ရူးသွပ်စရာ ကောင်းလှသည့် တိုက်ခိုက်မှု
Vol. 9 Ch. 118
လောထျန်းက တင်းပုတ်လာရာဘက်သို့ ကြည့်လိုက်ရာ လူငယ်အား တွေ့သွားသည်။
ထိုအချိန်တွင် လူငယ်မှာ အံ့သြမှင်သက်ကာ ဆွံ့အနေ၏။
သူက အားကုန်သုံး၍ ရိုက်ချလိုက်သည့်တိုင် လောထျန်းက ၎င်းကို ခံစားမိဟန်ပင် မတူချေ။
ထိုလူက လူသားတစ်ဟောက် ဟုတ်ပါသေးရဲ့လား ..
သူ အနောက်ဘက်မှ တိုက်ခိုက်ရန် ချဥ်းကပ်လာသည်ကို လောထျန်း သတိမထားမိသည်မှာ မထူးဆန်းတော့ပေ ။
တဖက်လူအတွက်မူ သူ့တိုက်ခိုက်မှုက ပုခုံးပေါ် သစ်ရွက်တစ်ရွက် ကြွေကျသည်နှင့် မခြားလှသည်မှာ သိသာပေသည်။
ထိုသို့သော အစွမ်းထက်သူက တခြားသူတိုက်ခိုက်မည်ကို အဘယ့်ကြောင့် ဂရုစိုက်နေရပါမည်နည်း။
" မင်း .. ငါ့ကို ရိုက်လိုက်တာလား "
လောထျန်းက လူငယ်အား မေးလိုက်သည်။
" အင် .. ကျုပ် ..မဟုတ် . "
လူငယ်မှာ သူမဟုတ်ကြောင်း ငြင်းချင်နေသော်လည်း သက်သေနှင့်တကွ မိထားပြီးဖြစ်သဖြင့် မငြင်းနိုင်ဘဲ ဖြစ်နေ၏။
လောထျန်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
" မင်း ငါ့ပုခုံးကို တင်းပုတ်နဲ့ ရိုက်လိုက်တာလေ ။ ကြည့်ရတာ မင်းက ငါ့ကို သတ်ချင်တဲ့ပုံတော့ မပေါ်ဘူး ။ ဆိုတော့ မင်းကိုလဲ ငါ ပြန်မသတ်တော့ဘူး။ ဒါပေမယ့် မင်းရဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲကတော့ ဒီမှာတင် ပြီးပြီပေါ့ကွာ "
လောထျန်းက ပြောပြီးသည်နှင့် လူငယ်နောက်သို့ မျက်တောင်တစ်ခတ်အတွင်း တည်နေရာရွှေ့ပြောင်းသွား၏။
" ဟင် .. "
လူငယ် အံ့သြမှင်သက်သွားသည်။
ထို့နောက်တွင်မူ သူ့မျက်လုံးများ ပြာဝေသွားကာ သူ မေ့လဲကျသွားတော့သည်။
ပြိုင်ပွဲကွင်းပြင်ပေါ်မှ စာရင်းတွင် လောထျန်း၏ အမှတ် ၁၈ မှတ် တိုးသွား၏။
" ကဲ .. အခုပဲ စလိုက်ကြတာပေါ့ "
လောထျန်းက ထိုသို့ပြောကာ တိုက်ပွဲကွင်းပြင်ထဲသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။
ထိုစဥ် တိုက်ပွဲကွင်းပြင် အခြားတစ်ဖက်၌ ...
" ဟား ဟား ..ဝူဖုန်း .. မင်းက တော်တော်ရွံစရာကောင်းတဲ့သူပဲ ။ မင်းတို့ ဆယ်ယောက်ကျော်ရှိတဲ့ လူအုပ်က ငါတို့သုံးယောက်ကို တိုက်ခိုက်တယ်ပေါ့။ မင်း နည်းနည်းလေးမှ အရှက်မရှိဘူးလား "
တစ်ကိုယ်လုံး သွေးများရွှဲနေသည့် လူငယ်က ပြောလိုက်သည်။
သူ့ရှေ့တွင် ဝူဖုန်း ဆိုသည့် လူငယ်က ဓားတစ်လက်ကို ကိုင်ထားပြီး လှောင်ပြုံး ပြုံးနေ၏။
" ကျောက်ချန် .. မင်းက တော်တော်ကျေးဇူးမသိတတ်တဲ့ ကောင်ပဲကွ ။ ငါ မင်းကို ငါတို့နဲ့အတူပေါင်းပြီး တိုက်ခိုက်ဖို့ အခွင့်အရေး ပေးခဲ့သေးတယ်လေ။ ဒါကို မင်းကိုယ်တိုင် ငြင်းခဲ့တာ။ အခု ငါက မင်းအတွက် အရှုံးကိုဝန်ခံဖို့ အခွင့်အရေးပေးနေတာကို မင်း အပြစ်မတင်သင့်ဘူး "
ဝူဖုန်းက အပြုံးဖြင့် ဆိုသည်။
" အရှုံးကို ဝန်ခံစေချင်တယ် ဟုတ်လား ..အိမ်မက် ဆက်မက်လိုက်ဦး "
ကျောက်ချန်က ဒေါသတကြီး ပြန်အော်လိုက်သည်။
ဝူဖုန်း၏ မျက်နှာ ချက်ချင်း အေးစက်သွားကာ ပြော၏။
" ဒီလိုဆိုမှတော့လဲ ငါ့ကို အပြစ်မတင်နဲ့တော့ ၊ အားလုံး အတူတူတိုက်ခိုက်ကြ "
ဝူဖုန်း အမိန့်ပေးလိုက်သော်လည်း သူ့နောက်မှ မည်သို့သော တုန့်ပြန်သံကိုမှ မကြားရချေ ။
" ဘာတွေ လုပ်နေကြတာလဲ ၊ တိုက်ခိုက်ကြလို့ ပြောနေတယ်လေ "
ဝူဖုန်း ဒေါသတကြီးအော်ကာ နောက်လှည့်ကြည့်လိုက်သည်။
သို့သော် သူ့အနောက်ဘက်တွင် ရှိနေသည့် လူများအားလုံးက မြေပြင်၌ အတုံးအရုံး လဲကျနေကြ၏။
" ဘာတွေ ဖြစ်နေတာလဲ "
သူ နားမလည်နိုင် ဖြစ်ကာ မှင်သက်သွားသည်။
ဝှစ် ..
ထို့နောက်တွင်မူ သူ့အနောက်ဘက်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။
" ကဲ .. မင််းလဲ ပြိုင်ပွဲက အထုတ်ခံလိုက်ရပြီ "
ဝူဖုန်းမှာ တစ်ဖက်လူကို စက္ကန့်ပိုင်းမျှသာ လှည့်ကြည့်ချိန် ရလိုက်ပြီး သူ့မျက်စိရှေ့မှ အရာအားလုံး ရုတ်ချည်း မည်းမှောင်သွားတော့သည်။
ဘုတ် ..
သူ မြေကြီးပေါ်သို့ ချက်ချင်း မေ့လဲကျသွား၏။
" ဟင် .. မင်းက လောထျန်းလား .. "
တစ်ဖက်မှ ကျောက်ချန်မှာလည်း လောထျန်းကို မြင်သည်နှင့် အလွန်အံ့သြတုန်လှုပ်သွားသည်။
သူသည် အစောလေးကပင် ဝူဖုန်းတို့အဖွဲ့နှင့် တိုက်ခိုက်နေခဲ့သေးသည် ဖြစ်ရာ ဝူဖုန်းတစ်ယောက် မည်မျှအစွမ်းထက်သည်ကို သူ သိ၏။
သို့သော် လောထျန်းရှေ့တွင်မူ ဝုဖုန်းက ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေး မရခဲ့ချေ ။
မည်မျှ ကြောက်စရာ ကောင်းလိုက်ပါသနည်း ..
" အင်း ..ဟုတ်တယ် .. ငါက လောထျန်းပဲ ။ သွားတော့မယ် "
လောထျန်းက ပြောပြီးသည်နှင့် ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် .. ကျောက်ချန်နှင့် သူ့သူငယ်ချင်း နှစ်ယောက်တို့လည်း သတိမေ့လဲကျသွားကြ၏။
ထိုစဥ် .. တိုက်ပွဲကွင်းပြင်၏ အပြင်ဘက် အခန်းတစ်ခုအတွင်း၌ ...
" အကြီးအကဲရှ .. ခင်ဗျားက ပြိုင်ပွဲနောက်ဆုံးအဆင့်ရဲ့ စစ်ဆေးသူလေ ၊ တိုက်ပွဲကွင်းပြင်ကို သွားစောင့်ကြည့်စရာ မလိုဘူးလား "
အဘိုးအိုတစ်ဦးက အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသည့် အကြီးအကဲရှ ကို ကြည့်ကာ မေးလိုက်သည်။
အကြီးအကဲရှ က လက်ဖက်ရည်သောက်မပျက်ဘဲ မတုန်မလှုပ် ပြန်ဖြေ၏။
" ဘာများ စိတ်ဝင်စားစရာ ရှိမှာမို့လို့လဲဗျာ ၊ အခုမှ အစပဲ ရှိသေးတာကို ။ အရင်ပြိုင်ပွဲအတွေ့အကြုံအရ ပြောရမယ်ဆိုရင် .. ၂ နာရီ အချိန်မပြည့်ခင် နာရီဝက်လောက် အလိုကျမှ တကယ့်အရေးကြီးဆုံး အချိန်ဗျ ။ ဒီ ရှေ့ပိုင်းတွေက သွားကြည့်လဲ အလကားပဲ "
အဘိုးအိုက ပြုံး၍ ပြန်ပြောသည်။
" ဒါလဲ ဟုတ်ပါတယ်လေ ။၊ ကျုပ်က ပြိုင်ပွဲအချိန်ကို လေးနာရီအထိ တိုးစေချင်တာကြာပြီ။ အချိန် ၂ နာရီတည်းနဲ့ဆို ဘာမှ သေချာ မမြင်ရဘူး "
အကြီးအကဲရှ က သက်ပြင်းချကာ ပြော၏။
" ဘယ် တတ်နိုင်မလဲဗျာ ။ အင်အားကြီးအဖွဲ့တွေအားလုံးက သူတို့ရဲ့ လူငယ်တွေကို ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့်ကောင်းရအောင်လို့ အတင်းအကြပ်လုပ်နေကြတာ။ ခုလက်ရှိက သူတို့ ပြိုင်ပွဲကို နောက်ကွယ်ကနေ ဝင်စွက်ဖက်လို့ ရနေတယ်လေ ။ တကယ်လို့သာ နောက်ဆုံးအဆင့်ကို အချိန်တိုးလိုက်ရင်သူတို့ ဘာမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး "
အဘိုးအိုကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
" ထားလိုက်ပါကွာ ၊ ငါတို့လဲ ဘာမှ လုပ်လို့ရတာမှ မဟုတ်တာ။အခု လူဘယ်နှယောက် အထုတ်ခံလိုက်ရပြီလဲ ကြည့်ရအောင် "
သူတို့ စကားဆုံးသည်နှင့် အခန်းနံရံပေါ်တွင် အလင်းတန်း လိုက်ကာတစ်ခု ပေါ်လာ၏။
၎င်းလိုက်ကာပေါ်မှ အမှတ်စာရင်းကို မြင်သောအခါ သူတို့ ရုတ်ချည်း အံ့သြမှင်သက်သွားကြသည်။
" ဟင် .. ခေါင်းတောင် မူးသွားတယ် .. ဘာတွေ ဖြစ်နေတာလဲ "
သူတို့ ကြည့်နေသည့် အလင်းတန်း လိုက်ကာပေါ်တွင် အလင်းလုံးလေးများ များစွာ ရှိနေ၏။
ထို အလင်းလုံး တစ်ခုစီတိုင်းက ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နေသည့် ပြိုင်ပွဲဝင် တစ်ဦးစီတိုင်းကို ကိုယ်စားပြုပေသည်။
အလင်းလုံး ပျောက်ကွယ်သွားပါက ၎င်းကိုယ်စားပြုသည့် လူငယ်မှာ ပြိုင်ပွဲမှ အထုတ်ခံလိုက်ရပြီဆိုသည့် အဓိပ္ပါယ်ပင် ။
အလင်းတန်းလိုက်ကာပေါ်၌ အလွန်လျင်မြန်စွာ ရွေ့လျားနေသည့် အလင်းလုံးတစ်ခုလည်း ရှိနေသည်။
ထိုအလင်းလုံး နေရာရွှေ့လိုက်တိုင်း ၎င်းအနီးမှ အခြားအလင်းလုံး များစွာက ရုတ်တရက် ပျောက်ကွယ်သွား၏။
" ဘာတွေဖြစ်နေလဲ မြန်မြန်သွားကြည့်ရအာင် "
အကြီးအကဲရှ အံ့သြမှင်သက်သွားကာ အခန်းထဲမှ မြန်မြန် ပြေးထွက်လာသည်။
ထိုစဥ် .. တိုက်ပွဲကွင်းပြင်ထဲတွင် ..
" မြန်မြန်ပြေးကြဟေ့ ၊ ဒီ လူသတ်သမားရဲ့ ဝေးဝေးကို မြန်မြန်ပြေးကြ "
" ချီးပဲကွာ .. ဒီကောင်က ဘာတွေ လုပ်နေတာလဲ "
လူငယ် ဆယ်ယောက်ကျော်ခန့် အသည်းအသန် ပြေးလွှားနေကြ၏။
သို့သော် .. သူတို့ ခြေလှမ်းအနည်းငယ်သာ ပြေးလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားကြသည်။
နောက်ဆုံးတစ်ယောက် လဲကျသွားပြီးနောက်တွင်မူ လောထျန်း ပေါ်လာ၏။
" အင်း .. လူ ၁၃၀ ကျော်လောက် ကျန်သေးတာပဲ ၊ ငါ မြန်မြန်လှုပ်ရှားမှ ရမယ် "
သူက ထိုသို့ပြောပြီးသည်နှင့် နေရာမှ ပျောက်ကွယ်သွားပြန်သည်။
လေထဲမှ ထိုမြင်ကွင်းကို ကြည့်နေသည့် အကြီးအကဲရှ မှာ အံ့အားသင့်လွန်းသဖြင့် ကြက်သေ သေနေ၏။
" ဒါ ဘယ်လို ခန္ဓာကိုယ်ရွှေ့ကွက်မျိုးလဲ ၊ ခင်ဗျားရော သူ့လို နေရာရွှေ့နိုင်လား "
အကြီးအကဲရှ က သူ့ဘေးမှ အဘိုးအိုဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
" မလုပ်နိုင်ဘူးကွ "
အဘိုးအိုက ခေါင်းယမ်း၍ ပြန်ဖြေသည်။
" ဒီကောင်လေးက ဘယ်သူလဲ ။အခုမှ ပွဲစပြီးလို့ လက်ဖက်ရည်တစ်ခွက်တောင် ကုန်အောင် မသောက်ရသေးဘူး ၊ သူတစ်ယောက်တည်းနဲ့ လူပေါင်း ၁၆၀ ကျော်လောက်ကို ပြိုင်ပွဲ ထုတ်ပစ်လိုက်ပြီ။ နောက် ခဏလောက် နေရင်တောင် သူ့လက်ချက်နဲ့ အားလုံး သေသွားနိုင်တယ် "
အကြီးအကဲရှက အံ့သြတကြီး ပြော၏။
" သခင်ကြီးကျိုး ကို သွားရှာကြရအောင် "
အဘိုးအိုက ပြောလိုက်သည်။
" ဟုတ်တယ် ၊ ကျုပ်တို့ လုပ်နိုင်တာ ဒါအကုန်ပဲ ။ သွားကြစို့ "
အကြီးအကဲနှစ်ယောက် အပြန်အလှန်ပြောကာ ထိုနေရာမှ ခပ်မြန်မြန် ထွက်သွားလိုက်ကြသည်။
ထိုစဥ် လောထျန်းကမူ တိုက်ပွဲကွင်းပြင်အတွင်း ဟိုဟိုဒီဒီ ပြေးလွှားနေ၏။
" ဟာ..တွေပြီ ၊ အရှေ့မှာပဲ "
လောထျန်း၏ ပုံရိပ် လှစ်ခနဲ လှုပ်ရှားသွားကာ ရှေ့တိုးသွားလိုက်သည်။
ကျောက်တုံးများကြား၌ လုဝမ်ထောင်သည် လက်ကို နောက်ပစ်လျက် ရပ်ကာ သူ့ရှေ့မှ လင်ကျိုးရန်အား လှောင်ပြုံးဖြင့် ကြည့်နေ၏။
ထိုအချိန်တွင် လင်ကျိုးရန်၏ မျက်နှာတစ်ပြင်လုံး ဖူးယောင်နေအောင် အထိုးအကြိတ် ခံထားရပြီး သူ့တစ်ကိုယ်လုံးလည်း သွေးများ ရွှဲနေသည်။
" လင်ကျိုးရန် ၊ မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေလို့ ငါနဲ့ လာယှဥ်ရဲရတာလဲ ။ အစောတုန်းကတော့ မင်းက ပိုင်ထျန်းယွိနားပဲ အတင်းကပ်နေပြီးတော့ ၊ အခုရော .. ပိုင်ထျန်းယွိက မင်းကို လာကယ်နိုင်မယ်လို့ ထင်သေးလား "
လုဝမ်ထောင်က အေးစက်စက်ပြောကာ လင်ကျိုးရန်၏ ခေါင်းအား ခြေထောက်ဖြင့် နင်းထားလိုက်သည်။
သူ့လက်ထဲတွင်လည်း လင်ကျိုးရန်၏ အဆောင်ကဒ်ပြားကို ကိုင်ထား၏။
ထိုကဒ်ပြား မရှိပါက လင်ကျိုးရန်တစ်ယောက် ပြိုင်ပွဲမှ ထွက်၍ မရတော့ပါချေ ။
" လုဝမ်ထောင် ၊ ငါ့ကို လွှတ်ပေးလိုက်ဖို့ပဲ မင်းကို ငါ အကြံပေးမယ်။ မဟုတ်လို့ကတော့ မင်း သေကောင်းခြင်း သေရမှာမဟုတ်ဘူး "
လင်ကျိုးရန်က ပြောလိုက်သည်။
ဖုန်း ..
လုဝမ်ထောင်က လင်ကျိုးရန်အား ကန်လိုက်၏။
လင်ကျိုးရန် ပါးစပ်မှ သွေးများ ချက်ချင်း ထွက်ကျလာသည်။
" ခွေးကောင် .. မင်းက ခုချိန်ထိတောင် ငါ့ကို ခြိမ်းခြောက်ရဲနေသေးတယ်ပေါ့လေ။ ငါက အသေဆိုးနဲ့ သေရမယ်လို့ မင်း ထင်နေတယ်ပေါ့ ။ ငါ့ကို ဘယ်သူက လာသတ်မှာလဲ ပြောစမ်းပါဦး။ ပိုင်ထျန်းယွိကလား ..၊ တကယ်တော့ ပိုင်ထျန်းယွိဆိုတာ ငါ့ရှေ့မှာတော့ ဘာမှ သုံးစားမရတဲ့ အမှိုက်ပဲကွ။ သူတို့ ပိုင်မိသားစုကိုလဲ ငါတို့ လု မိသားစုရှေ့မှာ ရိုရိုကျိုးကျိုး နေတတ်အောင် ဆုံးမပေးရဦးမယ်"
" ဒါမှမဟုတ်ရင် .. မင်းက လောထျန်းလာကယ်မှာကို မျှော်လင့်နေတာလား။ ဟားဟား .. ငါ့ကို ရယ်ရအောင် လုပ်နေတာပဲ ။ သူက သားရဲထိန်းချုပ်သူတစ်ယောက် တို့ ၊ ငါ့ရဲ့ ပြိုင်ဘက်တို့ ဆိုတဲ့စကားမျိုးလဲ လာမပြောနဲ့။ သူ အစွမ်းထက်တော့ရော ဘာဖြစ်သေးလဲ ။ သူ့နိုင်ငံက ဘာမှသုံးစားမရတဲ့ အမှိုက်နိုင်ငံ ၊ အဲ့တော့ သူ့မှာ ပါရမီနည်းနည်း ပါလာရင်တောင် ဘာမှ သုံးစားမရဘူး ။ ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲပြီးသွားလို့ ငါ တစ်ခွန်းပဲ ပြောလိုက်တာနဲ့ ငါတို့ လုမိသားစုက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေအများကြီးက သူ့အသက်ကို ချက်ချင်း ခြွေပေးကြလိမ့်မယ် "
လုဝမ်ထောင်မှာ အလွန်မောက်မာနေ၏။
လင်ကျိုးရန်က သူ့အား သနားဟန်ဖြင့် ကြည့်လိုက်သည်။
" လုဝမ်ထောင် .. မင်းက အကိုလောထျန်းအကြောင်းကို ဘာမှ မသိသေးဘဲကိုးကွ "
လင်ကျိုးရန်သည် မျက်နှာတစ်ခုလုံး သွေးများ ပေနေသည့်ကြားမှ အပြုံးဖြင့် ပြောလိုက်သည်။
" ကောင်လေး .. မင်းက သေချင်နေမှတော့လဲ သတ်ပေးရမှာပေါ့ကွာ "
လုဝမ်ထောင်က ထိုသို့ပြောကာ လင်ကျိုးရန်၏ လည်မျိုကို လက်ဝါးဖြင့် ခုတ်ချလိုက်သည်။