါ "
" တကယ်လား "
လင်ကျိုးရန် ခေါငမော့လာကာ အားကိုးတကြီး ပြော၏။
ပိုင်ထျန်းယွိက ခေါင်းညိတ်ပြီး ဝင်ပြောသည်။
" ဒါပေါ့ကွာ ၊ ဘာဖြစ်လို့လဲဆိုတော့ မင်းဘယ်လိုပဲတွေးထားတွေးထား ၊ ငါလဲ မင်းကို ရိုက်ချင်လို့လေ "
" မင်း .. "
လင်ကျိုးရန် စကားမပြောနိုင် ဖြစ်သွား၏။
သူ့ကိုကြည့်ကာ ကျန်သုံးယောက် တဟားဟား ရယ်မောလိုက်ကြသည်။
ထို့နောက်တွင်မူ ..
ဒေါင် ...
ထွက်ပေါ်လာသော ခေါင်းလောင်းသံ ကြောင့် အားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။
အကြီးအကဲများ လူအုပ်ရှေ့သို့ ရောက်လာပြီး အကြီးအကဲစွန်းက အပြုံးဖြင့် ဆို၏။
" နိုင်ငံအရပ်ရပ်က ပါရမီရှင် လူငယ်လေးတွေအားလုံးကို ဒီအဆင့်ထိ ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်လို့ အရင်ဆုံး ပြောပါရစေ "
" အခု လာမယ့်ဟာကတော့ အားလုံးမျှော်နေကြတဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲပဲ "
" ဒီနောက်ဆုံးအဆင့်နဲ့ ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလဲ အားလုံးကို ပေးထားပြီးသားမို့ အားလုံး ဖတ်ပြီးပြီလို့ ယုံကြည်ပါတယ် ။ ဆိုတော့ အသေးစိတ်ကို မပြောနေတော့ဘူး "
" အခု .. အားလုံး သိချင်နေတဲ့ဟာကို ကြေငြာလိုက်မယ် ။ ဒါကတော့ ဒီထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ ဆုတွေပဲ "
ထိုစကားကို ကြားသည်နှင့် အားလုံး ငြိမ်ကျသွားပြီး သေချာအာရုံစိုက် နားထောင်လိုက်ကြသည်။
အကြီးအကဲက စကားဆက်၏။
" အခု ဒီမှာရှိနေတဲ့ သူတွေအားလုံးကို နောက်တစ်ဆင့်မှာ နိုင်နိုင်၊ ရှုံးရှုံး နောက်ဆုံးအဆင့်ကို ရောက်လာတဲ့ အထိမ်းအမှတ်အဖြစ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း ဆုချမယ် "
အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း ဆိုသည့် ပမာဏမှာ ပေါ့သေးသေး မဟုတ်ပါချေ။
သို့သော် လက်ရှိတွင် အားလုံး စိတ်ဝင်စားနေသည်မှာ ထိုအရာမဟုတ်ပါ ။
အကြီးအကဲက ဆက်ပြောသည်။
" အခုလာမယ့်ပွဲမှာ အဆင့် ၁ ကနေ ၁၀၀ အတွင်း ရတဲ့သူတွေကတော့ စိတ်စွမ်းအင်ကျောက်တုံးတွေအပြင် ၊ ဆုမီ တောင်ကိုပါ ဝင်ခွင့်ရလိမ့်မယ် "
လူအုပ်ကြီး ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
ဆုမီတောင်သို့ ဝင်ခွင့်ရခြင်းသည် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်းထက် များစွာ ပိုအဖိုးတန်ပေသည်။
အကြီးအကဲက လက်ဝေ့ယမ်း၍ အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် သူ စကားဆက်၏။
" နောက်လာမယ့်ဟာကတော့ တကယ့် အရေးအကြီးဆုံးဟာပဲ "
သူက ပြောပြောဆိုဆိုပင် သူ့အင်္ကျီလက်ထဲမှ ရှေးဟောင်း စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
" ဟင် ..အဲ့ဒါ ဘာပါလိမ့် "
လူငယ်တစ်ယောက် မေး၏။
အကြီးအကဲက ပြုံး၍ ပြောသည်။
" ဒါက ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲအတွက် ထျန်းရှန့်နိုင်ငံ တော်ဝင်မိသားစုကပေးတဲ့ ဆုပဲကွ ။ ဒါ ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ် ပဲ "
စကားဆုံးသည်နှင့် လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်သွားကြသည်။
" ဟင် .. နောက်နေတာများလား ၊ ဒီ ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်က ထျန်းရှန့်နိုင်ငံမှာ အကောင်းဆုံး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်လို့ သတ်မှတ်ခံထားရတာလေ "
" ထျန်းရှန့်နိုင်ငံ မပြောနဲ့ ၊ဖုန့်လင်း ဒေသတစ်ခုလုံးမှာတောင် ဒီ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်က ထိပ်ဆုံး သုံးခုထဲမှာပါတယ်ကွ။ငါ ကြားတာတော့ ဒီကျင့်စဥ်က ထျန်းရှန့်နိုင်ငံ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ကျင့်စဥ်တဲ့ ။ ဒီကျင့်စဥ်ကို ခိုးဖို့ လူတွေအများကြီး ကြိုးစားခဲ့ကြပေမယ့် အားလုံး မအောင်မြင်ခဲ့ကြဘူးတဲ့။ ဒီနှစ် သိုင်းပြိုင်ပွဲမှာ ခုလို ဆုကြီးမျိုး ပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ "
" ထျန်းရှန့်နိုင်ငံ တော်ဝင်မိသားစုက တကယ်ကြီး ထုတ်ပေးလိုက်တာပဲ "
အားလုံး အံ့အားသင့်နေကြ၏။
ထိုစဥ် လူအုပ်ထဲမှ လောထျန်းတစ်ယောက်တည်းကသာ မတုန်မလှုပ် ရှိနေသည် ။
" ဘာလဲကွာ .. ပထမအဆင့်အတွက် ဆုက ဒါတဲ့လား "
သူ မျက်မှောင်ကြုံ့သွားသည်။
ထိုအရာက သူ့အတွက် လုံးဝ အသုံးမဝင်ပါချေ။
မည်သို့သော ခန္ဓာကိုယ်ကျင့်စဥ်က သူ့ကိုယ်ပိုင် ကျင့်စဥ်ထက် ပိုကောင်းနိုင်ပါမည်နည်း။
ထိုအချိန် အကြီးအကဲက ဆက်ပြောလိုက်သည်။
" ဒုတိယအဆင့်အတွက် ဆုကတော့ အဆင့် ငါး မှော်လက်နက်တစ်ခုဖြစ်တဲ့ ၊ မီးတိမ်တိုက် ခေါင်းလောင်း ပဲ "
" တတိအဆင့်အတွက် ဆုက အဆင့်ငါး စိတ်စွမ်းအင်ဆေးရည်ဖြစ်တဲ့ စိတ်စွမ်းအင်ပေါက်ကွဲ ဆေးလုံး .. "
လောထျန်း ဆက်နားထောင်နေရင်း ပိုပိုပြီး မျက်မှောင်ကြုံ့သွား၏။ နောက် အဆင့် ၇ အတွက် ဆုကို ကြားမှသာ သူ့ မျက်နှာထား ပြောင်းသွားသည်။
" အဆင့်၇ အတွက် ဆုကတော့ သွေးနီ စိတ်စွမ်းအင်ပုလဲလုံး "